အမျက်ဒေါသများ
Vol. 71 Ch. 983
နေအဖွဲ့အစည်း၏ အလင်းရောင်မှာ ထူးဆန်းနေခြင်းဖြစ်သည်။ ပို၍တိတိကျကျ ဆိုရမည်ဆိုလျှင် ၎င်းမှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားခဲ့စဉ်တုန်းကထက် ပို၍ တောက်ပနေခြင်းဖြစ်၏။ ၎င်း၏ ပတ်ပတ်လည်တွင် ခပ်မှိန်မှိန် အလင်းရောင်စက်ဝန်းတစ်ခုပင် ရှိနေသေးသည်။
ထို အလင်းရောင်စက်ဝန်းမှာ နေမင်းကြီး၏ သာမန် အလင်းရောင်စက်ဝန်းနှင့် မတူပေ။ ဂြိုဟ်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများသာလျှင် ၎င်းအား မြင်နိုင်ပေသည်။ ဂြိုဟ်အဆင့်အောက်တွင် ရှိနေသည့် ကျင့်ကြံသူများမှာ ၎င်းအား လုံးဝမြင်နိုင်မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ထို အလင်းရောင်စက်ဝန်းအား ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။ ထို့အပြင် သူသည် ထို အလင်းရောင်စက်ဝန်း စတင်ထွက်ပေါ်လာသည့် နေရာကိုလည်း မြင်နေရသေးသည်။ ၎င်းမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး ဖြစ်၏။ ပို၍ တိတိကျကျ ဆိုရပါက ဓားကြီး၏ ထိပ်ဖျားပိုင်းတွင် နေမင်းကြီးအား တမူထူးခြားသည့် နည်းလမ်းတစ်ခုဖြင့် ဆွဲငင်နေသည့် အငွေ့အသက်တစ်မျိုး ရှိနေခြင်းဖြစ်သည်။ တစ်ဖက်တွင် ထို အငွေ့အသက်မှာ နေမင်းကြီး၏ စွမ်းအားများကို ဖြည်းညင်းစွာ စုပ်ယူနေသလို အခြားတစ်ဖက်တွင်လည်း ၎င်းမှာ နေမင်းကြီးအား ဖြည်းဖြည်းချင်း သက်တမ်းကုန်သွားအောင် လုပ်နေ၏။
ထို နေမင်းကြီး ယခင်တုန်းကထက် ပို၍ တောက်ပနေရခြင်းမှာ ၎င်း၏ နောက်ဆုံး အလင်းရောင်များကို ထုတ်လွှတ်နေသောကြောင့် ဖြစ်သည်။ ၎င်းမှာ ချက်ချင်း သေဆုံးသွားတော့မည့် အနေအထားသို့ မရောက်သေးပါသော်လည်း လက်ရှိ အမြန်နှုန်းအတိုင်းသာဆိုပါက နှစ်ပေါင်းတစ်ထောင်အတွင်းတွင် လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာပြောင်းလဲသွားရ၏။ သူသည် ထိုမြင်ကွင်းကြီးမှာ သူ ထွက်ခွာသွားပြီးမှ ပေါ်ပေါက်လာခဲ့သည်လော သို့မဟုတ် သူ ထွက်ခွာမသွားခင်ကတည်းက ရှိနေခဲ့သည်လော အတိအကျမသိနိုင်ဘဲ ဖြစ်နေရသည်။ ယခင်တုန်းက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေခဲ့သောကြောင့် ၎င်းအား မမြင်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ ထိုဓားကြီး၏ ထိပ်ဖျားပိုင်းတွင် ဂြိုဟ်အဆင့် အငွေ့အသက်များကို အာရုံခံမိလိုက်ဆဲပင်။ ထို့ကြောင့် သူသည် အချက်တစ်ချက်အား သိလိုက်၏... ဓားထိပ်ရှိ ကျယ်ပြန့်တာအိုနန်းတော်မှ အစွမ်းထက်ကျင့်ကြံသူကြီးများ အိပ်မောကျနေသည့် နေရာတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ရပေမည်။
" နေအဖွဲ့အစည်းရဲ့ နေမင်းကြီးကို အသုံးပြုပြီးတော့ ဒဏ်ရာတွေပျောက်ကင်းအောင် ကုသနေတာပဲ... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သို့သော် သူသည် အလောတကြီး ပြုမူခဲ့ခြင်းမရှိပေ။ သူသည် ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ဖြစ်ပျက်ခဲ့သည့် အရာများကို ပို၍နားလည်လာပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ပြည်ထောင်စုကြီးထဲ၌ ပြောင်းလဲမှုများ ပေါ်ပေါက်လာခြင်းရှိမရှိ စုံစမ်းရန် လိုအပ်သေးသည်။
အကယ်၍ မည်သည့်ပြောင်းလဲမှုမှ ပေါ်ပေါက်လာခဲ့ခြင်းမရှိပါက နေမင်းကြီးမှာ သူ ထွက်မသွားခင်ကတည်းက ယခုလိုဖြစ်နေခဲ့ခြင်းဖြစ်ပြီး သူ့ဘက်မှ သတိမထားမိခဲ့ခြင်းသာ ဖြစ်ရပေမည်။ သို့သော် အကယ်၍ ပြည်ထောင်စုကြီးထဲ၌ ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့လျှင်မူ နေမင်းကြီးမှာ မကြာသေးမီတုန်းကမှ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ရပေမည်။
ထို အချက်ပေါ် မူတည်၍ ကျယ်ပြန့်တာအိုနန်းတော်အပေါ် ထားရှိသည့် သူ၏ သဘောထားများမှာလည်း ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံအား ချက်ချင်း ဖြန့်ကြက်ကာ ကမ္ဘာဂြိုဟ်အား လွှမ်းခြုံသွားစေလိုက်၏။
သို့သော် တစ်အောင်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ အမူအရာမှာ ပြောင်းလဲသွားရပြန်သည်။ သူ၏ နတ်ဘုရားအာရုံမှာ လျှို့ဝှက်လွန်းလှသောကြောင့် မည်သူကမှ သူ့အား အာရုံခံနိုင်စွမ်းမရှိပေ။ သို့သော် သူ၏ အသိစိတ်ထဲတွင်မူ ကမ္ဘာဂြိုဟ်ပေါ်ရှိ အရာအားလုံးမှာ ရှင်းလင်းပြတ်သားစွာ ပေါ်ပေါက်လာ၏။
သူသည် သွမ့်မုချွယ်၏ အငွေ့အသက်များကို ရှာမတွေ့ခဲ့သလို ကောင်းကင်တာအိုကျောင်းမှ မဟာထိပ်သီးအကြီးအကဲကြီး၏ အငွေ့အသက်များကိုလည်း ရှာမတွေ့ခဲ့ပေ။ ထို့အပြင် သူသည် လင်းယုံနှင့် အခြားသူများ၏ အငွေ့အသက်များကိုပင် အာရုံမခံမိခဲ့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး ကောင်းကင်မြို့တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို မြို့တော်ထဲရှိ ကောင်းကင်တာအိုကျောင်းမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျောင်းထဲရှိ ရေကန်ကြီးမှာလည်း စစ်ဒဏ်ကြောင့် ချိုင့်ခွက်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည့် ပုံပင်။ ထို ချိုင့်ခွက်ကြီးပေါ်တွင် ဧရာမ လက်ဖဝါးရာကြီးတစ်ခု ရှိနေသည်ကို မြင်နိုင်ပေသည်။
သို့ဖြစ်ရာ မိုးကောင်းကင်ပေါ်မှ လက်ကြီးတစ်ဖက် ဆင်းသက်လာပြီး ကောင်းကင်တာအိုကျောင်းထဲမှ ကျွန်းများအားလုံးအား ဖျက်ဆီးပစ်ခဲ့သည့် ပုံပင်။
ဝမ်ပေါင်လဲ့အား တုန်ရီသွားစေခဲ့သည့် အချက်မှာ သူသည် သူ၏ မိဘများ၏ အငွေ့အသက်များအား ကောင်းကင်မြို့တော်ထဲတွင်သာမက ကမ္ဘာဂြိုဟ်ပေါ်ရှိ အခြား မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ခြင်းပင်။
သူသည် ကမ္ဘာဂြိုဟ်ပေါ်ရှိ နေရာအနှံ့အပြား၌ ကျန်ရစ်ခဲ့သည့် နတ်ဘုရားစွမ်းရည် အငွေ့အသက်များကိုသာ အာရုံခံမိခဲ့၏။ ထို့အပြင် မည်သူကမှ ပြုံးနေကြခြင်း မရှိဘဲ သူတို့အားလုံးမှာ မောပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းနေသည့်ပုံ ပေါက်နေကြသည်။
ထို အခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်မသက်မသာ ဖြစ်လာရတော့သည်။ သူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် ချုပ်တည်းခဲ့ရသည့် သတ်ဖြတ်လိုစိတ်များမှာလည်း သူ၏ နှလုံးသားထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ နတ်ဘုရားအာရုံအား ချက်ချင်းဖြန့်ကြက်လိုက်ပြီး နေအဖွဲ့အစည်း တစ်ခုလုံးအား ဖုံးလွှမ်းသွားစေလိုက်တော့သည်။
ထိုအခါ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသာပတေးဂြိုဟ်၊ စနေဂြိုဟ်၊ ပလူတိုဂြိုဟ်နှင့် အခြားဂြိုဟ်များမှာ သူ၏ အသိစိတ်ထဲ၌ ချက်ချင်းပေါ်ပေါက်လာ၏။
ထို ဂြိုဟ်များ အားလုံးမှာလည်း လူသူကင်းမဲ့နေကြသည်....
ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ သတ်ဖြတ်လိုစိတ်များနှင့် စိုးရိမ်စိတ်များကို ချုပ်တည်းနိုင်စွမ်း မရှိတော့သဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲလုမတတ် ဖြစ်နေစဉ်မှာပင် အင်္ဂါဂြိုဟ်မှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ သူသည် ထိုဂြိုဟ်ပေါ်တွင် သူ ရင်းရင်းနှီးနှီး သိနေသည့် အငွေ့အသက်များစွာအား အာရုံခံမိလိုက်သဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သို့သော် သူသည် အခြား အငွေ့အသက်များကို ဂရုစိုက်နေခြင်းမရှိဘဲ အင်္ဂါဂြိုဟ် မြို့တော်သစ်ထဲရှိ အိမ်တစ်လုံးထဲတွင် ရှိနေသည့် လူနှစ်ယောက်၏ အငွေ့အသက်များကိုသာ အာရုံစိုက်ထားလိုက်သည်။
ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်အား မြင်လိုက်ရသည်နှင့် နှလုံးသားထဲ၌ ပြည့်နှက်နေသည့် သတ်ဖြတ်လိုစိတ်များမှာ ချက်ချင်းလျော့ကျသွားရသလို သူ၏ မျက်ဝန်းများမှာလည်း နူးညံ့သိမ်မွေ့သွား၏။ ထိုနှစ်ယောက်မှာ သူ၏ မိဘနှစ်ပါး ဖြစ်ပေသည်။
သူသည် ထိုအိမ်ငယ်လေးထဲ၌ သူ၏ဖခင်ဖြစ်သူအား မြင်လိုက်ရ၏။ သူသည် တစ်ခေါင်းလုံးနီးပါး ဆံပင်ဖြူများပေါက်နေပြီး မလှုပ်မယှက်ထိုင်ကာ ကောင်းကင်ယံကြီးအား လှမ်းကြည့်နေသည်။ သူ တွေးနေသည့် အရာများကို မသိနိုင်ပါသော်လည်း သူ၏ဘေးတွင်မူ ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ သူ၏ပခုံးပေါ်သို့ မှီထား၏။
သူမသည် သိသိသာသာ အိုစာသွားပြီဖြစ်ပြီး မျက်နှာပေါ်တွင်လည်း အရေးကြောင်းများ ပြည့်နှက်နေပြီဖြစ်သည်။ ယခုတွင် သူမသည် ခေါင်းငုံ့ကာ သူမ၏ လက်ထဲရှိ ဓာတ်ပုံအား စိုက်ကြည့်နေရင်း အဆက်မပြတ် ချောင်းဆိုးနေသည်။ ထိုဓာတ်ပုံထဲတွင် လက်ညှိုးနှင့်လက်ခလယ် နှစ်ချောင်းကို ထောင်ကာ လက်နှစ်ဖက်စလုံးအား မြှောက်ထားသည့် ဖက်တီးလေးတစ်ယောက်၏ ရှိနေ၏။
ထို ဖက်တီးလေး၏ ခန္ဓာကိုယ်မှာ လုံးဝန်းနေပြီး သူ၏ မျက်လုံးများမှာ မှေးနေ၏။ သူ၏ မျက်နှာပေါ်တွင်မူ သူ့ကိုယ်သူ ကျေနပ်နေသည့် အပြုံးတစ်ပွင့် ရှိနေသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ လွမ်းဆွတ်တမ်းတစိတ်များ ပေါ်ပေါက်လာရ၏။ သူသည် နှုတ်ဆိတ်သွားပြီး အပြစ်ရှိသလို ခံစားနေရပြီ ဖြစ်သည်။ ထို့အပြင် သူသည် သူ၏ မိခင်ဖြစ်သူ မကြာခဏဆိုသလို ချောင်းဆိုးနေပြီး သူ၏ ဖခင်ဖြစ်သူ၏ မျက်ဝန်းများထဲ၌ ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်ကိုလည်း သတိထားမိလိုက်သည်။
" အဖေ၊ အမေ... " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာလည်း စကြဝဠာကြီးထဲတွင် ရှိနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် သူသည် အင်္ဂါဂြိုဟ်မြို့တော်သစ်၏ အိမ်ထဲရှိ သူ၏ မိဘနှစ်ပါးနောက်၌ ပြန်လည်ပေါ်ပေါက်လာပြီး ဒူးထောက်ချလိုက်တော့သည်။
သူ၏စကားသံ ထွက်ပေါ်လာသည်နှင့် သူ၏ရှေ့တွင်ရှိနေသည့် သူ၏မိဘနှစ်ပါးမှာ ခန္ဓာကိုယ်များ တုန်ရီသွား၏။ သူတို့မှာ နောက်သို့ လှည့်လာသောအခါ သူတို့၏ သားဖြစ်သူအား မြင်လိုက်ရသည်။ သို့သော် အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် သူတို့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ သူတို့နှစ်ယောက် ကတုန်ကယင် ဖြစ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ မိခင်၏ လက်ထဲမှ ဓာတ်ပုံမှာ အောက်သို့ပြုတ်ကျသွားသည်။
" ပေါင်လဲ့လား "
" အဖေ၊ အမေ။ ကျွန်တော် ပြန်ရောက်လာပြီ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
သူ၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားပြီဖြစ်သည့်တိုင်အောင် သူ၏မိဘနှစ်ပါးမှာ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့အား မှတ်မိနေဆဲပင်။ သူ၏ မိခင်ဖြစ်သူမှာ သူ့အား ချက်ချင်းထွေးပွေ့လိုက်ပြီး မျက်ဝန်းများထဲမှ မျက်ရည်များ အလိုလို စီးကျလာ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးပြီးသွားသည့်တိုင်အောင် သူမသည် စကားမပြောနိုင်သေးပေ။
ဝမ်ပေါင်လဲ့မှာ သူ၏ မိခင်ဖြစ်သူ၏ ကျောကုန်းအား အသာအယာ ပွတ်သပ်ပေးရင်း သူမ၏ စကားများအား နားထောင်နေလိုက်၏။ သူ၏မိခင်မှာ အငိုမတိတ်သေးသောကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင်အပြစ်ရှိသလို ခံစားလာရတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ နှလုံးသားထဲမှ ပေါက်ကွဲထွက်လာလုမတတ် ဖြစ်နေသည့် သူ၏ ဒေါသများကို ချုပ်တည်းနိုင်စွမ်း မရှိလောက်အောင် ဖြစ်နေရသည်။
သို့သော် သူသည် သူ၏မိဘနှစ်ပါးရှေ့တွင် ရှိနေသဖြင့် သူ၏ အမျက်ဒေါသများကို မျိုသိပ်ထားလိုက်၏။ ထို့နောက် သူသည် သူ၏ဘေးတွင် ခံစားချက်မျိုးစုံ ရောယှက်နေသည့် မျက်နှာအမူအရာဖြင့် ရပ်ကာ သက်ပြင်းချနေသည့် သူ၏ဖခင်အား လှမ်းကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော သူ၏ ကျင့်ကြံခြင်းစွမ်းအားများကြောင့် သူ၏ မိခင်မှာ သူ၏ ရင်ခွင်ထဲ၌ အိပ်ပျော်သွားပြီ ဖြစ်သည်။
သူသည် သူ၏မိခင်ဖြစ်သူအား ကုတင်ပေါ်သို့ အသာအယာ တင်ပေးလိုက်ပြီးနောက် သူမအား စောင်ခြုံပေးလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး သူ၏ ဖခင်ဖြစ်သူအား လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် မတ်တတ်ထလာပြီး ဇဝေဇဝါဖြစ်နေသည့် သူ၏ ဖခင်အား ပွေ့ဖက်ကာ မေးမြန်းလိုက်တော့သည်။
" အဖေ။ အမေ့ကို ဒဏ်ရာရအောင် ဘယ်သူလုပ်တာလဲ "
သူသည် သူ့ကိုယ်သူ ချုပ်တည်းထားသည့်တိုင်အောင် သူ၏ နှလုံးသားထဲရှိ ဒေါသစိတ်များကြောင့် အင်္ဂါဂြိုဟ်တစ်ခုလုံးမှာ တုန်ရီသွားရဆဲပင်။ ထို့ကြောင့် အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်နေကြသည့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရ၏။
ဝမ်ပေါင်လဲ့တစ်ယောက် ယခုလို ဒေါသထွက်နေရခြင်းမှာ... သူသည် သူ၏ မိခင်အား မြင်လိုက်ရစဉ်ကတည်းက သူမ၏ ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှ အားအင်နုံးချည့်နေကြောင်း သတိထားမိလိုက်သောကြောင့်ပင်။ သူမ၏ အသက်အခြေခံအုတ်မြစ်မှာ ထိခိုက်ပျက်စီးသွားခဲ့ပြီး သူမသည် ဘဝ၏ နေဝင်ချိန်သို့ ရောက်နေသည့်အလား ဖြစ်နေ၏။ ထို့အပြင် အခြားတစ်စုံတစ်ယောက် မန္တန်တစ်ခုအား အသုံးပြုကာ သူမ၏ အသက်အား ဆွဲဆန့်ပေးထားရသည့် အရိပ်အယောင်များလည်း ရှိနေသေးသည်။
" ပေါင်လဲ့... " ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာ စိတ်နှလုံး လှုပ်ရှားနေဆဲပင်။ သူသည်လည်း အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွား၏။ သူသည် သူ၏ သားဖြစ်သူအား စိုက်ကြည့်နေရင်း မျက်ရည်များအား ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ဘဲ သူ ထွက်ခွာသွားပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စများထဲမှ သူသိထားသမျှ အကြောင်းအရာအားလုံးကို တစ်လုံးမကျန် ပြောပြလိုက်တော့သည်။
ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီး သုံးနှစ်အကြာတွင် ကမ္ဘာဂြိုဟ်ပေါ်မှ အခြေအနေများမှာ အများကြီးပြောင်းလဲသွားခဲ့၏။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ တန်ခိုးအာဏာ ကြီးထွားလာခဲ့ပြီး ကျိုးမိသားစုနှင့် လီမိသားစုတို့၏ ဦးဆောင်မှုအောက်တွင် နေအဖွဲ့အစည်း၏ နိုင်ငံရေး အခင်းအကျင်းများကို ပြောင်းလဲပစ်ခဲ့၏။ ဖုန့်ချိုးရန်မှာ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခံလိုက်ရသလို၊ လီရှင်းဝမ်မှာလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည့်အပြင်... သွမ့်မုချွယ်မှာလည်း တိုက်ပွဲထဲ၌ ကျသွားခဲ့၏။ တာအိုကျောင်း လေးကျောင်းစလုံးမှာ ပျက်စီးသွားပြီ ဖြစ်သလို သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့၏ အစိုးရအဖွဲ့ထဲမှ အဖွဲ့ဝင်များအားလုံးမှာလည်း လုပ်ပိုင်ခွင့်အာဏာများ ဆုံးရှုံးလိုက်ရ၏။ လွှတ်တော်အဖွဲ့ဝင် တစ်ဝက်ကျော်မှာလည်း တိုက်ပွဲထဲ၌ ကျသွားခဲ့သလို ကျန်အဖွဲ့ဝင်များမှာလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
နောက်ဆုံးတွင် အင်္ဂါဂြိုဟ် ဘုရင်ခံနှင့် သူမ၏ ခင်ပွန်းဖြစ်သူမှာ သူတို့ အသစ်ဖန်တီးထားသည့် ဒြပ်ဆန့်ကျင် လက်နက်များဖြင့် အင်္ဂါဂြိုဟ်အား ကာကွယ်နိုင်ခဲ့သည်။ တိုက်ပွဲများထဲ၌ ဒဏ်ရာများ ရရှိသွားခဲ့သည့် လူများမှာမူ အင်္ဂါဂြိုဟ်ဆီသို့ ပြောင်းရွှေ့လာကြ၏။ သူတို့မှာ အင်္ဂါဂြိုဟ်အား ကာကွယ်နိုင်ခဲ့ပါသော်လည်း ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ လက်အောက်တွင် အညံ့ခံကာ သူတို့၏ အုပ်ချုပ်မှုအား လက်ခံခဲ့ရဆဲပင်။
ဝမ်ပေါင်လဲ့၏ မိဘများမှာလည်း ကောင်းကင်တာအိုကျောင်း ပျက်စီးသွားချိန်၌ ဒုက္ခရောက်ခဲ့ကြရ၏။ သူတို့မှာ နေရာပြောင်းရွှေ့နိုင်ရန် ကြိုးစားခဲ့ပါသော်လည်း ကျိုးမိသားစုမှာ ဝမ်ပေါင်လဲ့အပေါ် ထားရှိသည့် ရန််ငြိုးများကြောင့် သူတို့အား နှောင့်ယှက်ခဲ့သည်။ နောက်ဆုံးတွင် လီရှင်းဝမ်နှင့် အခြားသူများမှာ ဝမ်ပေါင်လဲ့၏ မိဘများအား ဘေးကင်းရာသို့ အောင်မြင်စွာ ပို့ပေးနိုင်ခဲ့၏။ သို့သော် သူ၏ မိခင်ဖြစ်သူမှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ဆဲဖြစ်ပြီး ယခုအထိ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးပေ။
ဤ အပြောင်းအလဲများအားလုံး ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းမှာ... ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် နိုးထလာသောကြောင့် ဖြစ်ပေသည်။