ဓားတစ်သောင်းရဲ့ အမျက်
Vol. 32 Ch. 424
“ယုလီ ... ကျုပ်က ခင်ဗျားကို မဟူရာကောင်းကင်ဂိုဏ်း အပျက်အစီး နယ်မြေမှာတုန်းကတစ်ခါ ဖိနှိပ်ခဲ့ပြီးပြီ။ အခုလည်း ထပ်ပြီး ဖိနှိပ်နေဦးမှာပဲ”
ကျွီ ...
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ကြီးမားလှတဲ့ ဆင်ဝိညာဉ်ကြီး တစ်ခုဟာ လီဖူချန်းရဲ့ ဦးခေါင်းထက်မှာ ဖြစ်တည်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ပစ်လိုက်ပါတယ်။
“သေချင်နေတဲ့ကောင်”
လီဖူချန်းရဲ့ စကားကြောင့် ယုလီရဲ့ မျက်နှာဟာ ပြိုတော့မဲ့ မိုးလို မည်းမှောင် အုံ့ဆိုင်း သွားခဲ့ပါပြီ။
ရွတ် ...
ယုလီရဲ့ မိုးကြိုးချပ်ဝတ် တန်ဆာက အရောင်တစ်ချက် တောက်ပြီးသွားတဲ့ နောက်မှာတော့ သူဟာ ရိပ်ခနဲ ပျောက်သွားပြီး လီဖူချန်းရဲ့ အနောက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ ဒါက တည်နေရာ ရွှေ့ပြောင်း သွားသလိုပါပဲ။
“သေလိုက်စမ်း”
ယုလီရဲ့ ညာဘက် လက်သီးကတော့ လီဖူချန်းရဲ့ ဦးခေါင်းကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါပြီ။
ဒါက မိုးကြိုးချပ်ဝတ်တန်ဆာ နတ်ဘုရားကျင့်စဉ်ရဲ့ အထောက်အပံ့ ရထားတဲ့ လက်သီးပါ။ ယုလီရဲ့ သည်လက်သီးချက်က သွေးနတ်ဆိုး ဘုရင်ကိုတောင် ဖိနှိပ်ပစ်နိုင်ပါတယ်။ အဲသည်အတွက် လီဖူချန်းလို ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၃ ပညာရှင်ဟာ သည်လက်သီးချက်ကို ဘယ်လိုမှ တောင့်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ယုလီတစ်ယောက် ယုံကြည်ထားပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းက သူထင်သလောက် မရိုးရှင်းပါဘူး။
ဝေါင်း ...
ကျားဟိန်းသံ တစ်ခုနဲ့အတူ လီဖူချန်းဟာ အနောက်ကို လှည့်လာပြီး ယုလီရဲ့ လက်သီးကို သူ့ရဲ့လက်သီးနဲ့ ထိပ်တိုက် ရင်ဆိုင် လိုက်ပါတယ်။
ဘန်း ...
ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံဖို့ ကြိုးစားနေတဲ့ မိုးကြိုးပင်လယ်ကြီးကို အနက်ရောင် ကျားဝိညာဉ်တစ်ခုက ဖျက်ဆီးပစ်လိုက်ပါပြီ။
ယုလီကတော့ သည်လက်သီးချင်း ထိပ်တိုက်တွေ့ဆုံကနေ ဖြစ်ပေါ်လာတဲ့ စွမ်းအင် တန်ပြန် သက်ရောက်မှုကို ဘယ်လိုမှ တောင့်မခံနိုင်တဲ့အတွက် မီတာတစ်ရာနီးပါး နောက်ဆုတ်လိုက်ရပါတယ်။
အခြားတစ်ဖက်မှာတော့ လီဖူချန်းဟာ အနောက်ကို တစ်လက်မလေးတောင်မှ ဆုတ်မသွားခဲ့ပါဘူး။ သူ့ကိုကြည့်ရတာက မိစ္ဆာနတ်ဘုရားတစ်ပါး ဝင်ပူးကပ်နေသလိုပါပဲ။
“ဘယ်လို ... ဘယ်လိုဖြစ်ပြီး သည်ကလေးရဲ့ လက်သီးအားက ငါ့ရဲ့ လက်သီးအားထက် ကောင်းနေရတာလဲ”
ယုလီရဲ့ အစောပိုင်းတုန်းက ယုံကြည်မှုတွေကတော့ ပျက်ယွင်း သွားခဲ့ပါပြီ။
သည်မိုးကြိုး နတ်ဘုရားဂိုဏ်း အတွင်းမှာက ကောင်းကင်မိုးကြိုးရဲ့ အထောက်အပံ့ ရထားတဲ့အတွက် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သာမန်ထက်ကို ၃၀ ရာခိုင်နှုန်း ပိုနေပါတယ်။
ဒါတောင်မှ သူဟာ လီဖူချန်းကို အသာစီး မရယူနိုင်ခဲ့ပါဘူး။ အဲဒါက လီဖူချန်းရဲ့ အစွမ်းဟာ သူ့ထက် သာနေပြီဆိုတဲ့ အဓိပ္ပာယ်ပင် မဟုတ်ပါလား။
“ကောင်းကင်မိုးကြိုး ... မိုးကြိုးတို့ရဲ့ နှလုံးသား ... ငါ့ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်စေ”
ယုလီက ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ကနေ မိုးကြိုး အလင်းတန်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ သည်မြင်ကွင်းကို ကြည့်ရတာဟာ သံလိုက်တစ်ခုက သံလိုက်ဓာတ်တွေကို ထုတ်လွှတ်ပြီး သံမှုန်သံမွှားတွေကို ဆွဲငင်ဖို့ ကြိုးစားနေသလိုပါပဲ။
ဂျိန်း ... ဒလိန်းလိန်း ...
သူ့ရဲ့ အော်သံ ဆုံးသွားပြီးတာနဲ့ တစ်ပြိုင်နက် မရေမတွက်နိုင်တဲ့ မိုးကြိုးတွေဟာ ကောင်းကင်မိုးကြိုး တောင်ထွတ်ရဲ့ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး ယုလီရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားကြပါတယ်။
တစ်ချိန်တည်းမှာပဲ ယုလီရဲ့ ခန္ဓာကိုယ်အတွင်းက ကြောက်စရာကောင်းလှတဲ့ မိုးကြိုးစွမ်းအား တွေဟာလည်း နိုးထလာခဲ့ပါပြီ။ အဲဒါက ကြယ် ၆ ပွင့် မိုးကြိုး အရိုးတည်ဆောက်ပုံရဲ့ အစွမ်းပါပဲ။
မိုးကြိုးတို့ရဲ့ နှလုံးသား ...
ဒါကတော့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ကြယ် ၅ ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်ပါတယ်။
သည်နည်းနစ်ကို အခြားသူတွေ အသုံးပြုမယ်ဆိုရင်တော့ သူတို့ဟာ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ မိုးကြိုးတွေကို ဆင့်ခေါ်ပြီး တစ်ဖက်ရန်သူကို ပစ်လွှတ် တိုက်ခိုက်ရုံသာ လုပ်နိုင်မှာပါ။
ဒါပေမဲ့ ယုလီကတော့ ကောင်းကင်မိုးကြိုးတွေကို ဆင့်ခေါ်နိုင်ရုံသာမက သူ့ရဲ့ မိုးကြိုးချပ်ဝတ်တန်ဆာ ချီတွေနဲ့ ပေါင်းစပ်ပြီးတော့လည်း သူ့ရဲ့ အစွမ်းကို မြှင့်တင်နိုင်စွမ်း ရှိပါတယ်။
သည်နေရာမှာ တစ်ခုသိထားရမှာတော့ သည်လျှို့ဝှက် နည်းစနစ်ဟာ အခြေအနေနဲ့ အချိန်အခါအပေါ်မှာ မူတည်ပြီး အစွမ်းထက်မြက်မှု ပြောင်းလဲတတ်တယ် ဆိုတာပါပဲ။
သည်လျှို့ဝှက် နည်းစနစ်ဟာ မိုးကြိုးနတ်ဘုရားဂိုဏ်း အတွင်းမှာဆိုရင်တော့ မရေမတွက်နိုင်တဲ့ မိုးကြိုးတွေကို ဆင့်ခေါ်နိုင်တဲ့အတွက် သာမန် ကြယ် ၅ ပွင့် လျှို့ဝှက်နည်းစနစ်တွေထက်ပို အပြတ်အသတ် အားကောင်း လှပါတယ်။
ဒါပေမဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အပြင်ဘက်မှာ ဆိုရင်တော့ သည်လျှို့ဝှက်နည်းစနစ်ဟာ သာမန် ကြယ် ၅ ပွင့် လျှို့ဝှက်နည်းစနစ်နဲ့ မခြားနားလှပါဘူး။
ယုလီက သည်လျှို့ဝှက်နည်းစနစ်ကို ဝှက်ဖဲအဖြစ် ဖွက်ထားပြီး ရှင်းတိကောဝမ် ဒါမှမဟုတ် ရှီဟွာ ဘုရင်မနဲ့ တိုက်ခိုက်တဲ့အခါမှသာ အသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ သူဟာ သည်နည်းစနစ်ကို မသုံးမဖြစ် အသုံးပြုလိုက်ရပါပြီ။
ကောင်းကင်မိုးကြိုးနဲ့ မိုးကြိုးစွမ်းအားတို့ရဲ့ အထောက်အပံ့ကို ရထားတဲ့ ယုလီရဲ့ ကောင်းကင်မိုးကြိုး ချပ်ဝတ်တန်ဆာဟာ ပိုမိုသိပ်သည်းလာခဲ့ပြီး ခေါင်းကနေ ခြေဖျားအထိကိုပါ ဖုံးအုပ် သွားခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ လစ်ဟာနေတဲ့ နေရာဆိုလို့ တစ်နေရာတောင် မရှိတော့ပါဘူး။
“ငါ့ရဲ့ နောက်ထပ် လက်သီး တစ်ချက်ကို ခံကြည့်စမ်း”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ယုလီဟာ နဂိုမူလကထက် အဆပေါင်းများစွာ ပိုလျင်မြန်တဲ့ အရှိန်အဟုန်နဲ့ လီဖူချန်းဆီကို ဝင်ရောက်လာကာ တိုက်ခိုက်လိုက်ပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ အသိစိတ်အာရုံက ယုလီရဲ့ တိုက်ခိုက်မှုကို အာရုံခံနေနိုင်ဆဲပါပဲ။
ဝုန်း ...
လက်သီးချင်း ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံမှုက နောက်ထပ်တစ်ကြိမ် ဖြစ်ပွားခဲ့ပြန်ပါပြီ။
သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ အနောက်ကို လွင့်ထွက်သွားခဲ့ပါတယ်။
“ငါထင်တဲ့အတိုင်းပဲ။ ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားက သည်မိုးကြိုး နတ်ဘုရားဂိုဏ်း အတွင်းမှာ ဆိုရင်တော့ ယုလီကို မယှဉ်နိုင်ဘူး”
သူ့ရဲ့ ခန္ဓာကိုယ်က အလွန်အမင်း ကြံ့ခိုင်သန်စွမ်း နေတဲ့အပြင် ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာရဲ့ အကာအကွယ်ကလည်း ရှိနေတဲ့အတွက် လီဖူချန်းအနေနဲ့ ဒဏ်ရာ မယ်မယ်ရရ ရရှိခဲ့ခြင်းတော့ မရှိပါဘူး။ ဒါက သာမန် လက်သီးချက်လေး တစ်ချက်ကို ခံလိုက်ရသလိုပါပဲ။
“လီဖူချန်း ... မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက်ဆုံးမှာတော့ သေရမှာပဲ။ မင်းမှာ ရွေးစရာ အခွင့်အလမ်း မရှိတော့ဘူးကွ”
ဂျိန်း ...
ယုလီက မိုးကြိုးတစ်စင်းအသွင် ပြောင်းသွားပြီး လီဖူချန်းကို ထပ်မံ တိုက်ခိုက် လိုက်ပြန်ပါတယ်။
လီဖူချန်းက နှာခေါင်းရှုံ့လိုက်ပြီး …
"ယုလီ ... ခင်ဗျားကို ကျုပ်ရဲ့ တကယ့်အစစ်အမှန် အစွမ်းကို မြည်းစမ်းခွင့် ပေးလိုက်မယ်”
သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားက ယုလီကို မယှဉ်နိုင်မှတော့ လီဖူချန်းဟာ ပေတေပြီး တိုက်မနေတော့ပါဘူး။ သူက သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအားတွေကို ကြေးဝါရောင် ဓားချီတွေအဖြစ် ပြောင်းလိုက်သလို သူ့ရဲ့ မီးလျှံစွမ်းအားတွေကိုလည်း ထုတ်ယူ သုံးစွဲလိုက်ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ သွေးရောင်ကဲ့သို့ ရဲရဲနီနေတဲ့ ရှေးဟောင်းဓားကြီးကို ဆွဲထုတ်လိုက်ပြီး ရေပြင်ညီအတိုင်း ကန့်လန့်ဖြတ် ပွတ်ဆွဲပစ်လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
အစိမ်းရောင် ဓားအလင်းတန်းတွေဟာ လီဖူချန်းရဲ့ ဓားချက်ကနေ ဖြစ်တည်လာပြီး ရပ်တန့်လို့ မရနိုင်တဲ့ အရှိန်အဟုန်နဲ့ ယုလီဆီကို တိုးဝင်သွားခဲ့ပါပြီ။
ဘန်း ... ဘန်း ... ဘန်း ...
ဟာကွက် မရှိအောင် ကာကွယ်ပေးထားတဲ့ ယုလီရဲ့ မိုးကြိုးချပ်ဝတ်တန်ဆာဟာ သည်အစိမ်းရောင် ဓားအလင်းတန်းတွေကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိဘဲ ဟက်တက် ကွဲထွက်သွားခဲ့ပါတယ်။ ဒါက တိုဟူးပြား တစ်ပြားကို ဓားထက်ထက်နဲ့ လှီးဖြတ် လိုက်သလိုပါပဲ။
“မင်း ... မင်း ... ”
မိုးကြိုးချပ်ဝတ်တန်ဆာ မရှိတော့တဲ့ နောက်မှာတော့ ယုလီဟာ လီဖူချန်းရဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။ သူက လက်နှစ်ဖက်ကို သူ့ရဲ့ ရင်ဘတ်ရှေ့မှာ ကာထားပြီး လီဖူချန်းကို မယုံကြည်နိုင်စွာနဲ့ ကြည့်နေပါတယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေလည်း သွေးအချို့ဟာ စီးကျလျက် ရှိနေဆဲပါပဲ။
“သွားပြီ။ မကောင်းတော့ဘူး။ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲတောင်မှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတွေ အားလုံးဟာ မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရပါပြီ။
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ နံပါတ်တစ် အစွမ်းအထက်ဆုံး ပညာရှင်ဖြစ်တဲ့ ယုလီ ... ။
အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ငါးဦးထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ယုလီ ... ။
သည်လို လူကတောင်မှ လီဖူချန်းကို လက်ရည်တူ မယှဉ်နိုင်တော့ဘူးတဲ့လား။ ဒါက ဘယ်လိုမှ မယုံကြည်နိုင်စရာပါပဲ။
“မိုးကြိုးမီးတောက် ဝင်္ကပါ အသက်ဝင်စမ်း”
ကောင်းကင်မိုးကြိုး တောင်ထွတ်ရဲ့ အတွင်းပိုင်း တစ်နေရာကနေ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတဲ့ မိုးကြိုးနတ်ဘုရား ဂိုဏ်းချုပ် စီးတုရှုအိုကတော့ မိုးကြိုးမီးတောက် ဝင်္ကပါ အစီအရင်ကို အသက်သွင်း လိုက်ပါတော့တယ်။
ဂျိန်း ... ဂျိန်း ... ဂျိန်း ...
မိုးကြိုးပစ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီးနောက်မှာတော့ မိုးကြိုးနဂါး အစုအဖွဲ့တစ်စုဟာ ကောင်းကင်မိုးကြိုး တောင်ထွတ်ပေါ်ကနေ ဆင်းသက်လာပြီး လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။ ကြည့်ရတာတော့ သည်မိုးကြိုးနဂါးတွေဟာ ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည်လာတဲ့ပုံပါပဲ။ ဒါက တကယ့် မိုးကြိုးအစစ်အမှန်တွေနဲ့ မကွာခြားလှပါဘူး။
“သွားစမ်း”
ရွှမ်း ...
လီဖူချန်းက ဓားချက်တစ်ချက်တည်းနဲ့ပဲ မိုးကြိုးနဂါးတွေကို ဖျက်ဆီး ပစ်လိုက်ပါတယ်။ ဒါပေမဲ့လည်း မိုးကြိုးနဂါးတွေရဲ့ ပင်မရင်းမြစ်က ကုန်ခန်းသွားတဲ့ပုံ မပေါ်ပါဘူး။
ဂျိန်း ... ဂျိန်း ... ဂျိန်း ...
ဂါး ... ဂရား ...
မျက်စိတစ်မှိတ် အတွင်းမှာပဲ ပထမတစ်ကြိမ်ကထက် ပိုပြီး များပြားလှတဲ့ မိုးကြိုးနဂါး အစုအဖွဲ့တစ်ခုဟာ ကောင်းကင်မိုးကြိုး တောင်ထွတ်ကနေ ဆင်းသက်လာပြီး လီဖူချန်းကို ဝန်းရံလိုက်ကြ ပြန်ပါတယ်။
ဝူး ... ဝူး ... ဝူး ...
ဆင်းသက်လာတဲ့ မိုးကြိုးနဂါးတွေက ခံတွင်းထဲကနေပြီး အလျှံတညီးညီး လောင်ကျွမ်းနေတဲ့ မီးလုံးကြီးတွေကို မှုတ်ထုတ် ပစ်လိုက်ပါပြီ။
သည်မီးလုံးတွေက လီဖူချန်းကို ထိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သည်မီးလုံးတွေရဲ့ ပေါက်ကွဲမှုက လီဖူချန်းရဲ့ ပတ်ပတ်လည် မီတာတစ်ရာကို မီးလောင်ပြင်ကြီး တစ်ခုအလား ဖြစ်သွားစေခဲ့ပါတယ်။ ပြီးတော့ သည်မီးလုံးကြီးတွေရဲ့ ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ မီးတောက် အပူချိန်တွေကလည်း သာမန် မီးတောက်တွေထက်ကို အဆပေါင်းများစွာ ပူပြင်း နေပါသေးတယ်။
ဟူး ... ဟူး ... ဟူး ...
ဝုန်း ... ဝုန်း ...
ဝင်္ကပါကို ဖျက်ဆီးနိုင်ခြင်း မရှိသေးသရွေ့ကတော့ သည်မိုးကြိုးနဂါးတွေနဲ့ မီးတောက်တွေက လီဖူချန်းကို အဆက်မပြတ် တိုက်ခိုက်နေဦးမှာပါပဲ။
ဂါး ... ဂရား ...
ဟူး ... ဟူး ... ဟူး ...
ကောင်းကင်ယံ တစ်ခုလုံးမှာတော့ မိုးကြိုးနဂါးတွေ၊ မီးတောက်မီးလျှံတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ ဒါက ကမ္ဘာကပ်ဘေး တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့နေရသလိုပါပဲ။
“ပျက်စီးစမ်း”
လီဖူချန်းက ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဓကို အစွမ်းကုန် ထုတ်သုံးကာ ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
ဘန်း ... ဘန်း ... ဘန်း ...
ထောင်နဲ့ချီတဲ့ အစိမ်းရောင် ဓားအလင်းတန်းတွေဟာ လီဖူချန်းရဲ့ ဓားချက်ကနေ ထွက်ပေါ်လာပြီး မိုးကြိုးနဂါးတွေနဲ့ မီးတောက်မီးလျှံတွေကို ဖျက်ဆီး ပစ်လိုက်ပါပြီ။
“သည်ကလေးရဲ့ အစွမ်းက တကယ့်ကို လက်ဖျားခါစရာပဲ”
မိုးကြိုးနတ်ဘုရားဂိုဏ်းချုပ် စီးတုရှုအိုရဲ့ မျက်နှာကတော့ မကောင်းလှတော့ပါဘူး။
“ဘာမှ ကြောက်မနေနဲ့ဟေ့။ ငါတို့အားလုံးပေါင်းပြီး တိုက်ခိုက်တာကိုတော့ သည်မျိုးမစစ်လေးက ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး”
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ပြီး လီဖူချန်းကို လက်သီးဖြင့် အဝေးကနေ ထိုးလိုက်ပါတယ်။
ကျန်တဲ့ အကြီးအကဲတွေကလည်း တုံ့ဆိုင်းနေခြင်း အလျင်း မရှိပါဘူး။
ဝှီး ...
ဟူး ... ဟူး ... ဟူး ...
ဖတ် ... ဖတ် ...
ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် အယောက် ၅၀ ကျော်ရဲ့ မြောက်များလှစွာသော လက်သီးရိပ်တွေနဲ့ လက်ဝါးရိပ်တွေဟာ လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါပြီ။
ဂျိန်း ... ဂျိန်း ... ဂျိန်း ...
ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း မိုးခြိမ်းသံတွေနဲ့ ဆူညံနေခဲ့ပါတယ်။ ရှင်းတိကောဝမ် ကိုယ်တိုင်တောင်မှ မိုးကြိုးလှိုင်းလုံးကြီးသဖွယ် တိုက်ခိုက်လာတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အယောက် ၅၀ ကျော်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလား ဆိုတာ သံသယ ဝင်စရာပါပဲ။
“လာစမ်းပါ ... မင်းတို့ကို ကြောက်နေရမှာလား”
လီဖူချန်းက မိုးကြိုးနတ်ဘုရားဂိုဏ်းက ပညာရှင်တွေကို တစ်စက်ကလေးမှ ကြောက်ရွံ့နေခြင်း မရှိပါဘူး။ သူက သည်တိုက်ခိုက်မှုကြီးကို ထိပ်တိုက် ရင်ဆိုင်ဖို့သာ ဆုံးဖြတ်လိုက်ပါတယ်။
“မူလဘူတဓား”
လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ လူသတ်ငွေ့တွေကတော့ ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။
တစ်ချိန်တည်းလိုလိုမှာပဲ မူလဘူတ ကြေးဝါရောင် ဓားတစ်သောင်းဟာ လီဖူချန်းရဲ့ ဦးခေါင်းထက်မှာ ဖြစ်တည်လာခဲ့ပါတယ်။
“သွား”
လီဖူချန်းရဲ့ ခပ်ဆတ်ဆတ် အမိန့်ပေးသံ အဆုံးမှာတော့ မူလဘူတ ကြေးဝါရောင် ဓားတစ်သောင်းဟာ လေးညှို့ကနေ ပစ်လွှတ်လိုက်တဲ့ မြားတွေလို အရှိန်အဟုန် ပြင်းစွာနဲ့ အရပ်မျက်နှာ တစ်ဆယ့်ရှစ်ရပ် မျက်နှာကို ပြေးထွက်သွားပါတော့တယ်။
ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ သည်မူလဘူတ ကြေးဝါဓားတစ်သောင်းဟာ သူ့တို့ရဲ့ ဦးတည်ရာ လမ်းကြောင်းတစ်လျှောက်မှာ ရှိနေတဲ့ အရာမှန်သမျှကို ဖျက်ဆီးပစ်မှာ အသေအချာပါပဲ။
ဘန်း ... ဘန်း ... ဘန်း ... ...
အား ...
အမယ်လေး ... ...
သေပါပြီဟ ... ... ... ...
မိုးကြိုးနဂါးတွေ နဲ့ မီးတောက်မီးလျှံတွေဟာ ပေါက်ကွဲထွက်ကုန်ပြီး ကောင်းကင်ယံကနေ တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားခဲ့ပါပြီ။ တစ်ဆက်တည်းလိုလိုမှာပဲ အော်ဟစ် ညည်းညူသံတွေဟာ တစ်ပြိုင်နက်တည်း ထွက်ပေါ် လာခဲ့ကြပါတယ်။
ဘုတ် ... ဘုတ် ... ဘုတ် ...
လီဖူချန်းရဲ့ မူလဘူတ ကြေးဝါဓားချက်ကို ခံလိုက်ရတဲ့ သူတွေကတော့ ကောင်းကင်ယံပေါ်မှာ ရပ်တည်နေနိုင်စွမ်း မရှိတော့ပါဘူး။ သူတို့တွေဟာ အတောင်ကျိုးတဲ့ ငှက်တွေကဲ့သို့ မြေပြင်ပေါ်ကို အထိန်းအကွပ်မဲ့စွာ ပြုတ်ကျကုန်ပါတယ်။
“ဒါ ... ဒါက ... မိုးပြာရောင်ဂိုဏ်းရဲ့ မူလဘူတဓားလား။ မ ... မဟုတ်သေးဘူး ... ။ သူက အခြားနည်းစနစ် တစ်ခုနဲ့ ရောပြီး သုံးလိုက်တာ”
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတွေဟာ မိုးပြာရောင်ဂိုဏ်းရဲ့ မူလူဘူတဓား လျှို့ဝှက်နည်းစနစ်ကို အနည်းနဲ့အများတော့ သိထားကြသူတွေပါပဲ။ ဒါပေမဲ့ လီဖူချန်း သုံးလိုက်တဲ့ မူလဘူတဓားကတော့ သူတို့သိထားတဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ မူလဘူတဓားထက်ကို အဆပေါင်းများစွာ အစွမ်းထက် နေပါတယ်။
ဒါက မိုးပြာရောင်ဂိုဏ်းရဲ့ မူလဘူတဓား စစ်စစ်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လီဖူချန်းက တခြား လျှို့ဝှက်နည်းစနစ် တစ်ခုနဲ့ ပေါင်းစပ်ထားတာပဲ ဖြစ်ရပါမယ်။
သူတို့ရဲ့ ထင်မြင်ယူဆချက်ကလည်း မမှားပါဘူး။ လီဖူချန်းက သူ့ရဲ့ မူလဘူတဓား လျှို့ဝှက်နည်းစနစ်ကို ကြေးဝါဓားအဆီအနှစ်နဲ့ ပေါင်းစပ်ပြီး အသုံးပြုလိုက်တာပါ။ အဲသည်အတွက် သူ့ရဲ့ ကြေးဝါမူလဘူတဓားတွေရဲ့ တိုက်ခိုက်မှုအစွမ်းဟာ ကြယ် ၇ ပွင့် လျှို့ဝှက်နည်းစနစ်တစ်ခုရဲ့ တိုက်ခိုက်မှု အစွမ်းနဲ့တောင် ယှဉ်လို့ရနေပါပြီ။
မူလဘူတ ကြေးဝါဓားတစ်သောင်း ... ။
ဒါက နည်းတဲ့ အရေအတွက်တစ်ခု မဟုတ်ပါဘူး။ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အယောက်တိုင်း၊ အယောက်တိုင်းဟာ မူလဘူတကြေးဝါဓား ရာနဲ့ချီပြီးကို ခုခံရမှာပါ။
အား ... အား ... အား ...
မူလဘူတဓ ကြေးဝါဓားတွေကတော့ ဘယ်သူ့ကိုမှ ခြွင်းချက် မပေးမဲ့ ပုံပါပဲ။ သည်ဓားတွေက အညှာအတာ ကင်းမဲ့စွာနဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတွေကို သတ်ဖြတ် ပစ်လိုက်ပါတယ်။
အသက်ရှူချိန် အနည်းငယ် အတွင်းမှာပဲ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲ တော်တော်များများဟာ ဓားဒဏ်ရာ ဗရပွနဲ့ သေဆုံးသွားကြပါပြီ။ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင်မြင့်ပိုင်းက အကြီးအကဲတွေကတော့ မူလဘူတ ကြေးဝါဓားတွေရဲ့ ဖိနှိပ်တိုက်ခိုက်မှု အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပေမဲ့လည်း ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းက အကြီးအကဲတွေကတော့ မရုန်းထွက်နိုင်ခဲ့ပါဘူး။
“မဖြစ်နိုင်ဘူး”
မိုးကြိုးနတ်ဘုရားဂိုဏ်းချုပ် စီးတုရှုအိုက အသိစိတ် ကင်းမဲ့သွားတဲ့ ပုံမျိုးဖြင့် လီဖူချန်းကို ငိုင်ပြီး ကြည့်နေပါတယ်။
သည်လီဖူချန်းဟာ သူသိခဲ့တဲ့ အရင်တုန်းက လီဖူချန်း မဟုတ်တော့ပါဘူး။ သည်လီဖူချန်းက သူတစ်ယောက်တည်းနဲ့တင် မိုးကြိုးနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို မြေလှန်ပစ်နိုင်စွမ်း ရှိနေပါပြီ။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ အကြီးအကျယ် ဆုံးရှုံးတော့မှာ အသေအချာပါပဲ။
“မျိုးမစစ်ကလေး ... မင်းက ငါတို့ရဲ့ အကြီးအကဲတွေ အများကြီးကို သတ်ရဲတယ်ပေါ့လေ။ မင်းသည်နေ့ သေကို သေစေရမယ်။ ဂိုဏ်းချုပ် ... မိုးကြိုးမီးတောက် စွမ်းအားတွေကို အမြန် အသက်သွင်းလိုက်တော့”
ကျား ...
ဒဏ်ရာအကြီးအကျယ် ရနေတဲ့ ယုလီက ဒေါသတကြီးနဲ့ အော်လိုက်ပြီး မူလဘူတ ကြေးဝါဓား တစ်ထောင်ကျော်ကို လက်သီးနဲ့ ထိုးချလိုက်ပါတယ်။
“မိုးကြိုးမီးတောက်စွမ်းအား အသက်ဝင်စမ်း”
စီးတုရှုအိုအနေနဲ့ ရွေးချယ်စရာလမ်း လုံးဝ မရှိတော့ပါဘူး။ အဲသည်အတွက် သူဟာ အံကိုတင်းတင်းစေ့ပြီး မိုးကြိုးမီးတောက် ဝင်္ကပါရဲ့ မိုးကြိုးမီးတောက် စွမ်းအားကို အသက်သွင်း လိုက်ပါတော့တယ်။
ဂါး ... ဂရား ...
ကောင်းကင်ယံမှာ ဝဲပျံနေတဲ့ မိုးကြိုးနဂါးတွေနဲ့ မီးတောက်မီးလျှံတွေဟာ ပေါင်းစပ်သွားပြီး မိုးကြိုးမီးတောက် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
ထို့နောက်မှာတော့ မိုးကြိုးမီးတောက် နဂါးဟာ ကြောက်မက်ဖွယ် ကောင်းလှတဲ့ အရှိန်အဝါတွေကို သယ်ဆောင်ပြီး လီဖူချန်းဆီကို တိုးဝင် ပျံသန်းသွားပါတော့တယ်။
လီဖူချန်းကတော့ နောက်ဆုတ်မဲ့ အရိပ်အယောင် လုံးဝ မရှိပါဘူး။သူက သည်မိုးကြိုးမီးတောက် နဂါးကိုလည်း ထိပ်တိုက်ရင်ဆိုင်မဲ့ ပုံပါပဲ။
“နေဝန်းစိမ်း အကြွင်းမဲ့ ဖြစ်တည်ခြင်း”
လီဖူချန်းက သွေးနီဓားကို ဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင် အလင်းတန်း အစုအဝေးကြီး တစ်ခုကို ပစ်လွှတ်လိုက်ပါတယ်။
ဘန်း ...
အစိမ်းရောင် အလင်းတန်း အစုအဝေးကြီးနဲ့ မိုးကြိုးမီးတောက် နဂါးတို့ကတော့ ထိပ်တိုက် တွေ့ဆုံသွားကြပါပြီ။
ပထမဆုံး ပျောက်ကွယ် သွားတာကတော့ အစိမ်းရောင် အလင်းတန်း အစုအဝေးကြီးပါပဲ။ ဒါပေမဲ့လည်း မိုးကြိုးမီးတောက် နဂါးကလည်း နဂိုမူလအတိုင်း ရှိမနေတော့ပါဘူး။ မိုးကြိုးမီးတောက်နဂါးရဲ့ အစိတ်အပိုင်း အတော်များများဟာ ပျက်စီးသွားခဲ့ပါပြီ။
“သွားစမ်း”
ဘန်း ...
လီဖူချန်းက ကျန်ရှိနေတဲ့ မိုးကြိုးမီးတောက် အကြွင်းအကျန်ကို နောက်ထပ်ဓားချက် တစ်ချက်နဲ့ ဖျက်ဆီး ပစ်လိုက်ပါတယ်။
“ခွေးအဘိုးကြီး ... သေဖို့သာ ပြင်ထားပေတော့”
မိုးကြိုးနတ်ဘုရားဂိုဏ်းမှာ လီဖူချန်း အသတ်ချင်ဆုံးလူကို ပြပါဆိုရင်တော့ သေချာပေါက် ယုလီကို ပြရမှာပါပဲ။
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ မူလဘူတ ကြေးဝါဓားတစ်သောင်းဟာ ပြန်လည် ဖြစ်တည်လာခဲ့ပါပြီ။
ရွှီး ... ရွှီး ... ရွှီး ...
ထို့နောက်မှာတော့ မူလဘူတ ကြေးဝါဓားတစ်သောင်းဟာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို သယ်ဆောင်ပြီး ယုလီဆီကို ပြေးဝင် သွားပါတော့တယ်။
ဒဏ်ရာ အကြီးအကျယ် ရနေတဲ့ ယုလီဟာ သည်ဓားတစ်သောင်းကိုတော့ ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိတော့ပါဘူး။
ဘန်း ... ဘန်း ... ဘန်း ...
သူ့ရဲ့ မိုးကြိုးချပ်ဝတ်တန်ဆာဟာ တစ်စစီ ပေါက်ကွဲ ပျက်စီးသွားခဲ့သလို သူ့ရဲ့ မိုးကြိုးစွမ်းအား တွေဟာလည်း တစ်စထက်တစ်စ ယုတ်လျော့ သွားခဲ့ပါပြီ။
“သေစမ်း”
လီဖူချန်းက သည်အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူက ယုလီဆီကို အနီးကပ် ပျံသန်း ဝင်ရောက်သွားပြီး သူ့ရဲ့ သွေးနီဓားနဲ့ အားရပါးရ ခုတ်ချပစ်လိုက်ပါတယ်။
ဘန်း ...
ယုလီရဲ့ ခန္ဓာကိုယ်က အကောင်းပကတိ ရှိနေဆဲ ဖြစ်ပေမဲ့လည်း ဦးခေါင်းကတော့ ပေါက်ကွဲ ထွက်သွားခဲ့ပါပြီ။
“အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ”
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတွေ အားလုံးဟာ သံပြိုင် အော်ဟစ် လိုက်ကြပါတယ်။
“လီဖူချန်း ... မင်းက ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲကိုတောင် သတ်ရဲတယ်ပေါ့လေ။ မင်းနဲ့ ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်း ကတော့ ကမ္ဘာကျေရင်တောင်မှ ဥဒါန်းမကျေတော့ဘူးကွ”
“မိုးကြိုးမီးတောက် နဂါးတွေ ဖြစ်တည်စမ်း”
စီးတိုရှုအိုကတော့ သွေးရူးသွေးတန်း ဖြစ်သွားခဲ့ပါပြီ။ သူက မိုးကြိုးမီးတောက် ဝင်္ကပါရဲ့ အစွမ်းကို အမြှင့်ဆုံး ကန့်သတ်ချက် တစ်ခုအထိ မြှင့်တင်လိုက်ပါတော့တယ်။
ဂါး ... ဂရား ... ဂါး ...
မိုးကြိုးမီးတောက် နဂါးအစု အဖွဲ့တစ်ခုဟာ ကောင်းကင်မိုးကြိုး တောင်ထွတ်ပေါ်ကနေ ဆင်းသက်လာပြီး လီဖူချန်းဆီကို နောက်ထပ် တစ်ကြိမ် တိုးဝင်လာခဲ့ကြ ပြန်ပါပြီ။
လီဖူချန်းက ကောင်းကင်ယံမှာ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ။သူ့ရဲ့ မျက်နှာထက်မှာတော့ ရက်စက်တော့မဲ့ အပြုံးတစ်ပွင့် တွဲလွဲခိုနေပါတယ်။
“ငါဆိုတဲ့ လီဖူချန်းက မိုးကြိုးနတ်ဘုရားဂိုဏ်းကို ဘယ်တုန်းကမှ ပြဿနာ မရှာခဲ့ဘူး။ ဒါပေမဲ့ မင်းတို့ မိုးကြိုးနတ်ဘုရားဂိုဏ်း ကတော့ ငါ့ရဲ့ လီကလန်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ခွေးတွေလို ပြုမူဆက်ဆံခဲ့တယ်။ မင်းတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းက စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေကိုလည်း မသိကျိုးကျွံ ပြုမူခဲ့တယ်။ အဲသည်အတွက် ငါက မင်းတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးပစ်မယ်။ ဒါက ငါ့ရဲ့ လက်တုံ့ပြန်ခြင်းပဲ”
“မူလဘူတဓား ... အပြည့်အစုံ ဖြစ်တည်စမ်း”
ငါးသောင်းသော မူလဘူတ ကြေးဝါဓားတွေဟာ လီဖူချန်းရဲ့ ပတ်ပတ်လည်မှာ ဖြစ်တည် လာခဲ့ပါပြီ။
အနက်ရောင် ဆံပင်ရှည်တွေ စည်းနှောင်ထားခြင်း မရှိဘဲ ဖြစ်သလို ဖြန့်ချထားတဲ့ လီဖူချန်းကို မြင်နေရတာက မိစ္ဆာနတ်ဘုရား တစ်ပါးကို မြင်နေရသလိုပါပဲ။
သည်နှစ်တွေ အတွင်းမှာ ဆိုရင် လီဖူချန်းဟာ သူ့ရဲ့ မူလဘူတပင်မဓားထဲမှာ မူလဘူတဓားချီ တစ်သိန်းကို စုစည်းထားခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း သူက မူလဘူတ ဓားချီ ငါးသောင်းကိုသာ ထုတ်သုံးခဲ့ပါတယ်။
သူ့ရဲ့ တွက်ချက်မှုအရ ဆိုရင်တော့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို သတ်ဖြတ်ရာမှာ သူ့ရဲ့ မူလဘူတဓားချီ အကုန်လုံးကို ထုတ်သုံးစရာ မလိုပါဘူး။
“ကောင်းကင်ဘုံ ... ကျေးဇူးပြုပြီး သည်အတိုင်း ရပ်ကြည့်မနေပါနဲ့”
အစောပိုင်းတုန်းက မာန်အပြည့်နဲ့ ရှိနေကြတဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ မျက်နှာကတော့ ဇီးရွက်သာသာလောက်သာ ကျန်နေပါတော့တယ်။
အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ယုလီကိုယ်တိုင်တောင်မှ အသက်ပေးသွားခဲ့ရတဲ့ သည်မူလဘူတ ကြေးဝါဓားတွေကို သူတို့အနေနဲ့ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။ ဒါက သူတို့ဘဝ သက်တမ်းရဲ့ နောက်ဆုံးသော အချိန်ကာလပါပဲ။
***