← Chapters

မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံ

Vol. 33 Ch. 439

မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံ

Vol. 33 Ch. 439

“ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားကွက်”

လီဖူချန်းရဲ့ ဓားချက်ကို မြင်လိုက်ရတဲ့ ယင်ဘိုးဘိုးကြီးနဲ့ သွေးဘိုးဘိုးကြီးတို့ဟာ ကြောက်ဖျား ဖျားသွားကြပါတယ်။

သူတို့ဟာလည်း ထိပ်သီးပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် သည်ဓားကွက်ကို မြင်လိုက်တာနဲ့ အခြေအနေကို သိနားလည် သွားကြပါပြီ။ သူတို့ဟာ လီဖူချန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။

“သေလိုက်စမ်း ပါလားကွာ ... လခွီးပဲ။ သည်ကလေးရဲ့ ကံက ကောင်းကို ကောင်းလွန်းတယ်”

သွေးဘိုးဘိုးကြီး ကတော့ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ သူလုပ်ခဲ့တာတွေကို ပြန်စဉ်းစားမိပြီး သွေးပျက်ချင် လာသလိုပါပဲ။

ရွှေရောင်မျက်နှာဖုံးနဲ့ ရှင်းတိကောဝမ်က လီဖူချန်းရဲ့ လုပ်ရပ်ကို ရှုတ်ချ လိုက်ပါတယ်။

“လူတွေက ပြောကြတယ်။ ငါတို့ မိစ္ဆာတာအို ကျင့်ကြံသူတွေ ရက်စက်တယ်တဲ့။ အခုကြည့်စမ်း ...။ စကားလေး တစ်ခွန်းနဲ့တင် မင်းက ငါ့ရဲ့ လက်အောက်ခံ တစ်ယောက်ကို သတ်လိုက်ပြီ”

လီဖူချန်းကတော့ ရှင်းတိကောဝမ်ရဲ့ ရှုတ်ချမှုကို ဂရုစိုက်ပုံ မရပါဘူး။ သူက အေးစက်စက် ပြုံးလိုက်ပြီး

“ခင်ဗျားရဲ့ လက်အောက်ခံကို ကျုပ်က မသတ်လို့ အလှ ကြည့်နေရမှာလား။ ကျုပ်ရဲ့ မိသားစုနဲ့ ကလန်ကို ထိပါးဖို့ စဉ်းစားရဲတာနဲ့တင် သူသေသင့်နေပြီ“

“ငါ့ရဲ့ လက်အောက်ခံက မင်းရဲ့မိသားစုကို ထိပါးချင်လို့ သေတာက ဟုတ်ပါပြီ။ ထားပါတော့။ မင်းက ငါ့ရဲ့ လက်အောက်ခံကို သတ်လိုက်တာကိုကော ဘာလုပ်သင့်သလဲ”

စကား အဆုံးမှာတော့ ရှင်းတိကောဝမ်က သူ့ရဲ့ မိစ္ဆာဆန်လှတဲ့ အငွေ့အသက်တွေကို ထုတ်ဖောက်လိုက်ပါပြီ။

လီဖူချန်းက မခိုးမခန့် ရယ်လိုက်ပြီး ပြန်ပြောလိုက်ပါတယ်။

“ခင်ဗျားမှာ လုံလောက်တဲ့ အစွမ်း ရှိရင်တော့ လုပ်ချင်သလို လုပ်လို့ ရတာပေါ့။ ဒါပေမဲ့ ခင်ဗျားမှာ အဲသည်လိုအစွမ်း ရှိမလား ဆိုတာကိုတော့ ကျုပ် စိုးရိမ်မိတယ်”

“မဆိုးဘူးဟေ့။ ကောင်းလိုက်တဲ့ သတ္တိ”

“ဟား ... ဟား ... ဟား ..."

ရှင်းတိကောဝမ်က အားရပါးရ အော်ရယ်လိုက်ပါတယ်။

အရှေ့ယူနီကွန်း တိုက်မှာ သူပြန်ပေါ်လာ ကတည်းက အခုလို ပြောခံရတာဟာ ပထမဆုံး အကြိမ်ပါပဲ။ လီဖူချန်းက သူ့ကိုယ်သူ အထင်ကြီးလွန်းတာလား ဒါမှမဟုတ် သူ့ကိုယ်သူ ယုံကြည်မှု ရှိလွန်းတာလား ဆိုတာကိုတော့ သူသေချာ မသိပါဘူး။

“လူတွေ ပြောကြတာက လီဖူချန်းဆိုတဲ့ လူငယ်ဟာ အသက်သုံးဆယ်တောင် မပြည့်သေးဘူးဆို”

ရှီဟွာဘုရင်မကတော့ လီဖူချန်းကို အတော်လေး အံ့အားသင့်စွာနဲ့ စိုက်ကြည့်နေပါတယ်။

လူတစ်ယောက် ရုတ်တရက်ကြီး အစွမ်းထက်လာတာက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အတွေ့အကြုံနဲ့ အပြုအမူကတော့ အဲသည်လို မဟုတ်ပါဘူး။ လီဖူချန်းရဲ့ ဘာမထီ အပြုအမူက လူငယ်တစ်ယောက်ရဲ့ အပြုအမူနဲ့ လုံးဝကို မတူပါဘူး။ ပြီးတော့ သူက အကြောက်အလန့် ကင်းမဲ့ပြီး သွေးအေးလွန်း လှပါတယ်။ ရှင်းတိကောဝမ်လို လူတစ်ယောက်နဲ့ ထိပ်တိုက် တွေ့နေရတာတောင်မှ သူဟာ အပြုံးမပျက် ရှိနေဆဲပါပဲ။

“ရှင်းတိကောဝမ် ... အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ တော်သင့်ပြီ။ တိုက်ပွဲ စလိုက်ကြရအာင်”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက ကောင်းကင်ပေါ်မှာ ရပ်တန့်နေရာကနေ အရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဓားချီတွေကို စုစည်းစေလိုက်ပါတယ်။

“မင်းသဘော အတိုင်းပေါ့”

ရှင်းတိကောဝမ်ကလည်း အရှေ့ကို လှမ်းထွက်လာခဲ့ပါပြီ။ ထို့နောက်မှာတော့ သူက မိစ္ဆာတာအို ချီတွေကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး လီဖူချန်းကို ဖိနှိပ်ပစ် လိုက်ပါတယ်။

“သေစမ်း”

နှစ်ဖက်စလုံးက လှစ်နေအောင် ပါးတဲ့ လူတွေ ဖြစ်တဲ့အတွက် တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို တစ်ဖက်က ရိပ်မိနေပြီးသားပါပဲ။ တစ်ဖက်လူရဲ့ သတ်ဖြတ်ချင်စိတ်တွေကို အာရုံခံ လိုက်မိတာနဲ့ တစ်ပြိုင်နက် နောက်တစ်ယောက်ကလည်း လှုပ်ရှားပြီးသား ဖြစ်နေပါပြီ။ အဲသည်အတွက် သူတို့ နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုတွေဟာ ထပ်တူနီးပါး မြန်ဆန်နေကြပါတယ်။

ဘန်း ...

ရွှမ်း ...

ကောင်းကင်ယံမှာတော့ လူနှစ်ယောက်ဟာ ထိပ်တိုက် ရင်ဆိုင်နေကြပါပြီ။ ရှင်းတိကောဝမ် ရှိနေတဲ့ ဘက်ခြမ်းက မြေပြင်ပေါ်မှာတော့ ပြတ်ရွေ့ကြောင်းကြီး တစ်ခု ဖြစ်သွားပြီး လီဖူချန်းဘက်က မြေပြင်ပေါ်မှာတော့ ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ပါတယ်။

“တိုက်ပွဲစပြီဟေ့”

ကျန်တဲ့လူတွေ အကုန်လုံးကတော့ အလိုက်တသိပဲ အကွာအဝေး ဆယ်မိုင်အထိ ဆုတ်သွားကြပါပြီ။

“ကောင်းလိုက်တဲ့ ဓားသိုင်း ...။ ငါ့ရဲ့ နတ်ဆိုး လေတံခွန်ကို မြည်းကြည့်ပါဦး”

အသံနဲ့အတူ ရက်စက် ကြမ်းကြုတ်ဟန်ရှိတဲ့ အရိပ်တစ်ရိပ်ဟာ ရှင်းတိကောဝမ်ရဲ့ အနောက်ကနေပြီး ပေါ်ထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်သီး အရိပ်တွေဟာ မိုးလုံးပြည့်လျှံ သွားခဲ့ပါပြီ။ အဲသည် လက်သီးရိပ် တစ်ခုစီဟာ မိုးကြိုးတစ်စင်းနဲ့ ညီမျှတဲ့ စွမ်းအားတွေကို သယ်ဆောင်ထားပြီး စက်ဆုပ်ဖွယ်ရာ မိစ္ဆာဓာတ်တွေလည်း ခိုဝင်ကိန်းအောင်း နေပါတယ်။ လက်သီးရိပ်တွေ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကောင်းကင် တစ်ခုလုံးဟာလည်း မည်းမှောင် အုံ့ဆိုင်း သွားခဲ့ပါသေးတယ်။

မြေကမ္ဘာ အဆင့်နိမ့် မိစ္ဆာတာအို ကျင့်စဉ် မဟူရာနတ်ဆိုး ...

မြေကမ္ဘာအဆင့်နိမ့် မိစ္ဆာတာအို လက်သီးသိုင်း နတ်ဆိုးငို လက်သီးသိုင်း ...

ရှင်းတိကောဝမ်ကတော့ အလေးအနက်ထားပြီး စတင် တိုက်ခိုက်လာခဲ့ပုံပါပဲ။

“မဆိုးဘူးဘဲ။ ခင်ဗျားရဲ့ တိုက်ခိုက်ပုံက နရီ ကျတယ်”

“ရေထဲကငါး လာစမ်း”

လီဖူချန်းက သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်ပြီး ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ အပြာရောင် ဓားအလင်းတန်းတွေဟာ ငါးအုပ်ကြီး တစ်အုပ်အလား ပေါ်ထွက်လာပြီး လက်သီးအရိပ်တွေကို ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။

ဘန်း ... ဘန်း ... ဘန်း ... ဘန်း ...

ချီစွမ်းအင် ပေါက်ကွဲမှုအား ကတော့ တကယ့်ကို ကြောက်စရာပါပဲ။

“ကောင်းကင်ပေါ်က နတ်ဆိုးနေမင်း”

အနက်ရောင် နေမင်းကြီး တစ်စင်းဟာ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး လီဖူချန်းကို ဖိနှိပ်ပစ်လိုက်ပါတယ်။

“သတိထားမှ”

လီဖူချန်းရဲ့ မျက်လုံးတွေက လေးနက်တည်ကြည် လာခဲ့ပါပြီ။ သူက သည်တိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန် သဘောထားလို့ မဖြစ်ပါဘူး။

“သွားစမ်းကွာ”

သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မိုးဓား တစ်ချက် ထုတ်လိုက်ပါတယ်။ တောက်ပတဲ့ ဓားအလင်းတန်း တစ်ခုဟာ သူ့ရဲ့ လမ်းကြောင်း တစ်လျှောက်မှာ ရှိနေတဲ့ အရာမှန်သမျှကို ပိုင်းဖြတ်သွားတော့မယ့် ပုံနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။

ရွပ် ...

ကမ္ဘာလောကကြီး တစ်ခုလုံးဟာ ဓားအလင်းတန်းရဲ့ ဖိနှိပ်မှုအောက်မှာ ခေတ္တခဏ ရောက်ရှိ သွားသလိုပါပဲ။ ထို့နောက်မှာတော့ အနက်ရောင် နေဝန်းဟာ နှစ်ပိုင်းကွဲထွက် သွားခဲ့ပါပြီ။

ဘုန်း ... ဘုန်း ...

မြေပြင်ပေါ်မှာတော့ ကြီးမားလှတဲ့ ချိုင့်ဝှမ်းကြီးနှစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ရှင်းတိကောဝမ်ရဲ့ အစွမ်းကို လျှော့တွက်လို့တော့ မရပါဘူး။ တကယ်လို့ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာသာ အဆင့်၁၆အထိ ရှိမယ် ဆိုရင် ရှင်းတိကောဝမ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သာမန် အဆင့်၁၆ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်နဲ့ ညီမျှပါတယ်။

လီဖူချန်း ...

လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်ကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃မှာသာ ရှိသေးတာပါ။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း ကတော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်နဲ့ တိုက်ရိုက် အချိုးမကျပါဘူး။ နေမင်းဇောအဟုန် ချီအတွင်းအား ကျင့်စဉ်ကို လီဖူချန်းရဲ့ ချီအတွင်းအား အရည်အသွေးဟာ သာမန် အဆင့်၆ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက်နဲ့ ညီမျှပါတယ်။ မီးလျှံစွမ်အားကို ထုတ်သုံးမယ်ဆိုရင်တော့ သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၇ ပညာရှင်နဲ့ ညီမျှသွားတော့မှာ အသေအချာပါပဲ။ နေဝန်းစိမ်း ဓားဆန္ဒနဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်းကိုပါ ထည့်တွက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အနိမ့်ဆုံး အနေနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁၀ကို ရောက်သွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓား၊ ကြေးဝါဓား အဆီအနှစ်နဲ့ မူလဘူတဓား တို့ကိုပါ ထပ်ပေါင်းလိုက်မယ် ဆိုရင် လီဖူချန်းဟာ သာမန်အဆင့်၁၆ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင်ကို ယှဉ်နိုင်ဖို့ အခွင့်အရေး ရှိသွားပါပြီ။

အဲသည်အတွက် လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ ရှင်းတိကောဝမ်ထက် ဘယ်နေရာမှာမှ နိမ့်ကျနေခြင်း မရှိပါဘူး။ သူတို့နှစ်ယောက် အနေနဲ့ အရှုံးအနိုင် ကွဲပြားချင်တယ် ဆိုရင်တော့ ဝှက်ဖဲတွေ အကုန်လုံးကို ထုတ်သုံးမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။

လောလောဆယ်မှာတော့ လီဖူချန်းက ပင်မ အဓိက မီးလျှံစွမ်းအားကို ထုတ်မသုံးချင် သေးပါဘူး။ သူက သည်စွမ်းအားကိုတော့ တကယ့် သေရေးရှင်ရေး အခိုက်အတန့်တွေမှ ထုတ်သုံးဖို့ စဉ်းစားထားပါတယ်။ ပင်မ အဓိက မီးလျှံစွမ်းအား ဆိုတာက သာမန် မီးလျှံစွမ်းအားတွေနဲ့ မတူပါဘူး။ အဲဒါက မီးလျှံစွမ်းအားရဲ့ အဆီအနှစ် ဖြစ်ပါတယ်။ ပင်မ အဓိက မီးလျှံစွမ်းအား အများအပြားကို ထုတ်သုံးခြင်းက မီးလျှံစွမ်းအား ထုတ်လုပ်ပေးနိုင်စွမ်းကို လျော့ကျစေတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်လာစေ နိုင်ပါသေးတယ်။ သေချာတာ တစ်ခုကတော့ ပင်မ အဓိက မီးလျှံစွမ်းအားကို ထုတ်သုံးလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ အစွမ်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁၇ ပညာရှင်နဲ့ ညီမျှသွားမယ် ဆိုတာပါပဲ။

လီဖူချန်းက တစ်ဖက် ပြိုင်ဘက်ဟာ ပညာကုန် ထုတ်မသုံးသေးဘူးလို့ ခံစားနေရပါတယ်။ အဲဒါကလည်း သူ့အနေနဲ့ ပင်မ အဓိက မီးလျှံစွမ်းအားကို ထုတ်မသုံးရတဲ့ အကြောင်းအရင်း တစ်ရပ်ပါပဲ။

ပြီးတော့ တိုက်ခိုက်နိုင်စွမ်း တူညီနေတဲ့ အခြေအနေ တစ်ခုမှာဆိုရင် လီဖူချန်းဟာ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ သူ့ရဲ့ တစ်မူထူးခြားတဲ့ တိုက်ပွဲ အသိစိတ်ဟာ သူ့ကို တစ်ဖက်ရန်သူရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိမြင်စေနိုင်ပါတယ်။

မြေပြင်ကတော့ ရစရာ မရှိအောင် ပျက်စီးနေပြီး ချီစွမ်းအင်တွေဟာ အရပ်မျက်နှာ ၁၈ရပ် စလုံးကို ဖြာထွက်နေပါတယ်။

သည်နှစ်ယောက်ရဲ့ တိုက်ပွဲစက်ကွင်းဟာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါပြီ။ သည်လိုနဲ့ သူတို့နှစ်ယောက်ဟာ မရည်ရွယ်ပဲ ပေနှစ်ထောင်နီးပါး ကျယ်ပြန့်တဲ့ တောင်ထွတ် တစ်ခုအနားကို ရောက်လာခဲ့ပါတယ်။

တောင်ထွတ်ရဲ့ အစွန်း တစ်ဖက်မှာတော့ ရှင်းတိကောဝမ်က နေရာယူထားပြီး ကျန်အစွန်း တစ်ဖက်မှာတော့ လီဖူချန်းက နေရာယူ ထားပါတယ်။ သူတို့ နှစ်ယောက်ရဲ့ကြားမှာ တောင်တစ်လုံး ခြားနေတဲ့အတွက် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ အသိစိတ် အာရုံကတော့ တစ်ဖက်လူရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ် အာရုံခံနိုင်စွမ်း ရှိပါတယ်။

ဘန်း ...

ရှင်းတိကောဝမ်က အနက်ရောင် မိုးကြိုးတစ်စင်းကို ဆင့်ခေါ်လိုက်ပြီး တောင်ကို ထုတ်ချင်းပေါက် ထိုးဖောက်လိုက်ပါတယ်။ သူ့ရဲ့ ပစ်မှတ်ကတော့ တောင်ရဲ့ တစ်ဖက်ခြမ်းမှာ ရှိတဲ့ လီဖူချန်းပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းက ဝိညာဉ်တစ်ကောင် အလား ပျောက်ကွယ်သွားခဲ့ပါပြီ။

ရွှမ်း ...

သူပြန်ပေါ်လာတဲ့ အချိန်မှာတော့ အပြာရောင် ဓားအလင်းတန်း တစ်ခုကိုပါ ခေါ်ဆောင်လာပါတယ်။ အဲသည် ဓားအလင်းတန်းက တောင်ကို နှစ်ပိုင်း ပြတ်သွားစေရုံ သာမက ရှင်းတိကောဝမ်ကိုတောင် လွှမ်းခြုံ သွားပါသေးတယ်။

ရှင်းတိကောဝမ်ကလည်း တုံ့ဆိုင်းနေခြင်း အလျှင်း မရှိပါဘူး။ သူက သူ့ရဲ့ကျောပေါ်က ဝတ်ရုံခြုံလွှာကို တစ်ချက်ခါလိုက်ပြီး အနက်ရောက် တိမ်တိုက် တစ်ခုအလား ပျောက်ကွယ်သွားခဲ့ပါပြီ။

ထို့နောက်မှာတော့ ရှင်းတိကောဝမ်ဟာ လီဖူချန်းရဲ့ အနောက်မှာ ထူးဆန်းစွာ ပြန်ပေါ်လာပြီး လက်သီးနဲ့ ထိုးချလိုက်ပါတယ်။ ဒါပေမဲ့လည်း ရှင်းတိကောဝမ်ရဲ့ လက်သီးဟာ ပစ်မှတ်ကို မထိခဲ့ပါဘူး။

ဘာဖြစ်လို့လည်း ဆိုတော့ လီဖူချန်းရဲ့ ပုံရိပ်ဟာ တံလျှပ်တစ်ခု အဖြစ် ပြောင်းသွားပြီး ပေတစ်ရာ အကွာမှာ ပြန်ပေါ်လာလို့ပါပဲ။

“ငါ့အလှည့်ပဲ”

လီဖူချန်းက သူ့ရဲ့ အစိမ်းရောင် ဓားချီတွေနဲ့ ရှင်းတိကောဝမ်ကို ပစ်လွှတ် တိုက်ခိုက်လိုက်ပါတယ်။

ဝှစ်ရမ့် ...

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ ရှင်းတိကောဝမ်ရဲ့ လှုပ်ရှားမှု အဆပေါင်းများစွာ မြန်ဆန်သွားတာကို ကောင်းကောင်းကြီး အာရုံခံလိုက် မိပါတယ်။ ကြည့်ရတာတော့ လေထုခုခံအားက အဆပေါင်းများစွာ လျော့ကျသွားပုံပါပဲ။ ပြီးတော့ အဲသည် ဝတ်ရုံခြုံလွှာဟာ အသံထွက်တာကိုလည်း ကာကွယ်ပေးနိုင်ပုံ ရပါတယ်။ အဲဒါကြောင့် ရှင်းတိကောဝမ်ဟာ အသံလုံးဝ မထွက်ဘဲနဲ့ တည်နေရာ ရွှေ့ပြောင်းတဲ့ ပုံစံမျိုး စိတ်ကြိုက် ရွေ့လျား သွားလာနေနိုင်တာပါ။

“အဲသည် ဝတ်ရုံခြုံလွှာက တကယ် အံ့သြဖို့ ကောင်းတာပဲ။ အဲဒါက မူလအခြေခံ ရှေးဟောင်းရတနာ ပစ္စည်း ဖြစ်ရမယ်”

လီဖူချန်းက ရှင်းတိကောဝမ်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် တည်နေရာ ကိုးကြိမ်တိတိ ရွှေ့ပြောင်း လိုက်ပါတယ်။

သည်နည်းစနစ်ကတော့”မီးတောက်ပျံကိုးသွယ် အသွင်ပြောင်းခြင်း”ဆိုတဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ကိုယ်ဖော့ပညာပါပဲ။ လီဖူချန်းက သည်ကိုယ်ဖော့ပညာကို ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကနေ ရရှိခဲ့တာပါ။ တောင်ပိုင်းတောအုပ် တက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသားဖြစ်တဲ့ သူ့အတွက်ကတော့ ဆန်းကြယ် အထွတ်အထိပ် အဆင့် ကိုယ်ဖော့ပညာရပ် တစ်ခုကို ရဖို့ဆိုတာ သိပ်ပြီး မခဲယဉ်းလှပါဘူး။

မီးတောက်ပျံကိုးသွယ် အသွင်ပြောင်းခြင်း ကိုယ်ဖော့ပညာကို တစ်ဖက်ကမ်းခပ် တတ်မြောက်ထားတဲ့ သူဟာ အကွာအဝေး အတိုလေးတွေကို အသံရဲ့ အလျင်အတိုင်း ရွေ့လျား သွားလာနိုင်ပါတယ်။

အဲသည်အတွက် ရှင်းတိကောဝမ်ဟာ လီဖူချန်းကို အလစ်ဖမ်းတိုက်ဖို့ မတတ်နိုင်တော့ပါဘူး။ ပြီးတော့ သူ့ရဲ့ ဝတ်ရုံခြုံလွှာကို အသုံးပြုနိုင်တဲ့ အရေအတွက်ကလည်း အကန့်အသတ် ရှိပါတယ်။

လီဖူချန်းကို အလစ်အငိုက်ဖမ်း တိုက်လို့ မရဘူးဆိုတာ သဘောပေါက် သွားပြီးတဲ့ နောက်မှာတော့ ရှင်းတိကောဝမ်ဟာ ကောင်းကင်ယံပေါ်မှာ ရုပ်လုံး ပြလာခဲ့ပါပြီ။

“လီဖူချန်း ... မင်းက ငါရင်ဆိုင်ဖူးသမျှ ရန်သူတွေထဲမှာ အခက်ဆုံး ဆိုတာကိုတော့ ငါ့အနေနဲ့ ဝန်မခံချင်လည်း ဝန်ခံရမှာပဲ”

ရွှေရောင်မျက်နှာဖုံးက အကာအကွယ် ပေးထားတဲ့အတွက် ရှင်းတိကောဝမ်ရဲ့ မျက်နှာကို သေသေချာချာ မမြင်ရပါဘူး။ ဒါပေမဲ့ လူတွေအားလုံးဟာ ရှင်းတိကောဝမ်ရဲ့ စကားကနေပြီး လီဖူချန်းအပေါ် လေးစားမှုကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

လီဖူချန်းကလည်း ကောင်းကင်ပေါ်ကို ပျံတက်လာခဲ့ပါပြီ။ သူက ရှင်းတိကောဝမ်နဲ့ မိုင်အနည်းငယ် အကွာမှာ မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး ပြောလိုက်ပါတယ်။

“ရှင်းတိကောဝမ် ... ခင်ဗျားရဲ့ အစွမ်းက ဒါအကုန်တော့ မဖြစ်နိုင်ဘူး။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ တကယ့် အစွမ်း အစစ်အမှန်ကို ထုတ်ပြပါလား”

တစ်ယောက်ရဲ့ အစွမ်းကို တစ်ယောက်က သွေးတိုးစမ်းတဲ့ အပိုင်းအခြားဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါက တကယ့်တိုက်ပွဲ အစစ်ကို စဖို့ အချိန်ပါပဲ။

ရှင်းတိကောဝမ်ကတော့ အလျင်စလို မလှုပ်ရှားသေးပါဘူး။ သူက ဝေခွဲမရတဲ့ ပုံဖြင့်

“လီဖူချန်း ... ငါကြားတာကတော့ မင်းက ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆို။ ဒါပေမဲ့ အခုတော့ မင်းက မီးလျှံ အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေပါလား။ ပြီးတော့ မီးလျှံ စွမ်းအားကိုလည်း ထုတ်သုံးနိုင်နေတယ်။ တကယ်လို့ မင်းမှာသာ မီးလျှံစွမ်းအား မရှိလို့ကတော့ အစောကြီးကတည်းက မင်း သေနေလောက်ပြီ”

လီဖူချန်းက ဘာမှ ပြန်မပြောပါဘူး။

ရှင်းတိကောဝမ်က သူ့ရဲ့ စကားကို ထပ်ဆက်ပါတယ်။

“မင်းက မီးလျှံစွမ်းအားကို ထုတ်သုံးနိုင်တဲ့ မီးလျှံအရိုး တည်ဆောက်ပုံပိုင်ရှင် ဖြစ်နေမှတော့ ငါ့ရဲ့ မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံ အကြောင်းကိုလည်း သိမှာပဲ။ မင်းရဲ့ မီးလျှံ အရိုးတည်ဆောက်ပုံနဲ့ ငါ့ရဲ့ မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံ။ ဘယ်အရိုး တည်ဆောက်ပုံက ပိုကောင်းသလဲ ဆိုတာ ကြည့်လိုက်ကြရအောင်”

မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံ ...

သည်အရိုး တည်ဆောက်ပုံကတော့ မိုးကြိုး အရိုး တည်ဆောက်ပုံကနေ ဆင့်ကဲ ပြောင်းလဲသွားတဲ့ အရိုးတည်ဆောက်ပုံပါ။

သည်ကမ္ဘာပေါ်မှာက အရိုးတည်ဆောက်ပုံ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ အထူး အရိုးတည်ဆောက်ပုံ၊ ဆင့်ကဲပြောင်းလဲ အထူးအရိုး တည်ဆောက်ပုံ၊ ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ အစရှိသဖြင့် အမျိုးမျိုးပါပဲ။

ဆင့်ကဲပြောင်းလဲ အထူးအရိုး တည်ဆောက်ပုံတွေက အင်မတန် ရှားပါးလှပြီး အထူးအရိုး တည်ဆောက်ပုံတွေနဲ့ သိပ်မကွာလှပါဘူး။ ဆင့်ကဲပြောင်းလဲ အထူးအရိုး တည်ဆောက်ပုံနဲ့ ပထမတန်းစား အရိုး တည်ဆောက်ပုံမှာ ဘယ်ဟာက ပိုအစွမ်းထက်သလဲ ဆိုတာကိုတောင် ပြောရခက်တဲ့ အနေအထား ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချို့သော အခြေအနေတွေမှာ အရိုးတည်ဆောက်ပုံထက် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က ပိုအရေးပါလို့ပါပဲ။

ခရပ် ... ခရပ် ...

ဘန်း ...

ဂျိန်း ... ဂျိန်း ...

ခရမ်းရင့်ရောင် မိုးကြိုးသွားတွေဟာ ရှင်းတိကောဝမ်ရဲ့ ခန္ဓာကိုယ်ကနေပြီး အငမ်းမရ တိုးထွက်လာခဲ့ပါပြီ။

အဲသည်နောက်မှာတော့ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေဟာ အနက်ရောင် မိစ္ဆာချီတွေနဲ့ ပေါင်းစပ်သွားခဲ့ပြီး ရှင်းတိကောဝမ်ရဲ့ ချီအရှိန်အဝါတွေကို ပိုအားကောင်း စေခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေရဲ့ ပင်မ အရင်းအမြစ် ဖြစ်နေပုံပါပဲ။ မရေမတွက်နိုင်တဲ့ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေဟာ ရှင်းတိကောဝမ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အဆက်မပြတ် တိုးထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ် ထားပါတယ်။

“ဒါ ... ဒါက ... ရှင်းတိကောဝမ်ရဲ့ တကယ့်အင်အား အစစ်အမှန်လား”

တိုက်ပွဲတစ်ရာ စစ်မြေပြင်ကို ရောက်ရှိနေကြတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ အကုန်လုံးဟာ အသက်ကိုတောင် ရဲရဲ မရှူဝံ့ကြတော့ပါဘူး။

အစောပိုင်းက လီဖူချန်းနဲ့ တိုက်ခိုက်နေစဉ်မှာ ရှင်းတိကောဝမ် ထုတ်ပြခဲ့တဲ့ အစွမ်းတွေကတင် သူတို့ကို လွှမ်းမိုး ချုပ်ကိုင်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေပါပြီ။ မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံကိုပါ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ ရှင်းတိကောဝမ် အနေနဲ့ သူတို့ကို သတ်ဖြတ်ဖို့ဆိုတာ ကြက်ကလေး၊ ငှက်ကလေးတွေကို သတ်သလောက်တောင် မခက်တော့ပါဘူး။

“မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံ ဟုတ်လား”

လီဖူချန်းရဲ့ မျက်နှာ အမူအရာကတော့ အနည်းငယ် ပြောင်းသွားခဲ့ပါတယ်။

သူက မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံ အကြောင်းကို မကြားဖူးပါဘူး။ ဒါပေမဲ့ နာမည်ကို နားထောင် ကြည့်တာနဲ့တင် သည်အရိုး တည်ဆောက်ပုံဟာ မိုးကြိုးအမျိုးအစား ထဲကဆိုတာ သိသာလွန်းနေပါပြီ။ ဒါပေမဲ့ လီဖူချန်း အမြင်အရဆိုရင်တော့ ရှင်းတိကောဝမ်ရဲ့ မိုးကြိုးနတ်ဆိုး အရိုးတည်ဆောက်ပုံဟာ ယုလီရဲ့ မိုးကြိုးအရိုး တည်ဆောက်ပုံထက်ကို ပိုမိုသာလွန် ကောင်းမွန်ပါတယ်။

“နတ်ဆိုး လေတံခွန်”

ခရမ်းရင့်ရောင် မိုးကြိုးတွေ ခိုဝင် ကိန်းအောင်းနေတဲ့ လက်သီးရိပ်တွေဟာ လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။

ဒါက ဧရိယာ အကျယ်အဝန်း အလိုက် တိုက်ခိုက်တဲ့ တိုက်ခိုက်မှု အမျိုးအစား ဖြစ်ပါတယ်။ အဲသည်အတွက် လီဖူချန်းဟာ မီးတောက်ပျံ ကိုးသွယ် အသွင်ပြောင်းခြင်းကို အသုံးပြုပြီး ရှောင်တိမ်းလို့ မဖြစ်နိုင် သလောက်ပါပဲ။ လီဖူချန်း အတွက်ကတော့ သည်တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ဖို့ကလွဲပြီး အခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ပါဘူး။

ဘန်း ...

လီဖူချန်းက သူ့ရဲ့ မူလနေရာကနေ အနောက်ကို တော်တော်ဝေးဝေး အထိ ဆုတ်ပေးလိုက် ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆိုရင်လည်း ခရမ်းရင့်ရောင် လျှပ်စစ်စီးကြောင်းတွေ ရစ်သိုင်းလျက် ကျန်ရှိနေဆဲပါပဲ။

ရှင်းတိကောဝမ်ရဲ့ ခွန်အားဟာ နှစ်ဆနီးပါး တိုးသွားတယ်ဆိုတာ သေချာသွားခဲ့ပါပြီ။ မဟုတ်လို့ကတော့ လီဖူချန်းလို ခန္ဓာကိုယ် သန့်စင်မှု လမ်းစဉ်ကော ချီအတွင်းအား ကျင့်ကြံမှု လမ်းစဉ်ကိုပါ လျှောက်လမ်းနေတဲ့ လူတစ်ယောက်ဟာ သည်လောက်အထိ ဒဏ်ရာရပြီး ရုပ်ပျက်ဆင်းပျက် အရေးနိမ့်သွားစရာ အကြောင်းမရှိပါဘူး။

“ဟင် ... သည်ကောင်က ဘာမှ မဖြစ်ဘူးလား”

ရှင်းတိကောဝမ်က လီဖူချန်းကို ကြည့်ပြီး အံ့အားသင့် သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တိုက်ခိုက်မှုကတော့ တုံ့ဆိုင်း မနေခဲ့ပါဘူး။ သူက အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး မိစ္ဆာငို လက်သီးသိုင်းရဲ့ ပွဲသိမ်းသိုင်းကွက် ဖြစ်တဲ့”ကောင်းကင်ပေါ်က နတ်ဆိုးနေမင်း”ကို ထုတ်သုံးလိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

ခရမ်းရင့်ရောင် မိုးကြိုးသွားတွေ ခြံရံထားတဲ့ အနက်ရောင် နေတစ်စင်းဟာ လီဖူချန်းရဲ့ အပေါ်ကို ကျရောက်လာခဲ့ပါပြီ။ အနက်ရောင် နေဝန်းက လီဖူချန်းနဲ့ နီးကပ် လာတာနဲ့အမျှ တဖြည်းဖြည်း ပိုမို ကြီးမားလာခဲ့ပါတယ်။ သည်နေဝန်းရဲ့ ဖိနှိပ်မှုအောက်ကနေ ပုန်းရှောင်ထွက်ပြေးဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

“ကြေးဝါ ဓားအဆီအနှစ် လည်ပတ်စမ်း။ ကြက်သွေးရောင် သွေးအရိပ် ဖြစ်တည်စမ်း”

အခြေအနေ မဟန်တော့တာကို ရိပ်မိတဲ့ လီဖူချန်းဟာ ကြက်သွေးရောင် သွေးအရိပ်ကို ဆင့်ခေါ်ပြီး ကြေးဝါ ဓားအဆီအနှစ်ကို အသက်သွင်း လိုက်ပါတယ်။

ဟူး ...

ကြက်သွေးရောင် သွေးအရိပ်ကြီး တစ်ခုဟာ လီဖူချန်းရဲ့ အနောက်မှာ တစ်မုဟုတ်ချင်း ဖြစ်တည်လာခဲ့ပါပြီ။ သွေးအရိပ်ကြီးရဲ့ လက်ထဲမှာတော့ ကြေးဝါရောင် ဓားတစ်လက် ရှိနေပါတယ်။

“ပျက်စီးစမ်း”

အဲသည်နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားကွက်ကို ထုတ်လိုက်ပါတော့တယ်။ လီဖူချန်းနဲ့ သွေးအရိပ်ကြီးဟာ ဆက်စပ်မှု ရှိနေပုံပါပဲ။ လီဖူချန်းရဲ့ ဓား စတင် လှုပ်ရှားလာတာနဲ့ တစ်ပြိုင်နက် သွေးအရိပ်ကြီးရဲ့ လက်ထဲက ကြေးဝါဓားကလည်း စတင် လှုပ်ရှား လာခဲ့ပါတယ်။

ဘန်း ...

ကြီးမားလှတဲ့ ကြေးဝါဓားကြီးဟာ အနက်ရောင် နေဝန်းကို ခုတ်ပိုင်းပစ် လိုက်ပါပြီ။ ဒါပေမဲ့ အဲသည်ဓားချက်က အနက်ရောင် နေဝန်းရဲ့ ဖိနှိပ်မှုကို အကုန်အစင် မဖျက်ဆီးနိုင် ခဲ့ပါဘူး။ ဓားချက်က အနက်ရောင်နေဝန်းရဲ့ ဖိနှိပ်မှု တစ်ဝက်လောက်ကိုသာ ချေဖျက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်း အတွက်ကတော့ အဲသည်လောက်နဲ့တင် လုံလောက် နေပြီလို့ ဆိုရမှာပါပဲ။

“နေမင်းဇောအဟုန် လက်ဝါး”

ကျန်တဲ့ ဖိအားတွေကိုတော့ လီဖူချန်းက လက်ဝါးရိုက်ချက် တစ်ခုနဲ့ ချေဖျက်ပစ် လိုက်ပါတယ်။

“ဘာ ... ဘာလဲ။ မင်းက လျှို့ဝှက် နည်းစနစ်တွေကို ပေါင်းစပ် အသုံးပြု လိုက်တာလား”

ရှင်းတိကောဝမ်ရဲ့ စူးရှတဲ့ မျက်လုံးတွေက လီဖူချန်းရဲ့ ချီအတွင်းအား အပြောင်းအလဲတွေကို သတိမပြုမိစရာ အကြောင်းမရှိပါဘူး။ သူက ဖြစ်ပျက်သွားသမျှကို ကောင်းကောင်းကြီး သတိပြုမိပါတယ်။

လီဖူချန်းရဲ့ ချီအတွင်းအား အရည်အသွေးက အမြင့်ဆုံးမှ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆လောက်မှာသာ ရှိတာပါ။ လီဖူချန်းအနေနဲ့ အစွမ်းထက် လှပါတယ်ဆိုတဲ့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရင်တောင်မှ သူ့ရဲ့ ချီအတွင်းအား အရည်အသွေးဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်ရဲ့ ချီအတွင်းအား အရည်အသွေးထက် ပိုစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ အစောပိုင်းက လီဖူချန်းရဲ့ ချီအတွင်းအား အရည်အသွေးဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်ထက်တောင်မှ သာလွန် ကောင်းမွန် သွားခဲ့ပါတယ်။ လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး။ လီဖူချန်းဟာ လျှို့ဝှက်နည်းစနစ် နှစ်ခုကို ပေါင်းစပ် အသုံးပြုလိုက်တာပဲ ဖြစ်ရပါမယ်။

***

All Chapters