← Chapters

အပေးအယူ

Vol. 105 Ch. 1465

အပေးအယူ

Vol. 105 Ch. 1465

ရွှီး...

ထိုအခိုက်တွင် သူတော်စင်ဝိညာဉ်တောင် ပတ်ပတ်လည်မှ အကာအရံများက အဆက်မပြတ် လင်းလက်လာ၏။ ၎င်းအကာအရံများက အစောမှထက် ပို၍ တောက်ပနေပေသည်။ ဝိညာဉ်ဘုရင် အတန်ငယ် တုန်ယင်သွားပြီး တောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့‌သော် သူသည် ခေတ္တမျှရပ်တန့်ပြီးနောက် ကျန်းရီကို သူ၏လက်ဖြင့် ဆက်ရိုက်လိုက်လေသည်။

အထက်ဘုံတစ်ခုလုံး၏ ဒုတိယ စွမ်းအားအကြီးဆုံးသူသည် ကျန်းရီကဲ့သို့သော ပမွှားလေး၏ စော်ကားခြင်းကို ခံမည်မဟုတ်ပေ။ ထို့ပြင် သူက အလွန်ခေါင်းမာပြီး သူ၏ဂုဏ်သိက္ခာကို အလွန်အရေးထားသည်။ ကျန်းရီက တိရှအရှင်ဖြစ်နေလျှင်ပင် သူ ကျန်းရီကို သတ်ပစ်ဦးမည်သာ။

“မဖြစ်ဘူး...”

ကျန်းရှောင်နူက အသည်းအသန် အော်လိုက်၏။ ကျန်းရီကမူ မျက်လုံးမှိတ်ထားသည်။ အေးစက်သော သတ်ဖြတ်အရှိန်အဝါတစ်ခုက သူ့ကို လွှမ်းခြုံထားသဖြင့် သူ မလှုပ်နိုင်ပေ။ ထိုအခိုက်တွင် သူ သေခြင်းတရား၏ အငွေ့အသက်ကို ရလိုက်ပေသည်။

ရွှီး...ရွှီး...

ပိန်းပါး၍ အရေတွန့်နေသော လက်က ကျန်းရီ၏ ခေါင်းကို ထိသွားတော့မည့်အချိန်တွင် ဝိညာဉ်ဘုရင် ရုတ်တရက် ရပ်တန့်လိုက်ပြီး တောင်ဘက်သို့ ထပ်မံကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေပေသည်။

“အာ...”

အသည်းအသန် ပျံသန်းလာနေကြသော မင်ရည်တောင်ပံမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများလည်း ရုတ်တရက် ရပ်တန့်သွားကြ၏။ ဝိညာဉ်ဘုရင်က ရပ်တန့်လိုက်ပေပြီ။ ထို့ကြောင့် ဆက်သွားနေစရာ မလိုတော့ပေ။ လူအုပ်သည်လည်း ဝိညာဉ်ဘုရင်က ရုတ်တရက် ရပ်တန့်လိုက်ခြင်းအတွက် အံ့အားသင့်နေကြ၏။ ထို့နောက် သူတို့အားလုံး ဝိညာဉ်ဘုရင် ကြည့်နေသောဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

အားလုံး ကြည့်နေသောနေရာမှာ အဆက်မပြတ် လင်းလက်နေသော သူတော်စင်ဝိညာဉ်တောင် မဟုတ်ဘဲ ၎င်းအနောက်မှ ကောင်းကင်ညှို့ဓာတ်မြို့သို့ ဖြစ်သည်။

ဝှစ်...

လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ အဝေးမှ အနက်ရောင်အစက်အပျောက်လေးက တဖြည်းဖြည်း ကြီးလာသည်။ မိုလင်းချိုးတစ်ယောက် အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် တိရှအရှင်က ဤနေရာသို့ ရောက်လာခြင်းကြောင့်ပင်။ ဝိညာဉ်ဘုရင် ကျန်းရီအား တိုက်ခိုက်နေခြင်းခြင်းကို ရပ်တန့်ခဲ့ခြင်းမှာ သူတော်စင်ဝိညာဉ်တောင်မှ အကာအရံများက အဆက်မပြတ် လင်းလက်နေခဲ့၍ မဟုတ်ဘဲ တိရှအရှင်က သူ့ထံ အသံလှမ်းပို့လွှတ်လိုက်၍ဖြစ်သည်။

“ဝိညာဉ်ဘုရင်... ခင်ဗျား အဲ့ကောင်လေးကို တကယ် သတ်လို့မဖြစ်ဘူး။ မဟုတ်ရင် ခင်ဗျားတစ်ဘဝလုံး နောင်တရနေရလိမ့်မယ်”

ဝိညာဉ်ဘုရင်၏ ခေါင်းထဲတွင် တိရှအရှင်ပို့လွှတ်လိုက်သော အသံက ပဲ့တင်ထပ်နေသည်။ တိရှအရှင်နေရာတွင် အခြားသူတစ်ယောက်ဆိုလျှင် ဝိညာဉ်ဘုရင် ရပ်တန့်ခဲ့မည် မဟုတ်ချေ။ သို့သော် တိရှအရှင်မှာ အထက်ဘုံတွင် အ‌တော်လေး လေးစားခံရသူတစ်ယောက်ဖြစ်သည်။ သူက လူကောင်းတစ်ယောက်ဟု ကျော်ကြားသည်။ သူ၏ စကားများက ဝိညာဉ်ဘုရင်ကို အလေးအနက် စဉ်းစားသွားစေပေသည်။

“အရှင်...”

မိုလင်းချိုးက အဝေးသို့ကြည့်၍ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူက သတင်းပို့၍ အကူအညီမတောင်းခဲ့ပေ။ သူ အကူအညီတောင်းခဲ့လျှင်လည်း တိရှအရှင်က အချိန်တိုအတွင်း ရောက်ရှိလာနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ တိရှအရှင် ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး တစ်ချိန်လုံး ကောင်းကင်ညှို့ဓာတ်မြို့ထဲမှ ပုန်းနေခဲ့ခြင်းဖြစ်မည်။

သို့သော် အဘယ်ကြောင့် တိရှအရှင်က ကောင်းကင်ညှို့ဓာတ်မြို့ထဲတွင် ပုန်းနေခဲ့ရသနည်း။

ကျန်းရီ ပြဿနာတက်မည်ကို သူ ကြိုသိနေခဲ့ခြင်းလော။ ကျန်းရီ ပြဿနာတက်မည်ကို ကြိုသိနေခဲ့လျှင် အဘယ်ကြောင့် ကျန်းရီကို ပြိုင်ပွဲသို့ ခေါ်သွားရန် မိုလင်းချိုး၏ တောင်းဆိုမှုကို မငြင်းခဲ့သနည်း။

တိရှအရှင်က ကျန်းရီကို တမင် ပြဿနာရှာစေခဲ့ခြင်းလော။ ထိုမှ သူ ဝင်ကယ်ကာ ကျန်းရီအပေါ် ကျေးဇူးကြွေးတစ်ခု ထပ်ပိုးနိုင်မည် ဖြစ်၍လော။

‘မဟုတ်သေးဘူး’

မိုလင်းချိုး အလွန်လျင်မြန်စွာ သဘောပေါက်သွားသည်။ တိရှအရှင်ထံတွင် ပိုနက်ရှိုင်းသော ရည်ရွယ်ချက်များ ရှိပေသည်။ သူက ကျန်းရီနှင့် ဝိညာဉ်မျိုးနွယ်တို့ကို မည်သို့မှ ပေါင်းစည်း၍ မရနိုင်သည့် အခြေအနေသို့ ရောက်သွားစေလိုခြင်းပင်။ ထိုမှ အနာဂတ်တွင် ဝိညာဉ်မျိုးနွယ်က ကျန်းရီကို ပြန်မခေါ်နိုင်ဘဲ ကျန်းရီက တိရှဘုံတွင်သာ ဆက်ရှိနေမည်ဖြစ်သည်။

‘မယုံနိုင်စရာပဲ...’

မိုလင်းချိုးသည် တိရှအရှင်ကို စိတ်ထဲမှ ချီးကျူးလိုက်၏။ ကျန်းရီနှင့် ဝိညာဉ်မျိုးနွယ်ကြားမှ အခြေအနေက အလွန်ဆိုးဝါးနေပြီးပေပြီ။ ရီဖျောင်ဖျောင်နှင့် ကျန်းရီတို့ ပြန်ပေါင်းစုံနိုင်လျှင်ပင် သူတို့သည် ဝိညာဉ်မျိုးနွယ်အပေါ် ဆက်မှီခိုကြလိမ့်မည် မဟုတ်ချေ။ မိုလင်းချိုးသည် သူ့နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်၍ တိရှအရှင်ထံ ပျံသန်းသွားလိုက်သည်။ မိုဟွိုက်စန်းတို့သည်လည်း တိရှအရှင်ကို မြင်သည်နှင့် တောင်ဘက်သို့ ပျံသန်းသွားကြသည်။

“ဟင်းဟင်း...”

တိရှအရှင်သည် ပျံသန်းလာပြီး တိုက်ပွဲကွင်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူ သိမ်မွေ့စွာပြုံးကာ ပြောလိုက်သည်။

“ဝိညာဉ်ဘုရင်... ခင်ဗျား ဒီအသက်အရွယ်လည်း ရောက်နေပြီ စိတ်မလျှော့နိုင်သေးဘူးလား။ ခင်ဗျားက လူငယ်တစ်ယောက်နဲ့တောင် တိုက်ခိုက်နေတာပဲ။ တခြားသူတွေက ခင်ဗျားကို လှောင်ပြောင်ကြမှာ မစိုးရိမ်ဘူးလား။ ကဲပါ...ကဲပါ... အားလုံး ပြန်ကြပါတော့။ ဝိညာဉ်ဘုရင်... ကျုပ်တို့ ခင်ဗျားရဲ့ သူတော်စင်ဝိညာဉ်တောင်မှာ စကားသွားပြောကြရင် မကောင်းဘူးလား”

ဝိညာဉ်ဘုရင် မလှုပ်ပေ။ သူသည် နေရာမှာပင် ခေါင်းမာစွာ ရပ်၍ တိရှအရှင်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

“တိရှအရှင်... ခင်ဗျား ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ရှင်းမပြဘူးဆိုရင် ကျုပ် ဒီနေ့ ဒီကောင်စုတ်ကို တကယ်သတ်ပစ်လိုက်မှာ”

တိရှအရှင်က ခါးသက်သက်ပြုံး၍ ပြောသည်။

“ဝိညာဉ်ဘုရင် ကျုပ်အနေနဲ့ အသေးစိတ်ရှင်းပြဖို့က မသင့်တော်ဘူး။ ဒါပေမဲ့ ခင်ဗျား အဲ့ကောင်လေးကို သတ်လိုက်ရင် လူသားမျိုးနွယ်ရဲ့... တစ်ခုတည်းသောမျှော်လင့်ချက်က ပျက်သုဉ်းသွားလိမ့်မယ်။ ကျုပ်တို့ တမလွန်ဘုံကို လုံးဝအနိုင်ရချင်တယ်ဆိုရင် အဲ့ကောင်လေးအပေါ် မှီခိုရလိမ့်မယ်”

“ဝိုး...”

အားလုံး ရုတ်ခြည်း ဆူညံပွက်သွားပြီး ပြောဆိုဆွေးနွေးလိုက်ကြသည်။ တိရှအရှင်၏ စကားများက လူအုပ်တစ်အုပ်လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေပေသည်။

လူသားမျိုးနွယ်၏ နောက်ဆုံးမျှော်လင့်ချက်လော။ တမလွန်ဘုံကို အနိုင်ယူမည်လော။

အကယ်၍ ထိုစကားများကို ပြောခဲ့သည်က အခြားတစ်ယောက်ဆိုလျှင် စွမ်းအားကြီး သိုင်းသမားများသည် ထိုသူကို ပါးဖြတ်ရိုက်လိုက်ပေလိမ့်မည်။ သို့သော် တိရှအရှင်က မည်သူနည်း။ သူ့ကဲ့သို့ အဆင့်အတန်းရှိသူတစ်ယောက်က မဟုတ်ဘဲ ပြောပါမည်လော။

တမလွန်ဘုံစစ်တပ်က ကောင်းကင်ဘုံ၏ ဘုံအများစုကို သိမ်းပိုက်ပြီးသွားပေပြီ။ လူသားမျိုးနွယ်က နောက်ဆုံးဘုံတစ်ခုကိုသာ မှီခိုနေကြရသည်။ ထိုနောက်ဆုံးဘုံက မည်သည့်အချိန်တွင် ကျဆုံးသွားမည်ကို မည်သူသိမည်နည်း။ စွမ်းအားကြီး သိုင်းသမားများစွာသည် မျှော်လင့်ချက် ကုန်ဆုံးနေခဲ့ပြီးဖြစ်သည်။ သူတို့သည် လူသားမျိုးနွယ်က မည်မျှကြာကြာ ဆက်တောင့်ခံထားနိုင်ဦးမည်ကိုသာ စောင့်ကြည့်နေကြသည်။ ယခုတွင် တိရှအရှင်က တမလွန်ဘုံကို အနိုင်ယူနိုင်မည့် လူသားမျိုးနွယ်၏ နောက်ဆုံးမျှော်လင့်ချက်က ထိုလူငယ်လေးပေါ်တွင် မူတည်နေသည်ဟု ပြောလိုက်ပေသည်။

ယင်းက ဤလောကထဲရှိ အရယ်ရဆုံး ဟာသတစ်ခုပင်။

ဝှစ်...ဝှစ်...ဝှစ်...

မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများက ကျန်းရီကို တစ်ပြိုင်တည်း အာရုံခံလိုက်ကြပြီး သူ၏ထူးခြားမှုကို ရှားလိုက်ကြ၏။ သို့သော် ကျန်းရီက သူတို့ကဲ့သို့ပင် မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ခုနှင့်သာ။ သူ့တွင် ထူးခြားသောအရာ မရှိချေ။ ထို့ပြင် သူ၏အဆင့်က အလွန်နိမ့်ပေသည်။ ကျန်းရှောင်နူက ငွေမိစ္ဆာမျက်နှာဖုံးကို ဖယ်လိုက်ပြီဖြစ်၍ သူတို့သည် ကျန်းရီ၏ စွမ်းရည်အစစ်အမှန်နှင့် ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူ သိနိုင်နေကြပေပြီ။

သို့သော်...

ကျန်းရီ၏ အရည်အချင်းက မဆိုးပေ။ အစောမှ သူ၏ တေးသွားက အားလုံးကို ရူးသွပ်သွားစေခဲ့သည်။ အိပ်မောကျနေခဲ့သော နတ်သားရဲလေးကောင်ပင် နိုးထလာခဲ့သည်။ အံ့အားသင့်စရာအကောင်းဆုံးမှာ ကျန်းရီ၏ အလွန်ငယ်ရွယ်သောအသက်ပင်။ သူ့ကိုသာ ကောင်းစွာပျိုးထောင်ပေးလိုက်မည်ဆိုလျှင် သူသည် အနာဂတ်၌ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်သွားနိုင်ပေသည်။

သို့သော် တမလွန်ဘုံကို အနိုင်ရနိုင်မည့် မျှော်လင့်ချက်က ကျန်းရီအပေါ်တွင် မူတည်နေသည်ဟု ဆိုခြင်းကမူ အတန်ငယ် ချဲ့ကားပြောဆိုခြင်း မဟုတ်လော။

ပွဲကြည့်စင်များမှ လူများမဆိုထားနှင့် ချီချင်ချန်သည်ပင် ထိုစကားကို သံသယဖြစ်သွားသည်။ သိမ်းငှက်ဘုရင်လေးလည်း ရယ်မိသွား၏။ မည်သို့ပင်ဖြစ်စေ ယခုတွင် လူအုပ်၏ ကျန်းရီအပေါ် အမြင်က အနည်းငယ် ပြောင်းလဲသွားပေပြီ။ တိရှအရှင်ကပင် သူ့ကို ထိုမျှ အထင်တကြီးရှိနေရာ သူ၏အနာဂတ်က အမှန်ပင် တောက်ပနေလောက်ပေသည်။

ဝိညာဉ်ဘုရင်သည် သူ၏ ပိန်းပါး၍ အရေတွန့်နေပြီဖြစ်သော လက်ကို ပြန်ရုတ်လိုက်၏။ ကျန်းရီက အမှန်ပင် ထိုမျှပါရမီပါလျှင် သူ ကျန်းရီကို သတ်မည် မဟုတ်ပေ။ ကျန်းရီကို သတ်ခြင်းက လူသားမျိုးနွယ်၏ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်ခြင်းပင် မဟုတ်ပါလား။

သို့သော် ဝိညာဉ်ဘုရင်သည် တိရှအရှင်၏စကားကို အပြည့်အဝ မယုံနိုင်သေးပေ။ ထို့ကြောင့် သူ ခြောက်ကပ်ကပ်ရယ်၍ တိရှအရှင်ကိုကြည့်ကာ မေးလိုက်သည်။

“တိရှအရှင်... ခင်ဗျားရဲ့ စကားနဲ့တင် ကျုပ်ကို ယုံအောင်လုပ်နိုင်မယ်လို့ ထင်နေတာလား”

“ဟင်းဟင်း...”

တိရှအရှင်က ပြုံး၍ ပခုံးတွန့်ပြလိုက်၏။

“ဝိညာဉ်ဘုရင်... ကျုပ် ခင်ဗျားကို အသေးစိတ်တော့ မပြောပြနိုင်ဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ... ခင်ဗျား အရှက်ရခဲ့ရတယ်ဆိုရင် ကျန်းရီကိုယ်စား ကျုပ် အပြစ်ခံပါမယ်။ ကျုပ် ခင်ဗျားရဲ့ လက်ဝါးချက်သုံးချက်ကို ခံမယ်”

“...”

နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။ ယနေ့တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေခြင်းနည်း။ အရှင်နှစ်ပါးက တိုက်ခိုက်ကြတော့မည်လော။ ဤအတိုင်းသာ ဆက်သွဦးလျှင် အထက်ဘုံတစ်ခုလုံးမှ အရှင်များအားလုံး တိုက်ပွဲထဲတွင် ပါမလာနိုင်သလော။

ဝိညာဉ်ဘုရင်သည် တိရှအရှင်ထံမှ အကြည့်လွှဲ၍ ကျန်းရီကို ကြည့်လိုက်သည်။ တိရှအရှင်က နောက်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီက အမှန်ပင် တစ်ခုခုထူးခြားနေရပေမည်။ ဝိညာဉ်ဘုရင်သည် ကျန်းရီကို ခြေဆုံးခေါင်းဆုံး အာရုံခံကြည့်လိုက်၏။ သို့သော် ထူးခြားမှုကို မတွေ့ပေ။

ဝိညာဉ်ဘုရင် စက္ကန့်အနည်းငယ် နှုတ်ဆိတ်နေပြီးမှ ပြောလိုက်၏။

“တိရှအရှင် ဒီနေ့ ကျုပ် ခင်ဗျားကို လေးစားမှု ပြလိုက်ပါမယ်။ ကျုပ် ဒီကောင်စုတ်ကို တစ်ကြိမ် အလွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ သူ ဝိညာဉ်မျိုးနွယ်နဲ့ ရန်သူဖြစ်ဝံ့ရင်တော့ ကျုပ်ကို ခင်ဗျားရဲ့မျက်နှာကို မ‌ထောက်ဘူးလို့ အပြစ်မတင်ပါနဲ့”

“ကျေးဇူးတင်ပါတယ် ဝိညာဉ်ဘုရင်”

တိရှအရှင်က သူ၏မုတ်ဆိတ်ကိုသပ်၍ ပြုံးလိုက်၏။ ထို့နောက် သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ခင်ဗျားသာ နောက်ထပ်လူတစ်ယောက်ကို လွှတ်ပေးနိုင်ရင် သူ ခင်ဗျားတို့မျိုးနွယ်နဲ့ ရန်သူဖြစ်ဖို့ မပြောနဲ့ သူတော်စင်ဝိညာဉ်ဘုံထဲကိုတောင် ထပ်ခြေမချစေရပါဘူး”

ဝိညာဉ်ဘုရင်၏ မျက်လုံးများ အရောင်လက်သွား၏။ သူ လေးလံသော လေသံဖြင့် မေးလိုက်သည်။

“ဘယ်သူလဲ”

ကျန်းရီ၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်သွားပြီး ကျန်းရှောင်နူ၏ မျက်လုံးများ အရောင်လက်သွားသည်။ ချီချင်ချန်၏ မျက်နှာထားလည်း ပြောင်းလဲသွားသည်။ တိရှအရှင်က မည်သူကို ရည်ညွှန်းနေကြောင်း သူတို့ သိပေသည်။ ရီဖျောင်ဖျောင်ကိုသာ တိရှဘုံသို့ ခေါ်သွားနိုင်မည်ဆိုလျှင် ကျန်းရီသည် အမှန်ပင် သူတော်စင်ဝိညာဉ်ဘုံထဲ ထပ်ခြေချတော့မည် မဟုတ်ချေ။

“ဖျောင်ဖျောင်”

တိရှအရှင်က ချက်ချင်း မျက်နှာတည်၍ ပြောလိုက်၏။

“ဝိညာဉ်ဘုရင်သာ ဖျောင်ဖျောင်ကို လွှတ်ပေးမယ်ဆိုရင် ကျုပ် ဖျောင်ဖျောင်ကို သမီးအရင်းတစ်ယောက်လို ဆက်ဆံပါမယ်လို့ ကတိပေးပါတယ်။ ပြီးတော့ ကျုပ် ခင်ဗျားတောင်းဆိုသမျှကိုလည်း လိုက်လျောပါမယ်”

“ဝိုး...”

အားလုံး ဆူညံပွက်သွားပြီး ‌ခေါင်းရှုပ်သွားကြသည်။ ရီဖျောင်ဖျောင်က ဤကိစ္စအတွင်း မည်သို့ပါလာရသနည်း။ ရီထူတို့လည်း အံ့ဩသွားကြသည်။ ရီဖျောင်ဖျောင်ကို လွှတ်ပေးခြင်းက အဘယ်သို့ ကျန်းရီ သူတော်စင်ဝိညာဉ်ဘုံထဲ ထပ်ခြေမချတော့ဟု အာမခံနိုင်ပါသနည်း။ ရီဖျောင်ဖျောင်နှင့် ကျန်းရီကြားမှ ဆက်ဆံရေးက အသို့နည်း။

“ကျုပ်က ဘာတွေများ တောင်းဆိုရဦးမှာလဲ”

ဝိညာဉ်ဘုရင်က ခနဲ့တဲ့တဲ့ရယ်၍ မေးလိုက်သည်။

“ခင်ဗျား ကျုပ်ကို ခင်ဗျားရဲ့ ကမ္ဘာဦးဝိညာဉ်ရတနာ ပေးနိုင်လား”

“ကောင်းပြီ”

ဝိညာဉ်ဘုရင်၏ မေးခွန်းအတွက် အဖြေက အလွန်ပြတ်သားနေသည်။ တိရှအရှင်၏ လက်က လင်းလက်လာပြီး သူ့လက်ထဲ၌ ရွှေရောင်နာရီလေးတစ်လုံး ထွက်ပေါ်လာ၏။ ထို့နောက် တိရှအရှင် ပြုံးကာ ပြောလိုက်သည်။

“ဝိညာဉ်ဘုရင်... ဖျောင်ဖျောင်ကို လွှတ်ပေးလိုက်ပါတော့”

***

All Chapters