ဝင်္ကပါ ဘုတ်ပြား
Vol. 32 Ch. 426
ဆန်းကြယ်ကိရိယာဂိုဏ်းနဲ့ သိပ်မဝေးလှတဲ့ နေရာတစ်ခုကို အရောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အသိစိတ်အာရုံကို ထုတ်သုံးလိုက်ပြီး ဆန်းကြယ်ကိရိယာဂိုဏ်းတွင်းက အခြေအနေတွေကို ထောက်လှမ်း လိုက်ပါတယ်။
ဆန်းကြယ် ကိရိယာဂိုဏ်းကလည်း အခြားသော ဂိုဏ်းတွေလို အကာအကွယ် ဝင်္ကပါ အစီအရင် ချထားတာပါပဲ။ ဒါပေမဲ့လည်း အဲသည်ဝင်္ကပါ အစီအရင်က လီဖူချန်းရဲ့ အသိစိတ်အာရုံကိုတော့ တားဆီးနိုင်စွမ်း မရှိပါဘူး။
သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ သူ့ရဲ့ ဖခင်ဖြစ်သူ လီရှန်းဟန်နဲ့ လီကလန်သားတွေကို တောင်တစ်လုံးရဲ့ အနောက်မှာ တွေ့လိုက်ပါတယ်။
လီရှန်းဟန်တို့ရဲ့ အဖြစ်က ရှန်းယုရန်တို့ထက်တောင်မှ ဆိုးတယ်လို့ ပြောရမှာပါပဲ။ ဆန်းကြယ် ကိရိယာဂိုဏ်းက လီကလန်သားတွေကို သတ္တုတွင်း လုပ်သားတွေ အဖြစ် ခိုင်းစေထားပါတယ်။ လီကလန်သားတွေဟာ သတ္တုတွေကို တူးဖော်ရသလို အဲသည် တူးဖော်ပြီးသား သတ္တုတွေကိုလည်း လူအင်အားသုံးပြီး သယ်ယူပို့ဆောင် နေရပါသေးတယ်။ ကြီးကြပ်သူတွေရဲ့ လက်ထဲက ကျာပွတ်တွေကလည်း ရပ်နားနေတယ်လို့ကို မရှိပါဘူး။ တရွှမ်းရွှမ်း မြည်နေတဲ့ ကျာပွတ် ရိုက်ချက်တွေဟာ အမြဲတစေလိုလို လီကလန်သားတွေရဲ့ ကျောပြင်ပေါ်မှာသာ အဆုံးသတ် ရပ်နား သွားပါတယ်။
“တောက် ... သည်ခွေးမသားတွေ။ မင်းတို့ဆန်းကြယ် ကိရိယာဂိုဏ်း တစ်ခုလုံးကို သွေးနဲ့ ဆေးပစ်မယ်ကွ”
လီဖူချန်းရဲ့ ဒေါသတွေကတော့ အမြင့်ဆုံးအဆင့်အထိ ရောက်သွားခဲ့ပါပြီ။ ဆန်းကြယ် ကိရိယာဂိုဏ်းနဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်း နှစ်ဂိုဏ်းစလုံးဟာ သူတို့ရဲ့ အဆင့်အတန်း တွေကိုတောင် မထောက်တော့ပါဘူး။ သူတို့တွေဟာ လီကလန်သားတွေကို လူတွေလိုတောင် သဘောမထားဘဲ နှိပ်စက်ညှဉ်းပန်း နေကြပါတယ်။ တကယ်လို့ လီဖူချန်းသာ အရှေ့ယူနီကွန်းတိုက်ကို ပြန်မလာခဲ့ဘူးဆိုရင် လီကလန်သားတွေဟာ နှိပ်စက်ညှဉ်းပန်းခံရပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ သေသွားကြမှာ အသေအချာပါပဲ။
“ပျက်ဆီးစမ်း”
လီဖူချန်းက အကာအကွယ် ဝင်္ကပါကို ဓားနဲ့ လူတစ်ကိုယ်စာ ပိုင်းဖြတ်လိုက်ပြီး ဆန်းကြယ် ကိရိယာဂိုဏ်းထဲကို ဝင်သွားခဲ့ပါပြီ။
ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အနောက်ဘက်က တောင်တန်းကတော့ ဧရာမ သတ္တုကြောကြီး တစ်ခုပေါ်မှာ တည်ရှိနေတဲ့ တောင်တန်း တစ်ခုပါပဲ။ အဲသည်အတွက် အဲသည် တောင်တန်းကို သတ္တုရိုင်းတောင်တန်းလို့ ခေါ်ဝေါ်ကြပါတယ်။
သည်သတ္တုကြောကြီးက အင်မတန် ကြီးမားတဲ့အတွက် ဆန်းကြယ် ကိရိယာဂိုဏ်းဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် တူးဖော်ခဲ့တာတောင်မှ ကုန်စင်အောင် တူးဖော်နိုင်ခြင်း မရှိသေးပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဆန်းကြယ် ကိရိယာဂိုဏ်းဟာ သည်သတ္တုကြောကြီးရဲ့ အပေါ်ယံကိုသာ တူးဖော်နိုင်သေးတာပါ။
ကျွီ ... ကျွီ ... ကျွီ ...
သတ္တုရိုင်းတောင်တန်းရဲ့ အပြင်ဘက် တစ်နေရာမှာတော့ လီရှန်းဟန်ဟာ သတ္တုရိုင်း အပြည့်တင်ထားတဲ့ ဆွဲလှည်းတစ်စီးကို ဆွဲနေရပါတယ်။ သူ့ပုံစံကို ကြည့်ရတာက သိပ်ပြီး အခြေအနေ မကောင်းလှပါဘူး။ သူ့ရဲ့ ခြေလှမ်းတိုင်းက အားအင်မရှိဘဲ ယိမ်းယိုင်နေပါတယ်။ ဒါပေမဲ့လည်း သူက ဆွဲလှည်းကို မရပ်ဘဲ ဆွဲနေတုန်းပါပဲ။
ရွှမ်း ...
အဲသည်အချိန်မှာပဲ ကျာပွတ်ရိုက်ချက် တစ်ချက်ဟာ လီရှန်းဟန်ရဲ့ ကျောပြင်ပေါ်ကို ကျရောက် လာခဲ့ပါတယ်။
“ဟိုကောင် ... လှည်းကို မြန်မြန်ဆွဲစမ်း။ ဘာဖြစ်လို့ တုံ့ဆိုင်းတုံ့ဆိုင်း လုပ်နေတာလဲ”
လီရှန်းဟန်ကို ကျာပွတ်နဲ့ ရိုက်လိုက်တဲ့သူကတော့ သစ်တောက်ငှင်လို ချွန်ထွက်နေတဲ့ နှုတ်ခမ်းနဲ့ မျောက်မျက်နှာ ပိုင်ရှင်ဖြစ်တဲ့ ကြီးကြပ်ရေးမှူး တစ်ယောက်ပါပဲ။
သူက လီရှန်းဟန်ကို တစ်ချက် ရိုက်ရရုံနဲ့ အားမရသေးဘဲ နောက်ထပ် နှစ်ချက် ရိုက်လိုက်ပါသေးတယ်။
ကျွီ ... ကျွီ ... ကျွီ ... ကျွီ ...
အခြားသော သတ္တုတွင်း လုပ်သားတွေကတော့ သူတို့ရဲ့ ဆွဲလှည်းတွေကို အားကြိုးမာန်တက်နဲ့ ဆွဲနေကြပါပြီ။ သူတို့က ကျာပွတ်ရိုက်ချက်ကို မမြည်းစမ်းချင်ကြပါဘူး။
သည်ကြီးကြပ်ရေးမှူးဟာ အညှာအတာမဲ့ ဝံပုလွေဆိုတဲ့ နာမည်ပြောင်ကို ရရှိထားသူပါ။ သူက နာမည်နဲ့လိုက်အောင် ရက်စက်ပြီး အညှာအတာ ကင်းမဲ့သူ တစ်ဦး ဖြစ်ပါတယ်။ လစဉ်လတိုင်းမှာ သတ္တုတွင်းလုပ်သား နှစ်ယောက် ဒါမှမဟုတ် သုံးယောက်ဟာ သူ့ရဲ့လက်ချက်ကြောင့် သေရတာပါပဲ။
ဝုန်း ...
အဲသည်အချိန်မှာပဲ လီရှန်းဟန် ဆွဲနေရတဲ့ ဆွဲလှည်းဟာ မှောက်သွားပါတော့တယ်။ ဒါကလည်း သူ့ရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ ဆွဲလှည်းဟာ အခြားသော သူတွေရဲ့ ဆွဲလှည်းထက်ကို သိသိသာသာကြီး ကြီးနေတာပါ။ အဲသည်အတွက် သူ့ရဲ့ ဆွဲလှည်းပေါ်က သတ္တုရိုင်းတွေကလည်း အခြားသူတွေရဲ့ ဆွဲလှည်းပေါ်က သတ္တုရိုင်းတွေထက်ကို ပိုပြီး လေးလံမှာ အသေအချာပါပဲ။
ဝရော ... ဝရော ...
ဆွဲလှည်းပေါ်က သတ္တုရိုင်းတွေကတော့ မြေပြင်ပေါ်မှာ ပြန့်ကျဲသွားခဲ့ပါပြီ။
“မင်းက သေချင်နေတာပဲ”
အညှာအတာမဲ့ ဝံပုလွေရဲ့ မျက်လုံးကနေ ရက်စက်မှု အရိပ်အယောင် တစ်ချက် သမ်းသွားပြီးတဲ့ နောက်မှာတော့ ချီစွမ်းအင်တွေ ခိုဝင် ကိန်းအောင်းနေတဲ့ ကျာပွတ်ရိုက်ချက် တစ်ချက်ဟာ လီရှန်းဟန်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက် လာခဲ့ပါတယ်။
ရွှမ်း ...
သည်ရိုက်ချက်က လီရှန်းဟန်ရဲ့ အရေပြားတွေကို စုတ်ပြဲသွားစေပြီး သွေးအလိမ်းလိမ်း ဖြစ်သွားစေမယ် ဆိုတာ အသေအချာပါပဲ။
လီရှန်းဟန်က ခံစားချက်မဲ့တဲ့ အမူအရာနဲ့ ကျာပွတ်ရိုက်ချက်ကို စောင့်စားနေပါတယ်။ ဒါပေမဲ့လည်း ကျာပွတ်ရိုက်ချက်က သူ့ဆီကို ကျရောက်လာခြင်း မရှိခဲ့ပါဘူး။
“ခွေးလောက်မှ အဆင့်မရှိတဲ့ မင်းလို လက်ပါးစေကောင်က ငါ့အဖေကို ရိုက်ရဲတယ် ။ ဟုတ်လား ... ”
“သေစမ်း”
အဲသည်အချိန်မှာပဲ ရေခဲတမျှ အေးစက်နေတဲ့ အသံတစ်ခုဟာ လူတိုင်းရဲ့ နားထဲကို ဝင်ရောက်လာခဲ့ပါတယ်။ တစ်ဆက်တည်း လိုလိုမှာပဲ ပတ်ဝန်းကျင် တစ်ခုလုံးဟာ မီးလောင်ပြင် တစ်ခုထဲကို ရောက်နေတဲ့အလား ပူလောင်သွားပြန်ပါတယ်။
အား ...
အညှာအတာမဲ့ ဝံပုလွေကတော့ အသံနက်ကြီးဖြင့် အော်ဟစ်ပြီး လောင်ကျွမ်း ပြာကျသွားခဲ့ပါပြီ။ သူ့ကို ကြည့်ရတာက သေလို့ သေသွားမှန်းတောင် သိလိုက်ပုံ မရပါဘူး။
ထို့နောက်မှာတော့ ဘယ်သူ့ကိုမှ ထီမထင်တဲ့ မျက်နှာပေးနဲ့ လူငယ်တစ်ယောက်ဟာ ကောင်းကင်ယံပေါ်မှာ ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ အေးစက်နေပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တွေ အပြည့်ပါပဲ။
“ဖူချန်းလား”
လီရှန်းဟန်ကတော့ အမြင်များ မှားနေတာလား ဆိုပြီး သူ့ရဲ့ မျက်လုံးကို အကြိမ်ကြိမ် ပွတ်သပ် နေပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အမြင်အာရုံတွေဟာ လုံးဝ မမှားခဲ့ပါဘူး။ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံနဲ့ ကောင်းကင်ယံပေါ်မှာ ရှိနေတဲ့သူဟာ သူ့ရဲ့သားဖြစ်သူ လီဖူချန်းမှ လီဖူချန်းပါပဲ။
“အဖေ ... ကျွန်တော် ရောက်လာပြီ”
လီဖူချန်းက မြေပြင်ပေါ်ကို ဆင်းသက်လိုက်ပြီး လီရှန်းဟန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပါတယ်။
“ဖူ ... ဖူချန်း ... ။ တကယ်ပဲ ငါ့သား ဖူချန်းကိုး ... ”
လီရှန်းဟန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ တဆတ်ဆတ် တုန်ယင်နေခဲ့ပါပြီ။ သူက အလျင်အမြန်ပဲ သားဖြစ်သူကို ပြန်လည် ပွေ့ဖက် လိုက်ပါတော့တယ်။
၂ နှစ် ...
သည် ၂ နှစ်အတွင်းမှာ ဆိုရင် သူဟာ ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးနဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံခဲ့ရတာပါ။ သူဟာ သေလုမြောပါး အရိုက်ခံရတဲ့ အချိန်တွေနဲ့လည်း ကြုံတွေ့ခဲ့ရ ပါသေးတယ်။ ဒါပေမဲ့လည်း သူဟာ မျက်ရည်တစ်စက်မှ မကျခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုတော့ သူဟာ ယောက်ျားရင့်မကြီး ဖြစ်လင့်ကစား ကလေးငယ် တစ်ယောက်လို ရှိုက်ကြီး တငင်တင် ငိုကြွေး နေခဲ့ပါပြီ။
မိသားစု ...
သည်မိသားစုဆိုတဲ့ အရာဟာ လီရှန်းဟန်အတွက်တော့ အမြဲတစေလိုလို အားနည်းချက်ပါပဲ။
သည် ၂ နှစ် အတွင်းမှာ သူတွေးသမျှ အရာအားလုံးဟာလည်း ရှန်းယုရန်နဲ့ လီဖူချန်းတို့ရဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ သူဟာ ရှန်းယုရန်နဲ့ လီဖူချန်းတို့ အကြောင်းတွေကို တွေးလိုက်တိုင်းမှာ ရင်ဘတ်ထဲကို ဓားအစင်းပေါင်းများစွာ ထိုးစိုက်နေသလို ခံစားခဲ့ရ ပေမဲ့လည်း တစ်ရက်ကလေးတောင်မှ မတွေးဘဲနဲ့ မနေနိုင်ခဲ့ပါဘူး။ သူ့ရဲ့ ရင်ထဲက ခံစားခဲ့ရတဲ့ ဝေဒနာတွေဟာ ခန္ဓာကိုယ်အပြင်ပိုင်း ဒဏ်ရာတွေကနေ ပေးတဲ့ ဝေဒနာတွေကိုတောင်မှ ဂရု မပြုနိုင်တော့တဲ့အထိ ပြင်းထန်လွန်းလှပါတယ်။
“အဖေ ... ကျွန်တော်က မိုးကြိုးနတ်ဘုရားဂိုဏ်းမှာ အဖမ်းခံထားရတဲ့ အမေနဲ့ တခြား လီကလန်သားတွေကို ကယ်ပြီးသွားပြီ။ အခု ကျွန်တော်သည်ကို လာခဲ့တာက ဆန်းကြယ် ကိရိယာဂိုဏ်းကနေ အဖေတို့ကို ကယ်ထုတ်ဖို့ပဲ”
လီဖူချန်းက လေးနက် တည်ကြည်စွာနဲ့ ပြောလိုက်ပါတယ်။
“ဘာ ... ။ မင်းက မင်းရဲ့ အမေကို ကယ်ပြီးသွားပြီလား”
လီရှန်းဟန် အတွက်ကတော့ လီဖူချန်းရဲ့ ပြောစကားက လုံးဝ မယုံကြည်နိုင်စရာပါဘဲ။ အဲသည်အတွက် သူက လီဖူချန်းရဲ့ ပခုံးကို ကိုင်ပြီး သေချာအောင် ပြန်မေးလိုက်ပါတယ်။
“ဟုတ်တယ် အဖေ။ ကျွန်တော် အမေ့ကို ကယ်ပြီးသွားပြီ”
လီဖူချန်းက ပြန်ဖြေလိုက်ပါတယ်။
“ကောင်းတယ် ... ကောင်းတယ်။ အရမ်း ကောင်းတယ်”
လီရှန်းဟန်က အားရပါးရ ပြုံးလိုက်မိပါပြီ။ သူ့ရဲ့ မျက်နှာအမူအရာဟာ အစောပိုင်းတုန်းကနဲ့ လုံးဝ မတူတော့ပါဘူး။ အစောပိုင်းက ရှိုက်ကြီးတငင်ငင် ငိုနေခဲ့သူဟာ သည်လူဆိုတာကို ဘုရားစူး ကျိန်ပြောရတော့မှာပါ။
လီရှန်းဟန်က သူ့ရဲ့ သားဖြစ်သူဟာ ရှန်းယုရန်ကို ဘယ်လိုလုပ်ပြီး ကယ်တင်ခဲ့သလည်း ဆိုတဲ့ အချက်ကို မစဉ်းစားအားတော့ပါဘူး။ သူဟာ သူ့ရဲ့ သားဖြစ်သူကိုပဲ အကြွင်းမဲ့ ယုံကြည်လိုက်ပါတယ်။ ဒါက နှိပ်စက်ညှဉ်းပန်းမှု ဒဏ်ကြောင့် သူ့ရဲ့ စိတ်အခြေအနေတွေ ဝေဝါးနေတာနဲ့လည်း သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။
“ကလန်ခေါင်းဆောင် ၊ ဖူချန်း ... ”
သတ္တုရိုင်း တောင်တန်းတွေဘက်က နေပြီး လီကလန်သားတွေဟာ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ် လာခဲ့ပါတယ်။ သည်လူတွေ အားလုံးကတော့ ယောက်ျားသားတွေချည်းပါပဲ။ သူတို့အားလုံးဟာ လီဖူချန်းရဲ့ ဆက်သွယ်မှုကို ရခဲ့တဲ့အတွက် သည်နေရာကို အရောက်လာခဲ့ကြတာ ဆိုရင်လည်း မမှားပါဘူး။
သူတို့တွေကို စောင့်ကြပ်နေတဲ့ အစောင့်အကြပ် တွေကတော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ လောင်ကျွမ်း ပြာကျသွားခဲ့ပါပြီ။
“ဖူချန်း ... ။ ငါတို့က ရှေ့ဆက်ပြီး ဘာလုပ်ရမှာလဲ”
လီကလန်ရဲ့ အကြီးအကဲ တစ်ယောက်က လီဖူချန်းကို မေးလိုက်ပါတယ်။
“ကျွန်တော့် နောက်ကလိုက်ခဲ့ ... ။ ဆန်းကြယ် ကိရိယာဂိုဏ်းကနေ ထွက်ကြမယ်”
လီဖူချန်းရဲ့ အဖြေက ခပ်တိုတို၊ ခပ်ပြတ်ပြတ်ပါပဲ။ ပြီးတော့ နောက်ထပ် ထပ်မေးနေစရာ မလိုလောက်အောင် ရှင်းလင်းလွန်း လှပါတယ်။
လီဖူချန်းက စကားပြောနေရင်းနဲ့ ကုသရေး လက်စွပ်ကို အသက်သွင်းပြီး လီကလန်သားတွေကို ကျန်းမာတဲ့ အခြေအနေ တစ်ခုအထိ ရောက်အောင် ကုသပေးလိုက် ပါသေးတယ်။
“ဘယ်သူက ငါတို့ရဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းထဲကို အခွင့်မရှိဘဲ ကျူးကျော်လာတာလဲကွ။ မြန်မြန်လာပြီး မင်းရဲ့ အသက်ကို အပ်စမ်း”
လီဖူချန်းတစ်ယောက် အကာအကွယ် ဝင်္ကပါအစီအရင်ကို ဖျက်ဆီးလိုက်ကတည်းက ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ အဆင့်မြင့် အကြီးအကဲတွေဟာ အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရောက်လာပြီဆိုတာကို သိခဲ့ပြီးပါပြီ။ အဲသည်အတွက် သူတို့တွေဟာ လူစုပြီး သည်နေရာကို လာခဲ့ကြတာပါ။ သည်နေရာကို အခုရောက်ရှိလာတဲ့ အကြီးအကဲတွေကတော့ စုစုပေါင်း ၃၈ ယောက် ရှိပါတယ်။ သည် ၃၈ ယောက်သော အကြီးအကဲတွေဟာ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ထိပ်သီး ပညာရှင်တွေရင်လည်း မမှားပါဘူး။
ရှေ့ဆုံးတန်းမှာ ရှိနေတဲ့ အကြီးအကဲတွေကတော့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေဖြစ်ပြီး အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ဖြစ်တဲ့ ခေါ့ယွင်ဟာလည်း ရှေ့ဆုံးတန်းထဲမှာ ပါဝင် နေပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှင်းတိကောဝမ်တစ်ယောက် ဂိုဏ်းထဲကို ကျူးကျော် ဝင်ရောက်လာပြီး ကတည်းက ဆန်းကြယ် ကိရိယာဂိုဏ်းဟာ အမြဲလိုလို နိုးကြားနေကြတာပါ။ အဲသည်အတွက် သည်နေရာကို ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေအကုန်လုံး လျင်လျင်မြန်မြန် ရောက်လာ ကြတာကလည်း သိပ်ပြီး မထူးဆန်းလှပါဘူး။
“လီဖူချန်းလား”
ဂိုဏ်းထဲကို ကျူးကျော် ဝင်ရောက်လာသူဟာ လီဖူချန်း ဖြစ်တယ် ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့ ခေါ့ယွင်ဟာ အံ့အားသင့်မိ သွားပါတယ်။
“ဟားဟား ... လီဖူချန်း။ မင်းက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့် ၃ ကိုတောင် ရောက်နေပြီလား။ တကယ့်ကို ချီးကျုးစရာပဲဟေ့။ ဒါပေမဲ့ မင်းက သည်ကို ရောက်လာပြီးမှတော့ အရှင်လတ်လတ် ပြန်ထွက်ဖို့ မစဉ်းစားနဲ့တော့”
ခေါ့ယွင်က ဟားတိုက်ပြီး လှောင်ရယ်လိုက်ပါတယ်။ သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ခွန်အားသက်သက်နဲ့ ကျော်ဖြတ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ လီဖူချန်းဟာ ဝင်္ကပါဆိုင်ရာ ပညာရပ်အချို့ကို တတ်ကျွမ်း ထားတာလို့သာ သည်နေရာကို ရောက်လာနိုင်တာ ဖြစ်ရပါမယ်။ လီဖူချန်းဟာ လီကလန်သားတွေကို ခိုးထုတ်ဖို့ ကြံစည်ထားပုံလည်း ရပါတယ်။
ဒါပေမဲ့ လီဖူချန်းရဲ့ ကြိုးစား အားထုတ်မှုဟာ နှမြောစရာပါပဲ။ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ ထိပ်သီး ပညာရှင်တွေ အားလုံး သည်နေရာကို ရောက်လာမှတော့ သူ့ရဲ့ အကြံအစည်ဟာ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်တော့ပါဘူး။
“ခေါ့ယွင် ... ။ ယုလီကိုတော့ ကျုပ်ရဲ့လက်နဲ့ သတ်ခဲ့ပြီးပြီ။ အခုက ခင်ဗျားရဲ့ အလှည့်ပဲ”
လီဖူချန်းဟာ ခေါ့ယွင်ကို သတ်ဖို့အတွက် အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးခဲ့ပါပြီ။ သည်ခေါ့ယွင်ဆိုတဲ့ သက်ကြားအိုကြီးက သူ့ကို သတ်ဖို့ ကြိုးစားခဲ့ရုံမက သူ့ရဲ့ဖခင်ဖြစ်သူ လီရှန်းဟန်နဲ့ အခြားသော လီကလန်သား တွေကိုလည်း နှိပ်စက်ညှဉ်းပန်း ခဲ့ပါသေးတယ်။
“ယုလီကို မင်းရဲ့ လက်နဲ့ သတ်ခဲ့တယ် ဟုတ်လား။ တကယ့် ဟာသပဲ။ မင်းရဲ့ အိပ်မက်ထဲမှာ သတ်လိုက်တာကို လာပြောပြနေတာလား ... ။ ဟား ... ဟား ... ”
ခေါ့ယွင်က လီဖူချန်းရဲ့ စကားကို လုံးဝ မယုံကြည်ပါဘူး။ သူက လီဖူချန်းကိုတောင် လှောင်ပြောင်ဟားတိုက် ရယ်မော လိုက်ပါသေးတယ်။
ယုလီဆိုတာက အရှေ့ယူနီကွန်းတိုက်ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ အရှေ့ယူနီကွန်းတိုက်မှာ သူ့ကို အနိုင်ယူနိုင်တဲ့သူက ငါးဦး မပြည့်ပါဘူး။ အဲသည် သူတွေထဲမှာမှ ရှင်းတိကောဝမ် တစ်ဦးသာ ယုလီကို သတ်ပစ်နိုင်စွမ်း ရှိတာပါ။ အခြားသူတွေက ယုလီကို သတ်ဖို့ကြံရင်တော့ ယုလီဟာ ထွက်ပြေး လွတ်မြောက်သွားမှာ အသေအချာပါပဲ။
“ကျုပ်ပြောတာ တကယ်လား၊ ဟာသလား ဆိုတာကို မကြာခင်မှာ ခင်ဗျား သိရပါလိမ့်မယ်”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ သူ့ရဲ့ လက်ကို ဝှေ့ယမ်း လိုက်ပါတော့တယ်။
ဘုတ် ...
သတ္တုရောင် တောက်ပနေတဲ့ စက်ဝိုင်းပုံသဏ္ဌာန် သတ္တုဘုတ်ပြား တစ်ခုဟာ မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့ပါပြီ။ တစ်ချိန်တည်း လိုလိုမှာပဲ ရွှေရောင် အလင်းတန်းကြီး တစ်ခုဟာ စက်ဝိုင်းပုံသဏ္ဌာန် သတ္တုဘုတ်ပြားထဲကနေ ထွက်ပေါ်လာပြီး လီရှန်းဟန်နဲ့ အခြားသော လီကလန်သားတွေကို လွှမ်းခြုံသွားပါတော့တယ်။
ဒါကတော့ အဆင့် ၅ ဝင်္ကပါဘုတ်ပြား တစ်ခုပါပဲ။ လီဖူချန်းဟာ သည်အဆင့် ၅ ဝင်္ကပါဘုတ်ပြားကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသောင်းပေးပြီး ဝယ်ခဲ့ရတာပါ။
သည်လို ဝင်္ကပါဘုတ်ပြားတွေဟာ အခြေခံအကျဆုံး ရှေးဟောင်းပစ္စည်းတွေ ဆိုရင်လည်း မမှားပါဘူး။ ဝင်္ကပါ ဘုတ်ပြား တစ်ခုရဲ့ အတွင်းပိုင်းမှာတော့ ဝင်္ကပါ အသေးစားလေး တစ်ခုကို ခင်းကျင်းထားပါတယ်။
ဝင်္ကပါ ဘုတ်ပြားတွေကို အသုံးပြုပုံကလည်း မခဲယဉ်းလှပါဘူး။ ဝင်္ကပါဘုတ်ပြားကို ပိုင်ဆိုင်ထားသူက ဝင်္ကပါဘုတ်ပြားထဲကို ချီစွမ်းအင်တွေ ထည့်သွင်းလိုက်ရုံနဲ့ ဝင်္ကပါဘုတ်ပြားဟာ အသက်ဝင်လာပြီး အထဲမှာ ရှိနေတဲ့ ဝင်္ကပါဟာ အပြင်ကို ရောက်လာမှာပါ။
ဒါပေမဲ့လည်း သည်ဝင်္ကပါ ဘုတ်ပြားတွေက အားနည်းချက်တွေ ရှိပါတယ်။ ဝင်္ကပါ ဘုတ်ပြားတွေထဲမှာ ရှိတဲ့ ဝင်္ကပါ အစီအရင်တွေဟာ အစွမ်းထက်လွန်းတဲ့အတွက် သည်ဘုတ်ပြားတွေဟာ ကြာရှည်ခံလေ့ မရှိပါဘူး။ သူ့ရဲ့ အသုံးပြုနိုင်တဲ့ ကန့်သတ်ချက် အရေအတွက်ကို ကျော်သွားတာနဲ့ တစ်ပြိုင်နက် ဝင်္ကပါဘုတ်ပြားတွေဟာ အလိုအလျောက် ပျက်စီးသွားမှာပါ။ တကယ်လို့ တစ်ဖက်လူရဲ့ တိုက်ခိုက်နိုင်စွမ်းက ဝင်္ကပါ အစီအရင်ထက် အားကောင်း နေရင်လည်း ဝင်္ကပါ ဘုတ်ပြားဟာ ပျက်စီး သွားနိုင်ပါသေးတယ်။
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အသုံးပြုနိုင်ပြီး ဖိအားတွေကို ကြံ့ကြံ့ခိုင်နိုင်တဲ့ အရည်အသွေးမြင့် ဝင်္ကပါဘုတ်ပြားတွေ ရှိတယ် ဆိုပေမဲ့လည်း အဲသည်အမျိုးအစား ဘုတ်ပြားတွေကို ဈေးကွက်ထဲမှာ မြင်ရလေ့ မရှိပါဘူး။ တကယ်လို့ ဈေးကွက်ထဲကို ရောက်လာခဲ့ရင်လည်း လီဖူချန်းအနေနဲ့ ဝယ်နိုင်စရာ အကြောင်း မရှိပါဘူး။ အရည်အသွေးမြင့် ဝင်္ကပါဘုတ်ပြားတွေရဲ့ ဈေးနှုန်းက မိုးထိအောင် ခေါင်ခိုက်နေမှာ အသေအချာပါပဲ။
ဝင်္ကပါဘုတ်ပြားနဲ့ အကာအကွယ် အောက်မှာ လီရှန်းဟန်တို့တတွေ ရောက်သွားပြီဆိုတာ သေချာသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအားတွေကို လည်ပတ်လိုက်ပြီး ကောင်းကင်ပေါ်ကို ခုန်တက် သွားခဲ့ပါပြီ။
“မင်းကိုငါ လက်သီးတစ်ချက်တည်းနဲ့ ဇာတ်သိမ်းပေးလိုက်မယ်”
ခေါ့ယွင်က အလျှံတညီးညီး တောက်လောက်နေတဲ့ မီးလက်သီးနဲ့ လီဖူချန်းကို ထိုးထိုက်ပါတယ်။
“မင်းအဖေကို သွားဇာတ်သိမ်းပေးလိုက်ပါလား”
လီဖူချန်းက ခေါ့ယွင်ရဲ့ လက်သီးကို မရှောင်တိမ်းပါဘူး။ သူက မဟာဆင်ဝိညာဉ်နဲ့ မဟာကျားဝိညာဉ်ကို ဆင့်ခေါ်လိုက်ပြီး ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။
ဝုန်း ...
ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ လူရိပ်တစ်ရိပ်ဟာ အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။ အဲသည်လူကတော့ ခေါ့ယွင်ပါပဲ။
“ဟင် ... သည်ကောင်”
လီဖူချန်းရဲ့ လက်သီးချက်က ခေါ့ယွင်ရဲ့ အတွေးအမြင်တွေကို ပြောင်းသွားစေခဲ့ပါတယ်။ အစောပိုင်းက လီဖူချန်းရဲ့ လက်သီးဟာ သူ့ရဲ့ လက်သီးပြင်းအားနဲ့ သိပ်မကွာလှပါဘူူး။
"မင်းက ပညာလေး နည်းနည်းပါးပါးတော့ ရလာတာကိုး ... ။ လာစမ်း ... နောက်တစ်ကြိမ် ပြန်တိုက်မယ်”
ခေါ့ယွင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ အနီရောင် အင်းကွက်တွေကတော့ အရောက်တောက် လာခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ညာဘက်လက်သီးဟာ အနီရောင် မီးတောက်မီးလျှံတွေ လောင်ကျွမ်းနေတဲ့ လက်သီးတစ်လုံး ဖြစ်လာခဲ့ပါတယ်။
“သံအဖြစ် ပြောင်းလဲခြင်း နတ်ဘုရားလက်သီး”
ခေါ့ယွင်က မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်တွေကို မကျင့်ကြံထားပါဘူး။ ဒါပေမဲ့လည်း သူက မြေကမ္ဘာအဆင့်နိမ့် လက်သီးသိုင်းတစ်ခု ဖြစ်တဲ့ သံအဖြစ် ပြောင်းလဲခြင်း နတ်ဘုရား လက်သီးသိုင်းကိုတော့ လေ့ကျင့်ထားပါတယ်။
ဂါး ... ဂရား ...
ခေါ့ယွင်ရဲ့ လက်သီးကနေပြီး မီးနဂါးတစ်ကောင်ဟာ ရန်လိုမှု အပြည့်နဲ့ ထွက်ပေါ် လာခဲ့ပါပြီ။ သူ့ရဲ့ ထွက်ပေါ်လာမှုက ပတ်ဝန်းကျင် လေထုတစ်ခုလုံးကို ပူစပ်ပူလောင် ဖြစ်သွားစေရုံသာမက လေဟာနယ် ဟင်းလင်းပြင် တစ်ခုလုံးကိုလည်း လှိုင်းအတွန့်တွန့် ဖြစ်ပေါ်သွားစေ ပါသေးတယ်။
***