မဟာမိတ် ညီလာခံ
Vol. 32 Ch. 434
ပေတစ်သိန်းမြင့်တဲ့ တိမ်ပင်လယ်တွေရဲ့ အထက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားသိုင်းကို လေ့ကျင့်နေပါတယ်။
ဖုန်းရွှယ်ဂိုဏ်းမှာက ကန့်သတ်ချက်တွေ ရှိတဲ့အတွက် သူ့အနေနဲ့ ဓားသိုင်းကို စိတ်လွတ်ကိုယ်လွတ် လေ့ကျင့်လို့ မရပါဘူး။ ဒါကြောင့် သူက အခုလို တိမ်ပင်လယ်တွေထက်မှာ လာရောက် လေ့ကျင့်နေတာပါ။ သည်နေရာမှာတော့ တိမ်တွေသာ ရှိတဲ့အတွက် လီဖူချန်းဟာ ဓားကွက်ကို စိတ်ရှိတိုင်း သုံးနိုင်ပါတယ်။
မရေမတွက်နိုင်အောင် လေ့ကျင့်ပြီးနောက်မှာတော့ လီဖူချန်းရဲ့ ဓားအရှိန်အဝါဟာ တိုးမြှင့်လာပြီး အနီးအနားမှာရှိတဲ့ တိမ်တွေကို ကစဉ့်ကလျား ဖြစ်လာစေခဲ့ပါပြီ။ အပြာရောင် ဓားအလင်းတန်း တစ်ခုဟာ တိမ်ပင်လယ်ကို ထိုးဖောက်သွားပြီး ကောင်းကင်ယံသို့တိုင် ထိုးတက် သွားပါတယ်။
သည်ဓားကွက်ကတော့ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တတိယဓားကွက်ဖြစ်တဲ့ “ကောင်းကင်ယံမှာ ပျံဝဲခြင်း” ပါပဲ။
ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ သည်ဓားကွက်က နေဝန်းစိမ်း ဓားကွက်နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဓားကွက်နှစ်ခုထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဓားတာအို သဘောတရားကတော့ လုံးဝကို ကွဲပြားခြားနား သွားခဲ့ပါပြီ။
နေဝန်းစိမ်း ဓားဆန္ဒက နေရောင်ခြည် ဖြာကျလာသလိုပါပဲ။ ထွန်းလင်းတောက်ပပြီး ခမ်းနား ကြီးကျယ်ပါတယ်။
ကောင်းကင်ယံမှာ ပျံဝဲခြင်းကတော့ ဘယ်သူ့ကိုမှ ဗိုလ်မထားဘဲ အနိုင်ယူမဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်ပါတယ်။ မသိရင်တော့ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင် တိုက်ခိုက်တော့ မလိုပါဘဲ။
ကြည့်ရတာတော့ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ နဂိုမူလ ရည်ရွယ်ချက်က ကောင်းကင်ဘုံတွေရဲ့ ထိပ်မှာ ရပ်တည်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပုံရပါတယ်။
ကောင်းကင်ဘုံတွေရဲ့ အထက်မှာ ရပ်တည်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပေမဲ့လည်း အထက်ကောင်းကင်ဘုံ ဓားဆန္ဒကတော့ ဘယ်အတားအဆီးကိုမှ အမှုမထားတဲ့ ပုံပါပဲ။ သူက မိုးကောင်းကင်ကိုတောင်မှ ဂရုမစိုက်ပါဘူး။
“ဘုံခုနစ်ဆင့် ကောင်းကင်ဓားက ငါ့ရဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်း လေ့ကျင့်မှုကို အဆပေါင်းများစွာ ပိုမြန်စေခဲ့တာပဲ။ သည်အတိုင်း ဆိုရင် ငါက စတုတ္ထဓားကွက်ဖြစ်တဲ့ အထက်ကောင်းကင်ဘုံ ဓားကိုတောင်မှ ပိုစောပြီး တတ်ကျွမ်းလောက်တယ်”
ထို့နောက်မှာတော့ လီဖူချန်းဟာ ဓားကို ပြန်သိမ်းလိုက်ပြီး တိမ်တွေပေါ်ကနေ ဆင်းသက်ကာ ဖုန်းရွှယ် တောင်တန်းပေါ်ကို ခြေပြန်ချ လာခဲ့ပါတယ်။
“သူရဲကောင်းလေးလီ ... ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ညီလာခံက မနက်ဖြန် နေ့လယ် စမှာနော်”
မူဟန်ရှင်းက ဘယ်အချိန် ကတည်းကနေ လီဖူချန်းကို စောင့်နေတယ် မသိပါဘူး။ သူက လီဖူချန်း မြေပြင်ပေါ်ကို ရောက်လာတာနဲ့ တစ်ပြိုင်နက် တန်းပြီး သတိပေးလိုက်ပါတယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး …
“အရမ်းမလောပါနဲ့ ဆရာကြီးမူ။ ကျွန်တော်တို့ မနက်ဖြန် ခရီး စကြတာပေါ့”
ညီလာခံ ကျင်းပမဲ့ နေရာက ဖုန်းရွှယ်ဂိုဏ်းနဲ့ သိပ်ပြီး မကွာဝေးလှပါဘူး။ အဲသည်အတွက် သူတို့ဟာ နေ့တစ်ဝက်လောက်နဲ့ အဲနေရာကို အရောက်သွား နိုင်ကြပါတယ်။
သည်တစ်ခါ ညီလာခံ ကျင်းပတာက လီဖူချန်းကြောင့် ဆိုရင်လည်း မမှားပါဘူး။
နဂိုမူလတုန်းကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အစည်းမှာ မဟာမိတ် ဦးစီးခေါင်းဆောင် သုံးယောက် ရှိပါတယ်။ သူတို့တွေ ကတော့ ယုလီ၊ ခေါ့ယွင်နဲ့ နတ်စမ်းရေတောင်ကြားရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ စုယွန်ဟီတို့ပါပဲ။
ပြီးတော့ မဟာမိတ် လက်ထောက်ဦးစီးခေါင်းဆောင် ၇ယောက်လည်း ရှိပါသေးတယ်။ အဲသည် ၇ ယောက်ကတော့ ထိပ်တန်း အင်အားစု ၁၀ စုထဲက ကျန်ရှိနေခဲ့တဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲတွေပါ။ မူဟန်ရှင်းကလည်း မဟာမိတ် လက်ထောက်ဦးစီး ခေါင်းဆောင် ၇ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။
ယခုလက်ရှိမှာတော့ ယုလီနဲ့ ခေါ့ယွင်တို့ဟာ လီဖူချန်းကြောင့် သေသွားခဲ့ပါပြီ။ အဲဒါက မဟာမိတ် ဦးစီးခေါင်းဆောင်နေရာ နှစ်နေရာ လစ်လပ်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အင်မတန် ထူးချွန်တယ် ဆိုတာကို လူတိုင်း သိပြီးသွားပါပြီ။ အဲသည်အတွက် သူဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ လစ်လပ်နေတဲ့ နေရာတစ်နေရာကို ဝင်ယူမှကို ရပါမယ်။
ဟုတ်ပါတယ်။ သည်တစ်ခေါက် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်ညီလာခံ ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မဟာမိတ် ဦးစီးခေါင်းဆောင်တွေနဲ့ လက်ထောက် ဦးစီး ခေါင်းဆောင်တွေကို ပြန်လည် ခန့်အပ်ဖို့ပါပဲ။
နောက်တစ်နေ့ မနက် စောစောမှာတော့ လီဖူချန်းနဲ့ မူဟန်ရှင်းတို့ဟာ အဖြူရောင်မြစ် နယ်မြေဒေသကို ဦးတည်ပြီး ခရီးစပါတော့တယ်။
အဖြူရောင်မြစ် နယ်မြေဒေသရဲ့ မြစ်ဖြူဂိုဏ်းကတော့ ပထမတန်းစား ဂိုဏ်းတစ်ခုဖြစ်ပြီး တိမ်ဖြူတောင်ပေါ်မှာ တည်ရှိနေတာပါ။
တိမ်ဖြူတောင်ရဲ့ ထိပ်ပိုင်းမှာတော့ ခန်းမကြီး တစ်ခုကို ဆောက်လုပ်ထားပါတယ်။ အဲဒါကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် ညီလာခံ ခန်းမပါပဲ။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် ညီလာခံ ခန်းမကို အစွဲပြုပြီး တိမ်ဖြူတောင်ကို ဂိုဏ်းပေါင်း တစ်ရာတောင်လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။
ဂိုဏ်းအသီးသီးနဲ့ အဖွဲ့အစည်း အသီးသီးရဲ့ အထွတ်ခေါင်ချုပ် ပင်မ အကြီးအကဲ တွေကတော့ တိမ်ဖြူတောင်ထိပ်ပေါ်မှာ စုရုံး ရောက်ရှိနေကြပါပြီ။ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ်ကိရိယာ ဂိုဏ်းတို့ကလည်း အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်စီကို ကိုယ်စားလှယ်အဖြစ် ညီလာခံ အရောက် စေလွှတ်ထားကြပါတယ်။
သူတို့ အနေနဲ့ တခြား ရွေးချယ်စရာ မရှိပါဘူး။ တကယ်လို့သာ သူတို့နှစ်ဂိုဏ်းက ကိုယ်စားလှယ်တွေ စေလွှတ်ခြင်း မရှိဘူးဆိုရင် အဲဒါဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကနေ ခွဲထွက်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားပါလိမ့်မယ်။
ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အစည်းကနေ ခွဲထွက်မယ် ဆိုရင်တော့ ဖြစ်လာမဲ့ အကျိုးဆက်က နှစ်ခုပဲ ရှိပါတယ်။ ပထမတစ်ခုကတော့ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဝါးမျိုတာကို ခံရမှာ ဖြစ်ပြီး ဒုတိယ တစ်ခုကတော့ မိစ္ဆာတာအို အင်အားစုတွေကို အညံ့ခံရမှာပါ။
မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းဟာ ဂုဏ်အရှိန်အဝါ ကြီးမားတဲ့ ဂိုဏ်းကြီးနှစ်ဂိုဏ်း ဖြစ်ပါတယ်။ အဲသည်အတွက် သူတို့နှစ်ဂိုဏ်းဟာ နတ်ဆိုး ဆယ်ပါးနယ်မြေရဲ့ ဝါးမျိုခြင်းကို မခံချင်သလို မိစ္ဆာတာအို အင်အားစုကိုလည်း ဘယ်လိုမှ အညံ့မခံနိုင်ပါဘူး။ ဒါကတော့ သူတို့ရဲ့ မာနတရားပါပဲ။ အဲသည်အတွက် သူတို့ဟာ ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ကိုယ်စားလှယ် တစ်ယောက်စီ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
သည်လိုနဲ့ပဲ နေ့လယ်ခင်း အချိန်ကို ရောက်လုနီးပါး ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ လီဖူချန်းနဲ့ မူဟန်ရှင်းတို့ကတော့ ညီလာခံကို ရောက်မလာကြသေးပါဘူး။
“သည်လီဖူချန်း ဆိုတဲ့ ကောင်ကတော့ တကယ် မောက်မာလွန်းတယ်။ သူက အကြီးအကဲတွေ အကုန်လုံးကို စောင့်ခိုင်းထားနိုင်တဲ့အတွက် ဂုဏ်ယူနေတာလား”
တုံလင်ကလန်ရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲဖြစ်တဲ့ ရှဟိုဝူကတော့ မကျေမနပ်နဲ့ တီးတိုး ရေရွတ်လိုက်ပါတယ်။ သူက လူငယ်မျိုးဆက်သစ် တစ်ယောက်ကို အခုလို စောင့်ဆိုင်း နေရတဲ့အတွက် စိတ်တိုစ ပြုလာပါပြီ။
“သူတို့ ရောက်လာပြီဟေ့”
အဲသည်အချိန်မှာပဲ လူတစ်ယောက်ဟာ ကောင်းကင်ကို မော့ကြည့်ပြီး အော်ပြောလိုက်ပါတယ်။
ဟူး ... ဟူး ...
တိမ်ပင်လယ်တွေ ထက်ကနေပြီး လူရိပ်နှစ်ရိပ်ဟာ တောင်ဖြူ တောင်ထိပ်ပေါ်ကို ဆင်းသက်လာခဲ့ပါပြီ။
သူတို့ထဲက တစ်ယောက်ကတော့ တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေတဲ့ ဆံဖြူအဘိုးအို မူဟန်ရှင်း ဖြစ်ပါတယ်။ ဗေဒင် မေးနေစရာ မလိုတော့ပါဘူး။ သူ့ဘေးက လူငယ်ကတော့ သေချာပေါက် လီဖူချန်းပါပဲ။
“အားလုံးကို စောင့်ဆိုင်း စေခဲ့မိတဲ့အတွက် သည်အဘိုးကြီးက တောင်းပန်ပါတယ်”
မူဟန်ရှင်းက လက်နှစ်ဖက်ဆုပ် အရိုအသေပေးပြီး တောင်းပန်စကား ဆိုလိုက်ပါတယ်။
လီဖူချန်းကတော့ ဘာမှ မပြောပါဘူး။ သူက တောင်ထိပ်ပေါ်မှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို အကဲခတ် နေပါတယ်။
“ဟင်”
သူ့ရဲ့ အသိစိတ် အာရုံက တုံလင်ကလန်ရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ရှဟိုဝူဆီကို အရောက်မှာတော့ လီဖူချန်းဟာ အံ့အားသင့်သွား ခဲ့ရပါပြီ။ သူက ရှဟိုဝူဆီကနေပြီး အားကောင်းလွန်းတဲ့ စွမ်းအားတစ်ခုကို ခံစားနေရပါတယ်။ အဲသည် စွမ်းအားက ထူးခြားဆန်းကြယ်ပြီး ကွဲပြားခြားနားတဲ့ ပုံစံတစ်မျိုးနဲ့ တည်ရှိနေတာပါ။ သူ့ရဲ့ သူမတူတဲ့ အသိစိတ်အာရုံကြောင့်သာ မဟုတ်ရင်တော့ လီဖူချန်းဟာ အဲသည် စွမ်းအားကို ဘယ်လိုမှ အာရုံခံနိုင်စရာ အကြောင်းမရှိပါဘူး။
“တိုက်ပွဲဝိညာဉ် အရိုးတည်ဆောက်ပုံ။ အဲဒါက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေထဲမှာ အားအနည်းဆုံး ဆိုပေမဲ့ သူ့ဟာနဲ့သူတော့ အစွမ်းထက်မဲ့ပုံပဲ”
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အသိစိတ်အာရုံကို ရုပ်သိမ်းလိုက်ပြီး စကားစလိုက်ပါတယ်။
“လူတွေအားလုံး စုံပြီဆိုတော့ ညီလာခံ အစည်းအဝေးကို စလိုက်ကြရအောင်”
သူ့ရဲ့ စကားဆုံးတာနဲ့ တစ်ပြိုင်နက် လူတွေအားလုံးဟာ ညီလာခံ ခန်းမထဲကို ဝင်သွားကြပါပြီ။
သူတို့တွေဟာ လီဖူချန်းရဲ့ အပြုအမူကို အပြစ် မပြောရဲကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ လီဖူချန်းရဲ့ လက်ရှိအစွမ်းဟာ သူတို့နဲ့ ခြားနားလွန်း လှပါတယ်။ သူတို့နဲ့ လီဖူချန်းကြားမှာ ရှိနေတဲ့ ကွာဟမှုက နည်းနည်းနောနော မဟုတ်ပါဘူး။
ခန်းမထဲမှာတော့ ကျောက်စားပွဲရှည်ကြီးတွေ ရှိနေပါတယ်။ လီဖူချန်းကတော့ တွေဝေ တုံ့ဆိုင်းနေခြင်း မရှိပါဘူး။ သူက ကျောက်စားပွဲရဲ့ အိမ်ရှင်နေရာဖြစ်တဲ့ နေရာကို ခပ်တည်တည်ပဲ ယူထားလိုက်ပါတယ်။ ကျန်တဲ့သူတွေကတော့ သူ့ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာပဲ ထိုင်ကြရပါတယ်။
လူတွေ အားလုံး ထိုင်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ စကားစလိုက်ပါတယ်။
“အရင်တုန်းက ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့မှာ မဟာမိတ် ဦးစီးခေါင်းဆောင် သုံးယောက်နဲ့ မဟာမိတ် လက်ထောက်ဦးစီးခေါင်းဆောင် ၇ ယောက် ထားရှိခဲ့ကြတယ်။ ဒါပေမဲ့ သည်တစ်ကြိမ်မှာတော့ မဟာမိတ် ဦးစီးခေါင်းဆောင် တစ်ယောက်၊ လက်ထောက် ဦးစီးခေါင်းဆောင် နှစ်ယောက်နဲ့ စည်းကမ်း ထိန်းသိမ်းရေးမှူး ရှစ်ယောက် ထားမယ်။ မဟာမိတ် ဦးစီးခေါင်းဆောင်ကိုတော့ ကျုပ်ပဲ လုပ်လိုက်တော့မယ်။ မဟာမိတ် လက်ထောက်ဦးစီးခေါင်းဆောင် နေရာကိုတော့ အကြီးအကဲမူနဲ့ အကြီးအကဲစုတို့က သင့်တော်တယ်။ ကျန်တဲ့ စည်းကမ်းထိန်းသိမ်းရေးမှူး နေရာတွေကိုတော့ နဂိုမူလ လက်ထောက်ဦးစီးခေါင်းဆောင်တွေပဲ တာဝန်ယူလိုက်ကြ။ ဘယ်လိုလဲ ... ကျုပ်ပြောတာကို သဘောတူကြရဲ့လား။ ခင်ဗျားတို့ရဲ့ ထင်မြင် ယူဆချက်တွေကို စိတ်ရှိသလို ထုတ်ဖော်ပြောခွင့် ရှိပါတယ်”
လီဖူချန်းရဲ့ စကားအဆုံးမှာတော့ စုယွန်ဟီဟာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါပြီ။ သူက လီဖူချန်း မဟာမိတ်ဦးစီးခေါင်းဆောင် တက်လုပ်တာကို ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ သူ့ကို လက်ထောက် ခေါင်းဆောင်အဖြစ် ရာထူး လျော့ချလိုက်တာကတော့ ဘယ်လိုမှ လက်မခံနိုင်စရာပါပဲ။
မဟာမိတ် ဦးစီးခေါင်းဆောင်နဲ့ မဟာမိတ် လက်ထောက် ဦးစီးခေါင်းဆောင်တို့ဟာ အခေါ်အဝေါ်ပိုင်းမှာတော့ သိပ်ပြီး မကွာခြားလှပါဘူး။ ဒါပေမဲ့ လုပ်ပိုင်ခွင့် အပိုင်းမှာတော့ လုံးဝ ကွာခြားသွားခဲ့ပါပြီ။ မဟာမိတ် လက်ထောက်ဦးစီး ခေါင်းဆောင်ဖြစ်တဲ့ သူဟာ လီဖူချန်းရဲ့ လမ်းညွှန်မှုတွေကိုပဲ လိုက်နာရပါမယ်။ မဟုတ်လို့ကတော့ သူဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ သစ္စာဖောက် ဖြစ်သွားတော့မှာပါ။
သူက လီဖူချန်းရဲ့ ပါရမီနဲ့ အစွမ်းအစကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ အဲဒါက သူ့အနေနဲ့ လီဖူချန်းကို သစ္စာခံပြီး ခိုင်းသမျှကို မျက်စိစုံမှိတ် လုပ်မယ်ဆိုတဲ့ အဓိပါ္ပယ်တော့ မဟုတ်ပါဘူး။
လီဖူချန်းရဲ့ အကြံဉာဏ်ကို မကျေနပ်တာက စုယွန်ဟီ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျန်တဲ့ မဟာမိတ် လက်ထောက်ဦးစီး ခေါင်းဆောင်တွေကလည်း မကျေမနပ် ဖြစ်နေကြတာပါပဲ။
“လီဖူချန်း ... မင်း မဟာမိတ် ဦးစီးခေါင်းဆောင် လုပ်ချင်တာကိုတော့ ငါ့အနေနဲ့ ကန့်ကွက်စရာ အကြောင်းမရှိဘူး။ အဲဒါက မင်းနဲ့ သင့်တော်တယ်လို့ ငါမြင်တယ်။ ဒါပေမဲ့ မင်းက တကယ်ကြီး မူဟန်ရှင်းကို လက်ထောက်ဦးစီးခေါင်းဆောင် အသစ်နှစ်ယောက်ထဲက တစ်ယောက် ဖြစ်စေချင်တာလား။ မူဟန်ရှင်းရဲ့ အစွမ်းက တခြားလက်ထောက် ဦးစီးခေါင်းဆောင်တွေနဲ့ အတူတူပဲ။ သူက တချို့ လက်ထောက်ဦးစီးခေါင်းဆောင် တွေထက်တောင် အားနည်းသေးတယ်။ မူဟန်ရှင်းကို လက်ထောက် ဦးစီးခေါင်းဆောင်အဖြစ် ခန့်အပ်ချင်တာကိုတော့ ငါလုံးဝ လက်မခံနိုင်ဘူး”
ထိပ်တန်း အင်အားစုကြီး ဆယ်စုထဲ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ တစ်ယောက်ကတော့ လီဖူချန်ရဲ့ အဆိုကို ပေါ်ပေါ်တင်တင် ကန့်ကွပ် လိုက်ပါတယ်။
“မဟာမိတ် ဦးစီးခေါင်းဆောင်နေရာ ... ။ မင်း သည်ရာထူးကို ယူတာက ငါ့အတွက် ပြဿနာ မရှိဘူး။ ဒါပေမဲ့ မဟာမိတ် လက်ထောက်ဦးစီး ခေါင်းဆောင် နေရာကိုတော့ ကျေးဇူးပြုပြီး ပြန် သုံးသပ်ပေးပါ”
မဟာရွှေခန်းမရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲဖြစ်သူ ရှီဖန်းက ကန့်ကွက်စကား ဆိုနေရင်းနဲ့ မူဟန်ရှင်းကို စိမ်ခေါ်သလို ကြည့်လိုက်ပါတယ်။
လီဖူချန်းက သည်လို ကန့်ကွက်မှုတွေ ရှိလာမယ် ဆိုတာကို အစောကြီးကတည်း တွက်ထားပြီးပါပြီ။ သူက နားလည်ရခက်တဲ့ အပြုံးမျိုး ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။
“အိုး ... ကြည့်ရတာ အကြီးအကဲရှီက အကြီးအကဲမူရဲ့ အစွမ်းကို မယုံကြည်တဲ့ပုံပဲ။ အကြီးအကဲမူ ... အကြီးအကဲရှီနဲ့ တစ်ပွဲတစ်လမ်းလောက် အကဲစမ်းလိုကိပါလား။ အကြီးအကဲမူ အနေနဲ့လည်း မဟာမိတ် လက်ထောက်ဦးစီးခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်တယ် ဆိုတာကို သက်သေပြပြီးသား ဖြစ်သွားတာပေါ့”
"ကိစ္စ မရှိဘူး”
မူဟန်ရှင်းက မငြင်းပါဘူး။
“အကြီးအကဲရှီ ... ကျေးဇူးပြုပြီး”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မူဟန်ရှင်းဟာ မဟာမိတ်ခန်းမရဲ့ အပြင်ဘက်ကို ခုန်ထွက်သွားပြီး ကောင်းကင်ယံပေါ်မှာ ရပ်နေပါတော့တယ်။ သူ့ကိုကြည့်ရတာက သည်လို အခြေအနေအတွက် အသင့်ပြင်ထားပုံပါပဲ။
“ရတယ်လေ။ မင်းကို ဘယ်သူက ကြောက်နေလို့လဲ”
မဟာရွှေခန်းမရဲ့ ရှီဖန်းကလည်း ကောင်းကင်ပေါ်ကို ပျံတက်သွားပါတယ်။
ဝုန်း ... ဝုန်း ... ဝုန်း ...
ကောင်းကင်ယံ ထက်မှာတော့ ချီပေါက်ကွဲမှုတွေဟာ စတင် ဖြစ်ပေါ်လာခဲ့ပါပြီ။
“မဟူရာ ရေခဲလက်ဝါး”
သိုင်းကွက် အနည်းငယ် ဖလှယ်ပြီးတဲ့ နောက်မှာတော့ မူဟန်ရှင်းဟာ သူ့ရဲ့ အားအထားရဆုံး လက်ဝါးရိုက်ချက်ကို ထုတ်သုံးလိုက် ပါတော့တယ်။
“ဘန်း”
မဟူရာ ရေခဲလက်ဝါးက ရှီဖန်းရဲ့ ချီအကာအကွယ်ကို ဖြတ်ကျော်သွားရုံမက လူကိုလည်း လွင့်ထွက်သွား စေပါတယ်။
“မြေကမ္ဘာ အဆင့်နိမ့် လက်အိတ်တွေလား”
ရှိဖန်းက အံ့သြသွားပုံပါပဲ။
“ဟုတ်တယ်”
မူဟန်ရှင်းက ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။
အရှေ့ယူနီကွန်း တိုက်မှာတော့ မြေကမ္ဘာအဆင့် လက်နက်ပစ္စည်းတွေက ရှားပါးလွန်းလှတဲ့ အရာတွေပါ။ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အပျက်အစီး နယ်မြေမှာတော့ အဲသည်အရာတွေ ရှိတယ်ဆိုတာ သေချာပေမဲ့လည်း သူတို့အနေနဲ့ စွန့်စားပြီး သွားရောက် မရှာဖွေရဲပါဘူး။ အပျက်အစီး နယ်မြေတွေဆိုတာက ခြေလှမ်းတစ်လှမ်း မှားလိုက်တာနဲ့ တစ်ခါတည်း အသက်ပျောက်သွားနိုင်တဲ့ နေရာတွေပင် မဟုတ်ပါလား။
အရင်တုန်းကတော့ ရှီဖန်းနဲ့ မူဟန်ရှင်းတို့ဟာ လက်ရည်တူတွေပါ။ ဒါပေမဲ့ အခုတော့ မူဟန်ရှင်းဟာ မြေကမ္ဘာအဆင့်နိမ့် လက်အိတ်အားကိုးနဲ့ သူ့ကို အနိုင်ယူသွားခဲ့ပါပြီ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တာ့ ရှီဖန်းဟာလည်း မူဟန်ရှင်းလို မပြည့်စုံတဲ့ မြေကမ္ဘာအဆင့်နိမ့် သိုင်းကိုသာ လေ့ကျင့်ထားသူပါပဲ။
“မြေကမ္ဘာအဆင့်နိမ့် လက်အိတ်လား”
လူတွေအားလုံးက လီဖူချန်းကိုပဲ စိုက်ကြည့်လိုက်ကြပါတယ်။
လီဖူချန်းဟာ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကနေ အကျိုးအမြတ်တွေ အများကြီး ရသွားတယ် ဆိုတာကို လူတိုင်းအသိပါပဲ။ ဒါကြောင့်လည်း ယုလီ၊ ခေါ့ယွင်နဲ့ ရှင်းတိကောဝမ်တို့က လီဖူချန်းကို ပြဿနာ ရှာဖို့ ကြိုးစားခဲ့ကြတာပါ။
သူတို့ရဲ့ ထင်မြင်ယူဆချက်ဟာ လုံးဝ မှားယွင်းစရာ အကြောင်းမရှိပါဘူး။ မူဟန်ရှင်းရဲ့ မြေကမ္ဘာအဆင့်နိမ့် လက်အိတ်ဟာ လီဖူချန်းဆီက လက်ဆောင်ရထားတာပဲ ဖြစ်ရပါမယ်။
“ကံကောင်းလိုက်တာကွာ”
နက္ခတ်တာရာဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲရဲ့ မျက်လုံးထဲမှာတော့ လိုချင်တပ်မက်မှုတွေ ပြည့်နှက်နေခဲ့ပါပြီ။
တကယ်လို့သာ သူ့အနေနဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့မယ် ဆိုရင် နတ်ဆိုးဆယ်ပါးနယ်မြေက အလယ်အလတ်တန်းစား မိစ္ဆာတွေကို ထိပ်တိုက် ရင်ဆိုင်နိုင်လောက်ပါတယ်။နှမြောစရာ ကောင်းတာကတော့ အရှေ့ယူနီကွန်းတိုက်မှာက မြေကမ္ဘာအဆင့် လက်နက်တွေ အရမ်း ရှားလွန်းနေတာပါပဲ။
“အကြီးအကဲမူ ... ကျုပ် ခင်ဗျားရဲ့ အစွမ်းကို မြည်းစမ်းကြည့်ပါရစေ”
စကားသံ အဆုံးမှာတော့ ကောင်းကင်နဂါး ဓားဂိုဏ်းရဲ့ အထွတ်ခေါင်ချုက် ပင်မအကြီးအကဲဖြစ်တဲ့ ကုရီဖန်းဟာ ကောင်းကင်ပေါ်ကို ပျံတက် လာခဲ့ပါတယ်။
ကုရီဖန်းဆိုတာက မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေကို ပိုင်ဆိုထားတဲ့ လူနည်းစုထဲက တစ်ယောက်ပါ။ ခေါ့ယွင်နဲ့ ယုလီတို့ ရှိကတည်းက သူဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ အစွမ်းအထက်ဆုံး ပညာရှင် ငါးယောက် စာရင်းထဲမှာ ပါဝင်ပါတယ်။
ကုရီဖန်းကို မြင်လိုက်တဲ့ အခါမှာတော့ မူဟန်ရှင်းရဲ့ မျက်နှာဟာ မည်းမှောင် သွားခဲ့ပါပြီ။ ကုရီဖန်းက မြေကမ္ဘာအဆင့် သိုင်းပညာ ဒါမှမဟုတ် မြေကမ္ဘာအဆင့် အတွင်းအား ပညာရပ်ကို မကျင့်ကြံထားပေမဲ့လည်း သူ့ဂိုဏ်းရဲ့ ကောင်းကင်နဂါး ဓားသိုင်းဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတွေထဲက အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ ကုရီဖန်းရဲ့ လက်ထဲမှာတော့ ကောင်းကင်နဂါးဓားဆန္ဒဟာ မြေကမ္ဘာအဆင့်နိမ့် ဓားဆန္ဒတစ်ခုနဲ့ သိပ်ပြီး မကွာလှတော့ပါဘူး။
***