← Chapters

ထိန်းချုပ်၍မရသော

Vol. 105 Ch. 1462

ထိန်းချုပ်၍မရသော

Vol. 105 Ch. 1462

နတ်သားရဲလေးကောင်က ကျန်းရီ တွေ့ကြုံခဲ့ဖူးသော ဝိညာဉ်သားရဲများကဲ့သို့ မဟုတ်ပေ။ ၎င်းတို့ကို ယဉ်ပါးအောင်သာ လုပ်ထားခြင်းဖြစ်ပြီး ဝိညာဉ်ထိန်းချုပ်ထားခြင်း မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏သခင်နှင့် ဝိညာဉ်ချိတ်ဆက်မှု မရှိသဖြင့် သခင်သေဆုံးသွားသော်လည်း ၎င်းတို့ မသေဆုံးခဲ့ခြင်းပင်။

သို့သော် ထိုနတ်သားရဲလေးကောင်က ယခင်ဝိညာဉ်ဘုရင်နှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှုရှိသည်။ ဝိညာဉ်ဘုရင်ဟောင်း၏ အလောင်းကို ပြန်သယ်လာခဲ့စဉ်က နတ်သားရဲလေးကောင်သည် တစ်ရက်တစ်ညလုံးလုံး ငိုကြွေးခဲ့ပြီး ယင်းနောက် အိပ်စက်သွားခဲ့ကြသည်ဟု ဆိုကြသည်။ ပြီးခဲ့သော ဆယ်စုနှစ်များတွင် ၎င်းတို့သည် တစ်ကြိမ်ပင် နိုးထမလာဘဲ ဤတိုက်ပွဲကွင်းထောင့်လေးထောင့်တွင် ရုပ်တုများကဲ့သို့ ရှိနေခဲ့ကြသည်။ ယခုတွင် ကျန်းရီ၏ ကြောက်မက်ဖွယ်တေးသွားကြောင့် ၎င်းတို့ နိုးထလာလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။

“အာ...”

ချီချင်ချန်သည် လေထဲတွင် ရပ်တန့်လိုက်၏။ ရီထူနှင့် မိုလင်းချိုးတို့လည်း ရပ်တန့်လိုက်ကြသည်။ သူတို့သည် ထောင့်လေးထောင့်ရှိ ဟိန်းအော်နေကြသော နတ်သားရဲလေးကောင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ မကြာခင်တွင် ရီထူ၏ အံ့အားသင့်နေသော မျက်နှာထားက ကြောက်ရွံ့နေသော မျက်နှာထားအဖြစ် ပြောင်းလဲသွား၏။ နတ်သားရဲလေးကောင်၏ မျက်လုံးများက နီရဲလာပြီး ၎င်းတို့၏ သားရဲအရှိန်အဝါများကလည်း ပို၍ပို၍ အားကောင်းလာသည်။ ၎င်းတို့သည် ရုတ်တရက် ကောင်းကင်ထက်သို့ ပျံတက်ကာ ပွဲကြည့်စင်သုံးဘက်သို့ ပျံသန်းသွားကြသည်။

“ချီချင်ချန်... မြန်မြန် နတ်သားရဲတွေကို ထိန်းချုပ်လိုက်ပါ”

ရီထူက ကျယ်လောင်စွာ အော်ပြောလိုက်၏။ သို့သော် ချီချင်ချန်သည် မလှုပ်ဘဲ သူတော်စင်ဝိညာဉ်တောင်ကိုသာ ကြည့်နေသည်။ ထိုစဉ် သူတော်စင်ဝိညာဉ်တောင်မှနေ၍ ဘုံခုနစ်ဆင့်ပါသော ပြာသာဒ်တစ်ခုကို ကိုင်ထားသည့် အဖြူရောင်အရိပ်တစ်ခု ပျံထွက်လာသည်။ သူ၏ အားကောင်းသော အရှိန်အဝါက နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။ ထို့နောက် သူ အော်ပြောလိုက်သည်။

“သားရဲလေးကောင်... မင်းတို့က လူသားတွေကို အန္တရာယ်ပြုရဲတယ်လား”

ထိုလူသည် ဘုံပြာသာဒ်ကို လက်တစ်ဘက်ဖြင့် လှည့်ပတ်လိုက်၏။ ဘုံပြာသာဒ်က တဖြည်းဖြည်းကြီးလာပြီး ပေတစ်သောင်းကျယ်သွားကာ ရောင်စဉ်ခုနစ်သွယ်တောက်ပလာသည်။ ထို့နောက် အားကောင်းသော အရှိန်အဝါတစ်ခုလည်း ထွက်လာပြီး နေရာတစ်ခုလုံးကို ဖိနှိပ်လိုက်လေသည်။

ဟိန်း...ဝူ...ချီ...အူ...

နတ်သားရဲလေးကောင်၏ အော်သံများ ထွက်လာ၏။ ၎င်းတို့သည် နေရာမှာပင်ရပ်၍ ဘုံပြာသာဒ်ကို စိုက်ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်ဝန်းများက ရုတ်တရက် လူသားမျက်ဝန်းကဲ့သို့ ဖြစ်သွားပြီး လွမ်းဆွတ်မှု၊ အလွန်နာကျင်ခံစားရမှုနှင့် အနည်းငယ်သော အကြောက်တရားတို့ကို ပြသလိုက်၏။ ယင်းနောက် ၎င်းတို့၏ မျက်လုံးများထဲမှ နီရဲမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ၎င်းတို့သည် အလင်းတန်းများအလား ထောင့်လေးထောင့်သို့ ကိုယ်စီပြန်သွားကြသည်။ ၎င်းတို့သည် ဘုံပြာသာဒ်ကို ‌ကြောက်ရွံ့စွာ ကြည့်နေကြပြီး တစ်လက်မမှပင် မလှုပ်ဝံ့ကြတော့ချေ။

“ခမည်းတော်...”

ရီထူ စိတ်အေးသွားပြီး လျင်မြန်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ဝိညာဉ်ဘုရင်က အချိန်မီထွက်ပေါ်လာခဲ့ပြီး ဝိညာဉ်ဘုရင်ဟောင်း ပိုင်ဆိုင်ခဲ့သော အမွေအနှစ်တစ်ခုကို အသုံးပြု၍ နတ်သားရဲလေးကောင်ကို ဖိနှိပ်နိုင်ခဲ့၍ တော်ပေသေးသည်။ မဟုတ်လျှင် ချီချင်ချန်က ကူညီလျှင်ပင် ယနေ့၌ လူများစွာ သေကြေရလိမ့်ဦးပေမည်။ ထိုနတ်သားရဲလေးကောင်က သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲများ မဟုတ်ပါလား။

ထိုအခိုက်တွင် ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုအောက်သို့ ရောက်နေခဲ့သော လူအများစု အသိပြန်ကပ်လာကြ၏။ မေ့မြောသွားအောင် အလုပ်ခံခဲ့ရသူအချို့လည်း သတိပြန်လည်လာကြသည်။ သူတို့သည် နိုးထနေပြီဖြစ်သော နတ်သားရဲလေးကောင်နှင့် တိုက်ပွဲစင်မြင့်ထက်တွင် သွေးသံရဲရဲနှင့် လဲနေသော လူကို ကြည့်လိုက်ကြ၏။ သူတို့၏မျက်ဝန်းများထဲတွင် အံ့အားသင့်မှုနှင့် အကြောက်တရားတို့ ရှိနေကြပေသည်။

ယနေ့တွင် ပရိသတ်များသည် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်ဆိုသည်မှာ မည်သည်ကိုခေါ်ကြောင်း သိလိုက်ရပေပြီ။ တေးသွားတစ်ပုဒ်က သူတို့အားလုံးကို ရူးသွပ်သောင်းကျန်းသွားအောင် လုပ်နိုင်ပြီး ဆယ်စုနှစ်များစွာ အိပ်မောကျနေခဲ့သော နတ်သားရဲလေးကောင်ကိုလည်း နိုးထလာစေခဲ့သည်။ ထိုသားရဲလေးကောင်က သူတို့ကို သတ်မလိုပင် လုပ်ခဲ့သေးသည်။

ကြောက်မက်ဖွယ်ပင်။

ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသောအခါ စွမ်းအားကြီး သိုင်းသမားများစွာ ရင်တုန်၍ အသက်ရှူမြန်သွားကြသည်။ သူတို့၏ နောက်ကျောတွင် ချွေးများရွှဲနေပြီး သူတို့၏ ရင်ဘတ်တွင် သူတို့ငိုကြွေးခဲ့သော မျက်ရည်များ ရွှဲနေပေသည်။

ဝိညာဉ်ဘုရင်သည် လေထဲတွင် မားမားမတ်မတ်ရပ်၍ ခက်ထန်သော အကြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ့အကြည့်က ကိုယ့်သွေးများနှင့်ကိုယ် သွေးချင်းချင်းရဲနေသော ကျန်းရီအပေါ်သို့ ရောက်သွားသည်။ ဝိညာဉ်ဘုရင်က အလွန်အရပ်မြင့်ပြီး ထင်ရှားသော ရုပ်သွင်ရှိသည်။ သူ၏ဆံပင်များက ဖြူဆွတ်နေပြီး သူ၏မျက်နှာက တင်းမာနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက အလွန်ရှေးရိုးဆွဲဆန်ပြီး စည်းကမ်းတင်းကြပ်သူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်မှ ထွက်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကလည်း အားလုံးကို မလှုပ်ရှားနိုင် ဖြစ်နေစေပေသည်။

“မျိုးနွယ်ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်”

ထိုနေရာရှိ သူတော်စင်ဝိညာဉ်ဘုံမှ လူအားလုံးက ဒူးထောက်၍ နှုတ်ဆက်လိုက်ကြ၏။ ချီချင်ချန်လည်း အတန်ငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

“ချင်ချန် ဝိညာဉ်ဘုရင်ကို အရိုအသေပေးပါတယ်”

မြောက်ဘက်ပွဲကြည့်စင်ရှိ ပွဲကြည့်ခန်းအားလုံးမှ စွမ်းအားကြီးသိုင်းသမားများနှင့် သခင်လေး၊ သခင်မလေးများလည်း ပျံထွက်လာကြကာ လေထဲတွင် ရပ်၍ လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။

“ဝိညာဉ်ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်”

တစ်ခုခု မှားနေ၏။ မိန်းမပျိုတစ်ယောက်က ဝိညာဉ်ဘုရင်ကို နှုတ်မဆက်ပေ။ သူမ၏ နောက်ကျောတွင် အတောင်ပံတစ်စုံ ထွက်ပေါ်လာ၏။ ထို့နောက် သူမသည် အစိမ်းရောင်အလင်းတန်းတစ်ခုအလား တိုက်ပွဲစင်မြင့်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။

မိန်းမပျို၏ မျက်ဝန်းများထဲတွင် မျက်ရည်များနှင့် ပြည့်နှက်နေ၏။ သူမသည် တုန်တုန်ယင်ယင်နှင့် ကျန်းရီ၏ ဘေးသို့ သွားလိုက်သည်။ ထို့နောက် စင်မြင့်ပေါ်တွင် ဒူးထောက်ကာ ကျန်းရီကို ပွေ့ယူလိုက်၏။ သူမ၏လက်က အစိမ်းရောင်အလင်း လင်းလက်လာသည်။ သူမသည် ကျန်းရီ၏ မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ချွတ်လိုက်၏။ ကျန်းရီ၏ ခံ့ညားသော မျက်နှာကို တွေ့သောအခါ သူမ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“သခင်လေး... တကယ်ကို သခင်လေးပဲ”

“သခင်မလေး”

“ချီးပဲ...”

မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများသည် ဝိညာဉ်ဘုရင်ကို နှုတ်ဆက်နေခဲ့ကြသဖြင့် ကျန်း‌ရှောင်နူကို မတားနိုင်ခဲ့ကြပေ။ ယခု သူတို့ ထိတ်လန့်နေပေပြီ။ မိုလင်းချိုးကလည်း မျက်နှာမှောင်မည်းသွားပြီး ဆဲလိုက်သည်။ ကျန်းရှောင်နူ၏ မှတ်ဉာဏ်ကို ချိပ်ပိတ်ထားသော သိမ်းငှက်စိမ်းဘုရင်၏ ချိပ်စည်းက ကျန်းရီ၏တေးသွားကြောင့် ပျက်စီးသွားခဲ့ပေသည်။

“အဲ့မှာရပ်နေ”

ကျန်းရှောင်နူသည် မင်ရည်တောင်ပံမျိုးနွယ်မှ လူများက သူမထံသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်သောအခါ အေးစက်စက် မျက်ဝန်းများဖြင့် ခက်ထန်စွာ အော်လိုက်၏။

“အနားကပ်လာရင် ကျွန်မကို နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့”

“သခင်လေးတဲ့လား...”

မိုဟွိုက်စန်း၊ တိလင်အာနှင့် အခြားသူများ မှင်တက်သွားကြ၏။ သူမတို့သည် ကျန်းရီနှင့် ကျန်းရှောင်နူတို့ကြားမှ ဆက်ဆံရေးကို မသိကြပေ။ ထိုကိစ္စကို တိရှအရှင်က ဖုံးထားခဲ့ခြင်းပင်။ သူမတို့သည် ကျန်းရှောင်နူကို နားမလည်နိုင်ဟန်ဖြင့် ကြည့်နေကြသည်။ ကျန်းရှောင်နူသည် သူမ၏ဝတ်စုံဖြူ သွေးပေသွားမည်ကို မစိုးဘဲ မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများအား အနားသို့ ကပ်မလာရန် အော်ပြောခဲ့၏။ ထို့ပြင် သူမက ကျန်းရီ၏ မျက်နှာကို လက်နှစ်ဘက်ဖြင့် ညင်သာစွာ ကိုင်ထားသေးသည်။ ထိုစဉ် သူမ ထပ်အော်ပြောလိုက်သည်။

“သခင်လေး...သခင်လေး... ရှောင်နူပါ။ သခင်လေး... ထပါဦး။ ကျွန်မ ရှောင်နူပါ...”

မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအချို့သည် မည်းမှောင်နေသော မျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည် ထိုသခင်မလေး၏ အကျင့်စရိုက်ကို ကောင်းစွာ သိပေသည်။ သူမသည် မင်ရည်တောင်ပံမျိုးနွယ်သို့ ရောက်ရောက်ချင်း ပြဿနာတစ်ခုပြီးတစ်ခု ရှာခဲ့သဖြင့် သိမ်းငှက်စိမ်းဘုရင်က အလွန်ဒေါသထွက်ခဲ့ရသည်။ သူမသည် သူမကိုယ်သူမ သတ်သေမည်ဟုလည်း အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပေသည်။

သိုင်းသမားများသည် အလျင်စလို မလုပ်ဝံ့ကြသဖြင့် သိမ်းငှက်ဘုရင်လေးထံသို့ သတင်းပို့ပြီး ကျန်းရှောင်နူကို လာခေါ်သွားဖို့ ပြောလိုက်ကြ၏။

ဝိညာဉ်ဘုရင်က လေထဲတွင် မားမားမတ်မတ်ရပ်ကာ ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို ငုံ့ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ မျက်မှောင်ကြုတ်ကာ ရီထူကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“အခု ပြိုင်ပွဲကို အဆုံးသတ်လိုက်‌တော့။ ပြီးရင် အကုန်လုံးကို ကောင်းကင်ညှို့ဓာတ်မြို့ဆီ ပြန်ပို့လိုက်။ ငါ ဒီနတ်သားရဲလေးကောင်ကို ကိုယ်တိုင် ထိန်းချုပ်ရပါမယ်။ မဟုတ်ရင် သူတို့က လူတွေကို ထပ်ပြီးအန္တရာယ်ပြုနိုင်တယ်”

“ဟုတ်ကဲ့ပါ”

ရီထူက ခေါင်းညိတ်လိုက်ပြီး အခြားဒိုင်ဆယ့်ခုနစ်ယောက်နှင့် အလျင်အမြန် ဆွေးနွေး၍ စွမ်းရည်ပြိုင်ပွဲ၏ ထိပ်တန်းသုံးယောက်ကို ရွေးချယ်ပြီးလျှင် အားလုံးကို ထွက်သွားခိုင်းဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဒိုင်ဆယ့်ရှစ်ယောက်သည် အတန်ကြာ အပြန်အလှန် အသံပို့လွှတ်နေကြ၏။ နောက်ဆုံးတွင် ရီထူ ပြောလိုက်လေသည်။

“အခု ကျုပ်တို့ စွမ်းရည်ပြိုင်ပွဲရဲ့ ထိပ်တန်းသုံးယောက်ကို ကြေညာပါမယ်။ တတိယနေရာကို နဂါးရိုးဘုံက လွေ့လီက ရသွားပါတယ်။ ဒုတိယနေရာကိုတော့ လှိုင်းစိမ်းဘုံက ဝူတောက်က ရသွားပါတယ်။ ပထမရတဲ့သူကတော့... နတ်မြစ်ဘုံရဲ့... ဟဲရှန်းပါ”

“အာ...”

တိုက်ပွဲကွင်းထဲတွင် အံ့အားသင့်မှုများ ထပ်မံ ပြည့်နှက်သွားသည်။ လူတိုင်း ထိုသုံးယောက်ကို သိကြ၏။ သူတို့၏ ဆန်းကြယ်စွမ်းရည်များက အမှန်ပင် စွမ်းအားကြီးကြသည်။ ဟဲရှန်း၏ အလင်းဓာတ် စည်းမျဉ်းဆန်းကြယ်စွမ်းရည်က ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်ပေါက်လာအောင် လုပ်နိုင်ပေသည်။

သို့သော် အဘယ်ကြောင့် ကျန်းရီက ပထမ မရရသနည်း။

မိုဟွိုက်စန်း၊ ရွှမ်ယွမ်ဝူတိ၊ ကျိုးထျန်းဝမ်နှင့် တိလင်အားတို့အားလုံး မှင်တက်သွားကြသည်။ မိုဟွိုက်စန်းတို့သည် ကျန်းရီကို သဘောမကျခဲ့သော်လည်း ကျန်းရီ၏ အစွမ်းအစကို မြင်ပြီးနောက်တွင် အမြင်ပြောင်းလဲသွားခဲ့ကြသည်။ ယခုတွင် သူမတို့သည် ကျန်းရီက တိရှဘုံကို ကိုယ်စားပြုခြင်းအတွက် အမှန်ပင် ဂုဏ်ယူနေကြပေပြီ။ သို့သော် ကျန်းရီက ပထမ မရသည့်အပြင် တတိယအဆင့်အတွင်းပင် မဝင်သည်လော။

ချီချင်ချန်၏ မျက်ဝန်းများလည်း အံ့အားသင့်မှုနှင့် အရောင်လက်သွား၏။ သို့သော် သူမ ချက်ချင်း နားလည်သွားသည်။

ကျန်းရီ၏ ဆန်းကြယ်စွမ်းရည်က အမှန်ပင် နံပါတ်တစ်ပင်။ သို့သော် သူ၏ အပြုအမူများကို ထိန်းချုပ်၍ မရခဲ့ပေ။ မိုလင်းချိုးနှင့် ရီထူတို့က သူ့အား ရပ်တန့်ရန် ပြောသည်ပင် သူသည် မရပ်တန့်ခဲ့ရုံသာမက ပို၍ပင် လျင်လျင်မြန်မြန် တီးခတ်ခဲ့သည်။ သူသည် တိုက်ပွဲကွင်းတစ်ခုလုံးကို သွေးလွှမ်းသွားအောင် လုပ်မိလုနီးနီး ဖြစ်ခဲ့သည်။

ကျန်းရီက ရူးသွပ်သူတစ်ယောက်ပင်။ သူ၏တေးသွားထဲတွင် အကန့်အသတ်မဲ့သော ဒေါသနှင့် အမုန်းတရားတို့ ပါခဲ့သည်။ ထိုကဲ့သို့သော လူမျိုးက ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူ့ကို ပျိုးထောင်ပေး၍ မရသလို ဖြစ်နိုင်လျှင် သူ့အား ဖိနှိပ်ထားခြင်း သို့မဟုတ် သတ်ပစ်ခြင်းတို့ပင် လုပ်ရမည်ဖြစ်သည်။

ကျန်းရီကို ထိန်းချုပ်၍မရနိုင်ပေ။ နောင်တွင် သူ အင်အားပိုကြီးလာပါက လူသားမျိုးနွယ်အတွက် ဘေးဒုက္ခများ ယူဆောင်လာလောက်ပေသည်။

သို့သော် ချီချင်ချန် မသိသည်မှာ ကျန်းရီ ထိပ်တန်းသုံးယောက်ထဲ မပါခဲ့ခြင်းမှာ မိုလင်းချိုးကြောင့်ဆိုခြင်းပင်။ တိရှအရှင်သည် ဤခရီးမတိုင်ခင်တွင် မိုလင်းချိုးအား ကျန်းရီမည်သူဖြစ်ကြောင်း ပေါ်သွား၍မဖြစ်ဟု သတိပေးခဲ့သည်။ ယခုတွင် ကျန်းရီက အားလုံး၏ အာရုံစိုက်မှုကို ခံလာရပြီး ကျန်းရှောင်နူကလည်း မမျှော်လင့်ဘဲ မှတ်ဉာဏ်များ ပြန်ရသွားရာ အခြေအနေများက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ကို မိုလင်းချိုး စိုးရိမ်ပေသည်။ ထို့ကြောင့် သူသည် ကျန်းရီကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်၍ တိရှဘုံသို့ ချက်ချင်းပြန်ခေါ်သွားရန် ဆုံးဖြတ်ထားသည်။

သို့သော်...

မိုလင်းချိုး၏လုပ်ရပ်က ကျန်းရှောင်နူကို ဒေါသဆွပေးသလို ဖြစ်သွားခဲ့သည်။ သူမသည် ရလဒ်များကို ကြားပြီးနောက် ဒေါသတကြီး ‌မော့ကြည့်လိုက်၏။ ထို့နောက် ရီထူကို ‌အေးစက်စက် မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ရှင် မျက်လုံးကန်းနေလား။ ကျွန်မရဲ့ သခင်လေးက ပထမ မဟုတ်ရင် ဘယ်သူက ပထမရနိုင်ဦးမှာလဲ။ ဟဲရှန်း... ဒီကိုလာစမ်း။ ရှင် ပထမနေရာကို ယူရဲလား။ ကျွန်မက အခုချက်ချင်း ဒီနေရာမှာ ရှင့်ကို သတ်ပစ်နိုင်တယ်ဆိုတာကို ရှင်ယုံလား”

***

All Chapters