ရှင်းတိကောဝမ်ရဲ့ စိန်ခေါ်မှု
Vol. 33 Ch. 438
“ဒါနဲ့ နေပါဦး။ အစောပိုင်းက ငါ့ရဲ့ ထိုးထွင်းသိမြင် ရုတ်တရက်ကြီး အားပိုကောင်း လာတာကို ငါခံစားလိုက်ရ သလိုပဲ။ အဲဒါကြောင့် ငါက မီးလျှံနှလုံးသားကို နိုးထနိုင်ခဲ့တာ။ ငါ့ရဲ့ အသိစိတ် နယ်ပယ်ထဲမှာ ဘာတွေ ဖြစ်ကုန်တာလဲ”
လီဖူချန်းရဲ့ အသိစိတ်အာရုံက အသိစိတ် နယ်ပယ်ထဲကို ဝင်ရောက်ပြီး ဆန်းစစ်လိုက်ပါတယ်။
သူ့ရဲ့ စိတ်ဝိညာဉ်ကို မြင်ပြီးတဲ့ အချိန်မှာတော့ လီဖူချန်းဟာ အခြေအနေကို ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားခဲ့ပါပြီ။
အစပိုင်းမှာတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ မီးခိုးရောင်ပါ။ အဲသည်နောက်မှာတော့ အစိမ်းနုရောင်၊ အစိမ်းရောင်၊ အပြာနုရောင်၊ အပြာရောင် အဖြစ် ဆင့်ကဲ ပြောင်းလဲကုန်ပါတယ်။ အခုတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းနုရောင် ဘက်ကို ပြောင်းစ ပြုလာခဲ့ပါပြီ။ အဲသည် အဓိပ္ပာယ် ကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ နောက်ထပ် အဆင့်တစ်ခုကို ပြောင်းလဲတော့မယ် ဆိုတာပါပဲ။
“ငါ့ရဲ့ စိတ်ဝိညာဉ်က နောက်ထပ်အဆင့်တစ်ခု တက်ဖို့ အစပျိုးနေပြီလား”
လီဖူချန်းက မီးလျှံနတ်ဘုရား စွမ်းရည်ကို နိုးထနိုင်ခဲ့တာ ထက်တောင်မှ ပျော်သွားခဲ့ပါတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ မီးလျှံနတ်ဘုရား စွမ်းရည်ဟာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအား မဟုတ်ပါဘူး။ ဒါက အငှားစွမ်းအား သက်သက်ပါပဲ။ ဒါပေမဲ့ စိတ်ဝိညာဉ် ဆိုတာကတော့ သူ့ရဲ့ နဂိုမူလ အခြေခံ တည်ရှိဖြစ်ပါတယ်။
သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်း တိုးလာပြီ ဆိုမှတော့ အခြား စွမ်းရည်တွေဟာလည်း တိုးမြှင့်လာမှာ အသေအချာပါပဲ။
အပြာရောင် စိတ်ဝိညာဉ် ဖြစ်နေကတည်းက လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို သာလွန်နေပြီးတာပါ။ တကယ်လို့သာ စိတ်ဝိညာဉ်က ခရမ်းနုရောင် အဖြစ် ပြောင်းလဲ သွားလို့ကတော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ ဘယ်အဆင့်အထိ ရောက်သွားမယ် မသိပါဘူး။
“ငါ့ရဲ့စိတ်ဝိညာဉ် အချိန်ကိုက် ဆင့်ကဲ ပြောင်းလဲလာတာက ကံကောင်းတာပဲ။ မဟုတ်လို့ကတော့ ငါက မီးလျှံနတ်ဘုရား စွမ်းရည်ရဲ့ အစကနဦး အဆင့်ကို ဘယ်လိုမှ ရောက်မှာ မဟုတ်ဘူး”
နတ်ဘုရားစွမ်းရည် ...
သည်စွမ်းရည်က အစကနဦးအဆင့် နတ်ဘုရားစွမ်းရည်နဲ့ အစစ်အမှန် နတ်ဘုရားစွမ်းရည် ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ အစကနဦးအဆင့် နတ်ဘုရားစွမ်းရည်နဲ့ အစစ်အမှန် နတ်ဘုရား စွမ်းရည်ကြားမှာ ရှိတဲ့ ကွာဟချက်ကလည်း အကွာကြီးပါပဲ။
တကယ်လို့သာ ရှဟိုဝူအနေနဲ့ သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကို အစစ်အမှန် နတ်ဘုရားစွမ်းရည် အဖြစ် တိုးတက်လာအောင် စွမ်းဆောင်နိုင်မယ် ဆိုရင် ရှီဟွာ ဘုရင်မကိုတောင် ယှဉ်နိုင်လောက်ပါတယ်။
ရှီဟွာဘုရင်မ ...
သူကတော့ သူ့ရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ကျောက်ဖြစ်စေခြင်း စွမ်းရည်ကို နိုးထ ထားစေနိုင်တဲ့သူ ဖြစ်ပါတယ်။ အဲသည်အစွမ်းကြောင့် သူဟာ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ အစွမ်းအထက်ဆုံး ဦးစီးခေါင်းဆောင် တစ်ယောက် ဖြစ်နေတာဆိုရင်လည်း မမှားပါဘူး။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ဟာလည်း အရမ်း အစွမ်းထက်တဲ့ မွေးရာပါစွမ်းရည် တစ်ခုပါပဲ။ ဒါပေမဲ့ လီဖူချန်း ခံစားမိတာကတော့ အဲသည် ခန္ဓာကိုယ်ဟာ အစကနဦး အဆင့်မှာသာ ရှိပါသေးတယ်။ ပါရှန်း မိစ္ဆာဘုရင်ရဲ့ မျိုးဆက်သွေးကိုလည်း အထင်သေးလို့ မရပါဘူး။ အဲသည် သွေးမျိုးဆက်ဟာ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ အခြေခံအုတ်မြစ်ကို တောင့်တင်းခိုင်မာ စေပါတယ်။ မွေးရာပါ စွမ်းရည်တွေဖြစ်တဲ့ မိုးသက်မုန်တိုင်း ဆံချည်မျှင်အပ်နဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင်ခန္ဓာကိုယ် တို့ကိုသာ အစစ်အမှန် မွေးရာပါ စွမ်းရည်အဖြစ် ပြောင်းလဲနိုင်ခဲ့မယ် ဆိုရင် ရှန်းဟွတောင် ဆင်ဘုရင်ဟာ ရှီဟွာဘုရင်မထက် ပိုကြောက်စရာ ကောင်းသွားမှာဖြစ်ပြီး ရှင်းတိကောဝမ်နဲ့တောင် ယှဉ်လာနိုင်တော့မှာ အသေအချာပါပဲ။
***
ခရမ်းနုရောင်ဘက်ကို စတင်ကူးပြောင်း လာပြီဖြစ်တဲ့ စိတ်ဝိညာဉ်ဟာ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကို အများကြီး အစွမ်းထက် လာစေပါတယ်။ အဲသည်အတွက် သူဟာ မီးလျှံ အင်းကွက်ကို ပိုမိုလျင်မြန်စွာ လေ့လာနိုင်စွမ်း ရှိလာခဲ့ပါပြီ။
၅၁ ရာခိုင်နှုန်း ... ၅၂ ရာခိုင်နှုန်း ... ၅၅ရာခိုင်နှုန်း ...
မီးလျှံ အင်းကွက်ကို နားလည်မှု ၅၀ရာခိုင်နှုန်း ကျော်သွားပြီးတဲ့နောက်မှာ ထပ်တိုး နားလည်လာတဲ့ ၁ ရာခိုင်နှုန်းတိုင်းဟာ မီးလျှံစွမ်းအား ထုတ်လုပ်မှုကို ဆယ်ဆတိတိ ပိုများလာစေပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ နေဝန်းစိမ်း ဓားဆန္ဒနဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်းတို့ကို တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ အဆင့်အထိတော့ ရောက်အောင် မလုပ်ပေးနိုင်သေးပါဘူး။ အဲသည်အဆင့်ကို ရောက်ဖို့အတွက် ဆိုရင်တော့ လီဖူချန်းဟာ လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရပါဦးမယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ သည်ဓားသိုင်း နှစ်ခုစလုံးက မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းတွေပင် မဟုတ်ပါလား။ အဲသည်အတွက် တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေတောင်မှ သည်ဓားသိုင်း နှစ်မျိုးစလုံးရဲ့ ဓားဆန္ဒကို အချိန်တိုအတွင်းမှာ ရမှာ မဟုတ်ပါဘူး။
မကောင်းဆိုးဝါးနယ်မြေ၊ မကောင်းဆိုးဝါး လက်သီးဂိုဏ်း -
ဝုန်း ...
အမှောင်ထုနဲ့ မိစ္ဆာအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ နယ်မြေဒေသရဲ့ ကောင်းကင်ယံမှာတော့ မိုးကြိုးတွေ၊ လေပြင်းမုန်တိုင်းတွေ ဖြစ်ပေါ်နေပါတယ်။
တစ်စုံတစ်ရာရဲ့ လွှမ်းမိုးမှုကြောင့်လား ဘာလားတော့ မသိပါဘူး။ သည်မိုးကြိုးတွေဟာ သာမန် မိုးကြိုးတွေနဲ့ မတူဘဲ ပိန်းတိတ်အောင် မှောင်မည်းနေပါတယ်။
ဟူး ... ဟူး ... ဟူး ...
ရုတ်တရက်ဆိုသလို လေပြင်းတွေဟာ ပိုမို တိုက်ခတ်လာခဲ့ပြီး ကောင်းကင်ဟာလည်း ပိုမို မည်းမှောင်လာခဲ့ပါပြီ။ အနက်ရောင် တိမ်တိုက်တွေ ပိုမို စုစည်းပြီးသွားတဲ့ နောက်မှာတော့ အနက်ရောင် အရိပ်တစ်ရိပ် တိမ်တိုက်ထဲကနေ တိုးထွက်လာခဲ့ပါတယ်။
အဲသည်အနက်ရောင် အရိပ်ကနေ ထွက်ပေါ်လာတဲ့ အငွေ့အသက်တွေဟာ တကယ့်ကို မနှစ်မြို့ချင်စရာပါပဲ။
“တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတဲ့ ဂိုဏ်းချူပ်ကြီးကို ကြိုဆိုပါတယ်”
မကောင်းဆိုးဝါး လက်သီးဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေ အားလုံးဟာ အနက်ရောင် အရိပ်ကို တညီတညွတ်တည်း အော်ဟစ်ကာ အရိုအသေ ပေးလိုက်ကြပါတယ်။ သူတို့ရဲ့ အသံကိုတော့ မိုးခြိမ်းသံတွေ၊ လေနီကြမ်းသံတွေတောင်မှ မကျော်လွန်နိုင်ခဲ့ပါဘူး။
“ငါ့ရဲ့ အမိန့်ကို တိုက်တစ်ခုလုံး သိအောင် ကြေညာလိုက်။ ရှင်းတိကောဝမ်က လီဖူချန်းကို တစ်ယောက်ချင်း တိုက်ဖို့ စိန်ခေါ်လိုက်တယ်လို့။ အချိန်ကတော့ နောက်ထပ် တစ်လ တင်းတင်းပြည့်တဲ့နေ့၊ နေရာကတော့ တိုက်ပွဲတစ်ရာ စစ်မြေပြင်မှာပဲ”
ရှင်းတိကောဝမ်ရဲ့ အမိန့်သံက မိုးခြိမ်းသံ တစ်ခုအလား ထွက်ပေါ်လာခဲ့ပါတယ်။
“အမိန့်အတိုင်းပါ ဂိုဏ်းချုပ်”
မကောင်းဆိုးဝါး လက်သီးဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်က ခေါင်းညိတ်ပြ လိုက်ပါတယ်။
***
သိပ်မကြာခင်မှာပဲ ရှင်းတိကောဝမ်ရဲ့ စိန်ခေါ်မှုဟာ အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးကို ပျံ့နှံ့သွားရုံ သာမက လီဖူချန်းရဲ့ နားထဲကိုပါ ရောက်ရှိသွားခဲ့ပါပြီ။
ရှင်းတိကောဝမ်က အရှေ့ယူနီကွန်း တိုက်ရဲ့ ခြွင်းချက်မရှိ နံပါတ်တစ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ နတ်ဆိုးဆယ်ပါး နယ်မြေကော ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ကြီးကပါ သည်ပုဂ္ဂိုလ်ကို ကြောက်ရွံ့ ထိတ်လန့်နေရတာပါ။
တစ်ဖက်မှာလည်း လီဖူချန်းဟာ အရှေ့ယူနီကွန်း တိုက်ရဲ့ သမိုင်းတစ်ယောက် ပါရမီအကောင်းဆုံး လူငယ်တစ်ယောက် ဖြစ်ပါတယ်။ သူက အသက်၃၀ မပြည့်ခင်မှာပဲ အရှေ့ယူနီကွန်းတိုက်ရဲ့ ထိပ်သီးပုဂ္ဂိုလ် တော်တော်များများကို ကျော်ဖြတ်ခဲ့ ပြီးပါပြီ။
သည်နှစ်ယောက်ကြားက တိုက်ပွဲဟာ သည်ရာစုနှစ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး တိုက်ပွဲတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ သည်တိုက်ပွဲမှာ အနိုင်ရသူက ဘယ်သူပဲ ဖြစ်ဖြစ်ပါလေ။ အဲသည်လူက တိုက်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင် သွားတော့မှာ အသေအချာပါပဲ။
သည်သတင်းက အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။
- ဖုန်းရွှယ် တောင်ထိပ် -
ဟင်း ...
ရှင်းတိကောဝမ်ရဲ့ စိန်ခေါ်မှုကို ကြားပြီးကတည်းက မူဟန်ရှင်းကတော့ သက်ပြင်း တချချနဲ့ပါပဲ။ သူ့ရဲ့ မျက်နှာကလည်း လုံးဝ မကောင်းလှပါဘူး။ သူက ရှင်းတိကောဝမ်နဲ့ ရင်ဆိုင်ရတာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။
ရှင်းတိကောဝမ်ဟာ မြေကမ္ဘာအဆင့်နိမ့် မိစ္ဆာ အတွင်းအားကျင့်စဉ် တစ်ခုနဲ့ မိစ္ဆာ သိုင်းပညာရပ် တစ်ခုကို ကျင့်ကြံ တတ်မြောက်ထားသူပါ။ ပြီးတော့ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကနေပြီး မြေကမ္ဘာအဆင့် လက်အိတ်တစ်စုံနဲ့ ဝတ်ရုံခြုံလွှာ တစ်ခုကိုလည်း ရခဲ့ပါသေးတယ်။ အဲသည်အတွက် သူ့ရဲ့ အစစ်အမှန် စွမ်းရည်ဟာ ဘယ်လောက်ရှိနေပြီလဲ ဆိုတာကို ဘယ်သူမှ သေသေချာချာ မသိနိုင်ပါဘူး။
ဆန်းကြယ် ကိရိယာဂိုဏ်းကို ဝင်စီးတဲ့အချိန်မှာသာ စစ်သင်္ဘောကြောင့် ဒဏ်ရာ မရခဲ့ရင် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ အစောကြီးကတည်းက ရှင်းတိကောဝမ်ရဲ့ လက်အောက်ကို ရောက်နေလောက်ပါပြီ။
“မဟာမိတ် ဦးစီးခေါင်းဆောင် ... သည်တိုက်ပွဲက အလျော်အစား အရမ်း ကြီးတယ်နော်။ ကျေးဇူးပြုပြီး သေသေချာချာ ဆင်ခြင် သုံးသပ်ပါဦး”
မူဟန်ရှင်းက လီဖူချန်းကို သတိပေးလိုက်ပါတယ်။
လီဖူချန်းက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး
“သိပ်လည်းစိုးရိမ် မနေပါနဲ့ အကြီးအကဲမူ။ ကျုပ်နဲ့ ရှင်းတိကောဝမ်ရဲ့ တိုက်ပွဲက မဆိုဆိုလည်း ဖြစ်လာမှာပဲ။ အခုအချိန် တိုက်ခိုက်တာက ပိုတောင် ကောင်းသေးတယ်။ ကျုပ်က ရှင်းတိကောဝမ်ရဲ့ အစွမ်းကို သိချင်နေတာ ကြာပြီ”
ရှင်းတိကောဝမ်ကို အနိုင်ယူနိုင်မလား ဆိုတာကိုတော့ လီဖူချန်းကိုယ်တိုင်လည်း ရေရေရာရာ မသိသေးပါဘူး။ ဒါပေမဲ့ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ ရှင်းတိကောဝမ် တစ်ယောက် လက်အိတ်တွေနဲ့ ဝတ်ရုံခြုံလွှာ တစ်ထည် ရသွားတာကိုတော့ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီး ဖြစ်ပါတယ်။
လီဖူချန်း ကိုယ်တိုင်လည်း အဲသည် အကြွင်းအကျန် နယ်မြေကနေပြီး မြေကမ္ဘာ အလယ်အလတ်အဆင့် ဖြစ်တဲ့ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာကို ရရှိခဲ့တာပါ။ လီဖူချန်းရဲ့ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာက မြေကမ္ဘာ အလယ်အလတ် အဆင့် ရတနာပစ္စည်း ဖြစ်နေမှတော့ ရှင်းတိကောဝမ် ရသွားတဲ့ လက်အိတ်တွေနဲ့ ဝတ်ရုံခြုံလွှာကလည်း မြေကမ္ဘာ အလယ်အလတ်အဆင့် ရတနာပစ္စည်းတွေ ဖြစ်မှာပါပဲ။
ဒါပေမဲ့လည်း လီဖူချန်း ယုံကြည်ထားတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ သူ့အနေနဲ့ ရှင်းတိကောဝမ်ကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင်မှ အလွယ်တကူတော့ ရှုံးနိမ့်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။
“အကြီးအကဲမူ ... သည်မှာ လက်နက်ပစ္စည်း ၆ခု။ အဲဒါတွေကို ယူသွားပြီး ခင်ဗျားတို့ ဖုန်းရွှယ်ဂိုဏ်းချုပ်နဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေကို ဝေငှပေးလိုက်”
လီဖူချန်းက မြေကမ္ဘာ အဆင့်နိမ့် လက်နက်ပစ္စည်း ၆ခုကို သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်ပြီး မူဟန်ရှင်းကို ပေးလိုက်ပါတယ်။
ဖုန်းရွှယ်ဂိုဏ်း ...
ဆီးနှင်းရေခဲ ဂိုဏ်းလို့လည်း အမည်ရတဲ့ ဖုန်းရွှယ်ဂိုဏ်းဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ အထက်မှာ ရှိနေတဲ့ ပညာရှင် ခုနစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ အဲသည် သူတွေကတော့ အထွတ်ခေါင်ချုပ် အကြီးအကဲ ခြောက်ယောက်နဲ့ ဂိုဏ်းချုပ်ဆရာမ ဖြစ်သူ ရှီဟွဝေတို့ပါပဲ။ သူတို့အားလုံးဟာ မဟူရာရေခဲ လက်ဝါးသိုင်းကို လေ့ကျင့်ထားပြီးသား သူတွေ ဖြစ်တဲ့အတွက် ထင်ထားသလောက်တော့ အားမနည်းကြပါဘူး။ လီဖူချန်း ထုတ်ပေးလိုက်တဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက် ပစ္စည်းတွေနဲ့ ဆိုရင်တော့ သူတို့ဟာ တကယ့် သေရေးရှင်ရေး အခိုက်အတန့်တွေမှာ အသုံးဝင်သူတွေ ဖြစ်လာနိုင်ပါတယ်။
“ခေါင်း ... ခေါင်းဆောင် ...။ သည်လောက်များတဲ့ လက်နက် ပစ္စည်းတွေကို ဘယ်က ရလာတာလဲ”
မူဟန်ရှင်းက မျက်လုံး အပြူးသားနဲ့ လီဖူချန်းကို စိုက်ကြည့်နေမိပါတယ်။
လီဖူချန်းက သူ့မှာ ရှိသမျှ မြေကမ္ဘာ အဆင့်နိမ့် လက်နက်တွေကို ဒုတိယ အကြိမ် မဟာမိတ် ညီလာခံမှာ ထုတ်ပေးပြီးပြီလို့ မူဟန်ရှင်းက ထင်နေခဲ့တာပါ။ လီဖူချန်းဆီမှာ သည်လောက်များတဲ့ လက်နက် ပစ္စည်းတွေ ရှိနေဦးမယ်လို့ သူ့အနေနဲ့ လုံးဝ တွေးထင် မထားခဲ့ပါဘူး။
“ကျေးဇူးပါပဲ ... ခေါင်းဆောင်”
လီဖူချန်း ထုတ်ပေးပြီးတဲ့ လက်နက် ပစ္စည်းတွေကို မြင်အပြီးမှာတော့ မူဟန်ရှင်းဟာ အကြောင်းအရာ တစ်ခုကို ကောင်းကောင်းကြီး သဘောပေါက် သွားခဲ့ပါပြီ။ လီဖူချန်းရဲ့ စိတ်ထဲမှာတော့ ဖုန်းရွှယ်ဂိုဏ်းဟာ မဟာမိတ်အဖွဲ့နဲ့ မတူပါဘူး။ လီဖူချန်းက ဖုန်းရွှယ်ဂိုဏ်းကိုသာ ယုံကြည်ရလောက်တဲ့ မဟာမိတ်အဖြစ် သတ်မှတ်ထားပုံ ရပါတယ်။ ဒါကြောင့်လည်း သူက ဖုန်းရွှယ်ဂိုဏ်းရဲ့ ပြန်လည်ဝင်စား နယ်ပယ် ပညာရှင်တွေကို မြေကမ္ဘာ အဆင့်နိမ့် လက်နက်ပစ္စည်းတွေ ပေးချင်တာ ဖြစ်ရပါမယ်။
( Notr -အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲတွေ ကလည်း အထွတ်ခေါင်ချုပ် အကြီးအကဲ စာရင်းဝင်တွေသာ ဖြစ်ပါတယ်။ )
"မဟာမိတ် ဦးစီးခေါင်းဆောင် ... ခေါင်းဆောင်က စစ်ပွဲအသေးစား တစ်ခု ဖြစ်လာလိမ့်မယ်လို့ ခံစားနေရတာလား”
မူဟန်ရှင်းက မဝံ့မရဲနဲ့ မေးလိုက်ပါတယ်။
လီဖူချန်းက မငြင်းပါဘူး။ သူက အသာအယာ ပြုံးလိုက်ပြီး
“အကြီးအကဲမူ ... တိုက်တစ်ခုလုံးကို အုပ်စိုးမယ့်သူတွေက အသေးအမွှား လေးတွေကအစ သတိထားရမယ်လေ။ ကျွန်တော် ပြောတာ မဟုတ်ဘူးလား”
သူနဲ့ ရှင်းတိကောဝမ်ရဲ့ တိုက်ပွဲကို အရှေ့ယူနီကွန်း တစ်တိုက်လုံးက ထိပ်သီးပုဂ္ဂိုလ်တွေ လာရောက် ကြည့်ရှုကြမှာ အသေအချာပါပဲ။ အဲသည်အတွက် လီဖူချန်းအနေနဲ့ အဆိုးဝါးဆုံး အခြေအနေ တစ်ခုအတွက်ကိုပါ ကြိုတင်ပြင်ဆင် ထားရပါလိမ့်မယ်။ အဲသည်တိုက်ပွဲ အတွင်းမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ ကြိုတင် မမှန်းဆနိုင်ပါဘူး။
“ခေါင်းဆောင် ... မစိုးရိမ်ပါနဲ့။ ဖုန်းရွှယ်ဂိုဏ်းက ခေါင်းဆောင်ဘက်က နေပြီး အသက်စွန့် ရပ်တည်ပါမယ်”
မူဟန်ရှင်းက မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေ အားကိုးနဲ့ ရဲရဲကြီး အာမခံ လိုက်ပါတယ်။ ရှင်းတိကောဝမ်၊ ရှီဟွာဘုရင်မ၊ သွေးနတ်ဆိုး ဘုရင် အစရှိတဲ့ သူတွေကလွဲပြီး အခြား ဘယ်သူ့ကိုမှ သူတို့ အနေနဲ့ ကြောက်ရွံ့ နေစရာ အကြောင်းမရှိပါဘူး။
***
မျက်စိတစ်မှိတ် အတွင်းမှာပဲ တစ်လဆိုနဲ့ အချိန်ဟာ ကုန်လွန်သွားခဲ့ပါပြီ။
သည်နေ့မှာတော့ အနယ်နယ်၊ အရပ်ရပ်က ပညာရှင်တွေဟာ တိုက်ပွဲတစ်ရာ နယ်မြေရဲ့ တိုက်ပွဲတစ်ရာ စစ်မြေပြင်ကို ဦးတည်ပျံသန်း နေကြပါတယ်။
တိုက်ပွဲတစ်ရာ နယ်မြေ ...။
သည်နယ်မြေက အရှေ့ယူနီကွန်း တိုက်ရဲ့ ဖရိုဖရဲ အဖြစ်ဆုံး နယ်မြေတစ်ခု ဖြစ်သလို အကြီးဆုံး နယ်မြေတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ သည်နယ်မြေရဲ့ ဧရိယာ အကျယ်အဝန်းဟာ မိုးပြာရောင်ဂိုဏ်းရဲ့ နယ်မြေထက် အဆပေါင်း ဒါဇင်နဲ့ချီပြီး ပိုကျယ်ဝန်းပါတယ်။
လက်ရှိမှာတော့ သည်နယ်မြေကို မိစ္ဆာတာအို အင်အားစု၊ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့နဲ့ နတ်ဆိုးဆယ်ပါး နယ်မြေတို့က ခွဲဝေ အုပ်ချုပ်ကြပါတယ်။ သည်နယ်မြေက အတွင်းကျိတ် တိုက်ပွဲတွေ ဖြစ်ပေါ်နေကျ နယ်မြေတစ်ခုလို့တောင် သတ်မှတ်နေနိုင်ပါပြီ။
တိုက်ပွဲတစ်ရာ စစ်မြေပြင်ကတော့ တစ်ချိန်တုန်းက မဟာပညာရှင်တွေ တိုက်ခိုက်ခဲ့ကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အဲသည် မဟာပညာရှင်တွေဟာ ဘယ်အဆင့်အထိ ရောက်ခဲ့သလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ သူတို့ သေချာ သိထားတာကတော့ စစ်ပွဲပေါင်း ရာနဲ့ချီပြီး ဖြစ်ခဲ့တာတောင်မှ သည်စစ်မြေပြင်ဟာ တည်ရှိနေသေးတယ် ဆိုတာပါပဲ။ ပြီးတော့ သည်စစ်မြေပြင်ဟာ အင်မတန် အန္တရာယ် များလွန်းလှပါတယ်။
သည်စစ်မြေပြင်ထဲကို ဝင်သွားတဲ့သူက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် ဖြစ်နေရင်တောင်မှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်လို့ အာမခံချက် မရှိပါဘူး။
ဟူး ... ဟူး ... ဟူး ...
သည်နေရာကို ပထမဦးဆုံး ရောက်ရှိလာတဲ့ သူတွေကတော့ နတ်ဆိုးဆယ်ပါး နယ်မြေက ဦးစီးခေါင်းဆောင်တွေ ဖြစ်ပါတယ်။ အဲသည်သူတွေကတော့ ရှီဟွာဘုရင်မ၊ သွေးနတ်ဆိုးဘုရင်၊ ရှန်းဟွတောင် ဆင်ဘုရင်၊ မိစ္ဆာအင်းကွက်ကျား၊ စွမ်းအင် နတ်ဆိုးဘုရင်၊ ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ မြေကြွက်ဘုရင်၊ တောင်ပံ နတ်ဆိုးဘုရင်၊ အစိမ်းရောင် နတ်ဆိုးဘုရင်နဲ့ မီးခိုးရောင် နတ်ဆိုးဘုရင်တို့ပါပဲ။
သူတို့တွေဟာ သူတို့ရဲ့ လက်အောက်ခံ တပည့် တပန်းတွေကိုလည်း ခေါ်ဆောင်လာခဲ့ ပါသေးတယ်။
“သည်တိုက်ပွဲမှာ ရှင်းတိကောဝမ်ကော လီဖူချန်းပါ ဒဏ်ရာ အကြီးအကျယ် ရသွားရင် ကောင်းမယ်”
ကြွက်တစ်ကောင်ရဲ့ ဦးခေါင်းနဲ့ တူတဲ့ မိစ္ဆာသားရဲ တစ်ကောင်ဟာ မြေကြီးထဲကနေ တိုးထွက်လာခဲ့ပါတယ်။
မြေကြွက်ဘုရင်ဟာ မြေကြွက် နယ်မြေဒေသရဲ့ ဦးစီးခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ သူက သိပ်ပြီး အစွမ်းမထက် ပေမဲ့လည်း အသက်ရှင်ကျန်အောင် လုပ်နိုင်တဲ့ နေရာမှာတော့ ဆရာတစ်ဆူပါပဲ။ တကယ်လို့ သူထွက်ပြေးချင်ပြီ ဆိုရင် ဘယ်သူမှ သူ့ကို တားဆီးနိုင်စွမ်း မရှိပါဘူး။
“သူတို့ နှစ်ယောက်စလုံး ဒဏ်ရာ အကြီးအကျယ် ရရုံနဲ့တော့ ဘယ်လုံလောက်မလဲ။ နှစ်ဖက်စလုံး သူသေကိုယ်သေ တိုက်ကြမှ ပွဲက ပိုကောင်းမှာကွ”
ပေလေးဆယ်နီးပါး မြင့်တဲ့ မီးခိုးရောင် နတ်ဆိုးဘုရင်ကလည်း မှတ်ချက် ပေးလိုက်ပါတယ်။
သူ့ရဲ့ အစွမ်းကတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ မကွာလှပါဘူး။
နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီး ခေါင်းဆောင်တွေဟာ စွမ်းအင် ထက်မြင်မှု အပိုင်းမှာတာ့ ရှီဟွာ ဘုရင်မ၊ သွေးနတ်ဆိုးဘုရင်၊ ရှန်းဟွတောင် ဆင်ဘုရင်၊ မိစ္ဆာအင်းကွက်ကျားနဲ့ စွမ်းအင် နတ်ဆိုးဘုရင် ဆိုပြီး အစဉ်လိုက် ရပ်တည် နေကြတာပါ။ ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ အခြားသော ဦးစီးခေါင်းဆောင်တွေကတော့ အစွမ်းထက်မြက်မှု အတူတူလောက်ပါပဲ။
“ရှင်းတိကောဝမ်ကို သွားပြီး အထင်မသေးနဲ့။ သူ့ရဲ့ အစွမ်းက ငါတို့ရဲ့အထက် အဆင့်တစ်ခုမှာ ရှိနေတာ”
ရှီဟွာ ဘုရင်မကတော့ လေးနက် တည်ကြည်စွာ ပြောလိုက်ပါတယ်။
မြေကမ္ဘာအဆင့် လက်အိတ်တွေနဲ့ ဝတ်ရုံခြုံလွှာ မရခင်ကတည်းက ရှင်းတိကောဝမ်ဟာ သူ့ထက် အစွမ်း ထက်နေတာပါ။ အခုဆိုရင်တော့ ရှင်းတိကောဝမ်ဟာ ဘယ်လောက်အထိ အစွမ်းထက်နေမယ် မသိပါဘူး။
“ရှီဟွာ ဘုရင်မ ပြောတာ မှန်တယ်။ ငါတို့အနေနဲ့ ရှင်းတိကောဝမ် အပေါ်မှာပဲ ပိုပြီး အာရုံ စိုက်ထားရမယ်။ သည်မကောင်းဆိုးဝါး ဘုရင်က ထင်ထားသလောက် မရိုးရှင်းဘူး။ ငါကတော့ လီဖူချန်းဟာ ရှင်းတိကောဝမ်ကို ယှဉ်နိုင်မလား ဆိုတာ သံသယ ဖြစ်မိတယ်”
သွေးနတ်ဆိုး ဘုရင်ရဲ့ စကားကလည်း လေးနက် တည်ကြည်မှု အပြည့်ပါပဲ။
“သူတို့ ရောက်လာကြပြီ”
ဟူး ... ဟူး ... ဟူး ...
သွေးနတ်ဆိုး ဘုရင်ရဲ့ စကားဆုံးပြီးလို့ သိပိမကြာမှာပဲ မိုးကုပ်စက်ဝိုင်း ဘက်ကနေပြီး ပျံသန်းလာတဲ့ လူရိပ်တွေ ပေါ်လာခဲ့ပါတယ်။
မိစ္ဆာတာအို အင်အားစုနဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က ထိပ်သီး အကြီးအကဲတွေ ဟာလည်း စစ်မြေပြင်ကို ရောက်လာကြပါပြီ။
မိစ္ဆာတာအို အင်အားစုကိုတော့ ရွှေရောင်မျက်နှာဖုံးရှင် တစ်ယောက်က ဦးဆောင် လာခဲ့ပါတယ်။ သူ့ဆီကနေ ထွက်နေတဲ့ အရှိန်အဝါတွေက တကယ့် သက်ဦးဆံပိုင် ဘုရင်တစ်ပါးလိုပါပဲ။ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ အဲသည် ရွှေရောင် မျက်နှာဖုံးရှင်က ရှင်းတိကောဝမ် (ဝါ) မကောင်းဆိုးဝါးဘုရင်ပဲ ဖြစ်ရပါမယ်။
ရှင်းတိကောဝမ်ရဲ့ လက်ဝဲဘက်မှာတော့ မျက်နှာ ဖြူဖပ်ဖြူရော်နဲ့ အဘိုးကြီးတစ်ယောက် ရှိနေပါတယ်။ အဲသည် အဘိုးကြီးကတော့ သာမန် အဘိုးကြီး တစ်ယောက်လိုပါပဲ။ သူ့ဆီကနေပြီး ဘာအရှိန်အဝါမှ ထွက်မနေပါဘူး။
ရှင်းတိကောဝမ်ရဲ့ ညာဘက်မှာတော့ ဆံပင်အနီရောင် အဘိုးကြီးတစ်ယောက် ရှိနေပြီး သူကတော့ ခန့်ညား ထည်ဝါလှတဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ သွေးဆာမှုတွေကို ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေတဲ့ ပုံပါပဲ။
အဲသည် အဘိုးအို နှစ်ယောက်ကတော့ ရှင်းတိကောဝမ်ရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုံးဖြစ်တဲ့ ယင်ဘိုးဘိုးကြီးနဲ့ သွေးဘိုးဘိုးကြီးတို့ပဲ ဖြစ်ပါတယ်။
သူတို့သုံးဦးရဲ့ အနောက်မှာ ဆိုရင်လည်း များပြားလှတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ခြံရံ လိုက်ပါလာပါသေးတယ်။ သူတို့တွေရဲ့ ကျင်ကြံမှု အဆင့်တွေကတော့ အနိမ့်ဆုံး ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆ပါပဲ။ ငွေရောင် မျက်နှာဖုံးတွေကို ဝတ်ဆင် ထားသူတွေကတော့ မကောင်းဆိုးဝါး လက်သီးဂိုဏ်းက ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဆန်းကြယ်ယင်ဂိုဏ်းနဲ့ သွေးဂိုဏ်းကပဲ ဖြစ်ပါတယ်။
အခြား တစ်ဖက်မှာတော့ လီဖူချန်းဟာ ထိပ်ဆုံး ဦးဆောင်ပြီး ရှေ့ဆုံးကနေ ပျံသန်းလာခဲ့ပါတယ်။ သူ့ရဲ့ အနောက်မှာ လိုက်ပါ ပျံသန်းသူတွေကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က ထိပ်သီး အကြီးအကဲတွေပါပဲ။
လီဖူချန်းကတော့ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုတော့ မစည်းနှောင်ပဲ ထုံးစံအတိုင်း ဖြန့်ချထားပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အဲသည်ပုံစံကိုက တစ်မျိုးတစ်ဖုံ ထူးခြားနေပါတယ်။ ဒါက ဓားသူရဲကောင်း တစ်ယောက်ရဲ့ ပုံစံကို ဖော်ဆောင်နေသလိုပါပဲ။
မူဟန်ရှင်းကတော့ အလွန်အမင်း စိတ်ဓာတ် တက်ကြွနေပုံ ရပါတယ်။ သူက ယုံကြည်မှု အပြည့်နဲ့ လီဖူချန်းရဲ့ ဘယ်ဘက်ကနေ လိုက်ပါ ပျံသန်းလာပါတယ်။
နတ်စမ်းရေ တောင်ကြားရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲရဲ့ မျက်နှာပေါ်မှာ ဆိုရင်လည်း စိုးရိမ် ကြောင့်ကြမှုတွေ လုံးဝ ဖြစ်ပေါ် မမေပါဘူး။ သူက ပြုံးပြီး လီဖူချန်းရဲ့ ညာဘက်ကနေ ပျံသန်း လိုက်ပါလာပါတယ်။ သူ့ကို ကြည့်ရတာက တိုက်ပွဲရဲ့ အဖြေကိုတောင် ကြိုတင် သိထားသလိုပါပဲ။
သူတို့ရဲ့ အနောက်မှာတော့ ဟွကျန်းချီ၊ ရှဟိုဝူ၊ ကုရီဖန်းနဲ့ အခြားသော အကြီးအကဲတွေ လိုက်ပါ ပျံသန်း လာကြပါတယ်။
“နည်းနည်း သတိထားကြဟေ့။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ ချီအရှိန်အဝါတွေက မသိမသာလေး ပြောင်းနေသလိုပဲ”
သွေးနတ်ဆိုးဘုရင်က သူ့ရဲ့ အမြင်ကို ပြောလိုက်ပါတယ်။
"ဘာမှ မပြောင်းပါဘူးကွာ။ ငါက ဘာမှကို မခံစားရဘူး။ ငါထင်တာတော့ သည်လူသားတွေက လီဖူချန်းအားကိုးနဲ့ နည်းနည်းပါးပါး ယုံကြည်မှု ရလာတာ ဖြစ်မယ်”
ရှန်းဟွတောင် ဆင်ဘုရင်က သွေးနတ်ဆိုး ဘုရင်ရဲ့ အမြင်ကို လက်မခံပါဘူး။ သူ့ရဲ့ အမြင်မှာတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့မှာ ကြောက်စရာဆိုလို့ လီဖူချန်း တစ်ယောက်သာ ရှိပါတယ်။
'ဒါနဲ့ နေပါဦး။ ဟိုအဘိုးကြီးက စုယွန်ဟီ မဟုတ်ဘူးလား'
စုယွန်ဟီကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ရှန်းဟွတောင် ဆင်ဘုရင်ဟာ သတ်ဖြတ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပါပြီ။
နောက်ဆုံး စစ်ပွဲမှာဆိုရင် စုယွန်ဟီဟာ သူ့ရဲ့ မျိုးဆက်တစ်ယောက်ဟာ လူသားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ရှန်းဟွတောင် ဆင်ဘုရင်က သူ့ရဲ့ မျိုးဆက်အတွက် လက်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း စုယွန်ဟီရဲ့ ကြားဝင် နှောင့်ယှက်မှုကြောင့် သူ့ရဲ့ ကြိုးစားမှုဟာ အထ မမြောက်ခဲ့ပါဘူး။
“လီဖူချန်း ... မင်းရဲ့ အမှားတွေကို ဝန်ခံပြီး အညံ့ခံဖို့ အခွင့်အရေး ရှိသေးတယ်နော်။ အချိန်တွေ လွန်ပြီးမှ အညံ့ခံမယ် ဆိုရင်တော့ ရှင်းတိကောဝမ်က လက်ခံမှာ မဟုတ်တော့ဘူး။ ပြီးတော့ မင်းရဲ့ တစ်ကလန်လုံးကိုလည်း အမြစ်ပြတ် သုတ်သင်ပစ်ဦးမှာ”
ရှင်းတိကောဝမ်ရဲ့ ဘေးနားမှာ ရှိနေတဲ့ ငွေရောင် မျက်နှာဖုံးရှင် တစ်ယောက်က လေသံမာမာနဲ့ လီဖူချန်းကို ခြိမ်းခြောက်လိုက်ပါတယ်။
“သေစမ်း”
လီဖူချန်းရဲ့ လက်ထဲက ဘုံခုနစ်ဆင့် ကောင်းကင်ဓားက သက်ဝင်လှုပ်ရှား သွားခဲ့ပါပြီ။
အား ...
နေရောင်ခြည်နဲ့ တူတဲ့ ဓားအလင်းတန်းတွေ ထွက်ပေါ်လာ အပြီးမှာတော့ အဲသည် ငွေရောင် မျက်နှာဖုံးရှင်ဟာ တစ်စစီ ဖြစ်သွားပါတော့တယ်။
ရှင်းတိကောဝမ်က သူ့လူကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အနည်းငယ် နောက်ကျ သွားခဲ့တဲ့အတွက် ဘာမှ မတတ်နိုင်လိုက်ပါဘူး။
***