အခန်း (၃၁၁)
Vol. 23 Ch. 311
ခုန်းချောင်တိကလည်း ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
ဟန်မူယဲ့၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းနှင့် စာပေကျက်သရေသည် လိုက်ဖက်ညီနေသည်။
သို့ပေမဲ့ စာပေကျက်သရေကို ခါးသီးစွာကျင့်ကြံခြင်းဖြင့် မရရှိနိုင်ပေ။
လောကတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ အများအပြားရှိသော်လည်း အဘယ်ကြောင့် ကျောင်းတော်သားများ နည်းပါးနေရသနည်း။
ခါးသီးစွာလေ့ကျင့်နေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများရှိသော်လည်း သင့်တော်သော စာပေပါရမီ လိုအပ်နေသည့်အတွက်ဖြစ်သည်။
သို့ပေမဲ့ ယနေ့တွင် ဟန်မူယဲ့က စာပေပါရမီကို ထုတ်ပြခဲ့သည်။ သူ့တွင် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးပေးမှုရှိသည်။
‘သခင်လေးက ထူးချွန်တဲ့ပါရမီကို ပိုင်ဆိုင်ထားတာလား’ ကျန်းထုံက တွေးမိသည်။
‘အဲဒါက ဖြစ်နိုင် ....’
“ရှီစိုင်တောင်ရှေ့မှာ ကြိုးကြာငှက်တွေ ပျံသန်းနေတယ်’
ဟန်မူယဲ့က ပျံသန်းခြင်းစာလုံးကို ရေးလိုက်သောအချိန်တွင် မှိန်ဖျော့သောဓားအလင်းတစ်ခု ဖျတ်ခနဲပေါ်လာသည်။
ဓားအလင်းက တောင်ပံများဖြန့်၍ ပျံသန်းနေသော ကြိုးကြာငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သူက ကွန်ဖြူးရှပ်တာအိုဖြင့် ဆင်ယင်ထားသော ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
‘ကျင့်ကြံခြင်းမှာ ဓားတာအိုကိုမသုံးနိုင်ရင်ရော ဘာဖြစ်လဲ’
‘လောကမှာ ဓားဖြစ်မလာနိုင်တဲ့အရာ ရှိလို့လား’
‘ဥပမာပေးရရင် ဒီမင်ရည်က ဓားဖြစ်မလာနိုင်လို့လား’
အဖြူရောင်ကြိုးကြာက အစိမ်းရောင်တောင်တန်းတစ်လျှောက် တောင်ပံခတ်၍ ပျံသန်းနေသည်။ ကြိုးကြားက ဓားအလင်းအသွင်လှုပ်ရှားနေပြီး ဦးတည်ရာလမ်းကြောင်းကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။
“ရှီစိုင်တောင်ရှေ့မှာ ကြိုးကြာဖြူက ပျံသန်းနေတယ်။ ကောင်းလိုက်တဲ့ကဗျာစာကြောင်းပဲ”
ကျန်းထုံက အာမေဍိတ်သံပြုသည်။ သူ့နောက်တွင်ရှိသောလူများက ဟန်မူယဲ့ကို စိတ်လှုပ်ရှားစွာကြည့်နေကြသည်။
ထိုစာကြောင်းက ကောင်းကင်ထက်တွင်ပျံသန်းနေသော ကြိုးကြာတစ်ကောင်ကို ဖန်တီးနိုင်သည်။ နောက်ထပ်စာကြောင်းသည် မည်သို့ဖြစ်မည်နည်း။
ဟန်မူယဲ့က စုတ်တံကိုလှုပ်ရှားလိုက်သောအခါတွင် စာကြောင်းတစ်ကြောင်းပေါ်လာသည်။
“စီးဆင်းနေတဲ့မက်မွန်ပွင့်ကြွေစမ်းချောင်းမှာ ငါးကြင်းတွေပျော်မြူးနေကြတယ်”
အနီရောင်မက်မွန်ပွင့်ဖတ်များကို သယ်ဆောင်ထားသော ကြည်လင်သောစမ်းချောင်းတစ်ခုပေါ်လာသည်။ ရေထဲတွင် သေရည်အငွေ့အသက်တချို့ ရှိနေသည်။
“ဗွက် ....”
ခပ်ဝဝငါးတစ်ကောင်က စမ်းချောင်းထဲတွင် ခုန်ပေါက်နေသည်။ ဓားချီက ဖျတ်ခနဲလင်းသွားပြီး လွင့်စင်လာသောရေစက်များကိုဖန်တီးလိုက်သည်။
ဟန်မူယဲ့က စာပေကျက်သရေကို တောင်တန်း၊ စမ်းချောင်းနှင့် ပန်းပွင့်များအသွင် ပြောင်းလဲခဲ့ပြီး ဓားအလင်းကိုတော့ ကြိုးကြာနှင့် ငါးအသွင် ပြောင်းလဲခဲ့သည်။
သူက စုတ်တံကို ချလိုက်သောအခါတွင် သူ့အငွေ့အသက်သည် မဖော်ပြနိုင်လောက်အောင် နက်နဲနေသည်။
‘စာအုပ်တစ်သောင်းဖတ်ပြီး မိုင်တစ်သောင်းခရီးသွားခဲ့တဲ့လူအတိုင်းပါပဲ ....’ ကျန်းထုံက တွေးသည်။
ဟန်မူယဲ့က ဒန်ထျန်ထဲတွင်ရှိသော သမာဓိစွမ်းအား၊ ချီစွမ်းအားနှင့် ဓားဆန္ဒများ ပေါင်းစပ်သွားကြောင်း ခံစားမိသောအခါတွင် ခပ်ဟဟရယ်လိုက်ပြီး လှည့်ထွက်ရန်ပြင်သည်။
“ရှီစိုင်တောင်ရှေ့မှာ ကြိုးကြာဖြူတစ်ကောင်ပျံသန်းနေတယ်။ စီးဆင်းနေတဲ့မက်မွန်ပွင့်ကြွေစမ်းချောင်းမှာ ငါးကြင်းတွေပျော်မြူးနေတယ်။ ကောင်းလိုက်တဲ့ကဗျာ”
ကျန်းထုံ၏မျက်လုံးများက တောက်ပသွားပြီး ဟန်မူယဲ့နောက်သို့ ပြေးလိုက်လာသည်။
“သခင်လေးမူ၊ ဒီစာကြောင်းနှစ်ကြောင်းက ရှီစိုင်တောင်ရဲ့ ခမ်းနားမှုကို အပြည့်အဝဖော်ပြနိုင်တယ်။ နောက်ထပ်စာကြောင်းနှစ်ကြောင်းက ဘာများဖြစ်မလဲမသိဘူး”
သဘာဝရှုခင်းများ၏အလွန်တွင် ကျင့်ကြံခြင်းအယူအဆရှိသည်။
ကျန်းထုံက ကျင့်ကြံခြင်းနားလည်နိုင်စွမ်း ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေခြင်းဖြစ်သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က နောက်ပြန်လှည့်မကြည့်ပေ။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“တောင်လည်းပါတယ်၊ စမ်းချောင်းလည်းပါတယ်။ မင်းက တခြားဘာအယူအဆတွေကို လိုနေသေးတာလဲ။ ငါက ထပ်မရေးတော့ဘူး”
သင်္ဘောပျံက ကောင်းကင်ပေါ်သို့ တက်သွားသည်။ ကျန်းထုံနှင့် သူ့နောက်တွင်ရှိသောလူများက နောင်တများနှင့်အတူ ကျန်ရစ်ခဲ့သည်။
“ဟူး၊ နှမြောစရာပဲ။ ကံကောင်းခြင်းကိုစုဆောင်းနိုင်တဲ့ကဗျာက တစ်ဝက်ပဲရှိတယ်”
အဖြူရောင်ဆံပင်၊ မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က နောင်တရနေသောမျက်နှာထားဖြင့် တုန်ခါနေသောလေသံနှင့်အတူ ပြောသည်။
“ဟုတ်တယ်။ ငါတို့က ဒီကဗျာကို ပြီးပြည့်စုံအောင်လုပ်နိုင်ရင် ငါတို့ရဲ့ အနောက်ဘက်နယ်စပ်က မဟာကံကောင်းခြင်းတွေကိုရရှိပြီး မင်းကို ကျောင်းတော်သားကြီးတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်လိမ့်မယ်”
အစိမ်းရောင်ဝတ်စုံနှင့်ကျောင်းတော်သားတစ်ယောက်က သက်ပြင်းချသည်။
ကျန်းထုံက ခရီးသွားကျောင်းတော်သားများကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ကြိုဆိုရသနည်း။ သူအဆင့်တက်နိုင်ရန်အတွက် စာပေပါရမီအချို့ကို ချေးငှားနိုင်သောကြောင့်ဖြစ်သည်။
လောကတွင် အလကားရသောနေ့လည်စာ မရှိပေ။
“တောင်တန်းကလည်း ဒီမှာရှိတယ်။ မြစ်ကလည်း ဒီမှာရှိတယ်”
“တောင်တန်းကလည်း ဒီမှာရှိတယ်။ မြစ်ကလည်း ဒီမှာရှိတယ်”
ကျန်းထုံက ဖြည်းဖြည်းချင်း တစ်ဖက်သို့လှည့်ပြီး အစေခံမိန်းကလေးဖြန့်ပြထားသော စာလိပ်ကိုကြည့်သည်။ စာလိပ်မှထွက်ပေါ်နေသော ရွှေရောင်သဘာဝစွမ်းအားများကိုကြည့်လိုက်ပြီး သူ့မျက်နှာထားက ပျော်ရွှင်သွားသည်။
“သခင်လေးမူက စာပေနဲ့ကွန်ဖြူးရှပ်တာအိုမှာ တကယ်ပါရမီရှိတာပဲ”
“ရှီစိုင်မြို့က ဒီကဗျာတစ်ဝက်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့တောင်နဲ့မြစ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ကံကောင်းသွားတယ်မဟုတ်ဘူးလား”
“တကယ်လို့ သခင်လေးမူက ကဗျာကို အဆုံးသတ်အထိရေးသွားရင် အကျိုးကျေးဇူးရမယ့်လူက ငါတစ်ယောက်ပဲဖြစ်လိမ့်မယ်”
“ဒီကဗျာတစ်ဝက်က နာမည်ကြီးလာရင် မိုင်ထောင်ချီအထိ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်လောက်တဲ့လူတွေကို ဆွဲဆောင်လိမ့်မယ်။ သူတို့က အနောက်ဘက်နယ်စပ်ရဲ့ တောင်နဲ့မြစ်ကိုကြည့်ပြီး သေရည်နဲ့ စားကောင်းသောက်ဖွယ်တွေကို စားကြလိမ့်မယ်။ အဲဒါမှ အနောက်ဘက်နယ်စပ်က အမှန်တကယ်တိုးတက်လာလိမ့်မယ်”
“မြန်မြန်လေး၊ ဒီကဗျာကို မြို့ဝင်ပေါက်ရဲ့ မျက်စိအဖမ်းစားနိုင်ဆုံးနေရာမှာ ထွင်းထုထားလိုက်”
ထိုသို့ဖြင့် သူက ရှေ့တက်ပြီး ဟန်မူယဲ့လက်မှတ်ထိုးထားသော ကဗျာစာလိပ်ကို ဂရုတစိုက်သိမ်းလိုက်သည်။
“ဒီပတ်ဝန်းကျင်မှာရှိနေတဲ့ ကျောင်းတော်သားနဲ့အစောင့်တွေကို ဖိတ်ခေါ်လိုက်”
“ငါက သခင်လေးမူနာမည်ကြီးလာအောင် ကူညီပေးချင်တယ်”
....
သင်္ဘောပျံပေါ်တွင် သစ်ပင်မိစ္ဆာထန်ထန်က ဟန်မူယဲ့ကိုစိုက်ကြည့်ပြီး တစ်ခုခုရေရွတ်နေသည်။
တစ်ဖက်တွင် ခုန်းချောင်တိက မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဟန်မူယဲ့ကို ထိန်းချုပ်မရနိုင်သော အံ့အားသင့်မှုများနှင့်အတူ စိုက်ကြည့်နေသည်။
တစ်နေရာတွင် လင်းရှန်က ဓားအလင်းနှင့်သွေးချီများကိုထုတ်ဖော်၍ တင်ပျဉ်ခွေထိုင်နေသည်။
ဟန်မူယဲ့ပြုလုပ်လိုက်သောအရာများက သူ့အတွက် ထူးဆန်းခြင်းမရှိပေ။
“သခင်လေးရဲ့စာပေပါရမီက ချီကိုယ်ထင်ပြခြင်းအဆင့်ကို ရောက်နေလိမ့်မယ်လို့ ထင်မထားမိဘူး”
ခုန်းချောင်တိက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“သခင်လေးရဲ့ပါရမီနဲ့ အလယ်ပိုင်းကုန်းမြေမှာ ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံရင် အရာရှိကျောင်းတော်သားတစ်ယောက် လွယ်လွယ်လေးဖြစ်လာလိမ့်မယ်”
‘အရာရှိကျောင်းတော်သားတစ်ယောက် ဖြစ်လာရမှာလား’
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။
သူ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းသည် ဆရာသခင်အဆင့်နှင့် တစ်လှမ်းသာ ကွာတော့သည်။
သူက သာမန်အရာရှိကျောင်းတော်သားတစ်ယောက်ဖြစ်လာရန် စိတ်မဝင်စားပေ။
သို့ပေမဲ့ သူက ရှီစိုင်မြို့တွင် ကဗျာတစ်ပုဒ် ချန်ထားခဲ့သောအချိန်မှာ သူ့စာပေပါရမီက ဓားတာအိုနှင့်ပေါင်းစပ်သွားသောကြောင့် ဉာဏ်အလင်းအများအပြား ရခဲ့သည်။
ဟန်မူယဲ့က မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်ပြီး နတ်အာရုံကို ထိန်းချုပ်ထားသည်။
လင်းရှန်၏ကိုယ်ပေါ်တွင် ဓားအလင်းများပြေးလွှားနေပြီး ဟန်မူယဲ့ကို ကာကွယ်ထားသည်။
ထိုအရာသည် သူ့တာဝန်ဖြစ်သည်။
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ရွှေရောင်သမာဓိစွမ်းအားက ဆက်တိုက်ဆူပွက်နေသကဲ့သို့ လည်ပတ်နေသည်။
ဝိညာဉ်လိပ်ပြာဓားခုနစ်လက်ပေါ်တွင် ရွှေရောင်အလင်းတချို့ရှိနေသည်။
ထိုဖြစ်ရပ်မျိုး မဖြစ်ဘူးပေ။
ယခင်က ဝိညာဉ်လိပ်ပြာဓားနှင့် သမာဓိစွမ်းအားများသည် အချင်းချင်းနှောင့်ယှက်မှုမရှိပေ။ ပေါင်းစပ်သွားမည့်အရိပ်အယောင်များလည်း မရှိပေ။
သမာဓိစွမ်းအားသည် လောကတွင်ရှိသော မကောင်းဆိုးဝါးများအားလုံးကို ဖိနှိပ်နိုင်သည်။
သမာဓိစွမ်းအားက ဝိညာဉ်လိပ်ပြာဓားနှင့် ပေါင်းစပ်သွားလျှင် ဝိညာဉ်လိပ်ပြာဓား၏တိုက်ခိုက်နိုင်စွမ်းက နှစ်ဆထက်ပို၍ တိုးလာလိမ့်မည်။
ထို့အပြင် သမာဓိစွမ်းအားများက သူ့ကိုယ်ထဲတွင် လှည့်ပတ်နေသည်။ ထိုစွမ်းအားများက သူ့ဒန်ထျန်ထဲသို့ ရောက်လာသည့်အပြင် ဓားအရိုးအဖြစ်ပြောင်းလဲသွားသော ကျောရိုးထဲသို့ စိမ့်ဝင်၍ ပေါင်းစပ်သွားသည်။
ကျောက်စိမ်းဖြူဓားအရိုးပေါ်တွင် ရွှေရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
‘ဒါက ဘာလဲ’
‘ဓားအရိုးလား ဒါမှမဟုတ် စာပေအရိုးလား’
ရွှေရောင်ထွက်နေသော ဓားအရိုးများက အနည်းငယ်ကွာခြားပုံပေါ်သည်။
ဟန်မူယဲ့က မျက်လုံးမှိတ်ပြီး ကျင့်ကြံနေသည်။ ခုန်းချောင်တိ၊ မူကျင်းနှင့် တခြားလူများက သူ့ကိုကြည့်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နွေးထွေးသော စာပေအငွေ့အသက်များက တောက်ပနေသောဓားဆန္ဒအဖြစ် ပြောင်းသွားသည်။
ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သောအခါတွင် အငွေ့အသက်က အပြည့်အဝပြောင်းလဲသွားခဲ့သည်။
စာပေအငွေ့အသက်ပေါ်တွင် ကြံ့ခိုင်မှုတချို့ရှိနေသည်။
သူတို့ နားမလည်နိုင်ပေ။
မည်သူမှ နားမလည်နိုင်ပေ။
“ဟမ် ....”
ရှေ့တွင် သဘာဝစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာသည်။
သူတို့က ရှီယွမ်မြို့သို့ ရောက်လာခဲ့သည်။
မိုင်ငါးရာပတ်လည် ကျယ်ပြန့်သော မြို့ကြီးတစ်မြို့ …
အဆုံးမရှိသော အဆောက်အအုံများနှင့် သဘာဝစွမ်းအင်အလင်းများကို မြင်နေရသည်။
ကွန်ဖြူးရှပ်တာအိုအငွေ့အသက်များကြောင့် လောကတစ်ခုလုံးကို ရွှေရောင်သန်းနေစေသည်။
ထိုသို့ ခမ်းနားလှသောမြို့သည် အလယ်ပိုင်းကုန်းမြေ၏အစပ်တွင်ရှိသော မြို့လေးတစ်မြို့သာဖြစ်သည်။
“ရှီယွမ်မြို့ရဲ့ မှတ်တမ်းတင်အရာရှိစွန်းစုန့်က မြို့အရှင်ရဲ့အမိန့်နဲ့အတူ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ စပါးစိမ်းတောင်ကုန်းစောင့်ရှောက်သူကို ကြိုဆိုပါတယ်”
သင်္ဘောပျံ၏ရှေ့တွင် အစိမ်းရောင်နှင့် မီးခိုးရောင်ပိုးထည်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်ကျောင်းတော်သားတစ်ယောက်က လက်သီးဆုပ်၍ နှုတ်ဆက်သည်။
ရှီယွမ်မြို့တော်ဝန်က သူ့တို့ကိုကြိုဆိုရန်အတွက် လူကိုယ်တိုင်ရောက်မလာခဲ့ပေ။ သူက အရာရှိတစ်ယောက်ကိုစေလွှတ်၍ ကြိုဆိုစေခြင်းဖြင့် မူကျင်းကို မျက်နှာသာပေးခဲ့သည်။
မှတ်တမ်းတင်အရာရှိတွင် သင့်တော်သော အဆင့်အတန်းရှိသည်။ သူ့လက်ထဲတွင် မိုင်တစ်ရာအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို စုဆောင်းနိုင်သော မှတ်တမ်းတင်စာပေရတနာရှိသည်။
ဟန်မူယဲ့၊ မူကျင်းနှင့် တခြားလူများက သင်္ဘောပျံပေါ်မှဆင်းလာပြီး ရှီယွမ်မြို့၏အပြင်ဘက်တွင် စွန်းစုန့်နှင့်အတူ ရပ်လိုက်သည်။
စွန်းစုန့်က ရှီယွမ်မြို့၏ မှတ်တမ်းတင်အရာရှိဖြစ်သောကြောင့် ဟန်မူယဲ့နှင့်မူကျင်းတို့ကို ကျန်းထုံကဲ့သို့ အလွန်အာရုံစိုက်မထားပေ။
သူက သူတို့ကို ဧည့်လမ်းညွှန်စခန်းတွင် ထားခဲ့ပြီး မြို့အရှင်က ဧည့်သည်များနှင့်ဆုံတွေ့နေသောကြောင့် သူတို့ကို နောက်မှတွေ့မည်ဟု ထွက်သွားခင်မှာ ပြောခဲ့သည်။
ကျန်းထုံ၏ရှင်းပြချက်အရ မူကျင်း၏အဆင့်အတန်းသည် ရှုရှီဒေသအတွင်းရှိ မြို့အရှင်၃၂ယောက်နှင့် တူညီပြီး ကျင်းချွမ်မြို့အရှင်ထက် အနည်းငယ်သာနိမ့်ကျသည်။
ရှယွမ်မြို့အရှင်နှင့် စပါးစိမ်းတောင်ကုန်း၏စောင့်ရှောက်သူသည် အဆင့်အတန်းချင်း တူညီသည်။
သို့ပေမဲ့ မူကျင်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မဟာမိစ္ဆာဖြစ်သည်။ ဤနေရာတွင် အရေးပေးအခံရပေ။
ညနေပိုင်းတွင် စွန်းစုန့်က ပြန်လာသည်။ သူက အရင်ဆုံးတောင်းပန်၍ မူကျင်းတို့ကို ဧည့်ခံပွဲသို့ ခေါ်သွားသည်။
မြို့အရှင်၏ ဧည့်ခံပွဲဖြစ်သော်လည်း တခြားမြို့များမှ ဧည့်သည်များလည်း ရှိနေသည်။
ဧည့်ခံပွဲကို လူအများအပြား မတက်ရောက်ခဲ့ပေ။ အဆုံးတွင် မူကျင်း၊ ဟန်မူယဲ့၊ ခုန်းချောင်တိနှင့် မိစ္ဆာမလေးထန်ထန်တို့ပဲ သွားရောက်ခဲ့သည်။
မူကျင်းက ထန်ထန်ကို အမြင်ကျယ်လာစေရန်အတွက် ခေါ်လာသည်။ ခုန်းချောင်တိက အလယ်ပိုင်းကုန်းမြေ၏စည်းကမ်းများကို ကောင်းမွန်စွာနားလည်ပြီး သူမကို မကြာခဏ ညွှန်ပြပေးနိုင်သည်။
သူတို့က ဧည့်ခံပွဲကျင်းပသောစံအိမ်သို့ ရောက်လာသောအခါတွင် ခြံဝိုင်းရှေ့တွင်ရပ်သော ထူးခြားသည့်လူတချို့ကို မြင်ရသည်။
ရှေ့တွင်ရှိသောလူက အစိမ်းရောင်အရာရှိတူညီဝတ်စုံနှင့် မျက်နှာကာဦးထုပ်ကို ဝတ်ဆင်ထားသည်။ သူ့ကိုယ်ပေါ်တွင် ကောင်းကင်နှင့်မြေကြီး၏ သမာဓိစွမ်းအားများ သွယ်ယှက်နေသည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ပိုင်ဆိုင်နိုင်သောလူများသည် နယ်မြေတစ်ခု၏ အုပ်ချုပ်သူများဖြစ်ကြသည်။