မီးလျှံ နတ်ဘုရားစွမ်းရည်
Vol. 32 Ch. 437
“အား ... ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုတွေ အများကြီးပါပဲလား။ မဖြစ်ဘူး အဲဒါတွေကို အရင် ဖယ်ရှားပစ်ရမယ်”
အခုဆိုရင် ဆင်နဂါးစွမ်းအားက နဂိုမူလကထက် နှစ်ဆကျော် များလာပြီ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ကိုယ်ထဲမှာရှိတဲ့ မသန့်စင်မှု တွေဟာလည်း မယုံနိုင်လောက်အောင်ကို များပြားလှခဲ့ပါပြီ။ အဲဒါက လီဖူချန်းကို နေရထိုင်ရတာ မသက်မသာ ဖြစ်စေပါတယ်။
အဲသည်အတွက် လီဖူချန်းက မသန့်စင်မှုတွေကို အရင်ဆုံး ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာပါ။
မသန့်စင်မှုတွေကို ဖယ်ရှားပေးတဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့် ဆေးအမျိုးမျိုးကို သောက်သုံးပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ကိုယ်တွင်းက မသန့်စင်မှုတွေဟာ အတော်လေး လျော့ကျ သွားခဲ့ပါပြီ။
နောက်ထပ် သုံးရက်လောက် အကြာမှာတော့ လီဖူချန်းရဲ့ ကိုယ်တွင်းက မသန့်စင်မှုတွေဟာ ၁၀ ရာခိုင်နှုန်း အောက်မှာသာ ကျန်ရှိပါတော့တယ်။
အဲသည် မသန့်စင်မှုတွေကတော့ ဗာဂျရာဆေးရည်၊ ရွှေအဆင်း ခန္ဓာကိုယ် ဆေးရည်နဲ့ သန့်စင်ခြင်း ဆေးရည်တွေရဲ့ ဘေးထွက်ဆိုးကျိုးပဲ ဖြစ်ပါတယ်။
တကယ်လို့ လီဖူချန်းအနေနဲ့ သူ့ရဲ့ ကိုယ်တွင်းမှာရှိတဲ့ မသန့်စင်မှုတွေ အကုန်လုံးကို ဖယ်ရှားပစ်ချင်တယ် ဆိုရင်တော့ သူ့ကိုယ်သူ အားကိုးမှပဲ ရပါလိမ့်မယ်။
“တစ်ပတ် အတွင်းမှာပဲ ငါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ သိန်းနဲ့ညီမျှတဲ့ ဆေးရည်တွေကို သောက်သုံးခဲ့တယ်။ နောက်တစ်ခါ ဆိုရင်တော့ ငါလိုအပ်တဲ့ ဆေးရည်တွေက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သန်းဖိုးလောက် ရှိလိမ့်မယ် ထင်တယ်”
လီဖူချန်းက မချိပြုံး ပြုံးလိုက်မိပါတယ်။
ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ဆိုတာက ကြွယ်ဝချမ်းသာမှုကို ချခင်းပြီး လျှောက်လမ်းရတဲ့ လမ်းစဉ်ပင် မဟုတ်ပါလား။ သည်လမ်းစဉ်က တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ကိုတောင်မှ မွဲပြာကျ သွားစေနိုင်တဲ့ လမ်းစဉ်ပါပဲ။
“အကြီးအကဲမူ ... အမိန့်ကြော်ငြာချက် ထုတ်ပြန်လိုက်။ ကျုပ်က ဒုတိယအကြိမ်မြောက် မဟာမိတ် ညီလာခံကို ကျင်းပဖို့ ဆင့်ခေါ်လိုက်တယ်လို့”
တစ်နေ့မှာတော့ လီဖူချန်းရဲ့ အသံဟာ မူဟန်ရှင်းရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ်။
“ဟုတ်ကဲ့ပါ မဟာမိတ် ဦးစီးခေါင်းဆောင်”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မူဟန်ရှင်းဟာ ဖုန်းရွှယ်ဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အကြီးအကဲ မှန်သမျှကို ဆင့်ခေါ်လိုက်ပြီး လီဖူချန်းရဲ့ ထုတ်ပြန်ချက်ကို ကြော်ငြာဖို့ ဂိုဏ်းအသီးသီးဆီ စေလွှတ်လိုက်ပါတယ်။
နောက်ထပ် တစ်ပတ် အကြာမှာတော့ ဒုတိယအကြိမ်မြောက် မဟာမိတ် ညီလာခံဟာ အဖြူရောင်မြစ် နယ်မြေဒေသရဲ့ တိမ်ဖြူတောင်ပေါ်မှာ ပြန်လည်ကျင်းပ လာခဲ့ပါတယ်။
ညီလာခံ ခန်းမထဲမှာတော့ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးက အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲတွေ ရောက်ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ အားလုံးဟာ အသံလုံးဝ မထွက်ပါဘူး။
ထန် ... ထန် ... ထန် ... ထန် ...
“ပထမအသုတ်က လူတွေ လာယူကြ”
လီဖူချန်းက မြေကမ္ဘာအဆင့်နိမ့် လက်နက်လေးခုကို ဆွဲထုတ်ပြီး ကျောက်စားပွဲပေါ်ကို ပစ်တင်လိုက်ပါတယ်။
“ဒါက ငါ့ရဲ့ လှံတိုပဲ”
မြစ်ဖြူဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲက အင်မတန် လက်သွက်တဲ့ လူတစ်ယောက်ပါပဲ။ သူက အလျင်အမြန် ရှေ့ထွက်လာပြီး ကျောက်စားပွဲပေါ်က နက်ရွှေရောင် လှံတိုတစ်လက်ကို ကောက်ယူလိုက်ပါတယ်။
ဟူး ...
လှံတိုထဲကို ချီအတွင်းအားတွေ ပို့ဆောင်ပြီးတဲ့ နောက်မှာတော့ ရပ်တန့်လို့ မရလောက်အောင် အားကောင်းတဲ့ လှံအရှိန်အဝါ တစ်ခုဟာ ထွက်ပေါ်လာပြီး တိမ်တွေအထိ ထိုးတက် သွားခဲ့ပါပြီ။
“ဟား ... ဟား ... ဟား ... ဟား ... မဟာမိတ် အဖွဲ့ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ။ မဟာမိတ် အဖွဲ့ကြီး အဓွန့်ရှည် တည်တံ့ပါစေ”
ရှင်းဝူယွမ်ရဲ့ အပျော်တွေကတော့ လုံးဝ ထိန်းလို့ မရတော့ပါဘူး။ သူက လီဖူချန်းကို စိတ်လိုလက်ရ မြှောက်ပင့်နေပါတယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သူဟာ မြေကမ္ဆာအဆင့်နိမ့် လှံတံကို သည်လို အချိန်တိုလေး အတွင်းမှာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့တာပါ။ သူ့ရဲ့ နက်ရွှေရောင် လှံတိုနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းဟာ ဘာမှ မဟုတ်တော့ပါဘူး။
အထက်ကောင်းကင်ဘုံ ဓားဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲဖြစ်သူ ဟွကျန်းချီကလည်း အရှေ့ကို ထွက်လာပြီး ဓားရှည်တစ်လက်ကို ကောက်ယူ လိုက်ပါတယ်။
အဲဒါကတော့ မြေကမ္ဘာ အဆင့်နိမ့်အဆင့် အစိမ်းရောင် ရှေးဟောင်း ဓားတစ်လက်ပါပဲ။ ဓားအိမ်ထဲက ထွက်လာတဲ့ ဓားရဲ့ အရှိန်အဝါဟာ ခန်းမတစ်ခုလုံးကို ပြည့်နှက်သွားပြီး လူတွေ အားလုံးကို အရိုးထဲအထိ အေးစိမ့် သွားစေပါတယ်။
“ကောင်းလိုက်တဲ့ ဓား”
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ မဟာမိတ် အဖွဲ့ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ။ မဟာမိတ် အဖွဲ့ကြီး အဓွန့်ရှည် တည်တံ့ပါစေ”
ဟွကျန်းချီက အတော်လေး ကျေနပ်သွားတဲ့အတွက် လီဖူချန်းကို အရိုအသေ ပေးလိုက်ပါတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူ့ရဲ့ အခြေခံ ဓားစွမ်းရည်ဟာ ကုရီဖန်းနဲ့ ဘယ်လောက်မှ မကွာပါဘူး။ ဒါပေမဲ့ ကုရီဖန်းက မြေကမ္ဘာအဆင့်နိမ့် ဓားတစ်လက်ကို ပိုင်ဆိုင်ထားတဲ့အတွက် သူ့ထက် ဓားစွမ်း ပိုထက်သလို ဖြစ်နေတာပါ။ အခုတော့ လီဖူချန်းရဲ့ ကျေးဇူးနဲ့ သူ့ဆီမှာလည်း မြေကမ္ဘာ အဆင့်နိမ့် ဓားတစ်လက် ရသွားခဲ့ပါပြီ။ အဲသည်အတွက် ဟွကျန်းချီဟာ ကုရီဖန်းရဲ့ ဖိနှိပ်မှုကို ခံရစရာ အကြောင်း မရှိတော့ပါဘူး။
နတ်စမ်းရေတောင်ကြားရဲ့ စုယွန်ဟီ နဲ့ မိုးကြိုးဂိုဏ်းရဲ့ ထန်ယွင်တို့ဟာလည်း မြေကမ္ဘာ အဆင့်နိမ့် လက်နက်တစ်ခုစီကို ရကြပါတယ်။
မြေကမ္ဆာအဆင့်နိမ့် လက်နက်တွေကို ရသွားကြသူတွေထဲမှာ အပျော်ဆုံးလူကို ပြပါဆိုရင်တော့ စုယွန်ဟီကို ပြရမှာပါပဲ။ သူဟာ အစောကြီးကတည်းက မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ် တစ်ခုဖြစ်တဲ့ နတ်စမ်းရေ မဟာလွင်တီးခေါင်ပြင်ရှစ်ခု ကို အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံပြီးသွား ခဲ့ပါပြီ။သူဟာ နတ်စမ်းရေ မဟာလွင်တီးခေါင်ပြင် ဆန္ဒကိုလည်း အသုံးပြုနိုင်သူ ဖြစ်ပါတယ်။
သည်မြေကမ္ဘာ အဆင့်နိမ့် ကျာပွတ်နဲ့ဆိုရင်တော့ သူဟာ ရှီဟွာဘုရင်၊ ရှင်းတိကောဝမ်နဲ့ လီဖူချန်းတို့ကလွဲပြီး ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ပါဘူး။
စုယွန်ဟီဟာ နှယ်နှယ်ရရ လူတစ်ဦးတော့ မဟုတ်ပါဘူး။ တကယ်လို့သာ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အပျက်အစီး နယ်မြေ မပေါ်ထွက်လာဘူး ဆိုရင် သူဟာ ရှင်းတိကောဝမ်နဲ့တောင်မှ တစ်ယောက်ချင်း ယှဉ်တိုက်နိုင်ပါတယ်။
စုယွန်ဟီအတွက် ကံဆိုးသွားတာကတော့ ရှင်းတိကောဝမ်ဟာ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကနေပြီး အကျိုးအမြတ်တွေ အများကြီး ရသွားတာပါပဲ။ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အပျက်အစီး နယ်မြေကနေ ပြန်ထွက်လာတဲ့ ရှင်းတိကောဝမ်ဟာ နဂိုမူလတုန်းကထက် အဆပေါင်းများစွာ အစွမ်းထက် လာပါတယ်။ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ စစ်သင်္ဘောကြောင့်သာ မဟုတ်ရင်တော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ အစောကြီး ကတည်းက မိစ္ဆာတာအို အင်အားစုတွေရဲ့ လက်အောက်ကို ရောက်သွားလောက်ပါပြီ။
“မဟာမိတ် ဦးစီးခေါင်းဆောင် ... ကျေးဇူးပြုပြီး ကျုပ်ကို မေးခွန်းတစ်ခု မေးခွင့်ပြုပါ။ ခေါင်းဆောင်က သည်မြေကမ္ဘာအဆင့် လက်နက်တွေကို ဘယ်က ရလာတာပါလဲ”
ရှဟိုဝူက သိချင်စိတ် အပြည့်နဲ့ မေးလိုက်ပါတယ်။
ရှဟိုဝူရဲ့ မေးခွန်းအပြီးမှာတော့ လူတွေအားလုံးဟာ လီဖူချန်းကို စိုက်ကြည့် လာကြပါတယ်။ သူတို့ကလည်း အဲသည်မေးခွန်းရဲ့ အဖြေကို သိချင်နေကြတဲ့ ပုံပါပဲ။
လီဖူချန်းက သည်လောက်များတဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတွေကို ဘယ်ကနေ ဘယ်လို ရလာမှန်း မသိပါဘူး။
လီဖူချန်းက အဖြေကို ချက်ချင်း ပြန်မပေးလိုက်ပါဘူး။ သူက လက်ညှိုးနဲ့ ကျောက်စားပွဲကို တတောက်တောက် ခေါက်လိုက်ပြီး အတန်ကြာမှ ပြန်ဖြေလိုက်ပါတယ်။
“ဒါက ကျုပ်ရဲ့ လျှို့ဝှက်ချက်လေ။ ဘာဖြစ်လို့ ကျုပ်က ခင်ဗျားကို ပြောပြရမှာလဲ”
လီဖူချန်းရဲ့ အဖြေကို ကြားပြီးတဲ့ နောက်မှာတော့ ရှဟိုဝူဟာ စိတ်ဓာတ်အနည်းငယ် ကျသွားခဲ့ပါတယ်။ သူက လီဖူချန်းဟာ အမွေအနှစ် ရတနာပစ္စည်းတွေ အများကြီး ရှိတဲ့ ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုကို ရှာဖွေတွေ့ရှိ ထားတယ်လို့ ထင်နေတာပါ။ တကယ်လို့ သူသာ အဲသည်နယ်မြေထဲကို ဝင်နိုင်လို့ကတော့ လီဖူချန်းရဲ့ အမိန့်ကို နာခံနေစရာ မလိုတော့ပါဘူး။
ဒါပေမဲ့ လီဖူချန်းက မပြောချင်မှတော့ သူ့အနေနဲ့ ဘာမှ မတတ်နိုင်တော့ပါဘူး။ သူ့အနေနဲ့ လီဖူချန်းကို ဖိအားသွားပေးမယ် ဆိုရင်လည်း သူပဲ ခံသွားရပါလိမ့်မယ်။ ပြီးတော့ ရူးနေတဲ့ လူတွေမှပဲ လီဖူချန်းကို ဖိအား သွားပေးရဲမှာပါ။ ဦးနှောက်ရှိတဲ့ လူတွေကတော့ လီဖူချန်းကို လေသံမာမာတောင် ပြောရဲမှာ မဟုတ်ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းက စကားလမ်းကြောင်းကို လွှဲလိုက်ပါတယ်။
“မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေကို မရသေးတဲ့ သူတွေကလည်း စိတ်မပျက်နေကြနဲ့။ ကျုပ်ဆီမှာ မြေကမ္ဘာ အဆင့်နိမ့် ဆေးတွေ ရှိသေးတယ်။ ခင်ဗျားတို့အားလုံး တစ်ယောက်ကို တစ်မျိုးစီ ရစေရမယ်”
စကားဆုံးတဲ့ အခါမှာတော့ လီဖူချန်းဟာ ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်ပါတယ်။
လူတွေအားလုံးရဲ့ မျက်လုံးတွေကတော့ အရောင်တောက် လာခဲ့ပါပြီ။
မဟာပညာရှင်တွေ ရုတ်တရက် ပျောက်ကွယ်သွားတဲ့ ခေတ်ကြီး ပြီးဆုံးသွားကတည်းက အရှေ့ယူနီကွန်းတိုက်ရဲ့ အခြေအနေဟာ အတော်လေး ယိုယွင်း ပျက်စီး သွားခဲ့တာပါ။ အဲသည် ခေတ်နောက်ပိုင်းက လူတွေဟာ မြေကမ္ဘာအဆင့် လက်နက်တွေကို မသွန်းလုပ်နိုင်တော့သလို မြေကမ္ဘာအဆင့် ဆေးတွေကိုလည်း မဖော်စပ်နိုင်တော့ပါဘူး။ အဲသည် အတွက်ကြောင့်လည်း အရှေ့ယူနီကွန်းတိုက်မှာ မြေကမ္ဘာအဆင့် လက်နက်တွေနဲ့ မြေကမ္ဘာအဆင့် ဆေးတွေ ရှားပါးနေရခြင်းပဲ ဖြစ်ပါတယ်။
လုံလောက်တဲ့ ဆေးဝါး အထောက်အပံ့သာ ရှိခဲ့မယ် ဆိုရင်တော့ သူတို့ဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်းနိုင်မှာ အသေအချာပါပဲ။
“မဟာမိတ် အဖွဲ့ခေါင်းဆောင် သက်တော်ရာကျော် ရှည်ပါစေ။ မဟာမိတ် အဖွဲ့ကြီး အဓွန့်ရှည် တည်တံ့ပါစေ”
ဂိုဏ်းအသီးသီးက အကြီးအကဲတွေဟာ လီဖူချန်းကို တညီတညွတ်တည်း အရိုအသေ ပေးလိုက်ကြပါတယ်။ အခုချိန်မှာတော့ လီဖူချန်းဟာ သူတို့ရဲ့ နတ်ဘုရား တစ်ပါးလိုပါပဲ။
ဒုတိယအကြိမ်မြောက် မဟာမိတ် ညီလာခံ ပြီးလို့ ဆယ်ရက် အကြာမှာတော့ လီဖူချန်းဟာ မီးလျှံ အရိုးတည်ဆောက်ပုံ အင်းကွက်ရဲ့ ၄၉ ရာခိုင်နှုန်းလောက်ကို နားလည် သဘောပေါက်သွားခဲ့ပါပြီ။
လီဖူချန်းက မီးလျှံအရိုး တည်ဆောက်ပုံ အင်းကွက်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ နားလည် သဘောပေါက်နိုင်ရင် သူ့အနေနဲ့ သေချာပေါက် မီးလျှံ နတ်ဘုရား စွမ်းရည်ကို နိုးထနိုင်မယ်လို့ ပြင်းပြင်ထန်ထန် အာရုံ ရနေပါတယ်။ အဲဒါကြောင့် သူက သည်ရက်တွေမှာ မီးလျှံ အရိုးတည်ဆောက်ပုံ အင်းကွက်ကိုပဲ ဇောက်ချပြီး လေ့လာနေတာပါ။
“နောက်ဆုံး ခြေလှမ်းကတော့ သေချာပေါက် အခက်ခဲဆုံး ဖြစ်မှာပဲ”
လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သူ့ရဲ့ အသိစိတ်ကို မီးလျှံကမ္ဘာကြီး တစ်ခုထဲ ပို့ဆောင် လိုက်ပါတယ်။
လီဖူချန်းရဲ့ လုပ်ဆောင်မှုက အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ အဲသည် အချိန်မှာပဲ ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
သူ့ရဲ့ အသိစိတ်နယ်ပယ်ထဲမှာ ရှိနေတဲ့ အပြာရောင် စိတ်ဝိညာဉ်ကတော့ နောက်ဆုံးမှာ ဆင့်ကဲ ပြောင်းလဲလာခဲ့ပါပြီ။ အပြာရောင် စိတ်ဝိညာဉ်ရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ခရမ်းနုရောင် စိတ်ဝိညာဉ် အပိုင်းအစလေးတစ်ခု ပေါ်လာခဲ့ပါတယ်။
အဲသည်ခရန်းနုရောင် စိတ်ဝိညာဉ် အပိုင်းအစလေးဟာ လုံးဝ သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့ပါတယ်။ အပြာရောင် စိတ်ဝိညာဉ်ကို လည့်ပတ်နေတဲ့ လျှပ်စစ်စီးကြောင်း တွေကလည်း အဲသည် အချင်းအရာကို သတိထားမိပုံပါပဲ။ အပြာရောင် စိတ်ဝိညာဉ်ကို လည့်ပတ်နေတဲ့ လျှပ်စစ်စီးကြောင်းတွေဟာ ပြောင်းပြန် စီးဆင်း ကုန်ကြပါပြီ။
“ဟင်”
လီဖူချန်းကတော့ မီးလျှံ အရိုးတည်ဆောက်ပုံ အင်းကွက်ကို အာရုံစူးစိုက်နေတဲ့အတွက် သူ့ရဲ့ အသိစိတ် နယ်ပယ်ထဲက စိတ်ဝိညာဉ် ဆင့်ကဲ ပြောင်းလဲနေတာကို သတိ မပြုမိလိုက်ပါဘူး။
ဒါပေမဲ့သူက သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ ရုတ်တရက်ကြီး ပိုကောင်းလာပြီး မီးလျှံအရိုးခန္ဓာကိုယ် အင်းကွက်အကြောင်းကို ပိုနားလည်လာသလို ခံစားလိုက်ရပါတယ်။
၄၉.၆ ရာခိုင်နှုန်း ... ၄၉.၈ ရာခိုင်နှုန်း ... ၄၉.၉ရာခိုင်နှုန်း ...
နောက်ဆုံးမှာတော့ မီးလျှံအရိုး တည်ဆောက်ပုံဟာ တဖျစ်ဖျစ် မြည်လာပြီး မီးလျှံတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ကြည့်ရတာတော့ လီဖူချန်းရဲ့ မီးလျှံအရိုး တည်ဆောက်ပုံအပေါ် နားလည်မှုက ၅၀ ရာခိုင်နှုန်းအထိ ရောက်သွားတဲ့ ပုံပါပဲ။
ဝုန်း ...
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ မီးလျှံ အရိုးတည်ဆောက်ပုံကနေ ထုတ်လွှတ်ပေးနေတဲ့ မီးလျှံစွမ်းအားတွေဟာ တစ်ရှိန်ထိုး တိုးမြှင့်လာတာကို ခံစားလိုက်ရပါတယ်။
တစ်ချိန်တည်းမှာပဲ မီးလျှံပုံဆောင်ခဲလေး တစ်ခုဟာ မီးတောက်မီးလျှံတွေ ကြားကနေ ဖြစ်တည်လာခဲ့ ပြန်ပါတယ်။ အဲသည် မီးလျှံပုံဆောင်ခဲက အပြစ်အနာအဆာ ကင်းမဲ့လွန်းတဲ့အတွက် အစစ်အမှန် မဟုတ်ဘူးလို့တောင် ထင်မှတ်စရာပါပဲ။
ရှဲ ... ရှဲ ... ရှဲ ...
လီဖူချန်းတစ်ယောက် စူးစမ်း လေ့လာနေစဉ်မှာပဲ မီးလျှံပုံဆောင်ခဲရဲ့ အပေါ်ယံ မျက်နှာပြင်ပေါ်မှာ မီးလျှံအင်းကွက်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်ပါတယ်။
အဲသည် မီးလျှံအင်းကွက်က မီးလျှံအရိုး တည်ဆောက်ပုံပေါ်မှာ ရှိတဲ့ အင်းကွက်လောက် ရှုပ်ထွေးနက်နဲခြင်း မရှိပေမဲ့လည်း အဓိက ပင်မအရင်းအမြစ် တစ်ခုတည်းကနေ အခြေခံလာမှန်း အသိသာကြီးပါပဲ။ ပြီးတော့ ဒါက သိုင်းအင်းကွက် တစ်ခုနဲ့လည်း ဆင်တူနေပါသေးတယ်။
“ဒါက မီးလျှံ နတ်ဘုရားစွမ်းရည်လား”
လီဖူချန်းက ဝေခွဲ မရတော့ပါဘူး။
မီးလျှံပုံဆောင်ခဲက ပိုမို သိပ်သည်း လာတာနဲ့အမျှ ထွက်ပေါ်နေတဲ့ မီးလျှံတွေကလည်း ပိုအားကောင်း လာခဲ့ပါပြီ။ လီဖူချန်းက သည်မီးလျှံပုံဆောင်ခဲက ပေါက်ကွဲ သွားတော့မှာလား လို့တောင် သံသယ ဝင်လာမိပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ မီးလျှံ အရိုးတည်ဆောက်ပုံ နယ်မြေကနေ သူ့ရဲ့ အသိစိတ်အာရုံကို ပြန်လည် ရုပ်သိမ်း လိုက်ပါတော့တယ်။
***
ဟူး ...
လီဖူချန်း ဖုန်းရွှယ်တောင်တန်းရဲ့ အထက်မှာရှိတဲ့ တိမ်ပင်လယ်တွေဆီကို နောက်ထပ် တစ်ကြိမ် ရောက်လာခဲ့ပြန်ပါပြီ။
“ကဲ ... မီးလျှံ နတ်ဘုရားစွမ်းရည် ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာကို စမ်းကြည့်ဦးမှ”
လီဖူချန်းက သူ့ရဲ့ အသိစိတ်ကို မီးလျှံပုံဆောင်ခဲထဲ ဝင်ရောက်စေလိုက်ပြီး နတ်ဘုရား စွမ်းရည်ကို အသက်သွင်း လိုက်ပါတယ်။
ရှဲ ... ရှဲ ... ရှဲ ...
အားကောင်းလွန်းလှတဲ့ မီးတောက်မီးလျှံတွေဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ် သွားခဲ့ပါပြီ။ သူ့ရဲ့ ဆံပင်တွေ၊ မျက်ခုံးတွေ နောက်ဆုံး မျက်လုံးတွေတောင်မှ မီးလျှံတွေ ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ အဝတ်အစားတွေမှာ ဆိုရင်လည်း မီးတဟုန်းဟုန်း တောက်နေတာပါပဲ။ သည်မီးလျှံတွေက သဘာဝ နိယာမတရားကို ကျော်လွန်ပြီး တောက်လောင်နေတာပါ။
“မီးလျှံနတ်ဘုရားစွမ်းရည် ... မီးလျှံနှလုံးသား”
မီးလျှံပုံဆောင်ခဲကို အသက်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်း မီးလျှံနတ်ဘုရား စွမ်းရည်ရဲ့ နာမည်ကို သိလိုက်ရပါတယ်။
“သွားစမ်း”
လီဖူချန်းက သူ့ရဲ့ ညာလက်ကို ဆန့်ထုတ်ပြီး မီးလျှံတွေ ပစ်လွှတ်လိုက်ပါပြီ။
ဟူး ... ဟူး ... ဟူး ...
ထို့နောက်မှာတော့ တိမ်ပင်လယ်ကြီး တစ်ခုလုံးဟာ မီးပင်လယ် တိမ်တိုက်ကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားပါတော့တယ်။
***