အခန်း (၃၁၀)
Vol. 23 Ch. 310
အလယ်ပိုင်းကုန်းမြေသည် ဒါဇင်နှင့်ချီသော အနောက်ဘက်နယ်စပ်ကုန်းမြေများနှင့် တူညီသည်။
မိုင်တစ်ထောင်အကွာတွင် တန်းစီးနေသောအိမ်များနှင့် ရွာလေးတစ်ရွာကို မြင်ရသည်။
အဆုံးမရှိသောလမ်းများပေါ်တွင် လူများနှင့်ပြည့်နေသည်။
အလယ်ပိုင်းကုန်းမြေသည် လူသားများ၏နယ်မြေဖြစ်သည်။
ဟန်မူယဲ့တို့သင်္ဘော၏ပျံ နီးကပ်မလာခင်မှာ အောက်တွင်ရှိသော ရွာထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
“ဒါက ဒီမှာရှိတဲ့အစောင့်တွေရဲ့ စစ်ဆေးခြင်းအင်းကွက်ပဲ။ ကျွန်တော်တို့ရဲ့ နာမည်အစစ်အမှန်ကို စစ်ဆေးလိမ့်မယ်”
ခုန်းချောင်တိက ကြိုးကြာကိုသိမ်းလိုက်ပြီး မဟာမိစ္ဆာမူကျင်းကို ကြည့်သည်။
ခုန်းချောင်တိက အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူက အံ့ဖွယ်နေမင်းတပ်ဖွဲ့ခေါင်းဆောင် ချင်းရီမင်ကို ဟယ်ကျီးဒေသတွင် ဆန့်ကျင်မိခဲ့သည်။ သူ့တွင် အပြစ်ရှိသည်။
သူ့ကို ရှာတွေ့သွားလျှင် ပြဿနာတက်နိုင်သည်။
သူတို့အုပ်စုထဲတွင် တရားဝင်ဖြစ်သောလူက မူကျင်းတစ်ယောက်သာ ရှိသည်။
မူကျင်း၏လက်ထဲတွင်ရှိသော တံဆိပ်က ရွှေအလင်းတစ်ခုကိုထုတ်ပေးလိုက်ပြီး အောက်မှတက်လာသော အစိမ်းရောင်အလင်းနှင့် ထိတွေ့သွားသည်။
အစိမ်းရောင်အလင်းက တုန်ခါ၍ ပျောက်ကွယ်သွားသည်။
သင်္ဘောပျံဆင်းသက်လာသောအခါ ကျောက်တုံးစင်မြင့်ထက်တွင်ရပ်နေသော လူသုံးယောက်ကို မြင်ရသည်။
“ရှီစိုင်မြို့ရဲ့ ကျန်းထုံက စပါးစိမ်းတောင်ကုန်းရဲ့စောင့်ရှောက်သူကို နှုတ်ဆက်ပါတယ်”
စကားပြောလိုက်သောလူက အသက်ခြောက်ဆယ်ခန့်ရှိနေပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ့ကိုယ်ပေါ်တွင် သမာဓိစွမ်းအားတချို့ လှည့်ပတ်နေသည်။
အခြေခံအဆင့်ကျောင်းတော်သား…
သူ့နောက်တွင် ကမ္ဘာမြေအဆင့်ကျင့်ကြံသူနှစ်ယောက် ရှိနေသည်။
ကျောင်းတော်သားအဆင့်သည် လေးနက်မှုမရှိသော်လည်း အလယ်ပိုင်းကုန်းမြေ၏ အဓိကလမ်းစဉ်ဖြစ်သည်။
မြို့၏အစောင့်မှာ အရာရှိအဆင့်အတန်းမရှိသလို ကောင်းကင်နှင့်မြေကြီး၏ ကာကွယ်မှုလည်းမရှိပေ။ သို့သော် အုပ်ချုပ်ရေးအဖွဲ့မှပေးအပ်ထားသော အကာအကွယ်ရတနာတစ်ခုရှိသည်။
အလယ်ပိုင်းကုန်းမြေတွင် ကမ္ဘာမြေအဆင့်အထိကျင့်ကြံနိုင်လျှင်ပင် ကောင်းကင်တာအို၏ကန့်သတ်ချက်ကို ခံစားရလိမ့်မည်။
“စောင့်ရှောက်သူက နှစ်စဉ်အခွန်ပေးဖို့အတွက် ရောက်လာခဲ့တာမဟုတ်လား။ အုပ်ချုပ်သူက ဒီအကြောင်းကို ပြောပြီးပါပြီ”
ကျန်းထုံက လက်မြှောက်လိုက်ပြီး ပြောသည်။
“အားလုံးပဲ၊ မြို့ထဲမှာ အရင်နားလိုက်ကြပါ။ မနက်ဖြန်ကျရင် ရှီစိုင်မြို့က ဒေသမြို့တော်ကိုသွားဖို့အတွက် သင်္ဘောပျံတစ်စင်းထွက်လိမ့်မယ်”
ဟန်မူယဲ့တို့က မငြင်းဆန်ခဲ့ပေ။
သူတို့က အလယ်ပိုင်းကုန်းမြေသို့ စရောက်လာခြင်းဖြစ်သည်။ သူတို့အတွက် အရာအားလုံးက စိမ်းသက်နေသောကြောင့် လုံခြုံမှုကို ဦးစားပေးသင့်သည်။
ကျန်းထုံက မူကျင်းတို့ကို မြို့ထဲသို့ ခေါ်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျင့်ကြံသူနှင့် သာမန်လူသားများကို မြင်နိုင်သည်။
“ကျွန်တော်တို့ရဲ့ရှီစိုင်မြို့က ရှုရှီဒေသရဲ့အစွန်မှာရှိတယ်။ မြို့ပတ်ပတ်လည်မှာ တောအုပ်တွေရှိတယ်။ ရှီစိုင်တောင်က မိုင်ထောင်ချီအကွာမှာရှိနေပြီး သဘာဝရတနာတွေ အများအပြားထွက်ရှိတယ်”
ကျန်းထုံက မူကျင်းနှင့် နောက်တွင်ရှိသော သစ်ပင်မိစ္ဆာများကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“တောင်ပေါ်မှာ မိစ္ဆာသားရဲတွေ အများကြီးရှိတယ်။ ကျင့်ကြံသူတွေက မိစ္ဆာသားရဲတွေကိုလည်း အမဲလိုက်ကြတယ်”
‘မိစ္ဆာသားရဲတွေကို အမဲလိုက်တယ်’
မူကျင်း၏မျက်နှာထားက မတည်မငြိမ်ဖြစ်သွားသည်။
သူတို့သည် မိစ္ဆာများဖြစ်ပြီး မိစ္ဆာသားရဲများနှင့် နီးကပ်သည်။
သို့ပေမဲ့ သူတို့က အလယ်ပိုင်းကုန်းမြေသို့ ရောက်လာသောကြောင့် လူသားမျိုးနွယ်နှင့် ရင်းနှီးရတော့မည်ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ကျင့်ကြံသူအများအပြားက မူကျင်းနှင့်တခြားသူများကို ထူးဆန်းစွာကြည့်နေသည်။
သို့ပေမဲ့ မူကျင်း၏အငွေ့အသက်အရ အားကောင်းသောမိစ္ဆာဖြစ်ကြောင်း သိနိုင်သည်။ ဤနေရာတွင်ရှိနေသော အဆင့်နိမ့်ကျင့်ကြံသူများက သူတို့ကို ရန်မစရဲပေ။
“စောင့်ရှောက်သူ၊ စိတ်မပူပါနဲ့။ အလယ်ပိုင်းကုန်းမြေမှာ လူသားနဲ့မိစ္ဆာတွေ အတူတူယှဉ်တွဲနေထိုင်တာလည်း ရှိပါတယ်။ သူတို့က ဆက်ဆံရေးကောင်းကြတယ်”
“တိုင်းပြည်ရဲ့စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်”
ရှေ့မှဦးဆောင်သောကျန်းထုံက နောက်လှည့်ပြီး ပြုံးပြသည်။
သူတို့က ရှီစိုင်မြို့၏ စောင့်ရှောက်သူအဆောက်အအုံသို့ ရောက်လာသောအခါတွင် ကျန်းထုံက ကြိုဆွဲပွဲနှင့် ကျင့်ကြံခြင်းအခန်းတစ်ခန်း ပြင်ဆင်ထားရန် ညွှန်ကြားခဲ့သည်။
ကြိုဆိုပွဲတွင် မဟာမိစ္ဆာမူကျင်းက စားပွဲထိပ်ဆုံး၌ထိုင်နေသည်။ အောက်တွင် ဟန်မူယဲ့နှင့် ခုန်းချောင်တိတို့က ဗဟုသုတပြည့်စုံပုံရပြီး တည်ငြိမ်စွာရှိနေသည်။
ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေသို့ မရောက်ဖူးသော်လည်း အလယ်ပိုင်းကုန်းမြေမှ ကွန်ဖြူးရှပ်တာအို၏စည်းကမ်းများကို ဓားနှင့် စာအုပ်များထဲတွင် မြင်ဖူးထားသည်။
ခုန်းချောင်တိ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းသည် ကျန်းထုံထက် အဆင့်မြင့်သည်။ ထို့အပြင် သူက ဒေသတာဝန်ခံတစ်ယောက် ဖြစ်ခဲ့ဖူးပြီး သင့်တော်စွာနေထိုင်တတ်သည်။
သူ့ပုံစံကြောင့် ကျန်းထုံသည် အလွန်သိချင်နေ၏။
‘အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဒီလိုလူမျိုးရှိသေးတာလား’
‘ကွန်ဖြူးရှပ်တာအိုအမွေအနှစ်က အလယ်ပိုင်းကုန်းမြေမှာပဲရှိတယ်လို့ ပြောကြတယ်မဟုတ်လား’
ကျန်းထုံက သေရည်ခွက်များတိုက်ပြီး စားသောက်နေစဉ်တွင် ဟန်မူယဲ့နှင့် ခုန်းချောင်တိတို့၏အကြောင်းကို မသိမသာမေးခဲ့သည်။
ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေ၏စည်းမျဉ်းများအရ သူ့ကိုယ်သူ နာမည်အတုပေးခဲ့သည်။
ခုန်းချောင်တိက သူ့ကိုယ်သူ ခုန်းရုံဟု မိတ်ဆက်ခဲ့သည်။
ခုန်းချောင်တိနှင့် ခုန်းရုံ…
သူ့စကားများအရ သူက ဟန်မူယဲ့၏နောက်လိုက်ဖြစ်ပြီး မိသားစုမှစီစဉ်ပေးလိုက်သော လေ့ကျင့်ရေးမှူးတစ်ယောက်လည်းဖြစ်သည်။
ဟန်မူယဲ့၏ဘေးတွင်လိုက်နေသော လင်းရှန်နှင့်ခုန်းချောင်တိက သခင်လေးကို လေ့ကျင့်ပေးနေခြင်းနှင့် ဆင်တူသည်။
သို့ပေမဲ့ အလယ်ပိုင်းကုန်းမြေ၏ ဟန်မိသားစုအကြောင်းကို ကျန်းထုံမသိပေ။
သူက စောင့်ရှောက်သူတစ်ယောက်ဖြစ်နေပြီး ဗဟုသုတများ အကန့်အသတ်ရှိသောကြောင့် တခြားအကြောင်းအရာများကို မသိခြင်းက ပုံမှန်ဖြစ်သည်။
“သခင်လေးမူ၊ ကျွန်တော်တို့ရှီစိုင်တောင်မှာ ထူးခြားတာတွေမထွက်ပေမဲ့ ဝိညာဉ်ငှက်တွေကတော့ တကယ်အရသာရှိတယ်”
“ပြီးတော့ ဒီမက်မွန်ပန်းသေရည်ကိုလည်း မြို့ထဲမှာရှိတဲ့လူတွေ ကြိုချက်ထားတယ်”
ဟန်မူယဲ့၏နောက်ခံကို သိလိုက်ရသောအခါတွင် ကျင်းထုံက ပိုမိုအာရုံစိုက်လာသည်။
သူက မူကျင်းထက် ဟန်မူယဲ့ကိုပို၍ စိတ်အားထက်သန်စွာဧည့်ခံနေသည်။
ထိုအရာသည် ရိုးရှင်း၏။ သူ့အမြင်တွင် ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေ၏ မိသားစုကြီးတစ်ခုမှ တပည့်တစ်ယောက်ဖြစ်ပြီး ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံသည်။ သူက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
မူကျင်းကတော့ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ စပါးစိမ်းတောင်ကုန်းကိုစောင့်ကြပ်နေသော မိစ္ဆာပဲဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏အတားအဆီး ကျိုးပျက်သွားခဲ့ပြီး အလယ်ပိုင်းကုန်းမြေ၏ သဘာဝစွမ်းအားများကြောင့် စပါးစိမ်းတောင်ကုန်းက တိုးတက်မလာခဲ့လျှင် မဟာမိစ္ဆာတစ်ကောင်က အလယ်ပိုင်းကုန်းမြေ၏ခမ်းနားမှုကို တစ်သက်လုံး မြင်နိုင်မှာမဟုတ်ပေ။
ဟန်မူယဲ့က ပြုံးလိုက်ပြီး စကားပြန်ပြောသည်။ သူက ရှီစိုင်တောင်ပတ်ဝန်းကျင်ရှိ အခြေအနေကို မေးကြည့်သည်။
ကျန်းထုံက သိသမျှအရာအားလုံး ပြောပြခဲ့သည်။
ရှီစိုင်မြို့က ရှုရှီဒေသ၏အစွန်တွင် တည်ရှိသည်။ ဤပတ်ဝန်းကျင်တွင် ရှီစိုင်မြို့ကဲ့သို့ မြို့ငယ်အများအပြားရှိပြီး ထိုမြို့များအားလုံးကို ရှီယွမ်မြို့က အုပ်ချုပ်သည်။
ရှီယွမ်မြို့၏ တရားသူကြီး ရှန်းစစ်သည် ကွန်ဖြူးရှပ်တာအို ကျောင်းတော်သားတစ်ယောက်ဖြစ်ပြီး နက်နဲသောကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်ဟု ပြောကြသည်။
ရှုရှီဒေသတွင် ရှီယွမ်မြို့ကဲ့သို့ မြို့ကြီးများ ၃၃မြို့ရှိသည်။
ထိုမြို့များထဲတွင် ကျင်းချွမ်မြို့သည် အလွန်တိုးတက်၏။
“သခင်လေးမူ၊ ရှုရှီဒေသမှာ ခရီးသွားမယ်ဆိုရင် ကျင်းချွမ်မြို့ကို သေချာပေါက်သွားကြည့်သင့်တယ်။ အဲဒီမှာ အုပ်ချုပ်ရေးစနစ်တည်ရှိတယ်”
ကျန်းထုံက ခွက်မြှောက်လိုက်ပြီး ပြောသည်။
ဟန်မူယဲ့က ကျင်းချွမ်မြို့သို့ သွားမည်ဖြစ်သည်။
ထိုနေရာတွင် ရှုရှီဒေသ၏ အကြီးမားဆုံးဈေးကွက် တည်ရှိသည်။
နောက်တစ်နေ့တွင် ကျန်းထုံက ရှီစိုင်မြို့အလံပါသော ပေတစ်ရာရှည်သည့်သင်္ဘောပျံကို စီစဉ်ပေးခဲ့သည်။ ထို့နောက် သူက အမျိုးမျိုးသောဒေသထွက်ကုန်များကို သင်္ဘောပြည့်လုနီးပါး ထည့်ပေးခဲ့သည်။
“ဒါက ဝိညာဉ်ကျောက်တုံးတွေ အများကြီးမတန်ပါဘူး”
“သခင်လေးမူက ရှီစိုင်မြို့ကို တစ်ခါတလေမှရောက်လာတာလေ”
“ကျေးဇူးပြုပြီး လက်ရေးမူတစ်ခု ချန်ထားခဲ့ပေးပါ။ အနာဂတ်မှာ သခင်လေးရဲ့လက်ရေးမူကြောင့် ရှီစိုင်မြို့က အကျိုးကျေးဇူးရနိုင်လိမ့်မယ်”
ကျန်းထုံက အပြုံးတစ်ခုနှင့်အတူ လက်ကိုဝှေ့ယမ်းသည်။ သူ့နောက်တွင် စာရွက်၊ စုတ်တံ၊ မင်ရည်နှင့် မင်တုံးများကိုသယ်ထားသော မိန်းမပျိုများက ရှေ့တက်လာသည်။
အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုသည် ကောင်းကင်နှင့်မြေကြီး၏ လိုက်ဖက်ညီမှု၊ တာအိုရှာဖွေခြင်းကို အသားပေးသည်။ ကွန်ဖြူးရှပ်တာအိုပညာရှင်အများအပြားက နေရာအနှံ့ခရီးသွားပြီး နားလည်သဘောပေါက်မှုများကို စာရေးသား၍ ချန်ခဲ့လိမ့်မည်။
ထိုစာများသည် ကဗျာဖြစ်နိုင်သလို စာစုများလည်း ဖြစ်နိုင်သည်။
စာအရေးအသားများချန်ရစ်ခဲ့သောနေရာသည် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးခြင်းကို ရနိုင်သည်။
စောင့်ရှောက်သူတစ်ယောက်ဖြစ်သောကျန်းထုံက ခရီးသွားကျောင်းတော်သားများကို အပြည့်အဝဧည့်ခံပေးပြီး လက်ရေးမူရတနာများချန်ရစ်ခဲ့ရန်အတွက် တောင်းဆိုလေ့ရှိသည်။
ရှီစိုင်မြို့နံရံတွင် ကဗျာနှင့် စာစုများကို ထွင်းထုထားသည်။
ထိုထဲမှနှစ်ခုသည် အလွန်ကောင်းမွန်ပြီး သဘာဝစွမ်းအင်အလင်းများနှင့် တောက်ပနေသည်။
‘လက်ရေးမူရတနာတစ်ခု ချန်ခဲ့ရမှာလား’
ခုန်းချောင်တိက အံ့အားသင့်သွားပြီး ရှေ့တက်ရန်ပြင်လိုက်သည်။
ဟန်မူယဲ့သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကျင့်ကြံခဲ့သည်။ သူက သမာဓိစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း စာပေအရေးအသားတွင် မည်မျှပါရမီရှိကြောင်း သူမသိပေ။
သူက ကဗျာကောင်းတစ်ပုဒ်ကို မရေးသားနိုင်လျှင် မျက်နှာပျက်သွားခြင်းက သိပ်အရေးမကြီးပေ။ သို့သော် ကောင်းကင်နှင့်မြေကြီး၏တာအိုက မျက်နှာသာမပေးလျှင် ဖြည့်ဆည်းမရနိုင်သော ဆုံးရှုံးမှုဖြစ်သွားလိမ့်မည်။
ခုန်းချောင်တိက သခင်လေးနှင့် ကဗျာများအကြောင်း ပိုမိုမဆွေးနွေးခဲ့သောကြောင့် နောင်တရသွားသည်။
“ကောင်းပြီလေ”
ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက်ပြောသည်။ ထို့နောက် ရှေ့တက်သွားပြီး စုတ်တံကို ကောက်ယူသည်။
“ရှီစိုင်မြို့ရဲ့ ဒေသထွက်အစားအသောက်တွေက တကယ်ကောင်းတယ်။ ကျွန်တော်က ကဗျာတစ်ပုဒ် ရေးထားခဲ့မယ်”
ဟန်မူယဲ့က စုတ်တံကို ကိုင်လိုက်သောအခါ ကိုယ်ပေါ်တွင် ရွှေအလင်းတချို့ ပေါ်လာသည်။
ကျန်းထုံက ဟန်မူယဲ့၏သမာဓိစွမ်းအားကို ကြည့်လိုက်ပြီး အံ့အားသင့်နေသောမျက်နှာထားနှင့်အတူ မျက်လုံးများတောက်ပသွားသည်။
ထိုသမာဓိစွမ်းအားက သိပ်သည်းမှုမရှိသော်လည်း အလွန်သန့်စင်သည်။ ဟန်မူယဲ့၏စိတ်ဓာတ်က တည်ငြိမ်ရုံတင်မကဘဲ ထိပ်တန်းပါရမီကို ပိုင်ဆိုင်ထားပုံရသည်။
ထိုလူမျိုးက မည်သည့်စာပေရတနာမျိုးကို ချန်ထားခဲ့မည်နည်း။
ကျန်းထုံတင်မကဘဲ ရှီစိုင်မြို့၏တခြားလူများကလည်း ဟန်မူယဲ့ကို မျှော်လင့်ချက်များနှင့်ကြည့်နေသည်။
“အဘွားလန်၊ အင်မော်တယ်ဟန်က ကဗျာနဲ့စာစုတွေကို ရေးဖွဲ့တတ်တာလား”
ထန်ထန်က မူကျင်း၏ဘေးသို့သွားပြီး တီးတိုးမေးသည်။
သူမ၏ရှေ့တွင် ဟန်မူယဲ့က ထူးခြားသောအငွေ့အသက်များ ပေါ်ထွက်နေသည်။
ဟန်မူယဲ့၏အငွေ့အသက်က ဓားကျင့်ကြံသူတစ်ယောက်၏ ထက်မြိမှု ကင်းမဲ့နေပြီး နူးညံ့သော စာပေအငွေ့အသက်နှင့် ပြည့်နေသည်။
ထိုအငွေ့အသက်သည် ရနံ့ကောင်းပုံပေါ်သည်။
မူကျင်းက ခေါင်းခါသည်။
တချို့လူများသည် နားလည်နိုင်ရန်ခက်ခဲသည်။
ဟန်မူယဲ့က နက်နဲလွန်းသောခံစားချက်မျိုးကို ပေးနေသည်။
‘ဓားတာအိုနဲ့ အာခီမီပညာရပ်။ အခုတော့ သူက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ တစ်ခါမှပေါ်မလာဘူးတဲ့ ကွန်ဖြူးရှပ်တာအိုအမွေအနှစ်ကိုပါ ကျွမ်းကျင်နေတာလား’
လူတိုင်း၏အကြည့်အောက်တွင် ဟန်မူယဲ့၏လက်ထဲတွင်ရှိသော စုတ်တံက ရွေ့လျားသွားသည်။
ဘဝနှစ်ခု၏ပါရမီများကို စုစည်းထားသောကြောင့် ဟန်မူယဲ့၏စုတ်ချက်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တခြားအရာများနှင့်မတူဘဲ လှပပြီး သန်မာမှုရှိသည်။
နူညံ့ညင်သာမှုဖြင့် ခွန်အားကို ထိန်းသိမ်းထားသည်။
စုတ်တံကျဆင်းလာသောအခါတွင် သဘာဝစွမ်းအင်အလင်းများ ပေါ်လာသည်။
“ရှီစိုင်တောင်ရှေ့မှာ”
စာရွက်ပေါ်တွင် အဆုံးမရှိရှည်လျားသော တောင်တန်းပုံရိပ်ပေါ်လာသည်။ ထင်းရှူးပင်များက လှိုင်းများသဖွယ် လှုပ်ရှားနေသည်။
“စာပေကျက်သရေ ကိုယ်ထင်ပြခြင်းပဲ”
ကျန်းထုံ၏မျက်လုံးများက ပြူးကျယ်သွားပြီး ပခုံးများတုန်ခါနေသည်။