စကားဖျက်ခြင်း
Vol. 105 Ch. 1466
ထူးဆန်း၏...
လူများသည် မည်သို့လုပ်ရမည်မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ လုံးဝ အံ့အားသင့်နေကြပေသည်။
တိရှအရှင်က သူတော်စင်ဝိညာဉ်ဘုံထဲတွင် လျှို့ဝှက်ပုန်းအောင်းနေခဲ့ပြီး ကျန်းရီ ပြဿနာတက်မှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် မယုံနိုင်လောက်သော စကားများကို ပြောခဲ့ကာ ကျန်းရီကိုယ်စား အပြစ်ခံမည်ဟုလည်း ဆိုခဲ့သည်။ ယခုတွင် သူက ရီဖျောင်ဖျောင်အတွက် သူ၏ကမ္ဘာဦးဝိညာဉ်ရတနာကိုပင် ပေးနေလေသည်။
တိရှအရှင်က ရူးသွားခြင်း မဟုတ်လျှင် သူတို့ နားကြားမှားခြင်း ဖြစ်နိုင်သည်။
ရီဖျောင်ဖျောင်က မည်သူနည်း။
သူမသည် ဝိညာဉ်မျိုးနွယ်၏ အလှဆုံးပန်းကလေးဖြစ်ပြီး ဝိညာဉ်ဘုရင်၏ အငယ်ဆုံး သမီးတော်ဖြစ်သည်။ သူမက အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိ၍ ယခုတွင် သူတော်စင်အကျဉ်းထောင် ဆယ့်ရှစ်ထပ်မြောက်၌ ဖမ်းချုပ်ခံထားရသည်။ သို့သော် ဝိညာဉ်ဘုရင်သည် သူမ၏ တော်ဝင်မိသားစုထဲမှ ဂုဏ်ပုဒ်ကို ဖယ်မပစ်သေးပေ။ ရီဖျောင်ဖျောင်က ဝိညာဉ်မျိုးနွယ် တော်ဝင်မိသားစု၏ မိသားစုဝင်တစ်ယောက် ဖြစ်နေသေးပြီး သူတော်စင်ဝိညာဉ်ဘုံ၏ အလှဆုံးအမျိုးသမီးလည်း ဖြစ်ပေသည်။
တိရှအရှင်က မည်သူနည်း။ ရီဖျောင်ဖျောင်ကို ခေါ်သွားရအောင် သူက မည်သူမို့နည်း။ သူက ရီဖျောင်ဖျောင်ကို သမီးအရင်တစ်ယောက်ကဲ့သို့ ဆက်ဆံပါမည်ဟုလည်း ပြောနေသည်လော။ ရီဖျောင်ဖျောင်ကို ခေါ်သွားနိုင်ရန်အတွက် ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုကိုလည်း ပေးမည်လော။
ကမ္ဘာဦးဝိညာဉ်ရတနာမှာ အဘယ်နည်း။
အထက်ဘုံတစ်ခုလုံးတွင် ကမ္ဘာဦးဝိညာဉ်ရတနာ သုံးခုသာ ရှိသည်။ တစ်ခုက တိရှအရှင်ထံတွင်ဖြစ်ပြီး ကျန်တစ်ခုက သိမ်းငှက်စိမ်းဘုရင်ထံတွင်ဖြစ်ကာ နောက်ဆုံးတစ်ခုမှာ ဆောင်းဥတုအရှင်ထံတွင်ဖြစ်သည်။ ဝိညာဉ်ဘုရင်ထံတွင် ထိုရတနာ မရှိပါပေ။ ထို့ကြောင့် ဝိညာဉ်ဘုရင်သည် တိရှအရှင်၏ စိတ်ရင်းကို စမ်းသပ်ကြည့်သည့်အနေဖြင့် ထိုရတနာကို တောင်းလိုက်ခြင်းဖြစ်သည်။ သို့သော် တိရှအရှင်က ထိုမျှမြန်မြန် သဘောတူလိမ့်မည်ဟု သူ မထင်ထားချေ။
ထို့ကြောင့် ဝိညာဉ်ဘုရင်လည်း အံ့အားသင့်သွားသည်။ သူ မျက်တောင်ပုတ်ခတ်ကာ ရီထူနှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်ဖလှယ်လိုက်သည်။ သူတို့နှစ်ယောက်စလုံး တစ်စုံတစ်ခု မှားနေသည်ဟု ခံစားနေရပေသည်။ ဤကိစ္စတစ်ခုလုံးတွင် အလွန်ကြီးမားသာ ပြဿနာကြီးတစ်ခု ရှိနေသည်။
“ဟင်းဟင်း...”
တိရှအရှင်က သူ၏ကောင်းကင်စွမ်းအားကို ထုတ်၍ နာရီပတ်ပတ်လည်တွင် လင်းလက်နေသော ရွှေရောင်အလင်းကို မှိန်သွားစေလိုက်၏။ ထို့နောက် သူနှင့် နာရီ၏ ဝိညာဉ်ချိတ်ဆက်မှုကို ဖျက်ကာ နာရီကို ကမ်းပေးလိုက်သည်။
“ကျုပ်နဲ့ ကောင်းကင်ဝိညာဉ်နာရီကြားက ဝိညာဉ်ချိတ်ဆက်မှုကို ဖျက်ပြီးသွားပါပြီ။ အခု ဒီဟာက ပိုင်ရှင်မရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်သွားပါပြီ။ ဝိညာဉ်ဘုရင်... ခင်ဗျားသာ ဖျောင်ဖျောင်ကို လွှတ်ပေးမယ်ဆိုရင် ဒီကမ္ဘာဦးဝိညာဉ်ရတနာက ခင်ဗျားဟာပဲ။ ခင်ဗျားက အထက်ဘုံမှာ ဒုတိယစွမ်းအားအကြီးဆုံးသူဆိုတော့ ခင်ဗျားရဲ့စကားကို မဖျက်လောက်ဘူးမလား”
တိရှအရှင်က အေးစက်စက် ပြုံးနေ၏။ အရာအားလုံးက သူ့အစီအစဉ်အတိုင်း ဖြစ်နေသကဲ့သို့ပင်။
တိရှအရှင်သည် အစောကတည်းမှ ဤအတွက် စီစဉ်ထားပြီးဖြစ်သည်။ ယနေ့တွင် ဖြစ်ပျက်လာခဲ့သော ကိစ္စအားလုံးက သူ့ခန့်မှန်းချက်ထဲတွင်သာ ရှိသည်။ သို့သော် ကျန်းရီက ထိုတေးသွားကို တီးခတ်လိမ့်မည်ဟုတော့ သူမခန့်မှန်းနိုင်ခဲ့ပေ။ ထိုတေးသွားကြောင့်လည်း တိရှအရှင်သည် သူ၏အစီအစဉ်ကို ရုတ်တရက် ပြောင်းခဲ့ရပေသည်။
တိရှအရှင်သည် ကျန်းရီ၏ အကျင့်စရိုက်ကို ခန့်မှန်းထားပြီးဖြစ်၍ ကျန်းရီ သူတော်စင်ဝိညာဉ်ဘုံသို့ ရောက်သည်နှင့် ပြဿနာရှာလိမ့်မည်ကို သိပြီးဖြစ်သည်။ သူ အလိုရှိခဲ့သည်မှာ ကျန်းရီနှင့် ဝိညာဉ်မျိုးနွယ်ကြားတွင် ပြင်ဆင်၍ မရနိုင်သော အဖုအထစ်များ ဖြစ်သွားစေရန်သာ။ ထိုသို့မဟုတ်ပါက ကျန်းရီ၏ အမေက ဝိညာဉ်မျိုးနွယ်မှဖြစ်၍ သူမ စကားတစ်ခွန်းပြောသည်လိုက်နှင့် ကျန်းရီက ဝိညာဉ်မျိုးနွယ်ဆီသို့ ပြန်သွားမည်ဖြစ်သည်။
ကျန်းရီက အလွန်အရေးကြီးသည်။ ယင်းကို တိရှအရှင် ကောင်းကောင်းသိသည်။ ထို့ကြောင့်လည်း ကျန်းရီ သူ့ဘက်ပါလာအောင် အရာအားလုံးကို ရင်းနေခြင်းဖြစ်သည်။ ကျန်းရီက သူ့ဘက်တွင် ရှိနေသ၍ အနာဂတ်တွင် မိုမျိုးနွယ်က အလွန်အကျိုးအမြတ်ရပေလိမ့်မည်။
လူတိုင်း ကိုယ်ကျိုးကြည့်တတ်ကြပြီး တိရှအရှင်မှာလည်း လူထဲကလူတစ်ယောက်ပင်။ သူသည် ကျန်းရီကို ဝိညာဉ်မျိုးနွယ်ထံ ပြန်ပေးရန်အတွက်နှင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာအောင် ပျိုးထောင်မပေးနိုင်ပါပေ။ ထို့ကြောင့် ကျန်းရီ၏ အကျင့်စရိုက်ကို အသုံးချ၍ ကျန်းရီနှင့် ဝိညာဉ်ဘုရင်ကြားတွင် ပဋိပက္ခ ဖြစ်စေခဲ့ခြင်းဖြစ်သည်။ ကျန်းရီနှင့် ဝိညာဉ်ဘုရင်တို့ ပဋိပက္ခဖြစ်နေချိန်တွင် သူက ကြားမှဝင်ရှင်းပေးလိုက်လျှင် အဆုံးသတ်က သူ့အတွက် ပြီးပြည့်စုံနေပေလိမ့်မည်။
ရီဖျောင်ဖျောင်ကို ကမ္ဘာဦးဝိညာဉ်ရတနာနှင့် လဲခြင်းက တန်ပါသလော။
တန်၏။
တိရှအရှင်သည် မိမိအရည်အချင်းကို ကောင်းစွာသိ၏။ သူ၏စွမ်းရည်များက အလွန်စွမ်းအားကြီးသည်ဟု မဆိုသာပေ။ သူ့တွင် ကမ္ဘာဦးဝိညာဉ်ရတနာရှိနေလျှင်ပင် သူက အထက်ဘုံ၏ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်မလာနိုင်ချေ။ ထို့ကြောင့် သူ ကမ္ဘာဦးဝိညာဉ်ရတနာကို ဆုံးရှုံးလိုက်ရလျှင်လည်း တိရှဘုံက အခြားသူများ၏လက်ထဲသို့ ရောက်သွားမည် မဟုတ်ပေ။
တိရှအရှင်သည် ကျန်းရီက တစ်နေ့တွင် အထွတ်အထိပ်သို့ ရောက်လိမ့်မည်ဟု လောင်းကြေးထပ်ထားခြင်းပင်။ ထိုသို့လောင်းကြေးထပ်နိုင်ရန် သူ တန်ကြေးကြီးကြီးပေးဖို့လည်း ဝန်မလေးပေ။ သူ့တွင် ထိုသို့သောယုံကြည်မှု ရှိလာရခြင်းမှာလည်း အစောတွင် ကျန်းရီတီးခတ်ခဲ့သော တေးသွားကြောင့်ဖြစ်သည်။
ဝိညာဉ်ဘုရင် ရင်ထဲတွင် လွန်ဆွဲနေသည်။
ကမ္ဘာဦးဝိညာဉ်ရတနာက မိုးမြေ၏ရတနာတစ်ခုဖြစ်ပြီး ကမ္ဘာဦးဆန်းကြယ်နယ်မြေမှ ဖြစ်တည်လာသော အရာတစ်ခုဖြစ်သည်။ အထက်ဘုံတွင် ကမ္ဘာဦးဆန်းကြယ်နယ်မြေ မည်မျှရှိပါသနည်း။
တစ်ခုသာရှိသည်။
တစ်နည်းဆိုရလျှင် နှစ်သန်းရာချီအတွင်းမှာမှ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲတွင် ကမ္ဘာဦးဝိညာဉ်ရတနာသုံးခုသာ ထွက်ပေါ်လာခဲ့သည်။ မင်ရည်တောင်ပံမျိုးနွယ်၊ မိုမျိုးနွယ်နှင့် ချီမျိုးနွယ်တို့က တစ်ခုစီ ရခဲ့ကြသည်။ ထိုကောင်းကင်ဝိညာဉ်နာရီကို တိရှအရှင်ကိုယ်တိုင် ရခဲ့ခြင်းမဟုတ်ပေ။ မိုမျိုးနွယ်၏ ဘိုးဘေးများက ရခဲ့ခြင်းသာ။
ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုက မျိုးနွယ်တစ်ခုကို အခြားမျိုးနွယ်များအပေါ် အနိုင်ယူနိုင်လောက်သည်အထိ အင်အားကြီးသွားစေနိုင်သည်။ ထို့ပြင် ပိုင်ရှင်၏ တိုက်ခိုက်စွမ်းရည်များကိုလည်း သုံးဆယ်ရာခိုင်နှုန်း ပိုတိုးတက်သွားစေနိုင်သည်။ အကယ်၍ ဝိညာဉ်ဘုရင်သာ ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုကို ပိုင်ဆိုင်လိုက်မည်ဆိုလျှင် သိမ်းငှက်စိမ်းဘုရင်က အထက်ဘုံ၏ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်နေတော့မည် မဟုတ်ချေ။
အထက်ဘုံ၏ ပထမနှင့် ဒုတိယ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်နှစ်ယောက်ကြားတွင် တစ်ဆင့်သာကွာသော်လည်း ဂုဏ်သတင်းကွာခြားမှုက မိုးနှင့်မြေကဲ့သို့ပင်။ ဝိညာဉ်ဘုရင်သာ ကမ္ဘာဦးဝိညာဉ်ရတနာကို ရလိုက်မည်ဆိုလျှင် ၎င်းရတနာကို သူ၏မျိုးဆက်များထံလည်း လက်ဆင့်ကမ်းနိုင်သည်။ သို့ဆိုလျှင် ဝိညာဉ်မျိုးနွယ်သည် မျိုးရိုးစဉ်ဆက် အကျိုးအမြတ် ရနေပေလိမ့်မည်။
လူတစ်ယောက်သည် အထက်သို့ ရောက်လာလေလေ၊ ယှဉ်ပြိုင်လိုစိတ် ပိုပြင်းလာလေလေပင်။ ထိုအခိုက်တွင် ဝိညာဉ်ဘုရင်သည် အပေးအယူကို သဘောတူလိုက်မိမလိုပင် ဖြစ်သွားသည်။ ရီဖျောင်ဖျောင်က သူ၏သမီးတော်ဖြစ်သည်။ သူမ တိရှဘုံသို့ ရောက်သွားလျှင်လည်း သူ၏သမီးတော် ဖြစ်နေဦးမည်သာ။ သူက အမိန့်တစ်ချက် ပေးလိုက်လျှင် ရီဖျောင်ဖျောင်က သေချာပေါက် သူ့ထံ ပြန်လာပေလိမ့်မည်။ သူမ ပြန်မလာလျှင်လည်း ဘာအရေးနည်း။
ဝိညာဉ်မျိုးနွယ် မျိုးရိုးစဉ်ဆက် အကျိုးအမြတ်ရရှိရေးနှင့် ဝိညာဉ်ဘုရင်၏ တိုက်ခိုက်စွမ်းရည်များ တိုးတက်လာစေရန်အတွက် ရီဖျောင်ဖျောင်တစ်ယောက်ကို စတေးလိုက်ရခြင်းက တန်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် တိရှအရှင်က ရီဖျောင်ဖျောင်ကို သမီးရင်တစ်ယောက်ကဲ့သို့ ဆက်ဆံပါမည်ဟုလည်း ကိုယ်တိုင်ပြောခဲ့သည်။
“ခမည်းတော်...”
ရီထူက ဝိညာဉ်ဘုရင်ထံ အသံပို့လွှတ်လိုက်၏။ ထိုမှ ဝိညာဉ်ဘုရင် အတွေးပြတ်သွားသည်။ ရီထူ ဆက်ပြောလိုက်သော စကားက ဝိညာဉ်ဘုရင်ကို တုံ့ဆိုင်းသွားစေပေသည်။
“ကျန်းရီရဲ့ ဇာစ်မြစ်က တစ်ခုခုမှားနေပါတယ်။ သူက... ဖျောင်ဖျောင်ရဲ့သား ဖြစ်နိုင်တယ်”
“ဖျောင်ဖျောင်ရဲ့သားလား”
ဝိညာဉ်ဘုရင်သည် ပြီးခဲ့သော ညတွင် ချီချင်ချန်၊ ကျန်းရီနှင့် တိလင်အာတို့က သူတော်စင်အကျဉ်းထောင်၏ ဆယ့်ရှစ်ထပ်မြောက်သို့ ရောက်နေခဲ့သည့်အကြောင်းကို ပြန်တွေးလိုက်၏။ ထိုစဉ်က သူသည် ရီဖျောင်ဖျောင်ကို လာတွေ့လိုသူမှာ ချီချင်ချန်သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ ယခုတွင်မူ ထိုကိစ္စ၌ ပြဿနာတစ်ခု ရှိနေကြောင်း သူ သဘောပေါက်သွားသည်။ ထိုညမှ ကျန်းရီ၏ မျက်နှာထားက အလွန်ထူးဆန်းနေခဲ့ပေသည်။
‘ခင်ဗျားသာ နောက်ထပ်လူတစ်ယောက်ကို လွှတ်ပေးနိုင်မယ်ဆိုရင် သူ ခင်ဗျားတို့မျိုးနွယ်နဲ့ ရန်သူဖြစ်ဖို့ မဆိုထားနဲ့ သူတော်စင်ဝိညာဉ်ဘုံထဲကိုတောင် ထပ်ခြေမချစေရပါဘူး’
ဝိညာဉ်ဘုရင်သည် တိရှအရှင်ပြောခဲ့သော စကားကိုလည်း ပြန်တွေးလိုက်၏။ လက်ရှိတွင် ကျန်းရီက ဝိညာဉ်မျိုးနွယ်ကို သူ၏ရန်သူအဖြစ် သတ်မှတ်ထားပေသည်။ ဝိညာဉ်ဘုရင်သည် ထိုကိစ္စက ထူးဆန်းသည်ဟု ထင်ခဲ့၏။ ကျန်းရီက စွမ်းရည်ပြိုင်ပွဲ၏ ပထမနေရာနှင့် လွဲချော်ခဲ့ရရုံသာ မဟုတ်လော။ သူက ထိုကိစ္စအတွက်နှင့် ဝိညာဉ်မျိုးနွယ်တစ်ခုလုံးကို သူ၏ရန်သူ ဖြစ်စေမည်လော။ ကျန်းရီက ဦးနှောက်ပျက်နေသူတစ်ယောက် မဟုတ်လျှင် သေလိုနေခြင်းသာ ဖြစ်ရမည်။
သူတော်စင်ဝိညာဉ်တောင်ထဲတွင် ရီဖျောင်ဖျောင် ရှိနေသည်။ အခြားသူများက မသိလောက်သော်လည်း သူတော်စင်ဝိညာဉ်တောင်မှ အကာအရံများ အဆက်မပြတ် လင်းလက်လာခဲ့ခြင်းမှာ ရီဖျောင်ဖျောင်က ၎င်းတို့ကို အဆက်မပြတ် တိုက်ခိုက်နေခြင်းကြောင့်ဖြစ်ကြောင်း ဝိညာဉ်ဘုရင် သိပေသည်။
ဝိညာဉ်ဘုရင်သည် ရုတ်ခြည်း ကျန်းရီကို လှမ်းကြည့်လိုက်၏။ သူ ကျန်းရီကို ခြေဆုံးခေါင်းဆုံး ထပ်ကြည့်လိုက်ပြီးနောက် ကျန်းရီက အမှန်ပင် ရီဖျောင်ဖျောင်နှင့် ဆင်ကြောင်း သိလိုက်ရသည်။ သူ ကျန်းရီကို ကြာကြာကြည့်လေလေ၊ ရီဖျောင်ဖျောင်နှင့် တူသည်ဟု ပိုထင်လာလေလေပင်။ ထိုအခိုက်တွင် သူ့ရင်ထဲ၌ လုံးဝ ဒေါသမရှိတော့ချေ။ သူ ကျန်းရီကို သတ်လိုစိတ်လည်း မရှိတော့ပေ။ ထိုအစား သူ့မျက်နှာပေါ်၌ ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
‘ဝိညာဉ်ဘုရင်... ခင်ဗျား အဲ့ကောင်လေးကို တကယ်ပဲ သတ်လို့မဖြစ်ဘူး။ မဟုတ်ရင် ခင်ဗျားတစ်ဘဝလုံး နောင်တရနေရလိမ့်မယ်’
ယခုတွင် တိရှအရှင်ပြောခဲ့သော စကားက ပို၍ ပို၍ အဓိပ္ပာယ်ရှိလာသည်။ ထိုစကားနောက်ကွယ်မှ အဓိပ္ပာယ်ကလည်း ရှင်းလင်းလာသည်။ ဝိညာဉ်ဘုရင် တိရှအရှင်ကို ကြည့်ကာ အသံပို့လွှတ်လိုက်သည်။
“ခင်ဗျားက ကျန်းရီရဲ့ ဇာစ်မြစ်ကို အစကတည်းက သိနေခဲ့တာလား။ ခင်ဗျား ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပေါ့... ဟုတ်လား”
တိရှအရှင်က ပြုံး၍ အသံပြန်ပို့လွှတ်လိုက်၏။
“ကျုပ်က ကျန်းရီကို ဒီကိုခေါ်လာပြီး သူဘယ်သူဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင်ရော ခင်ဗျားက ဖျောင်ဖျောင်ကို လွှတ်ပေးမှာလား”
ဝိညာဉ်ဘုရင် ထပ်မံ နှုတ်ဆိတ်သွားသည်။ တိရှအရှင်က အစကတည်းမှ ကျန်းရီကို ဤသို့ ခေါ်လာပြီး ရီဖျောင်ဖျောင်ကို လွှတ်ပေးဖို့ ပြောခဲ့လျှင်လည်း ဝိညာဉ်ဘုရင်သည် သူမကို လွှတ်ပေးလောက်မည် မဟုတ်ချေ။ ထိုအစား ကျန်းရီကိုပင် ဒေါသအလျောက် သတ်မိသွားနိုင်သည်။
ထိုအခိုက်တွင် ဝိညာဉ်ဘုရင် သူ၏လုပ်ရပ်များကို စတင်နောင်တရလာသည်။ သူနှင့် ကျန်းရီကြားမှ ဆက်ဆံရေးကို ဤမျှဆိုးသွားအောင် လုပ်မိခဲ့သည့်အတွက် သူ နောင်တရနေသည်။ သူ ကျန်းရီ၏ တေးသွားကို ကြားခဲ့စဉ်က တေးသွားထဲရှိ အဆုံးမဲ့နာကျင်မှုနှင့် အဆုံးမဲ့အမုန်းတရားတို့ကို ခံစားခဲ့ရသည်။ ကျန်းရီက ရီဖျောင်ဖျောင်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခင်ကြောင်း သူ ပြောနိုင်သည်။ လူသားများက သစ်ပင်များကဲ့သို့ မဟုတ်ရာ မည်သို့ ခံစားချက်ကင်းမဲ့နိုင်ပါမည်နည်း။
အစောတွင် သူက သူ၏မြေးကို သတ်မိမလို ဖြစ်ခဲ့သည်လော။ သူသာ အမှန်တကယ် သတ်မိခဲ့လျှင် ရီဖျောင်ဖျောင်တစ်ယောက် ထိုအကြောင်းကို သိသွားသည်နှင့် သူမကိုယ်သူမ သတ်သေပေလိမ့်မည်။ ထိုအခါ ဆံပင်ဖြူနေပြီဖြစ်သော ဖခင်က ဆံပင်မည်းနက်နေဆဲဖြစ်သော သမီးကို သင်္ဂြိုလ်ရသည့်အဖြစ်မျိုး ဖြစ်သွားမည်ဖြစ်သည်။ ဝိညာဉ်ဘုရင် ရင်ခုန်မြန်လာသည်။ ယခုတွင် သူ မည်သို့လုပ်ရမည်ကို မသိတော့ပေ။
‘မြေးတဲ့လား... သူကဘယ်လိုမြေးမျိုးလဲ။ သူက ငါ့ရဲ့ဝိညာဉ်မျိုးနွယ်ကို အရှက်ရစေခဲ့တာ’
ဝိညာဉ်ဘုရင်သည် အထက်ပါအတိုင်း တွေးမိသောအခါ ရုတ်ခြည်း ဒေါသပြန်ထွက်လာ၏။ သို့သော် သူ ကျန်းရီကို မသတ်ရက်တော့ပေ။ ‘မြေး’ဟူသော စကားလုံးက အလွန်လေးနက်၍ သို့မဟုတ် တိရှအရှင်က ကျန်းရီကိုကယ်ရန်အတွက် အကြီးအကျယ်လုပ်ခဲ့၍ ယခုတွင် ဝိညာဉ်ဘုရင်သည် ကျန်းရီကို ရီဖျောင်ဖျောင်နှင့် သေမျိုးတစ်ယောက်တို့၏ မျိုးမစစ်သားဟု မမြင်ဘဲ အရေးကြီးသောလူတစ်ယောက်အဖြစ် မြင်နေပေသည်။
တိရှအရှင်သည် ဝိညာဉ်ဘုရင်၏ မျက်နှာက စိမ်းရာမှ ဖြူဖျော့သွားခြင်း၊ ဝိညာဉ်ဘုရင်က ကျန်းရီကိုကြည့်၍ သူတော်စင်တောင်ဘက်သို့ လှည့်ကြည့်ခြင်းတို့ကို တိတ်တဆိတ်သာ ကြည့်နေ၏။ ထို့ပြင် ဝိညာဉ်ဘုရင်၏ မျက်နှာထားက ဒေါသထွက်နေရာမှ နောင်တရသွားသောပုံစံကိုလည်း သူ တွေ့လိုက်ရ၏။ ထို့နောက် တစ်စုံတစ်ခု မူမမှန်တော့ကြောင်း သိလိုက်၍ သူ ရုတ်ခြည်း ပြောလိုက်သည်။
“ဟေး...ဟေး... ဝိညာဉ်ဘုရင်.. ခင်ဗျားက သူတော်စင်ဝိညာဉ်ဘုံရဲ့ အရှင်၊ အထက်ဘုံရဲ့ ဒုတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်နော်။ ခင်ဗျား ပြောပြီးသားစကားကို ဖျက်မှာတော့ မဟုတ်ဘူးမလား။ ခင်ဗျား ဖျောင်ဖျောင်ကို လွှတ်ပေးမှာလား၊ မလွှတ်ပေးဘူးလား။ ပြောပါ”
“မလွှတ်ပေးဘူး”
ဝိညာဉ်ဘုရင်၏ အေးစက်စက်အကြည့်က တိရှအရှင်အပေါ် ကျရောက်သွား၏။ ထို့နောက် သူ မျက်နှာမဲ့၍ ပြောလိုက်သည်။
“ဒီနေ့ ကျုပ်စကားကို ဖျက်မယ်။ အဲ့တော့ ဘာဖြစ်လဲ။ ခင်ဗျား မကျေနပ်ရင် ကျုပ်နဲ့ တိုက်ခိုက်နိုင်တယ်”
***