← Chapters

တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်

Vol. 32 Ch. 435

တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်

Vol. 32 Ch. 435

ကုရီဖန်းနဲ့ မူဟန်ရှင်းတို့ရဲ့ တိုက်ပွဲဟာ ရှီဖန်းနဲ့ မူဟန်ရှင်းတို့ရဲ့ တိုက်ပွဲထက် အဆပေါင်းများစွာ ပိုပြင်းထန်ပါတယ်။

ကောင်းကင်ယံမှာတော့ ဓားဆန္ဒနဲ့ လက်ဝါးဆန္ဒဟာ အလျော့မပေးစတမ်း အားပြိုင် နေကြပါပြီ။

ဒါပေမဲ့ လီဖူချန်းကတော့ တိုက်ပွဲရဲ့ အခြေအနေကို ကောင်းကောင်းကြီး သုံးသပ်နိုင်ပါတယ်။ စွမ်းအား သက်သက်မှာတော့ ကုရီဖန်းရဲ့ ဓားဆန္ဒဟာ မူဟန်ရှင်းရဲ့ လက်ဝါးဆန္ဒကို လုံးဝ မယှဉ်နိုင်ပါဘူး။

ဒါက မြေကမ္ဘာအဆင့် သိုင်းပညာနဲ့ ဆန်းကြယ်အဆင့် သိုင်းပညာရပ်ကြားမှာ ရှိတဲ့ ကွာခြားချက်ပါပဲ။ ပညာပါရမီချင်းတူတဲ့ ပညာရှင်နှစ်ယောက် ယှဉ်ပြိုင်တဲ့ နေရာမှာတော့ ဆန်းကြယ်အဆင့် သိုင်းပညာဟာ မြေကမ္ဘာအဆင့် သိုင်းပညာကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။

တကယ်တမ်း ပြောရမယ် ဆိုရင်တော့ ကုရီဖန်းဟာ ချီးကျူးထိုက်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ မူဟန်ရှင်းထက် သိသိသာသာ အားနည်းနေခြင်း မရှိပါဘူး။ပြီးတော့ သူဟာ သူ့ရဲ့ ကောင်းကင်နဂါး ဓားသိုင်းကို မြေကမ္ဘာအဆင့် ဓားသိုင်းနီးပါးအထိ လေ့ကျင့်ထားနိုင်ပါတယ်။

ဘန်း …

ကောင်းကင်ယံထက်မှာတော့ တိုက်ပွဲရဲ့ အနိုင်အရှုံးဟာ အဖြေပေါ်သွားခဲ့ပါပြီ။ အနိုင်ရရှိသူကတော့ မူဟန်ရှင်းပါပဲ။ ကုရီဖန်းက သူ့ရဲ့ မဟူရာ ရေခဲလက်ဝါးကို တောင့်မခံ နိုင်ခဲ့ပါဘူး။

မူဟန်ရှင်းက ပြုံးလိုက်ပြီး သတိပေးလိုက်ပါတယ်။

“အကြီးအကဲမူ ... ခင်ဗျားက ကျုပ်ရဲ့ပြိုင်ဘက် မဟုတ်ဘူး”

“တော်စမ်းပါကွာ။ ငါ့ရဲ့ ဓားကွက်ကိုလည်း မြည်းကြည့်ပါဦး”

“ကောင်းကင်နဂါးရဲ့ ဒေါသအမျက်”

ကုရီဖန်းက သူရှုံးပြီဆိုတာကို လက်သင့် မခံချင်တဲ့ ပုံပါဘဲ။ သူက သူ့ရဲ့ ဓားရှည်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ဓားကွက်တစ်ကွက် ထုတ်လိုက်ပါတယ်။

ရွှီး ... ရွှီး ... ရွှီး ...

ဓားကွက်နဲ့အတူ ဖြစ်တည်လာတဲ့ ဓားအလင်းတန်းတွေဟာ နဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

သည်နဂါးကြီးက တင့်တယ်ပြီး အရှိန်အဝါ ကြီးမြတ်လွန်း လှပါတယ်။ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး။ သည်နဂါးကြီးက ဓားဆန္ဒကနေ ဖြစ်ပေါ်လာတာ အသိသာကြီးပါပဲ။

“ကောင်းလိုက်တဲ့ မြေကမ္ဘာအဆင့် ဓားကွက်”

ကုရီဖန်းရဲ့ ဓားကွက်က ဓားဆန္ဒကနေပြီး ဖြစ်တည်လာတယ် ဆိုတာကို မူဟန်ရှင်းအနေနဲ့ မရိပ်မိစရာ အကြောင်းမရှိပါဘူး။ သည်ဓားကွက်ကနေ ထွက်ပေါ်လာတဲ့ စွမ်းအား အရှိန်အဝါတွေဟာ နဂိုကနဲ့ လုံးဝ မတူတော့ဘဲ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့တာ မဟုတ်ပါလား။

“မဟူရာ ရေခဲလက်ဝါး အေးခဲစမ်း”

မူဟန်ရှင်းက လက်ဝါးရိုက်ချက် နှစ်ချက်ကို ဆင့်ထုတ်လိုက်ပြီး ကုရီဖန်းရဲ့ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

မဟူရာ ရေခဲလက်ဝါးဆန္ဒက ပတ်ဝန်းကျင် တစ်ခုလုံးကို အေးခဲသွားစေခဲ့ပါပြီ။

ဘန်း…ဘန်း… ဘန်း ...

ကောင်းကင်ထက်မှာတော့ လက်ဝါးမုန်တိုင်းကြီး တစ်ခုနဲ့ ဓားအလင်းတန်း နဂါးကြီးဟာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ နေကြပါတယ်။

ဝုန်း ...

နောက်ဆုံးမှာတော့ အားနည်းချက်တွေ ရှိနေတဲ့ ကုရီဖန်းဟာ အနောက်ကို လွင့်ထွက်သွား ပါတော့တယ်။

မူဟန်ရှင်းရဲ့ အခြေအနေကလည်း သိပ်မဟန်လှပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ တဆတ်ဆတ် တုန်ယင်နေပါတယ်။ သူက ကံကောင်းထောက်မလို့သာ သည်တိုက်ပွဲမှာ အသာ ရရှိသွားတာပါ။

“အခုလို အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ အကြီးအကဲမူ”

မူဟန်ရှင်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ လေးစားမှု အပြည့်ပါပဲ။

မူဟန်ရှင်း အနေနဲ့ ကုရီဖန်းကို မလေးစားလို့လည်း မရပါဘူး။ သူက မြေကမ္ဘာအဆင့်နိမ့် လက်ဝါးသိုင်းဖြစ်တဲ့ မဟူရာအေးခဲ လက်ဝါးသိုင်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာတောင်မှ ကုယီဖန်းကို နှာတစ်ဖျားကပ်ပြီးသာ အနိုင်ယူခဲ့နိုင်တာပါ။ အဲသည်အချက်နဲ့တင် ကုရီဖန်းရဲ့ ဓားတာအိုအပေါ် နက်ရှိုင်းစွာ နားလည် သဘောပေါက်မှုကို မှန်းဆသိနိုင်နေပါပြီ။

“အကြီးအကဲမူကို စိမ်ခေါ်ချင်တဲ့လူ ရှိသေးလား”

လီဖူချန်းက အားလုံးကို ဝေ့ကြည့်လိုက်ပြီး မေးခွန်း ထုတ်လိုက်ပါတယ်။

ကန့်ကွက်သံတွေက ထပ်ထွက်မလာတော့ပါဘူး။

လက်ရှိ မူဟန်ရှင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ယုလီနဲ့ ခေါ့ယွင်တို့ကို မမီရင်တောင်မှ အဲသည် အဆင့်နီးပါး ရောက်နေပါပြီ။ အခုအချိန်မှာ မူဟန်ရှင်းကို စိမ်ခေါ်ရဲတဲ့လူက ရူးနေလို့ပါပဲ။

ဘန်း ...

"ကဲ ... ဘယ်သူမှ မကန့်ကွက်ကြတော့ဘူး ဆိုတော့ မဟာမိတ် လက်ထောက်ဦးစီး ခေါင်းဆောင် နေရာကို အကြီးအကဲစုနဲ့ အကြီးအကဲမူ တို့ကိုပဲ ပေးလိုက်တော့မယ်”

လီဖူချန်းက ကျောက်စားပွဲကို ရိုက်ပြီး ပြောလိုက်ပါတယ်။

“ခဏ ...  ခဏလေး နေပါဦး”

တုံလင်ကလန်ရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲဖြစ်သူ ရှဟိုဝူက မတ်တတ် ထရပ်လာပါတယ်။

“အိုး ...  အကြီးအကဲရှဟိုကကော အကြီးအကဲမူကို စိန်ခေါ်ချင်တာလား”

လီဖူချန်းက မရေရာတဲ့ ပုံနဲ့ မေးလိုက်ပါတယ်။

ရှဟိုဝူက ခေါင်းခါလိုက်ပြီး …

“အကြီးအကဲမူက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ အဆင့်မမီသေးဘူး။ ငါက မင်းကို စိန်ခေါ်ချင်တာ”

“ဟားဟား ... ကျုပ်ကို စိမ်ခေါ်ချင်တာလား”

လီဖူချန်းက ရယ်လိုက်မိပါတယ်။

လီဖူချန်းက ရှဟိုဝူရဲ့ အစွမ်းကို အစောကြီးကတည်းက ခန့်မှန်းထား ပြီးပါပြီ။ ရှဟိုဝူက ယုလီနဲ့ ခေါ့ယွင်တို့ နှစ်ယောက်ထက်တောင်မှ အစွမ်းထက်ကာင်း ထက်နိုင်ပါတယ်။ ပြီးတော့ ရှဟိုရှီရဲ့ အာဏာရှင် ဆန်လှတဲ့ အစွမ်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ လာနေတာပါ။

တကယ်လို့ လီဖူချန်း ထင်တာ မမှားဘူး ဆိုရင်တော့ အဲသည်စွမ်းအားဟာ တိုက်ပွဲဝိညာဉ်စွမ်းအား ဖြစ်ရပါမယ်။ ပြီးတော့ အဲသည် စွမ်းအားဟာ သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီး နတ်ဘုရား စွမ်းရည်အဖြစ် ကူးပြောင်းဖို့ စတင် ခြေလှမ်း ပြင်နေပါပြီ။

ဒါပေမဲ့လည်း ရှဟိုဝူက သူ့ရဲ့ တိုက်ပွဲဝိညာဉ် နတ်ဘုရားစွမ်းရည်ကို နိုးထ နိုင်ခဲ့ရင်တောင်မှ လီဖူချန်းဟာ မကြောက်ပါဘူး။ သူက ရှဟိုဝူကို အနိုင်ယူဖို့အတွက် ယုံကြည်မှုအပြည့် ရှိပါတယ်။

နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တဲ့ လူတစ်ယောက်ဟာ တူညီတဲ့ နယ်ပယ်တစ်ခုမှာ ပြိုင်ဘက်ကင်း ဖြစ်ရင် ဖြစ်ပါမယ်။ ဒါပေမဲ့လည်း ချီအတွင်းအားကျင့်စဉ်တွေနဲ့ သိုင်းပညာတွေက အလကား မဟုတ်ပါဘူး။

“အကြီးအကဲ ရှဟို ... ခင်ဗျားက မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင်ကို စိတ်ထင်တိုင်း စိန်ခေါ်လို့ရမယ် ထင်နေတာလား။ ဦးစီးခေါင်းဆောင်ကို စိန်ခေါ်ချင်ရင် ကျုပ်ကို အရင် ဖြတ်ကျော်နိုင်မှ ရမယ်”

မူဟန်ရှင်းက လီဖူချန်းရဲ့ နောက်ကို လိုက်ဖို့အတွက် ဆုံးဖြတ်ပြီးထားပြီ ဖြစ်တဲ့အတွက် ရှဟိုဝူရဲ့ စိမ်ခေါ်မှုကို ကြားဖြတ် ဝင်တားလိုက်ပါတယ်။

“မင်းလိုလူအတွက်ကတော့ တစ်ကွက်ထက် ပိုသုံးစရာ မလိုဘူး”

ရှဟိုဝူက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်လိုက်ပါတယ်။

“အပိုတွေ မပြောစမ်းနဲ့။ သတ္တိရှိရင် ထွက်ခဲ့”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် မူဟန်ရှင်းဟာ ခန်းမအပြင်ကို ထွက်သွားခဲ့ပါပြီ။

“မင်းက အဲဒီလောက်အထိ ဖြစ်နေမှတော့ ငါ့ရဲ့အကြောင်းကို ပြရသေးတာပေါ့”

ရှဟိုဝူကလည်း ဆတ်ဆတ်ထိမခံတဲ့ သူတစ်ယောက်ပါပဲ။ အဲသည်အတွက် သူဟာ ခန်းမအပြင်ကို ပျံထွက်သွားပြီး မူဟန်ရှင်းနဲ့ ဆန့်ကျင်ဘက် အရပ်မှာ ရပ်လိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းတစ်ယောက် ယုလီနဲ့ ခေါ့ယွင်တို့ကို မသတ်ခဲ့ရင်တောင်မှ ရှဟိုဝူဟာ မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင် တစ်နေရာကို လုဖို့အတွက် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ ပြီးပါပြီ။သူက မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင် နေရာကို ရဖို့အတွက် မျက်စောင်းထိုးနေသူ ဆိုရင်လည်း မမှားပါဘူး။ အဲသည် အတွက်ကြောင့် သူဟာ လီဖူချန်းကို စိမ်ခေါ်လိုက်တာပါ။ ရှဟိုဝူက သူ့အနေနဲ့ လီဖူချန်းကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ လက်ရည်တူ တိုက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ လီဖူချန်းကလည်း သူ့ကို လက်ရည်တူ တိုက်ခိုက်နိုင်တဲ့သူ ရှိရဲ့သားနဲ့ အရှက်မရှိ မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင်နေရာကို တစ်ယောက်တည်း မောင်ပိုင်စီးထားမယ့် သူမျိုး မဟုတ်လောက်ပါဘူး။

ဝုန်း ...

ပထမအကြိမ် လက်သီးနဲ့လက်ဝါး ထိပ်တိုက် ရင်ဆိုင်မှုက ကောင်းကင်တစ်ခုလုံးကို တုန်ခါ သွားစေပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုကနေ ဖြစ်ပေါ်လာတဲ့ ချီစွမ်းအင် ရိုက်ခတ်မှုကလည်း တိမ်ဖြူတောင် တစ်ခုလုံးကို ပြိုကျသွားစေတော့ မလိုပါဘဲ။

ချီစွမ်းအင် ရိုက်ခတ်မှုတွေ ပြန်လည် တည်ငြိမ်သွားတဲ့ အခါမှာတော့ လူရိပ်တစ်ရိပ်ဟာ ကောင်းကင်ပေါ်ကနေ အရုပ်ကြိုးပြတ် ပြုတ်ကျလာခဲ့ပါပြီ ။ အဲသည် လူရိပ်ကတော့ မူဟန်ရှင်းပါပဲ။

မူဟန်ရှင်းက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် လေထဲမှာပဲ သူ့ရဲ့ ကိုယ်ဟန်ကို ပြန်ထိန်းကာ မြေပြင်ပေါ်ကို ညင်သာစွာ ပြန်ဆင်းသက် လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာကတော့ သိပ်ပြီး မကောင်းလှပါဘူး။သူက ရှဟိုဝူရဲ့ တိုက်ပွဲဝိညာဉ် စွမ်းအားကို သည်လောက်အထိ အစွမ်းထက်လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့တာပါ။

အစောပိုင်းက တိုက်ခိုက်မှုမှာ သူ့ရဲ့ မဟူရာ ရေခဲလက်ဝါး ဆန္ဒဟာ ရှဟိုဝူရဲ့ အနားကိုတောင် မကပ်နိုင်ခဲ့ပါဘူး။ သူက ရှဟိုရှီရဲ့ လက်သီးချက်တွေကိုပဲ သူ့ကို အီစိမ့်နေအောင် ခံလိုက်ရတာပါ။အဲသည်လက်သီးချက်တွေကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အခုထက်ထိ ထုံကျဉ်နေဆဲပါပဲ။

“အကြီးအကဲမူ ... တကယ်လို့သာ အရင်တုန်းက ဆိုရင်တော့ ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ ကျုပ်ရဲ့ တိုက်ပွဲဝိညာဉ် စွမ်းအားတွေက ကန့်သတ်ချက်ကို ရောက်သွားပြီး နောက်ထပ် တစ်ဆင့်ကို ရောက်သွားပြီ။ အခု ကျုပ်သုံးနေတာက တိုက်ပွဲဝိညာဉ် နတ်ဘုရားစွမ်းရည်ရဲ့ အစကနဦး အဆင့်ပဲ”

စကားပြောနေရင်းနဲ့ ရှဟိုဝူဟာ သူ့ရဲ့ ခန္ဓာကိုယ်ကနေပြီး အဝါရောင် ရောင်ခြည်စက်ကွင်း တစ်ခုကို ထုတ်လွှတ် လိုက်ပါတယ်။

အဲဒါကတော့ တိုက်ပွဲဝိညာဉ် နတ်ဘုရားစွမ်းရည်ရဲ့ အစကနဦး အဆင့်ဖြစ်တဲ့ …

“တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်” ပါပဲ။

“နတ်ဘုရားစွမ်းရည်ရဲ့ အစကနဦး အဆင့်လား”

မူဟန်ရှင်းကတော့ အံ့သြ တုန်လှုပ်သွားခဲ့ပါပြီ။

နတ်ဘုရား စွမ်းရည်တွေကို ထိန်းချုပ် အသုံးပြုနိုင်တဲ့ ပညာရှင်တိုင်းဟာ အလွန်အမင်း အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ တူညီတဲ့ နယ်ပယ် တစ်ခုထဲမှာ ဆိုရင် သူတို့ဟာ ပြိုင်ဘက်ကင်းတဲ့ အကျော်ဇေယျတွေ ဖြစ်ပါတယ်။

ရှဟိုဝူက အခုမှ နတ်ဘုရား စွမ်းရည်ရဲ့ အစကနဦး အဆင့်ကိုသာ သုံးနိုင်သေးတယ် ဆိုပေမဲ့လည်း သူ့ကို အထင်သေးလို့တော့ မရပါဘူး။ ရှဟိုဝူက သူ့ဟာနဲ့သူ အစွမ်းထက်နေပြီဖြစ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

“ငါ့ရဲ့ နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက်ကို မြည်းကြည့်စမ်း”

ဒါပေမဲ့လည်း မူဟန်ရှင်းက လွယ်လွယ်နဲ့ အရှုံးပေးချင်ပေါ် မရပါဘူး။ သူက ကောင်းကင်ပေါ်ကို ပြန်ခုန်တက်သွားပြီး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

ကောင်းကင်ယံမှာတော့ မဟူရာ လက်ဝါးရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည် လက်ဝါးရိပ်ကြီးက အရိုးထိ အေးစိမ့်စေတဲ့ အအေးဓာတ်တွေကို ထုတ်လွှင့်နေရုံသာမက ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ အေးခဲသွားစေ ပါသေးတယ်။

မူဟန်ရှင်းက သည်လက်ဝါးရိုက်ချက်ကို အားကုန်ထုတ်ပြီး ရိုက်လိုက်တဲ့ ပုံပါပဲ။

“ဟား ... ဟား ...  ဟား ... ”

“လာစမ်းပါ”

ရှဟိုဝူကလည်း လုံးဝ နောက်မဆုတ်ပါဘူး။ သူက အားရပါးရ ရယ်မောလိုက်ပြီး လက်သီးချက် တစ်ချက် ပြန်ထုတ်လိုက်ပါတယ်။

ဘန်း ...

အနက်ရောင် လက်ဝါးရိပ်ကြီးကတော့ တစ်စစီ ပြိုကွဲသွားခဲ့ပါပြီ။ မူဟန်ရှင်းရဲ့ မဟူရာ လက်ဝါးရိပ်ကြီးကတော့ အဝါရောင် ရောင်ခြည်စက်ကွင်းကို တုန်ခါသွားရုံ ကလေးသာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဝေါ့ ...

မူဟန်ရှင်းက ရှဟိုဝူရဲ့ လက်သီးချက်ကို အပြည့်အဝ မခံရပေမဲ့လည်း အခြေအနေ မဟန်လှပါဘူး။ သူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ အဆက်မပြတ် တုန်ခါနေသလို သွေးတစ်လုတ်ကိုလည်း အန်ထုတ်လိုက် ရပါသေးတယ်။

တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ် …

ဒါက နတ်ဘုရား စွမ်းရည်ရဲ့ အစကနဦးအဆင့် ဆိုပေမဲ့လည်း တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်နေပါပြီ။ ခံနိုင်ရည်ပိုင်းကို မြှင့်တင်ပေးရုံသာ မဟုတ်ပါဘူး။ သည်နတ်ဘုရား စွမ်းရည်ထဲမှာက ဆန်းကြယ်တဲ့ နိယာမသဘောတရားတွေ ခိုဝင်ကိန်းအောင်း နေပါသေးတယ်။

တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်ကို အသက်သွင်းထားတဲ့ အချိန်မှာ အသုံးပြုလိုက်တဲ့ လက်သီးချက်ထဲမှာ ဆိုရင် အဲသည် နိယာမ သဘောတရားတွေ ပါဝင်ပတ်သက်နေမှာ အသေအချာပါပဲ။ အဲသည် အတွက်ကြောင့်သာ ရှဟိုဝူရဲ့ လက်သီးချက်ဟာ အလွန်အမင်း အားကောင်းနေခဲ့တာပါ။

ပိုပြီးနားလည်အောင် ရှင်းပြရမယ် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်ဟာ မြေကမ္ဘာအဆင့် ခန္ဓာကိုယ်အပြင်အား ဆန္ဒတစ်ခုနဲ့ အလားသဏ္ဌာန် တူပါတယ်။ အဲဒါက အရာအားလုံးကို အားကောင်းကောင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ပြီး လွှမ်းမိုးသွားတာပါ။

ဒါတောင်မှာ ရှဟိုဝူရဲ့ တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်ဟာ အစကနဦး အဆင့်မှာသာ ရှိနေပါတယ်။ တကယ်လို့ သူ့အနေနဲ့ အဲသည် နတ်ဘုရားစွမ်းရည်ကို အပြည့်အဝ နိုးထနိုင်ခဲ့မယ်ဆိုရင် ဘယ်လောက်အထိ အစွမ်းထက်သွားမယ် မသိပါဘူး။

“အကြီးအကဲမူ ... ဆင်းလာခဲ့တော့”

လီဖူချန်းက ရှဟိုဝူကို အတော်လေး စိတ်ဝင်စား သွားပုံပါပဲ။ သူက မူဟန်ရှင်းကို ဆက်မတိုက်တော့ဖို့အတွက် ပြောလိုက်ပါတယ်။

ဒါက သူ့ရဲ့ ဘဝမှာ နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တဲ့ ပညာရှင်တစ်ယောက်နဲ့ ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရခြင်းပါပဲ။ အဲသည် နတ်ဘုရားစွမ်းရည်က အစကနဦး အဆင့်မှာသာ ရှိနေသေးတာကတော့ သက်သက် တစ်ပိုင်းပေါ့လေ။

“မဟာမိတ် ဦးစီးခေါင်းဆောင် ... ကျေးဇူးပြုပြီး ကျုပ်ကို သင်ကြားပေးပါဦး”

ရှဟိုဝူက ပြုံးပြီး ပြောလိုက်ပါတယ်။ သူ့ရဲ့အပြုံးက ဟန်ဆောင်ထားမှန်း အသိသာကြီးပါပဲ။

လီဖူချန်းကလည်း အဲဒါကို ဂရုမစိုက်ပါဘူး။ သူက သူပြောချင်တာကို ပြောဖို့သာ စိတ်အားထက်သန် နေပါတယ်။

“အကြီးအကဲ ရှဟို ... သည်တိုက်ပွဲမှာ ခင်ဗျား ကျုပ်ကို ရှုံးခဲ့ရင်တောင်မှ ကျုပ်က ခင်ဗျားကို မဟာမိတ်အဖွဲ့ လက်ထောက် ဦးစီးခေါင်းဆောင်အဖြစ် ကမ်းလှမ်းမယ်။ တကယ်လို့ ခင်ဗျားက ကျုပ်ကို နိုင်ခဲ့ရင်တော့ မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင် နေရာကို ခင်ဗျား ရပြီလို့သာ မှတ်လိုက်တော့။ ကျုပ်က အရှက်မရှိ မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင် နေရာကို မယူဝံ့ဘူး”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ညီလာခံ ခန်းမရဲ့ အပြင်ဘက်ကို ခုန်ထွက် လာခဲ့ပါပြီ။

ကျန်တဲ့လူတွေ အားလုံးဟာလည်း ခန်းမရဲ့ အပြင်ဘက်ကို လိုက်ပြီး ခုန်ထွက် လာကြပါတယ်။ သူတို့အားလုံးဟာ တိုက်ပွဲကို အသိစိတ်အာရုံနဲ့ ကြည့်လို့ ရပေမဲ့လည်း မျက်လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ဖို့သာ အားသန်နေကြပုံပါပဲ။

“ကောင်းပြီ”

ရှဟိုဝူက လီဖူချန်းရဲ့ ပြောစကားကြောင့် ကျေနပ်နှစ်သိမ့် နေပါတယ်။ သူက သည်ကမ်းလှမ်းမှုကို လက်မခံစရာ အကြောင်းမရှိပါဘူး။

သူက လီဖူချန်းကို အနိုင်ရရင် မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင် ဖြစ်မှာဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင်တော့ မဟာမိတ်အဖွဲ့ လက်ထောက်ဦးစီး ခေါင်းဆောင် ဖြစ်မှာပါ။

ဟူး ... ဟူး ...  ဟူး ...

ဂျိန်း ...

တိမ်ဖြူတောင်ရဲ့ အထက် ကောင်းကင်ယံမှာတော့ လေပြင်းမုန်တိုင်းတွေနဲ့ မိုးကြိုးတွေ စတင် ဖြစ်ပေါ်လာခဲ့ပါပြီ။

လီဖူချန်းကတော့ ရှဟိုဝူနဲ့ တစ်မိုင်ခန့်အကွာမှာ ရပ်နေပါတယ်။

“မဟာမိတ် ဦးစီးခေါင်းဆောင် ... သတိထားတော့”

ရှဟိုဝူရဲ့ အဝါရောင် ရောင်ခြည်စက်ကွင်းဟာ ပိုမို တောက်ပလာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အားကောင်းလှတဲ့ ချီအရှိန်အဝါတစ်ခုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို စတင် ပျံ့နှံ့ လာခဲ့ပါတယ်။

"ခင်ဗျားက ခင်ဗျားရဲ့ အစွမ်းကို အစွမ်းကုန် ထုတ်သုံးနိုင်ဖို့ လိုသေးတာပဲ”

လီဖူချန်း ခံစားမိနေတာကတော့ ရှဟိုဝူရဲ့ တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်ဟာ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်နဲ့ သိပ်မကွာလှဘူး ဆိုတာပါပဲ။

အဲသည် အခြေအနေမှာ ဆိုရင် အာရုံစူးစိုက်မှုက အမြင့်ဆုံးအဆင့်မှာ ရောက်နေပြီး ခံနိုင်ရည်၊ တိုက်စစ်ဆင်နိုင်စွမ်းနဲ့ အမြန်နှုန်းတွေဟာ သိသိသာသာကြီးကို တိုးတက်သွားလေ့ ရှိပါတယ်။

ကောင်းကင်ယံမှာတော့ အဝါရောင် သက်တံတံတား တစ်စင်းဟာ ရုတ်ချည်း ပေါ်ပေါက်လာခဲ့ပါပြီ။

အဲသည် အဝါရောင် သက်တံတံတားကတော့ ရှဟိုဝူ ထိုးလိုက်တဲ့ လက်သီးချက်ပါပဲ။ အဲသည် လက်သီးချက်ဟာ မြင်တွေ့ဖို့အတွက်တောင် အင်မတန် ခဲယဉ်းလွန်းလှပါတယ်။

လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် လေထုတစ်ခုလုံးဟာ အေးခဲသွားသလားလို့ ထင်မှတ်ရပါတယ်။ အားကောင်းလှတဲ့ ဆန္ဒတစ်ခုဟာ လီဖူချန်းကို လွှမ်းခြုံသွားပြီး ဖိအား ပေးဖို့ ကြိုးစားနေခဲ့ပါပြီ။

“သည်လက်သီးချက်ထဲမှာ သဘာဝရဲ့ နိယာမတရားတွေ ခိုဝင်ကိန်းအောင်း နေတာပဲ။ ဒါက ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ထက် အများကြီး အားကောင်းတယ်”

လီဖူချန်းက တစ်ချက်ကြည့်လိုက်တာနဲ့ ခန္ဓာကိုယ် နှစ်ခုရဲ့ ကွာဟချက်ကို ကောင်းကောင်းကြီး သိမြင်နိုင်ပါတယ်။

ရှန်းဟွတောင် ဆင်ဘုရင်ဟာ နဂိုကတည်းက အစွမ်းထက်သူ တစ်ဦးပါ။ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ကို အသက်သွင်းပြီးတဲ့ အချိန်ဆိုရင် သူဟာ ယုလီနဲ့ ခေါ့ယွင်တို့ထက်တောင်မှ ပိုပြီး အားကောင်းပါတယ်။

ရှဟိုဝူကတော့ နဂိုမူလတုန်းက သိပ်ပြီး အစွမ်းထက်တဲ့သူ မဟုတ်ပါဘူး။ တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်ကို အသက်သွင်းပြီး သွားတဲ့ အချိန်မှသာ သူ့ရဲ့ အစွမ်းဟာ ယုလီ နဲ့ ခေါ့ယွင်တို့ထက် သာလွန်တာပါ။

ဒါကြောင့် လီဖူချန်းက ရှဟိုဝူရဲ့ တိုက်ပွဲဝိညာဉ် ခန္ဓာကိုယ်ဟာ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ထက် ပိုကောင်းတယ်လို့ ကောက်ချက်ချလိုက်တာပါ။

ဒါပေမဲ့ အဲဒါက ရှဟိုဝူဟာ ရှန်းဟွတောင် ဆင်ဘုရင်ထက် ပိုအစွမ်းထက်တယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ အစွမ်းဟာ အတူတူလောက်ပါပဲ။

ဒါပေမဲ့ စိတ်မကောင်းစရာကတော့ လီဖူချန်းဟာ ရှန်းဟွတောင် ဆင်ဘုရင်ကို အနိုင်ယူခဲ့ပြီးပါပြီ။ အဲသည်အတွက် သူဟာ ရှဟိုဝူကိုလည်း သေချာပေါက် အနိုင်ယူဦးမှာပါပဲ။

လီဖူချန်းက သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို အသုံးမပြုဘဲနဲ့တောင်မှ ရှဟိုဝူကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။

ရွှီး ... ရွှီး ... ရွှီး ...

သွေးနီဓားနဲ့အတူ ကြေးဝါဓားချီတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ပြီးတော့ မီးလျှံစွမ်းအားနဲ့ ဆင်နဂါး စွမ်းအားတို့ကလည်း သွေးနီဓားကို အထောက်အပံ့ ပေးထားပါသေးတယ်။

ရွှမ်း ...

လီဖူချန်းရဲ့ ဓားက ရှဟိုဝူရဲ့ လက်သီးကို ဖျက်ဆီးပစ်လိုက်ပါတယ်။

အစောပိုင်းတုန်းက ယုံကြည်မှု အပြည့်ရှိနေတဲ့ ရှဟိုဝူဟာ လီဖူချန်းရဲ့ ဓားနဲ့အတွေ့မှာတော့ ယုံကြည်ချက်တွေ ပျောက်ဆုံး သွားခဲ့ပါပြီ။ သည်ဓားချက်က ကြောက်စရာကောင်းလှတဲ့ စွမ်းအားတွေကို သယ်ဆောင်လာခဲ့တာ ဖြစ်ပြီး အဲဒါက ပင်လယ်တွေ၊ တောင်တန်းကြီးတွေကိုတောင်မှ နှစ်ခြမ်းခွဲပစ်မဲ့ ပုံပါပဲ။

ရွှပ်  ...

တိုဟူးကို ဓားနဲ့ လှီးဖြတ်လိုက်တာကမှ ခက်ပါဦးမယ်။ လီဖူချန်းအတွက်ကတော့ ရှဟိုဝူရဲ့ တိုက်ပွဲဝိညာဉ် အာဏာရှင် ခန္ဓာကိုယ်ကို ဖြတ်ပိုင်းရတာက ဘာမှ အားမစိုက်လိုက်ရပါဘူး။

ဝေါ့ ...

ရှဟိုဝူက သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပြီး အနောက်ကို လွင့်ထွက်သွားပါတယ်။

ဓားတစ်ချက် …

ရှဟိုဝူက ဓားချက် တစ်ချက်နဲ့တင် ရှုံးနိမ့်သွားခဲ့ပါပြီ။

“ရှုံးတာက အဲဒီလောက်မြန်လား”

လီဖူချန်းရဲ့ အကြောင်းကို သိထားတဲ့ မူဟန်ရှင်းကလွဲပြီး ကျန်တဲ့ လူတွေ အားလုံးဟာ တုန်လှုပ် ချောက်ချား နေကြပါတယ်။

ရှဟိုဝူက ရှီဖန်းကို အလွယ်တကူ အနိုင်ယူခဲ့တဲ့ မူဟန်ရှင်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့သူပါ။ ဒါပေမဲ့ လီဖူချန်းက အဲသည် ရှဟိုဝူကို ဓားချက်တစ်ချက်တည်းနဲ့ ပြန်အနိုင်ယူလိုက် ပြန်ပါတယ်။

သည်အချက် တစ်ချက်တည်းနဲ့တင် လီဖူချန်းဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကို မှန်းဆ နေနိုင်ပါပြီ။

မူဟန်ရှင်းကတော့ ကြောက်လန့် တုန်လှုပ်နေကြတဲ့ မဟာမိတ် အဖွဲ့ဝင်တွေရဲ့ မျက်နှာကို ကြည့်ပြီး ကျိတ်ရယ်နေပါတယ်။ လီဖူချန်းဟာ ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာကို သူ အသိဆုံးပါပဲ။ တကယ်လို့သာ လီဖူချန်းက အဆင့်မြှင့်တင်ထားတဲ့ သူ့ရဲ့ဓားကို ထုတ်လိုက်မယ် ဆိုရင် ဓားအရှိန်အဝါနဲ့တင် ရှဟိုဝူဟာ ကြောက်ဒူး တုန်သွားတော့မှာပါ။ သူက လီဖူချန်းကို တိုက်ခိုက်ဖို့ မပြောနဲ့။ စေ့စေ့တောင် ကြည့်ရဲတော့မှာ မဟုတ်ပါဘူး။

လီဖူချန်းကတော့ ခေါင်းကို မသိမသာ ခါယမ်းလိုက်ပါတယ်။

“သည်ရှဟိုဝူက ငါနဲ့ အနီးကပ် တိုက်ခိုက်ဖို့ တကယ်ကြီး စဉ်းစားရဲတာပေါ့”

အနီးကပ် တိုက်ခိုက်မှုက လီဖူချန်းရဲ့ အကြီးမားဆုံး အားသာချက်ပါပဲ။ အနီးကပ် တိုက်ခိုက်မယ် ဆိုရင်တော့ သူက ရှဟိုဝူ လေးယောက် ဖြစ်သွားရင်တောင်မှ အသာအယာ အနိုင်ယူနေဦးမှာပါ။

နတ်စမ်းရေတောင်ကြားရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ စုယွန်ဟီကတော့ သက်ပြင်းတစ်ခုကို ကျိတ်ပြီး ချနေပါတယ်။ အစောပိုင်းတုန်းကတော့ သူဟာ လီဖူချန်းကို စိမ်ခေါ်ဖို့ ကြံရွယ်နေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူဟာ လီဖူချန်းကို စိမ်ခေါ်ဖို့ မစဉ်းစားတော့ပါဘူး။ ယခုအချိန်မှာတော့ သွပ်သွပ်ခါအောင် ရူးနေတဲ့ လူမှပဲ လီဖူချန်းကို စိမ်ခေါ်ရဲပါလိမ့်မယ်။

“မဟာမိတ် ဦးစီးခေါင်းဆောင်ရဲ့ ဓားသိုင်းကတော့ တကယ့် အံ့မခန်းပါပဲ။ သည်အဘိုးကြီး စုယွန်ဟီက ခေါင်းဆောင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခွင့် ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်”

စုယွန်က သူ့ရဲ့ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး တလေးတစား အရိုအသေ ပေးလိုကိပါတယ်။

“အနှိုင်းမဲ့ ဓားပညာကို ပိုင်ဆိုင်ထားတဲ့ မဟာမိတ် ဦးစီးခေါင်းဆောင်ကို ရလိုက်တာက ဂိုဏ်းပေါင်းတစ်ရာအတွက် မဟာကံကေင်းမှုကြီးပါပဲ။ ဦးစီးခေါင်းဆောင် သက်တော်ရှာကျော် ရှည်ပါစေ။ မဟာမိတ် အဖွဲ့ကြီး အဓွန့်ရှည် တည်တံ့ပါစေ”

ကျန်ရှိနေတဲ့ လူတွေ အားလုံးကလည်း လီဖူချန်းကို လေးစားမှု အပြည့်နဲ့ အရိုအသေ ပေးလိုက်ကြပါတယ်။

အစောပိုင်းတုန်းကတော့ သူတို့ဟာ လီဖူချန်းအပေါ်မှာ သံသယ အနည်းငယ် ဝင်ခဲ့ပေမဲ့လည်း အခုအချိန်မှာတော့ အဲသည် သံသယတွေဟာ အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့ပါပြီ။

မူဟန်ရှင်းကတော့ စိတ်ထဲကနေ ကျိတ်ပြီး လှောင်ပြောင် နေပါတယ်။

‘သည်အဘိုးကြီးတွေက အခုတော့ ဘယ်လို ရိုကျိုးရမလဲဆိုတာကို သိသွားကြပြီပေါ့’

လီဖူချန်းက သူ့ရဲ့ သွေးနီဓားကို ပြန်သိမ်းလိုက်ပြီး စကားတစ်ခွန်း ပြောလိုက်ပါတယ်။

“အစောပိုင်းတုန်းက ကျုပ်ပြောခဲ့သလိုပဲ။ ကျုပ်က အကြီးအကဲ ရှဟိုကို တတိယမြောက် မဟာမိတ်အဖွဲ့ လက်ထောက်ဦးစီး ခေါင်းဆောင်အဖြစ် ခန့်အပ်ချင်တယ်။ သည်ကိစ္စကို ကန့်ကွက်ချင်တဲ့လူ ရှိပါသလား”

“မရှိပါဘူး”

“ဒါဆိုရင် ကောင်းပြီ”

***

All Chapters