← Chapters

အခန်း (၃၁၄)

Vol. 23 Ch. 314

အခန်း (၃၁၄)

Vol. 23 Ch. 314

သမာဓိစွမ်းအားနှင့်ပြည့်နေသော ဟန်မူယဲ့၏မျက်လုံးထဲတွင် ပန်းချီကားလေးချပ်က ပုံရိပ်ယောင်သဖွယ်ဖြစ်လာသည်။

“ထင်းရှူးပင်ကို လေပြင်းတွေက ဖိနှိပ်ဖို့ခက်ခဲတယ်။ ဝါးပင်ရဲ့သန်စွမ်းမှုက ကျောက်တုံးတွေကိုတောင် ထိုးဖောက်နိုင်တယ်။ မက်မွန်ပင်က အေးစက်နေပေမဲ့ ရနံ့သင်းတယ်။ သစ်ခွပန်းရနံ့က ကျက်သရေရှိတယ်။ ဒီပန်းချီကားတွေက ပုံစံတစ်မျိုးထဲမှာပဲ ကန့်သတ်မထားဘူး”

“ဒီမျိုးဆက်သစ်က ဆရာတုန်ဖန်ရဲ့စာလုံးတွေကို လေးစားပါတယ်”

တုန်ဖန်ရှု…

ပန်းချီကား၏လက်မှတ်သည် တုန်ဖန်ရှု၏လက်မှတ်ဖြစ်သည်။

သမင်ဖြူတောင်တန်းအကြီးအကဲ တုန်ဖန်ရှု

“ကောင်းပြီ”

လူအိုကြီးက တောက်ပနေသောမျက်လုံးများနှင့် ဟန်မူယဲ့ကို ကြည့်သည်။

“သခင်လေးက တခြား ဘာတွေကိုများ မြင်နိုင်သေးလဲ”

‘သူက ငါ့ကို စမ်းသပ်နေတာလား’

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် ပန်းချီကားများကိုကြည့်၍ တည်ငြိမ်စွာပြောသည်။

“လက်ရေးလှစာလုံးက ရေသေလို့ ပြောထားပေမဲ့ ခင်ဗျားရဲ့နှလုံးသားထဲမှာ အရိုင်းဆန်တဲ့ လှိုင်းလုံးတွေရှိနေတယ်။ ဒီတဲအိမ်ထဲမှာ ရှိနေတာက ခင်ဗျားရဲ့ပါရမီကို ဖြုန်းတီးနေတာပဲ”

လူအိုကြီးက မျက်နှာထားပြောင်းလဲမသွားဘဲ ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ပန်းချီကားလေးချပ်ကိုကြည့်ပြီးညင်သာစွာပြောသည်။

“ထင်းရှူးပင်က ခိုင်မာပေမဲ့ လေပြင်းက ဘယ်ကနေရာက်လာတာလဲ မသိနိုင်ဘူး။ ခင်ဗျားရဲ့နှလုံးသားထဲမှာ ရန်ငြိုးတွေရှိနေတယ်”

“ဝါးပင်က ဖြောင့်မတ်ပေမဲ့ သစ်ရွက်တွေက လျော့ရဲနေတယ်။ ခင်ဗျားက ဒေါသထွက်နေတယ်”

“မက်မွန်ပွင့်တွေက မီးတောက်နဲ့တူပေမဲ့ ဖုံးကွယ်မထားနိုင်တဲ့ နှင်းပွင့်တွေရှိနေတယ်။ ခင်ဗျားရဲ့မာနကို မြင်နိုင်တယ်”

“သစ်ခွတွေအတွက် စုတ်ချက်အမှားကို သုံးခဲ့တယ်”

“စုတ်ချက်တစ်ခုအတွက် တောင်တန်း၊ နှစ်ခုအတွက် မြစ်၊ သုံးခုကတော့ ဖီးနစ်မျက်လုံးပဲ။ ခင်ဗျားက ဖီးနစ်မျက်လုံးကို တမင်သက်သက်မထုတ်ဖော်ခဲ့ဘူး။ တမင်မထုတ်ဖော်ချင်တာလား ဒါမှမဟုတ်ရင် အမြင်အာရုံရှိတဲ့လူကို စောင့်နေတာလား။ ဒါမှမဟုတ် လူတိုင်းက မမြင်နိုင်ဘဲ ဖြစ်နေတာလား”

ဟန်မူယဲ့က လူအိုကြီးကိုကြည့်သည်။

လူအိုကြီး၏မျက်လုံးထဲတွင် နတ်ဘုရားအလင်းများစုစည်းလာပြီး ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ နက်ရှိုင်းနေသည်။ ကြည့်မိသူတိုင်းက နစ်မြုပ်သွားတော့မည်ဟု ခံစားရလိမ့်မည်။

သို့ပေမဲ့ ဟန်မူယဲ့က ဂရုမစိုက်ဘဲ စိတ်ယိုင်မသွားခဲ့ပေ။

“ကောင်းပြီ”

တုန်းဖန်ရှုက မတ်တပ်ထရပ်ပြီး အဝတ်အစားများကို ဖြန့်လိုက်သည်။ သူက လက်သီးဆုပ်၍ နှုတ်ဆက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်မှာ မရေမတွက်နိုင်လောက်တဲ့လူတွေက ငါ့ရဲ့ သစ်သားတဲအိမ်ကို ရောက်လာကြတယ်။ မင်းက ဒီလိုမျိုးအမြင်အာရုံနဲ့ ကိုယ်ဟန်မျိုးရှိတဲ့ ပထမဆုံးလူငယ်ပဲ”

“နှုတ်ဆက်ပါတယ်။ ငါက သမင်ဖြူတောင်တန်းရဲ့ တုန်းဖန်ရှုပါ”

ဟန်မူယဲ့က လက်မြှောက်ပြီး လက်သီးဆုပ်၍ ပြန်နှုတ်ဆက်သည်။

“ဟန်မူယဲ့က ဆရာတုန်းဖန်ကို နှုတ်ဆက်ပါတယ်”

တုန်းဖန်ရှုက ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ထိုင်ရန်ဖိတ်ခေါ်သည်။ သူက ရေနွေးခွက်သုံးခွက်ကိုထုတ်ယူ၍ စားပွဲပေါ်မှာတင်လိုက်ပြီး ရေနွေးကြမ်းငှဲ့သည်။

“တောရိုင်းထဲကနေရတဲ့ သာမန်လက်ဖက်ရွက်က ဧည့်ခံဖို့မသင့်တော့ဘူး”

ဟန်မူယဲ့က တစ်ဝက်ဖြည့်ထားသော ရေနွေးခွက်ကိုကောက်ယူပြီး ညင်သာစွာအနံ့ခံကြည့်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး ပြောသည်။

“ကျွန်တော်က ရေနွေးကြမ်းနဲ့ပတ်သတ်ပြီး ဘာမှမသိပါဘူး”

ထို့နောက် သူက သောက်ချလိုက်သည်။

သူ့ဘေးတွင် လင်းရှန်ကလည်း ရေနွေးခွက်ကိုကောက်ယူ၍ တစ်ချက်တည်းမော့သောက်သည်။

“ဒါက နည်းနည်းခါးတယ်။ ဒါပေမဲ့ လက်ခံနိုင်လောက်ပါတယ်”

ဟန်မူယဲ့က ရေနွေးခွက်ကို စားပွဲပေါ်သို့ ပြန်တင်ပြီး ပြုံးသည်။

“ဟားဟား၊ လက်ဖက်ရွက်က အရမ်းခါးမနေရင် ကောင်းတာပဲမဟုတ်ဘူးလား”

တုန်းဖန်ရှုက ရယ်လိုက်ပြီး ရှေ့တွင်ရှိသောရေနွေးခွက်ကိုကောက်ယူ၍ တစ်ခါတည်းသောက်လိုက်သည်။

“တစ်ခုခုကို ပြဿနာရှာချင်နေတဲ့လူတိုင်းက ဟန်ဆောင်နေတာပဲ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး မည်သည့်အရာမှမပြောပေ။

တာအိုကိုနားလည်နိုင်သော လူအများအပြားရှိသည်။ သူတို့အားလုံးကို ဟန်ဆောင်နေသည်ဟုပြောလိုက်လျှင် အနည်းငယ်လွန်သွားလိမ့်မည်။

တိတ်ဆိတ်နေသောဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် တုန်းဖန်ရှုက ရယ်သည်။

“သခင်လေးမူက အမြင်ကျယ်စေဖို့အတွက် လောကမှာ ခရီးသွားနေတာလား”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ပြောသည်။

“ခရီးသွားနေတုန်းမှာ စီးပွားရေးလေးလည်း လုပ်ပါတယ်”

စီးပွားရေးလုပ်နေကြောင်း ကြားလိုက်ရသောအခါတွင် တုန်းဖန်ရှုက အရင်ဆုံးမျက်မှောင်ကြုတ်ပြီး ထို့နောက် မျက်လုံးများတောက်ပလာသည်။

“ဒါက ရှားပါးတာပဲ”

“မင်းက ထူးခြားချင်ရင် လူသားလောကမှာ အရင်ဆုံး အတွေ့အကြုံရှာရမယ်။ မင်းက တာအိုစာစုတွေကို အတုအယောင်မလုပ်ဘဲ ကုန်သည်တစ်ယောက်အနေနဲ့ ဦးညွှတ်နိုင်တဲ့အတွက် အစစ်အမှန်ပါရမီရှိလိမ့်မယ်”

ထို့နောက် သူက လက်ဖြန့်ပြီး ပြောသည်။

“မင်းက ဘာစီးပွားရေးလုပ်တာလဲ။ လူသားလောကမှာ အတွေ့အကြုံရှာနေတဲ့ ကျင်းချွမ်မြို့က သူငယ်ချင်းတချို့ရှိတယ်။ သူတို့က မင်းကို ကူညီနိုင်လောက်တယ်”

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားရှည်တစ်လက်နှင့် ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူသည်။

ဓားနှင့် ကျောက်စိမ်းပုလင်းကို မြင်လိုက်ရသောအခါတွင် တုန်းဖန်ရှု၏မျက်လုံးများက ပိုမိုတောက်ပလာသည်။

“ကျင့်ကြံခြင်းမှာ ကိုယ့်ကိုယ်ကိုယ်အားကိုးနေလို့မရသလို အထောက်အကူပစ္စည်းတွေကိုပဲ အားကိုးနေလို့လည်းမရဘူး။ မင်းရဲ့ ဆေးလုံးနဲ့ဓားက နှစ်ခုလုံးအတွက် သင့်တော်တယ်။ စီးပွားရေးက မသေးဘူးပဲ”

ဓားကို ကိုင်ကြည့်လိုက်သောအခါတွင် တုန်းဖန်ရှု၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ကျောက်စိမ်းပုလင်းကိုကိုင်ထားပြီး ဟန်မူယဲ့ကို ကြည့်သည်။

ထိုအချိန်တွင် သူ့မျက်နှာထားက လေးနက်သွားသည်။

“မိတ်ဆွေလေးဟန်၊ မင်းရဲ့စီးပွားရေးကို လောကရဲ့ဘယ်နေရာမှာမဆို စတင်နိုင်တယ်”

ထိပ်တန်းအဆင့်အရည်အသွေးဆေးလုံးနှင့် ဝိညာဉ်တစ်ဝက်အဆင့်ဓားဖြစ်သည်။

ထိုရတနာမျိုးကို မရောင်းနိုင်ရန် အကြောင်းပြချက်မရှိပေ။

တုန်းဖန်ရှုက ခဏလောက်စဉ်းစားပြီး စာရွက်တစ်ရွက်ကိုထုတ်ယူ၍ စာတချို့ရေးသည်။ ထို့နောက် သူက ဟန်မူယဲ့ကိုပေးလိုက်ပြီး ပြောသည်။

“ကျင်းချွမ်မြို့ရဲ့ ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းကို ဒီစာနဲ့သွားရင် မင်းက ဆိုင်ရှင်နဲ့ တွေ့နိုင်လိမ့်မယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး စာကိုယူသည်။

တုန်းဖန်ရှုက အလွန်စကားပြောနိုင်သည်။ သူက အလယ်ပိုင်းကုန်းမြေ၏ စာပေလောကနှင့်ပတ်သတ်သော အကြောင်းအရာများအားလုံးကို ဟန်မူယဲ့အား ပြောပြနေသည်။

အမတ်ချုပ်ကြီးဝမ်က အလယ်ပိုင်းကုန်းမြေ၏ စာပေလောကကို လွှမ်းမိုးထားသည်။ လောက၏ စာပေပါရမီရှင်များသည် နန်းမြို့တော် ကျောင်းတော်နှင့် သက်ဆိုင်သည်။

ကွန်ဖြူးရှပ်တာအို ဆရာသခင်အများစုသည် နန်းမြို့တော် ကျောင်းတော်တွင် ရှိနေသည်။

တခြားနေရာများတွင် ကဗျာကောင်းများရေးသားနိုင်သော လူငယ်အများအပြားရှိသည်။ တုန်းဖန်ရှု၏ပြောစကားအရ ယနေ့ခေတ်လူငယ်များအားလုံးသည် မောက်မာကြသည်။

တုန်းဖန်ရှုက သူ့နောက်ခံကို ဖုံးကွယ်မထားပေ။

သူက ကွန်ဖြူးရှပ်တာအို၏ ကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သည်။ သူက စာပေပညာရပ်ကို နှစ်ပေါင်းခြောက်ဆယ်ကြာအောင် လေ့လာခဲ့ပြီး ကျောင်းတော်သားတစ်ယောက်ဖြစ်လာသည်။

သူက တခြားဒေသ၏ မြို့တော်ဝန်တစ်ဦးဖြစ်ပြီး ကျောင်းတော်၏ ဆရာတစ်ယောက်လည်းဖြစ်သည်။ လွန်ခဲ့သောနှစ်သုံးဆယ်တွင် သူက နန်းမြို့တော်သို့သွား၍ ကျောင်းတော်အတွက် ဆရာရာထူးကို လျှောက်ထားသည်။

အဆုံးတွင် သူရှုံးနိမ့်သွားသည်။

“ကွန်ဖြူးရှပ်တာအိုက လောကမှာရှိတဲ့လူတိုင်းအတွက်ပဲ။ ဘာဖြစ်လို့ ခွဲခြားမှုတွေရှိနေရတာလဲ”

“ဘာစိတ်အခြေအနေလဲ။ ဘာပါရမီလဲ။ နန်းမြို့တော် ကျောင်းတော်က ကွန်ဖြူးရှပ်တာအိုကို အမွေဆက်ခံဖို့မဟုတ်ဘဲ သူတို့ဆီကို လူတိုင်းလာလျှောက်စေချင်နေတာ”

ရေနွေးခွက်ထဲတွင် သေရည်မရှိပေ။ သို့သော် တုန်းဖန်ရှု၏မျက်နှာက နီရဲနေသည်။ သူ့အသံက ဒေါသများကြောင့် ကျယ်လောင်လာပြီး စားပွဲခုံကို ထုနှက်နေသည်။

“အဲဒါကြောင့် ခင်ဗျားက သမင်ဖြူတောင်တန်းကိုလာပြီး စာလေ့လာနေတာလား”

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲခြင်းမရှိဘဲ ညင်သာစွာပြောသည်။

“ငါက ကွန်ဖြူးရှပ်တာအိုကို ဖြန့်ဝေဖို့အတွက် အနောက်ဘက်နယ်စပ်ကုန်းမြေကိုသွားဖို့ စီစဉ်ထားခဲ့တာ။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကွန်ဖြူးရှပ်တာအိုအမွေအနှစ်က ပြတ်တောက်သွားခဲ့တယ်လို့ ငါကြားတယ်။ ဒါပေမဲ့ အတားအဆီးနံရံက ဖြတ်ကျော်ဖို့ ခက်ခဲလွန်းတယ်”

တုန့်ဖန်ရှုက ခေါင်းခါလိုက်ပြီး နောင်တများနှင့်အတူ ပြောသည်။

“ငါက သမင်ဖြူတောင်တန်းမှာ တဲအိမ်ဆောက်ပြီး ကလေးတွေကိုပဲ စာသင်ပေးနိုင်တယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“တစ်ခုခုရခဲ့လား”

တုန်းဖန်ရှုက ရယ်သည်။

“ရွာတောင်ပိုင်းမှာ လက်သမားနှစ်ယောက်ပိုရှိလာတယ်။ ရွာအနောက်ပိုင်းမှာရှိတဲ့ကလေးတွေက မြို့ကို အလုပ်သွားလုပ်ကြပြီ”

“ရွာသူကြီးမိသားစုရဲ့ကလေးက ပစ္စည်းထိန်းစာရေးဖြစ်လာတယ်။ ချီရှောင်ရှန်းက တိုက်ပွဲမှာသေမသွားခဲ့ရင် အရာရှိကျောင်းတော်သားတစ်ယောက် သေချာပေါက်ဖြစ်လာလိမ့်မယ်”

တုန်းဖန်ရှုက ခါးသီးစွာပြုံးလိုက်ပြီး အနည်းငယ် အထီးကျန်နေပုံရသည်။

ကျောင်းတော်သားကြီးတစ်ယောက်က တောင်ပေါ်ရွာကလေးရှိ ကလေးများကိုပဲ စာသင်ပေးနိုင်တော့သည်။ နှစ်ပေါင်းသုံးဆယ်ကြာသည်အထိ အောင်မြင်ခဲ့ပြီး ယခုအချိန်တွင် သူက အသုံးမဝင်ဖြစ်နေသည်။

“အဲဒါကြောင့် ခင်ဗျားရဲ့လက်ရေးမူကို ယာဉ်ရပ်နားစခန်းမှာ ချိတ်ဆွဲထားခဲ့တာလား”

ဟန်မူယဲ့က ပြုံးသည်။

တုန်းဖန်ရှုက ရက်ရောစွာခေါင်းညိတ်ပြီး ပြောသည်။

“ငါက နှစ်ပေါင်းခြောက်ဆယ်ကြာအောင်ကြိုးစားလေ့လာခဲ့တယ်။ ဒီလိုမျိုး အဆုံးသတ်မသွားချင်ဘူး”

“ဆရာက ကိုယ်ပိုင်ပါရမီကိုပြသပြီး နန်းမြို့တော်ကျောင်းတော်နဲ့ ယှဉ်ပြိုင်ချင်လား”

ဟန်မူယဲ့က တုန်းဖန်ရှုကို ကြည့်သည်။

“ငါက နန်းမြို့တော်ကျောင်းတော်နဲ့ ယှဉ်ပြိုင်ဖို့ မတွေးရဲပါဘူး။ အစွမ်းအစရှိတဲ့လူတချို့ကိုသင်ပေးပြီး ငါ့ဂုဏ်သိက္ခာပျက်စီးမသွားဖို့ပဲ မျှော်လင့်ပါတယ်”

တုန်းဖန်ရှု၏မျက်လုံးများ တောက်ပလာသည်။

သူက ဟန်မူယဲ့ကိုကြည့်ပြီး ညင်သာစွာပြောသည်။

“မိတ်ဆွေလေးဟန်၊ မင်းက ငါ့ရဲ့ သမင်ဖြူတောင်တန်းတဲအိမ်လေးမှာ ရက်အနည်းငယ်လောက်နေဖို့ ဆန္ဒရှိလား”

‘ရက်နည်းနည်းလောက်နေပြီး တပည့်တစ်ယောက်ဖြစ်လာရမယ်ပေါ့’

ဟန်မူယဲ့က ရယ်လိုက်ပြီး ခေါင်းခါသည်။ ထို့နောက် ထရပ်သည်။

“ဆရာတုန်းဖန်၊ ကျွန်တော့်အမြင်မှာတော့ ခင်ဗျားရဲ့အပြုအမူတွေက နန်းမြို့တော်ကျောင်းတော်ရဲ့ဆရာတွေထက် ပိုပြီးလေးစားစရာကောင်းပါတယ်”

“နန်းမြို့တော်ရဲ့ ပါရမီရှင်တပည့်တွေက ဆရာမလိုအပ်ဘူး။ ကျေးရွာမှာရှိတဲ့ကလေးတွေကတော့ ဆရာတုန်းဖန်ကို လိုအပ်တယ်”

“ခင်ဗျားပြောတဲ့အတိုင်း ကွန်ဖြူးရှပ်တာအိုက လောကရဲ့ တာအိုပဲ”

“ဆရာက တာအိုကို နားလည်ခဲ့ပြီး တာအိုနဲ့အတူ နေထိုင်နေခဲ့တာပဲ”

ထိုသို့ဖြင့် ဟန်မူယဲ့က ရှေ့တွင်ရှိသော ရေးနွေးခွက်ကိုကောက်ယူပြီး လက်ကျန်ရေနွေးကြမ်းကို တစ်ခါတည်းမော့သောက်လိုက်သည်။ ထို့နောက် သူက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဒီရေနွေးကြမ်းက တကယ်ခါးတာပဲ”

ဟန်မူယဲ့က တဲအိမ်ထဲမှထွက်လာပြီး ကြယ်များနှင့်လကို ဖုံးကွယ်ထားသည့် ကောင်းကင်ထက်တွင်ရှိသော တိမ်များကိုကြည့်သည်။

“နောက်ဆုံးတော့ သူနားလည်သွားပြီပဲ”

ထို့နောက် သူက တောင်ပတ်လမ်းမှတစ်ဆင့် ယာဉ်ရပ်နားစခန်းသို့ ပြန်လာခဲ့သည်။

သူက ရွာထဲမှထွက်လာသောအခါ နောက်တွင်ကျန်ရစ်ခဲ့သော တောအုပ်ထဲမှ ကျယ်လောင်သောလေတိုက်ခတ်သံကို ကြားလိုက်ရသည်။

မြင့်မြတ်သောအငွေ့အသက်များက ကောင်းကင်ပေါ်သို့ထိုးတက်သွားပြီး တိမ်များကိုဖျက်ဆီး၍ လနှင့်ကြယ်ကို ယှဉ်ပြိုင်နေသည်။

“သင်ကြားရေးမှာ ခွဲခြားခြင်းမရှိသင့်ဘူး။ ဆရာတစ်ယောက်ရဲ့လမ်းစဉ်က ရှင်းလင်းရမယ် ....”

ထိုအသံသည် မိုးခြိမ်းသံသဖွယ်ဖြစ်ပြီး တောင်နှင့်မြစ်များ တုန်ခါသွားသည်။

မိုင်တစ်ရာအတွင်း၌ အတိတ်၏ပုံရိပ်များ စုစည်းလာသည်။

ထိုအရာသည် ကွန်ဖြူးရှပ်တာအို၏ ဉာဏ်အလင်းဖြစ်သည်။

ကောင်းကင်ဘုံ၏ကောင်းချီပေးခြင်းကို ရထားသော တစ်ရက်တာဉာဏ်အလင်းဖြစ်သည်။

All Chapters