← Chapters

အရှက်မဲ့သော

Vol. 105 Ch. 1467

အရှက်မဲ့သော

Vol. 105 Ch. 1467

ယနေ့ပြိုင်ပွဲကို လာကြည့်ရခြင်းက အလွန်တန်၏။ ပရိသတ်များက ဇာတ်လမ်းမျိုးစုံကို အလကားကြည့်ခွင့်ရခဲ့သည်။ အထက်ဘုံ၏ ဒုတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်က ဈေးထဲမှ လူရှုပ်တစ်ယောက်ကဲ့သို့ စကားမတည်သည့် အဖြစ်ကိုလည်း သူတို့ စိတ်လှုပ်တရှား ကြည့်လိုက်ရပေသည်။

ဝိညာဉ်ဘုရင်က အလွန်ခေါင်းမာပြီး စည်းကမ်း တင်းကြပ်သူတစ်ယောက်ဖြစ်သည်။ သူသည် စကားတည်သူတစ်ယောက်ဖြစ်ပြီး အမိန့်ပေးပြီးသည်နှင့် ပြန်ရုတ်သိမ်းတတ်သူတစ်ယောက်မဟုတ်ဟူသော အငွေ့အသက်ကို ပေးသည်။ ယနေ့တွင်မူ ရီထူသည်ပင် သူ ဝိညာဉ်ဘုရင်၏စကားကို နားကြားမှားသလောဟု တွေးလိုက်မိသည်။ အတိတ်တွင် ဝိညာဉ်ဘုရင် ရီဖျောင်ဖျောင်ကို အပြစ်ဒဏ်ချခဲ့စဉ်က ရီထူနှင့် အခြားသူများသည် သူ၏စာကြည့်ခန်းအပြင်တွင် တစ်ရက်နှင့်တစ်ည ဒူးထောက်ခဲ့ကြသည်။ သို့သော် ဝိညာဉ်ဘုရင်က သူတို့ကို အရေးပင် မစိုက်ခဲ့ချေ။

‘ဒီနေ့ အဲ့ဘိုးတော်ကြီးကို တစ်ခုခု ဝင်ပူးနေတာလား’

တိရှအရှင်သည် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ သူက သူ၏ကမ္ဘာဦးဝိညာဉ်ရတနာကိုပင် ထုတ်ပေးခဲ့သည်။ အရေးအကြီးဆုံးမှာ သူသည် ဝိညာဉ်ဘုရင်နှင့် အပေးအယူကို လူအများအရှေ့တွင် လုပ်ခဲ့ခြင်းပင်။ သို့ဖြစ်ရာ ဝိညာဉ်ဘုရင်ကဲ့သို့သော လူတစ်ယောက်က အဘယ်သို့ သူ့စကားကို ဖျက်နိုင်ရသနည်း။ ယခုတွင် ဝိညာဉ်ဘုရင်သည် စကားဖျက်ရုံသာမက ထိုအတွက်လည်း အရေးမစိုက်ကြောင်း လူအများရှေ့တွင် တည့်တိုးပြောနေပေသည်။ သူက သူ၏ဂုဏ်သတင်းကို ထိန်းသိမ်းရန်ပင် ကြိုးစားမနေချေ။

‘မဟုတ်သေးဘူး...’

တိရှအရှင်သည် အရာအားလုံးကို လျင်မြန်စွာ သဘောပေါက်သွားပြီး သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူ အလွန် သတိလက်လွတ် ဖြစ်ခဲ့မိပေသည်။ ကျန်းရီ၏ တေးသွား၏ အစွမ်းကို သူ ထည့်မတွက်မိခဲ့။ အစောတွင် သူက တိုက်ပွဲကွင်းနှင့် ကီလိုမီတာငါးဆယ်အကွာတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သော်လည်း ထိုတေးသွား၏ အစွမ်းကို ခံစားခဲ့ရသည်။ ပတ်ဝန်းကျင်တွင် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေ၍ နတ်သားရဲလေးကောင် နိုးထလာချိန်မှ သူ ကောင်းကင်စိတ်အာရုံ ပို့လွှတ်ကာ အာရုံခံခဲ့သည်။ သို့သော် တေးသွား၏ စွမ်းအားအစစ်အမှန်ကို ခံစားနိုင်ရန်အတွက် သူက အလွန်ဝေးနေခဲ့ပေသည်။ ဝိညာဉ်ဘုရင်ကမူ တေးသွား၏ အစွမ်းကို အလွန်ရှင်းလင်းပြတ်သားစွာ ခံစားခဲ့ရသည်။

ထို့နောက် တိရှအရှင်ကလည်း ကျန်းရီကို အလွန်ချီးကျူး ပြောဆိုလိုက်ရာ ဝိညာဉ်ဘုရင်သည် ကျန်းရီကို ဝိညာဉ်မျိုးနွယ်ထဲ သိမ်းသွင်းလိုသွားခြင်း ဖြစ်မည်။ ကျန်းရီက သူ့ကို ကျော်နိုင်မည်၊ မကျော်နိုင်မည်ထားဦး အုပ်ချုပ်သူအဆင့်သို့တော့ အခက်အခဲမရှိ တက်လှမ်းနိုင်လိမ့်မည်ဟု သူ သဘောပေါက်သွားခြင်း ဖြစ်နိုင်သည်။

အကယ်၍ ရီဖျောင်ဖျောင်ကို တိရှအရှင်လက်ထဲ ထည့်ပေးလိုက်မည်ဆိုလျှင် ဝိညာဉ်ဘုရင်သည် သူ၏သမီးကို ထာဝရ ဆုံးရှုံးသွားနိုင်သည်။ ထို့ပြင် ကျန်းရီ၏အကျင့်စရိုက်အရ သူသည် သူတော်စင်ဝိညာဉ်ဘုံထဲသို့ သေချာပေါက် ထပ်မံခြေချလိမ့်မည် မဟုတ်ချေ။

ဝိညာဉ်ဘုရင်သည် သူ၏သမီးတော်နှင့် အကန့်အသတ်မဲ့သော အလားအလာများရှိသည့် သူ၏မြေးကို ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုနှင့် လဲနိုင်ပါမည်လော။

ထိုအပေးအယူ တန်ပါသလော။

မည်သူမှ အတပ်မပြောနိုင်ပေ။ ဝိညာဉ်ဘုရင်သည်လည်း မည်သည့်အရာက ပိုအဖိုးတန်ကြောင်း မသိချေ။ ထို့ကြောင့် သူ၏ခံစားချက်အပေါ်သာ မှီခိုရပေမည်။ တိရှအရှင်ကို သူအလိုရှိသည့်အတိုင်း ရမသွားစေလိုပေ။ တိရှအရှင်က ကျန်းရီကို လိုချင်လေလေ၊ ဝိညာဉ်ဘုရင်က ကျန်းရီကို ဆွဲထားမည်ဖြစ်လေလေပင်။

အဘယ်ကြောင့်ဆိုသော် တိရှအရှင်သည် လူကောင်းတစ်ယောက်ဟု ကျော်ကြားသော်လည်း တစ်ခါမှ အခြားသူများ၏ အမြတ်ထုတ်မှုကို မခံရဖူးကြောင်း ဝိညာဉ်ဘုရင် သိထား၍ပင်။ တိရှအရှင်က အလွန်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။

“ဝိညာဉ်ဘုရင်”

တိရှအရှင်သည် မည်သည့်အခါတွင်မှ ဝိညာဉ်ဘုရင်ကို စတိုက်မည် မဟုတ်ချေ။ ထိုတိုက်ပွဲတွင် သူ နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ မချင့်မရဲဖြစ်သာ ပြောလိုက်သည်။

“ခင်ဗျား အဲ့လိုလုပ်တာတော့ မကောင်းဘူးမလား။ ခင်ဗျားရဲ့ မျိုးဆက်တွေလည်း ကြည့်နေကြတယ်။ ခင်ဗျားက အဲ့လိုစကားမတည်တဲ့လူတစ်ယောက်လို့ ကျုပ် ထင်မထားခဲ့ဘူး”

တိရှအရှင်က စကားကို ရည်ရည်မွန်မွန် ပြောလိုက်သော်လည်း ဝိညာဉ်ဘုရင်အား ကိုယ့်အရှက်ကိုယ်ခွဲသည့်အတွက် ခနဲ့နေခြင်းဖြစ်ကြောင်းကို လူတိုင်း ပြောနိုင်ပေသည်။

“ကျုပ်က အမြဲအဲ့လိုပဲ... အဲ့တော့ ဘာဖြစ်သေးလဲ”

ဝိညာဉ်ဘုရင်က တိရှအရှင်ကို စိုက်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် သူက နောက်ဆုတ်မည့်ပုံ မပေါ်ချေ။ သူ တိရှအရှင်ကို မေး‌ငေါ့ကြည့်ကာ ဆက်ပြောသည်။

“ခင်ဗျား အဲ့ဒါကို မကျေနပ်ရင် ကျုပ်နဲ့ တိုက်လို့ရတယ်။ ခင်ဗျား ကျုပ်ကိုနိုင်ရန် ခင်ဗျားကြိုက်တာ လုပ်နိုင်တယ်”

“...”

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သာမန်လူများသည် အသံတစ်ချက်ပင် မထွက်ဝံ့ကြပေ။ သိမ်းငှက်ဘုရင်လေးသည်ပင် ဝိညာဉ်ဘုရင်ကို စိန်မခေါ်ဝံ့ချေ။

ယခုတွင် တိရှအရှင် ဆွံ့အနေပေပြီ။ သူ ပခုံးတွန့်ကာ အသံပို့လွှတ်လိုက်သည်။

“သူက ခင်ဗျားရဲ့ သမီးအရင်းပါ။ သူ့ကို ခေါ်ထားမလား၊ သွားခွင့်ပေးမလားဆိုတာ ခင်ဗျား ဆုံးဖြတ်နိုင်ပါတယ်။ ခင်ဗျားက ကမ္ဘာဦးဝိညာဉ်ရတနာကို မလိုချင်သလို ကျုပ်ကလည်း ပေးချင်လှတယ်တော့ မဟုတ်ပါဘူး။ ဒီလိုလုပ်ပါလား... ခင်ဗျား ဖျောင်ဖျောင်ကို သူတော်စင်အကျဉ်းထောင်ထဲက ထုတ်ပေးမယ်ဆိုရင် ကျန်းရီက ဝိညာဉ်မျိုးနွယ်ကို ထပ်ပြီးပြဿနာမရှာစေရဘူးလို့ ကျုပ် အာမခံတယ်။ ကဲ ဘယ်လိုလဲ။ ဖျောင်ဖျောင်ရဲ့သားက ဒီအရွယ်တောင် ရောက်နေပြီ။ ဖျောင်ဖျောင်ကို သူ့သားနဲ့ ပေးတွေ့သင့်တယ်လို့ ခင်ဗျား မထင်ဘူးလား”

တိရှအရှင်က နောက်ထပ်ကမ်းလှမ်းချက်တစ်ခု လုပ်လိုက်၏။ သူသည် ကျန်းရီအတွက် တစ်ခုခု လုပ်ပေးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ အနည်းဆုံးတော့ ရီဖျောင်ဖျောင်ကို အကျဉ်းထောင်ထဲမှ ထုတ်ပေးကာ အမေနှင့်သားကို ပထမဆုံးအကြိမ် တွေ့ဆုံခွင့် ပေးလိုပေသည်။ ဤတစ်ကြိမ်တွင် သူ၏အသံပို့လွှတ်မှုက တောင်းဆိုသည့်လေသံ ပေါက်နေသည်။ သူက ဝိညာဉ်ဘုရင်ကို ထိုက်တန်သော လေးစားမှု ပြနေကြောင်း ထင်ရှားပေသည်။

ဝိညာဉ်ဘုရင် ထပ်မံ၍ ဒွိဟဖြစ်သွား၏။ သူက ခေါင်းမာ၍ စည်းကမ်းတင်းကြပ်သော်လည်း ရီဖျောင်ဖျောင်က သူအချစ်ဆုံးသမီးတော်ဖြစ်သည်။ မိမိချစ်ရသော သမီးကို အပြစ်ပေးရခြင်းအတွက် မည်သည့်ဖခင်က ရင်မနာဘဲ ရှိမည်နည်း။ သို့သော် စည်းမျဉ်းက စည်းမျဉ်းပင်။ အကယ်၍ အားလုံးက ရီဖျောင်ဖျောင်လုပ်ခဲ့သလို အနိမ့်ဘုံသို့သွား၍ ကလေးယူနေကြမည်ဆိုလျှင် ဝိညာဉ်မျိုးနွယ်၏ ဂုဏ်သိက္ခာက မည်သို့ ဖြစ်သွားမည်နည်း။ ဝိညာဉ်မျိုးနွယ်က အထက်ဘုံတစ်ခွင်လုံးတွင် ဟာသလုပ်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။

“မရဘူး”

ဝိညာဉ်ဘုရင် ချက်ချင်း စိတ်ဆုံးဖြတ်လိုက်သည်။ သူ ရီဖျောင်ဖျောင်ကို လွှတ်ပေးလိုလျှင်ပင် ယခုလုပ်၍မရသေးပေ။ မဟုတ်လျှင် ရီဖျောင်ဖျောင် လွတ်မြောက်ခြင်းအတွက် တိရှအရှင်က အမည်ကောင်းဝင်ယူသွားမည်ဖြစ်ပြီး ကျန်းရီကလည်း ချက်ချင်း တိရှအရှင်ဘက်ယိမ်းကာ ဝိညာဉ်မျိုးနွယ်ကို မုန်းသွားပေလိမ့်မည်။ ထိုသို့အဖြစ်ခံမည့်အစား သူ ကမ္ဘာဦးဝိညာဉ်ရတနာကိုသာ ယူလိုက်မည်ဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်ဘုရင်သည် တိရှအရှင်ထံမှ အကြည့်လွှဲ၍ ရီထူကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ရီထူ... ကျန်းရီကို စွမ်းရည်ပြိုင်ပွဲရဲ့ ပထမနေရာပေးလိုက်။ ဒီပြိုင်ပွဲအဆုံးသတ်ပြီ။ ဆုတွေပေးပြီး ငါတို့ရဲ့ ဧည့်သည်‌တော်တွေကို ပြန်ပို့လိုက်တော့”

ဝှစ်...

ဝိညာဉ်ဘုရင်သည် ထိုသို့ပြောပြီးနောက် သူတော်စင်ဝိညာဉ်တောင်သို့ ပျံသန်းသွားကာ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။ သို့သော် သူ ထွက်မသွားခင်တွင် ကျန်းရီထံ အသံပို့လွှတ်ခဲ့သည်။

“ကောင်စုတ်လေး... မင်း အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားတဲ့အချိန်ကျရင် ငါ ဖျောင်ဖျောင်ကို လွှတ်ပေးမယ်။ ဒါပေမဲ့... မင်း ကိုယ့်အစွမ်းကိုယ် ယုံရင်လည်း သူတော်စင်ဝိညာဉ်တောင်ထဲကို အတင်းဖောက်ဝင်လာခဲ့လို့ ရတယ်”

ဝိညာဉ်ဘုရင်က လူများကို မှင်တက်၍ ကျန်ခဲ့စေသည်။ ရီထူလည်း မည်သို့လုပ်ရမည်မသိ ဖြစ်သွားသည်။ ခေတ္တနေပြီးမှ သူ လည်ချောင်းရှင်းကာ နီရဲသောမျက်နှာဖြင့် ပြောလိုက်သည်။

“စွမ်းရည်ပြိုင်ပွဲက ပြီးဆုံးသွားပါပြီ။ ကျန်းရီက ပထမရသွားပါတယ်။ ဒုတိယက ဟဲရှန်းပါ။ တတိယကတော့ ဝူတိပါ။ ကျုပ်တို့ ပြိုင်ပွဲကို အဆုံးသတ်လိုက်ပါပြီ။ အားလုံး ပြန်နိုင်ပါပြီ”

ဝှစ်...ဝှစ်...ဝှစ်...

ပွဲကြည့်စင်များမှ ပရိသတ်များက ကောင်းကင်ထက်သို့ ပျံတက်ကာ ကောင်းကင်ညှို့ဓာတ်မြို့သို့ ပျံသန်းသွားလိုက်ကြ၏။ သူတို့ မည်သို့သွားသည်ဖြစ်စေ တိုက်ပွဲကွင်းထဲမှတော့ ချက်ချင်း ထွက်သွားရပေမည်။ မဟုတ်၍ ရီထူဒေါသထွက်လာလျှင် လူများစွာ ဒုက္ခရောက်သွားပေလိမ့်မည်။ ထို့ပြင် သူတို့သည် ဤမှထွက်သွားသည်နှင့် ယနေ့ဖြစ်ပျက်ခဲ့သည်များကို ဖြန့်၍မဖြစ်ပေ။

“အဲ့အဘိုးကြီးက တကယ်ကို အရှက်မရှိတာပဲ”

တိရှအရှင် တီးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူ ကျန်းရီကို လှမ်းကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... ငါ စိတ်မကောင်းပါဘူး။ အဲ့အဘိုးကြီးက တော်တော်ခေါင်းမာလွန်းတယ်။ အစောက ငါ သူ့ဆီအသံပို့လွှတ်ပြီး မင်းကို မင်းအမေနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့... သူက.. ဒီတစ်ခေါက်တော့ မင်း မင်းအမေနဲ့ တွေ့ရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါတို့ ထွက်သွားပြီးတာနဲ့ မင်းအမေကို သူတော်စင်အကျဉ်းထောင်ရဲ့ ပထမအထပ်ကို ပို့လိုက်မယ် ထင်ပါတယ်။ သူ ခံစားနေရတာတွေ နည်းနည်းတော့ သက်သာသွားမှာပေါ့။ အဲ့အဘိုးကြီးရဲ့ အကျင့်စရိုက်နဲ့ဆို သူ့ကို လွယ်လွယ်တော့ လွှတ်ပေးမှာ မဟုတ်ဘူး”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဝိညာဉ်ဘုရင်၏ အသံပို့လွှတ်မှုမှနေ၍ စိတ်ဝင်စားမှုတစ်ခုကို သူ ခံစားရပေသည်။ သူ အတန်ငယ် ရင်အေးသွားသည်။ အနည်းဆုံးတော့ ဤတစ်ခေါက်ကိစ္စများ ပြီးသွားပြီးနောက်တွင် ရီဖျောင်ဖျောင်က ဆယ့်ရှစ်ထပ်မြောက်၏ ကြောက်မက်ဖွယ် မြေဆွဲအားကို ခံရလောက်‌တော့မည် မဟုတ်ပေ။

‘အနှစ်သာရ’

ကျန်းရီ၏ မျက်လုံးများ လင်းလက်လာသည်။ ဤတစ်ကြိမ်တွင် သူသည် သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာတွင် ပုန်းအောင်းနေသော ကောင်းကင်စမ်းရေစည်းချက်ကို ရှာတွေ့သွားခဲ့သည်။ သူသာ ၎င်းကို မြန်မြန် သိမြင်နားလည်သွားလျှင် ရီဖျောင်ဖျောင်ကို စောစော လွှတ်ပေးနိုင်ပေလိမ့်မည်။

“အရှင်...”

ကျန်းရီသည် တစ်စုံတစ်ခုကို ပြောလိုဟန်ဖြင့် တိရှအရှင်ကို ကြည့်လိုက်၏။ သို့သော် ‌နောက်ဆုံးတွင် သူ မည်သို့မှ မပြောခဲ့ပေ။ တိရှအရှင်သည် ပြုံး၍ အောက်ဘက်သို့ ပျံဆင်းလာပြီး ကျန်းရီ၏ပခုံးကို ပုတ်လိုက်၏။ သူလည်း မည်သို့မှ မပြောခဲ့ပေ။ သို့သော် အရာအားလုံးကို နားလည်ခဲ့ကြပေသည်။

ထို့နောက် တိရှအရှင်သည် ကျန်းရီကို ဖက်တွယ်ထားသော ကျန်းရှောင်နူကို ကြည့်လိုက်၏။ သူ ခေါင်းကိုက်သွားပြီး သိမ်းငှက်ဘုရင်လေးကို လှည့်ကြည့်လိုက်သည်။

“သိမ်းငှက်ဘုရင်လေး... မင်းရဲ့ ညီမကို ငါတို့နဲ့ ခဏလောက် လိုက်လာခိုင်းလိုက်ပါ။ ပြီးရင် ငါတို့ သူ့ကို မင်ရည်တောင်ပံဆန်းကြယ်နယ်မြေဆီ ပြန်ပို့ပေးမှာပါ။ သူရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် မင်းလည်း သူ့ကို ပြန်‌ခေါ်မသွားနိုင်လောက်ဘူးမလား”

သိမ်းငှက်ဘုရင်လေးသည် မျက်နှာသေဖြင့် ရှိနေ၏။ သို့သော် ရင်ထဲတွင် ဒေါသထွက်နေပေသည်။ သူ့ညီမကလည်း သူ့ကဲ့သို့ပင် ဒေါသကြီးသူတစ်ယောက် ဖြစ်ပုံပင်။ ထို့ကြောင့် သူ ဖိအားမပေးလိုပေ။ ဤကိစ္စကို သိမ်းငှက်ဧကရီထံသာ ပြန်တင်ပြရပေမည်။ သူ ကျန်းရီကို အမုန်းတရား ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ကောင်းကင်ညှို့ဓာတ်မြို့ဆီသို့ ပျံသန်းသွားလိုက်လေသည်။

မင်ရည်တောင်ပံမျိုးနွယ် စွမ်းအားကြီး သိုင်းသမားများကမူ ထွက်မသွားကြပေ။ သိမ်းငှက်ဘုရင်လေးသည် ထွက်မသွားခင်တွင် သူတို့ထံ အသံပို့လွှတ်ကာ ကျန်းရှောင်နူနောက်သို့ လိုက်သွားရန် ပြောခဲ့သည်။ အကယ်၍ သူမ တစ်ခုခုဖြစ်သွားလျှင် သူတို့ ပြန်လာခွင့်မရှိပေ။

“ကောင်းပြီ...”

တိရှအရှင်သည် လူအုပ်ကို ဝေ့ဝဲကြည့်၍ ပြောလိုက်၏။

“ပြန်သွားကြစို့”

ရီထူက ကျန်းရီကို ပထမဆုအဖြစ် လက်စွပ်တစ်ကွင်းပေး၏။ သူသည် မည်သည့်စကားမှ မပြောဘဲ ကျန်းရီကို ခေါင်းဆတ်၍သာပြသည်။ ကျန်းရီ မလှုပ်ပေ။ ထို့နောက် သူ လှည့်ပတ်ကြည့်၍ မေးလိုက်သည်။

“ဘယ်သူ့ဆီမှာ ဗျပ်စောင်းရှိလဲ”

ဤတစ်ကြိမ်တွင် ရီဖျောင်ဖျောင်နှင့် မတွေ့ခဲ့ရ၍ အနည်းဆုံးတော့ သူ ထွက်မသွားခင်တွင် ရီဖျောင်ဖျောင်အတွက် တေးသွားတစ်ပုဒ် တီးခတ်ခဲ့ရပေမည်။ ကျန်းရီသည် သူ အနှစ်သာရတစ်ခုကို အမြန်ဆုံး သိမြင်နားလည်နိုင်အောင်လုပ်ကာ သူမကို လာခေါ်မည်ဟု ရီဖျောင်ဖျောင်အား အသိပေးလိုနေသည်။ ထိုအခါတွင်လည်း ဝိညာဉ်ဘုရင်က စကားဖျက်မည်ဆိုလျှင် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ သူတော်စင်ဝိညာဉ်တောင်တွင် သွေးထွက်သံယို ဖြစ်စေရတော့မည်ဖြစ်သည်။

All Chapters