← Chapters

ထပ်နေသော ကမ္ဘာများ

Vol. 35 Ch. 484

ထပ်နေသော ကမ္ဘာများ

Vol. 35 Ch. 484

ရှင်းအန်း၏ အသံက မြင်းမိုရ်တောင်ငယ်၏ ထိပ်မှ ထွက်လာသော်လည်း မြင်းမိုရပ်တောင်ငယ်၏အလယ်လောက်တွင် ဆုံးသွားသည်။ သူ သူတို့နောက် လိုက်လာနေပြီဖြစ်သည်။

ရှင်းအန်းအတွက် သေတ္တာက အရေးကြီး၏။ ရန်သူများ သေသည်ဖြစ်ဖြစ်၊ မသေသည်ဖြစ်စေ သူ ဂရုမစိုက်၊ သေတ္တာကိုတော့ ဂရုမစိုက်ဘဲ မနေနိုင်ပေ။

သူက ‌ဒေါသများဖြင့် ရယ်လိုက်သည်။ “သတ္တိတော်တော် ကောင်းနေတယ်ပေါ့”

သေတ္တာအောက်မှ ပန်ကုန်းစုန် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကောင်းလွန်းလို့ တစ်ဖက်ကမ်းတောင် လွန်‌တယ်...”

“မှော်ဆရာသခင်၊ မင်းက ခွေးသူတောင်းစားချင်နဲ့ ပေါင်းပြီး ငါ့သေတ္တာကို ခိုးရဲတယ်ပေါ့ ရာရာစစ”

ရှင်းအန်း၏အသံက တစ်ချက်တစ်ချက် ဘယ်မှ ထွက်လာပြီး တစ်ချက်တစ်ချက် ညာမှ ထွက်လာသည်။ အမှောင်ထုထဲတွင် ချင်မူနှင့် သေတ္တာကို သူ ရှာမတွေ့သဖြင့် ဟိုဟိုသည်သည် ပြေးလွှားနေကြောင်း ထင်ရှား၏။ သို့‌သော် သူ၏အမြန်နှုန်းဖြင့် မိုင်တစ်ထောင်ဧရိယာအတွင်း လိုက်ရှာရန် ပြဿနာမဟုတ်ပေ။

ချင်မူနှင့် သေတ္တာကြီးကို ရှာတွေ့ရန် အချိန်သာ လိုအပ်သည်။

“ငါ မင်းကို မသတ်ဘူး ထင်နေတာလား။ ကလေးဆန်တဲ့အကွက်တွေ” ရှင်းအန်း စကားစပြောသည့်အချိန် အသံက အနောက်ဘက် မိုင်တစ်ရာအကွာမှ ထွက်လာသော်လည်း သူ့စကားသံ ဆုံးသွားသည့်အခါ တောင်ဘက် မိုင်တစ်ရာမှ ထွက်လာနေ၏။

ပန်ကုန်းစုန်၏မျက်နှာမှာ စိမ်းပုပ်နေပြီး သူက အံတင်းတင်းကြိတ်လိုက်သည်။ “ဘယ်လိုလုပ် ငါ့အပြစ်ဖြစ်နေတာလဲ။ သူနဲ့ပေါင်းပြီး မင့်သေတ္တာကို ခိုးနေတာမဟုတ်ဘူး။ ထွက်ပြေးရုံပဲ ပြေးနေတာကွ”

သေတ္တာပေါ်တွင် ချင်မူ အံ့အားသင့်နေမိသည်။ ‘ရှင်းအန်း မှော်ဆရာနတ်ဘုရားခွေ့ကို ရှင်းပစ်နိုင်တာ မြန်ချက်ပဲ။ ဒီလိုအစွမ်းအစမျိုးက ကြောက်စရာကောင်းတယ်’

သေတ္တာအောက်ရှိ ပန်ကုန်းစုန်က ညည်းညူနေသည်။ “ငါ့ဆရာ ဒီလောက်နှစ်တွေ အများကြီး အသက်ရှင်နေတာ အလကားမဟုတ်ဘူး ...  ရှင်းအန်း‌အနေနဲ့ သူ့မူလဝိညာဉ်ကို အလွယ်တကူ သိမ်းထားနိုင်မှာမဟုတ်ဘူး။ ဂိုဏ်းသခင်ချင်၊ ငါ အကြံရပြီ။ အဲဒါက ငါ့ဆရာနဲ့ ရှင်းအန်းကို တစ်ပြိုင်တည်း ရှင်းပစ်နိုင်လိမ့်မယ်”

ချင်မူက သေတ္တာအပေါ်မှ လှမ်းပြောသည်။ “မင့်အကြံကို ငါ သိပါတယ်။ မင်းက မဟာမြို့ပျက်ရဲ့ တောင်ပိုင်းမှာရှိတဲ့ ယန်တောင်ကို သွားပြီး မှော်ဆရာနတ်ဘုရားခွေ့ရဲ့  ရုပ်ခန္ဓာကို လွှတ်ပေးမှာမလား။ ရှင်းအန်းက မှော်ဆရာနတ်ဘုရားခွေ့ရဲ့ ဝိညာဉ်သန္ဓေသားနဲ့ ဝိညာဉ်ကို ခွဲထုတ်ပြီး မူလဝိညာဉ်ကို ချုပ်ထားတာ

“မှော်ဆရာနတ်ဘုရားခွေ့က နတ်ဘုရားဆိုတော့ သူ့ရုပ်ခန္ဓာ အသက်ဝင်လာရင် ရှင်းအန်းရဲ့လက်ထဲကနေ ရုန်းထွက်နိုင်လိမ့်မယ်။ ရုပ်နာမ်တွဲနေတဲ့ မှော်ဆရာနတ်ဘုရားခွေ့က ရှင်းအန်းထက် ပိုအားကောင်းလိမ့်မယ်။ ငါ ပြောတာ မှန်တယ်မလား”

ပန်ကုန်းစုန် ခေါင်းတဆတ်ဆတ် ညိတ်နေပြီးနောက်မှ ချင်မူ သူ့အား မမြင်ရသည်ကို သတိရလိုက်သည်။

“ဂိုဏ်းသခင်ချင်၊ မင်းက ငါ့အတွက် အကြီးမားဆုံး ရန်သူပဲ” သူက ချီးကျူးလိုက်သည်။ “ဂိုဏ်းသခင်၊ မင်းလို ရန်သူမျိုးနဲ့ဆို ငါ အိပ်ရင်တောင် အိပ်မက်ဆိုးတွေ မက်ရလိမ့်မယ်”

“ဂိုဏ်းသခင် ၊ သူ ဂိုဏ်းသခင်ကို မကောင်းပြောနေတာထင်တယ်” နဂါးချီလင်က ပြောလာ၏။

“အဲဒါ ရက်ရက်ရောရော ချီးကျူးနေတာပါ။ ဒါပေမဲ့ ရှင်းအန်းအနေနဲ့ ရုပ်နာမ်တွဲနေတဲ့ မှော်ဆရာနတ်ဘုရားခွေ့ကို မသတ်နိုင်ရင် ကျန်တဲ့သူတွေအတွက် ပိုအန္တရာယ်များလိမ့်မယ်။ တကယ် ကြောက်စရာကောင်းမှာ။ ဒါပေမဲ့ ...”

သူ စိတ်မပူမိဘဲ မနေပေ။ ရှင်းအန်းသာ မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်ကို သိမ်းထားနိုင်လျှင်လည်း အန္တရာယ်များလိမ့်မည်။

ရှင်းအန်းသာ မှော်ဆရာနတ်ဘုရားခွေ့၏ မူလဝိညာဉ်ကို ထိန်းချုပ်နိုင်သွားလျှင် သူ သတ်ချင်သည့်သူကို မသတ်နိုင်သွားဘူးလော။ ရှင်းအန်းတွင် သူ့စည်းကမ်းနှင့်သူ ရှိသည်က မှန်၏။ နတ်ဘုရားအဆင့် မရောက်သေးသူများ၊ သူ မျက်စိမကျသူများကို အန္တရာယ်ပြုမည်မဟုတ်ပေ။ သို့သော် သူ၏ဝါသနာကြောင့် နတ်ဘုရားအဆင့် သိုင်းပညာရှင်အားလုံး ဂါဝရပြုခံရပြီး သေကြရလိမ့်မည်။

ဤသည်က သေချာပေါက် ကပ်ဘေးတစ်ခုဖြစ်သည်။ နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ သေဆုံးမှုက လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလာမည်။

“ဒီနှစ်ယောက်သာ တစ်ပြိုင်တည်း သေလို့ကတော့ အကောင်းဆုံးပဲ...”

ချင်မူ သက်ပြင်းချ၍ ပန်ကုန်းစုန်၏အကြံကို လက်ခံကာ သေတ္တာကြီးအား တောင်ပိုင်းသို့ သွားခိုင်းလိုက်သည်။

“မင်းတို့တွေ လွတ်မယ်မထင်နဲ့”

ရှင်းအန်း၏အသံက တစ်ချက်တစ်ချက် နီးလာပြီး တစ်ချက်တစ်ချက် ဝေးသွားသည်။ မဟာမြို့ပျက်၏အမှောင်ထုက မှောင်မိုက်လွန်းသဖြင့် သူ၏အစွမ်းအစများဖြင့်ပင် ချင်မူတို့၏ သဲလွန်စများအား ရှာမတွေ့ပေ။

များစွာမကြာလိုက်ဘဲ သေတ္တာကြီး၏အရှေ့တွင် သဘာဝကမ်းပါးကြီးတစ်ခု၏ အရိပ်အား ချင်မူ မြင်လိုက်ရသည်။ အမှောင်ထုထဲမှ တဝုန်းဝုန်းကျနေသည့် ရေသံများ ကြားနေရပြီး ရေတံခွန်တစ်စင်းမကကြောင်း ခန့်မှန်းမိသွား၏။

သူတို့အရှေ့၌ အလွန်အန္တရာယ်များသော ကမ်းပါးကြီးတစ်ခု ရှိနေသည်။

“ဒါက မာန်ဟုန်မြစ်အဖျားက ကမ်းပါးကြီးမဟုတ်လား”

ချင်မူ သေတ္တာကြီးကို ကမ်းပါးစွန်းသို့ သွားခိုင်းကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ကမ်းပါးနံရံမှ ‌တောက်ပသောအလင်းများ ဖြာထွက်နေသည်ကို မြင်လိုက်ရ၏။ မည်သည့်အရာ ထွန်းလင်းနေမှန်း မသိပေ။

သူ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွားမိသည်။ ရှုန်းရှီယွီတို့သားအမိနှင့်အတူ နောက်ဆုံးတစ်ခေါက် ရောက်လာတုန်းက အနောက်အရပ်မှ အရှေ့အရပ်သို့ သွယ်တန်းလျက် မဟာမြို့ပျက်အား နှစ်ခြမ်းခြမ်းထားသည့် ကမ်းပါးကြီးအား မြင်တွေ့ခဲ့ရ၏။ ကမ်းပါး၏အမြင့်က ကိုက်ပေါင်းထောင်ချီ မြင့်မားလေသည်။

မမှန်းဆနိုင်လောက်‌အောင် ကြီးမားသည့် ကြောက်မက်ဖွယ်ရာ ငလျင်ကြီးတစ်ခုက မဟာမြို့ပျက်တစ်ခုလုံးကို နှစ်ခြမ်းခြမ်းခဲ့ရာမှ ကမ်းပါးကြီးထူမတ်လာခဲ့ခြင်းဖြစ်သည်။

ကမ်းပါးနံရံမှ ရေတံခွန်များစွာ တဝေါဝေါ ကျဆင်းနေပြီး စီးကျလာသော ရေများက ‌အောက်တွင် မြစ်ကြီးတစ်စင်းအဖြစ် စုဆုံသွား၏။ မြစ်က အမြန်ဆုံးသော ရေစီးကြောင်းဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအထိပင် စီးဆင်းဝင်‌ရောက်သွားသည်။

ထို့အပြင် ထူးဆန်းသောဖြစ်ရပ်တစ်ခုကိုလည်း ချင်မူ ကြုံတွေ့ခဲ့ဖူးသည်။

သူနှင့် ရှုန်းရှီယွီ မြစ်ပေါ်တွင် ပြေးနေတုန်းက မြူများဆိုင်းလာခဲ့ပြီး သဲကန္တာရတစ်ခုနှင့် နန်းဆောင်များအား တည်ဆောက်နေခဲ့သော နတ်ဘုရားများကို မြင်တွေ့ခဲ့ရသည်။ နတ်ဘုရားများက ချုံဧကရာဇ်ခေတ်၏ နတ်ဘုရားများဖြစ်ပြီး ‘အ‌နောက်နန်းတော်ကို တည်ဆောက်ပြီး ရေကြောင်း၊ ကုန်းကြောင်း လမ်းများ ဖွင့်လှစ်စေ’ ဟူသော ချုံဧကရာဇ်၏အမိန့်တော်အား နာခံနေကြ၏။ ထို့နောက် ချုံဧကရာဇ်ခေတ်၏ နတ်ဘုရားများ မာန်ဟုန်မြစ်ဖြစ်လာမည့် မြစ်လမ်းကြောင်းအား တူးဖော်နေသည်ကို သူတို့ မြင်ခဲ့ရသည်။

သို့သော် အထူးဆန်းဆုံးက ချုံဧကရာဇ်ခေတ် ပျက်စီးသွားသည့်အချိန်တွင် မီးခိုးရောင်အရိပ်များ လမ်းလျှောက်နေသည်ကို မြင်ခဲ့ရခြင်းဖြစ်၏။ ထိုအရိပ်များက ခိုင်ဧကရာဇ်နှင့် သူ၏ဝန်မင်းများ ဖြစ်နေခဲ့ပြီး သူတို့က ချုံဧကရာဇ်ခေတ်၏မြင်ကွင်းကြောင့် သက်ပြင်းချနေကြသည်။

သူတို့၏မြင်ကွင်းမှတစ်ဆင့် ချင်မူက သမိုင်းပုံရိပ်များကို မြင်တွေ့ခဲ့ရခြင်းဖြစ်၏။

သမိုင်းပုံရိပ်နှစ်ခုက မာန်ဟုန်မြစ်အဖျားပိုင်းတွင် ထပ်သွားခဲ့ကာ မယုံနိုင်ဖွယ်ရာမြင်ကွင်းတစ်ခုကို ပြသခဲ့၏။

ထိုအချိန်တုန်းက ထိုပတ်ဝန်းကျင်တွင် တခြားကမ္ဘာများဆီသို့ ဝင်ပေါက်များရှိနိုင်ကြောင်း ချင်မူ သတိထားမိခဲ့ပြီး ကမ္ဘာခြားငါးခု၏ အချိန်နှင့် နေရာဟင်းလင်းပြင်များ ထပ်နေသည်ကိုပင် မြင်တွေ့ခဲ့ရသည်။

‘ညရောက်ရင် မာန်ဟုန်မြစ်မှာ ဘယ်လိုထူးဆန်းတာတွေ ဖြစ်နေမလဲမသိဘူး’

သူ့မှာ ရင်ထဲထိတ်နေသော်လည်း မျှော်လင့်ချက်များလည်း ပြည့်နေ၏။ ရှင်းအန်း၏သေတ္တာကြီး ကမ်းပါးအတိုင်း ဆင်းလိုက်သည့်အခါ သေတ္တာအောက်ရှိ ပန်ကုန်းစုန်မှာ ပြုတ်မကျအောင် သေတ္တာ၏ခြေထောက်တစ်ဖက်ကို ကပျာကယာ ဖက်လိုက်ရသည်။

ထိုအချိန်တွင် မိုးခြိမ်းသံကျောင်းတော်ငယ်၏ မြင်းမိုရ်‌တောင်ငယ်ပေါ်တွင် တထာဂတငယ်သည် တင်ပျဉ်ဖွဲ့ထိုင်နေပြီး မိစ္ဆာဘုန်းကြီးများက ပူဆွေးဝမ်းနည်းနေသော အမူအရာများဖြင့် ဝန်းရံနေကြ၏။ မိစ္ဆာမျောက်ဝံက မျက်လုံးများဖွင့်လျက် ဒူးထောက်နေသည်။ ရုတ်တရက် မျက်ရည်များက သူ့ပါးထက်မှ လိမ့်ဆင်းလာပြီး မြေကြီးပေါ် ပေါက်ခနဲ ပေါက်ခနဲ ကျလာသည်။

“ငါ မဟာမိုးခြိမ်းသံကျောင်းတော်ကို ပုန်ကန်ပြီး ထွက်လာခဲ့တဲ့အကြောင်းရင်းက ငါ့ဆရာ ငါ့ကို မရွေးဘဲ ဆရာတူနောင်တော်ကို တထာဂတအဖြစ် ရွေးချယ်ခဲ့လို့ပဲ။ ငါ့အတွက် အဲဒီလုပ်ရပ်ဟာ မတရားဘူး။ သက်ရှိအားလုံးဟာ အတူတူပဲဆိုရင် ဘာကြောင့် လူသားတွေပဲ တထာဂတ ဖြစ်နိုင်ပြီး မိစ္ဆာတွေက မဖြစ်နိုင်တာလဲ။ ဓမ္မဟာ ညီတူညီမျှဆိုရင် ဘာလို့ယောက်ျားတွေပဲ တထာဂတဖြစ်နိုင်ပြီး မိန်းမတွေက မဖြစ်နိုင်တာလဲ”

ရောင်ခြည်တော်များက တထာဂငယ်၏မျက်နှာပေါ် ဖြာကျနေသည်။ သူက ပြုံးတော်မူလိုက်၏။ “ငါ့သိုင်းအဆင့်ဟာ ဆရာတူနောင်တော်အောက် မနိမ့်ကျဘူး။ လူသားမျိုးနွယ်ရဲ့ ဓမ္မကို သဘောမကျလို့ ငါ ပုန်ကန်ခဲ့တယ်။ မိစ္ဆာမျိုးနွယ်အတွက် အထွတ်အမြတ်မြေတစ်မြေ တည်ထောင်ချင်ခဲ့တယ်။ ဒါကြောင့် မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ထွက်လာပြီး မိုးခြိမ်းသံကျောင်းတော်ငယ်ကို တည်ထောင်ခဲ့တာပဲ။ မဟာမိုးခြိမ်းသံဖြစ်ဖြစ်၊ မိုးခြိမ်းသံငယ်ဖြစ်ဖြစ် နှစ်ခုလုံးက မိုးခြိမ်းသံမဟုတ်ပေဘူးလား

“ဓမ္မအပေါ် အမြင်နဲ့အယူအဆတွေ ကွဲပြားပေမယ့် နှစ်ခုလုံးက ဓမ္မပဲ။ အခု မှော်ဆရာနတ်ဘုရားခွေ့က ငါ့ဝိညာဉ်ကို ဂါဝရပြုခဲ့ပြီ။ ငါ့မှာ ရှင်းအန်းလို အစွမ်းအစတွေ မရှိတဲ့အတွက် အခု ငါ့ဝိညာဉ်ဟာ ပြိုကွဲတော့မယ်။ ကျန်းခုံး၊ ခက္ခရာကို ယူလာခဲ့”

မိစ္ဆာ‌မျောက်ဝံက တထာဂတငယ်၏ အရှေ့တွင် ဒူး‌ထောက်၍ ခက္ခရာတောင်ဝှေးအား လက်နှစ်ဖက်ဖြင့် မြှောက်လိုက်သည်။

“ငါ့နောင်တော်က ခက္ခရာကြောင့် မင်းကို တထာဂတရဲ့ မဟာယနသုတ္တန် သင်ပေးခဲ့တယ်။ သူ့ကြောင့်ပဲ ငါလည်း မင်းကို တပည့်အဖြစ် ခေါ်လာခဲ့တယ်။ မဟာမိုးခြိမ်းသံကျောင်းတော်၊ မိုးခြိမ်းသံငယ်ကျောင်းတော်ငယ် ကျောင်းနှစ်ကျောင်းလုံး မင်းကြောင့် ပြန်ပေါင်းစည်းကြလိမ့်မယ်”

တထာဂတငယ် လက်မြှောက်လိုက်သည့်အခါ ခက္ခရာတောင်ဝှေးလည်း လေပေါ် မြောက်တက်လာ၏။ “မင်းက မဟာမိုးခြိမ်းသံကျောင်းတော်က တထာဂတမာရဲ့ ဆရာတူညီတော်ပဲ။ ငါ သေရင် တောင်ပေါ်က ရဟန်းအားလုံးကို ခေါ်ပြီး မဟာမိုးခြိမ်းသံကျောင်းတော်ငယ်ဆီ သွားပါ။ တထာဂတမာက မင်းတို့အားလုံးကို လက်ခံပေးလိမ့်မယ်”

သူက သင်္ကန်းတစ်ထည်နှင့် ကျမ်းစာတစ်ခု ထုတ်လိုက်သည်။ ကျမ်းစာကို သင်္ကန်းအပေါ်၌ တင်ပြီးနောက် မိစ္ဆာမျောက်ဝံဆီ ကမ်းပေး၏။ ခက္ခရာတောင်ဝှေးက ဆင်းသက်လာကာ ကျမ်းအပေါ် တင်သွားသည်။

“တထာဂတမာကို ဒီလိုမေးလိုက်။ ဓမ္မက ‘သက်ရှိအားလုံးဟာ တန်းတူရှိတယ်’ ပြောပေမယ့် ဘာကြောင့်ကျောင်းဆောင်ထဲက မိစ္ဆာရုပ်တုတွေဟာ ဗုဒ္ဓနဲ့ ဗောဓိသတ္တတွေရဲ့ စီးတော်သတ္တဝါတွေပဲ ဖြစ်နေရတာလဲ။ ငါတို့မိစ္ဆာမျိုးနွယ်တွေက လူသားမျိုးနွယ်နဲ့ တန်းတူမရှိဘူးလား”

တထာဂတငယ်၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ စတင်ပြိုကွဲလာသည်။ “မိစ္ဆာမျိုးနွယ်က တန်းတူရှိရင် ဘာကြောင့် လူသားတွေပဲ ဓမ္မကို ရေးသားနိုင်တာလဲ။ မိစ္ဆာတွေရော မရေးနိုင်ဘူးလား”

“လူသားတွေကို ကယ်တင်တာဟာ ကုသိုလ်ကောင်းကျိုးဆိုရင် မိစ္ဆာတွေကို ကယ်တင်တာကလည်း ကုသိုလ်ကောင်းကျိုး မဖြစ်သင့်ဘူးလား”

“လူ့အသားစားတာက ပါဏာတိပါတကံ ထိုက်ရင် မိစ္ဆာကို စားတာကလည်း ပါဏာတိပါတကံ မထိုက်ဘူးလား။ အပင်တွေ၊ သစ်ပင်တွေကလည်း မိစ္ဆာဖြစ်လာနိုင်တာပဲ။ သူတို့ကို စားတာကလည်း ပါဏာတိပါတကံ မထိုက်ဘူးလား”

“ဒီမေးခွန်းတွေကို သူ မဖြေနိုင်ရင် ဒီမိစ္ဆာတထာဂတ ငါ ရေးထားတဲ့ ကျမ်းစာပေးလိုက်ပါ။ သူ မင်းတို့အားလုံးကို လက်ခံပေးလိမ့်မယ်”

တထာဂတငယ်က လက်အုပ်ချီပြီး ပြုံးလျက် မိန့်သည်။ “ငါ ကံတော်ကုန်သွားရင် ဒီရုပ်ခန္ဓာကို မဟာမိုးခြိမ်းသံကျောင်းတော်ဆီ ပင့်ဆောင်သွားပါ။ ငါလည်း ဗုဒ္ဓတစ်သောင်းစေတီထဲ ဝင်ခွင့်ရမလား တထာဂတမာကို မေးပါ” ထိုသို့ပြောပြီးနောက် သူ၏ဝိညာဉ် ပြိုကွဲသွားတော့သည်။

“ဆရာ”

မိစ္ဆာမျောက်ဝံက ရှိခိုးဦးချလိုက်ပြီး ဘုန်းတော်ကြီးအားလုံး နီလကဏ္ဍ ဓာရဏီ သုတ်​တော်ကို ညီညီညာညာ ရွတ်ကြသည်။

“တထာဂတငယ်က တစ်ယောက်တည်းအင်အားနဲ့ မိုးခြိမ်းသံကျောင်းတော်ငယ်ကို တည်ထောင်ခဲ့ပြီး မဟာမြို့ပျက်ရဲ့ တစ်ခုတည်းသော အထွတ်အမြတ်မြေတစ်မြေ ဖြစ်လာတဲ့အထိ လုပ်ပေးခဲ့တယ်။ ဒါက မိစ္ဆာမျိုးနွယ်အတွက် တစ်ခုတည်းသော အထွတ်အမြတ်မြေလည်း ဟုတ်တယ်” ရှုရှန်းဟွာ တိုးညှင်းစွာ ပြောလိုက်သည်။ “ဓမ္မတရားတော်မှာ မိစ္ဆာမျိုးနွယ်ကို မထည့်သွင်းထားပေမယ့် သူက မိစ္ဆာမျိုးနွယ်အတွက် ကိုယ်ပိုင်ဓမ္မ ရေးသားပေးခဲ့တယ်။ ဒီလိုမြင့်မားတဲ့ သူ့ရဲ့ ဉာဏ်တော်ဟာ တထာဂတရဲ့ဉာဏ်တော် မဟုတ်ဘဲ နေနိုင်ပါ့မလား။ ယန်ကလေး၊ ငါ လူသားမျိုးနွယ်ရဲ့ ဗုဒ္ဓနဲ့ မိစ္ဆာတွေရဲ့ ဗုဒ္ဓကို သွားကြည့်ချင်မိတယ်”

“ကျွန်မ သခင်လေးနဲ့အတူ မဟာမိုးခြိမ်းသံကျောင်းတော်ကို လိုက်ခဲ့ပါမယ်။ အကောင်ကြီးက ဒီမိစ္ဆာဘုန်းကြီးတွေကို ခေါ်ပြီး မဟာမြို့ပျက်ကနေ ထွက်သွားရမှာဆိုတော့ သူတို့လမ်းမှာ အန္တရာယ်တွေ ပြည့်နေမှာပဲ။ ကျွန်မတို့ သူတို့ကို စောင့်ရှောက်ပေးလို့လည်း ရတာပေါ့” ကျန်းယန်က ပြောလာသည်။

“မိုးခြိမ်းသံကျောင်းတော်ငယ်မှာ အဆင့်မြင့်သိုင်းပညာရှင်တွေ ရှိပါတယ်။ သူတို့အတွက် မဟာမြို့ပျက်ကို ဖြတ်သွားဖို့က အန္တရာယ်သိပ်မရှိလောက်ဘူး။ တကယ်အန္တရာယ်ရှိနေတာက ဂိုဏ်းသခင်ချင်ပဲ။ သူက ရှင်းအန်းရဲ့ သေတ္တာကို ခိုးပြီး မှော်ဆရာသခင်ကိုတောင် သူနဲ့အတူ ခေါ်သွားတာလေ။ ဒီဂိုဏ်းသခင်ချင်ကတော့...”

သူ့နဖူးပေါ်တွင် သွေးကြောများ ထောင်လာသဖြင့် ကျန်းယန်မှာ ပြုံးလိုက်မိသည်။ “သခင်လေး သူ့ကို မနာလိုနေတာလား။ စိတ်ဝင်စားကောင်းတဲ့ ဘဝနဲ့ နေ,နေနိုင်လို့ မနာလိုနေတာလား”

ရှုရှန်းဟွာ ခေါင်းညိတ်လိုက်မိသည်။ “ဒါပေမဲ့ ငါက သူ့လို မဟုတ်ဘူး။ သူ့ကို မနာလိုဖြစ်ပေမယ့် သူ့ဘဝမျိုးနဲ့လည်း မနေချင်ဘူး။ သူ ဒီအန္တရာယ်ကနေ လွတ်ပါစေလို့ပဲ ဆုတောင်းပါတယ်”

သေတ္တာကြီးက မှိန်ဖျော့‌ဖျော့ လင်းနေသလို၊ ကမ်းနံရံပေါ်တွင်လည်း လင်းထိန်နေသော အရာများ ရှိသည်။ အမှောင်ထုက နေရာတိုင်းကို လွှမ်းခြုံနေသော်လည်း အလင်းရောင်ရှိနေသေးသည့်အတွက် ချင်မူ တအံ့တဩ စုတ်သပ်နေမိသည်။

သေတ္တာကြီး ဆင်းနေသည့်အချိန် အလင်းရောင်ထွက်နေသော နေရာတစ်နေရာသို့ ရောက်သော ရပ်လိုက်၏။ ချင်မူ ထိုနေရာကို အ‌သေးစိတ် ကြည့်လိုက်သည့်အခါ သူ့မျက်နှာပေါ်၌ အံ့အားသင့်သွားသည့်အရိပ်အယောင် ပေါ်လာတော့သည်။

အလင်းရောင်က သတ္တဝါတစ်‌ကောင် သို့မဟုတ် ရတနာတစ်မျိုးမှ ဖြာထွက်နေခြင်းမဟုတ်ပေ။ ကမ်းပါးအက်ကြောင်းထဲမှ တောက်ပနေသည်မှာ နေရောင်ဖြစ်နေ၏။

ချင်မူ အက်ကြောင်းအနား ကပ်ပြီး အထဲသို့ ကြည့်လိုက်သည်။ စိမ်းစိုနေသောလွင်ပြင်များ၊ ကြည်လင်နေသော ကောင်းကင်နှင့် ကောင်းကင်ယံတွင် အလျှံတညီးညီး တောက်လောင်နေသည့် နေကြီးတစ်စင်းအား မြင်လိုက်ရချေသည်။

ပန်ကုန်းစုန်လည်း အက်ကြောင်းတစ်ကြောင်းထဲမှ ကြည့်ကာ အလွန်အမင်း အံ့အားသင့်နေ၏။

နဂါးချီလင်လည်း သူတို့နှစ်ယောက်၏အခြေအနေကို မြင်လျှင် အက်ကြောင်းတစ်ကြောင်းဆီ ကပ်၍ ချောင်းကြည့်လိုက်သည်။ ထို့နောက် စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ “ကမ်းပါးထဲမှာ ကမ္ဘာခြားတစ်ခု ပုန်းနေတာလား”

“ပုန်းနေတာမဟုတ်ဘူး။ ဒီအက်ကွဲကြောင်းတွေက ကမ္ဘာခြားနဲ့ ဆက်နေတဲ့ ဝင်ပေါက်မလို့ပဲ” ချင်မူ ကုန်းကုန်းကွကွ ကြည့်နေသော်လည်း ထပ်မမြင်ရတော့ပေ။ “ဒီနေရာက ထူးဆန်းတယ်၊ ကမ္ဘာခြားငါးခုလောက် ထပ်နေတာ.... ရှူး”

ရုတ်တရက် ကမ်းပါးအပေါ်မှ အလွန်ကြီးမားသည့် အလင်းတန်းကြီးနှစ်တန်း ဝှမ်ခနဲ ဖြာကျလာကာ သူတို့ကို ဖြတ်ကျော်သွားသည်။ အလင်းတန်းများက ကမ်းပါးနံရံ‌ပေါ်ရှိ သူတို့အား သတိမထားမိပေ။

‘ရှင်းအန်းရဲ့ မျက်လုံးတွေ’

အလင်းတန်းနှစ်တန်း မိုင်တစ်ရာကျော် ဝေးကွာသွားသည့်အခါ ချင်မူ စိတ်သက်သာရာရသွားသည်။ အလင်းတန်းများက ကမ်းပါးနံရံပေါ်တွင် သူတို့အား လိုက်ရှာနေချေသည်။

ချင်မူ မှင်သက်နေမိ၏။ “ရှင်းအန်းက မျက်လုံးတွေကို ကော်ထုတ်ပြီး ငါတို့ကို ရှာခိုင်းလိုက်တာပဲဟ”

ချင်မူ တွေးကြည့်ပြီး ကြက်သီးတဖြန်းဖြန်း ထသွားသည်။

“ဂိုဏ်းသခင်ချင်၊ ဟိုမှာ အက်ကွဲကြောင်းအကြီးကြီးတစ်ကြောင်း ရှိတယ်” ပန်ကုန်းစုန်က လှမ်းပြောသည်။

ချင်မူလည်း သေတ္တာကို ပန်ကုန်းစုန် လက်ညှိုးထိုးပြသည့်နေရာသို့ ကမန်းကတန်း သွားခိုင်းလိုက်ပြီး အားလုံး အက်ကွဲကြောင်းကြီးထဲ ဝင်လိုက်ကြ၏။

All Chapters