အခန်း (၃၁၅)
Vol. 23 Ch. 315
ကျယ်လောင်သောလေတိုက်ခတ်သံသည် တစ်ညလုံးရပ်တန့်မသွားခဲ့ပေ။
ထိုအသံကို ကြားရသောအခါတွင် မရေမတွက်နိုင်သောကျင့်ကြံသူများ ရောက်လာကြသည်။ သူတို့က မိုင်ဒါဇင်အကွာတွင် ရပ်နေကြပြီး ရှေ့မတိုးရဲပေ။
မဟာကျောင်းတော်သားတစ်ယောက်က မဟာတာအိုကို သုံးသပ်နေသောအချိန်တွင် သူတို့က ချဉ်းကပ်သွားခဲ့လျှင် မဟာတာအိုကြောင့် လွယ်ကူစွာ ဒဏ်ရာရသွားနိုင်သည်။
မဟာတာအိုက တခြားတစ်ယောက်ကို တီးတိုးပြောနေသောအချိန်တွင် နားထောင်ရန်ကြိုးစားသောလူများသည် အပြစ်ပေးခံရမည်။
မနက်ခင်းအလင်းသည် တောက်ပနေပြီး လေတိုက်ခတ်သံက ရပ်တန့်သွား၏။ တုန်းဖန်ရှုက ကောက်ရိုးတဲအိမ်ထဲမှ ထွက်လာသည်။
“ဆရာတုန်းဖန်က ဘာတွေလုပ်နေတာလဲ”
ကောက်ရိုးတဲအိမ်၏အပြင်ဘက်တွင် ရွာသူကြီးချီရမ်နှင့် တခြားလူများက တုန်းဖန်ရှုကို အံ့အားသင့်စွာကြည့်သည်။
ယခုအချိန်တွင် တုန်းဖန်ရှု၏ဆံပင်များသည် မည်းနက်နေပြီး အနက်ရောင်မုတ်ဆိတ်များသည် အနည်းငယ်သာရှိနေသည်။ သူက အသက်ငါးဆယ်အရွယ်တွင် ရှိနေပုံရပြီး အိုမင်းနေသောပုံစံနှင့် အလွန်ကွာခြားသွားသည်။
တုန်းဖန်ရှုက ချီရမ်ကိုကြည့်သည်။ သူ့အကြည့်ထဲတွင်ရှိနေသော မဖော်ပြနိုင်လောက်သည့်အဓိပ္ပာယ်ကြောင့် ချီရမ်က ကြောင်အသွားသည်။
“သခင်လေးဟန်မူယဲ့နဲ့ တခြားလူတွေက ဘယ်မှာလဲ”
တုန်းဖန်ရှုက အကြည့်လွှဲလိုက်ပြီး မေးသည်။
ချီရမ်က အနည်းငယ်တုန်ခါသွားပြီး ဦးညွှန်၍ ပြောသည်။
“ဆရာ၊ ရှီယွမ်မြို့ရဲ့ တရားဝင်သင်္ဘောပျံက ဒီမနက်မှာပဲ ထွက်သွားပါပြီ”
‘ထွက်သွားပြီလား’
တုန်းဖန်ရှုက မျက်မှောင်ကြုတ်သည်။
မနေ့ညတွင် သခင်လေးဟန်မူယဲ့က သူ့ကို ဉာဏ်အလင်းပြပေးခဲ့ပြီး နားလည်မှုအဆင့်မြင့်သွားအောင် ကူညီပေးခဲ့သည်။
‘သူက ဒီအတိုင်းပဲ ထွက်သွားတာလား’
“ဆရာ၊ သခင်လေးက ဆရာ့ကိုပေးလိုက်ဖို့အတွက် စာတစ်ဆောင်ချန်သွားပါတယ်”
ချီရမ်က စကားပြောလိုက်ပြီး စာတစ်စောင်ထုတ်ပေးသည်။
စာအိမ်ပေါ်တွင် စာလုံးများမရှိပေ။
တုန်းဖန်ရှုက အထဲတွင်ရှိသောစာကို ထုတ်ယူလိုက်သည်။
“ဘုန်း ....”
တုန်းဖန်ရှု၏ကိုယ်ပေါ်မှ အဆုံးမရှိသော ခရမ်းရောင်စွမ်းအားများ ပေါ်ထွက်လာသည်။ ရွှေရောင်သမာဓိစွမ်းအားက ကောင်းကင်ကိုဖုံးလွှမ်းထားသော တိမ်များအဖြစ်ပြောင်း၍ ပျောက်ကွယ်သွားသည်။
“ဆရာသခင်”
“ဒီမှာ ကျင့်ကြံနေတဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူက ဆရာသခင်တစ်ယောက်ပဲ”
“နန်းမြို့တော်ရဲ့အပြင်မှာ သီးသန့်နေထိုင်နေတဲ့ ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက် ရှိနေတယ်လား။ ဒီကျင့်ကြံသူကြီးက ဘယ်သူလဲ”
မိုင်ဒါဇင်ချီဝေးသောနေရာတွင် အာမေဍိတ်သံများ ပေါ်ထွက်လာသည်။
ထိုသို့ခမ်းနားပြီး များပြားသောအမှန်တရားချီများကြောင့် ဆရာသခင်တစ်ယောက်မှလွဲ၍ တခြားလူမဖြစ်နိုင်ပေ။
သို့သော်ဆရာသခင်တစ်ယောက်အဖြစ်သို့ရောက်သွားသော တုန်းဖန်ရှုကို သူတို့မမြင်နိုင်ပေ။ လက်ရှိအချိန်တွင် သူ့တစ်ကိုယ်လုံးက တုန်ခါနေသည်။ သူကိုင်ထားသော စာရွက်ပါးလေးသည် ပေါင်သန်းဆယ်ချီလေးနေပုံရသည်။
သူ့အသက်ရှုသံက လျင်မြန်နေပြီး မျက်လုံးပြူးသွားသည်။ ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်၏အငွေ့အသက်များ ပျောက်ကွယ်သွားသည်။
သူ့မျက်နှာသည် ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်နေသည်။ သူက စာရွက်ကို ညင်သာစွာဖြန့်လိုက်သောအခါတွင် ကျက်သရေရှိသောစာလုံးများ ပေါ်လာသည်။
“ဟန်မူယဲ့က သမင်ဖြူတောင်ပေါ်မှာ ကျောင်းတော်တစ်ခုဖွင့်ချင်ပါတယ်။ ဆရာအလိုရှိရင် ကျောင်းမှာ နေနိုင်ပါတယ်”
“ဟန်မူယဲ့က သမင်ဖြူကျောင်းတော်ကို ဝင်ရောက်လာတဲ့လူတိုင်းအတွက် သတင်းစကားတစ်ခု ပါးလိုက်ပါရစေ”
“ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့နှလုံးသားကို လောကအတွက်၊ လူသားတွေအတွက်၊ သူတော်စင်တွေအတွက်နဲ့ ခေတ်အဆက်ဆက်ရဲ့ ငြိမ်းချမ်းရေးအတွက် တည်ဆောက်ထားသင့်တယ်”
တုန်းဖန်ရှုက ပါးလွှာသောစာရွက်ကို ငေးကြည့်ပြီး ကောင်းကင်ထက်တွင် အချိန်ကြာမြင့်စွာရယ်မောနေသည်။
“ဒီစာကြောင်းတွေနဲ့ မင်းက ငါ့ကွန်ဖြူးရှပ်တာအိုရဲ့ အစစ်အမှန်အဓိပ္ပာယ်ကို ဖော်ပြနိုင်တယ်”
“သမင်ဖြူတောင်တန်းပေါ်မှာ ငါအိုပြီးသေသွားရင်တောင် တန်တယ်”
“ကောင်းပြီ။ ဒီနေ့ကစပြီး ငါ တုန်းဖန်ရှုက သမင်ဖြူတောင်တန်းကျောင်းတော်မှာ မင်းကိုစောင့်နေမယ်”
....
သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့၏ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းစီးကြောင်းတစ်ခု လွှမ်းခြုံထားသည်။
ထိုအရာသည် လူသားဆန္ဒစွမ်းအားများ လျင်မြန်စွာတိုးတက်လာနေခြင်းဖြစ်သည်။
ထိုမြင်ကွင်ကိုကြည့်လိုက်ပြီး ခုန်းချောင်တိက ခေါင်းခါ၍ အကြည့်လွှဲသည်။ ထို့နောက် သူက ညင်သာစွာပြောသည်။
“သခင်လေး၊ လမ်းမှာ သင်္ဘောပျံကိုမရပ်တော့ဘဲ ကျင်းချွမ်မြို့ကို တိုက်ရိုက်သွားကြရအောင်”
“သခင်လေးရဲ့အငွေ့အသက်ကို ဖုံးကွယ်ဖို့မဖြစ်နိုင်ဘူး။ လမ်းမှာ သင်္ဘောပျံပေါ်ကနေဆင်းလာရင် အရိုအသေပေးဖို့အတွက် သောင်းချီနေတဲ့လူတွေ ရောက်လာလိမ့်မယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ဖျော့တော့သောအပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
ကဗျာတစ်ဝက်သည် ဤသို့ပြင်းထန်သောကျော်ကြားမှုမျိုးကို ယူဆောင်လာလိမ့်မည်ဟု သူစိတ်ကူးမထားမိပေ။
လူသားဆန္ဒစွမ်းအားသည် လူသားများ၏မျှော်လင့်ချက်ကို ဖော်ပြနေရုံတင်မကဘဲ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းသည် ပိုမိုနက်နဲလျှင် စိတ်ကူးမယဉ်နိုင်လောက်သော မျှော်လင့်ချက်များကို ပိုမိုရရှိလာလိမ့်မည်။
ဤသိပ်သည်းသောအရှိန်အဝါသည် ကွန်ဖြူးရှပ်တာအိုဆရာအဆင့်၏ သမာဓိစွမ်းအားနှင့် လိုက်ဖက်ညီနေသည်။
‘လူသားဆန္ဒက သမာဓိစွမ်းအားနဲ့ လိုက်ဖက်ညီနေရင် ငါက ဒေသတစ်ခုကိုဖိနှိပ်ပြီး ဒေသအုပ်ချုပ်သူ ဖြစ်လာနိုင်ပြီလား’ ဟန်မူယဲ့က တွေးသည်။
‘ထားလိုက်ပါတော့။ ငါစိတ်မဝင်စားဘူး’
ဟန်မူယဲ့က အစွမ်းကုန်ကြိုးစား၍ လူသားဆန္ဒစွမ်းအားကို ဖိနှိပ်ပြီး သမာဓိစွမ်းအားကိုအသက်သွင်း၍ ချီစွမ်းအင်နှင့်ဝိညာဉ်မှာ ပေါင်းစပ်သည်။
သင်္ဘောပျံက ရပ်နားခြင်းမရှိဘဲ ဆက်လက်ပျံသန်းနေသည်။
တတိယမြောက်နေ့တွင် ရပ်တန့်သွားခဲ့သည်။
“ဒါက ကျင်းချွမ်မြို့လား”
သင်္ဘောပျံ၏ကုန်းပတ်ပေါ်တွင် မဟာမိစ္ဆာမူကျင်းက သက်ပြင်းချသည်။
ဟန်မူယဲ့က အပြင်သို့ထွက်လာပြီး ခံစားချက်များနှင့်ပြည့်နှက်နေပုံရသည်။
ရှေ့တွင် သဘာဝစွမ်းအားအလင်းများသည် ကောင်းကင်ကို အရောင်စုံနေစေသည်။
မြင့်မားသောအဆောက်အအုံများသည် မိုးကုပ်စက်ဝိုင်းအထိ ရှိနေသည်။
မဟာတာအိုနှင့်မြစ်များသည် မြို့ကို အစိတ်အပိုင်းများအဖြစ် ခွဲခြားထားသည်။
လူသားဆန္ဒ…
ယခု ဟန်မူယဲ့၏မျက်လုံးထဲတွင် ခရမ်းရောင်အလင်းများနှင့် ပြည့်နေသည်။
လူသားဆန္ဒသည် လူသားများ၏ မျှော်လင့်ချက်ဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုသည် လောကကို လူသားများ၏မျှော်လင့်ချက်စွမ်းအားဖြင့် ဖိနှိပ်ထားသည်။
လောကသည် ဟန်ချက်ညီပြီး ယေဘုယျအခြေအနေသည် အဆင်ပြေနေ၏။
ဤနေရာသည် အလယ်ပိုင်းကုန်းမြေဖြစ်သည်။
ဤနေရာသည် ကျင်းချွမ်မြို့ဖြစ်သည်။
“တောင်နဲ့မြစ်တွေက လှပတယ်။ ငါတို့ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေက လောကကို ထိန်းချုပ်နိုင်တယ်။ ငါတို့က ငါတို့ရဲ့အသက်ကိုစတေးပြီး ပူဇော်မှုတစ်ခု ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲ”
ကုန်းပတ်ပေါ်တွင်ရပ်နေသော ခုန်းချောင်တိက ညင်သာစွာသက်ပြင်းချသည်။
ကျင်းချွမ်မြို့သည် ပိုးထည်များသဖွယ် လှပသည်။
အမတ်ချုပ်ကြီးဝမ်က ဤတောင်တန်းနှင့်မြစ်များကို ကာကွယ်လိုခြင်းအတွက် အံ့အားသင့်စရာမလိုတော့ပေ။
ဤလောကမျိုး ပြိုင်ဘက်ကင်းလာခြင်းကို မမြင်ချင်သောကျင့်ကြံသူမျိုး မရှိနိုင်ပေ။
ဟန်မူယဲ့က ချက်ချင်းနားလည်သွားသည်။
“တကယ်လို့ ရှုရှီဒေသရဲ့ကျင်းချွမ်မြို့က ဒီလောက်တောင်တိုးတက်နေရင် နန်းမြို့တော်က ဘယ်လိုမျိုးနေမလဲ”
မူကျင်းက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် နေရာတွင် မတ်တပ်ရပ်နေသည်။
နန်းမြို့တော်…
ခုန်းချောင်တိ၏အကြည့်သည် ငေးမောနေပြီး ညင်သာစွာပြောသည်။
“ကောင်းကင်ပေါ်မှာ မြို့၁၂မြို့ရှိတယ်။ အင်မော်တယ်တိမ်တိုက်တွေက ပေသုံးသောင်းမြင့်တယ်။ နတ်ဘုရားအလင်းတွေတောက်ပနေပြီး ထူးချွန်တဲ့လူတွေ စုစည်းနေတယ်”
“နန်းမြို့တော်က ကောင်းကင်မြို့တော်ပဲ”
....
မူကျင်းက သစ်ပင်မိစ္ဆာများကိုဦးဆောင်၍ သင်္ဘောပျံပေါ်မှဆင်းလာပြီး ကျင်းချွမ်းမြို့၏ လမ်းညွှန်ချက်အတိုင်း ဝိညာဉ်ဆေးပင်များပေးပို့ရန်အတွက် မြို့တော်ဝန်ခြံဝိုင်းဆီသို့ သွားခဲ့သည်။
ဟန်မူယဲ့နှင့်ခုန်းချောင်တိက လင်းရှန်၊ မိစ္ဆာမလေးထန်ထန်နှင့်အတူ သင်္ဘောပျံပေါ်မှာ လျင်မြန်စွာဆင်းလာသည်။ သူတို့က ပေတစ်ထောင်ကျယ်သော ကျောက်ခင်းလမ်းအတိုင်း မြို့ထဲသို့ ဝင်သွားသည်။
မြို့ထဲသို့ ရောက်လာသောအခါတွင် သူတို့က ကျင့်ကြံသူများကို နေရာအနှံ့တွင် မြင်လိုက်ရသည်။
ချီစွမ်းအားအလင်းများဖြင့် တောက်ပနေသော ချီစွမ်းအားကျင့်ကြံသူများရှိသလို ဓားများသယ်ထားသော ဓားကျင့်ကြံသူများလည်းရှိသည်။
သမာဓိစွမ်းအားများ ပေါ်ထွက်နေသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများရှိသလို ထူးဆန်းသော မိစ္ဆာသားရဲများလည်းရှိသည်။
ပြင်းထန်သော မိစ္ဆာအငွေ့အသက်များနှင့် မိစ္ဆာကျင့်ကြံသူများရှိနေသလို ခေါင်းတုံးနှင့် ဗုဒ္ဓကျင့်ကြံသူများလည်းရှိသည်။
သာမန်လူသား၊ ကျင့်ကြံသူ၊ တာအိုတန်ခိုးရှင်၊ ဗုဒ္ဓဘာသာကျင့်ကြံသူ၊ မိစ္ဆာ။ ဤနေရာသည် အလယ်ပိုင်းကုန်းမြေ၏ မြို့ကြီးတစ်မြို့ဖြစ်သည်။
လမ်းမ၏တစ်ဖက်တစ်ချက်စီတွင် အမျိုးမျိုးသောဆိုင်းဘုတ်များရှိနေသည်။
အစားအစာ၊ အဝတ်အစား၊ တည်းခိုရန်နေရာနှင့် သယ်ယူပို့ဆောင်ခြင်းများ လစ်ဟင်းနေခြင်းမရှိပေ။ ဆေးလုံးဆိုင်နှင့် ဆွဲဆောင်နိုင်စွမ်းရှိသောလက်နက်များ နေရာတိုင်းတွင်ရှိနေသည်။
ဈေးဆိုင်တချို့ကို ဝင်ကြည့်ပြီးသောအခါတွင် ဟန်မူယဲ့တို့က အမျိုးမျိုးသော ထူးခြားသည့်ဆေးလုံးများကို မြင်ခဲ့ရသည်။
နောက်ဆုံးတွင် ခုန်းချောင်တိက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ရာကို ထုတ်သုံးခဲ့ပြီး သူတို့လေးယောက်သည် မြင်းလှည်းထဲသို့ရောက်သွားသည်။
လှည်းကိုဆွဲထားသောမြင်းသည် တစ်နေ့လျှင် မိုင်ပေါင်းရှစ်ထောင်ခရီးသွားနိုင်သော ဝိညာဉ်သားရဲမြင်းထီးဖြစ်သည်။
မြင်းလှည်းသမားသည် ကျင်းချွမ်မြို့နှင့် ရင်းနှီးပြီး သူတို့ကို ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းသို့ ခေါ်သွားနိုင်လိမ့်မည်။
ဆယ်မိနစ်အကြာတွင် မြင်းလှည်းက လမ်းကို တစ်ပတ်ပတ်ခဲ့ပြီး သူတို့က မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။
မြင်းလှည်းသည် ဖူကျင်းကုန်သည်ရေးအဖွဲ့အစည်း၏ ၅၁ဆိုင်မြောက်ဈေးဆိုင်ရှေ့တွင် ရပ်တန့်သွားသည်။
ပါးနပ်သောခုန်းချောင်းတိက ထွက်သွားသောမြင်းလှည်းကိုကြည့်လိုက်ပြီး နှစ်ကြိမ်ခြေဆောင့်သည်။
သူတို့က ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့်ဆက်လျှောက်လာခဲ့လျှင် ဝိညာဉ်ကျောက်တုံးနှစ်ရာကို အသုံးပြုရန်မလိုတော့ပေ။
ဝိညာဉ်ကျောက်တုံးများ မှားယွင်းသုံးလိုက်ခြင်းသည် အရေးမကြီးပေ။ အရေးအကြီးဆုံးအရာသည် သူအရှက်ရခဲ့ခြင်းဖြစ်သည်။
သူတို့လေးယောက်ထဲတွင် သူတစ်ယောက်ကပဲ အလယ်ပိုင်းကုန်းမြေတွင် မွေးဖွားကြီးပြင်းလာခဲ့သည်။
အလယ်ပိုင်းကုန်းမြေ၏လူများသည် အချင်းချင်း မလှည့်စားဟု ပြောကြသည်။
“မင်းတို့ရဲ့လေသံအရ တောင်ပိုင်းကဆိုတာကို ငါပြောနိုင်တယ်။ သူက မင်းတို့ကို ငွေမညှစ်ရင်လည်း တခြားလူတွေက ညှစ်မှာပဲ”
လမ်းဘေးတွင် နေပူဆာလှုံနေသောလူအိုကြီးက ပြုံးသည်။
“ဒီကုန်သွယ်ရေးအဖွဲ့အစည်းက မသေးဘူးပဲ”
ဟန်မူယဲ့က လမ်းတစ်ဝက်နေရာယူထားသော ဈေးဆိုင်ကိုမော့ကြည့်၍ တီးတိုးပြောသည်။
“အင်းပေါ့။ ဖူကျင်းကုန်သည်ရေးအဖွဲ့အစည်းက ကျင်းချွမ်မြို့ရဲ့ အဓိကကုန်သွယ်ရေးအဖွဲ့အစည်းသုံးခုထဲက တစ်ခုပဲ။ မြို့ထဲမှာတင် ဆိုင်ခွဲ၇၂ဆိုင်ရှိတယ်”
နေပူဆာလှုံနေသောလူအိုကြီးက နယ်မြေခံတစ်ယောက်၏ဂုဏ်ယူမှုများနှင့်အတူ ပြောလိုက်သည်။
ဟန်မူယဲ့တို့က ဆိုင်ထဲသို့ ခြေလှမ်းအနည်းငယ်ဝင်သွားသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် ဈေးဆိုင်လက်ထောက်တစ်ယောက်က သူတို့ကို ကြိုဆိုလိုက်သည်။
ထိုလက်ထောက်က ဆိုင်တွင်းရှိပစ္စည်းများကို ဟန်မူယဲ့တို့ ရွေးချယ်နိုင်ရန်အတွက် တစ်ချိန်လုံး အဖော်ပြုပေးနေသည်။
“သခင်လေး၊ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ။ ဒီအထပ်မှာရှိတဲ့ပစ္စည်းအများစုက စုတ်တံ၊ မင်ရည်၊ စာရွက်နဲ့ မင်တုံးတွေပဲ။ သာမန်ပစ္စည်းတွေကနေ ကွန်ဖြူးရှပ်တာအိုရတနာတွေအထိ အကုန်လုံးရှိပါတယ်”
“ဓမ္မလက်နက်နဲ့ အထောက်အကူပြုအဆောင်လက်ဖွဲ့တွေက ဒုတိယထပ်မှာရှိပါတယ်။ သာမန်လက်နက်ကနေ ဝိညာဉ်လက်နက်အထိ အကုန်ရှိပါတယ်”
“သခင်လေး၊ ကျေးဇူးပြုပြီး နောက်ကနေလိုက်ခဲ့ပါ။ တတိယထပ်မှာ ဆေးလုံးနဲ့ ဝိညာဉ်သတ္တုတွေရှိပါတယ်။ နဝမအဆင့်ကနေ ဆဌမအဆင့်ထိဆေးလုံးတွေကို အဲဒီနေရာမှာရောင်းပါတယ်”
“အထူးအရောင်းပြခန်းက တတိယထပ်ရဲ့အပေါ်မှာရှိပါတယ်။ သခင်လေးက တစ်ခုခုလိုအပ်ရင် ကျွန်တော်က စီစဉ်ပေးနိုင်ပါတယ်”
ဝန်ထမ်းတစ်ယောက်အတွက် အလိုအပ်ဆုံးအရာသည် အကဲဖြတ်နိုင်စွမ်းဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့် ဈေးဆိုင်လက်ထောက်သည် ကောင်းမွန်သောအကဲဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ ဟန်မူယဲ့က သူတို့လေးယောက်ထဲတွင် ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း သူပြောနိုင်သည်။ သူက ကုန်ပစ္စည်းများအကြောင်း မိတ်ဆက်ပေးသောအခါတွင် ဟန်မူယဲ့ကို တိုက်ရိုက်အာရုံစိုက်ထားသည်။
ကျင်းချွမ်မြို့တွင် ဒေသ၏အဆီအနှစ်ဖြစ်သော ရတနာအမျိုးမျိုးရှိသည်။
စာပေအခန်းအတွင်းရှိ ရတနာများကို လျစ်လျူရှုထားလျှင်ပင် မျက်စိဖမ်းစားနိုင်သော ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်သတ္တုများကို ဟန်မူယဲ့ မြင်ခဲ့ရသည်။