← Chapters

မိုးကြိုးနတ်ဘုရားဂိုဏ်း အညံ့ခံခြင်း

Vol. 32 Ch. 425

မိုးကြိုးနတ်ဘုရားဂိုဏ်း အညံ့ခံခြင်း

Vol. 32 Ch. 425

 မူလဘူတ ကြေးဝါဓား ငါးသောင်းနဲ့ အတွေ့မှာတော့ စီးတုရှုအိုဟာ စိတ်ရှုပ်ထွေးနေခဲ့ပါပြီ။

တကယ်လို့ မိုးကြိုးနတ်ဘုရား ဂိုဏ်းကသာ အညံ့မခံဘူး ဆိုရင်တော့ သည်နေ့ကစပြီး သူတို့ဆီမှာ ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ပညာရှင်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ပြီးတော့ လီဖူချန်းကသာ နည်းနည်းလေး ပိုရက်စက်ခဲ့မယ် ဆိုရင် မိုးကြိုးနတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းလုံးဟာ အမြစ်ပြတ် သုတ်သင်ခံရပြီး အရှေ့ယူနီကွန်းတိုက်ကနေတောင် ကွယ်ပျောက် သွားနိုင်ပါသေးတယ်။

စီးတုရှုအိုအနေနဲ့ ရွေးစရာ လုံးဝ မရှိတော့ဘူးလား ဆိုတော့လည်း မဟုတ်ပြန်သေးပါဘူး။ သူက အကြီးအကဲတွေ အကုန်လုံးကို သူထိန်းချုပ်နေတဲ့ မိုးကြိုးမီးတောက် ဝင်္ကပါထဲကို ဝင်ခွင့် ပေးလိုက်လို့ ရပါသေးတယ်။ ဒါပေမဲ့ ပြဿနာကတော့ သူသာ အကြီးအကဲတွေကို အဲသည်လို ဝင်ခွင့်ပေးလိုက်မယ် ဆိုရင် လီဖူချန်းက ဝင်္ကပါရဲ့ အားနည်းချက်တွေကို တွေ့မြင်သွားမှာပါ။ လီဖူချန်းက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကာအကွယ် အစီအရင်ကိုတောင် ကျော်ဖြတ်ခဲ့ ပြီးပါပြီ။ စီးတုရှုအို အနေနဲ့ မိုးကြိုးမီးတောက် ဝင်္ကပါကို ဖွင့်ပေးလိုက်မယ် ဆိုရင် လီဖူချန်းဟာ အားနည်းချက်ကို ရှာတွေ့နိုင်မှာ မြေကြီးလက်ခတ် မလွဲပါပဲ။

စီးတုရှုအို အခုကြုံတွေ့နေတဲ့ အခြေအနေကတော့

“ရှေ့တိုးလည်းထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ်” ဆိုသလို ဖြစ်နေပါပြီ။

“ငါ့ရဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းက ဘာဖြစ်လို့ အခုလို ကပ်ဘေးမျိုးနဲ့ ကြုံရတာလည်းကွာ”

စီးတုရှုအိုက စိတ်ပျက်လက်ပျက် ညည်းတွား လိုက်ပါတယ်။

သည်ကိစ္စ မတိုင်ခင်တုန်းက ဆိုရင် မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ နံပါတ် ၁ ဂိုဏ်းပါ။ မိစ္ဆာတာအို အဖွဲ့အစည်းတွေရဲ့ ထကြွမှု မတိုင်ခင်တုန်းက ဆိုရင်လည်း မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ နံပါတ်၁ဂိုဏ်း ဖြစ်ခဲ့ပါသေးတယ်။ သူတို့ဟာ အရှေ့ယူနီကွန်းတိုက်မှာ ဘယ်တုန်းကမှ မသိမ်ငယ် ခဲ့ရပါဘူး။ မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ ဖျက်ဆီးမရနိုင်တဲ့ ပြယုဂ်တစ်ခုလို့ တင်စားခံရတဲ့အထိ သူတို့ဟာ ဂုဏ်အရှိန်အဝါ ကြီးမားခဲ့ကြပါတယ်။ အဲသည်လို ဂုဏ်အရှိန်အဝါ ကြီးမားခဲ့တဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ ယနေ့မှာတော့ လူငယ်တစ်ယောက်ရဲ့ ဖိနှိပ်ခြင်းကို ခံနေရပါပြီ။ ဒါကလည်း “ဘယ်သူမပြု မိမိမှု” ပါပဲ။ တကယ်လို့ မိုးကြိုးနတ်ဘုရားဂိုဏ်းကသာ သည်လူငယ်ရဲ့ ကလန်သားတွေကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း မရှိဘူးဆိုရင် သည်လိုအဖြစ်မျိုးဟာ ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ သူတို့ရဲ့ ကပ်ဆိုးကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့တာပါ။

လီဖူချန်းဟာ သည်လောက်အထိ အစွမ်းထက်လာမယ်မှန်း သိရင် စီးတုရှုအိုဟာ ယုလီရဲ့ အကြံအစည်တွေကို သဘောတူခဲ့မိမှာ မဟုတ်ပါဘူး။ တကယ်လို့ သူသာ ယုလီရဲ့ အကြံအစည်တွေကို သဘောမတူခဲ့ မိဘူးဆိုရင် မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ သည်နေ့လို ဆုံးရှုံးမှုကြီးမျိုးနဲ့ ကြုံခဲ့ရမှာ မဟုတ်ပါဘူး။ယုလီဟာလည်း အသက်ရှင်လျက် ရှိနေနိုင်ပါသေးတယ်။

ဒါပေမဲ့လည်း အချိန်တွေက လွန်သွားခဲ့ပါပြီ။ စီးတုရှုအို အနေနဲ့ အခုချိန်မှ နောင်တ ရနေလို့လည်း ဘာမှ မထူးတော့ပါဘူး။ ဒါကြောင့်လည်း …

“နောင်တဆိုတာဟာ နောင်မှ တတတ်တဲ့ အမျိုး” ဟု ရှေးလူကြီးတွေက ပြောခဲ့ကြတာ မဟုတ်ပါလား။

“စီးတုရှုအို ... ဆက်ပြီး တိုက်မလား ဒါမှမဟုတ် အညံ့ခံမလား။ ခင်ဗျားရဲ့ စကားတစ်ခွန်းက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ကံကြမ္မာပဲ”

လီဖူချန်းက စီးတုရှုအိုကို ရွေးချယ်ခွင့် ပေးလိုက်ပါတယ်။ သူက မိုးကြိုးနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ဖို့အတွက် မစဉ်းစားထားတာ အမှန်ပါပဲ။ သူက သည်လောက်အထိ ရက်စက်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ သူ့အတွက်ကတော့ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲ တစ်ဝက်လောက်နဲ့ ယုလီကို သတ်ဖြတ်ရရုံနဲ့တင် လုံလောက်နေပါပြီ။ ဒါပေမဲ့ စီးတုရှုအိုကသာ အညံ့မခံခဲ့ဘူး ဆိုရင်တော့ သူဟာ ရွေးချယ်စရာ မရှိဘဲ ဆက်လက် သတ်ဖြတ်ရပါလိမ့်မယ်။

စီးတုရှုအိုက ဘာကို ရွေးချယ်လို့ ရွေးချယ်ရမှန်း မသိတော့ပါဘူး။

ဆက်ပြီး တိုက်ခိုက်မယ် ဆိုရင်လည်း မိုးကြိုးနတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းလုံးဟာ ပြုတ်ပြုတ်ပြုန်း ပါတော့မယ်။

အညံ့ခံမယ် ဆိုရင်လည်း မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ အကြီးအကျယ် အရှက်ကွဲတော့မှာပါ။ ပြီးတော့ သေဆုံးသွားတဲ့ အကြီးအကဲတွေ အတွက်လည်း ပြန်ပြီး လက်တုံ့ပြန်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

ကောင်းကင်မိုးကြိုး တောင်ထွတ်ရဲ့ တစ်နေရာမှာ ရှိနေတဲ့ စီးတုလေ့ဟာ သည်အဖြစ်အပျက်ကို ကောင်းကောင်းကြီး မြင်တွေ့နေရပါတယ်။

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ နံပါတ် ၁ ထွတ်ခေါင်ပါရမီရှင် ဖြစ်တဲ့ စီးတုလေ့ဟာ အလွန်အမင်း မာနထောင်လွှားသူတစ်ဦး ဆိုရင်လည်း မမှားပါဘူး။ စီးတုလေ့က သူဟာ တစ်နေ့မှာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်းနိုင်ပြီး အရှေ့ယူနီကွန်းတိုက်ရဲ့ အုပ်စိုးသူ ဖြစ်လာရမယ်လို့ ယုံကြည်ချက် ရှိသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ မာနတွေနဲ့ ယုံကြည်ချက်တွေဟာ ကျိုးပျက်သွားခဲ့ ရပါပြီ။

လီဖူချန်းနဲ့ ယှဉ်ရင်တော့ သူဟာ ပုရွက်ဆိတ်လေး တစ်ကောင်လိုပါပဲ။

လီဖူချန်းက တစ်ယောက်တည်းနဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းကို လာရောက် သောင်းကျန်းပြီး အကြီးအကဲတွေကို သတ်ချင်တိုင်း သတ်နေချိန်မှာ သူကတော့ တိုက်ပွဲထဲ ဝင်ပါဖို့တောင် အဆင့်မမီသေးပါဘူး။

“ငါ တစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး။ ငါ့ကို အချိန်နည်းနည်းပေးဦး”

စီးတုရှုအိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ အံကျိတ် ရလွန်းတဲ့အတွက် သူ့ရဲ့ မေးကြောကြီးတွေကလည်း ထောင်ထ နေခဲ့ပါပြီ။

“ဂိုဏ်းချုပ် ... အညံ့ခံလိုက်ရအောင်”

ဆက်ပြီး တိုက်ခိုက်ဖို့ကို မလိုလားတဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က ဝမ်းနည်းစွာနဲ့ အော်ပြော လာခဲ့ပါတယ်။

တကယ်လို့ သူတို့သာ သည်တိုက်ပွဲကြောင့် အသက်ပေးလိုက်ရမယ် ဆိုရင် မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ အရှေ့ယူနီကွန်းတိုက်မှာ ရပ်တည်ဖို့ ခဲယဉ်းသွားတော့မှာပါ။ အကြီးအကဲတွေ မရှိတော့တဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းကို မိစ္ဆာတာအို အင်အားစုကလည်း အလွတ်ပေးမှာ မဟုတ်ပါဘူး။

မိုးကြိုးနတ်ဘုရား ဂိုဏ်းကသာ အညံ့မခံဘဲ ခေါင်းမာနေခဲ့မယ် ဆိုရင် သူတို့ရဲ့ အနာဂတ် မျိုးဆက်သစ်တွေဟာ ခေါင်းမာခြင်းရဲ့ အကျိုးဆက်ကို ခံစားကြရမှာ အသေအချာပါပဲ။

တကယ်လို့ သူတို့သာ လီဖူချန်းကို အညံ့ခံလိုက်မယ် ဆိုရင် အခြေအနေက သိပ်အဆိုးကြီး ဖြစ်သွားစရာ အကြောင်းမရှိပါဘူး။ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲ တစ်ဝက်လောက် သေသွားပေမဲ့လည်း သူတို့ဆီမှာ မိုးကြိုးမီးတောက် ဝင်္ကပါ အစီအရင် ကျန်ရှိနေပါသေးတယ်။ ကျန်ရှိနေသေးတဲ့ အကြီးအကဲတွေနဲ့ မိုးကြိုးမီးတောက် ဝင်္ကပါတို့ကြောင့် မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ အရှေ့ယူနီကွန်းတိုက်မှာ ရပ်တည် နေနိုင်ဦးမှာပါပဲ။ ဒါပေမဲ့လည်း ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ နံပါတ် ၁ ဂိုဏ်းဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ စွန့်လွှတ်လိုက် ရမှာပေါ့လေ။

ပြီးတော့ လီဖူချန်း ပြသသွားတဲ့ စွမ်းရည်တွေအရဆိုရင် သူဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ သမိုင်းတစ်လျှောက် အတော်ဆုံး ထွတ်ခေါင် ပါရမီရှင်လို့တောင် သတ်မှတ်နိုင်ပါတယ်။

အဲသည်အတွက် လီဖူချန်းလို လူမျိုးဆီမှာ အညံ့ခံလိုက်ရတာက သိပ်ပြီး ရှက်စရာ မကောင်းလှပါဘူး။

လီဖူချန်းဟာ အရှေ့ယူနီကွန်းတိုက်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကံကြမ္မာနဲ့ မွေးဖွားလာသူပါ။ မိုးကြိုးနတ်ဘုရားဂိုဏ်းကို အသာထားပါဦး။ အချိန်ကျလာပြီဆိုရင် သူဟာ မိစ္ဆာတာအို အင်အားစုနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေကို ဖျက်ဆီးပြီး အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးကိုတောင် လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ သက်ဦးဆံပိုင် ဘုရင်တစ်ပါး ဖြစ်လာမှာ အသေအချာပါပဲ။

“ဂိုဏ်းချုပ် ... ။ အညံ့မခံနဲ့ ... ။ သူက မိုးကြိုးမီးတောက် ဝင်္ကပါကို ဖျက်ဆီးနိုင်မယ်လို့ ကျုပ်မယုံဘူး”

အညံ့ခံမဲ့အစား သေတာကမှ ပိုကောင်းသေးတယ်လို့ ခံယူထားတဲ့ အကြီးအကဲတွေကလည်း ရှိနေပါသေးတယ်။

“ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ချက် အပြည့်ရှိရင် စမ်းကြည့်လို့ ရတယ်နော်။ ဒါပေမဲ့ ပြန်ပြင်ခွင့်တော့ ရမှာ မဟုတ်ဘူး”

လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံနဲ့ မိုးကြိုးမီးတောက် ဝင်္ကပါကို စတင် လေ့လာဆန်းစစ် နေခဲ့ပါပြီ။ သူကြုံတွေ့နေရတဲ့ ဝင်္ကပါဟာ အဆင့် ၆ ဝင်္ကပါ အစီအရင် မဟုတ်သေးသရွေ့တော့ သူ့အနေနဲ့ စိုးရိမ်နေစရာ အကြောင်းမရှိပါဘူး။ သူ့ရဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်အဆင့် အသိစိတ်အာရုံက အဆင့် ၆ ဝင်္ကပါ အောက်က ဝင်္ကပါတွေရဲ့ အားနည်းချက်ကို ကောင်းကောင်းကြီး ရှာဖွေနိုင်စွမ်း ရှိပါတယ်။

လီဖူချန်းရဲ့ အနောက်ဘက် မိုင်အနည်းငယ် အကွာမှာ ရှိနေတဲ့ လီကလန်သားတွေကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ။ သူ့တို့က ပါးစပ် ပြန်ပိတ်ဖို့ကိုတောင် မေ့လျော့ နေကြပါပြီ။

လူတစ်ယောက်နဲ့ ဓားတစ်လက်က မိုးကြိုးနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို ဖိနှိပ်ထားတယ်။ ဒါက ဖြစ်ကော ဖြစ်နိုင်ပါရဲ့လား ... ။

“မေမေ ... အစ်ကိုကြီး ဖူချန်းက တကယ့်ကို ပြိုင်ဘက်ကင်းပဲနော်။ ဟုတ်တယ်မလား”

လီရှောင်ထန်က လေးစားအားကျစွာနဲ့ ပြောလိုက်ပါတယ်။

ရှန်းယုရန်ကတော့ မျက်ရည် အရွှဲသားနဲ့ပါပဲ။ သူက မျက်ရည်တွေကို လက်ခုံဖြင့် သုတ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

“နောက်ဆုံးတော့ သည်ဒုက္ခဆင်းရဲကနေ လွတ်ခဲ့ရပြီပေါ့။ ရှန်းဟန် ... အစ်ကိုနဲ့ညီမ ပြန်တွေ့ရတော့မယ်”

လီရှန်းဟန်က ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ အကျဉ်းချ ဖမ်းဆီးခြင်းကို ခံထားရတာပါ။ အဲသည်အတွက် ရှန်းယုရန်က သူ့ရဲ့ ယောက်ျားဖြစ်သူ လီရှန်းဟန်ကို သည်တစ်သက် ပြန်တွေ့ခွင့် မရတော့ဘူးလို့ မှတ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုတော့ အရာရာဟာ ပြောင်းလဲသွားခဲ့ပါပြီ။ သူတို့ရဲ့ သားဖြစ်သူ လီဖူချန်းဟာ ပြိုင်ဘက်ကင်းလှတဲ့ စွမ်းရည်တွေနဲ့ အရှေ့ယူနီကွန်းတိုက်ကို ပြန်လာခဲ့ပါတယ်။ မိုးကြိုးနတ်ဘုရား ဂိုဏ်းတောင်မှ လီဖူချန်းကို ဖိနှိပ်နိုင်စွမ်း မရှိတော့ပါဘူး။

နောက်ဆုံးမှာတော့ စီးတုရှုအိုဟာ ခေါင်းကို ငိုက်ကာ အရှုံးပေး လိုက်ပါတော့တယ်။

“လီဖူချန်း ... တော်လိုက်ကြစို့။ ငါတို့ မင်းကို အနိုင်ပေးပါတယ်”

မိုးကြိုးနတ်ဘုရား ဂိုဏ်းချုပ် ဖြစ်တဲ့အတွက် သူဟာ ဂိုဏ်းရဲ့ အနာဂတ်ကို မလွဲမသွေ ထည့်တွက်ရပါမယ်။ သူ့ရဲ့ လက်ထက်ကျမှ မိုးကြိုးနတ်ဘုရားဂိုဏ်းဟာ အရှေ့ယူနီကွန်းတိုက်ကနေ ပျောက်ကွယ်သွားလို့ မဖြစ်ပါဘူး။

“စီးတုရှုအို ... ခင်ဗျားက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။ အခုလေးတင် ကျုပ်က မိုးကြိုးမီးတောက် ဝင်္ကပါရဲ့ အားနည်းချက်ကို တွေ့လိုက်တာ”

လီဖူချန်းက တည်ငြိမ်စွာနဲ့ ပြောလိုက်ပါတယ်။

လီဖူချန်းက အခုလို တစ်ယောက်တည်းနဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းကို ဖိနှိပ်နိုင်တာက ရှင်းတိကောဝမ်ထက် အစွမ်းထက်နေလို့ မဟုတ်ပါဘူး။လီဖူချန်းရဲ့ အသိစိတ်အာရုံက လူအများနဲ့ တိုက်ခိုက်တဲ့ နေရာမှာ ကောင်းကောင်းကြီး အထောက်အကူ ပြုနေတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။

ရှင်းတိကောဝမ်နဲ့ လီဖူချန်းတို့ နှစ်ယောက်မှာဆိုရင် ရှင်းတိကောဝမ်းရဲ့ စွမ်းပကားက လီဖူချန်းထက် အသာကြီးပါပဲ။ လူနည်းစုနဲ့ တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေမှာ ဆိုရင် ရှင်းတိကောဝမ်ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့လည်း လူအများနဲ့ တိုက်ခိုက်တဲ့ နေရာမှာတော့ အသိစိတ်အာရုံက စကားပြောလာပါပြီ။ ရှင်းတိကောဝမ်ရဲ့ အသိစိတ်အာရုံက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အများအပြားနဲ့ မိုးကြိုးမီးတောက် ဝင်္ကပါတို့ရဲ့ ပူပေါင်း တိုက်ခိုက်မှုကို အာရုံမလွင့်ပျံ့ဘဲ ရင်ဆိုင်နိုင်ဖို့အတွက် မလုံလောက်သေးပါဘူး။ ဒါကြောင့်လည်း သူက မိုးကြိုးနတ်ဘုရား နယ်မြေဒေသကို အပိုင်သိမ်းဖို့အတွက် မကြိုးစားသေးတာပါ။

လီဖူချန်းရဲ့ ပြောစကားကို ကြားအပြီးမှာတော့ စီးတုရှုအိုရဲ့ မျက်နှာ အမူအရာတွေဟာ တစ်စက္ကန့် အတွင်းမှာပဲ ပုံစံအမျိုးမျိူး ပြောင်းလဲ သွားခဲ့ပါပြီ။ လီဖူချန်းက အမှန်ပြောနေတာလား၊ လိမ်ပြောနေတာလား ဆိုတာကိုတော့ သူ မသိပါဘူး။ ဒါပေမဲ့ တကယ်လို့ လီဖူချန်းကသာ အမှန်ပြောနေခဲ့တာ ဆိုရင်တော့ သူဟာ မိုးကြိုးနတ်ဘုရားဂိုဏ်း အရှေ့ယူနီကွန်းတိုက်ကနေ ပျောက်ကွယ် သွားတော့မဲ့ အရေးကို လက်မတင်လေး ရှောင်လွှဲလိုက်နိုင်တာပါပဲ။

“ဟူး ... ”

စီးတုရှုအိုက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပါတယ်။ သူ့ကို ကြည့်ရတာက ရှိရင်းစွဲအသက်ထက် ဆယ်နှစ်လောက် ပိုအိုစာသွားသလိုပါပဲ။

တစ်ချိန်တည်းမှာပဲ ကောင်းကင်မိုးကြိုး တောင်ထွတ်ပေါ်မှာ အသက်ဝင် လည်ပတ်နေတဲ့ မိုးကြိုးမီးတောက် ဝင်္ကပါဟာ ရပ်ဆိုင်း သွားခဲ့ပါပြီ။

“ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းက အရှုံးပေးလိုက် ရတာလား”

သည်တိုက်ပွဲကို စောင့်ကြည့်နေတဲ့ လူတွေဟာ အများကြီးပါပဲ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ မိုးကြိုးနတ်ဘုရားဂိုဏ်းဝင် အကုန်လုံးနီးပါးဟာ သည်တိုက်ပွဲကို စောင့်ကြည့်နေကြတာပါ။

မိုးကြိုးနတ်ဘုရားဂိုဏ်း ရှုံးသွားပြီ ဆိုတာကို သိလိုက်တဲ့နောက်မှာတော့ သူတို့ရဲ့ မျက်နှာပေါ်က မာနတွေ၊ ဂုဏ်ယူဝင့်ကြွားမှုတွေဟာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပါပြီ။ သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာတော့ ဝမ်းနည်းမှု အရိပ်အယောင်တွေကသာ နေရာယူ ထားပါတော့တယ်။ ဒါပေမဲ့လည်း မိုးကြိုးနတ်ဘုရားဂိုဏ်းဝင် တော်တော်များများကတော့ လီဖူချန်းကို ရန်လိုမုန်းတီးမှု အပြည့်နဲ့ ကြည့်ရမယ့်အစား လေးစားအားကျမှု အပြည့်နဲ့သာ ကြည့်နေကြပါတယ်။

ဓားတစ်လက်ကို ကိုင်စွဲပြီး မိုးကြိုးနတ်ဘုရားဂိုဏ်းကို အနိုင်ယူသွားတဲ့ လူတစ်ယောက် ...

သည်လိုလူမျိုးကိုမှ မလေးစား၊ မအားကျလို့ကတော့ သူတို့အတွက် လေးစားအားကျစရာလူ ရှိတော့မှာ မဟုတ်ပါဘူး။

“အမေ ... ပြန်ကြရအောင်”

ဘန်း ...

လီဖူချန်းက မူလဘူတ ကြေးဝါဓားတွေကို ပြန်သိမ်းဆည်းလိုက်ပြီး လီကလန်သားတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကာအကွယ် အစီအရင်ကို လက်သီးနဲ့ ထိုးခွဲ လိုက်ပါတယ်။

“ဖူချန်း ... သားလေး”

အရိုးပေါ်အရေတင် ဖြစ်နေတဲ့ ရှန်းယုရန်ဟာ ခြံဝင်းထဲကနေ မပြေးရုံတမယ် ထွက်လာခဲ့ပါပြီ။

လီဖူချန်းက မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပြီး လီကလန်သား အားလုံးကို တောင်းပန်လိုက်ပါတယ်။

“အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော့်ကြောင့် ဒုက္ခတွေ ခံစားလိုက်ရပြီ”

သူ့ကြောင့်သာ မဟုတ်ခဲ့ရင် လီကလန်သားတွေဟာ အခုလို နှိပ်စက်ညှဉ်းပန်းမျိုးကို ခံရမှာ မဟုတ်ပါဘူး။

“ကောင်စုတ်လေး ... ။ နင်က အမေ့ကို စိုးရိမ်ရအောင် တော်တော် လုပ်တာပဲ”

ရှန်းယုရန်က သားဖြစ်သူ လီဖူချန်းရဲ့ ဦးခေါင်းကို ပွတ်သပ်ဟန် ပြင်လိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ လက်က လီဖူချန်းရဲ့ ဦးခေါင်းပေါ်ကို ရောက်မလာခဲ့ပါဘူး။

ဘုန်း ...

ရှန်းယုရန်ဟာ မြေပြင်ပေါ်ကို ပုံရက်သား လဲကျသွားခဲ့ပါတယ်။ အဟာရ မဖြစ်တဲ့ အစားအစာတွေကို အချိန်အတော်ကြာ မဝမလင် စားခဲ့ရအတွက် ရှန်းယုရန်ဟာ သာမန်လူသား တစ်ယောက်ထက်ကိုတောင်မှ အားနည်း နေခဲ့ပါပြီ။ ရှန်းယုရန်မှ မဟုတ်ပါဘူး။ လီကလန်သား တော်တော်များများ ဟာလည်း မြေပြင်ပေါ်မှာ လဲကျ နေကြတာပါပဲ။ သူတို့ရဲ့ ချီအရှိန်အဝါတွေဟာ အတော်လေးကို အားနည်းနေခဲ့ပါပြီ။

“တောက် ...”

လီဖူချန်းက စီးတုရှုအိုဘက်ကို လှည့်ပြီး စိန်းစိန်းဝါးဝါး တစ်ချက် ကြည့်လိုက်ပါတယ်။ ဒါပေမဲ့လည်း သူဟာ ဘာမှတော့ မပြောလိုက်ပါဘူး။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကုသရေးလက်စွပ်ကို အသက်သွင်းလိုက်ပြီး အစိမ်းရောင် ရောင်ခြည်စက်ကွင်းကို ထုတ်လွှတ်လိုက် ပါတော့တယ်။

ချွမ် ...

အစိမ်းရောင် ရောင်ခြည်စက်ကွင်း တစ်ခုဟာ လီကလန်သားတွေကို လွှမ်းခြုံသွားခဲ့ပါပြီ။

သည်ကုသရေး လက်စွပ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းကတော့ အစိမ်းရောင် သလင်းကျောက်ဖြစ်ပါတယ်။ သည်အစိမ်းရောင် သလင်းကျောက်ထဲမှာ ရှိနေတဲ့ စွမ်းအင်တွေက အလွန်အမင်း အားကောင်းပေမဲ့လည်း မကုန်ခန်း နိုင်တာတော့ မဟုတ်ပါဘူး။ သည်အစိမ်းရောင် သလင်းကျောက်ထဲမှာ ရှိနေတဲ့ စွမ်းအင်တွေဟာ တစ်နေ့မှာတော့ ကုန်ခန်းသွားမှာ အသေအချာပါပဲ။

သည်အပိုင်းနဲ့ ပတ်သက်လို့ကတော့ လီဖူချန်းဟာ သိပ်ပြီး စိတ်မပူပါဘူး။ လီကလန်သားတွေဟာ ကျင့်ကြံခြင်း အရာမှာ အဆင့်နိမ့်လွန်း လှပါတယ်။ အဲသည်အတွက် သူတို့ကို ကုသပေးရတာက ကုသရေးလက်စွပ်ရဲ့ စွမ်းအင် ဘယ်လောက်မှ မကုန်ပါဘူး။

အစိမ်းရောင် ရောင်ခြည်စက်ကွင်းရဲ့ ကုသပေးမှုကို ခံပြီး သိပ်မကြာခင်မှာတော့ လီကလန်သား အားလုံးရဲ့ အခြေအနေဟာ နဂိုမူလအတိုင်း ပြန်ကောင်းလာကြပါပြီ။ သူတို့ဟာ အစောပိုင်းတုန်းကလို အားအင် ချိနဲ့နေတဲ့ပုံ မရှိတော့ပါဘူး။

“သွားကြစို့”

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ မိခင်ဖြစ်သူ ရှန်းယုရန်နဲ့ အတူ လီကလန်သားတွေကို ဦးဆောင်ပြီး မိုးကြိုးနတ်ဘုရားဂိုဏ်းကနေ ထွက်သွားပါတော့တယ်။

စီးတုရှုအိုကတော့ ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ ကျောပြင်ကိုကြည့်ပြီး မှိန်းမောနေဆဲပါပဲ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကတောင်မှ လီဖူချန်းဟာ လူငယ်မျိုးဆက်သစ်တွေ ကြားထဲကနေ ချွန်ထွက်နေတဲ့ ပါရမီရှင် တစ်ယောက် အဆင့်သာ ရှိနေသေးတာပါ။ ဒါပေမဲ့ အခုတော့ သူဟာ အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကိုတောင်မှ တုန်လှုပ်စေနိုင်စွမ်း ရှိလာခဲ့ပါပြီ။

***

မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အပြင်ဘက် မိုင်အနည်းငယ်အကွာကို အရောက်မှာတော့ ...

“ပုန်းနေတာ ဘယ်သူလဲ ... ။ ထွက်ခဲ့”

လီဖူချန်းက ကောင်းကင် တစ်နေရာကို လှမ်းကြည့်ပြီး အော်လိုက်ပါတယ်။

“သူရဲကောင်းလေးလီက အရမ်း အစွမ်းထက်တာပဲ ... ။ သည်အတိုင်းဆိုရင်တော့ သူရဲကောင်းလေးရဲ့ စွမ်းပကားကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။ သည်အဘိုးကြီးက သူရဲကောင်းလေးလီကို တကယ် လေးစားမိပါတယ်”

ပုန်းအောင်း နေသူကတော့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲဖြစ်သူ မူဟန်ရှင်းပါပဲ။ သူက လီဖူချန်းကို လေးစားမှု အပြည့်နဲ့ အရိုအသေ ပေးလိုက်ပါသေးတယ်။

မူဟန်ရှင်းက တုံးအနေသူ တစ်ယောက် မဟုတ်ပါဘူး။ လီဖူချန်းတစ်ယောက် မိုးကြိုးနတ်ဘုရား ဂိုဏ်းထဲကနေ လီကလန်သားတွေကို ဦးဆောင်ပြီး ပြန်ထွက်လာနိုင်တယ် ဆိုကတည်းက အထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာကို မှန်းဆနိုင်ပါတယ်။

လီဖူချန်းဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းကို အနိုင်ယူခဲ့ပါပြီ။ ဒါက လုံးဝ ယုံမှားသံသယ ဝင်စရာ မလိုတဲ့ အချက်ပါပဲ။

မိုးကြိုးနတ်ဘုရားဂိုဏ်းလို မာနကြီးတဲ့ဂိုဏ်းဟာ လီဖူချန်းကို လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံမှာ မဟုတ်ပါဘူး။ သူတို့က လက်သီးတွေနဲ့ပဲ ဧည့်ခံမယ့် လူတွေပါ။

လီဖူချန်းက တစ်ချက် ပြုံးလိုက်ပြီး အကူအညီ တောင်းလိုက်ပါတယ်။

“ဆရာကြီးမူ ... ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခေါက်လောက် ကူညီပါဦး။ ကျွန်တော့်ရဲ့ အမေနဲ့ လီကလန်သားတွေကို ဖုန်းရွှယ်ဂိုဏ်းကို ခေါ်သွားပေးပါလား။ ကျွန်တော်က ဆန်းကြယ် ကိရိယာဂိုဏ်းကို တစ်ခေါက်လောက် သွားလည်ချင်လို့ပါ”

မူဟန်ရှင်းရဲ့ ကာကွယ် စောင့်ရှောက်မှုနဲ့ ဆိုရင်တော့ လီကလန်သားတွေဟာ လုံခြုံနေမှာ အသေအချာပါပဲ။ ဒါကြောင့်သူက မူဟန်ရှင်းကို အကူအညီ တောင်းလိုက်ရတာ ဖြစ်ပါတယ်။

မူဟန်ရှင်းကလည်း လီဖူချန်းရဲ့ အကူအညီ တောင်းခံမှုကို မငြင်းပါဘူး။သူက လိုလိုလားလား ခေါင်းညိတ်ပြီး အာမခံ လိုက်ပါတယ်။

“သူရဲကောင်းလေးလီ ... လုံးဝ စိတ်မပူပါနဲ့။ သည်အဘိုးကြီး ကမ္ဘာမြေပေါ်ကနေ မပျောက်ကွယ် သွားသရွေ့ သူတို့ကို ဘယ်သူမှ မထိစေရပါဘူး”

မူဟန်ရှင်းက လီဖူချန်းရဲ့ အလားအလာကို ကောင်းကောင်းကြီး တွက်ထားပြီးပါပြီ။ လီဖူချန်းရဲ့ အကူအညီ တောင်းခံမှုက သူ့အတွက်တော့ အခွင့်အရေးကြီး တစ်ရပ်ပါပဲ။ သည်လူငယ်က တစ်နေ့ကျရင် နတ်ဆိုးဆယ်ပါး နယ်မြေကိုသာမက မိစ္ဆာတာအို အင်အားစုကိုပါ ဖိနှိပ်နိုင်မယ့် လူတစ်ယောက်ပါ။ သည်လိုလူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးမှု ရယူထားတာက ဘာမှ အကျိူးယုတ်စရာ အကြောင်း မရှိပါဘူး။ လီဖူချန်းရဲ့ ကျေးဇူးကြောင့် သူတို့ ဖုန်းရွှယ်ဂိုဏ်းဟာ တစ်ချိန်ကျရင် အရှေ့ယူနီကွန်းတိုက်ရဲ့ ထိပ်ပိုင်းတစ်နေရာမှာ ရပ်တည်နိုင်မဲ့ အလားအလာတောင် ရှိနေပါသေးတယ်။

“ဖူချန်း ... သတိထားဦးနော်”

ရှန်းယုရန်ကတော့ သားဖြစ်သူကို စိတ်မချနိုင်ပုံပါဘဲ။

လီဖူချန်းက ယုံကြည်မှု အပြည့်နဲ့ သူ့ရဲ့ မိခင်ကို ပြန်လည်နှစ်သိမ့်လိုက်ပါတယ်။

“အမေ ... စိတ်မပူပါနဲ့။ ဆန်းကြယ်ကိရိယာဂိုဏ်းလို ဂိုဏ်းက ကျွန်တော့်ကို ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး”

“ဆရာကြီးမူ ... ။ ကျွန်တော် သွားတော့မယ်။ ကျေးဇူးပြုပြီး သေသေချာချာ စောင့်ရှောက် ပေးပါဦး”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ရွှေရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး ကောင်းကင်ယံပေါ် ထိုးတက် သွားခဲ့ပါပြီ။

***

ဆန်းကြယ်ကိရိယာဂိုဏ်း ...

သည်ဂိုဏ်းဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ ရှေးအကျဆုံး ဂိုဏ်းတွေထဲက တစ်ဂိုဏ်းပါပဲ။ သူတို့နဲ့ ဂိုဏ်းသက်တမ်းချင်း ယှဉ်နိုင်တာဆိုလို့ နတ်စမ်းရေတောင်ကြားသာ ရှိပါတော့တယ်။

သူတို့ရဲ့ အတွင်းပိုင်း အခြေခံအုတ်မြစ်ဟာ မိုးကြိုးနတ်ဘုရား ဂိုဏ်းထက်တောင်မှာ ပိုပြီး နက်ရှိုင်းတယ်လို့လည်း ပြောလေ့ ရှိကြပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းကတော့ မမှုပါဘူး။ ဖုန်းရွှယ်ဂိုဏ်းရဲ့ အဆိုအရ ဆိုရင်တော့ ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်း ပညာရှင် အရေအတွက်နဲ့ အရည်အချင်းဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းထက် အားနည်းပါတယ်။ အဲသည်အတွက် ဆန်းကြယ် ကိရိယာဂိုဏ်းမှာ သူ သတိထားစရာဆိုလို့ စစ်သင်္ဘောသာ ရှိပါတယ်။

ရှင်းတိကောဝမ်ကိုတောင် တစ်ချက်တည်းနဲ့ ဒဏ်ရာအကြီးအကျယ် ရစေခဲ့တဲ့ စစ်သင်္ဘောရဲ့ တိုက်ခိုက်မှုကိုတော့ သူ့အနေနဲ့ သတိထားကို ထားမှ ရပါမယ်။ စစ်သင်္ဘောကို ဖျက်ဆီးနိုင်ပြီ ဆိုတာနဲ့ ဆန်းကြယ်ကိရိယာ ဂိုဏ်းကို အနိုင်ယူဖို့က မခဲယဉ်းတော့ပါဘူး။

“ဆန်းကြယ်ကိရိယာဂိုဏ်း ... ။ မင်းတို့ရဲ့ ဘိုးဘိုးကြီး လာပြီကွ”

လီဖူချန်းက ကြုံးဝါးလိုက်ပြီး ဆန်းကြယ် ကိရိယာဂိုဏ်းကို သွားနေတဲ့ သူ့ရဲ့ ပျံသန်းနှုန်းကို အရှိန်မြှင့်တင် လိုက်ပါတော့တယ်။

***

All Chapters