ဓားအသိစိတ်ဝိညာဉ်နဲ့ ဆက်သွယ်ခြင်း
Vol. 32 Ch. 433
နောက်နေ့တွေမှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားထဲမှာ ရှိတဲ့ ဓားအသိစိတ်ဝိညာဉ်နဲ့ ဆက်သွယ်မိဖို့ကိုပဲ ကြိုးစားပါတော့တယ်။
လက်နက် အသိစိတ်ဝိညာဉ်ဟာ တစ်ခုနဲ့တစ်ခု မတူညီပါဘူး။
အချို့ လက်နက်အသိစိတ် ဝိညာဉ်တွေကတော့ အလိုအလျောက် ပိုင်ရှင်ကို ရွေးချယ်လေ့ရှိပြီး အချို့ကတော့ ပိုင်ရှင်ကို အညံ့ခံဖို့အတွက် ငြင်းဆန်လေ့ ရှိပါတယ်။ မိစ္ဆာဆန်တဲ့ အသိစိတ်ကို ပိုင်ဆိုင်ထားပြီး ပိုင်ရှင်မှန်သမျှကို မကောင်းမှုတွေလုပ်ဖို့ ဖျားယောင်း သွေးဆောင်တတ်တဲ့ မိစ္ဆာ လက်နက်အသိစိတ် ဝိညာဉ်တွေလည်း ရှိပါသေးတယ်။
ဘုံခုနစ်ဆင့် ကောင်းကင်ဓားကတော့ ချိပ်ပိတ်ခံထားရတဲ့ အခြေအနေမှာ ဖြစ်တဲ့အတွက် ဓားအသိစိတ် ဝိညာဉ်ဟာလည်း ချိပ်ပိတ်ခံထားရမှာ အသေအချာပါပဲ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ ဓားအသိစိတ် ဝိညာဉ်ကို ဆက်သွယ်ချင်တယ် ဆိုရင်တော့ အင်မတန် ခဲယဉ်းမှာပါ။
အဲသည်အတွက် လီဖူချန်းဆီမှာ အားကိုးစရာဆိုလို့ သူ့ရဲ့ အသိစိတ်အာရုံသာ ရှိပါတော့တယ်။
နေ့ရက်တွေကလည်း တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားခဲ့ပါပြီ။ လီဖူချန်းကတော့ သူ့ရဲ့ အသိစိတ်အာရုံနဲ့ ဓားအသိစိတ်ဝိညာဉ်ကို အာရုံခံနေတုန်းပါပဲ။ သူက ဒါကို နိစ္စဓူဝ အလုပ်တစ်ခုလို လုပ်ဆောင်နေတာပါ။
သူ့ရဲ့ လုပ်ငန်းစဉ်က ဘာမှ ထူးထူးခြားခြား တိုးတက်မှု မရှိခဲ့ပါဘူး။ဒါပေမဲ့လည်း အဲသည်လို လုပ်ဆောင်နေစဉ် အတွင်းမှာ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ပတ်သက်ပြီး အတော်လေး တီးမိ၊ခေါက်မိ ရှိခဲ့ပါတယ်။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဓားအင်းကွက်တွေကို အတော်လေး နားလည်သဘော ပေါက်လာပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာလည်း အခြေခံ ဓားအင်းကွက်တစ်ခုဟာ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာခဲ့ပါပြီ။
“အင်း ... ဘုံခုနစ်ဆင့် ကောင်းကင်ဓားမှာရှိတဲ့ ဓားအင်းကွက်က အတော်လေး နက်နဲကျယ်ပြန့်တာပဲ။ ငါက ဓားအင်းကွက်ကို တီးမိ ခေါက်မိ ရှိနေပြီ ဆိုပေမဲ့ အပြင်ဘက် အနားသတ်လိုင်းတွေကိုပဲ နားလည်နိုင်သေးတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ အဲသည် အပြင်ဘက် အနားသတ် လိုင်းတွေကနေပြီး ကောင်းကင်ဘုံရဲ့ ဥပဒေသ တစ်ခုလို အရှိန်အဝါတွေကို ငါ ခံစားနေရပါလိမ့်”
ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ အခြေခံ ဓားအင်းကွက်ကို ကောင်းကောင်းကြီး နားလည်နိုင်မယ် ဆိုရင် သူ့ရဲ့ ဓားပညာဟာ အများကြီး တိုးတက် ပြောင်းလဲ သွားနိုင်တယ်လို့ လီဖူချန်းတစ်ယောက် ခံစားနေရပါတယ်။ ပြီးတော့ သူဟာ ဓားအင်းကွက် ဆရာသခင် တစ်ယောက်တောင် ဖြစ်လာနိုင်ပါသေးတယ်။
ဓားအင်းကွက် ဆရာသခင်တွေ ဆိုတာက မြေကမ္ဘာ အဆင့်နိမ့်နဲ့ အထက်မှာ ရှိတဲ့ ဓားအင်းကွက်တွေကို ဖန်တီးနိုင်တဲ့ ပညာရှင်တွေကို ခေါ်တာပါ။ သူတို့က လက်ထဲမှာရှိတဲ့ သစ်ကိုင်းခြောက်လေး တစ်ခုကိုတောင်မှ မြေကမ္ဘာအဆင့်နိမ့် လက်နက်တစ်ခုအဖြစ် ပြောင်းလဲ ပေးနိုင်ပါတယ်။
တစ်နေ့မှာတော့ လီဖူချန်းဟာ ဓားအသိစိတ် ဝိညာဉ်ကို အာရုံခံနေရာကနေ ရုတ်တရက်ကြီး ဓားအင်းကွက်နဲ့ ပတ်သက်တဲ့ ဉာဏ်အလင်း ပွင့်သွားခဲ့ပါတယ်။ ဒါက “ယုန်ထောင် ကြောင်မိ” ဆိုသလိုပါပဲ။
လီဖူချန်းက သူဉာဏ်အလင်း ပွင့်သွားတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး ဓားအင်းကွက် တစ်ခုကို စိတ်ထဲမှာ ရေးဆွဲလိုက်ပါတယ်။ ဓားအင်းကွက် ရေးဆွဲပြီးသွားတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ ရှိနေတဲ့ ဓားအင်းကွက်ဟာ မြေကမ္ဘာအဆင့်နိမ့် ဓားအင်းကွက်အဖြစ်ကို ပြောင်းလဲသွားပါတယ်။
“အင်း ... သည်ဓားအင်းကွက်ကို စမ်းကြည့်ဦးမှ”
လက်တွေ့စမ်းသပ်ခြင်း မရှိဘဲနဲ့တော့ ဓားအင်းကွက်ဟာ ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာကို သိနိုင်မှာ မဟုတ်ပါဘူး။
အဲသည်အတွက် လီဖူချန်းဟာ မြေပြင်ပေါ်က သစ်ကိုင်းခြောက် တစ်ခုကို ကောက်ယူလိုက်ကြီး လောလောလတ်လတ် သူ ဉာဏ်အလင်းပွင့်ထားတဲ့ ဓားအင်းကွက်ကို ရေးဆွဲလိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
တကယ့်ကို မယုံနိုင်စရာပါဘဲ။
သစ်ကိုင်းခြောက်ကနေပြီး ထက်မြက်တဲ့ ဓားတစ်စင်းရဲ့ အငွေ့အသက်တွေဟာ အားကောင်းစွာနဲ့ တိုးထွက်လာပါတယ်။ အဲသည် အငွေ့အသက်တွေက သူလက်ရှိ ကိုင်နေတဲ့ သွေးနီဓားနဲ့တောင်မှ သိပ်မကွာလှပါဘူး။
ဒါပေမဲ့လည်း သိပ်မကြာခင်မှာတော့ သစ်ကိုင်းခြောက်ဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပါတယ်။ ကြည့်ရတာတော့ သစ်ပိုင်းခြောက်က မြေကမ္ဘာအဆင့်နိမ့် ဓားအင်းကွက်ရဲ့ ဖိအားကို မခံနိုင်ပုံပါဘဲ။
“ကောင်းပြီ။ အခု ငါက မြေကမ္ဘာအဆင့်နိမ့် ဓားအင်းကွက်တစ်ခုကို နားလည် သဘောပေါက်သွားပြီ ဆိုတော့ မပြည့်စုံတဲ့ ငွေဓား အဆီအနှစ်အခန်းကို ပြည့်စုံအောင် ကြိုးစားကြည့်ရမယ်”
လီဖူချန်းဟာ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်ကို ရှေးဟောင်း ဂူသင်းချိုင်း တစ်ခုကနေပြီး ရခဲ့တာပါ။ အဲသည် နည်းစနစ်မှာဆိုရင် အခန်းသုံးခန်း ပါရှိပါတယ်။ အဲဒါတွေကတော့ သံနက် ဓားအဆီအနှစ်၊ ကြေးဝါ ဓားအဆီအနှစ်နဲ့ ငွေ ဓားအဆီအနှစ်တို့ပါပဲ။ ဒါပေမဲ့လည်း သံနက် ဓားအဆီအနှစ် အခန်းနဲ့ ကြေးဝါ ဓားအဆီအနှစ် အခန်းတို့ပဲ အပြည့်အစုံ ပါရှိပြီး ငွေ ဓားအဆီအနှစ် အခန်းမှာတော့ အပိုင်းတစ်ပိုင်း ပျောက်ဆုံးနေပါတယ်။
ငွေ ဓားအဆီအနှစ်အခန်းက အပိုင်းတစ်ပိုင်း ပျောက်ဆုံးနေမှတော့ ဘယ်သူမှ ကျင့်ကြံနိုင်မှာ မဟုတ်ပါဘူး။ ငွေဓားအင်းကွက်က သာမန် မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားအင်းကွက်တွေထက်ကို အများကြီး သာလွန်ကောင်း သာလွန် နိုင်ပါတယ်။ ဒါပေမဲ့ သည်ဓားအင်းကွက်ကို ပြီးပြည့်စုံအောင် မလုပ်နိုင်ရင်တော့ အလကားပါပဲ။
ဓားအင်းကွက် ဆရာသခင်တိုင်းဟာ အမျိုးအမည် စုံလင်လှတဲ့ ဓားအင်းကွက် အများအပြားကို နားလည် အသုံးပြုနိုင်ကြသူတွေပါ။ အဲဒါက ဓားအင်းကွက် ဆရာသခင်တိုင်းဟာ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ် တစ်ခုကို တီထွင် ဖန်တီးနိုင်မလားလို့ မေးခွန်း ထုတ်ချင်စရာပါပဲ။
ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်ကနေ ရလာတဲ့ ဓားအင်းကွက်တွေဟာ လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ အလွန်မှ သဟဇာတ ဖြစ်လွန်းနေပါတယ်။ သူတို့တွေဟာ လူသားတွေရဲ့ အရိုးပဒေသာပေါ်မှာ ခိုင်မြဲစွာ အမြစ်တွယ် နေနိုင်သလို အရိုးရဲ့ တစ်စိတ်အပိုင်းလည်း ဖြစ်လာကြပါတယ်။
ပြီးတော့ ဓားအဆီအနှစ် အင်းကွက်တွေက အရိုးသိပ်သည်းမှုကိုပါ မြှင့်ပေးနိုင်စွမ်း ရှိပါသေးတယ်။
အခုတောင်မှ သည်မပြည့်စုံတဲ့ ငွေ ဓားအဆီအနှစ် ရှိနေလို့သာ လီဖူချန်းက ပြီးပြည့်စုံအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ရဲတာပါ။ တကယ်လို့သာ သူ့အနေနဲ့ ဓားအဆီအနှစ် တစ်ခုလုံးကို ကိုယ်တိုင် အစအဆုံး ဖန်တီးရမယ် ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဓားအဆီအနှစ် လျှို့ဝှက် နည်းစနစ်တွေဟာ တကယ့်ကို ရူးသွပ်ချင်စရာပါပဲ။ သူတို့က အခြားသော လျှို့ဝှက် နည်းစနစ်တွေနဲ့တောင်မှ တွဲဖက် အသုံးပြုနိုင်ပါသေးတယ်။
လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်တွေကို တီထွင် ဖန်တီးနိုင်တဲ့ သူတွေဟာ တကယ့် အဖွဲ့အစည်းကြီးတွေရဲ့ ထိပ်ပိုင်းက ပညာရှင် အကျော်အမော်တွေ ဖြစ်ရပါမယ်။ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း မူလပင်လယ်နယ်ပယ်အောက် လုံးဝကျမှာ မဟုတ်ပါဘူး။ပြီးတော့ ရွှေ ဓားအဆီအနှစ်တောင်မှ ရှိရင် ရှိနေဦးမှာပါ။
“ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ အခြေခံ ဓားအင်းကွက်ကို မင်း ကောင်းကောင်း နားလည်ပြီလား”
လီဖူချန်းတစ်ယောက် အတွေးနယ်ချဲ့ နေစဉ်မှာပဲ လူသားမဆန်တဲ့ အသံတစ်ခုဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကနေ ထွက်ပေါ် လာခဲ့ပါတယ်။
“ဓားဝိညာဉ် ... ဓားအသိစိတ်ဝိညာဉ်လား”
လီဖူချန်းက အံ့သြလွန်းလို့ ထခုန်မိမတတ်ပါဘဲ။ နောက်ဆုံးမှာတော့ ဓားအသိစိတ်ဝိညာဉ်က သူ့ကို ဆက်သွယ်လာခဲ့ပါပြီ။
“အေး ... ငါက ကြီးမြတ်တဲ့ ဓားအသိစိတ် ဝိညာဉ်ပဲ။ မင်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ရထားတယ်ဆိုတော့ ငါနဲ့ ရေစက် ပါလာပုံ ရတယ်။ ဟုတ်ပြီ ... ငါမင်းကို ချီအရှိန်အဝါ နည်းနည်းထုတ်ပြီး ပထမ ချိပ်ပိတ်စည်းတံဆိပ်ကို ဖယ်ရှားဖို့ ကူညီပေးလိုက်မယ်”
စကားသံနဲ့ အတူ ထက်ရှပြီး ဖျက်ဆီးနိုင်စွမ်း အားကောင်းတဲ့ ချီအရှိန်အဝါ တစ်ခုဟာ ထွက်ပေါ် လာခဲ့ပါတယ်။
လီဖူချန်းကလည်း တုံ့ဆိုင်း မနေပါဘူး။ သူက လျှို့ဝှက်ကောင်းကင် ဓားဆန္ဒကို ထုတ်လိုက်ပြီး ဘုံခုနစ်ဆင့် ကောင်ကင်ဓားဆီကို ပို့ဆောင်လိုက်ပါတယ်။
ထောင်း ...
စွမ်းအားနှစ်မျိုးရဲ့ ပူးပေါင်း လုပ်ဆောင်မှုကြောင့် ထင်ပါရဲ့။ သိပ်မကြာခင်မှာပဲ ဘုံခုနစ်ဆင့် ဓားဆီကနေပြီး ကြိုးတစ်ချောင်း ပြတ်တောက်သွားတဲ့ အသံမျိုး ထွက်ပေါ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ လွှမ်းမိုးနိုင်စွမ်း အားကောင်းလှတဲ့ ဓားချီတစ်ခုဟာ လေတွေ၊ မိုးတွေနဲ့အတူ ကောင်းကင်ပေါ်ကို တစ်ရှိန်ထိုး ထိုးတက်သွားခဲ့ပါတယ်။
ဘုံခုနစ်ဆင့်ဓားရဲ့ ပထမ ချိပ်ပိတ်စည်း တံဆိပ်ကတော့ ဖယ်ရှားခံလိုက်ရပြီ ဆိုတာ သေချာလွန်းမက သေချာလွန်းခဲ့ပါပြီ။
“ဟင် ... မြေကမ္ဘာ အလယ်အလတ် အဆင့်လား”
လီဖူချန်းက မျက်လုံး မပြူးဘဲ မနေနိုင်တော့ပါဘူး။ သူက သေချာအောင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို အကြိမ်ကြိမ် အဖန်ဖန် စစ်ဆေး လိုက်ပါသေးတယ်။ သူ့ရဲ့ အာရုံခံစားမှုက လုံးဝ မမှားပါဘူး။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားက မြေကမ္ဘာ အလယ်အလတ်အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။
သည်ဓားက ပထမ ချိပ်ပိတ်စည်းကိုပဲ ဖယ်ရှား ရသေးတာတောင်မှ မြေကမ္ဘာအလယ်အလတ် အဆင့်ကို ရောက်သွားပါတယ်။ တကယ်လို့သာ ဒုတိယ ချိပ်ပိတ်စည်းကို ဖယ်ရှားနိုင်လို့ကတော့ သည်ဓားဟာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဒါမှမဟုတ် ကောင်းကင် အဆင့်နိမ့်အဆင့်တောင် ရောက်သွားမလား မသိပါဘူး။
“သည်ဓားက မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်မဲ့ ဓားပဲ”
လီဖူချန်းက စိတ်လိုလက်ရ ချီးကျူးလိုက်ပါတယ်။
မြေကမ္ဘာ အလယ်အလတ်အဆင့် လက်နက်တွေ ဆိုတာက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတောင်မှ မြင်တွေ့ရ ခဲလွန်းတဲ့ အရာတွေပါ။ မြေကမ္ဘာ အလယ်အလတ်အဆင့် လက်နက်တွေကို ပိုင်ဆိုင်ထား သူတွေဟာ သူတို့ရဲ့ လက်နက်တွေကို ဈေးကွက်ထဲမှာ ပြန်ပြီး ရောင်းချလေ့ မရှိပါဘူး။ ရှေးဟောင်းရတနာဓားတွေ ဆိုရင်တော့ ပိုဆိုးပါသေးတယ်။ ဝယ်လိုအား အရမ်းမြှင့်တက် နေရင်တော့ အဲသည်လို ဓားမျိုးကို လေလံပွဲတွေမှာ တွေ့ရတတ်ပါတယ်။
သည်ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ဆိုရင်တော့ လီဖူချန်းရဲ့ အစွမ်းဟာ သိသိသာသာကြီး တိုးသွားမှာ အသေအချာပါပဲ။
“ဒါပေါ့ကွ။ ဟိုးရှေးခေတ်တုန်းက ဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားက မဟာနတ်ဓားသုံးလက်ရဲ့ ထိပ်မှာ ရပ်တည်ခဲ့တာ။ သည်ဓားက မရေမတွက်နိုင်တဲ့ သူတော်စင်တွေကိုတောင်မှ သတ်ဖြတ်ခဲ့ပြီးပြီ။ သည်ဓားရဲ့ ဓားချီတစ်ခုတည်းနဲ့တင် မင်းလိုကောင်မျိုး အယောက်တစ်သန်းလောက် သတ်လို့ရတယ်ကွ။ နားလည်လား ... ”
ဓားအသိစိတ်ဝိညာဉ်က မာနထောင်လွှားစွာနဲ့ ပြောလာခဲ့ပါတယ်။
လီဖူချန်းက မပြုံးဘဲ မနေနိုင်တော့ပါဘူး။ သည်ဓားအသိစိတ် ဝိညာဉ်က အကြွားတော်တော်လေး သန်မဲ့ပုံပါပဲ။
သူက ပြုံးနေရင်းနဲ့ သူသိချင်တာကို မေးလိုက်ပါသေးတယ်။
“သူတော်စင်တွေရဲ့ ကျင့်ကြံမှုက ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ”
“မင်းရဲ့ အဆင့်နဲ့ အဲသည်နယ်ပယ်ကို ရောက်ဖို့ အများကြီး လိုသေးတယ်။ မင်းကို ပြောပြတာက ငါ့ရဲ့ အချိန်တွေကို ဖြုန်းနေတာနဲ့ အတူတူပဲ။ ဒါနဲ့ ပြောရဦးမယ်။ မင်းက အခုမှ ဓားရဲ့ ပထမ ချိတ်ပိတ်စည်းကိုပဲ ဖယ်ရှားရသေးတတာ။ မင်းနဲ့စကား ပြောနေတာတင်ကို ငါ့ရဲ့ စွမ်းအားတွေ အတော်လေး ကုန်ခန်းနေပြီ။ ငါ ပြန်အိပ်လိုက်ဦးမယ်။ မြဲမြဲ မှတ်ထား။ မလိုအပ်ဘဲနဲ့ ငါ့ကို လာမနှောင့်ယှက်နဲ့”
စကားသံ ဆုံးသွားပြီးတဲ့ နောက်မှာတော့ ဓားအရှိန်အဝါဟာ ပြန်လည်ပျောက်ကွယ် သွားခဲ့ပါပြီ။
“သူတော်စင်တွေ ဆိုတာက မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် အများကြီး သာလွန်တဲ့ တည်ရှိမှုတွေပဲ ဖြစ်ရမယ်”
လီဖူချန်းက ကောက်ချက် ချလိုက်ပါတယ်။ လက်ရှိမှာတော့ မူလပင်လယ်နယ်ပယ်ဟာ လီဖူချန်း သိထားသမျှထဲမှာ အမြင့်ဆုံး နယ်ပယ်ပါပဲ။ မူလပင်လယ်နယ်ပယ် အထက်မှာ ဘာတွေ ရှိသေးသလဲ ဆိုတာကိုတော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာမှသာ စုံစမ်းလို့ ရနိုင်လောက်မှာပါ။
သေချာ ပြန်စဉ်းစားကြည့်မယ် ဆိုရင်တော့ ဓားအသိစိတ်ဝိညာဉ် ပြောသွားတာကလည်း ဟုတ်သလိုလိုပါပဲ။ သူတော်စင်တွေဟာ ဘယ်နယ်ပယ် ရောက်နေပြီလဲ ဆိုတာကို သိလို့လည်း သူ့အတွက် ဘာမှ မထူးသွားပါဘူး။ သူ့အနေနဲ့ အချိန်တန်ရင် အဲဒါတွေကို အလိုလို သိလာမှာ ဖြစ်ပါတယ်။
“ထားလိုကိတော့ကွာ။ ပထမ ချိပ်ပိတ်စည်းကို ဖယ်ရှား လိုက်နိုင်တဲ့အတွက် ဘာဓားသိုင်း ရလာမလဲဆိုတာကို အရင် ကြည့်လိုက်ဦးမယ်”
အတွေးအဆုံးမှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲကိုင်ပြီး ကောင်းကင်ယံကို ချိန်လိုက်ပါတယ်။
ဟူး ... ဟူး ... ဟူး …
သည်ဓားက ကောင်းကင်ဘုံကနေ ကျလာတဲ့ ဓားလိုပါပဲ။ ဖုန်းရွှယ်တောင်တန်းမှာ အမြဲတစေ ကျဆင်းနေလေ့ရှိတဲ့ ဆီးနှင်းတွေနဲ့ လေပြင်းတွေဟာ ရုတ်ခြည်း ငြိမ်သက် သွားခဲ့ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ ခေါင်းထဲကို အချက်အလက်တွေ တရစပ် စီးဝင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ အဲသည် အချက်အလက်တွေဟာ ကစဉ့်ကလျားပါပဲ။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ အဲသည် အချက်အလက်တွေဟာ အစီအစဉ်ကျ ဖြစ်သွားခဲ့ပါတယ်။
“အထက်ကောင်းကင်ဘုံ ဓားသိုင်း၊ မြေကမ္ဘာ အလယ်အလတ်အဆင့်”
“အိုး ... ဒါက မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းလား”
လီဖူချန်းကတော့ အပြုံးကြီး ပြုံးနေမိပါပြီ။
သူ့ဆီမှာက နေဝန်းစိမ်း ဓားဆန္ဒ ရှိနှင့် နေပေမဲ့လည်း အဲဒါက သူ့အနေနဲ့ အခြား မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းကို မလိုဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။
ပြီးတော့ လီဖူချန်းက နေဝန်းစိမ်းဓားဆန္ဒရဲ့ ဓားကွက်တွေကို တီထွင်ဖန်တီးဖို့ လိုနေပါသေးတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်နေဝန်းစိမ်း ဓားဆန္ဒက ဖြည်းဖြည်းနဲ့မှန်မှန် သွားရမဲ့ ဓားသိုင်းတစ်ခုပါပဲ။
အထက်ကောင်းကင်ဘုံ ဓားသိုင်းကတော့ နေဝန်းစိမ်းဓားဆန္ဒနဲ့ မတူပါဘူး။ သည်ဓားသိုင်းက ဓားကွက်တွေ ရှိနေပြီးပါပြီ။ လီဖူချန်းအနေနဲ့ သည်ဓားသိုင်းကို ကျေညက်အောင် လေ့ကျင့်ဖို့ပဲ လိုတာပါ။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ဆိုရင်တော့ လီဖူချန်းရဲ့ ဓားသိုင်း အောင်မြင်မှုနှုန်းဟာ အဆပေါင်းများစွာ ပိုမြန်သွား နိုင်ပါသေးတယ်။ ပြီးတော့ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ဓားကွက်တွေဟာ နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက်ထက် ပိုပြီး နက်နဲဆန်းကြယ်မှာ အသေအချာပါပဲ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်း တီထွင်ထားတဲ့ နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက်ဟာ ချီအတွင်းအားတွေ အများကြီး ထုတ်လွှတ်ပေးတာ လွဲပြီး ဘာမှ အံ့သြစရာ မရှိပါဘူး။
“အခု ဓားကလည်း အဆင့်တက်သွားပြီ ဆိုတော့ အရှေ့ယူနီကွန်းတိုက်မှာ သူရဲကောင်းလေးလီကို ယှဉ်နိုင်မဲ့သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး”
မူဟန်ရှင်းက လက်ဆောင်ရထားတဲ့ မြေကမ္ဘာ အဆင့်နိမ့် လက်အိတ်တစ်စုံကို ပွတ်သပ်နေရင်းနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ်။ အစောပိုင်းတုန်းက လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ဓားကနေ ထွက်လာတဲ့ အရှိန်အဝါတွေဟာ ဖုန်းရွှယ်တောင်တန်းရဲ့ ရာသီဥတုကိုတောင်မှ ပြောင်းလဲ သွားစေတာပါ။ အဲသည်အတွက် မူဟန်ရှင်းအနေနဲ့ လီဖူချန်းရဲ့ ဘုံခုနစ်ဆင့်ဓား အဆင့်တက်သွားတာကို ရိပ်မိနေတာဟာလည်း မထူးဆန်းလှပါဘူး။
***
ဘုံခုနစ်ဆင့်ဓားရဲ့ အပြင်ဘက် အနားသတ်က အခြေခံ ဓားအင်းကွက် အဆင့်မှာသာ ရှိတာပါ။ ဒါပေမဲ့ ပထမ ချိပ်ပိတ်စည်းကို ဖယ်ရှားပြီးသွားတဲ့ အခါမှာတော့ ဓားအင်းကွက်ဟာ ပိုပြီး လျှို့ဝှက်နက်နဲ လာပါတယ်။ အဲဒါက မရေမတွက်နိုင်တဲ့ မြေကမ္ဘာအဆင့် ဓားအင်းကွက်တွေကို ပေါင်းစည်း ထားသလိုပါပဲ။
လီဖူချန်းကတော့ တစ်ချက် ကြည့်လိုက်တာနဲ့တင် ကြောက်ဖျား ဖျားနေခဲ့ပါပြီ။ နှစ်ပေါင်းများစွာ အချိန်မပေးဘဲနဲ့တော့ သည်ဓားအင်းကွက်ကို ဘယ်လိုမှ နားလည် သဘောပေါက်နိုင်မှာ မဟုတ်ပါဘူး။
“ကောင်လေး ... အဲသည် ဓားအင်းကွက်ကို တတ်နိုင်သမျှ အချိန်ပေးပြီး လေ့လာ။ အဲဒါက မင်းကို အကျိုးရှိစေလိမ့်မယ်”
အိပ်ချင်မူးတူးအသံနဲ့ ဓားအသိစိတ်ဝိညာဉ်ရဲ့ အသံဟာ ပြန်လည် ထွက်ပေါ်လာပြန်ပါတယ်။
လီဖူချန်းကလည်း အဲသည် အချက်ကိုတော့ သတိပြုမိပါတယ်။ ဓားအင်းကွက်နဲ့ ဓားသိုင်းတွေဟာ ဓားတာအိုရဲ့ အစိတ်အပိုင်း တစ်ခုပင် မဟုတ်ပါလား။ ဓားအင်းကွက်တွေကို နားလည် သဘောပေါက်အောင် ကြိုးစားတယ် ဆိုတာက ဓားတာအိုကို နားလည် သဘောပေါက်အောင် ကြိုးစားနေတာနဲ့ အတူတူပါပဲ။
ဒါပေမဲ့ ဓားအင်းကွက်တွေ ဆိုတာက တစ်နေ့တည်း၊ တစ်ညတည်းနဲ့ နားလည် သဘောပေါက်နိုင်တာ မဟုတိပါဘူး။ အဲသည်အတွက် လီဖူချန်းဟာ စိတ်ရှည်ရှည်နဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ ဓားအင်းကွက်ကို လေ့လာရပါဦးမယ်။
“နေတော့ကွာ။ အခုတော့ အထက်ကောင်းကင်ဘုံ ဓားသိုင်းကိုပဲ အရင်ကျင့်ဦးမယ်”
လီဖူချန်းက အထက်ကောင်းကင်ဘုံ ဓားသိုင်းနဲ့ နေဝန်းစိမ်း ဓားဆန္ဒကြားမှာရှိတဲ့ ကွာဟချက်ကို အတော်လေး သိချင်နေပါပြီ။
***
ဟူး ... ဟူး ... ဟူး ...
ဆီးနှင်းတွေ၊ လေပြင်းတွေ လွှမ်းမိုးထားတဲ့ တောင်ထွတ်တစ်ခု။
ရွှီး ...
အပြာဖျော့ဖျော့ ဓားအလင်းတန်း တစ်ခုဟာ ဆီးနှင်းတွေ၊ လေပြင်းတွေကို မိုးကြိုးတစ်စင်းရဲ့ အလျင်နဲ့ ဖြတ်သန်း သွားပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
အပြာဖျော့ဖျော့ ဓားအလင်းတန်းတွေဟာ ထပ်ပြီး ပေါ်လာခဲ့ပြန်ပါပြီ ။ သည်ဓားအလင်းတန်းတွေရဲ့ လားရာဟာ မတူညီကြပါဘူး။ ဒါပေမဲ့ အဲသည် ဓားအလင်းတန်းတိုင်းမှာတော့ ထူးခြားတဲ့ အရှိန်အဝါတစ်ခု ခိုဝင် ကိန်းအောင်း နေပါတယ်။
အဲသည် အပြာဖျော့ဖျော့ ဓားအလင်းတန်းတွေကို ဖြစ်ပေါ်စေသူကတော့ လီဖူချန်းပါပဲ။
အထက်ကောင်းကင်ဘုံ ဓားသိုင်းက ဓားကွက်တွေ ရှိနှင့်နေပြီးသား ဖြစ်တဲ့အတွက် လီဖူချန်းဟာ သည်ဓားသိုင်းကို သိပ်ပြီး များများစားစား မကျင့်လိုက်ရပါဘူး။ သူ့အတွက်ကတော့ အထက်ကောင်းကင်ဘုံ ဓားသိုင်းကို ကျင့်ရတာက နေဝန်းစိမ်း ဓားဆန္ဒကို ကျင့်ရတာထက် အများကြီး ပိုလွယ်ပါတယ်။
အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ဓားဆန္ဒက ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ လိုက်ဖက်ညီလွန်း နေတာလည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ အဲသည်အချက်က လီဖူချန်းရဲ့ ဓားသိုင်း လေ့ကျင့်မှုနှုန်းကို နှစ်ဆ ပိုမြန်စေခဲ့ပါတယ်။
သုံးရက် ...
သုံးရက်အတွင်းမှာပဲ လီဖူချန်းဟာ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။
အထက်ကောင်းကင်ဘုံ ဓားသိုင်းမှာတော့ စုစုပေါင်းမှ ဓားကွက်လေးကွက်ပဲ ရှိတာပါ။ ပထမ ဓားကွက်က အကြိုပြီးပြည့်စုံခြင်း အဆင့်နဲ့ သက်ဆိုင်ပါတယ်။ ဒုတိယဓားကွက်ကတော့ ပြီးပြည့်စုံခြင်း အဆင့်၊ တတ်သိနားလည်ခြင်း အဆင့်တို့နဲ့ သက်ဆိုင်ပြီး တတိယ ဓားကွက်ကတော့ အလုံးစုံ တတ်သိနားလည်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ စတုတ္ထဓားကွက်ကိုတော့ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခြင်းအဆင့်ရောက်မှ ထုတ်သုံးနိုင်မှာပါ။
အဲသည်အတွက် အကြိုပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီ ဆိုတာက ပထမဓားကွက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ပထမအကွက်ကိုတော့ “ရေထဲကငါး”လို့ ခေါ်ပါတယ်။
“သည်ရေထဲငါး ဓားကွက်က လျင်မြန် သွက်လက်မှုကို အရမ်း ဦးစားပေးတာပဲ။ ဒါက နေဝန်းစိမ်း ဓားဆန္ဒနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားပြီ”
နေဝန်းစိမ်း ဓားဆန္ဒက ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေကို တစ်စုတည်း စုစည်းပြီး ထုတ်လွှတ်ပေးတာ ဖြစ်တဲ့အတွက် တိုက်ခိုက်နိုင်စွမ်းအား ကြီးမားပြီး ထိရောက်တဲ့ ဧရိယာကလည်း ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက ဓားအလင်းတန်းတွေ မထုတ်လွှတ်ခင်မှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း ရှိခဲ့ရင်တော့ ခုခံဖို့အတွက် လွယ်ကူသွားပါပြီ။
ဒါပေမဲ့ ရေထဲကငါး ဓားကွက်ကတော့ အချိန်မီ တုံ့ပြန်နိုင်ရင်တောင်မှ ခုခံဖို့ မလွယ်ကူလှပါဘူး။
သည်နေရာမှာ တစ်ချက် သိထားရမှာကတော့ ဒါဟာ နေဝန်းစိမ်း ဓားဆန္ဒက အထက်ကောင်းကင်ဘုံ ဓားသိုင်းထက် နိမ့်ကျတယ်လို့ ဆိုလိုတာ မဟုတ်ဘူး ဆိုတာပါပဲ။
သည်ဓားသိုင်း နှစ်ခုစလုံးက သူ့ဟာနဲ့သူ အစွမ်းထက်တဲ့ ဓားသိုင်းတွေပါ။
လီဖူချန်းက ဒုတိယ သိုင်းကွက်ကို ကျွမ်းကျင်ဖို့ အတွက်တော့ အချိန် ဆယ်ရက် ယူခဲ့ရပါတယ်။
ဒုတိယ ဓားကွက်ကိုတော့ “လေထုရဲ့ ရဲစွမ်းသတ္တိ” လို့ ခေါ်ပါတယ်။ အဲဒါက အလွန်အမင်း အားကောင်းပြီး တိုက်စစ်ကို အသားပေးတဲ့ ဓားကွက်တစ်ခုပါပဲ။
တတိယ ဓားကွက်ကိုတော့ ကောင်းကင်ယံမှာ ပျံဝဲခြင်းလို့ ခေါ်ပြီး စတုတ္ထဓားကွက်ကိုတော့ အထက်ကောင်းကင်ဓား လို့ ခေါ်ပါတယ်။
“တကယ်လို့သာ ငါ့အနေနဲ့ တတိယဓားကွက်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရင် ဓားကွက်ရဲ့ တိုက်ခိုက်မှု အစွမ်းက နေဝန်းစိမ်း အကြွင်းမဲ့နဲ့ ယှဉ်နိုင်လောက်ပြီ”
နေဝန်းစိမ်း အကြွင်းမဲ့က လီဖူချန်း အထူးတီထွင်ထားတဲ့ ဓားကွက် ဖြစ်ပါတယ်။ အဲသည် ဓားကွက်ထဲမှာ ဆိုရင် ဓားတာအိုရဲ့ သဘောတရား အနည်းအကျဉ်း ပါတယ်ဆိုပေမဲ့ အားနည်းချက်တွေတော့ အများကြီး ရှိနေဆဲပါပဲ။
အထက်ကောင်းကင်ဘုံ ဓားသိုင်းကတော့ ကွဲပြားခြားပါတယ်။ ဓားကွက်တွေဟာ ပြောင်မြောက်လှပြီး ချီအတွင်းအားလည်း သိပ်မကုန်ပါဘူး။
လီဖူချန်း ခန့်မှန်းမိသလောက် ဆိုရင်တော့ တတိယ ဓားကွက်ကို အသုံးပြုဖို့ လိုအပ်တဲ့ ချီအတွင်းအားက နေဝန်းစိမ်း အကြွင်းမဲ့ကို သုံးရင် လိုအပ်တဲ့ ချီအတွင်းအားရဲ့ ဆယ်ပုံတစ်ပုံသာ ရှိပါတယ်။
လီဖူချန်းအနေနဲ့ သည်ဓားကွက်ကို ဆရာကျကျ တတ်ကျွမ်း ပြီးသွားပြီ ဆိုရင်တော့ တိုက်ပွဲ အချိန်ကြာမှာကို စိုးရိမ်နေဖို့ မလိုတော့ပါဘူး။
***