← Chapters

တိုက်တစ်ခုလုံးကို တုန်လှုပ်စေခြင်း

Vol. 32 Ch. 428

တိုက်တစ်ခုလုံးကို တုန်လှုပ်စေခြင်း

Vol. 32 Ch. 428

သည်မူလဘူတ ကြေးဝါဓား ၅ သောင်းကတော့ လီဖူချန်းရဲ့ နောက်ဆုံး ဝှက်ဖဲဖြစ်ပါတယ်။ သည်မူလဘူတကြေးဝါဓားတွေကို အကုန်သုံးပြီးသွားပြီ ဆိုတာနဲ့ သူဟာ နောက်ထပ် အချိန်တိုအတွင်းမှာ မူလဘူတဓား လျှို့ဝှက်နည်းစနစ်ကို ထပ်သုံးနိုင်မှာ မဟုတ်တော့တာပါဘူး။ လီဖူချန်းဟာ သည်မူလဘူတဓားတွေကို ပြန်လည် အသုံးပြုနိုင်ဖို့အတွက် ဆိုရင်တော့ ရက်ပေါင်း တော်တော်ကြာကြာ စောင့်ရပါလိမ့်မယ်။

ဒါပေမဲ့လည်း လီဖူချန်းအနေနဲ့ တခြားရွေးစရာလမ်း မရှိပါဘူး။ ဆန်းကြယ်ကိရိယာ ဂိုဏ်းဘက်က အကြီးအကဲ အရေအတွက်ဟာ အတော်လေး များနေပါတယ်။ အဲသည်အတွက် သူဟာ မူလဘူဓားကို ထုတ်သုံးမှကို ရတော့မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ တစ်ယောက်နဲ့အများ တိုက်ခိုက်တဲ့ နေရာမှာတော့ မူလဘူတဓား လျှို့ဝှက်နည်းစနစ်က အသုံးအဝင်ဆုံးပါပဲ။

အတွင်းစည်း အကြီးအကဲတွေ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ပေါ်ကနေ ပြုတ်ကျနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့ ဆန်းကြယ်ကိရိယာဂိုဏ်းချုပ်ဟာ စိုးရိမ်စိတ်တွေ ဝင်လာခဲ့ပါပြီ။သူက လီဖူချန်းကို ခြိမ်းခြောက်ဖို့ ကြိုးစားလိုက်ပါတယ်။

“လီဖူချန်း ... မင်းရဲ့ တိုက်ခိုက်မှုကို အခုရပ်ပြီး အညံ့ခံစမ်း။ မဟုတ်ရင်တော့ မင်းရဲ့ လီကလန်သားတွေ အကုန်လုံး အသက်ပျောက် သွားလိမ့်မယ်။ မင်းရဲ့ ဝင်္ကပါဘုတ်ပြားက လေသင်တုန်းဓားသွားစေတီရဲ့ တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်ဘူးနော်”

လီဖူချန်းက မထီတရီ ပြုံးလိုက်ပြီး အေးစက်စက် လေသံဖြင့် …

“ခင်ဗျား သတ္တိရှိရင် စမ်းကြည့်လိုက်လေ။ လီကလန်သားတစ်ယောက် သေတာနဲ့ ခင်ဗျားတို့ ဆန်းကြယ် ကိရိယာဂိုဏ်းက မျိုးဆက်သစ်တွေ အကုန်လုံး သေပြီလို့သာ မှတ်လိုက်။ ကျုပ်က ခင်ဗျားတို့ တစ်ဂိုဏ်းလုံးကို ပြန်ပြီး မျိုးဖြုတ်ပစ်မယ်”

လီဖူချန်းက လုံးဝ အညံ့မခံပါဘူး။ သူက သည်အခြေအနေမျိုးကို ကောင်းကောင်းကြီး သိပါတယ်။ တကယ်လို့ သူသာ အညံ့ခံလိုက်မယ်ဆိုရင် သူ့ရဲ့ ဖခင်ဖြစ်သူ လီရှန်းဟန်နဲ့ လီကလန်သားတွေရဲ့ ဘဝဟာ ရေစုန်မျော သွားတော့မှာ အသေအချာပါပဲ။ အဲသည်အတွက် သူက အလောင်းအစား လုပ်လိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ တွက်ချက်မှုအရ ဆိုရင်တော့ ဆန်းကြယ် ကိရိယာဂိုဏ်းချုပ်ဟာ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ မျိုးဆက်သစ်တွေကို အဆုံးရှုံး ခံရဲမှာ မဟုတ်ပါဘူး။

“လီဖူချန်း ... မင်း ... မင်း ... ”

ဆန်းကြယ် ကိရိယာဂိုဏ်းချုပ်က ဘာဆက်ပြောလို့ ပြောရမယ်မှန်း မသိအောင်ကို ဆွံ့အသွားခဲ့ပါပြီ။ သူက လီဖူချန်းကို အလျော့မပေးချင်ပါဘူး။ ဒါပေမဲ့လည်း အခြေအနေက အလျော့ပေးမှကို ရတော့မှာပါ။

“သေစမ်းကွာ”

ဝှီး ... ဝှီး ... ဝှီး ...

ဆန်းကြယ် ကိရိယာဂိုဏ်းချုပ်ဟာ လုံးဝ ရွေးချယ်စရာ မရှိတော့တဲ့အတွက် လေသင်တုန်းဓားသွားစေတီနဲ့ လီဖူချန်းကို အလစ်အငိုက်ဖမ်း တိုက်ခိုက်လိုက်ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုက လီဖူချန်းအပေါ်မှာ သက်ရောက်မှု မရှိခဲ့ပါဘူး။ လီဖူချန်းရဲ့ အသိစိတ်အာရုံ ခံစားမှုက အလွန်တရာမှ အစွမ်းထက်လွန်း နေပါတယ်။ သူက လေသင်တုန်းဓားသွားတွေ မလာခင် ကတည်းကတင် မူလနေရာကနေ ခုန်ထွက်သွားခဲ့ပါပြီ။

အချိန်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ ကောင်းကင်ပေါ်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျတဲ့ အတွင်းစည်း အကြီးအကဲ အရေအတွက်ဟာ ပိုပိုပြီး များလာခဲ့ပါတယ်။

ဆန်းကြယ် ကိရိယာဂိုဏ်းချုပ်က သည်အဖြစ်အပျက်ကို ဘယ်လိုမှ ကြည့်မနေနိုင်တော့ပါဘူး။

အား ... အား ...

အဲသည်အတွက်သူဟာ အရူးတစ်ယောက်လို အော်ဟစ်လိုက်ပါတယ်။ သူ့အတွက်ကတော့ အခုအခြေအနေဟာ အတော်လေးကို ဆုံးဖြတ်ရ ခက်နေပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းကို ဆက်ပြီး တိုက်ခိုက်နေဦးမယ် ဆိုရင် အတွင်းစည်း အကြီးအကဲတွေဟာ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ပါဘူး။

လီကလန်သားတွေကို တိုက်ခိုက်မယ် ဆိုပြန်တော့လည်း လီဖူချန်းက သူပြောထားတဲ့ အတိုင်း ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ မျိုးဆက်သစ်တွေ အကုန်လုံးကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေပြန်ပါတယ်။

ဒါပေမဲ့ ပြဿနာက သူဟာ လီဖူချန်းကို လုံးဝ အညံ့ခံလိုစိတ် မရှိတာပါဘဲ။ အဲသည်အတွက် သူဟာ လီဖူချန်းကို အညံ့ခံဖို့ သင့်၊ မသင့် ဝေခွဲမရ ဖြစ်နေပါတယ်။

“ဂိုဏ်းချုပ် ... ဆက်ပြီး တွေဝေနေလို့ မရတော့ဘူးနော်။ ဂိုဏ်းချုပ်အနေနဲ့ ရေရှည်ကို ကြည့်မှ ရမယ်။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင် ဆန်းကြယ် ကိရိယာဂိုဏ်းမှာ အတွင်းစည်း အကြီးအကဲ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။ ကျုပ်ကတော့ ဘာမှ မဟုတ်တဲ့ ကိစ္စလောက်နဲ့ အတွင်းစည်းအကြီးအကဲတွေ အကုန်လုံးရဲ့ အသက်ကို ရင်းဖို့ မသင့်ဘူးလို့ ထင်တယ်”

ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကတော့ လုံးဝ စိတ်မရှည်တော့ဘူး။ အဲသည်အတွက်သူဟာ ဂိုဏ်းချုပ်ဖြစ်သူကို အညံ့ခံဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။

သူ့ရဲ့ အမြင်အရ ဆိုရင်တော့ လီဖူချန်းဟာ ဆန်းကြယ်ကိရိယာဂိုဏ်းတစ်ခုလုံးကို အမျိုးဖြုတ် သုတ်သင်ဖို့အတွက် လာခဲ့တာ မဟုတ်ပါဘူး။ သူက အထွတ်ခေါင်ချုင် ပင်မအကြီးအကဲဖြစ်တဲ့ ခေါ့ယွင်ကို လက်တုံ့ပြန်ဖို့နဲ့ လီကလန်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးထားတဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းကို ပညာပေးဖို့ အတွက် ရောက်လာခဲ့တာပါ။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဆန်းကြယ်ကိရိယာဂိုဏ်းနဲ့ လီဖူချန်းရဲ့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ သည်ပြဿနာတွေရဲ့ အစက ခေါ့ယွင်ကနေ အရင်းတည်လာတာ ဖြစ်ပါတယ်။ အခုတော့ ခေါ့ယွင်လည်း သေသွားပြီ ဖြစ်သလို ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အကြီးအကဲ တော်တော်များများဟာလည်း သေဆုံးသွားခဲ့ပါပြီ။ အဲသည်အတွက် လီဖူချန်းအနေနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းကို ဆက်ပြီး တိုက်ခိုက်စရာ ဘာအကြောင်းမှ မရှိတော့ပါဘူး။ ဒါပေမဲ့ ဆန်းကြယ်ကိရိယာ ဂိုဏ်းချုပ်က အလျော့မပေးဘဲ ဆက်လက်ပြီး တိုက်ခိုက်နေမယ် ဆိုရင်တော့ နောက်ဆုံးမှာ သူတို့ဆန်းကြယ် ကိရိယာဂိုဏ်းသာ ပိုပြီး နစ်နာရမှာပါ။ သည်အခြေအနေ အတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ဆန်းကြယ် ကိရိယာဂိုဏ်းဟာ အရှေ့ယူနီကွန်းတိုက်မှာ ရပ်တည်နိုင်စွမ်း ရှိတော့မှာတောင် မဟုတ်ပါဘူး။

အဲသည်ထက် ပိုအရေးကြီးတာက သူတို့ဟာ လီဖူချန်းကို သတ်ဖို့အတွက် လုံလောက်တဲ့ နည်းလမ်း မရှိတာပါပဲ။ တကယ်လို့ သူတို့ဆီမှာသာ လီဖူချန်းကို သတ်ဖို့အတွက် နည်းလမ်းရှိခဲ့မယ် ဆိုရင်တော့ ဘယ်လောက်ပဲ ရင်းရရင်းရ တန်ပါသေးတယ်။

“ဂိုဏ်းချုပ် ... အကြီးအကဲဝူ ပြောတာ မှန်တယ်။ တောင်ကြီးတစ်ခုလုံး ရှိနေသေးသရွေ့ ထင်းမရှိမှာ မပူရဘူး။ ဒါပေမဲ့ တောင်ကြီး တစ်ခုလုံး ပြိုသွားရင်တော့ အရာအားလုံးဟာ ပြီးသွားပြီ”

အခြားသော အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကလည်း အညံ့ခံဖို့အတွက် ဖျောင်းဖျလိုက်ပါတယ်။

ဆန်းကြယ် ကိရိယာဂိုဏ်းဟာ ကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့နေရပါပြီ။ အဲသည်အတွက် သူတို့အနေနဲ့ ခေါင်းမာနေလို့ မရတော့ပါဘူး။

ဆန်းကြယ် ကိရိယာဂိုဏ်းချုပ်ကလည်း အထွတ်ခေါင်ချုပ် အကြီးအကဲတွေ ပြောတာကို တွေးမိတာပါပဲ။ ဒါပေမဲ့ ပြဿနာက သူဟာ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်နေတာပါ။သူက ခေတ်အဆက်ဆက် တည်တံ့ခဲ့တဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းဟာ ဓားတစ်လက်နဲ့ လူငယ်တစ်ယောက်ကို အရှုံးပေးလိုက်ရတယ် ဆိုတာမျိုးကိုလည်း မဖြစ်စေချင်သလို ရာစုနှစ်ပေါင်းများစွာ ဂုဏ်အရှိန်အဝါ ကြီးမားစွာနဲ့ တည်တံ့ခဲ့တဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းဟာ သူ့လက်ထက်ရောက်မှ ပျက်စီး သွားတာမျိုးကိုလည်း မလိုချင်ပါဘူး။

အဲသည်အရာတွေက သူ့ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့အတွက် ပိုပြီး ခက်ခဲစေခဲ့တာပါ။

အဲသည် အချိန်မှာပဲ လီဖူချန်းက …

“ခေါ့ယွင်က ကျုပ်ရဲ့ ရှေးဟောင်း ရတနာပစ္စည်းတွေကို လိုချင်တပ်မက်စိတ် ရှိတဲ့အတွက် သည်ကိစ္စ ဖြစ်လာခဲ့တာ။ အဲသည်အတွက် ကျုပ်က သူ့ကို သတ်ခဲ့ပြီးပြီ။ ခင်ဗျားတို့ ဆန်းကြယ် ကိရိယာဂိုဏ်းကလည်း ခေါ့ယွင်ကို အကူအညီပေးပြီး ကျုပ်ရဲ့ လီကလန်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး မတရား ညှဉ်းပန်း နှိပ်စက်ခဲ့တယ်။ အဲသည်အတွက်ကိုလည်း ကျုပ်က လက်တုံ့ပြန်ခဲ့ပြီးပြီ။ သည်တော့ ကျုပ်နဲ့ ခင်ဗျားတို့ ဆန်းကြယ်ကိရိယာ ဂိုဏ်းအကြားမှာ ဘာရန်ငြိုးမှ မရှိတော့ဘူး။ အခု ကျုပ်က ဆက်မတိုက်တော့ဘဲ ကျုပ်ရဲ့ လီကလန်သားတွေကို ခေါ်ပြီး ထွက်သွားပေးမယ်။ ခင်ဗျား ဘယ်လို သဘောရလဲ”

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ သူ့အဖေရဲ့ အသက်ကို ရင်းပြီး အလောင်းအစား မလုပ်ချင်ပါဘူး။ သူ့အတွက်ကတော့ သူ့အဖေ လီရှန်းဟန်ရဲ့ အသက်ဟာ ဆန်းကြယ်ကိရိယာ တစ်ဂိုဏ်းလုံးထက် တန်ဖိုး ရှိပါတယ်။

သူက အခုအချိန်မှာတော့ လီကလန်သားတွေကို ဆန်းကြယ် ကိရိယာဂိုဏ်းကနေ ခေါ်ထုတ်သွားချင် စိတ်ကလွဲပြီး အခြားရည်ရွယ်ချက် မရှိပါဘူး။ အရှေ့ယူနီကွန်းတိုက်ဟာ ကြီးမားလွန်းလှပါတယ်။ လီကလန်သားတွေ ရှိနေသရွေ့တော့ လီကလန်ကို ပြန်လည် ထူထောင်ဖို့က မခဲယဉ်းလှပါဘူး။

“လီဖူချန်း. ... ငါတို့ ဆန်းကြယ် ကိရိယာဂိုဏ်းက သည်နေ့စော်ကားခံရမှုကို အမြဲတမ်း သတိရနေလိမ့်မယ်”

နောက်ဆုံးမှာတော့ ဆန်းကြယ် ကိရိယာဂိုဏ်းချုပ်ဟာ လေသင်တုန်းဓားသွား စေတီရဲ့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပါပြီ။ ဒါပေမဲ့လည်း သူက အံတကျိတ်ကျိတ်တော့ ရှိနေဆဲပါပဲ။

“ပြဿနာ မရှိဘူး။ အမြဲတမ်း အမှတ်ရနေရင် ပိုကောင်းတာပေါ့”

လီဖူချန်းကလည်း သူ့ရဲ့ မူလဘူတ ကြေးဝါဓားတွေကို ပြန်သိမ်းလိုက်ပါတယ်။ သူက မူလဘူတ ကြေးဝါဓား နှစ်သောင်းကျော်လောက်ကို သုံးပြီးသွားခဲ့ပါပြီ။

“ငါ့ရဲ့ စိတ်မပြောင်းခင် အမြန် ထွက်သွားကြတော့”

ဆန်းကြယ် ကိရိယာဂိုဏ်းချုပ်က သူ့ရဲ့ လူသတ်ချင်စိတ်တွေကို အတင်းအကျပ် ချုပ်တည်းထားပုံပါပဲ။ သူက လီဖူချန်းကို လုံးဝ မကြည့်တော့ပါဘူး။ ဒါက လီဖူချန်းကို မြင်နေရရင် သူ့ရဲ့ လူသတ်ချင်စိတ်တွေ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်လာမှာကို ကြိုတင် သိနေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

“ဟီး ... ဟီး ... ။ ကျေးဇူးပဲ ... သွားပြီဗျို့”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ လီရှန်းဟန်နဲ့ အခြားသူတွေဆီကို ပျံသန်းသွားခဲ့ပါတယ်။

“သွားကြမယ်ဟေ့”

ဟူး ... ဟူး ...

ထို့နောက်မှာတော့ သူဟာ လီကလန်သားတွေ ရှိနေတဲ့ ဝင်္ကပါကို ချီစွမ်းအင်တွေနဲ့ ထိန်းချုပ်ပြီး ထွက်သွားခဲ့ပါပြီ။

ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်နေရင်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ နံပါတ်တစ် ထွတ်ခေါင်ပါရမီရှင်ဖြစ်တဲ့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်က စိတ်ထဲကနေ ကြိမ်းဝါးလိုက်ပါတယ်။

“လီဖူချန်း ... တစ်နေ့ကျရင် ငါမင်းထက်ကိုပိုပြီး အစွမ်းထက် လာစေရမယ်”

သည်နေ့ ဆန်းကြယ်ကိရိယာဂိုဏ်း အရှက်ခွဲခံ ရခြင်းဟာ ချီဟန် အရှက်ခွဲခံရခြင်းနဲ့ အတူတူပါပဲ။ သည်ဖြစ်ရပ်က သူ့အပေါ်မှာလည်း တစ်နည်းတစ်ဖုံ သက်ရောက်မှု ရှိတာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူနဲ့ လီဖူချန်းကြားက ကွာဟချက်ဟာ မိုးနဲ့မြေကြီးလောက် ရှိနေပါပြီ။ အဲသည်အတွက် သူဟာ ပါးစပ်ကနေတော့ ထုတ်ပြီး မကြိမ်းဝါးရဲပါဘူး။ တကယ်လို့ သူ့အနေနဲ့ ပါးစပ်ကနေ ထုတ်ပြီး ကြိမ်းဝါးလိုက်မယ် ဆိုရင် လူတွေအားလုံးက သူ့ကို လှောင်ပြောင် ရယ်မောနေပါလိမ့်မယ်။

ရှေးဆိုရိုး စကားတစ်ခွန်းတောင် ရှိပါသေးတယ်။

“မြစ်တစ်စင်းဟာ အရှေ့အရပ်ကို အနှစ်သုံးဆယ် စီးဆင်းပြီးရင် အနောက်ကို အနှစ်သုံးဆယ် စီးဆင်းတယ်” တဲ့။

အဲသည်အတွက် ချီဟန်ဟာ သူ့အနေနဲ့ လီဖူချန်းကို လိုက်မမီဘူးဆိုတာကို လုံးဝ လက်မခံပါဘူး။

“ငါတို့ လွတ်ပြီ ... ကျွတ်ပြီဟေ့ ...”

လီကလန်သားတွေကတော့ အပျော်ကြီး ပျော်နေကြပါပြီ။

သူတို့အတွက်ကတော့ ဆန်းကြယ်ကိရိယာဂိုဏ်းဟာ တကယ့်ကို ဆင်းရဲဒုက္ခအပြည့်နဲ့ ငရဲတွင်းတစ်ခုပါပဲ။

“အဖေ ... ။ ကျွန်တော် မရှိတဲ့အခိုက်မှာ အဖေတို့အားလုံး ဒုက္ခတွ ခံစားခဲ့ရပြီ။ ဒါပေမဲ့ အခုချိန်ကစပြီး လီကလန်ကို ဘယ်သူမှ အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်တော် ပြောတာကို ယုံထားလိုက်။ အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးက လီကလန်ကို ကြောက်နေစေရမယ်”

လီဖူချန်းက လီကလန်သားတွေ အားလုံး ခံစားနေရတဲ့ အကြောက်တရားကို နားလည်ပါတယ်။ လီကလန်သားတွေဟာ အသည်းငယ်တဲ့ ယုန်သူငယ်တွေလို ဖြစ်နေကြပါပြီ။ အဲသည်အတွက် သူဟာ လီကလန်သားတွေရဲ့ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးဖို့အတွက် အခုလို စကားမျိုးကို ပြောလိုက်ရတာပါ။

သူ့ရဲ့ စကားက အလွန်အမင်း ဝင့်ကြွားရာ ကျရင် ကျနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါက လက်ရှိ ဖြစ်တည်မှု အမှန်တရားပါပဲ။ အခုချိန်ကစပြီး အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးဟာ လီကလန်ကို ကြောက်နေရတော့မှာ ဖြစ်ပါတယ်။

“ဖူချန်း ... မင်းက ကောင်းကောင်း ကြီးပျင်းလာပြီပဲ။ငါတို့ လီကလန်က မင်းလို ထွတ်ခေါင် ပါရမီရှင် တစ်ယောက်ကို မွေးထုတ်နိုင်တဲ့အတွက် ဘယ်နတ်ဘုရားကို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး”

သည်စကားကိုတော့ လီကလန်ရဲ့ အကြီးအကဲတစ်ယောက်က ပြောလာခဲ့တာပါ။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းဦးဆောင်တဲ့ လီကလန်သားတွေဟာ ဖုန်းရွှယ်ဂိုဏ်းကို ရောက်လာခဲ့ကြပြီ။

ဖုန်းရွှယ်ဂိုဏ်း တစ်ခုလုံးကတော့ အုတ်အော်သောင်းတင်းပါပဲ။ ဖုန်းရွှယ်ဂိုဏ်းရဲ့ အကြီးအကဲတွေ အကုန်လုံးသာမက အထွတ်ခေါင်ချုပ် ပင်အကြီးအကဲဖြစ်သူ မူဟန်ရှင်း ကိုယ်တိုင်တောင်မှ လီဖူချန်းကို ထွက်ပြီး ကြိုဆိုနေကြပါတယ်။

အဲသည် ကြိုဆိုနေတဲ့ သူတွေထဲမှာဆိုရင် ဆီးနှင်းရေခဲ နတ်မိမယ် စုလင်းလည်း ရှိနေပါတယ်။ သူ့ကို ကြည့်ရတာကတော့ အတော်လေး စိတ်ရှုပ်ထွေးနေတဲ့ ပုံပါပဲ။

သူတို့တွေ ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံး ၁၀ ယောက်ဟာ ထွတ်ခေါင်ပါရမီတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ လီဖူချန်းကတော့ အနောက်မှာ ချန်ကာ ကျော်ဖြတ်သွားခဲ့ပါပြီ။ သူတို့အနေနဲ့ လီဖူချန်းရဲ့ အမြီးကို လှမ်းဆွဲပြီး လိုက်ရင်တောင် မမီလောက်တော့ပါဘူး။

တကယ်လို့ သူတို့တွေက ပိုစုန်းကြူးတွေ ဆိုရင် လီဖူချန်းက နေမင်းကြီး တစ်စင်းပါပဲ။ လီဖူချန်းက မျိုးဆက်သစ် လူငယ်တွေကို မျက်လုံးထဲ မထည့်ထားရုံမက ဝါစဉ်ကြီး မျိုးဆက်တွေကိုလည်း ဂရုစိုက်စရာ မလိုတော့တဲ့အထိ အစွမ်း ထက်နေခဲ့ပါပြီ။ အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးမှာတောင်မှ လီဖူချန်းကို ယှဉ်နိုင်တဲ့သူဟာ နှစ်ယောက်၊ သုံးယောက်လောက်သာ ရှိနိုင်ပါတော့မယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ စုလင်းဟာ လီဖူချန်းကို အတော်လေး မနာလိုမိပါတယ်။

ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိတဲ့ အစွမ်းမျိုးကို မလိုချင်ဘူးဆိုတဲ့ လူတော့ ရှိမှာ မဟုတ်ပါဘူး။ ဒါက အရှေ့ယူနီကွန်းတိုက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့ အစွမ်းအစမျိုးပင် မဟုတ်ပါလား။

ဖုန်းရွှယ်ဂိုဏ်းထဲမှာတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေလည်း ရောက်နေကြပါတယ်။

လီဖူချန်းတစ်ယောက် မိုးကြိုးနတ်ဘုရားဂိုဏ်းကို အနိုင်ယူ့ပြီး ဆန်းကြယ် ကိရိယာဂိုဏ်းဆီ ထွက်သွားပြီ ဆိုကတည်းက ဖုန်းရွှယ်ဂိုဏ်းဟာ မိုးပြာရောင်ဂိုဏ်းကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြန်ပေးခဲ့ပြီးပါပြီ။

လီဖူချန်းလို လူတစ်ယောက် ရှိနေတဲ့ မိုးပြာရောင်ဂိုဏ်းကိုတော့ ဖုန်းရွှယ်ဂိုဏ်း အနေနဲ့ ဘယ်လိုမှ မအုပ်ချုပ်ရဲပါဘူး။

အိုးရန်ဝမ်းထင်နဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ အကြီးအကဲတွေကတော့ အိပ်မက်တစ်ခု မက်နေသလားလို့တောင် ခံစားနေရပါတယ်။

လီဖူချန်းတစ်ယောက် မိုးကြိုးနတ်ဘုရားဂိုဏ်းကို စာရင်းရှင်းဖို့အတွက် ထွက်သွားပြီဆိုတဲ့ သတင်းကို ကြားတုန်းက သူတို့ဟာ သူတို့ရဲ့ နားကိုတောင်မှ သူတို့ မယုံရဲကြပါဘူး။ လီဖူချန်းက ဘယ်လောက်ပဲ အစွမ်းထက်တယ် ဆိုပါစေဦး။ အဆုံးမှာတော့ သူဟာ အလွန်ငယ်ရွယ်တဲ့ လူငယ်လေး တစ်ယောက်ပါပဲ။ မိုးကြိုးနတ်ဘုရား ဂိုဏ်းကို ဖိနှိပ်အနိုင်ယူတယ် ဆိုတာက ရှင်းတိကောဝမ် (ဝါ) မကောင်းဆိုးဝါး ဘုရင်တောင်မှ တတ်နိုင်စွမ်းရှိတဲ့ အရာ မဟုတ်ပါဘူး။ ဘယ်လိုလုပ်ပြီး သည်လို လူငယ်တစ်ယောက်က မိုးကြိုးနတ်ဘုရားဂိုဏ်းကို ဖိအားပေးနိုင်စွမ်း ရှိမှာပါလိမ့်ဆိုပြီး သူတို့ဟာ သံသယ ဝင်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အခုတော့ သူတို့ရဲ့ သံသယတွေဟာ လုံးလုံးကို ပျောက်ကွယ်သွားခဲ့ပါပြီ။

မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ကနေ လီကလန်သားတွေကို ပြန်ပြီး ခေါ်လာနိုင်တယ် ဆိုကတည်းက လီဖူချန်းရဲ့ အစွမ်းကို မှန်းဆနေနိုင်ပြီ မဟုတ်ပါလား။

မိုးပြာရောင်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်တွေဟာလည်း လီဖူချန်းကို လေးစားအားကျတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့် နေကြပါတယ်။ လီရှင်းယု၊ ချန်ယွန်ဟူ၊ ရှုဖန်း၊ လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ကလည်း အဲသည် လူငယ်တွေထဲမှာ အပါအဝင်ပါပဲ။

သူတို့အားလုံးဟာ တကယ့် ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦးကို အသက်ရှင်လျက်သား မြင်နေရသလိုလည်း ခံစားနေရပါတယ်။

အရင်တုန်းကတော့ သူတို့ဟာ အချိန်အတိုင်းအတာ တစ်ခုကို ရောက်တဲ့အခါမှာ လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းကို လိုက်မီ နိုင်လိမ့်မယ်လို့ တွေးထင် ထားခဲ့ကြတာပါ။ ဒါပေမဲ့လည်း အခုတော့လည်း သူတို့ရဲ့ အတွေးတွေဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။

သူတို့အနေနဲ့ လီဖူချန်းကို လိုက်မီနိုင်မယ်လို့ တွေးချင်ရင်တော့ ပထမဦးဆုံးအနေနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်မှ ရပါလိမ့်မယ်။ မဟုတ်လို့ကတော့ သူတို့ အနေနဲ့ သည်လို အတွေးမျိုးကိုတောင် တွေးဖို့အတွက် မထိုက်တန်ပါဘူး။

မိုးပြာရောင်ဂိုဏ်းရဲ့ မျိုးဆက်သစ် လူငယ်တွေကြားမှာတော့ ကောင်းရှုတစ်ယောက်လည်း ပါရှိနေပါသေးတယ်။ သူရဲ့မျက်နှာပေါ်မှာတော့ စိတ်ပျက်မှုတွေက အထင်းသားပါပဲ။ သူက အခုဆိုရင် လီဖူချန်းနဲ့ စေ့စပ်ထားတာကို မပယ်ဖျက်မိရင် အကောင်းသားဆိုပြီး တွေးနေမိတတ်ပါပြီ။

အရင်းစစ်လိုက်မယ် ဆိုရင်တော့ ကောင်းရှုဟာလည်း မိန်းကလေး တစ်ယောက်သာ ဖြစ်ပါတယ်။ လီဖူချန်းလို ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ယောက်ကို လင်ယောက်ျား အဖြစ် မိန်းကလေးတိုင်းက လိုချင်ကြတာပါပဲ။

ဒါပေမဲ့လည်း လူတွေရဲ့ စိတ်နှလုံးဟာ ထူးဆန်းလွန်းလှပါတယ်။ လီဖူချန်းတစ်ယောက် ဘယ်လောက်အထိ ထူးချွန်ထက်မြက်သလဲ ဆိုတာကို သိပြီးတဲ့ နောက်မှာတော့ ကောင်းရှုဟာ လီဖူချန်းကို မမျှော်လင့်ထားတော့ပါဘူး။

ထို့နောက်မှာတော့ ဖုန်းရွှယ်ဂိုဏ်းဟာ လီကလန်သားတွေကို ဖုန်းရွှယ်ဂိုဏ်းရဲ့ တောင်ထွတ်တွေမှာ နေရာ ချပေးလိုက်ပါတယ်။

“ရှန်းဟန်”

“ယုရန်”

နောက်ဆုံးမှာတော့ လီရှန်းဟန်နဲ့ ရှန်းယုရန်တို့ဟာ ပြန်လည် ပေါင်းစည်း နိုင်ကြပါပြီ။

***

အချိန်တွေ ကြာလာတာနဲ့အမျှ လီဖူချန်းရဲ့ အောင်မြင်မှု ဂုဏ်သတင်းတွေဟာ အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးကို ပျံ့နှံ လာခဲ့ပါတယ်။ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ ဒါက အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေမှာ အမှန်ပါပဲ။

- နတ်ဆိုးဆယ်ပါးနယ်မြေ ၊ ကျောက်တုံး နယ်မြေဒေသ -

ရှီဟွာဘုရင်မကတော့ သည်သတင်းကို ကြားကြားချင်းမှာ အချိန်အတော်ကြာ ငေးငိုင်သွားပါတယ်။ ပြီးမှ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

“ အင်း ... ။ လူသားတွေက ဘယ်တော့မှ အလျော့မပေးဘဲ ကြိုးစားတတ်သလို၊ ကံလည်း ကောင်းတတ်တာပဲ။ အရှေ့ယူနီကွန်းတိုက်က သမိုင်းတစ်လျှောက်မှာ အမှောင်အင်အားစုတွေရဲ့ လွှမ်းမိုးမှုကို တစ်ခါမှ မခံရတာကလည်း အံ့သြစရာ မဟုတ်တော့ဘူး။ ခေတ်တိုင်း၊ ခေတ်တိုင်းမှာ လူသားမျိုးနွယ်ဘက်ကနေ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာတာက ထုံးစံလိုကို ဖြစ်နေပြီ။ ဒါပေမဲ့ အခုလီဖူချန်းက တစ်ယောက်တည်းပဲ ရှိသေးတယ်။ သူတစ်ယောက်တည်းနဲ့တော့ ငါတို့ နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ မိစ္ဆာတာအို အင်အားစုကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါက သေချာပေါက် စိတ်ကူးယဉ် အိပ်မက်သက်သက် ဖြစ်သွားလိမ့်မယ်”

-သွေးနတ်ဆိုးနယ်မြေဒေသ -

သွေးနတ်ဆိုးဘုရင်ဟာ ကောင်းကင်နယ်ပယ် ပညာရှင်တစ်ယောက်ကို နှစ်ပိုင်းဆွဲဖြဲလိုက်ပြီး တစ်ကိုက် ကိုက်လိုက်ပါတယ်။ ပြီးမှ လေသံ ခပ်တိုးတိုးဖြင့် …

“လီဖူချန်းဆိုတဲ့ ကောင်က ဘာကောင်လဲ။ သူက တကယ်ကြီး ဆန်းကြယ်ကိရိယာဂိုဏ်းနဲ့ မိုးကြိုးနတ်ဘုရားဂိုဏ်းကို ဖိအား ပေးနိုင်တာလား။ သည်ကိစ္စမှာ မြုပ်ကွက် နည်းနည်းတော့ ရှိရမယ်။ သည်ကိစ္စက လုံးဝ မဖြစ်နိုင်ဘူး။ တစ်နေ့ သူနဲ့ ထိပ်တိုက်တွေ့မှ ဘယ်လောက်စွမ်းသလဲ ဆိုတာ ကြည့်ရမယ်”

နတ်ဆိုးဆယ်ပါးနယ်မြေရဲ့ ဦးစီးခေါင်းဆောင်တွေကတော့ သည်သတင်းကို သိပ်ပြီး မယုံချင်ကြပါဘူး။ သူတို့က သည်သတင်းဟာ ကောလာဟလသက်သက် ဖြစ်ရမယ်လို့ တွေးထင်နေကြပါတယ်။

သူတို့ မယုံတာကလည်း လက်ခံနိုင်စရာပါပဲ။ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ကို တစ်ယောက်တည်းနဲ့ ဖိနှိပ် အနိုင်ယူနိုင်တယ် ဆိုတာက ရှင်းတိကောဝမ်တောင်မှ စွမ်းဆောင်နိုင်စွမ်း မရှိခဲ့တာ မဟုတ်ပါလား။

ဒါပေမဲ့လည်း သူတို့က လီဖူချန်းဟာ အစွမ်းထက်တယ် ဆိုတာကိုတော့ လက်ခံကြပါတယ်။ လီဖူချန်းအနေနဲ့ လုံလောက်တဲ့ အဆင့်တစ်ခုအထိ အစွမ်းမထက်ရင်တော့ သည်ကောလာဟလဟာ ထွက်လာမှာကို မဟုတ်ပါဘူး။

- မကောင်းဆိုးဝါးနယ်မြေ၊ မကောင်းဆိုးဝါးလက်သီးဂိုဏ်း -

မကောင်းဆိုးဝါးဘုရင် ( ဝါ ) ရှင်းတိကောဝမ်ကတော့ သည်သတင်းကို အတော်လေး စိတ်ဝင်စား နေပါတယ်။

သည်သတင်းက ကောလာဟလ သက်သက်လား ဒါမှမဟုတ် ချဲ့ကား ပြောဆိုနေကြတာလား ဆိုတာကိုတော့ သူမသိပါဘူး။ ဒါပေမဲ့ သူက သည်ကိစ္စဟာ မဟူရာကောင်းကင် နယ်မြေကနေ လီဖူချန်း ရသွားတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ သက်ဆိုင်နေမယ်လို့ ကောက်ချက်ချ ထားပါတယ်။

သူတွေးထင်တာ မမှားဘူးဆိုရင်တော့ လီဖူချန်းက အဲသည် ရှေးဟောင်း ပစ္စည်းတွေကြောင့်သာ အခုလို အစွမ်းထက်လာတာ ဖြစ်ရပါမယ်။ မဟုတ်လို့ကတော့ လီဖူချန်းအနေနဲ့ ၂ နှစ်အတွင်းမှာ သည်လောက်အထိ အစွမ်းထက်လာစရာ အကြောင်းမရှိပါဘူး။

“အင်း ... လီဖူချန်း ... လီဖူချန်း ။ အခုလောလောဆယ်တော့ ငါ့ရဲ့ ရတနာ ပစ္စည်းတွေကို မင်းကို အသုံးပြုခွင့် ပေးထားလိုက်မယ်”

အမှန်တော့ ရှင်းတိကောဝမ်ဟာ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ လေသင်တုန်းဓားသွားစေတီ တိုက်ခိုက်မှုကို မခုခံနိုင်တာ မဟုတ်ပါဘူး။ သူက ပျက်စီးနေတဲ့ စစ်သင်္ဘောတစ်ခုဟာ သည်လောက်အထိ အစွမ်းထက်တဲ့ တိုက်ခိုက်မှုမျိုးကို တိုက်ခိုက်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့တဲ့အတွက် ဒဏ်ရာရခဲ့တာပါ။ တကယ်လို့ သူသာ အခုချိန်မှာ ဆန်းကြယ် ကိရိယာဂိုဏ်းကို ပြန်သွားရင် သူ့အနေနဲ့ လေသင်တုန်းဓားသွားစေတီရဲ့ တိုက်ခိုက်မှုကို မှုတော့မှာ မဟုတ်ပါဘူး။

- ယင် နယ်မြေ -

ယင်ဘိုးဘိုးကြီးရဲ့ မျက်နှာကတော့ အတော်လေး မှုန်မှိုင်း နေပါတယ်။ လီဖူချန်းဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို သွားစဉ်မှာတုန်းက သူ အပိုင်စားရထားတဲ့ ယင်နယ်မြေကနေ ဖြတ်သွားခဲ့တာပါ။ ပြီးတော့ လီဖူချန်းက အေးအေးဆေးဆေး မသွားပါဘူး။ သူက လမ်းတစ်လျှောက်မှာရှိတဲ့ မိစ္ဆာတာအိုအင်အားစု ခန်းမခွဲတွေကိုပါ အမြစ်ပြတ် သုတ်သင်သွားပါသေးတယ်။

“လီဖူချန်း ... ။ မင်း နေနှင့်ဦးပေါ့ကွာ။ တစ်နေ့ ငါတို့ မိစ္ဆာတာအို အင်အားစုက အရှေ့ယူနီကွန်း တစ်တိုက်လုံးကို ဝါးမျိုပြီးတဲ့အခါမှ ငါ့အကြောင်း မင်းကောင်းကောင်းကြီး သိစေရမယ်”

ယင်ဘိုးဘိုးကြီးက လီဖူချန်းကို မကြောက်ပါဘူး။ ဒါပေမဲ့ သူက ရန်သူကို ပိုင်မှပဲ တိုက်ခိုက်တိုက်တဲ့ အလေ့အကျင့် ရှိတဲ့အတွက် လီဖူချန်းကို ပြဿနာ သွားမရှာတာ ဖြစ်ပါတယ်။

ယင်ဘိုးဘိုးကြီးလိုပါပဲ။သွေးဘိုးဘိုးကြီးရဲ့ မျက်နှာကလည်း သိပ်ပြီး မကောင်းလှပါဘူး။

မယူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာတုန်းက ဆိုရင် သူဟာ လီဖူချန်းရဲ့ လက်ချက်ကြောင့် အတော်လေး နစ်နာခဲ့ရပါတယ်။ အခုတော့ လီဖူချန်းက ပြန်ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့လည်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ သူ့အနေနဲ့ လီဖူချန်းကို ပြဿနာရှာလို့ မဖြစ်သေးပါဘူး။ အဲသည်အတွက်သူဟာ သူ့ရဲ့ ဒေါသတွေကို မျိုသိပ်ပြီး သည်းခံနေရပါတယ်။

“ဟမ့် ... ။ ငါ့ရဲ့ သွေးအလောင်းကောင်ကို ကောင်းကောင်း အစာကျွေးပြီးတဲ့ အခါကျမှ တွေ့ကြသေးတာပေါကွာ”

သွေးဘိုးဘိုးကြီးက တစ်ချက် ကြိမ်းဝါးလိုက်ပါတယ်။

လီဖူချန်းရဲ့ သတင်းက နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ မိစ္ဆာတာအို အင်အားစုတွေကိုပဲ တုန်လှုပ်ချောက်ချား စေခဲ့တာ မဟုတ်ပါဘူး။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကိုလည်း တုန်လှုပ် ချောက်ချား သွားစေခဲ့တာပါပဲ။ ရှင်းရှင်း ပြောရမယ်ဆိုရင်တော့ သူတို့ဟာ နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ မိစ္ဆာတာအို အင်အားစုတွေထက်တောင်မှ ပိုပြီး တုန်လှုပ် ချောက်ချား နေပါသေးတယ်။

သူတို့တွေဟာ မိုးကြိုးနတ်ဘုရားဂိုဏ်း၊ ဆန်းကြယ် ကိရိယာဂိုဏ်းတို့နဲ့ သိပ်ပြီး မကွာစေလှပါဘူး။ အဲသည်အတွက် သူတို့ဟာ ဖြစ်စဉ်ကို တိတိကျကျ သိစေဖို့အတွက် မိုးကြိုးနတ်ဘုရား နယ်မြေနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းနယ်မြေဆီကို အထောက်တော်တွေ စေလွှတ်ကာ ထောက်လှမ်းခဲ့ကြပါတယ်။

လီဖူချန်းဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ယုလီနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ခေါ့ယွင်ကို သတ်ပစ်လိုက်တဲ့ အကြောင်းကို သိပြီးတဲ့ နောက်မှာတော့ သူတို့အားလုံးဟာ ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။ အစောပိုင်းမှာတော့ သူတို့ဟာ ထိတ်လန့် တုန်လှုပ်သွားပြီး နောက်ပိုင်းမှာတော့ သူတို့ဟာ ပျော်ရွှင်ကုန်ကြပါတယ်။ နောက်ဆုံးမှာတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဘက်မှာလည်း ရှင်းတိကောဝမ်နဲ့ ယှဉ်နိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ပေါ်ပေါက်လာခဲ့ပြီ မဟုတ်ပါလား။ လီဖူချန်း ရှိနေမှတော့ သူတို့ဟာ နတ်ဆိုးဆယ်ပါးနယ်မြေနဲ့ မိစ္ဆာတာအို အင်အားစုကို အရင်လို အကြောက်ကြီး ကြောက်နေစရာ မလိုတော့ပါဘူး။ သူတို့ ခံစားနေရတဲ့ စိုးရိမ်ကြောင့်ကြမှု ဖိအားတွေဟာ လီဖူချန်း ပေါ်ပေါက်လာမှုနဲ့အတူ ယုတ်လျော့ သွားခဲ့ပါပြီ။

***

All Chapters