နေရာတိုင်းမှ လူများ ရောက်ရှိလာခြင်း (၁)
Vol. 15 Ch. 222
ဗဟိုစခန်းတွင် ဟန်ရှောင်းသည် စားပွဲပေါ်ရှိ အသေးစိတ်ပုံစံကို ကြည့်ပြီး ကစားသမားများ၏ အားသာချက်များကို မည်ကဲ့သို့ အမြင့်ဆုံး အသုံးချရမည်ကို တွေးတောနေသည်။
သူ၏ 'မစ်ရှင်ဆုလာဘ်' ကန့်သတ်ချက်သည် တိုးမြင့်လာ၏။ သူ၏ 'မစ်ရှင်တစ်ခုတည်း'အတွက် ဆုလာဘ်ကန့်သတ်ချက်သည် အတွေ့အကြုံအမှတ် ၆၀,၀၀၀ ထက် အနည်းငယ်ပို၍ အတွေ့အကြုံ ၈၀,၀၀၀ ရှိသော C အဆင့် မစ်ရှင်ကို မှီခါနီးဖြစ်သည်။ 'တစ်နေ့တာကန့်သတ်ချက်'သည် 'မစ်ရှင်တစ်ခုတည်း' ကန့်သတ်ချက်၏ ခုနစ်ဆဖြစ်ပြီး၊ ဆိုလိုသည်မှာ သူသည် နေ့စဉ်အတွေ့အကြုံအမှတ် ၄၂၀,၀၀၀ အထိတန်ဖိုးရှိသော မစ်ရှင်များကို ထုတ်ပေးနိုင်သည်။ ဤကန့်သတ်ချက်ကို တိုးမြှင့်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအချက်များ တည်ဆောက်ရန်ဖြစ်ကြောင်း သူနားလည်ထားသည်။ အဆင့် (Level) နှင့် အဆင့်အတန်း (Rank) များသည် သဘာဝအတိုင်း ရောက်ရှိလာမည်ဖြစ်ပြီး ဒဏ္ဍာရီအဆင့်ကို လွယ်လွယ်ကူကူ မရနိုင်ပေ။
မစ်ရှင်ဆုလာဘ်အဖြစ် ပေးထားသည့် မည်သည့်အတွေ့အကြုံအမှတ်မဆို သတ်မှတ်ထားသည့် ကန့်သတ်ချက်အတွင်း ရှိနေသရွေ့ ဟန်ရှောင်း၏ ကိုယ်ပိုင်အတွေ့အကြုံအမှတ်များမှ နုတ်ယူမည်မဟုတ်ပေ။
မြို့တည်ဆောက်ခြင်းကဲ့သို့သော ကြီးမားသောမစ်ရှင်အတွက်၊ သူ့ကိုယ်ပိုင်ခွဲတမ်းသည် အရေးမပါလှပေ။ ထို့ကြောင့် ဟန်ရှောင်းသည် သေချာစဉ်းစားပြီး မစ်ရှင်များကို ဖြန့်ဝေမည့်နည်းလမ်းကို ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ကွဲပြားသော ဌာနများစွာ ပိုင်းခြားပြီး ကြီးကြပ်ရန်ဖြစ်သည်။ မစ်ရှင်များ ဖြန့်ဖြူးမှုအတွက် ဌာနတစ်ခုစီသို့ လူတစ်ဦးစီကို တာဝန်ပေးအပ်လိုက်မည်။ ထိုနည်းနဲ့ သူ့ကိုယ်ပိုင် ခွဲတမ်းကို သုံးစရာမလိုတော့ပေ။
ခိုလှုံရေးစခန်း ၃ကို တည်ဆောက်ခြင်းသည် အဓိက ဇာတ်ကြောင်းတစ်ခုဖြစ်ပြီး သူက ကစားသမားများအား မစ်ရှင်များကို ပေးစွမ်းနိုင်သောကြောင့်၊ သဘာဝကျကျပြောရလျှင် အဖွဲ့အတွင်းရှိ အခြား NPC များသည်လည်း ထိုကဲ့သို့ လုပ်ဆောင်နိုင်သင့်သည်။
၎င်းသည် မစ်ရှင်ခွဲတမ်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ အခြား NPC များတွင် အင်တာဖေ့စ်မရှိသော်လည်း ၎င်းတို့သည် ဆောက်လုပ်ရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် ၎င်းတို့သည် မစ်ရှင်များကို သေချာပေါက်ဖြန့်ဝေနိုင်သည်။
အခြား NPC များက မစ်ရှင်များကို ထုတ်ဝေသည့်အခါတွင် သူ၏ခွဲတမ်းဖြင့် ကန့်သတ်ခံရမည်မဟုတ်ပေ။ ထို့ပြင် သူရရှိထားသော မစ်ရှင်သည် အလုံးစုံမစ်ရှင်ဖြစ်သောကြောင့်၊ ထို NPC များ ထုတ်ဝေသော မစ်ရှင်များသည် သူ၏ မစ်ရှင်တိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ထို့ကြောင့်၊ ကစားသမားများ တည်ဆောက်ပေးခဲ့သောမြို့၏ နောက်ဆုံးရလဒ်သည် သူ၏နောက်ဆုံးရလဒ်လည်း ဖြစ်သည်။ မစ်ရှင်တွင် ဤသို့ခြားနားချက်မှာ ဟန်ရှောင်းသည် ခိုလှုံရေးစခန်းကို အလုံးစုံ တာဝန်ယူရခြင်း၏ အားသာချက်တစ်ခုဖြစ်သည်။
ဟန်ရှောင်းသည် ရုတ်တရက် အကြံသစ်တစ်ခုရလာ၏ - အကယ်၍ သူသည် ဤကဲ့သို့မစ်ရှင်မျိုး ထပ်မံကြုံတွေ့ရပါက၊ ဤအတိုင်း ထပ်တူပွားကာ အဖွဲ့အစည်းများနှင့် ပိုမိုမြင့်မားသောဆက်ဆံရေးရရှိရန် NPC အဖြစ် သူ၏အားသာချက်ကို အသုံးပြုနိုင်သည်။ ထို့ကြောင့် သူက မစ်ရှင်များကို ဖြန့်ဖြူးသူဖြစ်လာကာ၊ သူ့ပန်းတိုင်ကို ရောက်ဖို့ ကစားသမားများ၏ စွမ်းအားကို အသုံးပြုနိုင်မည်ဖြစ်သည်။
အဲလိုလုပ်မယ်ဆိုရင် မစ်ရှင်ခွဲဝေခြင်းဆိုင်ရာ တာဝန်ရှိသူတွေကိုပဲ စီမံခန့်ခွဲဖို့ လိုအပ်ပြီး အခြားဘာမှလုပ်ဖို့ မလိုတော့ဘူး။ အဲ့နောက်မှာ၊ အတန်းအစားတိုးတက်မှုလိုအပ်ချက်ကို ဖြည့်ဆည်းရမယ့် ခရမ်းရောင်အရည်အသွေးရှိတဲ့ စက်ကိရိယာငါးမျိုးကို တည်ဆောက်ဖို့ အားလပ်ချိန်အများကြီး ရှိလာတော့မယ်။ ဟန်ရှောင်းတွေးရင်း ခေါင်းညိတ်လိုက်သည်။ သူသည် ပင်မဇာတ်ကြောင်းမစ်ရှင်များကို လုပ်ဆောင်နိုင်ပြီး တစ်ချိန်တည်းတွင် သူ၏ကိုယ်ပိုင်တိုးတက်မှုကို ပြုလုပ်ရန် အချိန်ရှိနေသည်။ ပြီးပြည့်စုံ၏။
ထို့အပြင် ဤအရာက ကစားသမားများကို ထိခိုက်စေသည့် လုပ်ရပ်တစ်ခုလည်း မဟုတ်ပေ။ ကစားသမားများသည် မစ်ရှင်များကို လုပ်ဆောင်နိုင်ပြီး ၎င်းမှ အကျိုးကျေးဇူးများ ရရှိနိုင်သည်။ မြို့တော်တည်ဆောက်ရေးတွင် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြမည်ဖြစ်သည်။ ပါဝင်ခဲ့ကြသူအားလုံးသည် ခိုလှုံရေးစခန်း ပြီးမြောက်သောအခါ အောင်မြင်မှုကို ခံစားကြရမည်ဖြစ်ပြီး သူတို့၏အတွေးထဲတွင် ဂုဏ်ယူဝမ်းမြောက်ကြလိမ့်မည်။ ဤမြို့ကို ငါတို့၊ ကစားသမားများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဒါက နှစ်ဖက်လုံး အောင်မြင်ခြင်းဖြစ်၏။
ဟန်ရှောင်းသည် ရည်မှန်းချက်ကြီးကြီး ထားရှိထားသည်။
ကစားသမားတွေအတွက် ဒီခိုလှုံရေးစခန်းကို ပင်မမြို့တော်လို နေရာမျိုးအဖြစ် ငါဖန်တီးနိုင်သလို ဒါက ငါ့ရဲ့ လွှမ်းမိုးနိုင်မှုကို သိသိသာသာ တိုးတက်လာစေလိမ့်မယ်။ ခိုလှုံရေးစခန်းကို လာကြသူတိုင်း ငါ့နာမည်ကို မြင်ကြလိမ့်မယ်။
အသေးစိတ်ဆုံးဖြတ်ပြီးသည်နှင့် ဆောက်လုပ်ရေးအဖွဲ့နှင့် အစောင့်အဖွဲ့ကို ခေါ်ယူတွေ့ဆုံလိုက်သည်။
ဟန်ရှောင်းက တစ်ချက်ဝေ့ကြည့်လိုက်ပြီး "လျှိုကျောင်းဘယ်မှာလဲ? ဘာလို့ ဒီအစည်းအဝေးကို မတက်တာလဲ။"
လူတွေက အချိန်တစ်ခုထိ မတုံ့ပြန်နိုင်ပေ။ ထိုအခါ တစ်စုံတစ်ယောက်သည် ဂရုတစိုက်ပြောသည်။ “မင်းသူ့ကို လေလွင့်သွားလာသူတွေဆီ စေလွှတ်လိုက်တယ်”
"ပေါက်ကရတွေ၊ ငါက အဲဒါကို မေ့မယ်ထင်လို့လား"
ဟန်ရှောင်းက စိုက်ကြည့်နေတယ်။ မည်သူ့ကိုမျှ မတုံ့ပြန်မီတွင် သူသည် ချောင်းတစ်ချက်ဆိုးကာ အလေးအနက်ထားပြောသည် "ဒါက ခိုလှုံရေးစခန်းတစ်ခုကို ဘာမှမရှိရာကနေ စတင်တည်ဆောက်ဖို့ ကြီးမားတဲ့ ဆောက်လုပ်ရေးပရောဂျက်တစ်ခုပဲ။ အသေးစိတ်ပုံစံကို ဌာန ၁၃ခု ခွဲထားတယ်။ ဒါက ဆောက်လုပ်ရေး၊ စူးစမ်းရှာဖွေမှု စသည်ဖြင့်ပေါ။ ဌာနတိုင်းမှာ တာဝန်ခံရမယ့် အကြီးအကဲရှိမယ်။ ငါ့ရဲ့ ရည်မှန်းချက်က တစ်လအတွင်း အသေးစိတ်ဒီဇိုင်းကို တတ်နိုင်သမျှ ပြီးအောင် လုပ်ဖို့ပဲ။”
"အပြင်မှာရှိတဲ့ ဂြိုဟ်သားတွေ အားလုံးပါဝင်နေရင်တောင်မှ ကျွန်တော်တို့မှာ လူအင်အား အများကြီး မရှိပါဘူး" တစ်စုံတစ်ဦးက ပြောလိုက်သည်။
“အဲဒါအတွက် စိတ်မပူပါနဲ့။ အနှေးနဲ့အမြန်ဆိုသလို လူပိုများလာလိမ့်မယ်” ဟန်ရှောင်းက ပြောသည်။ သူက စားပွဲကို လက်ညိုးနဲ့ ခေါက်ပြီး ထပ်မေး၏။ “အားလုံး ရှင်းရဲ့လား”
ခေါင်းညိတ်ဖို့ကလွဲလို့ လူတိုင်းမှာ ရွေးချယ်စရာမရှိတော့ပေ။ တစ်လတာ အလွန် အလျှင်စလိုနိုင်နေသော်လည်း အထက်လူကြီးများမှ အမိန့်ပေးထားသည့်အတွက် အစွမ်းကုန်လုပ်ရမှာဖြစ်ပြီး၊ မဟုတ်ရင် ဒုက္ခရောက်သွားနိုင်သည်။ ဟန်ရှောင်းသည် ဆက်ဆံရလွယ်ကူသည်ဟု ယူဆသော်လည်း၊ သူသည် အဖွဲ့အစည်းအတွင်း အင်အားအကြီးဆုံးလူများထဲမှ တစ်ဦးဖြစ်ပြီး လက်ရှိလူသတ်သမားစာရင်းဇယားတွင် ထိပ်ဆုံးနေရာရခဲ့သည့် ဒဏ္ဍာရီတစ်ဦးဖြစ်သည်ဟူသောအချက်ကို မည်သူမျှ မေ့လျော့ထားခြင်းမရှိပေ။
ထို့နောက် ဟန်ရှောင်းသည် ဌာနဆိုင်ရာအကြီးအကဲများကို ခန့်အပ်သည်။ ဟွမ်ယုကိုတော့ မဖော်ပြခဲ့ပေ။
ဟွမ်ယုက သူ့မှာ ဘာမှလုပ်စရာမရှိလို့ ဝမ်းသာသွားတယ်။ ထောင်ပေါင်းများစွာသော ဂြိုဟ်သားများ လာရောက်ကူညီခဲ့သော်လည်း လုံလောက်ရန် အဝေးကြီးလိုသေးသည်။ အခြေခံပုံစံကို တစ်လအတွင်း အပြီးသတ်ရန် မဖြစ်နိုင်သောကြောင့် ခိုလှုံရေးစခန်း ၃ကို ပုံမှန်နည်းလမ်းအတိုင်းသာ တည်ဆောက်ရနိုင်ပြီး အပြီးတည်ဆောက်ရန်မူ လနှင့်ချီ၍ အချိန်ယူရဦးမည်။ ထိုအချိန်တွင် ခိုလှုံရေးစခန်း ၁မှာ ပြီးစီးသည်မှာ ကြာမြင့်လောက်ပြီ ဖြစ်၏။ လက်ထောက်တစ်ယောက်အနေနဲ့ သူ့မှာ အကျိုးအများကြီးမရှိတာကြောင့် ကူညီဖို့တောင် အစီအစဉ်မရှိခဲ့ပေ။
ဂြိုဟ်သားများ ဟန်ရှောင်းကို မည်သို့ကူညီလာကြောင်းကို ဟွမ်ယုက Bennett အကြောင်းကြားသောအခါ၊ Bennett သည် အလွန်တည်ငြိမ်နေပြီး မည်သည့်ပြဿနာမျှမရှိပေ။ Bennet သည် Black Phantom နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိပြီး သူ့ကို အလွန်ယုံကြည်ကြောင်း ထင်ရှားသည်။ ထိုမှစတင်၍ ဟွမ်ယုသည် သူ့ကို Black Phantom ၏ လက်ထောက်အဖြစ် Bennett က အဘယ်ကြောင့်ခန့်အပ်ခဲ့သည်ကို အနည်းငယ် ရိပ်စားမိသွား၏။ ၎င်းမှာ Bennett က သူ့သူငယ်ချင်းကို ကူညီရန် အရည်အချင်းရှိသော လက်ထောက်တစ်ဦးကို အလိုရှိသောကြောင့် ဖြစ်သည်။
သူက သက်ပြင်းချရင်း ညည်းတွားလိုက်သည်။ ငါက စွမ်းဆောင်နိုင်လွန်းတာကိုး။
အစည်းအဝေး ပြီးသွား၏။ ဟန်ရှောင်းသည် ဌာနအသီးသီး၏ တာဝန်အားလုံးကို ရှင်းပြပြီးသောအခါတွင် သူ့မျက်နှာသည် အလွန်လေးနက်သွားကာ၊ "ကျွန်တော် လိုအပ်တာမှန်သမျှကို ပြောပြီးပြီ။ အခု ပထမဆုံးလုပ်ရမယ့် အရမ်းအရေးကြီးတဲ့ မစ်ရှင်တစ်ခု ရှိတယ်။”
ဟန်ရှောင်း၏ လေးနက်သော မျက်နှာကို မြင်လိုက်ရတော့ အားလုံးလည်း ထိတ်လန့်သွားကြသည်။
ဟန်ရှောင်းက စားပွဲဝိုင်းကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်တော့သည်။ "ခိုလှုံရေးစခန်းရဲ့ နာမည်ကို ရေးတဲ့အခါ ငါ့နာမည် ထည့်ဖို့ မမေ့နဲ့"
လူတိုင်း၏ မျက်နှာပေါ်ရှိ တင်းကျပ်သောအမူအရာသည် ချက်ချင်း ပြိုကျသွားတော့သည်။
…
ဌာနအသီးသီးမှ အကြီးအကဲများသည် တဲအတွင်းမှ ထွက်ခွာသွားပြီး ဟန်ရှောင်း၏ ညွှန်ကြားချက်အတိုင်း ၎င်းတို့၏ လူများကို စနစ်တကျ စီစဉ်ပေးကြသည်။ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ကစားသမားတွေဟာ ချက်ချင်းဆိုသလို အပြေးအလွှားသွားပြီး သူတို့ရဲ့ကိုယ်ပိုင်အကြိုက်ပေါ်အခြေခံပြီး မတူညီတဲ့ မြို့တည်ဆောက်ရေးမစ်ရှင်တွေကို စတင်ခဲ့ကြ၏။
‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’ကို မြောက်၊ တောင်၊ အရှေ့၊ အနောက်နှင့် အလယ်ပိုင်းဟူ၍ ကွဲပြားသော ဒေသငါးခုအဖြစ် ပိုင်းခြားထားသည်။ ကစားသမားများကို ပေးအပ်သည့် မစ်ရှင်များကိုလည်း နယ်ပယ်အလိုက် ခွဲခြားထားသည်။ မစ်ရှင်များကို လက်ခံရရှိပြီးနောက် ကစားသမားများသည် ချက်ချင်းပင် အဖွဲ့များဖွဲ့ကာ မစ်ရှင်ကို အတူတကွ စတင်ကြတော့သည်။ ညသည် နေ့ထက်ပင် ပို၍အသက်ဝင်လာ၏။
ပထမနှင့် အရေးကြီးဆုံးတာဝန်မှာ သားရဲများကို နှင်ထုတ်ပြီး အပျက်အစီးများကို ရှင်းလင်းရန်ဖြစ်ပြီး ထိုမှသာ ဆောက်လုပ်ရေးလုပ်ငန်း စတင်နိုင်မည်ဖြစ်သည်။ ကစားသမားအဖွဲ့များသည် အားကစားကွင်းမှ ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’၏ နယ်ပယ်အသီးသီးသို့ ဖြန့်ကျက်သွားကြသည်။
သေနတ်သံများကို မကြာခဏကြားရနိုင်သည်။ ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’တွင် နေထိုင်သော သားရဲအများအပြားရှိသောကြောင့် ကစားသမားများသည် တိုက်ခိုက်ရန်အခွင့်အရေးများစွာရှိနေသည်။
ထိုဆောက်လုပ်ရေးမစ်ရှင်များကို ထပ်ခါတလဲလဲလုပ်နိုင်ပြီး ဆုလာဘ်များသည် အလွန်ရက်ရော၏။ ထို့အပြင်၊ ခိုလှုံရေးစခန်း ၃တည်ဆောက်မှုတွင် ၎င်းတို့ပါဝင်ဆောင်ရွက်နေကြောင်း ကစားသမားများအား အင်တာဖေ့စ်မှ အသိပေးခဲ့ပြီး ၎င်းကို ပြီးမြောက်သောအခါတွင် အပိုအတွေ့အကြုံအမှတ် များစွာရှိမည်ဖြစ်ပြီး ၎င်းတို့ကို ပိုမိုစိတ်အားထက်သန်စေမည်ဖြစ်သည်။
Black Phantom ခိုလှုံရေးစခန်း ၃ - ဤမြို့၏အမည်မှာ 'Black Phantom' ဟူသော စကားလုံး ပါရှိသောကြောင့် ဟန်ရှောင်း၏ ကစားသမားများ၏ အထင်အမြင်မှာ ပိုမိုနက်ရှိုင်းလာသည်။
ခိုလှုံရေးစခန်း၌ နာမည်တပ်ခွင့်ရှိခြင်းသည် အလွန်ဂုဏ်ယူဖွယ်ဖြစ်သည်။
ပထမနေ့ညတွင် ကစားသမားများသည် အလွန်ကြီးမားသော ဧရိယာကို ရှင်းလင်းပြီးဖြစ်သည်။ သူတို့၏စွမ်းဆောင်ရည်သည် Dark Net မှလူများကို လုံးဝအံ့အားသင့်စေခဲ့သည်။ ၎င်းသည် အလုပ်သမား တစ်သောင်း၏ အလုပ်ပမာဏအထိ ကိုက်ညီနိုင်သည်။
ကစားသမားများ အားလုံးသည် သူတို့၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးသည့် စူပါလူသားများဖြစ်သည်။ အင်တာဖေ့စ်မှ လမ်းညွှန်မှုများက သူတို့ကို အလွန်ရှင်းလင်းပြတ်သားပြီး ရိုးရှင်းသော ပန်းတိုင်များကို ပေးနိုင်စွမ်းရှိသည်။ သူတို့လုပ်ခဲ့သော လုပ်ဆောင်ချက်တိုင်းသည် အဲဒီပန်းတိုင်ကို ပြီးမြောက်ဖို့သာဖြစ်၏။
ကစားသမားများနှင့် Dark Net ဆောက်လုပ်ရေးအဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အလုပ်ရှုပ်နေချိန်တွင် ဟန်ရှောင်းသည် Maple Moon ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ အဆင့် ၂၀ ရောက်တဲ့အခါ သူ့ကိုရှာဖို့ မစ်ရှင်ပေးခဲ့တာကို သတိရသွားပြီး စခန်းထဲကို ခေါ်သွားလိုက်သည်။
'ငါသူ့ကို မတွေ့ရတာ အချိန်အတော်ကြာသွားပြီ။' Maple Moon သည် စူးစမ်းသလို ကြည့်နေသည်။ ဟန်ရှောင်းက တခြားကစားသမား သုံးယောက်ကိုလည်း ခေါ်လိုက်သည်။ သူက ဒီ၄ယောက်ကို အပိုမစ်ရှင်လေးခု ပေးတော့မည်ဖြစ်သည်။
အရန်လူလေးယောက်က နောက်ဆုံးတော့ ဆုံသွား၏။ ယခုအချိန်တွင် ဟန်ရှောင်း၏ စွမ်းရည်ဖြင့် လူလေးယောက်ကို ပြုစုပျိုးထောင်ရန်မှာ လိုအပ်သည်ထက်ပင် ပိုနေသေးသည်။ ဓါးရူးနှင့် ဟောက်ထျန်းနှစ်ယောက်စလုံးသည် သူ၏ယခင်ဘဝက နတ်ဘုရားအဆင့် ကစားသမားများဖြစ်ပြီး ယခုအခါ Mechanical ‘တိုက်ခိုက်သူ’နှင့် ‘တိုက်ခိုက်သူ’။ Maple Moon သည် သူ၏ယခင်ဘဝတွင် ပရိုအဆင့်သို့တက်နိုင်သည့် ပထမဆုံးသော ယန္တရားပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး၊ Bun-hit-dog မှာ နာမည်ကြီး ဗီဒီယို တင်ဆက်သူဖြစ်သည်။
ဒီလူလေးယောက်လုံးမှာ သူတို့၏ ကိုယ်ပိုင်ထူးခြားမှုများရှိပြီး ဟန်ရှောင်းကို နည်းအမျိုးမျိုးနဲ့ ကူညီပေးနိုင်ကြသည်။ သူတို့က ဟန်ရှောင်းရှေ့မှာ ရပ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။
တစ်ဦးတည်းသော အမျိုးသမီးကစားသမားအဖြစ် Maple Moon သည် အထူးဆက်ဆံရေးကို ရရှိခဲ့သည်။ ကျန်သုံးယောက်က ဖော်ရွေမှုပြသည့် အပြုအမူအဖြစ် သူမကို ခေါင်းညိတ်ပြသည်။
"အား ချစ်စရာကောင်းလိုက်တာ!" Maple Moon သည် ဟောက်ထျန်းကို မျက်လုံးများ တလက်လက်တောက်ပပြီး စိုက်ကြည့်နေသည်။ သူမရဲ့အမူအရာက ရေဆာနေပုံရပြီး ဟောက်ထျန်းကို အရှင်လတ်လတ် စားချင်နေသလိုပင်။
ချွေးပုတီးစေ့များသည် ဟောက်ထျန်း၏ နဖူးပေါ်မှ လိမ့်ကျလာသည်။ Maple Moon သည် သူ့လက်များဆီသို့ ပြေးလာနေသည်ကို ကြည့်ရင်း မတ်တပ်ရပ်ကာ ငြိမ်ငြိမ်လေး ရပ်နေသည်... ပို၍ အတိအကျပြောရရင် သူကိုင်ထားတဲ့ ဝက်ဝံလေး။ သူမသည် ဝက်ဝံလေးကို ပွတ်သပ်ကာ လွှတ်မပေးတော့ပေ။
ဝက်ဝံကလေးသည် အလွန်စိတ်ရှုပ်သွားသည်။ ၎င်းသည် ဟောက်ထျန်း၏ လက်များအတွင်းသို့ ကျုံ့သွားပြီး Maple Moon ၏ လက်ချောင်းများကို အသာအယာ ကိုက်လိုက်သည်။
"အင်း၊ ဒါက ချစ်စရာကောင်းလွန်းတယ်။" Maple Moon ၏ မျက်လုံးများတွင် ကြယ်များ ပေါ်လာသည်။ သူမက ဟောက်ထျန်းကို မော့ကြည့်လိုက်ပြီး "နတ်ဘုရားဟောက်၊ နင် ငါ့ကို ပွေ့ဖက်ခွင့်ပေးမလား"
“နောက်တစ်ခါကျရင် ရှင်းအောင်ပြော။” ဟောက်ထျန်း၏ အမူအရာ တင်းမာသွားသည်။ သူသည် ဝက်ဝံလေးကို Maple Moon ဆီသို့ ချက်ခြင်းပေးလိုက်ကာ စိတ်သက်သာရာရစွာဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွား၏။
Bun-hit-dog လည်း ရောက်လာသည်။ သူ့လက်ချောင်းတွေကို ဆန့်ထုတ်ပြီး ဝက်ဝံလေးကို ကျီစယ်၏။ ဝက်ဝံလေးသည် ချစ်စရာကောင်းပြီး မိုက်မဲသောကြောင့် ၎င်း၏တုံ့ပြန်မှုသည် အမြဲတမ်း နှေးကွေးနေသည်။ သူ့ခြေသည်းတွေက သူ့တင်ပါးကို ပွတ်ပေးတဲ့ လက်ကို ဆက်တိုက်ရိုက်နေသည်။ ဓားရူးသည် ဘေးတွင်ရပ်ကာ ဟန်ရှောင်းကို တည့်တည့်ကြည့်ကာ အမိန့်ကို အမြဲစောင့်မျှော်နေပုံရသည်။
“တော်ပြီ၊ ငါ့ဝက်ဝံလေးနဲ့ ကစားတာကို ရပ်လိုက်။” ဟန်ရှောင်းက ချောင်းတစ်ချက်ဆိုးကာ သူတို့ကို တားလိုက်ပြီး "ငါ ခိုလှုံရေးစခန်း ဆောက်နေတယ်။ မင်းတို့လည်း သွားကူကြ။"
သူစကားပြောနေရင်း လူလေးဦးအတွက် အပိုမစ်ရှင်များကို ရေးဆွဲနေသည်။ ထိုမစ်ရှင်တွင် ဌာနဆိုင်ရာအကြီးအကဲများထံမှ မစ်ရှင်အရေအတွက်အချို့ကို ပြီးမြောက်ပါက သူတို့ကို အပိုဆုလာဘ်များ ပေးမည်ဖြစ်သည်။
အခြားကစားသမားများတွင် ဤကဲ့သို့သော အထူးဆက်ဆံခံရမှုမျိုးမရှိပေ။ ဟန်ရှောင်းက ဤလေးဦးသည် သူ၏လူများ ဖြစ်သောကြောင့်သာ ပြုလုပ်ခဲ့၏။
ထုံးစံအတိုင်း လေးယောက်က ကန့်ကွက်တာမျိုး မရှိကြပေ။ မစ်ရှင်ကို လက်ခံပြီး ချက်ချင်း ထွက်သွားကြသည်။ သို့သော် Maple Moon ကတော့ နေခဲ့၏။ သူမက သတိကြီးကြီးနှင့် “စွမ်းရည်တွေကို သင်ယူလို့ရလား”
ဟန်ရှောင်းက ခေါင်းညိတ်ပြပြီး သူမအတွက် အင်တာဖေ့စ်ကို ဖွင့်လိုက်သည်။ သူက ဒီကစားသမားလေးယောက်ကို အချိန်မရွေး အရည်အချင်းတွေ သင်ပေးနိုင်၏။ သူ၏ အရေးကြီး အရည်အချင်းများမှလွဲ၍ အခြားအရာအားလုံးကို အတွေ့အကြုံအမှတ်များရရှိရန် အသုံးပြုနိုင်သည်။
Maple Moon သည် ယန္တရားပညာရှင်တစ်ဦးဖြစ်ရန်လည်း ရွေးချယ်ထားသောကြောင့် သူမအား အလုပ်သင်တစ်ဦးကဲ့သို့ ပြုစုပျိုးထောင်နိုင်သည်။ Maple Moon သည် လက်တွေ့ဘဝ ဂိမ်းအမျိုးအစားကို နှစ်သက်သည့် ပေါ့ပေါ့ပါးပါး ကစားသူတစ်ဦးဖြစ်သည်။ သူမကို လက်ထောက်တစ်ဦးအဖြစ် လေ့ကျင့်သင်ကြားပေးရန်မှာ အလွန်ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ ဟန်ရှောင်းသည် တွန့်တိုခြင်းမရှိသည့်အပြင် Maple Moon ကို အတော်လေး နှစ်သက်၏။
သူ၏ယခင်ဘဝတွင်၊ ဟန်ရှောင်းသည် ဗားရှင်း ၁.၀ ကို လုံးဝ အသစ်ချပ်ကျွတ် ကစားသမားအဖြစ် စတင်ကစားခဲ့သည်။ သူသည် ယန္တရားပညာရှင် အတန်းအစားကိုလည်း ရွေးချယ်ခဲ့ပြီး PVP ကာလအတွင်း ရှုံးပွဲများကြုံတွေ့ခဲ့ရသည်။ (PVP သည် ကစားသမားအချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြစ်သည်။) သူသည် ဤအတန်းအစားကို မည်မျှ နှစ်သက်သော်လည်း ယန္တရားပညာရှင်အတန်းအစားတွင် မျှော်လင့်ချက် ပျောက်ဆုံးသွားကာ သူ့အကောင့်ကိုပင် ပြောင်းလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့နောက်၊ နောက်ပိုင်းတွင်၊ ဗားရှင်း ၃.၀ ၌ ပရိုပြိုင်ပွဲအတွင်း Maple Moon သည် သူမ၏ ပထမဆုံးပြိုင်ပွဲတွင် လုံးဝမထင်မှတ်ထားသောမြင်းနက်ဖြစ်လာခဲ့သည်။ ထိုအရာက ယန္တရားပညာရှင်အတန်းအစား တိုးတက်လာမှုအတွက် အချက်ပြချက်ဖြစ်ပြီး ဟန်ရှောင်းအား အားပေးမှုများစွာကို ပေးခဲ့သည်။ သူသည် ငယ်စဉ်က အချိန်အတိုင်းအတာ တစ်ခုအထိ Maple Moon ၏ အမာခံပရိသတ် ဖြစ်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် သူသည် ပို၍ကျွမ်းကျင်လာသောအခါတွင် ယန္တရားပညာရှင် အတန်းအစားကို ကိုယ်စားပြုသော မာစတာများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။ သူက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် မဖြစ်ခဲ့သော်လည်း ကြီးမြတ်သော ယန္တရားပညာရှင် ဟန်၏ ဒဏ္ဍာရီတွေက တည်ရှိနေ၏။ ဖိုရမ်တွင် ပရော်ဖက်ရှင်နယ်မဟုတ်သော ကစားသမားတစ်ဦးသည် ၎င်းတို့သွားပါက ပရိုလိဂ်တစ်ခုတွင် မည်သို့အောင်မြင်နိုင်သည်ကို ဖိုရမ်တွင် အမြဲဆွေးနွေးလေ့ရှိပြီး ကြီးမြတ်သော ယန္တရားပညာရှင် ဟန်သည် စဉ်ဆက်မပြတ် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခုဖြစ်သည်။
ပညာရှင်ကြီး ဟန်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာသော်လည်း Maple Moon သည် ဂိမ်းသမိုင်း၏ မှတ်တိုင်များတွင် မမေ့နိုင်သော အမှတ်အသားတစ်ခုအဖြစ် ချန်ထားခဲ့ပြီး ကောင်းကင်ယံတွင် ပျံသန်းပျောက်ကွယ်သွား၏။ သူမသည် ဂိမ်း၏တတိယနှင့် စတုတ္ထဗားရှင်းများတွင်သာ ခဏတာလင်းလက်၍ တောက်ပခဲ့သည်။ Maple Moon သည် ပေါ့ပေါ့ပါးပါး ကစားသမားတစ်ဦးဖြစ်သောကြောင့် PK တွင် သူမ၏ စွမ်းရည်များသည် အလွန်နှေးကွေးစွာဖြင့် တိုးတက်လာသည်။ (PK=Player Killer ကစားသမားအချင်းချင်း သတ်ဖြတ်နိုင်စွမ်း) ကြီးမြတ်သော ယန္တရားပညာရှင် ဟန်ကဲ့သို့သော ဂိမ်းတစ်ခုတွင် တိုးတက်ရန် လူတိုင်းက စိတ်ဝင်စားမှုမရှိကြပါ။
နောက်ပိုင်းဗားရှင်းများတွင် Maple Moon သည် ပရိုမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် သူမ၏ကလပ်နှင့် စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီဟု ဆိုထားသောကြောင့် သူမ၏အလင်းရောင်သည် ကစားသမားဟောင်းများ၏ အမှတ်ရစရာများတွင်သာ နေထိုင်သွားရတော့သည်။
သူ့ရှေ့ရှိ Maple Moon သည် လှပ၍ ချစ်စရာကောင်းပြီး ဟန်ရှောင်းသည် ပရိုလိဂ်တွင် မုန်တိုင်းတစ်ခုဖြစ်စေခဲ့သော သူ့အမှတ်တရများရှိ သူမနှင့် ပေါင်းစပ်မကြည့်နိုင်ပေ။ မည်သည့်စကေးများကို သင်ယူရမလဲဟု ရွေးချယ်ရခက်ပြီး ရှုပ်ထွေးနေသော Maple Moon ကိုကြည့်ရင်း ဟန်ရှောင်းတွင် ရှုပ်ထွေးသောခံစားချက်များ ရှိနေ၏။
ဒီတစ်ခါရော ဘာဖြစ်မလဲ?
သူသည် ဇာတ်ကြောင်းကို ပြောင်းလဲခဲ့သဖြင့် Maple Moon ၏ အနာဂတ်သည် သူ၏ယခင်ဘဝကကဲ့သို့ပင် ဖြစ်နေဦးမည်လား။