← Chapters

ပြည်ထောင်စုကြီး တိုက်ခိုက်ခံရခြင်း

Vol. 71 Ch. 984

ပြည်ထောင်စုကြီး တိုက်ခိုက်ခံရခြင်း

Vol. 71 Ch. 984

ဝမ်ပေါင်လဲ့၏ ဖခင်မှာ အသေးစိတ် အချက်အလက်များကို အတိအကျ သိရှိထားခြင်းမရှိပေ။ သူ ဝမ်ပေါင်လဲ့အား ပြောပြခဲ့သည့် အရာများမှာလည်း လျှို့ဝှက်ချက်များ မဟုတ်ဘဲ ပြည်ထောင်စုကြီးထဲရှိ တိုင်းသူပြည်သားအများစု သိရှိထားပြီးသားဖြစ်သော အကြောင်းအရာများသာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ဖခင်ဖြစ်သူ၏ စကားများကို နားထောင်ရင်း နှလုံးသားထဲမှ ဒေါသစိတ်များ ပေါက်ကွဲထွက်လာလုမတတ် ခံစားနေရ၏။ သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ ပေါ်ပေါက်လာခဲ့သည့် ပြောင်းလဲမှုများကို ပထမဆုံးအကြိမ်အဖြစ် အာရုံခံမိခဲ့စဉ်တုန်းက စိတ်လိုက်မန်ပါ မပြုမူရန် ဆုံးဖြတ်ခဲ့ပါသော်လည်း ယခုတွင်မူ သူ၏ ဆုံးဖြတ်ချက်အား လုံးဝပြောင်းလဲလိုက်ပြီ ဖြစ်သည်။

" ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စု... ကျိုးမိသားစု... မင်းတို့တွေ အတင့်ရဲလှပါလား " ဝမ်ပေါင်လဲ့၏ ခံစားချက်များ ပြောင်းလဲသွားသောကြောင့် အင်္ဂါဂြိုဟ်ပေါ်၌ ထစ်ချုန်းသံများ နောက်ထပ်တစ်ကြိပ် ထပ်၍ ထွက်ပေါ်လာ၏။ ထို့ကြောင့် အင်္ဂါဂြိုဟ်ပေါ်မှ ကျင့်ကြံသူများမှာလည်း အံ့ဩတုန်လှုပ်ကာ ဇဝေဇဝါ ဖြစ်သွားရပြန်သည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏ ဖခင်၏ ဆံပင်ဖြူများကို ကြည့်ကာ သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ၏ အသက်စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ဖခင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ဖခင်၏ မျက်နှာပေါ်မှ အရေးကြောင်းများမှာ ပျောက်ကွယ်သွားပြီ သူ၏ ဆံပင်မှာလည်း နဂိုအတိုင်း ပြန်ဖြစ်သွား၏။ ဝမ်ပေါင်လဲ့၏ ကုသပေးမှုများကြောင့် အိပ်မောကျနေသည့် သူ၏မိခင်၏ ဆံပင်များမှာလည်း အနက်ရောင် ပြန်ပြောင်းသွားသည်။

သူသည် သူ၏မိဘများအား ထာဝရ အသက်ရှင်နိုင်အောင် လုပ်ပေးနိုင်မည်မဟုတ်ကြောင်း သိထား၏။ သို့သော် သူသည် သူတို့အား ကျန်းကျန်းမာမာနှင့် သက်တမ်းစေ့နေနိုင်အောင် ကူညီပေးနိုင်ပေသည်။ သူ၏မိဘများအား အသက်အန္တရာယ်ပြုခဲ့သည့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် ကျိုးမိသားစုကိုမူ သူ၏ စိတ်ထဲ၌ သေလူများအဖြစ် သတ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း သူသည် သူ၏ကိုယ်ပွားအား ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ၎င်းအား သူ၏မိဘများ၏ ဘေး၌ အဖော်ပြုပေးရန် ချန်ရစ်ထားခဲ့လိုက်၏။ သူ၏ ကိုယ်ပွားမှာမူ အိမ်ထဲမှ ထွက်ခွာလာပြီးနောက် အင်္ဂါဂြိုဟ်မြို့တော်၏ မြေအောက်ရှိ လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။

ထို အခန်းထဲတွင် အဘိုးကြီးတစ်ယောက် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး ပိန်ချုံးကာ ဖြူဖပ်ဖြူရော် ဖြစ်နေသလို မောပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းနေသည့်ပုံလည်း ပေါက်နေ၏။ သူ၏ လည်ပင်းပေါ်တွင် ဘုလုံးကြီးတစ်လုံး ရှိနေပြီး ထိုဘုလုံးကြီးထဲတွင် သတ္တဝါတစ်ကောင်မှာ လူးလွန့်လှုပ်ရှားနေသည်။ ထို သတ္တဝါကြီး လှုပ်ရှားလိုက်သည့် အချိန်တိုင်း ထိုအဘိုးကြီးမှာ နာကျင်မှုဝေဒနာများကို ခံစားလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရသည်သာ ဖြစ်သည်။

ထို အဘိုးကြီးမှာ... ကောင်းကင်တာအိုကျောင်း၏ မဟာထိပ်သီအကြီးအကဲကြီး လီရှင်းဝမ် ဖြစ်ပေသည်။

လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်ကို လုံးဝ သတိမထားမိပေ။ သူသည် နှစ်ပေါင်းများစွာ သက်တမ်းရှိနေပြီဖြစ်သော သူ၏ ဒဏ်ရာများကို ဖိနှိပ်ချုပ်တည်းထားနိုင်ရန် အစွမ်းကုန်ကြိုးစားနေရသည်။ သူသည် ထိုဒဏ်ရာများအား နေ့စဉ်နေ့တိုင်း အချိန်ပေး၍ ဖိနှိပ်ချုပ်တည်းရန် လိုအပ်ပေသည်။ သို့မှသာ သူသည် အသက်ရှင်နိုင်မည်ဖြစ်သည်။

သူသည် သေဆုံးရမည်ကို မကြောက်ပါသော်လည်း ပြန်လည်တုံ့ပြန်ခြင်းမရှိဘဲ လောကကြီးထဲမှ ထွက်ခွာသွားရန် ဆန္ဒမရှိပေ။ ထို့ကြောင့်လည်း သူသည် နာကျင်မှုဝေဒနာများ ခံစားနေရသည့်တိုင်အောင် ဆက်၍ တောင့်ခံထားခြင်း ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်ရှိ လူတိုင်းအတွက် ထောက်တိုင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း နားလည်ထား၏။

သူ အသက်ရှင်နေသရွေ့ အင်္ဂါဂြိုဟ်ပေါ်ရှိ လူတိုင်းမှာလည်း မျှော်လင့်ချက်များ ရှိနေဦးမည်ဖြစ်သည်။ အကယ်၍ သူ သေဆုံးသွားမည်ဆိုပါက လွှတ်တော်အမတ်ခေါင်းဆောင်ကြီး၊ ဘုရင်ခံနှင့် သူ၏ မျိုးဆက်မှ အခြား အစွမ်းထက်ကျင့်ကြံသူများအားလုံးမှာ မျှော်လင့်ချက်များပျက်သုဉ်းသွားကြမည်သာ ဖြစ်သည်။

သူသည် ရှေးဦးဝိညာဉ်ခေတ်အား စတင်ဖန်တီးခဲ့သည့် ဥက္ကဋ္ဌကြီး ဖြစ်နေသည်မဟုတ်ပါလော။ သူသည် သူ၏ အရိုက်အရာအား ဆက်ခံခဲ့သည့် သွမ့်မုချွယ်နှင့် ပူးပေါင်းကာ ပြည်ထောင်စုကြီးအား မဟာမိတ်အဖွဲ့ထဲ၌ ဩဇာအာဏာအရှိဆုံး အဆင့်သို့ ရောက်လာအောင် တွန်းပို့ပေးခဲ့၏။ သူသည် မည်သူမှ မလုပ်နိုင်ခဲ့သည့် အရာများကို လုပ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ရာ သူ၏ ဂုဏ်သိက္ခာမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ထက် ပို၍အရေးကြီးပေသည်။

သွမ့်မုချွယ်မှာ တိုက်ပွဲထဲ၌ ကျသွားခဲ့သလို အခြားသူများအားလုံးမှာလည်း ဒဏ်ရာအပြင်းအထန် ရထားသည့်အပြင် ဖုန့်ချိုးရန်မှာလည်း အကျဉ်းချခံထားရသည်ဖြစ်ရာ သူ၏ ဝန်ထုပ်ဝန်ပိုးများမှာ ပို၍ပင် လေးလံလာရ၏။ သို့သော်ငြားလည်း သူသည် ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူဆီသို့ ပုံမှန်သွားရောက်ကာ ဆေးကုသပေးနေခဲ့ဆဲပင်။ သူ ထိုကဲ့သို့ ပြုမူခဲ့ရခြင်းမှာ ဝမ်ပေါင်လဲ့ ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားကြောင်း သိထားသောကြောင့် မဟုတ်ဘဲ သူ၏ နှလုံးသားထဲ၌ ဝမ်ပေါင်လဲ့နှင့် အမှောင်ပျံလွှား စစ်ဆင်ရေးထဲ၌ ပါသွားသည့် အခြားသူများမှာ ပြည်ထောင်စုကြီး၏ မျှော်လင့်ချက်များဖြစ်ကြောင်း လက်ခံယုံကြည်ထားသောကြောင့်ပင်။

ဝမ်ပေါင်လဲ့မှာ နာကျင်မှုများကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည့် လီရှင်းဝမ်အား လှမ်းကြည့်ရင်း မျက်ဝန်းများထဲနဲ့ ရိုသေလေးစားမှုများနှင့် ကျေးဇူးတင်လိုသည့် အရိပ်အယောင်များ ပြည့်နှက်လာရသလို အပြစ်ရှိသလို ပို၍ ခံစားလာရ၏။ ထို့ကြောင့် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လီရှင်းဝမ်၏ လည်ပင်းပေါ်ရှိ ဘုလုံးကြီးအား လက်ညှိုးထိုးလိုက်သည်။

ထိုအခါ ထို ဘုလုံးကြီးမှာ အပြင်းထန်တုန်ရီသွားပြီး ၎င်း၏ အတွင်းပိုင်းထဲမှ အသနားခံလိုသည့် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ တစ်စစီ ကြေမွပျက်စီးသွားပြီး အနက်ရောင် တီကောင်တစ်ကောင်မှာ ချက်ချင်းဆိုသလိုပင် ပျံထွက်လာသည်။ ၎င်းမှာ ထိုနေရာမှ ထွက်ခွာသွားရန် ကြိုးစားလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ အေးစက်စက် မျက်ဝန်းများ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရပြီးနောက် ပြာကျသွားတော့သည်။

၎င်း ပြာကျသွားသည်နှင့် လီရှင်းဝမ်မှာလည်း တစ်ကိုယ်လုံး တုန်ရီသွား၏။ ထို့နောက် သူသည် ရီဝေဝေဖြစ်နေသည့် အမူအရာဖြင့် မျက်လုံးများပွင့်လာသောအခါ သူ၏ရှေ့တွင်ရှိနေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်။ ထိုအခါ သူသည် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သို့သော် သူသည် သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် စိတ်လှုပ်တရှားဖြစ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။

" ပေါင်လဲ့လား "

" မင်္ဂလာပါ မဟာထိပ်သီးအကြီးအကဲကြီး " ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ အသက်စွမ်းအားများကို ထုတ်လွှတ်ကာ လီရှင်းဝမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားစေလိုက်သဖြင့် သူ၏ ဒဏ်ရာများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကင်းသက်သာသွားသည်။ အသက်ရှူကြိမ် သုံးကြိမ်မှ ငါးကြိမ်အတွင်းတွင် လီရှင်းဝမ်၏ ပိန်းချုံးနေသော ခန္ဓာကိုယ်မှာ နဂိုမူလအခြေအနေသို့ ချက်ချင်းပြန်ရောက်သွား၏။ ထို့နောက် သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း ချက်ချင်း ထိုးတက်သွားသဖြင့် သူသည် ယွမ်ယင်အဆင့်တွင် ရှိမနေတော့ဘဲ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်ရှိသွားတော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ အကူအညီကြောင့် မဟုတ်ပေ။ လီရှင်းဝမ်မှာ ကမ္ဘာဂြိုဟ် ရှေးဦးဝိညာဉ်ခေတ် ကျင့်ကြံသူများ၏ ပထမဆုံးအသုတ်ထဲမှ ဖြစ်ရာ အခြားသူများနှင့် မတူလောက်အောင် ပါရမီပါ၏။ လူမှုအဖွဲ့အစည်း၏ အဆင့်အတန်း နိမ့်ကျနေသေးသောကြောင့်သာ ကျင့်ကြံခြင်းအဆင့် တိုးတက်နိုင်ရန်မှာ သူ့အတွက် ခဲယဉ်းနေရခြင်း ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့ ထွက်ခွာသွားခဲ့ပြီးနောက် သူသည် ကိုယ့်အားကိုယ်ကိုးကာ ဝိညာဉ်ကြားခံနယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

" မင်း ပြန်ရောက်လာတာ ကောင်းတယ်ကွာ " လီရှင်းဝမ် သူ၏ဒဏ်ရာများ ပျောက်ကင်းသွားသည်ကို ဂရုစိုက်နေခြင်းမရှိဘဲ စိတ်လှုပ်တရှား ဖြစ်နေပြီး ဝမ်ပေါင်လဲ့အား သေသေချာချာ စိုက်ကြည့်နေ၏။ သူ၏ မျက်ဝန်းများထဲရှိ ပျော်ရွှင်မှု အရိပ်အယောင်များကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် အပြစ်ရှိသလို ခံစားလာရပြီး သူပြန်ရောက်လာခဲ့သည်မှာ အလွန်အင်မတန်မှ နောက်ကျနေပြီဟုလည်း ခံစားလိုက်ရသည်။

အကယ်၍ သူသာ စောစောစီးစီး ပြန်ရောက်လာခဲ့မည်ဆိုပါက အခြေအနေများမှာ ယခုလောက်အထိ ပြောင်းလဲသွားခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရိုအသေပေးလိုက်ပြီးနောက် သူ၏ ဖခင်ဖြစ်သူဆီမှ မသိခဲ့ရသည့် အသေးစိတ် အချက်အလက်များကို စတင်မေးမြန်းလိုက်တော့သည်။

လီရှင်းဝမ်၏ ရှင်ပြမှုများကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ကမ္ဘာဂြိုဟ်ကြီး ပြောင်းလဲသွားရသည့် အကြောင်းရင်းများကို အသေးစိတ် နားလည်သွားတော့သည်။

နေအဖွဲ့အစည်းနှင့် ပြည်ထောင်စုလူမှုအဖွဲ့အစည်းအတွက် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ နိုးထလာခဲ့သည့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသောကြောင့် လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာ ပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်။ ထို ကျင့်ကြံသူကြီးမှာ ပြည်ထောင်စုကြီး တစ်ခုလုံးကိုပင် အလွယ်တကူ ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိပေသည်။

ထိုကဲ့သို့ နိုးထလာခဲ့သည့် ကျင့်ကြံသူကြီးမှာ ပြည်ထောင်စုကြီးအား ချေမှုန်းပစ်ခဲ့ခြင်းမရှိပါသော်လည်း သူသည် ဖုန့်ချိုးရန်ကဲ့သို့ နူးညံ့သိမ်မွေ့သည့် လူတစ်ယောက် မဟုတ်ပေ။ သူသည် နေအဖွဲ့အစည်းအား အသုံးချကာ ကျယ်ပြန့်တာအိုနန်းတော်အား ဘုန်းမီးနေလ ပြန်လည်တောက်ပလာအောင် လုပ်မည့် အစီအစဉ်အား အပြည့်အဝ ထောက်ခံသည့် လူတစ်ယောက်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ဖုန့်ချိုးရန် ပြည်ထောင်စုကြီးနှင့် မဟာမိတ်ဖွဲ့ထားသည့် အချက်အား သဘောကျနှစ်သက်ခြင်း မရှိပေ။

ထို့ကြောင့်လည်း သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ နိုးထလာခဲ့ပြီးနောက် ဖုန့်ချိုးရန်နှင့် အခြားဂိုဏ်းသားများအား ဖမ်းဆီးခဲ့၏။ ထို့နောက် သူသည် သူတို့အား ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အကျဉ်းချကာ ဖုန့်ချိုးရန်၏ လုပ်ပိုင်ခွင့်အာဏာများကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများမှာလည်း သူ၏အမိန့်အား လိုက်နာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။

ထို့အပြင် သူသည် သူ၏လုပ်ပိုင်ခွင့်အာဏာ တည်မြဲစေရန် သွမ့်မုချွယ်ကိုပင် သူကိုယ်တိုင် သတ်ဖြတ်ခဲ့သေးသည်။ သို့သော် သူသည် သူ၏ ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးသောကြောင့် သူ၏ လက်အောက်၌ ကြည်ကြည်ဖြူဖြူ အညံ့ခံခဲ့သည့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုအား ကူညီထောက်ပံ့ပေးခဲ့ပြီး သူတို့အား ပြည်ထောင်စုကြီး၏ အာဏာပိုင်အသစ်များအဖြစ် သတ်မှတ်ပေးခဲ့၏။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်၏ ရုပ်သေးရုပ်များအဖြစ် သူ ကြိုးဆွဲရာအတိုင်း ကရမည် ဖြစ်သည်။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ နဂိုကတည်းက သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့အား မကျေမနပ် ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဂြိုဟ်အဆင့် အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက်၏ ကူညီထောက်ပံ့မှုအား ရလိုက်သည်နှင့် လုယက်သတ်ဖြတ်မှုများကို စ်ိတ်တိုင်းကျ ကျူးလွန်ခဲ့၏။

လသုံးစင်း မဟာမိတ်အဖွဲ့မှာ ဓားပြတိုက်ခံလိုက်ရသလို ကျင့်မိသားစု၏ ခေါင်းဆောင်ကြီမှာလည်း သတ်ဖြတ်ခံလိုက်ရပြီး တာအိုကျောင်း လေးကျောင်းမှာလည်း ဖျက်ဆီးခံလိုက်ရ၏။ ကျောင်းသားတစ်ဝက်ကျော်အား အင်္ဂါဂြိုဟ်ပေါ်သို့ ပြောင်းရွှေ့ပေးနိုင်ခဲ့သည့် ကောင်းကင်တာအိုကျောင်းမှလွဲ၌ အခြား တာအိုကျောင်း သုံးကျောင်းစလုံးမှာ အပြီးတိုင် ချေမှုန်းခံလိုက်ရသည်သာ ဖြစ်သည်။

ထို့အပြင် လွှတ်တော်အမတ်များထဲမှ ကိုးယောက်မှာလည်း တိုက်ပွဲထဲ၌ ကျသွားခဲ့၏။ အခြား လွှတ်တော်အမတ်များထဲမှ အချို့မှာ အညံ့ခံခဲ့ကြပြီး အချို့မှာမူ အင်္ဂါဂြိုဟ်ဆီသို့ ထွက်ပြေးဆုတ်ခွာလာခဲ့ကြသည်။ လွှတ်တော်အမတ် ခေါင်းဆောင်ကြီးမှာဆိုလျှင် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပြီး ကျင့်ကြံခြင်းအဆင့် သိသိသာသာ ကျဆင်းသွားခဲ့သဖြင့် ယခုတွင် သာမန်လူတစ်ယောက်အဖြစ်သို့ ရောက်သွားပြီဖြစ်သည်။

လင်းယုံမှာမူ တိုက်ပွဲထဲ၌ နာမည်ရလာခဲ့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဝိညာဉ်ကြားခံနယ်အဆင့်အထိ ဖောက်ထွက်သွားခဲ့သည်။ သူသည် အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် လီရှင်းဝမ်တို့နှစ်ယောက်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်သို့ ပြောင်းရွှေ့လာခဲ့၏။

ကြာသာပတေးဂြိုဟ်၊ စနေဂြိုဟ်နှင့် သောကြာဂြိုဟ်များ၏ ကြယ်တာရာရင်းမြစ်များမှာမူ စုပ်ယူခံခဲ့ရပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်၏ ပြုပြင်ရေး လုပ်ငန်းများထဲ၌ အသုံးပြုခံခဲ့ရသည်။ ထို့နောက် ဂြိုဟ်အဆင့် အစွမ်းထက်ကျင့်ကြံသူကြီး၏ တောင်းဆိုချက်အရ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ နေမင်းကြီး၏ ပတ်ပတ်လည်၌ မန္တန်အစီအရင် အမြောက်အမြား တပ်ဆင်ခဲ့ပြီးနောက် ၎င်း၏ စွမ်းအားများအား ကျယ်ပြန့်တာအိုနန်းတော်အတွက် အသုံးပြုခဲ့သေးသည်။

အင်္ဂါဂြိုဟ်ဆီသို့ ထွက်ပြေးဆုတ်ခွာလာခဲ့ကြသည့် လူများမှာ အစတွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ နောက်ကွယ်ရှိ ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးအား ရင်ဆိုင်နိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထို ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ အင်္ဂါဂြိုဟ်အား အဝေးမှနေ၍ လှမ်းကြည့်လိုက်ပြီးနောက် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အင်္ဂါဂြိုဟ် မြေကြီးအောက်မှ တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသဖြင့် အနည်းငယ်ခန့် စိုးရိမ်တုန်လှုပ်သွားခဲ့ရ၏။ ထို့ကြောင့်လည်း အင်္ဂါဂြိုဟ်မှာ ယခုချိန်အထိ ဆက်လက်တောင့်ခံနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။

" အမှောင်အဆောင်ပစ္စည်းကြောင့်ပဲ " ဝမ်ပေါင်လဲ့မှာ ထိုရှင်းပြချက်များကို နားထောင်လိုက်ပြီးနောက် မျက်ဝန်းများ ပို၍ အေးစက်သွား၏။

" ငါလည်း အဲဒီလို ခန့်မှန်းခဲ့တာပဲ ပေါင်လဲ့ရ။ လက်ရှိ ပြည်ထောင်စုကြီးရဲ့ အခြေအနေကတော့ အခုလိုပဲကွာ။ မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ " လီရှင်းဝမ်မှာ ထိုသို့မေးလိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သူသည် သူ၏ရှေ့တွင်ရှိနေသည့် တာအိုကျောင်းသားလေးမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်တစ်ခုအား ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း အာရုံခံမိနေသည်။ သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ သူ တွေ့ဖူးခဲ့သည့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးထက်ပင် ပို၍ အစွမ်းထက်နေပြီ ဖြစ်သည်။

" ကျွန်တော် ဘာလုပ်ရမလဲ... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။

" သူတို့ကို တစ်ယောက်ချင်းစီ အပြစ်ပေးရတာပေါ့။ အမှားလုပ်ခဲ့တဲ့လူ မှန်သမျှ ပြန်ပေးဆပ်ရမယ်။ ကျွန်တော့်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို အန္တရာယ်ပြုခဲ့တဲ့ လူတွေကတော့ သူတို့ရဲ့ အသက်နဲ့ ပြန်ပြီးတော့ ပေးဆပ်ရမယ်။ နေအဖွဲ့အစည်းထဲမှာ အခြေချနေတဲ့ ကျယ်ပြန့်တာအိုနန်းတော်က အခကြေးငွေ မပေးဘဲ အလကားနေနေခဲ့တဲ့အပြင် အခု ဒီလောက်တောင် အတင့်ရဲလာမှတော့ ဒီနေရာရဲ့ ပိုင်ရှင်က ဒေါသထွက်နေပြီဆိုတာ သိအောင်ပြရတာပေါ့ " ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ ဆိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အစစ် ဘေးတွင် ရှိနေသည့် မျက်နှာဖုံးထဲမှ မမလေးအား လှမ်းပြောလိုက်၏။

" မမလေး။ ဒီကိစ္စမှာ ကျယ်ပြန့်တာအိုနန်းတော်ဘက်က မှားတာနော်။ အဲတာမလို့ ကျွန်တော့်ကို အဆိုးမဆိုနဲ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အင်္ဂါဂြိုဟ်ပေါ်မှ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် ကမ္ဘာဂြိုဟ်၏ အလွန်ရှိ စကြဝဠာကြီးထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။

ထို့နောက် သူသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ကမ္ဘာဂြိုဟ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

All Chapters