← Chapters

လေသင်တုန်းဓားသွား စေတီ

Vol. 32 Ch. 427

လေသင်တုန်းဓားသွား စေတီ

Vol. 32 Ch. 427

“လာစမ်းပါ”

လီဖူချန်းက လုံးဝ နောက်မဆုတ်သွားပါဘူး။ သူက ခေါ့ယွင်ရဲ့ မီးလက်သီးကို သူ့ရဲ့လက်သီးနဲ့ ထိပ်တိုက် ခံဆောင်လိုက်ပါတယ်။

ဝုန်း ...

အလျှံတညီးညီး တောက်လောင်နေတဲ့ ဥက္ကာခဲနှစ်လုံး ထိပ်တိုက် တွေ့သွားသလိုပါပဲ။ ပတ်ဝန်းကျင် လေထုဟာ အဆတ်မပြတ် တုန်ခါသွားခဲ့သလို မီးတောက်မီးလျှံ တွေဟာလည်း အရပ်မျက်နှာ အကုန်လုံးကို လွင့်စင် ကုန်ပါတယ်။

အားနည်းတဲ့ အတွင်းစည်း အကြီးအကဲတွေ ဆိုရင် သူတို့ရဲ့ နေရာမှာ ရပ်တည် မနေနိုင်တော့ဘဲ လွင့်ထွက်ကုန် ကြပါတယ်။ အားနည်းတဲ့ အတွင်းစည်း အကြီးအကဲတွေကို အသာထားပါဦး။ သူတို့တွေထက် အားကောင်းတဲ့ အတွင်းစည်း အကြီးအကဲတွေတောင်မှ သည်တိုက်ခိုက်မှုကနေ ဖြစ်ပေါ်လာတဲ့ ဖိအားကို တောင့်မခံနိုင်ကြပါဘူး။ အကြီးအကဲတွေ အကုန်လုံးနီးပါးဟာ တိုက်ပွဲစက်ကွင်းနဲ့ လွတ်ကင်းရာ လွတ်ကင်းကြောင်းကို ဆုတ်သွားကြရပါတယ်။

ခေါ့ယွင် … ။

ခေါ့ယွင်ဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ပြီးတော့ သူ့ရဲ့ အရိုးတည်ဆောက်ပုံဟာ မီးဓာတ်ကို အထူးပြုတဲ့ အရိုးတည်ဆောက်ပုံ ဖြစ်ပါတယ်။

အဲသည်အတွက် သူ့ရဲ့ လက်သီးမှာ ချီအတွင်းအား၊ ကိရိယာ အင်းကွက်စွမ်းအားနဲ့ မီးလျှံစွမ်းအားတွေ ပါဝင်နေမှာ အသေအချာပါပဲ။ လက်သီးအားချင်း ယှဉ်လိုက်မယ် ဆိုရင်တော့ ခေါ့ယွင်ဟာ လီဖူချန်းထက် အားနည်းနေခြင်း မရှိပါဘူး။

“သည်ခွေး အဘိုးကြီးရဲ့ အစွမ်းကို သေသေချာချာ ဆန်းစစ်ပြီးမှ တစ်ချက်တည်းနဲ့ သတ်ပစ်ရမယ်”

လီဖူချန်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့ပါတယ်။

ခေါ့ယွင်က ယုလီနဲ့ လုံးဝ မတူပါဘူး။ သူ့ရဲ့ ခံနိုင်ရည်က ယုလီထက်ကို ပိုကောင်းပါတယ်။ တကယ်လို့သာ လီဖူချန်းအနေနဲ့ ခေါ့ယွင်ကို တစ်ချက်တည်းနဲ့ အသေမသတ်နိုင်ခဲ့ရင် နောက်တစ်ကြိမ် ထပ်ပြီး အခွင့်အရေး မရနိုင်တော့ပါဘူး။ လီဖူချန်းက သည်လိုအဖြစ်မျိုးကို မဖြစ်ချင်တဲ့ ပုံပါပဲ။

ဝုန်း ... ဝုန်း ... ဝုန်း ...

ကောင်းကင်ယံပေါ်မှာ ရှိနေတဲ့ ပညာရှင်နှစ်ယောက်ကတော့ လက်သီးချင်း ထိပ်တိုက် ရင်ဆိုင်ဖို့ကိုပဲ ရွေးချယ်ထားကြဟန် ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံမှုဟာ ဆယ်ကြိမ်ထက်မက ရှိနေခဲ့ပါပြီ။

ခန္ဓာကိုယ် သန့်စင်မှု လမ်းစဉ်မှာ အတော်လေး ခရီးရောက်နေပြီ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ တန်ပြန် သက်ရောက်မှုဒဏ်ကို လုံးဝ အမှု မထားပါဘူး။

အလားတူပါပဲ။ ခေါ့ယွင်ကလည်း အနီရောင် ကိရိယာအင်းကွက်ရဲ့ အကာအကွယ်ပေးမှုကို ရထားတဲ့အတွက် တန်ပြန် သက်ရောက်မှုဒဏ်ကို လျစ်လျူရှုထားပါတယ်။

“ကြည့်ရတာ ငါက မင်းကို အထင်သေးမိ သွားတာပဲ။ ဒါပေမဲ့ မင်းရဲ့ အစွမ်းက ငါ့ကို အနိုင်ယူဖို့တော့ မဖြစ်နိုင်သေးဘူး။ သေဖို့သာ ပြင်ထားပေတော့”

ချွမ် ...

စကားသံ အဆုံးမှာတော့ ခေါ့ယွင်ရဲ့ အနီရောင် ကိရိယာအင်းကွက်က နဂိုမူလတုန်းကထက် ပိုပြီးတော့ တောက်ပလာခဲ့ပါပြီ။ ဒါက သံကို နီရဲနေအောင် မီးဖုတ်ထားသလိုပါပဲ။ ပြီးတော့ ကြောက်စရာ ကောင်းလှတဲ့ စွမ်းအင်လှိုင်းတွေဟာလည်း ဖြာထွက်လာခဲ့ ပါသေးတယ်။

သည်စွမ်းအင်လှိုင်းတွေဟာ ဆန်းကြယ်အဆင့် လက်နက် ကိရိယာတွေကနေ ဖြာထွက်နေတဲ့ စွမ်းအင်လှိုင်းတွေလိုပါပဲ။ ဒါပေမဲ့လည်း သည်စွမ်းအင်လှိုင်းတွေက မြေကမ္ဘာအဆင့် လက်နက် ကိရိယာတွေကနေ ထွက်လာတဲ့ စွမ်းအင်လှိုင်းတွေနဲ့တောင် ဆင်တူနေပါတယ်။

ဒါက ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ လျှို့ဝှက် နည်းစနစ်ဖြစ်တဲ့ လူနဲ့ကိရိယာ ပေါင်းစပ်ခြင်း ပညာရပ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။

ရှင်းတိကောဝမ် စတင် ထွက်ပေါ် လာချိန်တုန်းကတော့ ခေါ့ယွင်ဟာ ယုလီထက် အားနည်း နေပါသေးတယ်။ အဲသည်အချက်ကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ခေါ့ယွင်ကတော့ ယုလီထက် အားကောင်းနေခဲ့ပါပြီ။

သူနဲ့ သွေးသန့်စင်မှု လက်နက်ကိရိယာ ပေါင်းစပ် ထားတာကလည်း ၆၀ ရာခိုင်နှုန်းတောင် ရှိနေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အတော်လေး မာကျော နေခဲ့ပြီလို့တောင် ဆိုနိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်က ခေါ့ယွင်ကို ဒဏ်ရာရအောင် လုပ်ချင်တယ် ဆိုရင်တော့ အဲသည်လူဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် လက်နက်ပစ္စည်း ကိရိယာတွေကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်း ရှိရပါမယ်။ မဟုတ်လို့ကတော့ ခေါ့ယွင်ကို အကြိမ်တစ်ရာမက ထိအောင် တိုက်ခိုက်နိုင်ရင်တောင်မှ ခေ့ါယွင်ရဲ့ ခန္ဓာကိုယ်ဟာ ဒဏ်ရာရမှာ မဟုတ်ပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ခေါ့ယွင်ရဲ့ ခန္ဓာကိုယ်ဟာ ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေထက်တောင်မှ ကြောက်စရာ ကောင်းနေခဲ့ပါပြီ။

သူတို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုပဲ လေ့ကျင့်ထားတယ် ဆိုပါစေဦး။ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသားတွေ ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ လူနဲ့ကိရိယာ ပေါင်းစပ်ခြင်း နည်းစနစ်ကို လေ့ကျင့်ထားတဲ့ သူတွေကတော့ အဲလို မဟုတ်ပါဘူး။ သူတို့တွေက လူသားတစ်ဝက်၊ လက်နက်ကိရိယာတစ်ဝက် ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသူတွေပါ။

ပြီးတော့ လူနဲ့ကိရိယာ ပေါင်းစပ်ခြင်း ပညာရပ်ကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ထားနိုင်တဲ့ သူတွေဟာ အနီးကပ် တိုက်ခိုက်မှုတွေမှာ ကြောက်စရာ ကောင်းလောက်အောင် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဟာ ဒဏ်ရာရမှာကို စိုးရိမ်နေစရာ မလိုလို့ပါပဲ။

“သံအဖြစ် ပြောင်းလဲခြင်း နတ်ဘုရားလက်သီး”

သည်လက်သီးသိုင်းဟာ အစောပိုင်းတုန်းက ခေါ့ယွင် အသုံးပြုခဲ့တဲ့ လက်သီးသိုင်းပဲ ဖြစ်ပေမဲ့လည်း ထွက်ပေါ်လာတဲ့ အရှိန်အဝါတွေကတော့ မတူတော့ပါဘူး။ ပြီးတော့ သူ့ရဲ့ လက်သီး တစ်ခုလုံးဟာလည်း ပိုပြီး နီရဲလာခဲ့ပါပြီ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သည်လက်သီးဟာ ပန်းပဲဖိုထဲကနေ လောလောလတ်လတ် ထွက်လာတဲ့ သံလက်သီး တစ်လုံးလိုပါပဲ။

"နေဝန်းစိမ်း ဓားဆန္ဒ”

လီဖူချန်းက အနောက်ကို ခြေတစ်လှမ်းဆုတ်ပြီး သူ့ရဲ့ ကြက်သွေးရောင် သွေးနီဓားကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေ ဖြစ်တည်လာခဲ့ပါပြီ။

ထန် ... ထန် ... ထန် ...

ဘန်း ...

ခေါ့ယွင်ရဲ့ လက်သီးသိုင်းဟာ သိုင်းကွက် အလှည့်အပြောင်းတွေ မပါတဲ့ ရိုးရိုးရှင်းရှင်း လက်သီးသိုင်း တစ်ခုပါပဲ။ ရိုးရှင်းလှတဲ့ လက်သီးတစ်လုံးဟာ ဓားအလင်းတန်း ၉၀ ရာခိုင်နှုန်း နီးပါးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျန်တဲ့ ၁၀ ရာခိုင်နှုန်းသော ဓားအလင်းတန်းတွေကတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာပါသေးတယ်။

ဒါပေမဲ့လည်း အဲသည်ဓားအလင်းတန်းတွေက ခေါ့ယွင်ရဲ့ ခန္ဓာကိုယ်ကို ခြစ်ရာလေးတွေ ထင်စေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

အခြားတစ်ဖက်မှာတော့ လီဖူချန်းဟာ ခေါ့ယွင်ရဲ့ လက်သီးချက်ကြောင့် မိုင်ပေါင်း အနည်းငယ်အကွာအထိ ဆုတ်ခွာလိုက်ရပါတယ်။

“ကောင်းလိုက်တဲ့ လက်သီးအား ... ။ လူနဲ့ကိရိယာ ပေါင်းစပ်ခြင်း နည်းစနစ်က တကယ် အစွမ်းထက်တာပဲ”

လီဖူချန်းက အတော်လေး အံ့အားသင့်မိသွားတာ အမှန်ပါပဲ။

ခွန်အားချင်း ထိပ်တိုက် ရင်ဆိုင်တဲ့ အခြေအနေမှာတော့ ခေါ့ယွင်ဟာ ယုလီထက် အများကြီး အားကောင်းနေခဲ့ပါပြီ။ ဒါပေမဲ့ လျင်မြန်မှု အပိုင်းမှာတော့ ခေါ့ယွင်ဟာ ယုလီလောက် မလျင်မြန်ပါဘူး။

“ငါ့ရဲ့ အဓိကပင်မ မီးလျှံစွမ်းအားနဲ့ ကြေးဝါရောင် ဓားအဆီအနှစ်ကို ထုတ်သုံးဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ သည်စွမ်းအား နှစ်ခုစလုံးကို ထုတ်သုံးခဲ့ရင်တောင်မှ သည်ခွေးအဘိုးကြီးကို တစ်ချက်တည်းနဲ့ သတ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ငါ့အနေနဲ့ ကောင်းကင်ပျက်သုဉ်းခြင်းဓားသိုင်းကိုပါ တွဲသုံးမှ ဖြစ်မယ်”

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းဟာ သူ့ရဲ့ အစွမ်းတွေကို အစွမ်းကုန် ထုတ်သုံးရင်တောင်မှ ခေါ့ယွင်ကို သတ်နိုင်ဖို့အတွက် ၈၀ ရာခိုင်နှုန်းလောက်သာ ယုံကြည်မှု ရှိပါတယ်။ ဒါပေမဲ့လည်း ဒါက လုံလောက်နေပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ သည်ကမ္ဘာပေါ်မှာ အမြဲတမ်း ကျိန်းသေ သေချာတယ် ဆိုတာက မရှိပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် နည်းနည်းပါးပါးတော့ စွန့်စားရတာပါပဲ။

“ကောင်းကင်ပျက်သုဉ်းခြင်း အင်းကွက် အသက်ဝင်စမ်း”

လီဖူချန်းက သူ့ရဲ့ အဓိကပင်မ မီးလျှံစွမ်းအားကို နေမင်းဇောအဟုန် ချီအတွင်းအားနဲ့ ရောနှောစေလိုက်ပြီး ကြေးဝါဓားချီတွေအဖြစ် ပြောင်းလဲစေကာ သူ့ရဲ့ လက်ကောက်ဝတ်မှာ ရှိတဲ့ ကောင်းကင် ပျက်သုဉ်းခြင်း ဓားအင်းကွက်ဆီသို့ ပို့ဆောင်လိုက်ပါတယ်။

တောက်ပပြီး ကျယ်ပြောလှတဲ့ ဓားအလင်းတန်းကြီး တစ်ခုဟာ လီဖူချန်းရဲ့ ဓားကနေ ထွက်ပေါ်လာခဲ့ပါပြီ။ သည်ဓား အလင်းတန်းကြီးက ဟင်းလင်းပြင် လေဟာနယ်ကိုတောက်မှ ဖြတ်တောက်ပစ်တော့မဲ့ ပုံပါပဲ။

ဟူး ... ဟူး ... ဟူး ...

ဓားအလင်းတန်းကြီးက ခေါ့ယွင်ကို စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်ကာ လွှမ်းခြုံသွားခဲ့ပါတယ်။

“မကောင်းတော့ဘူး”

အခြေအနေ မလှတော့ဘူး ဆိုတာကို ရိပ်မိတဲ့ ခေါ့ယွင်ကတော့ မျက်လုံးပြူးသွားခဲ့ပါပြီ။ သူ့အနေနဲ့ အနီရောင် ကိရိယာအင်းကွက်ရဲ့ အစွမ်းတွေကို အစွမ်းကုန် ထုတ်သုံးပြီး ခုခံမှသာ သက်သာရာ ရပါလိမ့်မယ်။

“မီးတောက်အကာအကွယ် လာစမ်း”

အနီရောင် ကိရိယာအင်းကွက်ထဲက နေပြီး မီးတန်းကြီးတစ်ခု ထွက်လာကာ ခေါ့ယွင်ရဲ့ ခန္ဓာကိုယ်ကို အကာအကွယ် ပေးလိုက်ပါတယ်။

ဒါပေမဲ့လည်း ဓားအလင်းတန်းကြီးကို ခုခံဖို့ဆိုတာက ထင်သလောက် မလွယ်ကူပါဘူး။

ရွှမ်း ... ရွှမ်း ... ရွှမ်း ...

ဓားအလင်းတန်းကြီးက မီးတန်းကြီးကို ဖြတ်ပိုင်းသွားသလို ခေါ့ယွင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ဓားဒဏ်ရာ အမြောက်အများကို ဖြစ်ပေါ်လာစေ ခဲ့ပါတယ်။ ခေ့ါယွင်ကို ကြည့်ရတာက အချိန်မရွေး ကွဲသွားတော့မဲ့ ကြွေပန်းအိုး တစ်လုံးလိုပါပဲ။

ဘန်း ...

ဓားအလင်းတန်း စက်ဝိုင်းကြီးက အားကုန်သွားပြီလို့ ထင်ရပေမဲ့လည်း လက်တွေ့မှာတော့ အားကုန်သွားခြင်း မရှိပါဘူး။ အဲသည် ဓားအလင်းတန်းကြီးက နောက်ဆုံးအနေနဲ့ ခေါ့ယွင်ကို တိုက်ခိုက် သွားပါသေးတယ်။ သည်တိုက်ခိုက်မှုကတော့ အစောပိုင်းတုန်းက တိုက်ခိုက်မှုထက်တောင်မှ ပိုပြီး ပြင်းထန်တယ်လို့ သတ်မှတ်ရမှာပါ။

အား ...

ခေါယွင်က အသံနက်ကြီးနဲ့ အော်ဟစ်ပြီး လွင့်ထွက်သွားခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ ရစရာ မရှိအောင် စုတ်ပြတ်သတ် သွားခဲ့သလို သူ့ရဲ့ ညာဘက်လက်ဟာလည်း ပြတ်ထွက်သွားခဲ့ပါပြီ။

သည်ဓားအလင်းတန်းဟာ အင်မတန် သိပ်သည်းနေရုံမက သဘာဝ နိယာမရဲ့ ထူခြားဆန်းကြယ်တဲ့ စွမ်းအင်တွေလည်း ခိုဝင်ကိန်းအောင်း နေပါသေးတယ်။ အဲသည်အတွက် ခေါ့ယွင်အနေနဲ့ သည်ဓားချက်ကို မခုခံနိုင်တာကလည်း သိပ်ပြီးတော့ မထူးဆန်းလှပါဘူး။

“လခွီးပဲ ... သည်အဘိုးကြီးက ငါ့ရဲ့ ဓားချက် မိသွားတာတောင်မှ မသေသေးဘူးလား”

လီဖူချန်းက ခေါ့ယွင်ရဲ့ ခံနိုင်ရည်ကိုတော့ အသိအမှတ် မပြုချင်လည်း ပြုရတော့မှာပါပဲ။

“ဒါပေမဲ့ ငါ့ရဲ့ တိုက်ခိုက်မှုက မပြီးသေးဘူးကွ”

လီဖူချန်းက ခေါ့ယွင်ဆီကို ပျံသန်း ဝင်ရောက်သွားပြီး လက်သီးနဲ့ အားရပါးရ ထိုးထည့်ပစ်လိုက်ပါတယ်။

ဘန်း ...

သည်လက်သီးချက်ကိုတော့ ခေါ့ယွင်ဟာ ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး။ လီဖူချန်းရဲ့ လက်သီးချက်ဟာ ခေါ့ယွင်ကို အပိုင်းပိုင်း၊ အစစ ဖြစ်သွားစေခဲ့ပါပြီ။

ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေဟာ မြန်ဆန်လွန်းလှပါတယ်။ အဲသည်အတွက် ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပါဘူး။

သူတို့ဟာ ခေါ့ယွင်ကို အကြွင်းမဲ့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ သည်ထက်ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင်တော့ သူတို့ဟာ ခေါ့ယွင်ရဲ့ ခံနိုင်ရည်ကို ယုံကြည်ခဲ့ကြတာပါ။ သူတို့သိထားတဲ့ ခေါ့ယွင်ဟာ လီဖူချန်းကို မယှဉ်နိုင်ရင်တောင်မှ သေစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့လည်း အခုတော့ ခေါ့ယွင်ဟာ လီဖူချန်းရဲ့ လက်ချက်နဲ့ သေသွားခဲ့ပါပြီ။ ဒါက လီဖူချန်းဟာ သည်လောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်းနဲ့ လက်သီးသိုင်းကို ထုတ်သုံးနိုင်လိမ့်မယ်လို့ ခေါ့ယွင်အနေနဲ့ မထင်မှတ် ထားတာကြောင့်လည်း သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။

“မျိုးမစစ်လေး ... ။ မင်းက ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ အထွတ်ခေါင်ချူပ် အကြီးအကဲကို သတ်ပြီးမှတော့ အသက်ရှင်လျက်နဲ့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”

ဆန်းကြယ်ကိရိယာ ဂိုဏ်းချုပ်ကတော့ အကြီးအကျယ် ဒေါသ ထွက်သွားပုံပါပဲ။ သူက အဓိက တောင်ထွတ်ပေါ်မှာရှိတဲ့ စစ်သင်္ဘောကြီးဆီကို အလျင်အမြန် ပျံသန်းသွားပြီး တိုက်ခိုက်ရေး စေတီဝင်္ကပါကို အသက်သွင်းလိုက်ပါတယ်။

ဝှီး ... ဝှီး ... ဝှီး ...

အဆက်မပြတ် လည်ပတ်နေတဲ့ အသံတွေနဲ့အတူ လေသင်တုန်း ဓားသွားတွေဟာ လီဖူချန်းရဲ့ အရှေ့မှာ ဖြစ်တည်လာခဲ့ပါပြီ။ သည်လေသင်တုန်းဓားသွားတွေရဲ့ လည်ပတ်နေမှုက အင်မတန် လျင်မြန်လွန်းလှတဲ့အတွက် လီဖူချန်း ကိုယ်တိုင်တောင်မှ အဖြူရောင် အလင်းတန်းတွေက လွဲပြီး ဘာကိုမှ သေသေချာချာ မမြင်ရတော့ပါဘူး။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဒါတွေက ဓားရဟတ်တွေလိုပါပဲ။

“အန္တရာယ်”

လီဖူချမ်းရဲ့ အသိစိတ်အာရုံကတော့ သူ့ကို သတိပေးလာခဲ့ပါပြီ။ လေသင်တုန်းဓားသွားတွေ ထွက်ပေါ်လာကတည်းက သူဖြန့်ကြက်ထားတဲ့ အသိစိတ်အာရုံ နယ်ပယ်ကနေပြီး စူးရှတဲ့ နာကျင်မှု တချို့ကို လီဖူချန်းတစ်ယောက် ခံစားလာရပါတယ်။ သူ့အနေနဲ့ သည်လို ခံစားမှုမျိုးကို တစ်ခါမှ မခံစားခဲ့ ဖူးပါဘူး။ ဒါက လုံးဝ အသစ်အဆန်း တစ်ခုပါပဲ။

ဝှစ် ...

လီဖူချန်းက လေသင်တုန်းဓားသွားတွေရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင်လိုက်ပါတယ်။

ရွှမ်း ...

ဝုန်း ...

မြေပြင်ပေါ်မှာတော့ တိုင်းတာလို့ မရနိုင်တဲ့ အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာခဲ့ပါပြီ။ သည်အက်ကွဲရာကြီးကတော့ လေသင်တုန်းဓားသွားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာ အသိသာကြီးပါပဲ။

“သည်လေသင်တုန်းဓားသွားတွေကို အထိခံလို့ မဖြစ်ဘူး။ ဒါတွေက ငါ့ကို ဒဏ်ရာ အကြီးအကျယ် ရသွားစေနိုင်တယ်”

သည်လေသင်တုန်းဓားသွားတွေဟာ ရှင်းတိကောဝမ်ကိုတောင်မှ ဒဏ်ရာ အကြီးအကျယ် ရစေခဲ့တာပါ။ အဲသည်အတွက် လီဖူချန်းအနေနဲ့ သည်လေသင်တုန်းဓားသွားတွေရဲ့ တိုက်ခိုက်မှုကို လုံးဝ အထင် မသေးဝံ့တာ အမှန်ပါပဲ။ သူ့ရဲ့ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာကလည်း သည်လေသင်တုန်းဓားတွေကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မယ် ဆိုတာ သူ့အနေနဲ့ သေသေချာချာ မသိပါဘူး။

ဟူး ... ဟူး ... ဟူး ...

လေသင်တုန်းဓားသွားတွေက တစ်ခုပြီးတစ်ခု အဆက်မပြတ် တိုက်ခိုက်နေတဲ့အတွက် လီဖူချန်းဟာ လုံးဝအနားမရဘဲ ရှောင်တိမ်း နေရပါတယ်။

“ငါတို့အားလုံး ပေါင်းပြီး သူ့ကို တိုက်ခိုက်ကြရအောင်။ သည်ကောင် ဘယ်လိုလုပ်ပြီး ရှောင်မလည်း ဆိုတာကို ငါကြည့်ချင်တယ်”

“အေး”

အထွတ်ခေါင်ချုပ် အကြီးအကဲတစ်ယောက်က အဆိုပြုလိုက်ပါတယ်။ ကျန်ရှိနေတဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေကလည်း မငြင်းကြပါဘူး။ ထို့နောက်မှာတော့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေနဲ့ အခြားသော အကြီးအကဲတွေ အကုန်လုံးဟာ တိုက်ပွဲထဲကို ဝင်ပါလာကြပါပြီ။ သူတို့အားလုံးရဲ့ ပစ်မှတ်ကတော့ လီဖူချန်းပါပဲ။

“မူဘူတဓား လာစမ်း”

လီဖူချန်းကလည်း သည်အတိုင်း ငြိမ်ခံ မနေပါဘူး။ သူက ကြေးဝါရောင် မူလဘူတဓားတွေကို ဆင့်ခေါ်လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

အရေအတွက် ငါးသောင်းရှိတဲ့ မူလဘူတ ကြေးဝါဓားတွေဟာ ကောင်းကင်ယံမှာ ပြည့်နှက် သွားခဲ့ပါပြီ။

“အကုန်လုံးကို တိုက်ခိုက်လိုက်စမ်း”

လီဖူချန်းရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ ငါးသောင်းသော မူလဘူတ ကြေးဝါဓားတွေဟာ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အကြီးအကဲတွေကို အညှာအတာ ကင်းမဲ့စွာနဲ့ တိုက်ခိုက်ပါတော့တယ်။

“အား ... ရက်စက်လိုက်တာ”

“ကယ်ကြပါဦး”

“အမယ်လေး သေပါပြီဗျ”

သွေးရူးသွေးတန်း အော်ဟစ်သံတွေ အဆက်မပြတ် ထွက်ပေါ်လာပြီး နောက်မှာတော့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေဟာ ကောင်းကင်ယံပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျသွားခဲ့ပါပြီ။

မူလဘူတဓား အရေအတွက် ငါးသောင်းကို ရင်ဆိုင်ရတယ် ဆိုတာက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အရေအတွက် တစ်သောင်းနဲ့ ရင်ဆိုင်ရသလိုပါပဲ။ အဲသည်အတွက် ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေဟာ မူလဘူတ ကြေးဝါဓားတွေကို ဘယ်လိုမှ ပြန်လည် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူတို့အနေနဲ့ မသေရင်တောင်မှ အတော်လေး ကံကောင်းလှပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

***

All Chapters