← Chapters

လက်နက် အသိစိတ်ဝိညာဉ်

Vol. 32 Ch. 432

လက်နက် အသိစိတ်ဝိညာဉ်

Vol. 32 Ch. 432

လူသားတွေနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ မိစ္ဆာတွေဟာ တိုက်ခိုက်မှုနဲ့ ရွေ့လျားမှု အပိုင်းတွေမှာ အတော်လေး နိမ့်ကျပါတယ်။ တကယ်လို့သာ သည်နေရာမှာ ယုလီလေးယောက် ဒါမှမဟုတ် ခေါ့ယွင်လေးယောက်နဲ့ တိုက်ခိုက်ရရင်တော့ လီဖူချန်းရဲ့ အခြေအနေဟာ အခုလို ကောင်းမွန်နေမှာ မဟုတ်ပါဘူး။ လီဖူချန်းက သူတို့ရဲ့ တစ်ဖက်သတ် ဖိနှိပ်မှုကိုတောင်မှ ခံနေရနိုင်ပါသေးတယ်။

ရှေးခေတ် အချိန်တွေကစပြီး ယခုအချိန်အထိ မိစ္ဆာတွေဟာ သူတို့ရဲ့ မွေးရာပါ စွမ်းရည်တွေကို အသုံးပြုပြီးသာ လူသားတွေနဲ့ ဖက်ပြိုင် အန်တုခဲ့ကြတာပါ။

“နောက်ပြန်ဆုတ်ကြဟေ့ ... ။ သူ့ရဲ့ ချီအတွင်းအားတွေ ကုန်တဲ့အထိ အဝေးကနေပဲ တိုက်ကြမယ်”

ရှန်းဟွတောင် ဆင်ဘုရင်ကတော့ အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်သွား ခဲ့ပါပြီ။ သူက လီဖူချန်းကို အနီးကပ် တိုက်ခိုက်ခြင်း မပြုတော့ဘဲ ဝေးနိုင်သမျှ အဝေးဆုံးကနေသာ တိုက်ခိုက်ပါတော့တယ်။

သူ့ရဲ့ နှာမောင်းက ဆန့်နိုင်၊ ကျုံ့နိုင်တဲ့အတွက် အဝေးက တိုက်ခိုက်တဲ့ နေရာမှာ ပြဿနာ မရှိပါဘူး။ ကောင်းကင်ဘဝဂ် ခန္ဓာကိုယ်ကို ပြောင်းလဲထားတဲ့ အချိန်ဆိုရင်တော့ သူ့ရဲ့ နှာမောင်းဟာ မြေကမ္ဘာအဆင့်နိမ့် လက်နက် တစ်ခုလိုပါပဲ။

မိစ္ဆာအင်းကွက်ကျားကလည်း နဂိုမူလတုန်းကထက် ပိုဝေးတဲ့ အကွာအဝေး တစ်ခုကို ဆုတ်သွားခဲ့ပါတယ်။ သူကတော့ လီဖူချန်းကို ထိပ်တိုက် ရင်ဆိုင်ဖို့ လုံးဝ မလုပ်ပါဘူး။ သူက သူ့ရဲ့ မိစ္ဆာဟိန်းသံနဲ့ လီဖူချန်းကို ထိန်းချုပ်ဖို့သာ ကြံရွယ်နေပါတယ်။

မိစ္ဆာလည်းမကျ မိစ္ဆာသားရဲလည်းမကတဲ့ မိစ္ဆာအင်းကွက်ကျားရဲ့ မိစ္ဆာဟိန်းသံဟာလည်း မွေးရာပါ စွမ်းရည်တစ်မျိုးပါပဲ။ အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ မိစ္ဆာအင်းကွက်ကျားဟာ ရှီဟွာဘုရင်မနဲ့ ရှန်းဟွတောင် ဆင်ဘုရင်တို့ထက် ပိုများတဲ့ မွေးရာပါ စွမ်းရည်တွေကို ပိုင်ဆိုင်ပါတယ်။

မိစ္ဆာရတနာကို စားသုံးမိပြီးကတည်းက မိစ္ဆာအင်းကွက်ကျားဟာ မွေးရာပါ စွမ်းရည်သုံးမျိုးကို နိုးထနိုင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း မိစ္ဆာအင်းကွက်ကျားက အဲသည်အချက်ကို ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားခဲ့တဲ့ အတွက်ကြောင့် သူလည်းပဲ မွေးရာပါစွမ်းရည်တွေကို အသုံးပြုနိုင်ပြီ ဆိုတာကို ဘယ်သူမှ မသိခဲ့တာပါ။

သူနိုးထနိုင်ခဲ့တဲ့ မွေးရာပါ စွမ်းရည်သုံးမျိုးထဲမှာ ဆိုရင် မိစ္ဆာဟိန်းသံဟာ ကြောက်စရာ အကောင်းဆုံးပါပဲ။ ကျန်တဲ့ စွမ်းရည်နှစ်မျိုးကတော့ သူ့ထက် အဆင့်နိမ့်တဲ့ သူတွေအပေါ်မှာသာ သက်ရောက်စေနိုင်စွမ်း ရှိပါတယ်။ အဲသည်အတွက် သိပ်ပြီးတော့ အသုံးမဝင်လှပါဘူး။

ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ စွမ်းအင်နတ်ဆိုး ဘုရင်တို့ကတော့ လီဖူချန်းက အကြောက်ကြီး ကြောက်သွားကြပုံပါပဲ။ သူတို့ဟာ ရှန်းဟွတောင်ဆင်ဘုရင် သတိမပေးခင်ကတည်းက လီဖူချန်းနဲ့ ဝေးရာကို ဆုတ်ခွာ သွားကြပါပြီ။

အဝေးကနေ တိုက်ခိုက်ရင်တော့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက လျော့ကျသွားမှာ အသေအချာပါပဲ။ ဒါပေမဲ့ အဲဒါက လီဖူချန်းရဲ့ ဓားချက်တွေကို ပင်တိုင် စားသုံးနေရတာထက် စာရင်တော့ အများကြီး ကောင်းပါသေးတယ်။

စိတ်မကောင်းစရာပါပဲ။ သူတို့ရဲ့ တိုက်ခိုက်ပုံ ပြောင်းလဲမှုဟာ လီဖူချန်းနဲ့ အတွေ့မှာတော့ လုံးဝ အသုံးမဝင်ခဲ့ပါဘူး။

လီဖူချန်းက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကိုသာ ဦးတည်တိုက်ခိုက်ပြီး သတ်ဖြတ်ပစ်ဖို့ ကြိုးစားနေပါတယ်။

သူက တခြားလူတွေရဲ့ တိုက်ခိုက်မှုတွေကိုလည်း မရှောင်တိမ်းတော့ပါဘူး။ သူက ထိပ်တိုက် ရင်ဆိုင်မှုတွေကိုသာ ဆက်တိုက် ပြုလုပ်နေပါတယ်။

ရွပ် ...

လီဖူချန်းရဲ့ ဓားက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ပခုံးသားတွေကို ဖြတ်ဆွဲ သွားခဲ့ပြန်ပါပြီ။

“ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး။ ပြေးမှ”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သည်တစ်ခါမှာတော့ လုံးဝ အားမတင်းထား နိုင်တော့ပါဘူး။ သူက နောက်ကိုတောင် လုံးဝ လှည့်မကြည့်တော့ဘဲ တစ်ချိုးတည်း ပြေးထွက်သွား ပါတော့တယ်။

တိုက်ပွဲစပြီ ဆိုကတည်းက သူဟာ လီဖူချန်းရဲ့ ဓားချက်တွေကို အကြိမ်ကြိမ် မြည်းစမ်း နေရတာပါ။ သူ့ရဲ့ မိစ္ဆာချီတွေကလည်း အသုံးပြုရတာ များလွန်းတဲ့အတွက် ပြိုကွဲလုနီးပါး ဖြစ်နေပါပြီ။ တကယ်လို့သာ တိုက်ပွဲက သည်အတိုင်း ဆက်သွားနေဦးမယ် ဆိုရင်တော့ သူ့ရဲ့ အခြေအနေဟာ ဟန်တော့မှာ မဟုတ်ပါဘူး။ လီဖူချန်းရဲ့ သတ်ဖြတ်ခြင်းကို မခံရရင်တောင်မှ သူ့ရဲ့ မိစ္ဆာချီတွေဟာ အကုန်အစင်နီးပါး ကုန်ခန်း သွားတော့မှာ ဖြစ်ပါတယ်။

ချိုတစ်ချောင်း နတ်ဆိုးဘုရင် ထွက်ပြေးပြီးသွားတဲ့ နောက်မှာတော့ ကျန်တဲ့ မိစ္ဆာသုံးကောင်ဟာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဆိုတဲ့ အခြေအနေမျိုးကို ရောက်သွားခဲ့ပါပြီ။

သိပ်မကြာခင်မှာပဲ စွမ်းအင်နတ်ဆိုး ဘုရင်ဟာလည်း အခွင့်အရေးရှာပြီး ထွက်ပြေး သွားပါတော့တယ်။

“ဟား ... ဟား ... ဘယ်လိုဖြစ်တာလဲကွ။ မင်းတို့ နှစ်ယောက်ပဲ ကျန်တော့တာလား။ မင်းတို့နှစ်ယောက်လည်း ထွက်ပြေးချင်ရင် ပြေးလို့ ရတယ်နော်”

ရန်သူနှစ်ယောက် လျော့သွားပြီးတဲ့ နောက်မှာတော့ တိုက်ပွဲရဲ့ အဆုံးအဖြတ်ဟာ လီဖူချန်းရဲ့ လက်ထဲကို လုံးလုံးလျားလျား ကျရောက် သွားခဲ့ပါပြီ။ သူ့အနေနဲ့ အစွမ်းကုန် တိုက်မယ်ဆိုရင် ရှန်းဟွတောင် ဆင်ဘုရင်နဲ့ မိစ္ဆာအင်းကွက်ကျားကို သတ်လို့တောင် ရနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သူတို့ကို သတ်ပစ်လိုက်မယ် ဆိုရင် လီဖူချန်းအနေနဲ့ မိုက်မဲလွန်းရာ ကျသွားမှာပါ။

ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့အတွက် အင်အား မလုံလောက်သေးပါဘူး။ပြီးတော့လည်း သူဟာ သူ့ရဲ့ အစွမ်းကို အကုန်အစင် ပြသဖို့အတွက် အချိန်မကျသေးပါဘူး။

ပင်မ အဓိကမီးလျှံစွမ်းအား၊ ကောင်းကင်ပျက်သုဉ်းခြင်း ဓားအင်းကွက်နဲ့ မူလဘူတ ကြေးဝါဓားတွေဟာ သူ့ရဲ့ နောက်ဆုံး ဝှက်ဖဲတွေပါ။ လီဖူချန်းက သည်ဝှက်ဖဲတွေကို ရှင်းတိကောဝမ်လို လူမျိုးနဲ့မှသာ ထုတ်သုံးဖို့ စဉ်းစား ထားပါတယ်။

“တော်ကြစို့”

ရှန်းဟွတောင် ဆင်ဘုရင်နဲ့ မိစ္ဆာအင်းကွက်ကျားတို့ဟာ တိုက်ခိုက်တာတွေကို ရပ်တန့်လိုက်ပါပြီ။ သူတို့ဟာ နှစ်ယောက်တည်းနဲ့တော့ လီဖူချန်းကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။

သူတို့လေးယောက် စုပေါင်း တိုက်ခိုက်တာတောင်မှ လီဖူချန်းကို အသာစီး မရယူနိုင်ခဲ့ပါဘူး။လီဖူချန်းကို နှစ်ယောက်တည်းနဲ့ တိုက်တယ် ဆိုတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။

“မင်းကို အချိန်ခဏလေး မောက်မာခွင့် ပေးထားလိုက်ဦးမယ်”

ရှန်းဟွတောင် ဆင်ဘုရင်က သူ့ရဲ့ ဒေါသတွေကို မျိုသိပ်ပြီး ကြိမ်းဝါး လိုက်ပါတယ်။

ရှင်းတိကောဝမ်ကြောင့် ဒဏ်ရာရပြီး နောက်ပိုင်းမှာ သူ့ကို ဘယ်သူမှ အခုလို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် မလုပ်နိုင်ပါဘူး။

“လီဖူချန်း ... မြင့်လွန်းတဲ့ အပင်မှာ တစ်ချိန်မှာ လေမုန်တိုင်းဒဏ်ကြောင့် ပြိုလဲရတာပဲ။ အရမ်း ဘဝင် မြင့်မနေနဲ့”

မိစ္ဆာအင်းကွက်ကျားကလည်း ရုန်းရင်းကြမ်းတမ်းစွာ ပြောလာခဲ့ပါတယ်။

လီဖူချန်းကတော့ သူတို့နှစ်ယောက်ရဲ့ ပြောစကားကို နားထဲတောင် ဝင်ဟန် မပေါ်ပါဘူး။ သူက လက်ခါပြလိုက်ပြီး

“ငါသွားပြီဟေ့ ။ မင်းတို့ကို သည်တစ်ကြိမ်တော့ အသက်ချမ်းသာ ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ငါနဲ့ တွေ့ရင်တော့ မင်းတို့ထဲက ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားခွင့်ရမှာ မဟုတ်ဘူး”

“ဟား ... ဟား ... ဟား ... ”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ တဟားဟား ရယ်မောပြီး ထွက်သွားပါတော့တယ်။

သည်အဖြစ်အပျက် ပြီးတဲ့နောက်မှာတော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ အရင်လို အထိန်းအကွပ်မရှိ သောင်းကျန်းရဲတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ လီဖူချန်းကို အနိုင်ယူဖို့ လုံးဝ သေချာမှသာ ပြန်လည် သောင်းကျန်းရဲမှာ ဖြစ်ပါတယ်။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ ဖုန်းရွှယ်ဂိုဏ်းကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

“သူရဲကောင်းလေးလီ ... ပြန်ရောက်လာပြီလား”

မူဟန်ရှင်းက လီဖူချန်း ပြန်ရောက်လာတာကို မြင်မှပဲ သက်ပြင်း ချနိုင်ပါတော့တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး သူသိလာတာတွေကို ပြောပြလိုက်ပါတယ်။

“နတ်ဆိုးဆယ်ပါးနယ်မြေက အရင်တုန်းကထက် ပိုပြီး အားကောင်း လာနေတယ်။ အထူးသဖြင့် ရှန်းဟွတောင် ဆင်ဘုရင်ပဲ။ သူက မွေးရာပါစွမ်းရည် နှစ်မျိုးကိုတောင် နိုးထ ထားခဲ့ပြီးပြီ။ သူ့ရဲ့ အစွမ်းက ယုလီထက်တောင်မှ သာနေသေးတယ်။ မိစ္ဆာတာအို အင်အားစုတွေရဲ့ ထကြွသောင်းကျန်းမှုသာ မပေါ်လာဘူးဆိုရင် နတ်ဆိုးဆယ်ပါး နယ်မြေက နောက်ဆုံးစစ်ပွဲကို ဆင်နွှဲပြီးလောက်ပြီ”

“ဘာ ... ရှန်းဟွတောင်ဆင်ဘုရင်က အဲဒီလောက်တောင် အစွမ်းထက်သွားပြီလား”

မူဟန်ရှင်းက လီဖူချန်းရဲ့ စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။

အရင်တစ်ခေါက် စစ်ပွဲတုန်းက ဆိုရင် နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်တို့ကသာ ယုလီထက် အစွမ်းထက်ကြတာပါ။ ရှန်းဟွတောင် ဆင်ဘုရင်ကတော့ နတ်စမ်းရေတောင်ကြားရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ထက်တောင်မှ အနည်းငယ် အားနည်းနေပါသေးတယ်။

“ဟုတ်တယ်။ ရှန်းဟွတောင်ဆင်ဘုရင်က သားရဲဘုရင် ပါရှန်းဆင်ဘုရင်ရဲ့ မျိုးဆက်သွေးကို အနည်းအကျဉ်း ဆက်ခံထားတယ် ဆိုတဲ့ ကောလာဟလက အမှန်ပဲ ဖြစ်ရမယ်။ အဲဒါကြောင့် သူက မွေးရာပါ စွမ်းရည်နှစ်မျိုးကို နိုးထစေနိုင်တာ”

“ဒါဆိုရင် သူရဲကောင်းလေးလီရဲ့ သည်တစ်ခေါက် ခရီး အခြေအနေက ... ”

မူဟန်ရှင်းက မေးခွန်းကိုတောင် အပြည့်အစုံ မမေးနိုင်တော့ပါဘူး။

လီဖူချန်းက ပြုံးလိုက်ပြီး …

“အိုး ... သည်တစ်ခေါက် ခရီးလား။ အဲဒါကိုတော့ စိတ်မပူပါနဲ့။ ကျွန်တော်က နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ချိုတစ်ချောင်းနတ်ဆိုးဘုရင်၊ စွမ်းအင်နတ်ဆိုးဘုရင်၊ မိစ္ဆာအင်းကွက်ကျားနဲ့ ရှန်းဟွတောင် ဆင်ဘုရင်တို့ကို စိမ်ခေါ်ခဲ့တယ်လေ။ သူတို့ထဲက တစ်ယောက်မှ ကျွန်တော့်ရဲ့ ပြိုင်ဘက် မဖြစ်ခဲ့ဘူး”

“သူရဲကောင်းလေးလီက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ အစွမ်းကို ပိုင်ဆိုင်ထားတာပဲ။ သည်အဘိုးကြီးကတော့ သူရဲကောင်းလေးနဲ့ ခင်မင် ရင်းနှီးခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်”

မူဟန်ရှင်းက လေးစား အားကျစွာနဲ့ လီဖူချန်းကို အရိုအသေ ပေးလိုက်ပါတယ်။

နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီးခေါင်းဆောင် လေးယောက်ကို အနိုင်ယူတယ် ဆိုတာ လွယ်တဲ့အရာ မဟုတ်ပါဘူး။ အဲသည် လေးယောက်ထဲက အားအနည်းဆုံးလို့ ဆိုနိုင်တဲ့ ချိုတစ်ချောင်း နတ်ဆိုး ဘုရင်တောင်မှ မူဟန်ရှင်းထက် အစွမ်းထက်ပါတယ်။

ဒါပေမဲ့ လီဖူချန်းကတော့ အဲသည်မိစ္ဆာ လေးယောက်စလုံးကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူလိုက်ပုံပါပဲ။ ဒါကြောင့်သူက လီဖူချန်းကို အရိုအသေ ပေးလိုက်တာ ဖြစ်ပါတယ်။

ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ စွမ်းအင်နတ်ဆိုးဘုရင်၊ မိစ္ဆာအင်းကွက်ကျားနဲ ရှန်းဟွတောင် ဆင်ဘုရင်ဟာ လီဖူချန်း ပြောခဲ့သလိုတော့ တစ်သဝေမတိမ်း မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူတို့တွေဟာ သူတို့ရဲ့ လက်အောက်ခံတွေကိုတော့ ထိန်းချုပ် သတိပေး လိုက်ကြပါတယ်။ အဲသည်အတွက် မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေဟာ အရင်လို မြို့ကြီးတွေကို ဝင်စီးပြီး လူသားတွေကို စိတ်တိုင်းကျ သတ်ဖြတ် စားသောက်ခြင်း မပြုတော့ပါဘူး။ သူတို့တွေဟာ လူသားတွေကို သတ်ဖြတ် စားသောက်ဖို့အတွက် လျှို့ဝှက်စွာပဲ လှုပ်ရှားကြပါတော့တယ်။

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကတော့ လီဖူချန်းကို အလွန်အမင်း ကြောက်ရွံ့သွားပုံပါပဲ။ သူက သူ့ရဲ့ လက်အောက်ငယ်သားတွေကို လူသားလုံးဝ မစားဖို့အတွက် တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ထား ခဲ့ပါတယ်။

သူက နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ အခြားသော ဦးစီးခေါင်းဆောင်တွေနဲ့ သွားရောက်ပူးပေါင်း နေထိုင်ရင် ကောင်းမလားဆိုပြီး မကြာခဏ စဉ်းစားမိ နေပါသေးတယ်။ ဒါပေမဲ့လည်း နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ခေါင်းဆောင်တွေက လီဖူချန်းကို ကြောက်ရွံ့နေပြီဆိုတဲ့ သတင်း ထွက်လာမှာ စိုးတဲ့အတွက် သူဟာ အားတင်းပြီး သူ့နယ်မြေမှာ နေထိုင်နေရပါတယ်။ ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သူ့ရဲ့ နာမည်ဂုဏ်သတင်းကို လူတွေရဲ့ တံတွေးခွက်မှာ မမျောစေချင်ပါဘူး။

***

- သွေးနတ်ဆိုးနယ်မြေ -

သွေးနတ်ဆိုး နန်းတော်ထဲက ပလ္လင်ထက်မှာတော့ သွေးနတ်ဆိုးဘုရင်ဟာ စိတ်ပျင်လက်ပျက်နဲ့ ထိုင်နေပါတယ်။

သူက လီဖူချန်းတစ်ယောက် နတ်ဆိုးဆယ်ပါး နယ်မြေကို ရောက်လာပြီး ဘာတွေ လုပ်သွားသလဲ ဆိုတာကို ကောင်းကောင်းကြီး သိထားပြီးပါပြီ။

သူလုံးဝ မမျှော်လင့်ထားတာကတော့ လီဖူချန်းဟာ သည်လောက်အထိ အစွမ်းထက်လာမယ် ဆိုတာပါပဲ။ ရှန်းဟွတောင်ဆင်ဘုရင်နဲ့ အခြားဦးစီး ခေါင်းဆောင်သုံးယောက် ပေါင်းတိုက်တာတောင် မနိုင်ဘူး ဆိုကတည်းက လီဖူချန်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိနိုင်ပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ရှင်းတိကောဝမ်တောင်မှ သည်လောက်အထိ အစွမ်းထက်မှာ မဟုတ်ပါဘူး။

“သည်ကလေးကိုတော့ ဆက်ပြီး အသက်ရှင်ခွင့်ပေးလို့ မဖြစ်တော့ဘူး။ သူ့ကို အမြန်ဆုံး သတ်ပစ်နိုင်မှ ရတော့မယ်။ မဟုတ်ရင် သူရဲ့ ဖြစ်တည်မှုက ငါတို့ကို ဝါးမျိုသွားတော့မှာ”

အမှန်အတိုင်း ပြောရရင်တော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ လက်ရှိ အခြေအနေပေါ်မှာ အရမ်းကို သာယာ ကျေနပ်နေတာပါ။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ အားနည်းနေပြီ ဖြစ်သလို သူတို့ဟာလည်း လူသားတွေကို စိတ်ကြိုက် သတ်ဖြတ်စားသောက် နိုင်ပါတယ်။ ရှင်းတိကောဝမ်ကလည်း သူ့ရဲ့ မိစ္ဆာတာအို အင်အားစုတွေကို မထိပါးသေးသရွေ့ နတ်ဆိုးဆယ်ပါး နယ်မြေကို ရန်စမှာ မဟုတ်ပါဘူး။

အဲသည်အတွက် သူတို့ဟာ လက်ရှိ အခြေအနေကိုပဲ ဆက်ပြီး ထိန်းထားချင်ပါတယ်။

ဒါပေမဲ့ အခုတော့ လီဖူချန်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒါက နတ်ဆိုးဆယ်ပါး နယ်မြေ လိုချင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ လီဖူချန်းနဲ့ ဆိုရင်တော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ သူတို့ကို ပခုံးချင်း ယှဉ်လာနိုင်တော့မှာ အသေအချာပါပဲ။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင် သွားတာမျိုးတောင် ဖြစ်လာနိုင်ပါသေးတယ်။

“မဖြစ်သေးပါဘူးကွာ။ သည်ကိစ္စကို ရှီဟွာဘုရင်မနဲ့ ဆွေးနွေးဦးမှပါ”

ယခုလက်ရှိ နတ်ဆိုးဆယ်ပါး နယ်မြေဒေသရဲ့ တစ်ဝက်လောက်ကို သူနဲ့ ရှီဟွာဘုရင်မက အုပ်စိုးနေတာပါ။ အဲသည်အတွက် နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီးခေါင်းဆောင်တွေထဲမှာ ဆိုရင် သူနဲ့ ရှီဟွာဘုရင်မက သြဇာအာဏာ အထက်ဆုံးပါပဲ။ သူတို့နှစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေ တူနေသေးသရွေ့ ကျန်တဲ့ ဦးစီးခေါင်းဆောင်တွေဟာ သူတို့ကို ဆန့်ကျင်လို့ မရပါဘူး။

ထို့နောက်မှာတော့ သွေးနတ်ဆိုး ဘုရင်ဟာ ကျောက်တုံးနယ်မြေကို သွေးသက်တံ တစ်စင်းအလား ပျံသန်း သွားပါတော့တယ်။

***

“ငါ့ရဲ့ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက ထက်ထားသလောက် မကောင်းသေးဘူး။ ငါ့အနေနဲ့ ပင်မအဓိက မီးလျှံစွမ်းအား၊ ကောင်းကင်ပျက်သုဉ်းခြင်း ဓားအင်းကွက်နဲ့ မူလဘူတ ကြေးဝါဓားတွေကို မသုံးဘဲ ရှန်းဟွတောင် ဆင်ဘုရင်ကို သတ်နိုင်ရင်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်”

“ငါ့ရဲ့ နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက်က ချီအတွင်းအား အရမ်း ကုန်တာလည်း ပြဿနာပဲ။ တကယ့်တိုက်ပွဲမှာ အဲဒါက ငါ့ရဲ့ ချီအတွင်းအားတွေ အကုန်လုံးကို ကုန်ခန်း သွားစေနိုင်တယ်။ ငါ့အနေနဲ့ တကယ့် သေရေးရှင်ရေး မဟုတ်ဘဲ သည်ဓားကွက်ကို ထုတ်သုံးလို့ မဖြစ်ဘူး”

လက်ရှိအချိန်မှာတော့ ချီအတွင်းအား ကျင့်ကြံမှုဟာ လီဖူချန်းရဲ့ အားအနည်းဆုံး အားနည်းချက်ပါပဲ။ တိုက်ပွဲက ရှည်ကြာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ချီအတွင်းအားတွေဟာ အလွယ်တကူ ကုန်ခန်းသွားမှာပါ။

သည်ပြဿနာကိုတော့ လီဖူချန်းလည်း ဘာမှ မတတ်နိုင်သေးပါဘူး။

“အင်း ... သည်အတိုင်း နေမဲ့အစား ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ပထမချိပ်ပိတ် စည်းတံဆိပ်ကို ဖယ်ရှားဖို့ ကြိုးစားတာ ပိုကောင်းမယ် ထင်တယ်”

လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ပထမချိပ်ပိတ် စည်းတံဆိပ်ကို ဖယ်ရှားဖို့ အတွက် နည်းလမ်းအမျိုးမျိုး ကြံဆပြီးခဲ့ပါပြီ။ ဒါပေမဲ့လည်း အမြန်ဆုံး နည်းလမ်းကတောင်မှ အချိန် အကြာကြီး လိုအပ်ပါတယ်။ အဲသည်အတွက် သူဟာ အချိန်တစ်ခုအထိ စောင့်ဆိုင်းနေတာပါ။

လျှို့ဝှက်ကောင်းကင်ဘုံ ဓားဆန္ဒကို နားလည်ပြီးတဲ့ နောက်မှာတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ပထမ ချိပ်ပိတ်စည်း တံဆိပ်ဟာ အနည်းငယ် လှုပ်ရှား လာသလိုပါပဲ။ လီဖူချန်းဟာ ပထမချိပ်ပိတ် စည်းတံဆိပ်ကို ဖယ်ရှားနိုင်ဖို့အတွက် နောက်ဆုံး ခြေလှမ်းတစ်လှမ်းသာ လိုတော့တယ်လို့ ခံစားနေရပါတယ်။

“အိုး ... မေ့နေလိုက်တာ။ ဆရာကြီးမူကို မေးလို့ ရတာပဲ”

တကယ်လို့သာ အရင်တုန်းက အခြေအနေ ဆိုရင်တော့ လီဖူချန်းဟာ သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ထုတ်ပြမှာ မဟုတ်ပါဘူး။

အရှေ့ယူနီကွန်းတိုက်မှာက မြေကမ္ဆာအဆင့် လက်နက်တွေဟာ ရှားပါးလွန်း လှပါတယ်။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားလို အဆင့်ဆင့် ချိပ်ပိတ် ခံထားရတဲ့ လက်နက် ဆိုရင်တော့ ပြောမနေပါနဲ့တော့။ သည်ဓားက ထွက်ပေါ်လာတဲ့ နေရာတိုင်းကို သွေးချောင်းစီးစေမှာ အသေအချာပါပဲ။

ဒါပေမဲ့ ယခုလက်ရှိမှာတော့ လီဖူချန်းက အဲသည်အရေးကို မစိုးရိမ်တော့ပါဘူး။ သူ့ဆီက ဓားကို လိုချင်ရင်တော့ သူကိုယ်တိုင် ကြည်ကြည်ဖြူဖြူ သဘောတူမှပဲ ရမှာပါ။ မဟုတ်ရင်တော့ မိုးမီးလောင်တာထက်ကို ဆိုးသွားပါလိမ့်မယ်။

“ချိပ်ပိတ်စည်း တံဆိပ်တွေကို ဖယ်ရှားလိုက်ရင် အဆင့်တက်တဲ့ ရှေးဟောင်း ရတနာဓား ... ဟုတ်လား”

မူဟန်ရှင်းက လုံးဝ မယုံနိုငိပါဘူး။ သူက လီဖူချန်းကိုတောင် နည်းနည်း မနာလိုသွားမိပါတယ်။

“ဆရာကြီးမူဆီမှာ သည်ပြဿနာကို ရှင်းနိုင်တဲ့ နည်းလမ်း မရှိဘူးလား”

လီဖူချန်းက မူဟန်ရှင်းကို မေးလိုက်ပါတယ်။

မူဟန်ရှင်းက လေသံ ခပ်တိုးတိုးဖြင့် …

“ဦးလေး ကြားဖူးတာတော့ သည်လို အဆင့်ဆင့် ချိပ်ပိတ် ခံထားရတဲ့ လက်နက်တွေဆီမှာ ကိုယ်ပိုင် အသိစိတ်ဝိညာဉ် ရှိတယ်တဲ့။ သူရဲကောင်းလေးလီက အဲသည် လက်နက် အသိစိတ်ဝိညာဉ်နဲ့ ဆက်သွယ်ရမယ် ထင်တယ်”

“လက်နက် အသိစိတ်ဝိညာဉ်လား”

“ဒဏ္ဍာရီတွေအရ ဆိုရင် ကောင်းကင်အဆင့် လက်နက်တွေမှာမှ လက်နက် အသိစိတ်ဝိညာဉ်တွေ ခိုဝင်ကိန်းအောင်း နေတာလေ”

လီဖူချန်းက မရေရာတဲ့ပုံနဲ့ ပြန်ပြောလိုက်ပါတယ်။

မူဟန်ရှင်းက မချိပြုံး ပြုံးလိုက်ပြီး …

“သူရဲကောင်းလေးလီ ... ဦးလေး အထင်ပြောရရင်တော့ သူရဲကောင်းလေးရဲ့ လက်နက်က ကောင်းကင်အဆင့် မဟုတ်ရင်တောင်မှ အဲသည် အဆင့်နားလောက်မှာပဲ ရှိနေမှာ။ ဦးလေးကြားဖူးတာက မြေကမ္ဘာ အထွတ်အထိပ်အဆင့် လက်နက်တွေမှာလည်း လက်နက် အသိစိတ်ဝိညာဉ် ရှိတယ်တဲ့”

“သြော် ... အဲဒီလိုလား။ ကျွန်တော် သဘောပေါက်ပြီ”

လီဖူချန်းက ပြုံးလိုက်မိပါတယ်။

ကြည့်ရတာတော့ သည်ဘုံခုနစ်ဆင့် ကောင်းကင်ဓားက ထင်ထားတာထက် ပိုအစွမ်းထက် နေပုံပါပဲ။

“သူရဲကောင်းလေးလီ ... သည်ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ထုတ်မသုံးပါနဲ့လား။ သည်ဓားက အရမ်း တန်ဖိုး ကြီးလွန်းနေတယ်”

မူဟန်ရှင်းက လီဖူချန်းကို သတိပေးလိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ မူဟန်ရှင်း ကိုယ်တိုင်တောင်မှ သည်ဓားကို လိုချင်တာ တစ်ပိုင်း သေလုမတတ်ပါဘဲ။ သူက လီဖူချန်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိထားတဲ့ အတွက်ကြောင့်သာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို သွားမလုတာပါ။ လီဖူချန်းဆီက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို သွားလုမယ် ဆိုရင်တော့ သူ့အနေနဲ့ အသက်ဆယ်ချောင်းလောက် အပိုပါမှပဲ ရနိုင်ပါမယ်။

လီဖူချန်းကတော့ မူဟန်ရှင်းရဲ့ သတိပေး စကားကို ဂရုမစိုက်ပါဘူး။ သည်အရှေ့ ယူနီကွန်းတိုက်မှာတော့ သူဟာ ဘယ်သူ့ကိုမှ ကြောက်နေစရာ အကြောင်းမရှိပါဘူး။

“ဒါနဲ့ ဆရာကြီးမူ ... ။ ကျွန်တော်က ဖုန်းရွှယ်ဂိုဏ်းကို ပြဿနာထဲ ဆွဲသွင်းခဲ့မိတယ်။ ကျေးဇူးပြုပြီး ဒါလေးကို အလျော်ပေးတယ်လို့ သဘောထားပြီး လက်ခံပေးပါလား”

လီဖူချန်းက သိုလှောင်အိတ်ထဲကနေ ငွေရောင် လက်အိတ်တစ်စုံ ထုတ်လိုက်ပြီး မူဟန်ရှင်းကို ကမ်းပေး လိုက်ပါတယ်။

“သူရဲကောင်းလေးလီ ... ဒါ ... ဒါက”

လက်အိတ်ကို လက်ခံပြီးတဲ့ နောက်မှာတော့ မူဟန်ရှင်းဟာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ပါပြီ။ သူက စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့ပါဘူး။

ဒါကမြေကမ္ဘာ အဆင့်နိမ့် လက်အိတ်တစ်စုံပင် မဟုတ်ပါလား။

သူ့ရဲ့ အစွမ်းဟာ ယုလီ၊ ခေါ့ယွင်နဲ့ နတ်စမ်းရေတောင်ကြားရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲတို့ထက်ကို နိမ့်ကျပါတယ်။ အကြောင်းအရင်းကတော့ သူဟာ မြေကမ္ဆာအဆင့်နိမ့် သိုင်းကျမ်းကို တစ်ဝက်သာ လေ့ကျင့်ထားရလို့ပါပဲ။

ဒါပေမဲ့လည်း သည်မြေကမ္ဘာ အဆင့်နိမ့် လက်အိတ်တစ်စုံနဲ့ ဆိုရင်တော့ သူဟာ အဲသည် သုံးယောက်ကို သေချာပေါက် လိုက်မီပါပြီ။

“ကျေးဇူးအများကြီး တင်ပါတယ် သူရဲကောင်းလေးလီ”

မူဟန်ရှင်းက အတော်လေး စိတ်လှုပ်ရှားနေပုံပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက တဆတ်ဆတ် တုန်ယင်နေပါတယ်။

လီဖူချန်းက လက်ကာပြလိုက်ပြီး …

“ရပါတယ်ဗျာ။ မလိုပါဘူး။ ကျွန်တော်က နောက်ပိုင်းကျရင်လည်း ဆရာကြီးမူကိုပဲ ဆက်ပြီး အကူအညီ တောင်းရဦးမှာပါ”

မြေကမ္ဘာအဆင့်နိမ့် လက်အိတ်တစ်စုံက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ နီးပါးသာ ကျသင့်ပါတယ်။ အဲသည် အရေအတွက်က လီဖူချန်းအတွက်တော့ ဈေးကြီးတယ်လို့ကို မသတ်မှတ်နိုင်တော့ပါဘူး။ ဒါကြောင့်လည်း သူက မူဟန်ရှင်းကို လက်ဆောင်အဖြစ် ပေးလိုက်တာပါ။

“သူရဲကောင်းလေးလီ ... အဲဒါကိုတော့ လုံးဝ စိတ်မပူနဲ့။ သူရဲကောင်းလေးသာ အကူအညီ တောင်းခဲ့ရင် သည်အဘိုးကြီးက ဓားတောင်ပဲ ကျော်ရကျော်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ကူညီပါ့မယ်”

မူဟန်ရှင်းက လီဖူချန်းကို ရဲရဲကြီး ကတိပေးလိုက်ပါတယ်။ မူဟန်ရှင်းက လူနုံ၊ လူအ တစ်ယောက် မဟုတ်ပါဘူး။ သူက အစောကြီး ကတည်းက သူ့ရဲ့ အနာဂတ်အတွက် စဉ်းစားပြီးခဲ့ပါပြီ။ လီဖူချန်းနောက်ကို လိုက်တာက သူ့အတွက် အကောင်းဆုံးပါပဲ။

***

All Chapters