← Chapters

ပေ့လော့ရှစ်မန်

Vol. 35 Ch. 485

ပေ့လော့ရှစ်မန်

Vol. 35 Ch. 485

အက်ကွဲကြောင်းက သုံးကိုက်ကျယ်၏။ သေတ္တာကြီး ချင်မူတို့ကို အထဲခေါ်သွားသည့်အခါ နှစ်လှမ်းသာ ဝင်ရသေးသည်၊ အပေါက်ဝတွင် တစ်နေတော့သည်။ ချင်မူ နဂါးချီလင်၏ဗိုက်ကြီးကို ကမန်းကတန်း ဖိတွန်းသော်လည်း သေတ္တာက မရွေ့သေးပေ။ သေတ္တာအောက်ရှိ ပန်ကုန်းစုန်မှာလည်း ကြပ်သပ်နေသဖြင့် ညည်းတွားနေသည်။

“တိုးတိုးနေ” ချင်မူ ခပ်တိုးတိုး အော်ပြီး သေတ္တာကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ ထိုအချိန်တွင် ရှင်းအန်း၏အလင်းတန်းများက အက်ကြောင်းဘေးမှ ဖြတ်သွား၏။

ချင်မူ သေတ္တာကြီးကို ထိုးထွက်နေသော ကျောက်တုံးကြီးတစ်တုံးနောက်၌ ကပျာကယာ ပုန်းခိုင်းလိုက်သည်။ ကောင်းကင်မျက်လုံးများ၏ အလွန်မြန်သဖြင့် အလင်းတန်းများလည်း လျင်မြန်စွာ ဖြတ်ကျော်သွားလေသည်။

‘ရှင်းအန်းရဲ့ မျက်လုံးတွေက ဘိုးဘိုးမျက်ကန်းရဲ့ မျက်လုံးတွေ မဟုတ်လို့ တော်သေးတယ်။ မဟုတ်လို့ကတော့ ဒီကျောက်တုံးကြီး ငါတို့ကို ဖွက်ပေးထားနိုင်မှာမဟုတ်ဘူး’

သူ သက်ပြင်းချကာ သေတ္တာဖွင့်လိုက်သည်။ နဂါးချီလင်ကို လည်ဂုတ်မှ ဆွဲကာ သေတ္တာထဲ ထိုးထည့်လိုက်၏။

“ဂိုဏ်းသခင်...” နဂါးချီလင်မှာ သေတ္တာထဲတွင် ကြောက်ဒူးတုန်နေသည်။ “ဒီထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မျိုးစုံပဲ။ ခေါင်းပြတ်တွေတောင် ပါသေးတယ်။ နှလုံးတွေ‌ရောပဲ။ လက်ချောင်းတွေ၊ လက်ပြတ်တွေလည်း အများကြီး”

ချင်မူ သေတ္တာပြန်ပိတ်ကာ အက်ကွဲကြောင်းထဲ ဝင်ခိုင်းလိုက်သည်။ ဖက်တီးနဂါး မရှိတော့သဖြင့် သေတ္တာက ချောချောချူချူ ဝင်သွား၏။ အက်ကွဲကြောင်း၏အတွင်းထဲ ရောက်လာသည်နှင့်အမျှ အရှေ့မှ အလင်းရောင်များ ထွက်ပေါ်လာသည်။

ချင်မူ အရှေ့သို့ လှမ်းကြည့်လိုက်သည့်အခါ မြက်ခင်းစိမ်းစိမ်းများကိုသော်လည်းကောင်း၊ ကောင်းကင်ပြာပြာကိုသော်လည်းကောင်း မမြင်ရပေ။ ရွှေဝါရောင်ကန္တာရတစ်စင်းသာ ရှိနေသည်။ စောစောက မြင်ကွင်းနှင့် မတူတော့ပေ။

‘ဒီအက်ကွဲကြောင်းထဲက ကမ္ဘာက စောစောက အက်ကွဲကြောင်းထဲက ကမ္ဘာနဲ့ မတူတာများလား’

တွေးနေသည့်အချိန်မှာပင် သူ့အနောက်မှ ကောင်းကင်အလင်းတန်းများ လင်းထိန်လာ၍ ချင်မူ လန့်ဖျပ်သွားသည်။ ဤတစ်ကြိမ်တွင် ပုန်းစရာနေရာ မရှိသောကြောင့် သေတ္တာကြီးကို ရှေ့သို့ ပြေးခိုင်းလိုက်ရသည်။

ကံကောင်းစွာနှင့် အက်ကွဲကြောင်းထဲရှိ ကမ္ဘာနှင့် မဝေးသောကြောင့် သေတ္တာကြီးသည် ရွှေရောင်ကန္တာရထဲ လဲကျသွား၏။ နှစ်ပတ်မျှ လှိမ့်သွားပြီနောက် သေတ္တာကြီး ပြန်မတ်တပ်ရပ်နိုင်သွားသည်။

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ အက်ကွဲကြောင်းထဲ ဝင်လာသော ကောင်းကင်အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ သူတို့ကို မြင်သွားသည်လား ၊ မမြင်သည်လား သူ မသိပေ။

သူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး သေတ္တာအောက်သို့ ကမန်းကတန်း ခုန်ဆင်းလိုက်သည်။ ပန်ကုန်းစုန်ကား အရိပ်အယောင်ပင် မမြင်ရတော့ပေ။

‘ဒီကောင် ပြေးတာ တော်တော်မြန်တာပဲ’

ချင်မူ တဟားဟား ရယ်လိုက်မိသည်။ ပန်ကုန်းစုန်သည် သူတို့ ရွှေဝါရောင်ကန္တာရထဲ ပြုတ်ကျသွားသည့်အချိန်ကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားခြင်းဖြစ်လိမ့်မည်။ မဟာမြို့ပျက်၏အမှောင်ထုထဲမှာတုန်းက ရှင်းအန်း လိုက်ဖမ်းနေခြင်းကြောင့် ပူး‌ပေါင်းခဲ့ကြသော်လည်း အမှောင်ထုမရှိသည်နှင့် ပန်ကုန်းစုန် ထွက်ပြေးသွားချေပြီ။

သူ့တွင် ခြေထောက်များမရှိသဖြင့် ချင်မူ့အား မယှဉ်နိုင်ပေ။ သူသာ နည်းနည်းနောက်ကျသွားလျှင် ထွက်ပြေးခွင့်ပင် ရလိုက်မည်မဟုတ်။

“မှော်ဆရာသခင်က တကယ် ဉာဏ်များတာပဲ” ချင်မူ ချီးကျူးလိုက်မိသည်။

သေတ္တာဖွင့်လိုက်သည့်အခါ နဂါးချီလင်မှာ သရဲခြောက်ခံခဲ့ရသကဲ့သို့ ကြောက်လန့်စွာ ထွက်လာသည်။ သေတ္တာအနားပင် သူ မကပ်ရဲတော့ပေ။

ချင်မူ သေတ္တာထဲ ကြည့်လိုက်၏။ ထောင်ကျယ်သားရဲ၏ အရိုးများဖြင့် တည်ဆောက်ထားသောကြောင့် အတွင်းနေရာသည် ကျယ်ပြန့်၏။ အစိတ်အပိုင်းများ တင်ထားသည့် စင်များစွာ ရှိနေသေးသော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ များစွာလျော့နည်းနေပြီဖြစ်သည်။

နှစ်ပိုင်းပြတ်ထားသည့် ရင်ဘတ်ကြီးအား တွဲချုပ်ထားသည်ကိုလည်း သူ မြင်လိုက်ရသည်။ ထိုရင်ဘတ်ကြီးသည် သားသတ်သမား၏ ဓားမနှစ်လက်ကြောင့် နှစ်ပိုင်းပြတ်သွားခြင်းဖြစ်၏။

သားသတ်သမားလက်ထဲမှ လွတ်အောင်ပြေးပြီးနောက် ထိုရင်ဘတ်ကြီးအား ရှင်းအန်း ပြန်တွဲချုပ်ထားခြင်း ဖြစ်လိမ့်မည်။

‘ဒီကောင်းကင်လက်တွေ၊ ခြေထောက်တွေ၊ ဝိညာဉ်တွေနဲ့ ခေါင်းတွေမှာ ငါ ဝိညာဉ်ဖွဲ့တည်ပေးပြီး နှိုးလိုက်နိုင်လို့ကတော့ ရှင်းအန်းကို ရင်ဆိုင်နိုင်လိမ့်မယ်’

ချင်မူ့အကြည့်များ လှုပ်ခတ်လှုပ်ခတ် ဖြစ်သွား‌သော်လည်း သေတ္တာကို ပြန်ပိတ်ကာ ရွှေရောင်ကန္တာရကို ဖြတ်ပြေးလိုက်သည်။ သေတ္တာကြီးကလည်း သူ့နောက်မှ လိုက်လာသည်။ နဂါးချီလင်လည်း လျင်မြန်စွာ ပြေးနေပြီး ကြောက်လန့်နေသောမျက်လုံးများဖြင့် သေတ္တာကြီးအား တစ်ချက်တစ်ချက် ခိုး,ခိုးကြည့်တတ်၏။

တခဏကြာသော် နဂါးချီလင်မှာ မကြောက်တော့ဘဲ သေတ္တာကြီး‌ပေါ် ခုန်တက်ကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။

‘ဖက်တီးနဂါးကတော့ တော်တော်ပျင်းပျင်း’ ပြေးနေသော သေတ္တာကြီးအပေါ်တွင် အခန့်သား လိုက်လာသည့် နဂါးချီလင်ကို ကြည့်ကာ ချင်မူ တွေးလိုက်မိသည်။

ချင်မူနှင့် သေတ္တာကြီး တရှိန်ထိုး ပြေးနေသည်။ ရုတ်တရက် သဲတောင်ပို့တစ်ခုအပေါ်တွင် ဧရာမအရိုးစုကြီးတစ်စုအား သူ တွေ့လိုက်ရ၏။ အရိုးစုကြီး၏တစ်ဝက်က သဲအောက်ထဲ နစ်မြုပ်နေသည်။

ချင်မူ ရှေ့သို့ လျှောက်သွားသည့်အခါ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ သူ ကမန်းကတန်း ရပ်လိုက်၍ သေတ္တာကြီးလည်း ရပ်သွား၏။ နဂါးချီလင်က အိပ်မောကျနေသော်လည်း ရုတ်တရက် ရပ်လိုက်မှုကြောင့် တမုဟုတ်ချင်း နိုးလာသည်။ သူက ခေါင်းထောင်၍ ဟိုကြည့်သည်ကြည့် ကြည့်ကာ အော်လိုက်သည်။ “ရှင်းအန်း လိုက်မှီလာပြီလား”

“မဟုတ်ဘူး”

ချင်မူက သဲဝါဝါများအောက်၌ နစ်မြုပ်နေသော နတ်ဘုရားအရိုးစုကြီးကို သေချာကြည့်လိုက်သည်။ နံရိုးများက အလွန်ကြီးမားပြီး ကားထွက်နေ၏။ ရင်ခေါင်းနေရာမှာ လူတစ်ဒါဇင်ကျော် ရပ်နိုင်လောက်အောင် ကြီးမားကျယ်ဝန်းသည်။

သူ ဂရုတစိုက် ရှေ့တိုးသွားနေစဉ် သေတ္တာကြီးလည်း ခြေဖျားထောက်လျက် လိုက်လာသည်။

ချင်မူ ရှေ့သို့ လက်လှမ်းလိုက်သော်လည်း တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ရသည်။ သူက ပန်ကုန်းစုန်၏ ဒယ်အိုးကြီး ထုတ်လိုက်ပြီး နတ်ဘုရားအရိုးစုအနားသို့ ဖြည်းဖြည်းချင်း ကပ်သွားသည်။

ရုတ်တရက် ဒေါင်ခနဲ ကြားလိုက်ရပြီး သူ ညည်းတွားလိုက်မိသည်။ သူ့လက်မနှင့် လက်ညှိုးကြားရှိ အရေပြား စုတ်ပြဲသွားသဖြင့် လက်ဝါးတစ်ဖက်လုံး သွေးချင်းနီသွား၏။ ဒယ်အိုးကြီး၏ခြေထောက်တစ်ဖက်လည်း ခုတ်ဖြတ်ခံလိုက်ရသည်။

ဤဒယ်အိုးကြီးသည် ပန်ကုန်းစုန် နတ်ဘုရားနီးနီး သန်မာအားကောင်းခဲ့သည့် ဘဝတုန်းက သွန်းလုပ်ခဲ့သော ဒယ်အိုးကြီးဖြစ်ရာ ဂိုဏ်းအမွေအနှစ်အဆင့် ရတနာတစ်ပါးနှင့် ညီမျှလေသည်။

ချင်မူမှာ ဓားစက်လုံးဖြင့်ပင် ၎င်းအား မထိုးဖောက်နိုင်ခဲ့ပေ။ ဤသည်က ထိုဒယ်အိုး မည်မျှမာကြောင်း သက်သေပြရန် လုံလောက်သည်။

သို့တိုင်အောင် နတ်ဘုရားအရိုးစု၏ ရှေ့‌မှောက်တွင်တော့ ရွှံ့လေးသဖွယ်သာ။ ခြေထောက်တစ်ဖက်ပင် ခုတ်ဖြတ်ခံလိုက်ရသေးသည်။

ချင်မူ နာကျင်မှုကို တောင့်ခံကာ ဒဏ်ရာကို ချုပ်လိုက်သည်။ ဒယ်အိုး၏ ခြေပြတ်ကို ကောက်ယူကြည့်လိုက်သည့်အခါ ပြတ်သွားသည့်နေရာမှာ မမြင်ရသော ဓားတစ်လက်ဖြင့် ခုတ်ပြတ်ခံလိုက်ရသကဲ့သို့ တိတိရိရိ ပြတ်နေကြောင်း တွေ့လိုက်ရ၏။

ပြတ်နေသောမျက်နှာပြင်ကို ထိကြည့်ရာတွင် ခြစ်ခြစ်တောက်နေသော အပူဓာတ်ကို ခံစားရသည်။

“ဒါက ယင်-ယန်ချီနှစ်မျိုးထဲက ယန်ချီပဲ။ ဒီအလောင်းရဲ့ပိုင်ရှင်က သူ့ရုပ်ခန္ဓာကို ကာကွယ်ဖို့ နတ်ချီစွမ်းအင်အဖြစ် ဖွဲ့တည်ထားတာ ဖြစ်မယ်”

ချင်မူ ဒယ်အိုးကြီးနှင့် ခြေပြတ်ကို သိမ်းနေသည့်အချိန် နဂါးချီလင်က လှမ်းကြည့်ပြီး စပ်စု၏။ “ဂိုဏ်းသခင်၊ ဘယ်ဟာ ဒယ်အိုးကို ခုတ်ဖြတ်လိုက်တာလဲ”

“ဒီနတ်ဘုရားရဲ့ ကောင်းကင်ရတနာတွေ”

ချင်မူ သဲဝါလက်တစ်အုပ်ကို ဆုပ်ပြီး ရှေ့သို့ မှုတ်ထုတ်လိုက်သည်။ သဲမှုန်များ လွင့်မျောသွားသည်နှင့် သာမန်မျက်စိဖြင့် မမြင်နိုင်သောအရာ ဖြစ်ပျက်သွား၏။

သဲထဲ လဲကျနေခဲ့သော ဧရာမနတ်ဘုရားကြီး၏ အရိုးစုထဲတွင် ပြည့်စုံသော ကောင်းကင်ရတနာခုနစ်ပါး ရှိနေချေသည်။

သာမန်မျက်စိဖြင့် ကောင်းကင်ရတနာခုနစ်ပါးအား မမြင်ခဲ့ရသော်လည်း သဲမှုန်များ အနားရောက်လာသည့်အခါ ကောင်းကင်အလင်းတန်းများ ရောင်စုံဖြာထွက်လာပြီး ကောင်းကင်ရတနာခုနစ်ပါး ‌တောက်ပလာသည်။

နတ်ဘုရား၏ရုပ်အလောင်းက ကြီးမားသော်လည်း ကောင်းကင်ရတနာများကတော့ မကြီးမားပေ။ နတ်ဘုရားအလောင်း၏ မျက်ခုံးနှစ်ဖက်ကြားနေရာရှိ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာသည် တစ်လက်မ, ပတ်ပတ်လည်သာ ရှိ၏။ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာက အနည်းငယ်သာ ပိုကြီးသည်။ အရပ်ခြောက်မျက်နှာကောင်းကင်ရတနာက တျန်ထျန်းနေရာတွင် ရှိပြီး ခုနစ်စဉ်ကြယ်က ‌ဦးခေါင်း၊ နှလုံးနှင့် အဆုတ်များအကြား တည်ရှိနေသည်။

ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာသည် ကျောရိုးပေါ်တွင် ဖြစ်ကာ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကမူ ခါးအောက်တွင် ရှိ၏။ ‌ကောင်းကင်တံတားကောင်းကင်ရတနာကတော့ ဝိညာဉ်သန္ဓေသားကောင်းကင်ထဲမှ ထွက်လာပြီး ‌တံတားပျံတစ်စင်းအသွင် ဖွဲ့တည်ကာ ဦးခေါင်းဆီမှ ဆန့်ထွက်လာလိမ့်မည်။

ဤကောင်းကင်ရတနာများက မကြီးမားသော်လည်း အနီးကပ်ကြည့်လျှင် တစ်ခုနှင့်တစ်ခုအကြား မိုင်ပေါင်းများစွာ ဝေးကွာနေသယောင် ထင်ရကြောင်း ထူးဆန်းစွာ တွေ့ရလိမ့်မည်။ ခြောက်ကပ်နေသော နေတစ်စင်း၊ လတစ်စင်းနှင့် ကြယ်များကိုပင် ချင်မူ မြင်ရ၏။ နဂါးငွေ့တန်းပင်လယ်နှင့် ကြယ်အစုအဝေးများလည်း ကျိုးပဲ့ပျက်စီးနေသည်ကို မြင်တွေ့ရသည်။

ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ဗဟိုချက်တွင် နတ်ဘုရား၏ ဝိညာဉ်သန္ဓေသား ရှိနေသည်။ ဝိညာဉ်သန္ဓေသားအနေဖြင့် မူလဝိညာဉ်နှင့် ပူးတွဲနေသင့်သော်လည်း အရိုးစု၏ ဝိညာဉ်က ထွက်သွားခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် ဝိညာဉ်သန္ဓေသားက မနွမ်းခြောက်သေးပေ။

‘မူလဝိညာဉ် ဒဏ်ရာရပြီး သေသွားတာပဲ’

ချင်မူ၏သူငယ်အိမ်များတွင် ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လည်ပတ်လာကာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို စိုက်ကြည့်လိုက်သည်။ နတ်ဘုရား၏ ဝိညာဉ်သန္ဓေသားမှာ ရင်ဘတ်နေရာ၌ ထိုးဖောက်ခံထားရ၏။ ဓားက ဓားရိပ်ပင် ချန်ရစ်ခဲ့ရာ ကြောက်မက်ဖွယ်ရာဓားချက်၏ သက်သေ ဖြစ်သည်။

ပဲ့ကျနေသော နေနှင့်လက ဝိညာဉ်သန္ဓေသားကို လှည့်ပတ်နေပြီး နေနှင့်လဆီမှ တောက်ပသောအလင်းတန်းများ ဖြာကျနေသည်။ ထိုအလင်းတန်းများက ယန်ချီနှင့် ယင်ချီ ဖြစ်သည်။

ဒယ်အိုးကြီး၏ခြေထောက်တစ်ဖက်အား ခုတ်ပြတ်ခဲ့သည်က သန့်စင်သော ယန်ချီ ဖြစ်သည်။

“သူ သေသွားတော့ အသွေးအသားတွေ ခြောက်ကပ်ကုန်ပေမယ့် ကောင်းကင်ရတနာတွေကို ပြည့်စုံအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဝိညာဉ်သန္ဓေသား ရှိနေသေးသလို၊ နတ်ချီစွမ်းအင်အကြွင်းအကျန်တွေကလည်း ဂိုဏ်းသခင်အဆင့် ရတနာကိုတောင် အလွယ်တကူ ပိုင်းဖြတ်နိုင်တဲ့အထိ အားကောင်းတုန်းပဲ”

ချင်မူ တစ်ယောက်တည်း စမ်းတဝါးဝါး ရေရွတ်နေသည်။ သာမန်နတ်ဘုရားတစ်ပါးအနေဖြင့် သေပြီးနောက်တွင် ယခုလို လုပ်နိုင်မည်မဟုတ်ပေ။ ရှုရှန်းဟွာဆရာ၊ ကျောက်စိမ်းဧကရာဇ် နေသူရိန်ခွင်းအမြှောက်ကြောင့် မရှုမလှ သေခဲ့ရစဉ်က သူ၏ အလောင်းကို ချင်မူ ကြည့်ခဲ့ရသည်။

ကျောက်စိမ်းဧကရာဇ်၏အလောင်းမှ သိပ်သည်းသော နတ်ဘုရားအရှိန်အဝါ ထုတ်လွှတ်နေခဲ့သော်လည်း ဤနတ်ဘုရားအရိုးစုအား မယှဉ်နိုင်ပေ။

ထို့အပြင် ကျောက်စိမ်းဧကရာဇ် သေသွားသည့်အခါ သူ၏ကောင်းကင်ရတနာများလည်း ပျက်စီးသွားခဲ့သည်။

‘ဒါ နတ်ဘုရားအစစ် တကယ့်နတ်ဘုရားပဲ’ ချင်မူ့အမူအရာ‌ လေးနက်သွားပြီး ထောင်ကျယ်အိတ်ထဲမှ လိပ်နက်ပုတီးစေ့ ထုတ်လိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီနေရာမှာ တကယ့်နတ်ဘုရားတစ်ပါးက ဘာလို့ သေသွားတာလဲ”

ချင်မူက လိပ်နက်ပုတီးစေ့၏ စွမ်းအင်ဖြင့် နတ်ဘုရားအရိုးစု၏ ဝိညာဉ်ကို နှိုးရန် ပြင်နေချေသည်။

အရိုးများ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာသည်။

အလောင်းက ရုတ်တရက် ဆတ်ခနဲ တွန့်သွား၍ နဂါးချီလင် အထိတ်တလန့် ထခုန်မိလိုက်သည်။ သူ့အကြေးခွံများ ထောင်သွားပြီး အမြီးပင် တုန်ခါသွား၏။

ချင်မူက အမျိုးသမီး ကျင့်ကြံရန် အသင့်တော်ဆုံးဖြစ်သည့် ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည်။ သူ့အတွေးများ ရှုပ်ထွေးလွန်း၍ ထိုကျင့်စဉ်အား အဆုံးထိ မကျင့်ကြံနိုင်သော်လည်း လိပ်နက်ပုတီးစေ့ဖြင့် ထုတ်လွှတ်နိုင်သည်ဆိုရုံ ထုတ်လွှတ်နိုင်လေသည်။

အရိုးစုကြီးက သဲထဲမှ ဖြည်းဖြည်းချင်း ထလာကြသည်။ ၎င်း၏အရိုးခေါင်းကြီးက အောက်ငိုက်စိုက်ကာ ချင်မူနှင့် နဂါးချီလင်အား အကဲခတ်နေပုံရ၏။ မျက်တွင်း‌ပေါက်များနှင့် ပါးစပ်ထဲမှ သဲဝါဝါများက ရေတံခွန်များသဖွယ် စီးကျလာသည်။

“တိုက်” အရိုးစုက ငေါက်ခနဲ ထရပ်ကာ သဲတောင်ပို့ထဲမှ စုတ်ပြတ်နေသော အလံတစ်ခုကို ဆွဲယူလိုက်သည်။ သူ  အလံကို ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ကောင်းကင်ရတနာထဲရှိ မှော်စွမ်းအင်လက်ကျန်များ လှုပ်ခါလာပြီး အသွေးအသားမရှိတော့သော်လည်း သူက ကမ္ဘာတုန်ဟည်းသွားစေသည့် အသံကြီးဖြင့် ပြောလိုက်၏။ “အမိန့်တော်တိုင်း ငါတို့အမိမြေအတွက် ဘယ်တော့မှ နောက်မဆုတ်ဘူး။ တိုက်၊ ငါတို့ တိုက်ခိုက်ရမယ်”

ချင်မူ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခေါင်းကုတ်လိုက်မိသည်။ သူ ဆင့်ခေါ်ခဲ့သော ဝိညာဉ်မှာ ဝိညာဉ်အသစ် ဖြစ်သင့်သော်လည်း အရိုးစု၏ အသိစိတ်တစ်စိတ်တစ်ပိုင်းက ၎င်းကို လွှမ်းမိုးသွားဟန်တူသည်။

“စစ်ကြီးပြီးသွားတာ နှစ်ပေါင်းများစွာ ကြာပါပြီ နောင်တော်” ချင်မူ လှမ်းအော်လိုက်သည်။ “နောင်တော်ရဲ့ မွေးရပ်မြေက ဘယ်နေရာလဲ။ ဘာလို့ ဒီမှာ သေသွားတာလဲ။ ဘယ်သူ့အမိန့်တော်အတွက် တိုက်ခိုက်နေတာလဲ။ ဘယ်သူက ရန်သူလဲ”

အရိုးစုက ခေါင်းငုံ့ကာ သူ့ကို ကြည့်သည်။ “ချုံဧကရာဇ်ရဲ့ လက်အောက်ငယ်သား၊ ပေ့လော့ရှစ်မန်တပ် အမြင့်စံအရာရှိတွေအနေနဲ့ ဒီနေရာမှာ ခုခံရမယ့် အမိန့်ရထားလို့ပါ။ ညီတော်က ဘယ်ကလာတာပဲ။ ဒီနေရာက စစ်မြေပြင်ပါ။ မြန်မြန် ထွက်သွားတော့။ ငါ့ရဲ့ ညီအစ်ကိုတွေရော ဘယ်ရောက်နေတာလဲ”

နတ်ဘုရားအရိုးစုက ဧရာမအလံကြီးကို ဝှေ့ယမ်းကာ သဲတောင်ကုန်းအတိုင်း တရှိန်ထိုး ပြေးသွားသည်။ ထို့နောက် တုံ့ခနဲ ရပ်သွား၏။

‘ခိုင်ဧကရာဇ်ခေတ်ကများလား။ နှစ်ပေါင်းထောင်နဲ့ချီ ကြာနေပြီမဟုတ်ဘူးလား’

ချင်မူ စိတ်ရှုပ်ထွေးသွားပြီး သေတ္တာကြီးနှင့်အတူ ကမန်းကတန်း လိုက်သွား၏။ သဲတောင်ကုန်းအပေါ် ရောက်သည့်အခါ သူ မှင်သက်သွားလေသည်။ သူတို့အရှေ့ ကန္တာရထဲတွင် အရိုးစုများ ပြန့်ကြဲနေသည်။

ရွှေဝါရောင်သဲများမှာ အရိုးစုကြီးများကို မဖုံးနိုင်သဖြင့် တချို့တစ်ဝက် ထိုးထွက်နေကြ၏။

စစ်ရထားအပိုင်းအစများနှင့် နတ်လက်နက်များလည်း ပြန့်ကြဲနေသည်။ စစ်သင်္ဘောအပျက်အစီးများ၊ ကိုက်သုံးရာကျော် မြင့်မားသော သတ္တုပြားကြီးများကိုလည်း တွေ့မြင်ရသည်။

ချင်မူ ငေးကြောင်နေမိသည်။ သူ့ရှေ့တွင် ရှိနေသည်မှာ နတ်ဘုရားတို့၏ စစ်မြေပြင် ဖြစ်ချေသည်။ ထောင်ပေါင်းများစွာ သေဆုံးသွားကြသော်လည်း မည်သူမှ မြေမြုပ်သင်္ဂြိုဟ်ခြင်းမခံခဲ့ရပေ။

“ဒါ ဘယ်နှစ်လဲ” သူ့ဘေးရှိ နတ်ဘုရားက ခေါင်းငုံ့ကာ မေးလာသည်။ “ချုံဧကရာဇ် ဘယ်မှာလဲ။ ငါ့ညီအစ်ကိုတွေရဲ့ အလောင်းတွေကို ဘာလို့အခုလို ပစ်ထားတာလဲ။ သေဆုံးသွားတဲ့ စစ်သည်‌‌တော်တွေအပေါ် လေးစားသမှုအနေနဲ့ ‌မြေတောင် မမြှုပ်ပေးနိုင်ဘူးလား”

“နောင်တော်၊ ချုံဧကရာဇ်ခေတ် အဆုံးသတ်သွားလို့ ဒဏ္ဍာရီတောင် ဖြစ်နေပါပြီ။ ချုံဧကရာဇ်တင်မကဘူး၊ ခိုင်ဧကရာဇ်ခေတ်လည်း နိဂုံးချုပ်သွားပါပြီ....” ချင်မူ ဝမ်းနည်းစွာ ပြောလိုက်သည်။

“ချုံဧကရာဇ်လည်း တိုက်ပွဲကျသွားတာလား” နတ်ဘုရား ခေါင်းငိုက်စိုက်ကျသွား၏။ ငိုနေပုံရသော်လည်း မျက်ရည်များ မကျလာပေ။ သူက စစ်မြေပြင်ဆီသို့ လျှောက်သွားပြီး အရိုးဖြူတစ်‌ခုအား ကောက်လိုက်သည်။ “ငါ့ညီအစ်ကိုတွေ၊ ငါ့သွေးသောက်ရဲဘော်တွေ၊ ချုံဧကရာဇ်ခေတ် မတည်ရှိတော့ပေမယ့် မင်းတို့တွေကို အနားယူစရာနေရာမရှိဘဲ အခုလို ပစ်မထားနိုင်ဘူး.... ညီလေး”

သူက ချင်မူ့ကို ‘လှည့်ကြည့်’သည်။ “ငါ့ညီအစ်ကိုတွေကို နှိုးပေးလို့ရလား။ ငါတို့ ကိုယ့်ကိုယ်ကို သင်္ဂြိုဟ်ပြီး အေးအေးချမ်းချမ်း အနားယူချင်လို့ပါ”

All Chapters