← Chapters

လေးယောက်နဲ့တစ်ယောက်

Vol. 32 Ch. 431

လေးယောက်နဲ့တစ်ယောက်

Vol. 32 Ch. 431

ရှန်းဟွတောင်ဆင်ဘုရင်ရဲ့ နှာမောင်းရိုက်ချက်ကို နေမင်းဇောအဟုန် စွမ်းအားစက်ကွင်းနဲ့ အားလျော့စေပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ လက်ထဲက ဓားဟာ သက်ဝင်လှုပ်ရှား လာခဲ့ပါပြီ။

ရွှပ် ... ရွှပ် ... ရွှပ် ...

ရှန်းဟွတောင် ဆင်ဘုရင်က သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တည်လာတဲ့ ဓားဒဏ်ရာတွေကို လုံးဝ အမှုထားပုံ မရပါဘူး။ သူက လီဖူချန်းရဲ့ အနားကို တိုးဝင်ပြီး နှာမောင်းနဲ့ ရိုက်ချဖို့ကိုပဲ စိတ်အားထက်သန်နေပုံ ရပါတယ်။ သူက သူ့ရဲ့ ခံနိုင်ရည် အားသာချက်ကို အသုံးချပြီး အနိုင်ရဖို့ ကြိုးစားနေတယ် ဆိုတာ အသိသာကြီးပါပဲ။

ဒါပေမဲ့ လီဖူချန်းကလည်း သူ့ရဲ့ ရန်သူကို လုံးဝ အနားကပ် မခံပါဘူး။ သူက နေရာအနှံ့ တရစပ် ပြေးလွှား လှုပ်ရှားလိုက်ပြီး ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ နှာမောင်းရိုက်ချက်တွေကို အချည်းနှီး ဖြစ်စေလိုက်ပါတယ်။

“လူသားမျိုးနွယ်ရဲ့ ထွတ်ခေါင် ပါရမီရှင် ဆိုတဲ့ အတိုင်း အစွမ်းထက်လှချည်လား။ ဒါပေမဲ့ နှမြောစရာပဲ။ မင်းက သည်နေ့၊ သည်နေရာမှာ သေချာပေါက် သေရတော့မယ်”

ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ စကားအဆုံးမှာတော့ သေးသွယ်ပြီး ရှည်လျားတဲ့ အမွေးအမှင် တစ်ခုဟာ စတင် အရောင်တောက်ပ လာခဲ့ပါပြီ။

ရွှီး ...

ထို့နောက်မှာတော့ ရှန်းဟွတောင်ဆင်ဘုရင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အမွေးအမှင် တစ်စုဟာ ကျွတ်ထွက်လာပြီး လီဖူချန်းဆီကို တိုးဝင် သွားပါတော့တယ်။

လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း အလျင်းမရှိပါဘူး။ သူက သူ့ရဲ့ သွေးနီဓားကို ကန့်လန့်ဖြတ် ကိုင်ကာ ရင်ဘတ် ရှေ့ထားလိုက်ပါတယ်။

“သွားစမ်း”

အစိမ်းရောင် အလင်းတန်းကြီး တစ်ခုဟာ လီဖူချန်းရဲ့ ဓားကနေပြီး ထွက်ပေါ်လာခဲ့ပါပြီ။

နေဝန်းစိမ်းဓားဆန္ဒဟာ ဓားကွက်ဆိုလို့ သတ်သတ်မှတ်မှတ် မရှိတဲ့ ဓားသိုင်းတစ်ခု ဖြစ်ပါတယ်။ အဲသည်အတွက် လီဖူချန်းရဲ့ အတွေးထဲမှာ ပေါ်လာတဲ့ လှုပ်ရှားမှု မှန်သမျှဟာ နေဝန်းစိမ်း ဓားဆန္ဒပါပဲ။ သူ့ရဲ့ လှုပ်ရှားတိုင်းဟာ နေဝန်းစိမ်း ဓားဆန္ဒကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောရင်လည်း မမှားလှပါဘူး။

ရွပ် ... ရွပ် ... ရွပ် ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ တောက်ပနေတဲ့ အမွေးအမှင်တွေဟာ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ အစိမ်းရောင် ဓားအလင်းတန်းကြီးဟာ အင်မတန်မှ အားကောင်းလှတဲ့အတွက် ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ အမွေးအမှင်တွေကို ကောင်းကောင်းကြီး ဖြတ်ပိုင်းပစ်နိုင်ပုံပါပဲ။

ဒါပေမဲ့လည်း ရှန်းဟွတောင် ဆင်ဘုရင်ထံကနေ ထွက်ပေါ်လာတဲ့ အရောင်တောက်တောက် အမွေးအမှင်တွေဟာ ထင်ထားတာထက်တောင်မှ ပိုများနေပါတယ်။ သူတို့တွေဟာ သေးသွယ်ပြီး ရှည်လျားတဲ့ အရာတွေ ဖြစ်တဲ့အတွက် လီဖူချန်းဟာ လုံးဝ သတိလက်လွတ် မလုပ်ရဲပါဘူး။

ဖန်း ... ဖန်း ... ဖန်း ...

သည်လောက်အထိ သတိထားနေတဲ့ ကြားကတောင်မှ ရှန်းဟွတောင်ဘုရင်ရဲ့ အမွေးအမှင် တစ်ဒါဇင်ကျော်လောက်ဟာ လီဖူချန်းရဲ့ ဓားကွက်ကို ဖြတ်ကျော်ပြီး ခန္ဓာကိုယ်ကို လာထိ နေပါသေးတယ်။

ဒါပေမဲ့လည်း အဲသည် အမွေးအမှင်တွေက လီဖူချန်းကို ဒဏ်ရာ ရစေဖို့ မပြောနဲ့။ အနောက်ကို ခြေတစ်လှမ်း ဆုတ်သွားအောင်တောင် မစွမ်းဆောင်နိုင်ပါဘူး။

“မိစ္ဆာဘုရင် ပါရှန်းရဲ့ သွေးမျိုးဆက်စွမ်းအားက တကယ်ပဲ ထူးခြားလှချည်လား”

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ်။

ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ သည်တိုက်ခိုက်မှုဟာ လျော့တွက်လို့တော့ မရပါဘူး။ တကယ်လို့ လီဖူချန်း နေရာမှာ ယုလီနဲ့ ခေါယွင်တို့သာ ဆိုရင်တော့ သေချာပေါက် ဒဏ်ရာ ရနေလောက်ပါပြီ။ သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်ပုံအရ ဆိုရင်တော့ သူတို့ဟာ သည်အမွေးအမှင်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ခုခံနိုင်ရင်တောင် အတော်လေး ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ။

“ဟင်”

ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ မျက်နှာအမူအရာကတော့ မှုန်မှိုင်း သွားခဲ့ပါတယ်။ လီဖူချန်းရဲ့ ဓားသိုင်းက သူထင်ထားတာထက်တောင်မှ အစွမ်း ထက်နေပြီဆိုတာ အသိသာကြီးပါပဲ။

အစောပိုင်းတုန်းက မိုးရွာချလိုက်သလို တိုက်ခိုက်လိုက်တဲ့ သူ့ရဲ့ တိုက်ခိုက်မှုကိုတောင်မှ လီဖူချန်းက ဓားနဲ့ ပြီးပြည့်စုံလုနီးပါး ခုခံ ပြသွားခဲ့တာ မဟုတ်ပါလား။

ဒါက သူ့အနေနဲ့ မွေးရာပါစွမ်းရည်ကို ကောင်းကောင်း အသုံးမပြုနိုင်တာနဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ အစောပိုင်းတုန်းက သူရဲ့ တိုက်ခိုက်မှုကိုတော့ မွေးရာပါ စွမ်းရည်လို့ ခေါ်ကြပါတယ်။ ရှန်းဟွတောင် ဆင်ဘုရင်က သည်မွေးရာပါ စွမ်းရည်ကို မနှစ်ကမှ နိုးထနိုင်ခဲ့တာပါ။ပြီးတော့ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီးခေါင်းဆောင်တွေထဲမှာ ဆိုရင်တော့ သူနဲ့ ရှီဟွာဘုရင်မတို့ နှစ်ယောက်သာ မွေးရာပါ စွမ်းရည်တွေကို နိုးထနိုင်သေးတာ ဖြစ်ပါတယ်။

“တိုက်ပွဲဝင် ကောင်းကင်ဘဝဂ် ခန္ဓာကိုယ်”

သူ့ရဲ့ ပထမမြောက် မွေးရာပါစွမ်းရည် အလုပ်မလုပ်တာ သိလိုက်ပြီးတဲ့ နောက်မှာတော့ ရှန်းဟွတောင်ဘုရင်ဟာ သူ့ရဲ့ ဒုတိယမြောက် မွေးရာပါ စွမ်းရည်ကို အလျင်အမြန် ထုတ်သုံးလိုက်ပါပြီ။

သည် ၂ နှစ် အတွင်းမှာဆိုရင် သူက မွေးရာပါစွမ်းရည် နှစ်မျိုးကို နိုးထနိုင်ခဲ့တာပါ။ အဲသည်နှစ်မျိုးထဲက ပထမ တစ်မျိုးကတော့ မိုးသက်မုန်တိုင်း ဆံချည်မျှင်အပ် ဖြစ်ပြီး ဒုတိယ တစ်မျိုးကတော့ တိုက်ပွဲဝင် ကောင်းကင်ဘဝဂ် ခန္ဓာကိုယ် ဖြစ်ပါတယ်။

ချွမ် ... ချွမ် ... ချွမ် ...

ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ ခန္ဓာကိုယ်ကနေ အဝါရင့်ရောင် ရှိတဲ့ ရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး နောက်မှာတော့ သူဟာ မယုံကြည်နိုင်စရာ ကောင်းလှတဲ့ အမြန်နှုန်းနဲ့ လီဖူချန်းဆီကို ရုတ်ခြည်း ပြေးဝင်သွားပြီး ရိုက်ချလိုက်ပါတယ်။

သည်တစ်ကြိမ် သူ့ရဲ့ တိုက်ခိုက်မှုကတော့ နဂိုမူလတုန်းကထက်ကို အဆပေါင်းများစွာ လျင်မြန်လာခဲ့ပါပြီ။

တကယ်လို့ ရှန်းဟွတောင် ဆင်ဘုရင် အနေနဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတုန်းကသာ သည်လို အလျင်နှုန်းကို ထုတ်သုံးပြီး တိုက်ခိုက်ခဲ့ရင်တော့ သူ့ကို ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ အဲသည်စစ်ပွဲမှာတုန်းက ဆိုရင် နှေးကွေးလေးလံမှုက သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက် ဖြစ်ခဲ့ပါတယ်။

“ဟမ့် ... ဒါမျိုး လာစမ်းလို့ ဘယ်ရမလဲ”

ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ တိုက်ခိုက်မှုက ဘယ်လောက်ပဲ လျင်မြန်နေပါစေလေ။ အဲဒါက လီဖူခန်းရဲ့ အသိစိတ်အာရုံကိုတော့ မကျော်လွန်နိုင်ခဲ့ပါဘူး။ လီဖူချန်းက ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရပါတယ်။ အဲသည်အတွက် လီဖူချန်းဟာ နှာမောင်းရိုက်ချက် ရောက်မလာခင် ကတည်းကတင် သူ့ရဲ့ နေရာကနေ ရှောင်ထွက်သွားခဲ့ပါပြီ။

ဝုန်း ...

လီဖူချန်းရဲ့ ကျောဘက်မှာ ရှိနေတဲ့ တောင်ထွတ် တစ်ခုကတော့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ တိုက်ခိုက်မှုက မပြီးဆုံးသေးပါဘူး။

ကျွီး ...

ဒါက ကျာပွတ်ရှည်ကြီး တစ်ခုရဲ့ တိုက်ခိုက်မှုလိုပါပဲ။ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ နှာမောင်းဟာ ရုတ်တရက် ရှည်ထွက်လာပြီး လီဖူချန်းကို ဆွဲငင် ရစ်ပတ်လိုက်ပါတယ်။

“ဟ ... ဟ ... ဟ ... ”

လီဖူချန်းကလည်း လူပါး တစ်ယောက်ပါပဲ။ သူက ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး နောက်ထပ် တစ်ကြိမ် ရှောင်ထွက်သွားပြန်ပါတယ်။

ဘန်း ... ...

မြေပြင်ဟာ လီဖူချန်းရဲ့အစား ဓားစာခံ ဖြစ်သွားခဲ့ရပါပြီ။ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ နှာမောင်းရိုက်ချက်က ပေတစ်ရာနီးပါးရှိတဲ့ အက်ကွဲကြောင်းကြီး တစ်ခုကို ဖြစ်ပေါ်လာစေပါတယ်။

ယား ...

ကောင်းကင်ပေါ်ကနေပြီး လူရိပ်တစ်ရိပ်ဟာ ကြယ်ပျံတစ်စင်းလို ထိုးဆင်း လာခဲ့ပါတယ်။ အဲသည် လူရိပ်ကတော့ လီဖူချန်းပါပဲ။

“သွားစမ်း”

ရွှမ်း ...

လီဖူချန်းရဲ့ ဓားချက်က ရှန်းဟွတောင် ဆင်ဘုရင်ကို မြေကြီးထဲ ကျွံဝင်သွားစေရုံမက တိုက်ပွဲဝင် ကောင်းကင်ဘဝဂ် ခန္ဓာကိုယ်ကိုလည်း ပျက်စီး သွားစေပါတယ်။

“ဖူး ... ဖရူး ... မျိုးမစစ်လေး”

ရှန်းဟွတောင် ဆင်ဘုရင်ဟာ မြေကြီးထဲကနေ ရုန်းထွက်လာပြီး လီဖူချန်းကို ဆဲဆိုလိုက်ပါတယ်။ သူက ယုံကြည်မှုအပြည့်ရှိတဲ့ လေသံဖြင့် …

“လီဖူချန်း ... မင်းက ငါထင်ထားတာထက် ပိုပြီး အစွမ်းထက်တယ် ဆိုတာကိုတော့ ငါ့အနေနဲ့ ဝန်မခံချင်လည်း ဝန်ခံရမှာပဲ။ ဒါပေမဲ့ သည်နေ့ မင်းသေချာပေါက် သေရမယ်။ အဲဒါကို ယုံထားလိုက်”

“အဟက် ... မင်းက မင်းကိုမင်း ယုံကြည်မှု အရမ်းရှိနေတာလား။ ဒါမှမဟုတ် အဲသည် သုံးယောက် အားကိုးနဲ့ ပြောနေတာလား”

လီဖူချန်း မထီမဲ့မြင် ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်းနဲ့ ပြောလိုက်ပါတယ်။

“မင်းက ငါတို့ ရှိနေတာကို သိနေတာလား”

အသံနဲ့အတူ ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ စွမ်းအင် နတ်ဆိုးဘုရင်နဲ့ မိစ္ဆာအင်းကွက်ကျားတို့ဟာ တိမ်ထူထူ တစ်အုပ်နောက်ကနေပြီး ထွက်ပေါ်လာခဲ့ပါပြီ။

သူတို့လေးယောက်ရဲ့ ကိုယ်ပိုင်နယ်မြေ ဒေသတွေဟာ တစ်ခုနဲ့တစ်ခု ကပ်လျက် တည်ရှိနေတာကြောင့် သူတို့ဟာ အလျင်အမြန် ပူးပေါင်းလိုက်နိုင်ပုံပါပဲ။

( note -လီဖူချန်းက ကြားထဲမှာ ချီအတွင်းအားတွေ ပြန်လည်ဖြည့်တင်း နေရတဲ့အတွက် သူတို့ထက် နောက်ကျပြီးရောက်လာပုံ ရပါတယ်။ )

“ဟား ... ဟား ... ။ ဘာလဲ ... မင်းက တစ်ယောက်တည်းနဲ့ ငါတို့လေးယောက်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီး တွေးထားတာလား”

စွမ်းအင်နတ်ဆိုးဘုရင်က လီဖူချန်းကို မုန်းတီးစွာနဲ့ ကြည့်လိုက်ပြီး လှောင်ပြောင် လိုက်ပါတယ်။

“မင်းရဲ့ အစွမ်းက ဆင်ဘုရင်ထက် သာတယ် ဆိုရုံလေးပဲ ရှိတာ။ ငါတို့လေးယောက် ပူးပေါင်းလိုက်ပြီ ဆိုမှတော့ မင်းအနေနဲ့ အသက်ရှင်ဖို့ရာ လမ်းမရှိတော့ဘူးကွ”

မိစ္ဆာအင်းကွက်ကျားရဲ့ မျက်လုံးတွေထဲမှာတော့ သတ်ဖြတ်ချင်စိတ်တွေ အပြည့်ပါပဲ။ သည်လူသားက သူ့ရဲ့ ခြေထောက်တစ်ဖက်ကိုတောင်မှ ပြတ်လုနီးပါး ခုတ်ဖြတ်သွားခဲ့တာ မဟုတ်ပါလား။

ရှန်းဟွတောင် ဆင်ဘုရင်ကလည်း သူ့ရဲ့ တိုက်ပွဲဝင် ကောင်းကင်ဘဝဂ် ခန္ဓာကိုယ်ကို ပြန်ပြီး အသက်သွင်းထား ခဲ့ပါပြီ။

“လီဖူချန်း ... မင်းက ငါတို့ကို စပြီးတော့ ရန်မစခဲ့သင့်ဘူး။ မင်းက မင်းကိုယ်မင်း အရမ်း အထင်ကြီးလွန်းပြီး မောက်မာလွန်းတယ်။ သည်နေ့ မင်းသေရတာက အဲဒါရဲ့ အကျိုးဆက်ကြောင့်ပဲ”

“ဟက် ... ဟက် ... တကယ့် ဟာသပါလား”

လီဖူချန်းရဲ့ ထီမထင်တဲ့ မျက်နှာအမူအရာကတော့ ပြောင်းလဲခြင်း မရှိသေးပါဘူး။ သူက ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး …

“တကယ်လို့သာ မင်းတို့ထဲက နောက်ထပ် ၂ ယောက်လောက် ထပ်ရောက်လာခဲ့ရင်တော့ ငါ့အနေနဲ့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မင်းတို့က လေးယောက်ပဲ ရှိနေသေးတယ်။ မင်းတို့ လေးယောက်လောက်ကတော့ ... ”

လီဖူချန်းက စကားကို ဆုံးအောင် မပြောဘဲ အမူအရာနဲ့ပဲ သရုပ်ပြလိုက်ပါတယ်။

သူ့ရဲ့ အမူအရာကတော့ သည်လေးယောက်ကို စာရင်းထဲမှာတောင် မထည့်ထားဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ အတူတူပါပဲ။

“ဘဝင် မြင့်နေလိုက်စမ်းတာကွာ။ သည်မျိုးမစစ်ကို သေအောင် သတ်မှ ရမယ်”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က လီဖူချန်းရဲ့ အမူအရာကို လုံးဝ သည်းမခံနိုင်တော့ပါဘူး။ သူက သူ့ရဲ့ခေါင်းပေါ်က ချိုကို ဆွဲဖြုတ်လိုက်ပြီး လီဖူချန်းကို ဒေါသတကြီးနဲ့ စတင် တိုက်ခိုက်ပါတော့တယ်။ သူ့ရဲ့ ဦးချိုက ပုံရိပ်ယောင်တွေ ဖြစ်ပေါ်လာကာ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။

စွမ်းအင်နတ်ဆိုးရဲ့ လှုပ်ရှားမှုကလည်း နှေးကွေးနေခြင်း မရှိပါဘူး။ သူရဲ့ ခန္ဓာကိုယ်ကို အဆပေါင်းများစွာ ကြီးထွားစေပြီးတဲ့ နောက်မှာတော့ သူဟာ လီဖူချန်းကို နင်းချေပစ်လိုက်ပါတယ်။

မိစ္ဆာအင်းကွက်ကျားကလည်း သူ့ရဲ့ ဟိန်းသံကို အသုံးပြုပြီး လီဖူချမ်းရှိနေတဲ့ နေရာတစ်ဝိုက်ကို ထိန်းချုပ်ထားခဲ့ပါပြီ။

တစ်ချိန်တည်း လိုလိုမှာပဲ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ နှာမောင်းရိုက်ချက်ကလည်း လီဖူချန်းဆီကို ကျရောက် လာပြန်ပါသေးတယ်။

သည်လေးယောက်ရဲ့ စုပေါင်းတိုက်ခိုက်မှုက လုံးဝကို အကွက်စေ့လွန်း လှတယ်လို့ ဆိုရမှာပါပဲ။

“ကောင်းတယ်ဟေ့။ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေက နရီကျတယ်”

လီဖူချန်းရဲ့ တိုက်ပွဲဆာလောင်စိတ် တွေကတော့ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပါပြီ။

ရှင်းရှင်းပြောရမယ် ဆိုတော့ သူဟာ သူ့ရဲ့ ကန့်သတ်ချက်ကို အခုထက်ထိ ရေရေရာရာ၊ တိတိကျကျ မသိသေးပါဘူး။

ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းဆိုတာက တိုက်ခိုက်ရေး သက်သက်တင် မဟုတ်ပါဘူး။ ခံနိုင်ရည်စွမ်းအား၊ တိုက်ပွဲကို ဆင်ခြင် သုံးသပ်နိုင်စွမ်း ၊ အနီးကပ် တိုက်ခိုက်နိုင်စွမ်း အစရှိတဲ့ စွမ်းရည်တွေ အကုန်လုံး ပါဝင်ပါတယ်။

လူတစ်ယောက်ဟာ သူ့ရဲ့ အစွမ်းကို အကြမ်းဖျင်းအားဖြင့်သာ ခန့်မှန်းသိရှိ နိုင်ပါတယ်။ တကယ့် သေရေးရှင်ရေး တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရခြင်း မရှိသေးသရွေ့ကတော့ လူတစ်ယောက်ရဲ့ အဆုံးစွန်သော ကန့်သတ်ချက် စွမ်းအားကို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းက သည်မိစ္ဆာလေးကောင်ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် သူ့ရဲ့ ပညာရပ်တွေကို ဆက်တိုက် ထုတ်ဖော်လိုက်ရပါပြီ။

နေမင်းဇောအဟုန် စွမ်းအင်စက်ကွင်းကို မိစ္ဆာအင်းကွက်ကျားရဲ့ ဟိန်းသံကို အားနည်း စေဖို့အတွက် အသုံးပြုလိုက်ပြီး သူ့ရဲ့ သွေးနီဓားကိုတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ဦးချိုကို လမ်းလွှဲဖို့ အသုံးပြုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဘယ်ဘက်လက်သီးကို အသုံးပြုပြီး စွမ်းအင်နတ်ဆိုး ဘုရင်ကို လွင့်ထွက်သွားအောင် ထိုးလိုက်ပါသေးတယ်။

အနီးကပ် တိုက်ခိုက်မှု အပိုင်းမှာတော့ စွမ်းအင်နတ်ဆိုး ဘုရင်ဟာ လီဖူချန်းရဲ့ ပြိုင်ဘက်ဖြစ်ဖို့အတွက် လုံးဝကို အဆင့်မမီပါဘူး။

သည်မိစ္ဆာလေးကောင်ထဲမှာတော့ ရှန်းဟွာတောင် ဆင်ဘုရင်ဟာ ရင်ဆိုင်ဖို့အတွက် အခက်ခဲဆုံးပါပဲ။ လီဖူချန်းက ခြေကန်ချက်ပေါင်း များစွာကို ထုတ်သုံးလိုက်မှသာ ရှန်းဟွတောင် ဆင်ဘုရင်ကို လွင့်ထွက်အောင် ကန်နိုင်ခဲ့ပါတယ်။

“ဘာ ... ဘာကြီးလဲ။ သည်ကောင့်ရဲ့ အနီးကပ် တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုလုပ်ပြီး သည်လောက်အထိ အားကောင်းနေရတာလဲ”

စွမ်းအင်နတ်ဆိုး ဘုရင်က သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေ စီးကျနေတဲ့ သွေးတွေကို သုတ်ရင်းနဲ့ တုန်လှုပ်ချောက်ချားစွာ ရေရွတ်နေခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ ကြောက်ရွံ့မှုတွေ အပြည့်ပါပဲ။ သူ့အနေနဲ့ လီဖူချန်းကို မကြောက်လို့လည်း မဖြစ်ပါဘူး။ အစောပိုင်းတုန်းက လီဖူချန်းရဲ့ လက်သီးချက်က သူ့ကို လွင့်ထွက်သွားစေရုံ သာမက ခြေထောက်တစ်ချောင်းကိုလည်း ကျိုးလုနီးပါး ဖြစ်သွားစေခဲ့တာ မဟုတ်ပါလား။

“ဒါက မင်းတို့အားလုံး တတ်နိုင်တာပဲလား။ ဒါဆိုရင်တော့ ငါ့ရဲ့ ဓားကွက်ကို မြည်းကြည့်ဖို့ အချိန်တန်ပြီ”

သည်တစ်ကြိမ်မှာ ပထမဆုံး စတိုက်လိုက်သူကတော့ လီဖူချန်းပါပဲ။ သူက သူ့ရဲ့ သွေးနီဓားကို ကန့်လန့်ဖြတ် ကိုင်လိုက်ပြီး ချိုတစ်ချောင်း နတ်ဆိုးဆီကို ခုန်ဝင်ကာ ခုတ်ပိုင်းလိုက်ပါတော့တယ်။

ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင်တော့ သည်ဓားချက်က သာမန်ဓားချက်လေး တစ်ခုပါပဲ။ ဒါပေမဲ့လည်း သည်ဓားချက်မှာ ခိုဝင်ကိန်းအောင်း နေတာက ဆင်နဂါးစွမ်းအားတွေနဲ့ ကြေးဝါဓားချီတွေ ဖြစ်ပါတယ်။ ပြီးတော့ ဓားချက်ကလည်း အင်မတန်မှ လျင်မြန်လွန်းလှပါတယ်။ အဲသည်အတွက် ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ လီဖူချန်းရဲ့ ဓားချက်ကို တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။

ရွှမ်း ...

လီဖူချန်းရဲ့ ဓားချက်က ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ဝမ်းဗိုက်ကို ဆုတ်ဖြဲသွားခဲ့ပါပြီ။

“သွား”

မိုင်ပေါင်းအနည်းငယ် အဝေးမှာ ရှိနေတဲ့ စွမ်းအင်နတ်ဆိုးဘုရင်က သူ့ရဲ့ မိစ္ဆာချီစွမ်းအင်တွေကို စုစည်းလိုက်ပြီး လှံနက် တစ်ချောင်းအဖြစ် ဖန်တီးလိုက်ပါတယ်။ ပြီးတာနဲ့ တစ်ပြိုက်နက် သူဟာ အဲသည်လှံနက်ကို အားကုန် ပစ်ပေါက် လိုက်ပါတော့တယ်။ သူ့ရဲ့ ပစ်မှတ်ကတော့ လီဖူချန်းကလွဲပြီး တခြားလူ မရှိတော့ပါဘူး။

လှံနက်ရဲ့ အမြန်နှုန်းက အသံရဲ့ အမြန်နှုန်းထက်တောင်မှ လျင်မြန်နေပါတယ်။ ပြီးတော့ အဲသည်လှံနက်က အသံ လုံးဝမထွက်ဘဲနဲ့ လီဖူချန်းဆီကို တိုးဝင်သွားနေတာပါ။

ဖန်း ...

လီဖူချန်းက လှံနက်ကို ကြည့်တောင် မကြည့်ပါဘူး။ သူက သွေးနီဓားကို လက်နောက်ပြန် ဝှေ့ယမ်းရင်းနဲ့ လှံနက်ကို ဖျက်ဆီး ပစ်လိုက်ပါတယ်။

ဝေါင်း ...

မိစ္ဆာအင်းကွက်ကျားက ဘယ်အချိန်တည်းကနေ ဘယ်လို လီဖူချန်းရဲ့ အနောက်ကို ရောက်နေတယ် မသိပါဘူး။ သူက လီဖူချန်းကို အနီးကပ် ဟိန်းလိုက်ပါတယ်။

“အာ့ ... သည်ဟိန်းသံက ...”

နေမင်းဇောအဟုန် စွမ်းအင်စက်ကွင်း ရှိနေတာတောင်မှ လီဖူချန်းဟာ အနည်းငယ် မသက်မသာ ခံစားလိုက်ရပါတယ်။

ဒါပေမဲ့ တကယ့် အန္တရာယ်က မိစ္ဆာအင်းကွက်ကျားကနေ လာနေတာ မဟုတ်ပါဘူး။ ယခုလက်ရှိ အချိန်မှာ သူ့ကို အန္တရာယ် အပေးနိုင်ဆုံးကတော့ ရှန်းဟွတောင် ဆင်ဘုရင်ပါပဲ။

အဝါရင့်ရောင် ရောင်ခြည်စက်ကွင်း တစ်ခုကို ထုတ်လွှင့်နေတဲ့ ရှန်းဟွတောင် ဆင်ဘုရင်ဟာ မယုံနိုင်စရာကောင်းလှတဲ့ အလျင်နဲ့ လီဖူချန်းဆီကို ပြေးဝင်လာပြီး ရိုက်ချလိုက်ပါတယ်။

လီဖူချန်းက ကောင်းကင်ဘုံကိုတောင် အန်တုနိုင်တဲ့ အသိစိတ်အာရုံကို ပိုင်ဆိုင်ထားရင် ပိုင်ဆိုင်ထားပါမယ်။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ အကန့်အသတ် ရှိနေဆဲပါပဲ။ အဲသည်အတွက် သူဟာ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ မရှောင်တိမ်းနိုင်တော့ပါဘူး။

“မတတ်နိုင်ဘူးဟေ့။ သူသေကိုယ်သေပဲ”

ရွေးချယ်စရာ မရှိတော့တဲ့ လီဖူချန်းဟာ ထိပ်တိုက် ရင်ဆိုင်ဖို့ကိုသာ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဝုန်း ...

ရှန်းဟွတောင်ဆင်ဘုရင်ရဲ့ တိုက်ပွဲဝင် ကောင်းကင်ဘဝဂ် ခန္ဓာကိုယ်ဟာ နောက်ထပ်တစ်ကြိမ် ပျက်စီးသွားခဲ့ပြန်ပါပြီ။ ဒါပေမဲ့ လီဖူချန်းဟာလည်း လွင့်ထွက်သွားတာပါပဲ။

တိုက်ပွဲဝင် ကောင်းကင်ဘဝဂ် ခန္ဓာကိုယ်ကို အသုံးပြုပြီး တိုက်ခိုက်မှုဟာ ရှန်းဟွတောင်ဘုရင်ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။ အဲသည်အတွက် လီဖူချန်းရဲ့ အခြေအနေကလည်း မစားသာလှပါဘူး။

“သည်ကောင် ဒဏ်ရာ နည်းနည်းပါးပါးတော့ ရသွားလောက်မှာပါ။ မဟုတ်ဘူးလား”

ရှန်းဟွတောင် ဆင်ဘုရင်က သူနဲ့ မနီးမဝေးမှာ ရှိနေတဲ့ တွင်းကြီးတစ်ခုကို ဝေခွဲမရတဲ့ဟန်နဲ့ စိုက်ကြည့် နေပါတယ်။

ဟူး ...

လီဖူချန်းက တွင်းနက်ကြီးထဲက ပျံတက် လာခဲ့ပါတယ်။ သူက ထီမထင်ဟန်ဖြင့် စိန်ခေါ်လိုက် ပါသေးတယ်။

“နောက်တစ်ခေါက်လောက် ထပ်တိုက်ကြရအောင်”

“လခွီးပဲ ... ။ သည်ကောင်က ဒဏ်ရာ သေးသေးလေးတောင် မရဘူးလား”

ရှန်းဟွတောင်ဆင်ဘုရင်က သူ့ရဲ့ မျက်လုံးကိုတောင်မှ သူ မယုံနိုင်အာင် ဖြစ်သွားခဲ့ပါပြီ။ အစောပိုင်းက သူ့ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှုကတောင်မှ လီဖူချန်းကို ဒဏ်ရာ မရစေနိုင်ဘူးတဲ့လား။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အစောပိုင်းက လီဖူချန်းရဲ့ တန်ပြန်ဓားကွက်ဟာ အေးအေးဆေးဆေး အချိန်ယူပြီး ထုတ်လိုက်တဲ့ ဓားကွက်တစ်ခု မဟုတ်ပါဘူး။ အဲသည်အတွက် ဓားကွက်ရဲ့ အစွမ်းက အလွန်ဆုံးရှိမှ ၅၀ ရာခိုင်နှုန်းသာ ရှိမှာပါ။ အဲသည် ၅၀ ရာခိုင်နှုန်းပဲ အစွမ်းရှိတဲ့ ဓားကွက်က သူ့ရဲ့ အားအကောင်းဆုံး ရိုက်ချက်ကို ခုခံသွားနိုင်ပါတယ်။ ဒါက ဘယ်လိုမှ ယုံကြည်စရာ မရှိပါဘူး။ရှန်းဟွတောင် ဆင်ဘုရင်က သူ့ရဲ့ရိုက်ချက်ဟာ လီဖူချန်းကို ထိကို ထိသွားရမယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမဲ့ ပြဿနာက လီဖူချန်းဟာ သူ့ရဲ့ ရိုက်ချက် ထိသွားတာတောင်မှ ဘာမှ မဖြစ်တာပါပဲ။ လီဖူချန်းရဲ့ ခံနိုင်ရည်ဟာ သူ့ထက် နိမ့်ကျနေခြင်း မရှိဘူး ဆိုတာကိုတော့ ရှန်းဟွတောင် ဆင်ဘုရင်အနေနဲ့ လုံးဝ သိနိုင်မှာ မဟုတ်ပါဘူး။

သည်အတိုင်း ချီအတွင်းအား ကျင့်ကြံမှု အပိုင်းကနေ ကြည့်လိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ခံနိုင်ရည်ဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့် ၆ က ပညာရှင်တစ်ယောက် ထက်တောင်မှ နိမ့်ပါတယ်။ ဒါပေမဲ့ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကြံ့ခိုင်မှုကိုပါ ထည့်ပေါင်းလိုက်ရင်တော့ သူ့ရဲ့ ခံနိုင်ရည်ဟာ ပြိုင်ဘက်ကင်းတဲ့ အဆင့်အထိ ရောက်သွားခဲ့ပါပြီ။

“အားလုံးပေါင်းပြီး တိုက်ကြဟေ့ ... ။ သည်ကောင် ဒဏ်ရာ မရနိုင်ဘူးဆိုတာကို ငါလုံးဝ မယုံဘူး”

ရှန်းဟွတောင် ဆင်ဘုရင်က ကျန်တဲ့ မိစ္ဆာတွေကို လှုံ့ဆော်လိုက်ပါတယ်။

“အေး”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ စွမ်းအင်နတ်ဆိုး ဘုရင်တို့ကလည်း အနီးကပ် တိုက်ပွဲကို ဝင်ပါလာခဲ့ပါပြီ။ မိစ္ဆာအင်းကွက်ကျားကတော့ အနီးကပ် တိုက်ပွဲထဲကို ဝင်မပါလာဘဲ အဝေးကနေပြီး မိစ္ဆာဟိန်းသံနဲ့သာ လီဖူချန်းကို ဒုက္ခပေးနေပါတယ်။

ဘန်း ... ဘန်း ... ဘန်း ...

ဝုန်း ...

တိုက်ပွဲကတော့ တစ်စထက် တစ်စ ပိုပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ တ်ုက်ပွဲရဲ့ ပတ်ဝန်းကျင် အနီးအနားမှာ ရှိသမျှ အရာဝတ္ထုတွေကတော့ ရစရာကို မရှိတော့ပါဘူး။

မြေပြင်ပေါ်မှာတော့ တွင်းနက်ကြီးတွေ၊ အက်ကွဲကြောင်းကြီးတွေတွေ ဖြစ်ပေါ် လာခဲ့သလို ကောင်းကင်ယံဟာလည်း မိုးကြိုးတွေ၊ လေနီကြမ်းတွေနဲ့ ပြည့်နှက်ပြီး မုန်တိုင်း ထန်နေခဲ့ပါပြီ။

သည်အစွမ်းထက် ပုဂ္ဂိုလ်ငါးဦးရဲ့ တိုက်ခိုက်မှုက မိုင်တစ်ရာပတ်လည် အတွင်းမှာရှိတဲ့ ရာသီဥတု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ကောင်းကောင်းကြီး သက်ရောက် စေခဲ့ပါတယ်။ သည်မိုင်တစ်ရာ ပတ်လည်အတွင်းက အခြေအနေကတော့ ကမ္ဘာပျက်ကပ်ကြီးတစ်ခု ဆိုက်နေသလိုပါပဲ။

သည်တိုက်ပွဲကနေ ထွက်ပေါ်နေတဲ့ အသံတွေကိုလည်း မိုင်ပေါင်း တစ်ထောင်ကျော်လောက်ကနေကို ရှင်းရှင်းလင်းလင်း ကြားနေရပါတယ်။ ရှန်းဟွတောင် နယ်မြေဒေသမှာ ကျင်လည် ကျက်စားနေတဲ့ မိစ္ဆာသားရဲတွေကတော့ တိုက်ပွဲစက်ကွင်းနဲ့ ဝေးရာကို ထွက်ပြေး ကုန်ကြပါပြီ။ သူတို့တွေက သည်တိုက်ပွဲထဲကို ဝင်မပါရဲကြပါဘူး။ တိုက်ပွဲထဲကို ဝင်ပါဖို့ မပြောပါနဲ့ဦး။ သူတို့တွေဟာ တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်တွေ အဖျားခတ်တာနဲ့တင် မှုန့်မှုန့်ကြေ သွားနိုင်ပါတယ်။

“ပြတ်စမ်း"

လီဖူချန်းရဲ့ လက်ထဲက ဓားဟာ အစိမ်းရောင် အလင်းတန်းတွေ ဖြာထွက်သွားပြီးတဲ့ နောက်မှာတော့ စွမ်းအင်နတ်ဆိုး ဘုရင်ကို ဒဏ်ရာ အကြီးအကျယ် ရသွားစေခဲ့ပါပြီ။ သည်ဓား အလင်းတန်းတွေက စွမ်းအင်နတ်ဆိုး ဘုရင်ရဲ့ ရင်ဘတ်ကို ကန့်လန့်ဖြတ် ဖြတ်ဆွဲ သွားခဲ့ပါတယ်။

တိုက်ပွဲက အချိန်ကြာလာတာနဲ့အမျှ လီဖူချန်းရဲ့ ဓားစွမ်းက ပိုတောက်ပြောင် လာခဲ့ပါတယ်။ အထူးသဖြင့် အနီးကပ် တိုက်ခိုက်မှုတွေမှာပေါ့။ အနီးကပ် တိုက်ခိုက်မှုတွေမှာ ဆိုရင် သူ့ရဲ့ ဓားကွက်တွေဟာ အညှာအတာ ကင်းမဲ့ပြီး ရက်စက်လွန်း လှပါတယ်။ သူ့ရဲ့ အနီးကပ် ဓားကွက် တစ်ကွက်ဟာ နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက်ထက် ဘယ်လောက်မှ နိမ့်ကျနေခြင်း မရှိပါဘူး။

လီဖူချန်းရဲ့ ဓားချက်တွေကို အများဆုံး ခံရသူတွေကတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ စွမ်းအင် နတ်ဆိုးဘုရင်တို့ပါပဲ။ သူတို့နှစ်ယောက်ဟာ အခြားမိစ္ဆာ နှစ်ယောက်ထက် အားနည်းတဲ့အတွက် လီဖူချန်းရဲ့ ဓားချက်တွေကို အများဆုံး ခံနေရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မိစ္ဆာချီတွေကသာ ဒဏ်ရာတွေကို အလျင်အမြန် သက်သာ ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့လို့ကတော့ သူတို့နှစ်ဦးဟာ အခုချိန်လောက်ဆို သေနေမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ အခုလည်း သူတို့ နှစ်ဦးရဲ့ အခြေအနေဟာ ကောင်းမွန်နေတာတော့ မဟုတ်ပါဘူး။ မိစ္ဆာချီတွေကို အသုံးပြုရလွန်းတဲ့အတွက် သူတို့နှစ်ဦးရဲ့ ချီအရှိန်အဝါတွေဟာ မရှိသလောက်ကို အားနည်းနေခဲ့ပါပြီ။

မိစ္ဆာအင်းကွက်ကျားနဲ့ ရှန်းဟွတောင် ဆင်ဘုရင်တို့ရဲ့ အခြေအနေကတော့ သူတို့ထက်စာရင် ကောင်းနေပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာလည်း ကျဉ်းထဲကျပ်ထဲမှာပါပဲ။

“သေကြစမ်း”

အေးစက်စက် အငွေ့အသက်တွေကို သယ်ဆောင်ထားတဲ့ အစိမ်းရောင် ဓားအလင်းတန်း တွေကတော့ အညှာအတာ ကင်းမဲ့စွာ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ ဓားဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ လက်တစ်ဖက်ကို ခုတ်ဖြတ်ပစ်လိုက်ရုံသာမက စွမ်းအင်နတ်ဆိုး ဘုရင်ရဲ့ ခန္ဓာကိုယ်ကိုလည်း ထိုးဖောက် သွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့ဓားက ရှန်းဟွတောင်ဆင်ဘုရင်ကို အရိုးတောင် ပေါ်လာစေတဲ့ ဒဏ်ရာတစ်ခု ရရှိ သွားစေပါသေးတယ်။ မိစ္ဆာအင်းကွက်ကျားကတော့ အဝေးကနေပဲ တိုက်ခိုက်နေတဲ့အတွက် ဒဏ်ရာ တစ်ခုတလေတောင် ရရှိသွားခြင်း မရှိပါဘူး။

***

All Chapters