အချီကြီး ကြံခြင်း
Vol. 32 Ch. 436
မဟာမိတ် အဖွဲ့အစည်းရဲ့ ရာထူးနေရာတွေကို သတ်သတ်မှတ်မှတ် ဆုံးဖြတ်ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ အရှက်မရှိတဲ့ အရာတစ်ခုကို လုပ်ဆောင်လိုက်ပါတယ်။ အဲဒါကတော့ ဝိညာဉ်ကျောက်တုံးတွေကို ချေးငှားတာပါပဲ။
“အားလုံးပဲ ကျေးဇူးပြုပြီး ခဏလောက် နားထောင်ပေးကြပါ။ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်က ကျင့်ကြံဖို့အတွက် ဝိညာဉ်ကျောက်တုံး တော်တော်များများ လိုအပ်နေပါတယ်။ အဲဒါကြောင့် ကျုပ်ကို ဝိညာဉ်ကျောက်တုံးတွေ ချေးငှားကြပါဦး။ စိတ်မပူပါနဲ့။ ကျုပ်က အလကား မယူပါဘူး။ ကျုပ်ကို ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ချေးငှားပေးတဲ့ သူတွေကို နောင်လာမဲ့ နှစ်တွေကျရင် ကိုယ်နဲ့ သင့်တော်မဲ့ မြေကမ္ဘာလက်နက်ပစ္စည်း တစ်ခု ဒါမှမဟုတ် နှစ်ခု ပြန်ပေးသွားမှာပါ။ ဝိညာဉ်ကျောက်တုံး အရေအတွက်များများ ချေးငှားပေးတဲ့ လူတွေကတော့ အခြားသူတွေထက် ပိုစောပြီး မြေကမ္ဘာအဆင့် လက်နက်တွေ ရစေရမယ်လို့ ကျုပ်ရဲရဲကြီး ကတိပေးပါတယ်”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက အားလုံးကို မျက်နှာချိုသွေး ပြုံးပြနေပါတော့တယ်။ အစောပိုင်းတုန်းက ရှဟိုဝူကို အနိုင်ယူခဲ့တဲ့ လီဖူချန်းနဲ့ အခု အချေးအငှား လုပ်နေတဲ့ လီဖူချန်းဟာ ဘာမှကို မဆိုင်တော့ပါဘူး။
ညီလာခံ ခန်းမထဲမှာတော့ အပ်ကျသံပါ ကြားရလောက်တဲ့အထိ တိတ်ဆိတ် သွားခဲ့ပါပြီ။ ကြည့်ရတာတော့ သူတိုက လီဖူချန်းရဲ့ စကားကို ယုံရပါ့မလား ဆိုပြီး ချင့်ချိန်မှန်းဆ နေကြပုံပါပဲ။
မြစ်ဖြူဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ဖြစ်သူကတော့ မူဟန်ရှင်းရဲ့ မြေကမ္ဘာအဆင့ိနိမ့် လက်အိတ်တွေကို တစ်ချက် ကြည့်လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက အံကို တင်းတင်းကျိတ်လိုက်ပြီး လီဖူချန်းကို အသိစိတ်အာရုံနဲ့ ဆက်သွယ် လိုက်ပါတယ်။
“မဟာမိတ် ဦးစီးခေါင်းဆောင်ခင်ဗျား ... ကျွန်တော်တို့ မြစ်ဖြူဂိုဏ်းက ခေါင်းဆောင် အပေါ်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်။ အဲသည်အတွက် မြစ်ဖြူဂိုဏ်းက ခေါင်းဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ထောက်ပံ့ပါ့မယ်”
သူက ချေးငှားတယ် ဆိုတဲ့ စကားကို လုံးဝ မသုံးပါဘူး။ သူက ချေးငှားတယ်ဆိုတဲ့ စကားလုံးအစား ထောက့်ပံမယ်ဆိုတဲ့ စကားလုံးကို ပြောင်းသုံးထားပါတယ်။
လီဖူချန်းက ကတိတည်သည်ဖြစ်စေ၊ မတည်သည်ဖြစ်စေ သူ ဂရုမစိုက်တော့ပါဘူး။ သူက မြေကမ္ဆာအဆင့် လက်နက်တစ်ခု ရဖို့အတွက်ကိုပဲ ဂရုစိုက်ပါတော့တယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူ့ရဲ့ မြစ်ဖြူဂိုဏ်းဟာ ပထမတန်းစား ဂိုဏ်းတစ်ခု သက်သက်ပါပဲ။ တကယ်လို့ သူ့အနေနဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်တစ်ခုကို ပိုင်ဆိုင်ထားမယ် ဆိုရင်တော့ မြစ်ဖြူဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ဟာ ပိုမို ခိုင်မာလာနိုင်ပြီး နောင်တစ်ချိန်မှာ ထိပ်တန်းဂိုဏ်းတစ်ခု အဆင့်ကိုတောင် ရောက်သွားနိုင်ပါတယ်။ ဂိုဏ်းတစ်ခုလုံး အဆင့်အတန်း တိုးတက်လာမဲ့ ကိစ္စနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းဟာ ဘာမှ မဟုတ်ပါဘူး။
“ကောင်းပြီ။ ခင်ဗျားလိုချင်တဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက် အမျိုးအစားအကြောင်း ကျုပ်ကို အသေးစိတ် ပြောပြပေးပါလား”
လီဖူချန်းက မြစ်ဖြူဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲကို အသိစိတ်အာရုံနဲ့ စကား ပြန်ပြောလိုက်ပါတယ်။
မြစ်ဖြူဂိုဏ်း အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲရဲ့ မျက်နှာကတော့ မှိုရတဲ့ မျက်နှာအလား ဝင်းပသွားခဲ့ပါပြီ။ လီဖူချန်းက လက်နက်ရဲ့ အသေးစိတ် အကြောင်းကို မေးနေမှတော့ လိမ်ညာမဲ့ပုံ မပေါ်ပါဘူး။ သူက သူကတိ ပေးထားတဲ့အတိုင်း ဖြည့်ဆည်းပေးမှာ အသေအချာပါပဲ။
မြစ်ဖြူဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲက အလျင်အမြန် အဖြေပေးလိုက်ပါတယ်။
"ကျွန်တော်က လှံရှည် ဒါမှမဟုတ် လှံတို တစ်ချောင်းလောက် လိုချင်ပါတယ် ခေါင်းဆောင်”
“ပြသနာမရှိဘူး”
လီဖူချန်းက မသိမသာ ခေါင်းညိတ်ပြလိုက်ပါတယ်။
ညီလာခံ ခန်းမထဲကို ရောက်နေတဲ့ လူတိုင်းဟာ ပါးနပ်တဲ့ မြေခွေးအိုကြီးတွေပါပဲ။ သူတို့က မြစ်ဖြူဂိုဏ်း အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲရဲ့ မျက်နှာ အမူအရာကို မြင်လိုက်ကတည်းက အခြေအနေကို မှန်းဆထားခဲ့ပြီးပါပြီ။ သည်အဘိုးကြီးက မဟာမိတ် ဦးစီးခေါင်းဆောင်ဆီက ကတိတစ်ခု ရသွားတာ အသေအချာပါပဲ။
အဲသည်အတွက် သူတို့ဟာ လီဖူချန်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ အပြိုင်အဆိုင် ချေးငှားကြ ပါတော့တယ်။
“မဟာမိတ် ဦးစီးခေါင်းဆောင်ခင်ဗျား ... ကျွန်တော်တို့ ချမ်းသာဂိုဏ်းက ခေါင်းဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်း ထောက်ပံ့ပါမယ်”
“မဟာမိတ် ဦးစီးခေါင်းဆောင် ခင်ဗျား ... ကျွန်တော်တို့ မိုးကြိုးဂိုဏ်းက ခေါင်းဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်း ထောက်ပံ့ပါ့မယ်။
ထိပ်တန်း အင်အားစုကြီး ဆယ်စုကတော့ အချေးအငှား ပွဲထဲကို ဝင်မပါလာကြ သေးပါဘူး။ သူတို့က ဒွိဟ ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ပထမတန်းစား ဂိုဏ်းတွေနဲ့ ဒုတိယတန်းစား ဂိုဏ်းတွေကတော့ အပြိုင်အဆိုင် ချေးငှားနေကြပါပြီ။
တတိယတန်းစား ဂိုဏ်းတွေကတော့ မိစ္ဆာတာအိုအင်အားစု ဒါမှမဟုတ် နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ သိမ်းပိုက်မှုအောက်ကို ကျရောက်သွားပြီး ဖြစ်တဲ့အတွက် မဟာမိတ် ညီလာခံကိုတောင် တက်ရောက်ခွင့် မရခဲ့ကြပါဘူး။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ထိပ်တန်း အင်အားစုကြီး ဆယ်စုဟာ အချေးအငှား ပွဲထဲကို ဝင်ပါလာ ကြပါတော့တယ်။ သူတို့ဟာ မြေကမ္ဘာအဆင့် လက်နက်တွေ ဆိုတဲ့ မက်လုံးကို ဘယ်လိုမှ တောင့်မခံနိုင်တော့ပါဘူး။
“မဟာမိတ် ဦးစီးခေါင်းဆောင်ရှင့် … ကျွန်မတို့ သုံးပါးပရမတ် ဘုရားကျောင်းက ခေါင်းဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲ ထောက်ပံ့ဖို့ အသင့်ရှိပါတယ်”
“မဟာမိတ် ဦးစီးခေါင်းဆောင်ခင်ဗျား ... မဟာရွှေခန်းမက ခေါင်းဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲ ထောက်ပံ့ပါမယ်”
“အထက်ကောင်းကင်ဘုံ ဓားဂိုဏ်းက မဟာမိတ် ဦးစီးခေါင်းဆောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းရှစ်သောင်း ထောက်ပံ့ချင်ပါတယ်”
“ကောင်းကင်နဂါး ဓားဂိုဏ်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲ ထောက်ပံ့ပါ့မယ်”
“နတ်စမ်းရေတောင်ကြားက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းတိတိ ထောက်ပံ့ဖို့ အသင့်ရှိပါတယ်”
သူ့ရဲ့ နားထဲကို အသံတွေ အဆက်မပြတ် ဝင်လာ အပြီးမှာတော့ လီဖူချန်းရဲ့ အပြုံးတွေဟာ ပိုပိုပြီး တောက်ပ လာခဲ့ပါပြီ။
သူက ဂိုဏ်းတွေဟာ သည်လောက်အထိ ချမ်းသာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး။ ထိပ်တန်း ဂိုဏ်းတစ်ခုတည်းက ချေးငှားတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကတောင်မှ ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးကို ပြန်သွားဖို့အတွက် လုံလောက်မက လုံလောက်နေပါသေးတယ်။
“ငါတို့ မိုးကြိုးနတ်ဘုရားဂိုဏ်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်း ထောက်ပံ့မယ်”
“ဆန်းကြယ် ကိရိယာဂိုဏ်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်း ထောက်ပံ့ဖို့ အဆင်သင့်ပဲ"
နောက်ဆုံးမှာတော့ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ကလည်း လီဖူချန်းကို ထောက်ပံ့ပေးဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။
သည်ဂိုဏ်းနှစ်ဂိုဏ်းကတော့ လီဖူချန်းနဲ့ ရန်ငြိုးရန်စ ရှိတဲ့ ဂိုဏ်းတွေ ဖြစ်ပါတယ်။ အဲသည်အတွက် သူတို့ဟာ လီဖူချန်းဆီကနေ ဘာမှ မမျှော်ကိုးထားကြပါဘူး။ လီဖူချန်းက အရင်က ရန်ငြိုးတွေကို အစပြန်မဖော်ရင်ဘဲ လုံလောက်ပြီလို့ သူတို့က တွေးထားကြပါတယ်။ အဲသည် အတွက်ကြောင့် သူတို့ဟာ လီဖူချန်းကို အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ငါးသိန်း ချေးငှားဖို့ ဆုံးဖြတ်လိုက်ကြတာပါ။
ဂိုဏ်းပေါင်း ၃၆ ဂိုဏ်းဆီကနေ ထောက်ပံ့မှုတွေ ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူရမဲ့ ဝိညာဉ်ကျောက်တုံးတွေကို စိတ်တွက် တွက်လိုက်ပါတယ်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အရေအတွက် ၄.ဝ၈ သန်း ... ။
ဒါက ဘယ်လိုမှ မယုံကြည်နိုင်စရာ ကောင်းတဲ့ ပမာဏ တစ်ခုပါပဲ။ ဒါက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးလို နေရာမျိုးမှာတောင်မှ အံ့သြတုန်လှုပ် သွားစေနိုငိတဲ့ အရေအတွကိပါ။ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အများစုတောင်မှ သူ့လောက် ချမ်းသာကြွယ်ဝမှာ မဟုတ်ပါဘူး။
ဒါကလည်း သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ တိုက်ပွဲဝိညာဉ် ဆရာသခင်တွေက သူတို့ကိုယ်သူတို့ အားကိုးပြီး ဝိညာဉ်ကျောက်တုံးတွေ ရဖို့ ကြိုးစားနေရစဉ်မှာ လီဖူချန်းက အရှေ့ယူနီကွန်း တစ်တိုက်လုံးရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ရခဲ့တာ မဟုတ်ပါလား။
ဒါက စီးပွားရေးမှာ ကွက်ကျော်မြင်တဲ့ လူတစ်ယောက်ရဲ့ အားသာချက်ပါပဲ။
လီဖူချန်းက တွေးရင်းတွေးရင်းတဲ့ အကြံပိုင်လှတဲ့ သူ့ကိုယ်သူ ချီးကျူး နေမိပါတယ်။
အမှန်တော့ သည်လို အရှက်မရှိ ချေးငှားတယ် ဆိုတာက တော်ရုံတန်ရုံ လုပ်ရဲမှာ မဟုတ်ပါဘူး။ လီဖူချန်းလို မျက်နှာပြောင်တဲ့လူကပဲ လုပ်ရဲမှာပါ။ ကြည့်ရတာတော့ လီဖူချန်းက ကျင့်ကြံမှုအပိုင်းမှာထက် အချေးအငှားပိုင်းမှာ ပိုပါရမီ ပါတဲ့ပုံပါပဲ။
လူတွေအားလုံးရဲ့ ထောက်ပံ့ပေးမယ် ဆိုတဲ့ ကတိကို ရအပြီးမှာတော့ လီဖူချန်းက လေးနက် တည်ကြည်စွာနဲ့ ပြောလိုက်ပါတယ်။
“ပထမဆုံး အသုတ်အနေနဲ့ ကျုပ်က မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်း ၅ ခုကို ပေးမယ်။ အဲသည် ပစ္စည်းတွေကိုတော့ ဖုန်းရွှယ်ဂိုဏ်း၊ နတ်စမ်းရေတောင်ကြား၊ အထက်ကောင်းကင်ဘုံ ဓားဂိုဏ်း၊ မြစ်ဖြူဂိုဏ်းနဲ့ မိုးကြိုးဂိုဏ်းတို့က ရရှိမှာဖြစ်တယ်။ ကျေးဇူးပြုပြီး ကျန်တဲ့ ဂိုဏ်းတွေကတော့ နည်းနည်းလောက် စိတ်ရှည်ပေးကြပါဦး။ အဲသည်လို စောင့်ဆိုင်းပေးတဲ့ ဂိုဏ်းတွေကိုလည်း ကျုပ်က မေတ္တာ လက်ဆောင်အနေနဲ့ မြေကမ္ဘာအဆင့်နိမ့် ဆေးလုံးတွေ၊ ဆေးရည်တွေ ပေးပါဦးမယ်”
လီဖူချန်းက နောက်ထပ် ထပ်ပြီး မက်လုံးတွေ ပေးလိုက်ပါတယ်။ သူ့အနေနဲ့ တစ်ကြိမ်တည်းမှာ အားလုံးကို စိတ်ကျေနပ်အောင် မလုပ်ပေးချင်ပါဘူး။
လီဖူချန်းက ဂိုဏ်းတွေကို သူတို့နဲ့ လိုက်ဖက်မယ်ထင်တဲ့ လက်နက်တွေ ရဖို့ဆိုတာ မလွယ်ကြောင်း သိစေချင်ပါသေးတယ်။ တစ်ဖက်မှာလည်း သူက ဂိုဏ်းတွေကို သူ့အပေါ်မှာ သစ္စာစောင့်သိစေချင် ပါသေးတယ်။ အဲသည် အတွက်ကြောင့် သူက မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေကို တဖြည်းဖြည်းချင်း ပေးအပ်သွားဖို့ စဉ်းစားထားတာပါ။
ပြီးတော့ မြစ်ဖြူဂိုဏ်းနဲ့ မိုးကြိုးဂိုဏ်းရဲ့ ချေးငှားတဲ့ ဝိညာဉ်ကျောက်တုံး အရေအတွက်တွေက အခြားသော ထိပ်တန်းစာရင်းဝင် ဂိုဏ်းကြီးတွေ ချေးငှားတဲ့ အရေအတွက်ထက် မများပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက အဲသည် ဂိုဏ်းနှစ်ဂိုဏ်းကို ပထမဦးဆုံး လက်နက်ရမဲ့ အသုတ်ထဲမှာ ထည့်ပေးလိုက်ပါတယ်။ ဒါကတော့ လီဖူချန်းက ဂိုဏ်းငယ်လေးတွေမှာလည်း ထိပ်တန်း စာရင်းဝင် ဂိုဏ်းကြီးတွေလို အခွင့်အရေး ရှိတယ်ဆိုတာကို သိစေချင်လို့ပါပဲ။
စကားပြောနေရင်းနဲ့ လီဖူချန်းဟာ မြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ခုကို ထုတ်ယူလိုက်ပြီး မူဟန်ရှင်းကို ပေးလိုက်ပါတယ်။
“အကြီးအကဲမူ ... သည်ချပ်ဝတ်တန်ဆာကို အရင်ယူထားလိုက်။ ဒါက မြေကမ္ဘာအဆင့်နိမ့် ရှေးဟောင်း ချပ်ဝတ်တန်ဆာပဲ”
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတုန်းက ဆိုရင် လီဖူချန်းဟာ များပြားလှတဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း သူက အဲသည်ပစ္စည်းတွေ အကုန်လုံးကို ရောင်းပစ်ပြီး အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။
အခုသူပေးလိုက်တဲ့ မြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာကတော့ မီးလက်သီး ဖန်လုံရဲ့ ချပ်ဝတ်တန်ဆာပါပဲ။ မူဟန်ရှင်းကို အစောပိုင်းတုန်းက သူပေးခဲ့တဲ့ လက်အိတ်တွေကလည်း မီးလက်သီး ဖန်လုံရဲ့ လက်အိတ်တွေ ဖြစ်ပါတယ်။
"ရှေးဟောင်း ချပ်ဝတ်တန်ဆာလား”
မူဟန်ရှင်းကတော့ အပျော်ပေါ် အပျော်ဆင့် သွားခဲ့ပါပြီ။ လီဖူချန်းပေးထားတဲ့ လက်အိတ်တွေနဲ့တောင်မှ သူ့ရဲ့ အစွမ်းဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ အစွမ်းအထက်ဆုံး ၁၅ ယောက်ထဲမှာ ပါဝင်နေတာပါ။ သည်မြေကမ္ဘာ အဆင့်နိမ့် ချပ်ဝတ်တန်ဆာနဲ့ ဆိုရင်တော့ သူဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ အစွမ်းအထက်ဆုံး ၁၀ ယောက်ထဲမှာတောင် ပါသွားလောက်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ ရှဟိုဝူနဲ့ နောက်ထပ်တစ်ကြိမ် ထပ်တိုက်ခဲ့ရင်တောင်မှ အလွယ်တကူ ဒဏ်ရာရမှာ မဟုတ်တော့ပါဘူး။
“မြေကမ္ဘာအဆင့်နိမ့် ရှေးဟောင်းချပ်ဝတ်တန်ဆာလား”
စုယွန်ဟီနဲ့ ရှဟိုဝူ အပါအဝင် လူတွေအားလုံးဟာ မနာလိုစိတ်အပြည့်နဲ့ မူဟန်ရှင်းကို စိုကိကြည့် နေကြပါတယ်။
သူတို့က မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေကိုတောင် မရသေးပါဘူး။ ဒါပေမဲ့ မူဟန်ရှင်းကတော့ မြေကမ္ဘာအဆင့်နိမ့် ရှေးဟောင်း ချပ်ဝတ်တန်ဆာကို ရသွားခဲ့ပါပြီ။ အဲဒါက တကယ် ဒေါသ ထွက်ချင်စရာပါပဲ။
“ဂုဏ်ယူပါတယ် အကြီးအကဲမူ”
အထွတ်ခေါင်ချုပ် အကြီးအကဲတွေ အားလုံးဟာ မူဟန်ရှင်းကို မနာလိုနေကြပေမဲ့လည်း ဂုဏ်ပြုစကား ပြောပေးလိုက်ကြ ပါသေးတယ်။
“ဟား ... ဟား ... ။ ကျေးဇူးပဲဗျို့”
မူဟန်ရှင်းကတော့ မြှောက်ကြွမြှောက်ကြွ ဖြစ်နေခဲ့ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ညီလာခံကို ပိတ်သိမ်းဖို့ အချက်ပြလိုက်ပါတယ်။
“ဟုတ်ပြီ။ မဟာမိတ် ညီလာခံကို သည်မှာပဲ နိဂုံး ချုပ်လိုက်ကြရအောင်။ အားလုံးပဲ ကတိပေးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေရရင် ကျုပ်ကို လာတွေ့လို့ ရပါတယ်”
လီဖူချန်းက သိပ်မကြာခင်မှာပဲ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ပြန်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ပြန်မသွားခင်မှာ ဂိုဏ်းအသီးသီးက ပို့လာတဲ့ ဝိညာဉ်ကျောက်တုံးတွေကို စောင့်ရပါဦးမယ်။
တစ်ပတ်အကြာမှာတော့ ...
ဂိုဏ်းအသီးသီးက ပို့လာတဲ့ ဝိညာဉ်ကျောက်တုံးတွေဟာ လီဖူချန်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ။
အချို့ဂိုဏ်းတွေကတော့ သူတို့ကို လက်နက်ပစ္စည်းရမဲ့ ဒုတိယ အသုတ်ထဲမှာများ ထည့်ပေးမလား ဆိုပြီးတော့ ကတိပေးထားတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အရေအတွက်ထက် ပိုများတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပို့လာကြပါတယ်။
လီဖူချန်းကလည်း လုံးဝ မငြင်းပါဘူး။ သူ့အတွက်ကတော့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးအရေအတွက် များလေ ကောင်းလေပါပဲ။
ရလဒ်အနေနဲ့ လီဖူချန်းဟာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၄.၀၈ သန်း လက်ခံရရှိမဲ့အစား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄.၆ သန်းကို လက်ခံ ရရှိခဲ့ပါတယ်။
“ဟား ... ဟား ... သည်လောက်များတဲ့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးတွေနဲ့ ဆိုရင်တော့ သည်ခရီးကို အခေါက် ၂၀ လောက် သွားလို့ ရတယ်ကွ”
လီဖူချန်းကတော့ အပျော်ကြီး ပျော်နေခဲ့ပါပြီ။
လီဖူချန်းဟာ တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားထဲမှာရှိတဲ့ ချီရေကကန်ကို အပြည့်ဖြည့်ဖို့အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အရေအတွက် နှစ်သိန်းတစ်သောင်းသာ လိုခဲ့ပါတယ်။
ထို့နောက်မှာတော့ သူဟာ တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းပြီး အလင်းတန်းတစ်ခု အသွင်ပြောင်းကာ အရှေ့ယူနီကွန်းတိုက်ကနေ ပျောက်ကွယ် သွားခဲ့ပါပြီ။
- ရောင်စဉ် ခုနစ်ဖြာတိုက်ကြီး ၊ နန်လင်းမြို့တော် -
တစ်ရက်အတွင်းမှာပဲ နန်လင်းမြို့မှာရှိတဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်း တစ်ဝက်လောက်ဟာ ဝယ်ယူခြင်းကို ခံလိုက်ရပါတယ်။
တစ်ချိန်တည်းမှာပဲ ခရမ်းရောင်ပန်း နိုင်ငံတော်မှာရှိတဲ့ မြေကမ္ဘာအဆင့်နိမ့် ဆေးတွေရဲ့ တစ်ဝက်လောက်ဟာလည်း ဝယ်ယူခြင်းကို ခံလိုက်ပါတယ်။
အဲသည် ဖြစ်ရပ်နှစ်ခုရဲ့ လက်သည်တရားခံကတော့ လီဖူချန်းပါပဲ။ မယုံနိုင်လောက်အောင် ချမ်းသာကြွယ်ဝနေပြီ ဖြစ်တဲ့ လီဖူချန်းဟာ သူ့ရဲ့ မျက်လုံးထဲမှာ သဘောတွေ့တဲ့ အရာမှန်သမျှကို ဈေးမဆစ်ပဲ ဝယ်ယူ နေပါတော့တယ်။ သူက လီကလန်နဲ့ မိုးပြာရောင်ဂိုဏ်း အတွက်ကိုလည်း လုံးဝ မမေ့ပါဘူး။
သူက မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတွေ အတွက်တင်ကို အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၆ သိန်းအထိ အသုံးပြုလိုက်ပါတယ်။
သူဝယ်ယူလိုက်တဲ့ လက်နက်ပစ္စည်းတွေကတော့ အရေအတွက် ၁၅၀ ရှိပြီး လက်နက်အမျိုးအစား ၈၀ နဲ့ ချပ်ဝတ်တန်ဆာ ၇၀ ပါဝင်ပါတယ်။
“နတ်ဆိုးဆယ်ပါးနယ်မြေက အရမ်း အစွမ်းထက်တယ် ဟုတ်လား ... ။ မိစ္ဆာတာအို အင်အားစုတွေက အားအရမ်းကောင်းတယ် ဟုတ်လား။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေ အပြည့်အစုံ တပ်ဆင်ပေးပြီးမှ တွေ့ကြသေးတာပေါ့ကွာ”
လီဖူချန်းက စိတ်ထဲကနေ ကြိမ်းဝါးလိုက်ပါတယ်။
နောက်လာမယ့် နှစ်အနည်းငယ် အတွင်းမှာပဲ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်း အပြည့်အစုံ တပ်ဆင်ထားတဲ့ အင်အားစုကြီးတစ်ခု ဖြစ်လာတော့မှာပါ။ အဲသည် အချိန်ကျရင်တော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဟာ ဘယ်အင်အားစုကိုမှ မျက်လုံးထဲမှာ ထည့်ထားတော့မှာ မဟုတ်ပါဘူး။
နောက်ထပ်တစ်ရက် အကြာမှာတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းပြီး အရှေ့ယူနီကွန်းတိုက်ကို ပြန်လာခဲ့ပါတယ်။
“အချိန်နည်းနည်းတော့ စောင့်လိုက်ဦးမယ်။ အခုချိန်မှာတော့ သည်အဘိုးကြီးတွေကို သူတို့လိုချင်တဲ့ လက်နက်တွေ ပေးလို့ မဖြစ်သေးဘူး”
လီဖူချန်းက ဒုတိယအကြိမ်မြောက် မဟာမိတ် ညီလာခံကို ပြန်ကျင်းပဖို့အတွက် မလောသေးပါဘူး။
အဲသည်အတွက် သူဟာ သူ့ရဲ့ ခန္ဓာကိုယ် သန့်စင်မှုကို အဆင့်မြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဗာဂျရာ ဆေးရည် ပုလင်း၂၀၀ နဲ့ ရွှေအဆင်းခန္ဓာကိုယ် ဆေးရည် ပုလင်း ၂၀၀။ သည်လောက် ဆိုရင်တာ့ ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက နောက်ထပ်တစ်ဆင့်ကို တက်ကောင်းလောက်ပါရဲ့”
လီဖူချန်းက သည်မြေကမ္ဘာ အလယ်အလတ်အဆင့် ဆေးပုလင်း ၄၀၀ အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းလေးသောင်း ပေးခဲ့ရတာပါ။
ဆေးရည်တွေ အားလုံးကို သောက်သုံးပြီးသွားတဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ ဆင်နဂါး စွမ်းအင်အမျှင်တွေဟာ အရေအတွက် ၂၅၀၀၀ ကနေ ၂၆၀၀၀ အထိ တိုးပွားသွားခဲ့ပါပြီ။
ဒါပေမဲ့ ဆေးစွမ်းတွေက မကုန်ဆုံးသွားသေးပါဘူး။
လီဖူချန်ရဲ့ ဆင်နဂါးစွမ်းအင် အမျှင်တွေက တရိပ်ရိပ် တိုးပွားနေဆဲပါပဲ။
ဆင်နဂါး စွမ်းအင်အမျှင် ၂၈၀၀၀ ... ဆင်နဂါး စွမ်းအင်အမျှင် ၃၀၀၀၀ ... ဆင်နဂါး စွမ်းအင်အမျှင် ၃၅၀၀၀ ... ဆင်နဂါး စွမ်းအင်အမျှင် ၄၀၀၀၀ ...
ဆင်နဂါး စွမ်းအင်အမျှင် ၅၀၀၀၀ ... ဆင်နဂါး စွမ်းအင်အမျှင် ၅၅၀၀၀ …
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ဆင်နဂါး စွမ်းအင်အမျှင် အရေအတွက်ဟာ ၅၅၀၀၀ အထိ ရောက်သွားခဲ့ပါတယ်။
***