မိုးကြိုးနတ်ဆိုး နတ်ဘုရားစွမ်းရည်
Vol. 33 Ch. 440
ရှင်းတိကောဝမ် မသိတာကတော့ လီဖူချန်းရဲ့ ဓားအဆီအနှစ် လျှို့ဝှက်နည်းနစ်ဟာ အခြား လျှို့ဝှက်နည်းစနစ် အတော်များများနဲ့ ပေါင်းစပ် အသုံးပြုလို့ရတယ် ဆိုတာပါပဲ။ အဲသည်အကြောင်းကိုသာ သိသွားလို့ကတော့ ရှင်းတိကောဝမ်ဟာ အခုထက်ပိုပြီး အံ့အားသင့်သွား နိုင်ပါတယ်။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်ဟာ သာမန် လျှို့ဝှက်နည်းနစ် တစ်ခုလို့တောင် သတ်မှတ်လို့ မရပါဘူး။ ဒါက အရိုး ကိုယ်ထည်ပေါ်မှာ သီးခြား တည်ရှိနေတဲ့ စွမ်းအားတစ်ခုပါ။
အဲသည် အတွက်ကြောင့်သာ လီဖူချန်းဟာ တစ်ချိန်တည်းမှာ လျှို့ဝှက်နည်းစနစ် နှစ်ခုစလုံးကို အသုံးပြုနေနိုင်တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အရာရာတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိတတ်တာပါပဲ။ လီဖူချန်းအနေနဲ့ အဲသည်လို လျှို့ဝှက်နည်းစနစ် နှစ်ခုကို တစ်ပြိုင်တည်း အသုံးပြုနိုင်ဖို့ အတွက် သူ့ရဲ့ ချီအတွင်းအား တော်တော်များများကို အဆုံးရှုံး ခံရပါတယ်။ အခုတောင်မှ သူ့ရဲ့ ချီအတွင်းအားတွေဟာ အနည်းငယ် ကုန်ခန်းစ ပြုနေပါပြီ။
လီဖူချန်းရဲ့ ချီအတွင်းအား အရည်အသွေးက ဘယ်လောက်ပဲ ကောင်းနေပါစေဦး။ တကယ့် လက်တွေ့မှာတော့ သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ ပညာရှင်သာ ဖြစ်ပါတယ်။ အဲသည်အတွက် သူသိုလှောင်ထားနိုင်တဲ့ ချီအတွင်းအား ပမာဏဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ ပညာရှင် တစ်ယောက်ရဲ့ ချီပမာဏနဲ့ သိပ်ကွာမှာ မဟုတ်ပါဘူး။ ဒါကတော့ လီဖူချန်းအနေနဲ့ မကျော်ဖြတ်နိုင်တဲ့ ကန့်သတ်ချက် တစ်ခုပဲ ဖြစ်ပါတယ်။
လီဖူချန်းအနေနဲ့ ချီအတွင်းအားတွေ ကုန်ခန်းသွားတဲ့ အဖြစ်မျိုးနဲ့ မကြုံချင်ဘူး ဆိုရင်တော့ နေဝန်းစိမ်း အကြွင်းမဲ့လို ဓားကွက်မျိုး ထုတ်သုံးတာကို တတ်နိုင်သမျှ ရှောင်ရပါမယ်။
“ဟား ... ဟား ... ဟား ...။ မင်းဘယ်လောက် တောင့်ခံနိုင်ဦးမလဲ ဆိုတာကို ငါစောင့်ကြည့်ချင်သေးတယ်”
ရှင်းတိကောဝမ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ်။
သူက အခြေအနေကို ကောင်းကောင်းကြီး သုံးသပ်နိုင်ပါတယ်။ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းက သူထင်ထားတာထက် အများကြီး ကောင်းပေမဲ့လည်း သိုလှောင်ထားနိုင်တဲ့ ချီအတွင်းအား ပမာဏကတော့ သိပ်များမှာ မဟုတ်ပါဘူး။ အဲသည်အတွက် သူ့အနေနဲ့ တိုက်ပွဲကို ကြာနိုင်သလောက် ကြာအောင် အချိန်ဆွဲထားဖို့ပဲ လိုပါတယ်။ တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ လီဖူချန်းဟာ အောက်စည်းကို ရောက်သွားမှာ အသေအချာပါပဲ။
လီဖူချန်းကလည်း သူ့အခြေအနေကို သူသိပါတယ်။ သူက တိုက်ပွဲကို အကြာကြီးတိုက်ဖို့ မစဉ်းစားထားပါဘူး။ အဲသည်အတွက် သူဟာ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တတိယမြောက် ဓားကွက်ဖြစ်တဲ့”ကောင်းကင်ယံမှာ ပျံဝဲခြင်း”ကို ထုတ်သုံး လိုက်ပါတော့တယ်။
ရွှီး ...
ဓားကွက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းသွားပြီး ရှင်းတိကောဝမ်ဆီကို တိုးဝင်သွားခဲ့ပါပြီ။
ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ဓားကွက်ပါပဲ။
သည်ဓားကွက်က နေဝန်းစိမ်း အကြွင်းမဲ့လို ချီအတွင်းအား စုပ်ယူမှုနှုန်း မမြင့်ပါဘူး။ ဒါပေမဲ့ ဓားကွက်ရဲ့ ပြင်းထန်မှု အပိုင်းမှာတော့ နေဝန်းစိမ်း အကြွင်းမဲ့ကို ပခုံးချင်း ယှဉ်နိုင်ပါတယ်။ ပြီးတော့ သည်ဓားကွက်ထဲမှာ ဓားတာအိုရဲ့ သဘောတရားတွေ ခိုဝင်ကိန်းအောင်း နေပါသေးတယ်။
ဓားကွက်ကတော့ အလှည့်အပြောင်း မပါတဲ့ ရိုးရိုးရှင်းရှင်း ဓားကွက် တစ်ကွက်ပါပဲ။ ဒါပေမဲ့လည်း ဓားချက်က ရှင်းတိကောဝမ် သေသေချာချာ ပြင်ဆင်ခွင့် မရတဲ့အထိ လျင်မြန်လွန်း လှပါတယ်။
ရွေးချယ်စရာ မရှိတော့တဲ့ နောက်မှာတော့ ရှင်းတိကောဝမ်ဟာ သူ့ရဲ့ပင်မ အဓိက မိုးကြိုးနတ်ဘုရား စွမ်းအားတွေကို ထုတ်သုံးလိုက်ရ ပါတော့တယ်။
ဂျိန်း ... ဂျိန်း ... ဂျိန်း ...
ရှင်းတိကောဝမ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လှည့်ပတ် သွားလာနေတဲ့ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေဟာ အနက်ရောင် ပြောင်းသွားခဲ့ပါပြီ။ အဲသည် စွမ်းအားတွေက လီဖူချန်းရဲ့ ဓားအလင်းတန်းကို ခုခံ နိုင်ရုံသာမက ဓားကွက်ကိုပါ ဖျက်ဆီး ပစ်လိုက်ပါတယ်။
ပင်မအဓိက မိုးကြိုးနတ်ဆိုး စွမ်းအားကို ထုတ်သုံးထားတဲ့ ရှင်းတိကောဝမ်ရဲ့ ခွန်အားတွေဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁၉ကို ရောက်လုနီးပါးပါပဲ။
“မိစ္ဆာတူ ထုချက်”
ပင်မအဓိက မိုးကြိုးနတ်ဆိုး စွမ်းအားက မိုးကြိုးနတ်ဆိုး စွမ်းအား ထုတ်လုပ်မှုနှုန်းကို သက်ရောက်မှု ရှိစေပါတယ်။ အဲသည်အတွက် ရှင်းတိကောဝမ်ဟာ ပင်မအဓိက မိုးကြိုးနတ်ဆိုး စွမ်းအားကို အချိန်အကြာကြီး သုံးဖို့ မရည်ရွယ်ထားပါဘူး။ သူက တိုက်ပွဲကို အမြန်ဆုံး ဖြတ်လိုက်ဖို့ကိုပဲ ရည်ရွယ်ထားခဲ့တာပါ။
“ဟိတ်”
ရှင်းတိကောဝမ်က ကောင်းကင်ပေါ် ခုန်တက်သွားပြီး လက်သီးနှစ်လုံးနဲ့ လီဖူချန်းကို ထုချလိုက်ပါတယ်။
ဟူး ... ဟူး ...
အနက်ရောက် စက်လုံးနှစ်ခုဟာ လီဖူချန်းရဲ့ ခေါင်းပေါ်ကို ကျရောက်လာခဲ့ပါပြီ။
လီဖူချန်းက သူ့အပေါ် ဖိနှိပ်လာတဲ့ အနက်ရောက် စက်လုံးနှစ်ခုကို ကောင်းကောင်းကြီး မြင်တွေ့နေ ရပါတယ်။ သူက ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း မဖြစ်နိုင်တော့ပါဘူး။
“သွားစမ်းကွာ”
လီဖူချန်းက အံကို တင်းတင်း ကျိတ်လိုက်ပြီး အနက်ရောင် စက်လုံးနှစ်ခုကို ဘုံခုနစ်ဆင့် ကောင်းကင်ဓားနဲ့ ခုတ်ပိုင်းပစ် လိုက်ပါတယ်။
ဘန်း ...
အနက်ရောင် စက်လုံးနှစ်ခုရဲ့ ဖိနှိပ်မှုကြောင့် လီဖူချန်းဟာ မြေကြီးထဲကို ကျွံဝင်သွားခဲ့ပါပြီ။ သူက သည်စက်လုံးနှစ်ခုရဲ့ ဖိနှိပ်မှုကို ဘယ်လိုမှ တောင့်မခံ နိုင်ခဲ့ပါဘူး။
“ကြောက်စရာ ကောင်းလိုက်တဲ့ သိုင်းကွက်”
ရှီဟွာဘုရင်မကတော့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ လီဖူချန်းနေရာမှာ သူ ဆိုရင်လည်း ရှင်းတိကောဝမ်ရဲ့ လက်သီး ထုချက်ကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူက သည်လက်သီးချက်ကနေ လွတ်အောင် ပြေးနိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ သူက နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ နံပါတ်တစ် ဦးစီး ခေါင်းဆောင်ပါပဲ။ သူ့အနေနဲ့ ရှင်းတိကောဝမ်ကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင်မှ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းတော့ ရှိပါသေးတယ်။
“သူက ဘာဖြစ်လို့ သည်လောက်အထိ အစွမ်း ထက်နေရတာလဲ”
ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ မျက်လုံးတွေကလည်း ကျဉ်းမြောင်း သွားခဲ့ပါပြီ။ အဲသည် မျက်လုံးထဲမှာတော့ တုန်လှုပ်ချောက်ချားမှုတွေ အပြည့်ပါပဲ။
အရင်တစ်ကြိမ် သူနဲ့ ရှင်းတိကောဝမ် တိုက်ခိုက်ခဲ့တုန်းက ဆိုရင် ရှင်းတိကောဝမ်က အသာစီး ရခဲ့တယ် ဆိုပေမဲ့ သည်လောက်ကြီး မဟုတ်ပါဘူး။
အခုပုံစံအရ ဆိုရင်တော့ ရှင်းတိကောဝမ်က သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်မယ့် ပုံပါပဲ။ သူ့အနေနဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ကို အသက်သွင်း ထားရင်တောင်မှ သည်အနက်ရောင် စက်လုံးကြီး နှစ်ခုရဲ့ ဖိနှိပ်မှုကို ခံနိုင်စရာ အကြောင်းမရှိပါဘူး။ သူက သွေးအိုင်ဘဝကို ပြောင်းသွားမှာ အသေအချာပါပဲ။
ပြီးတော့ လီဖူချန်း ...
လီဖူချန်းဆိုတဲ့ ငတိကလည်း တကယ် ကြောက်စရာ ကောင်းလှပါတယ်။ အရင်တစ်ခေါက် နတ်ဆိုးဆယ်ပါး နယ်မြေကို လာခဲ့တုန်းကတင် သူဟာ အတော်လေး ကြောက်စရာ ကောင်းနေပါပြီ။ ဒါပေမဲ့ အခု လီဖူချန်း ပြသခဲ့တဲ့ စွမ်းရည်တွေအရ ဆိုရင်တော့ နယ်ဆိုးဆယ်ပါး နယ်မြေကို လာတုန်းက လီဖူချန်းဟာ ဘာမှ မဟုတ်တော့ပါဘူး။ နတ်ဆိုးဆယ်ပါး နယ်မြေကို လာတုန်းက လီဖူချန်းဟာ သူ့ရဲ့ အပေါ်ယံ စွမ်းရည်တွေကိုသာ ထုတ်ပြသွားခဲ့တာပါ။
“အင်း ... အရှေ့ယူနီကွန်းတိုက်ရဲ့ အခြေအနေက အများကြီး ပြောင်းလဲသွားပြီပဲ”
သွေးနတ်ဆိုး ဘုရင်က သက်ပြင်းတစ်ချက် ကျိတ်ချလိုက်ပါတယ်။
လက်ရှိအချိန်မှာတော့ လီဖူချန်းနဲ့ ရှင်းတိကောဝမ်တို့ နှစ်ယောက်ရဲ့ တည်ရှိနေမှုဟာ အရှေ့ယူနီကွန်း တိုက်ရဲ့ မျှခြေကို ပျက်စီး သွားစေခဲ့ပါပြီ။ သည်လူသားနှစ်ယောက် ရှိနေသရွေ့ကတော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ ဘယ်လိုမှ ခေါင်းထောင်နိုင်စရာ အကြောင်း မရှိပါဘူး။
သွေးနတ်ဆိုးဘုရင်က လူသားတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကိုတောင် သတိရလိုက် မိပါသေးတယ်။
“မြစ်တစ်စင်းဟာ အရှေ့ဘက်ကို နှစ်သုံးဆယ် စီးဆင်းပြီးရင် အနောက်ဘက်ကို နှစ်သုံးဆယ် ပြန်စီးဆင်းလိမ့်မယ်”ဆိုတဲ့ စကားကိုပေါ့။
အရင်တုန်းက ဆိုရင်တော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ အရှေ့ယူနီကွန်း တိုက်မှာ အားအကောင်းဆုံး အင်အားစုပါပဲ။ ဒါပေမဲ့ မိစ္ဆာတာအို အင်အားစု ပေါ်လာ အပြီးမှာတော့ သူတို့ရဲ့ အားကောင်းမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အခုတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ကလည်း သူတို့ကို လိုက်မီ လာပြန်ပါပြီ။
သည်နေ့တိုက်ပွဲမှာ လီဖူချန်း သေသွားမယ် ဆိုရင်တော့ နတ်ဆိုးဆယ်ပါး နယ်မြေအတွက် တကယ် ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ အရှေ့ယူနီကွန်း တိုက်ရဲ့ အားအနည်းဆုံး အင်အားစုအဖြစ်ကို အလိုအလျောက် ရှောက်ရှိ သွားတော့မှာပါ။ သူတို့ဟာ မိစ္ဆာတာအို အင်အားစုကို ရန်စဖို့ မဖြစ်နိုင်သလို ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကိုလည်း ထိပ်တိုက်တွေ့ ဖိအားပေးဖို့ မဖြစ်နိုင်တော့ပါဘူး။
လီဖူချန်းတစ်ယောက် မြေကြီးထဲကို ကျွံဝင်သွားအောင် ဖိနှိပ်ခံလိုက် ရတာကို မြင်အပြီးမှာတော့ မူဟန်ရှင်းရဲ့ စိတ်နှလုံးဟာ နောက်ကျိ သွားခဲ့ပါတယ်။
သူဟာ လီဖူချန်းရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိထားသူတစ်ယောက် ဖြစ်ပါတယ်။ လီဖူချန်းလို လူတစ်ယောက်တောင်မှ ရှင်းတိကောဝမ်ကို မယှဉ်နိုင်ဘူး ဆိုမှတော့ အရှေ့ယူနီကွန်း တိုက်ရဲ့ အနာဂတ်ဟာ မိစ္ဆာတာအို အင်အားစု လက်ထဲကို ကျရောက်သွားတော့မှာ အသေအချာပါပဲ။
ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဝင်တွေရဲ့ မျက်နှာဟာလည်း မကောင်းတော့ပါဘူး။ သူတို့က မာန်မာနထားပြီး လီဖူချန်းကို သစ္စာခံဖို့ ငြင်းပယ်ရင် ငြင်းပယ်ပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းဟာ သူတို့ရဲ့ ဦးစီးခေါင်းဆောင် ဖြစ်ပါတယ်။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ မျှော်လင့်ချက် ဆိုရင်လည်း မမှားပါဘူး။ တကယ်လို့ လီဖူချန်းသာ ပျောက်ကွယ်သွားမယ် ဆိုရင် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဟာလည်း နိဂုံးချုပ်ပါပြီ။ ဘယ်သူမှ ရှင်းတိကောဝမ်ကို ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။
အဲသည်အတွက် သူတို့တွေဟာ လီဖူချန်း မသေဖို့အတွက် ဆုတောင်းပေး နေကြပါတယ်။
ဘန်း ...
သူတို့ရဲ့ ဆုတောင်းကပဲ အစွမ်းထက် နေတာလား ဘာလားတော့ မသိပါဘူး။ လီဖူချန်းက မြေကြီးထဲကနေပြီး ပြန်တိုးထွက် လာခဲ့ပါတယ်။
အစောပိုင်းတုန်းက ရှင်းတိကောဝမ်ရဲ့ လက်သီးထုချက်ဟာ သူ့ထက် ၁၀ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ရာခိုင်နှုန်း လောက်သာ အားကောင်းခဲ့တာပါ။ အဲဒါက သူ့ကို ဒဏ်ရာ ရစေဖို့အတွက်တော့ မဖြစ်နိုင်သေးပါဘူး။
ရှင်းတိကောဝမ် ကတော့ မိစ္ဆာဆန်လှတဲ့ မျက်လုံးတွေနဲ့ လီဖူချန်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေပါတယ်။ လီဖူချန်းရဲ့ ခံနိုင်ရည်က သည်လောက်အထိ ကောင်းနေလိမ့်မယ်လို့ သူ မထင်ထားခဲ့တာတော့ အမှန်ပါပဲ။
သူက သူ့ရဲ့ လက်သီးထုချက်ဟာ လီဖူချန်းကို သတ်နိုင်လိမ့်မယ်လို့ မတွေးထားခဲ့ပါဘူး။ ဒါပေမဲ့ အဲဒါက အနည်းဆုံးတော့ လီဖူချန်းကို ဒဏ်ရာ ရစေလိမ့်မယ်လို့ သူတွေးထားခဲ့ပါတယ်။
သည်ပုံစံအတိုင်း ဆိုရင်တော့ လီဖူချန်းကို သတ်ဖို့ဆိုရင် အစောပိုင်းက လက်သီးချက်လိုမျိုး တစ်ဒါဇင်လောက် လိုပါလိမ့်မယ်။ မဟုတ်လို့ကတော့ သူ့အနေနဲ့ လီဖူချန်းကို သတ်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ပြဿနာက မိုးကြိုးနတ်ဆိုး ပင်မအဓိပ စွမ်းအားပါပဲ။ ဒါဇင်နဲ့ချီတဲ့ လက်သီးချက်က ပင်မအဓိက မိုးကြိုးနတ်ဆိုး စွမ်းအား တစ်ဝက်လောက်ကို ကုန်ခန်းသွားစေ နိုင်ပါတယ်။
“သည်အတိုင်း ဆိုရင်တော့ မဖြစ်သေးဘူး”
ရှင်းတိကောဝမ်က သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။
“သည် ... သည်ကောင်။ ဘ ... ဘာမှ မဖြစ်ဘူးလား”
သွေးဘိုးဘိုးကြီးနဲ့ ယင်ဘိုးဘိုးကြီးတို့ ကတော့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။ သူတို့က ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။
အသက်ရှူချိန် အနည်းငယ် အကြာမှာတော့ ရှင်းတိကောဝမ်ဟာ လီဖူချန်းရဲ့ စုတ်ပြဲနေတဲ့ ဝတ်စုံကြားကနေ ထွက်ပေါ်နေတဲ့ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာကို သတိပြုလိုက် မိပါတယ်။
“လီဖူချန်း ... မင်းရဲ့ ရှေးဟောင်း ချပ်ဝတ်တန်ဆာက မြေကမ္ဘာ အလယ်အလတ် အဆင့် ချပ်ဝတ်တန်ဆာ မဟုတ်လား။ အဲသည် ချပ်ဝတ်တန်ဆာက ငါ့ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာမရအောင် မင်းကို အကာအကွယ် ပေးထားတာပဲ”
“ဟုတ်တော့ ဘာဖြစ်လဲ”
လီဖူချန်းက အမှန်အတိုင်း ဝန်ခံလိုက်ပါတယ်။ လက်ရှိအချိန်မှာ သူက အရှေ့ယူနီကွန်း တိုက်ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်နဲ့ ထိပ်တိုက် ရင်ဆိုင်နေရတာပါ။ သည်တိုက်ပွဲမှာ အနိုင်ရခဲ့ရင်တော့ သူဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ အစွမ်းအထက်ဆုံး လူပုဂ္ဂိုလ် ဖြစ်လာမှာ ဖြစ်ပြီး ရှုံးသွားရင်တော့ လူသေဘဝကို ရောက်မှာ ဖြစ်ပါတယ်။ အဲသည်အတွက် အမှန်ပဲပြောပြော၊ လိမ်တာပဲဖြစ်ဖြစ် ဘာမှထူးမှာ မဟုတ်ပါဘူး။
“မြေကမ္ဘာ အလယ်အလတ် အဆင့် ချပ်ဝတ်တန်ဆာ”
သွေးဘိုးဘိုးကြီးနဲ့ ယင်ဘိုးဘိုးကြီးတို့ရဲ့ မျက်လုံးတွေကတော့ အရောင်တောက် သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ သူတို့ရဲ့ မျက်လုံးတွေဟာ ပြန်မှိန်ကျ သွားခဲ့ပါတယ်။
ရှင်းတိကောဝမ် ရှိနေမှတော့ လီဖူချန်း သေသွားရင်တောင်မှ သူတို့ဟာ အဲသည် ချပ်ဝတ်တန်ဆာကို ထိလိုက်ရမှာ မဟုတ်ပါဘူး။
ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ ဘက်ခြမ်းမှာလည်း လိုချင်တပ်မက်မှုနဲ့ မနာလိုမှု အငွေ့အသက်တွေ အပြည့်ပါပဲ။
သူတို့ဆီမှာက မြေကမ္ဘာအဆင့်နိမ့် လက်နက် ပစ္စည်းတွေတောင် အပြည့်အစုံ မရှိသေးပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ မြေကမ္ဘာ အလယ်အလတ် အဆင့် ချပ်ဝတ် တန်ဆာကိုတောင် ပိုင်ဆိုင်ထားနှင့် နေပါပြီ။ လီဖူချန်းက ဘာဖြစ်လို့ သည်လောက်အထိ ကံကောင်းနေရတာလဲ။ သူတို့ကကျတော့ ဘာဖြစ်လို့ သည်လို ကံကောင်းမှုမျိုးနဲ့ မကြုံရတာပါလိမ့်။
“မင်းရဲ့ လက်ထဲက ရှေးဟောင်းဓားကလည်း မြေကမ္ဘာ အလယ်အလတ် အဆင့် ဓားမဟုတ်လား”
ရှင်းတိကောဝမ်က သူ့ရဲ့ စကားကို ဆက်ပါတယ်။
ရှင်းတိကောဝမ်ရဲ့ စကားအဆုံးမှာတော့ အားလုံးဟာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါပြီ။
လီဖူချန်းဟာ ကောင်းကင်ဘုံရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံထားရတယ်ဆိုတာ လုံးဝ အသိသာကြီးပါပဲ။ သူတို့တွေက မြေကမ္ဘာ အဆင့်နိမ့် လက်နက်ပစ္စည်း တစ်ခု ရဖို့အတွက် အသည်းအသန် ရုန်းကန်လှုပ်ရှား နေရချိန်မှာ လီဖူချန်းကတော့ မြေကမ္ဘာ အလယ်အလတ် အဆင့် လက်နက်ပစ္စည်းတွေကို အစုံလိုက် ပိုင်ဆိုင်ထားပါတယ်။
“မင်းရဲ့ ကံကောင်းမှုကတော့ တကယ့် လက်ဖျား ခါစရာပဲ။ တကယ်လို့သာ မင်းအနေနဲ့ သည်ထက်ပိုပြီး အချိန်နည်းနည်းလေး ရခဲ့မယ်ဆိုရင် အရှေ့ယူနီကွန်း တစ်တိုက်လုံးဟာ မင်းရဲ့လက်အောက် ရောက်နေလောက်ပြီ။ ကံဆိုးတာကတော့ မင်းက အချိန်မတန်ခင်မှာ ငါနဲ့ ထိပ်တိုက် တွေ့လာခဲ့တာပဲ”
စကားပြောနေရင်းမှာပဲ ရှင်းတိကောဝမ်ဟာ သူ့ရဲ့ အနက်ရောင် မိစ္ဆာချီတွေကို ရုပ်သိမ်းလိုက်ပြီး ရုန့်ရင်း ကြမ်းတမ်းတဲ့ မိုးကြိုးနတ်ဆိုး စွမ်းအားတွေနဲ့ အစားထိုးလိုက်ပါတယ်။
လီဖူချန်းကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ သူက ရှင်းတိကောဝမ်ရဲ့ ကိုယ်တွင်းက စွမ်းအား အပြောင်းအလဲကိုသာ အာရုံထားပြီး လေ့လာဆန်းစစ် နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ သည်လို သာလွန်ထူးကဲတဲ့ စွမ်းအားတွေဟာ ချီအတွင်းအား နေရာကို အစားထိုးလို့ မရပါဘူး။ အဲသည် စွမ်းအားတွေကို ချီအတွင်းအားနဲ့ ရောနှော အသုံးပြုလို့ပဲ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာလွန်ထူးကဲ စွမ်းအားတွေက အင်မတန် အားကောင်းတဲ့အတွက် သွေးကြောတွေ၊ အသွေးအသားတွေကို ထိခိုက်သွားစေ နိုင်လို့ပါပဲ။
ဒါပေမဲ့ အခုတော့ ရှင်းတိကောဝမ်ဟာ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို မိုးကြိုးနတ်ဆိုး စွမ်းအားတွေနဲ့ ဖြည့်တင်း ထားပါတယ်။ ပြီးတော့ ဘာဒဏ်ရာမှလည်း မရပါဘူး။ အဲဒါကတော့ ရှင်းတိကောဝမ်ဟာ မိုးကြိုးနတ်ဆိုး နတ်ဘုရားစွမ်းရည် တစ်မျိုးကို နိုးထ ထားနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
“ဒါက ခင်ဗျားရဲ့ ဝှက်ဖဲ အစစ်အမှန်လား”
နောက်ဆုံးမှာတော့ လီဖူချန်းဟာ စကား ပြောလာခဲ့ပါပြီ။
ရှင်းတိကောဝမ်က ပြုံးလိုက်ပြီး ခရမ်းရင့်ရောင် မိုးကြိုး အလင်းတန်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။
ဂျိန်း ... ဂျိန်း ... ဂျိန်း ...
ကောင်းကင်ယံဟာ မည်းမှောင်အုံ့ဆိုင်း သွားခဲ့ပြီး မိုးခြိမ်းသံတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ ကြည့်ရတာတော့ ရှင်းတိကောဝမ်ရဲ့ အားကောင်းတဲ့ ခရမ်းရင့်ရောင် မိုးကြိုး အလင်းတန်းတွေဟာ ပတ်ဝန်းကျင် ရာသီဥတု အခြေအနေကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိနေပုံပါပဲ။ တစ်ချိန်တည်းမှာပဲ မြေပြင်ဟာ အက်ကွဲလာပြီး ကျောက်တုံး၊ ကျောက်ခဲတွေဟာ လေထဲကို ပျံတက်လာပါတယ်။
“ဟား ... ဟား ... ဟား ... လီဖူချန်း ... လီဖူချန်း။ မင်းတော်တော် ကံဆိုးတာပဲကွ။ သည်တစ်ခေါက် တံခါးပိတ် ကျင့်ကြံတုန်းက ငါက မိုးကြိုးနတ်ဆိုး နတ်ဘုရား စွမ်းရည်တစ်မျိုးကို နိုးထနိုင်ခဲ့တယ်။ သည်နတ်ဘုရား စွမ်းရည်နဲ့ဆိုရင် ငါက သာမန် တိုက်ပွဲ ဝိညာဉ်နယ်ပယ် အဆင့်၁ ဆရာသခင် တစ်ယောက်ကိုတောင် ကြောက်စရာ မလိုဘူးကွ”
ရှင်းတိကောဝမ်က အားရပါးရ ရယ်မောလိုက်ပါတယ်။ သူ့ရဲ့ လေသံထဲမှာတော့ ယုံကြည်မှုတွေ အပြည့်ပါပဲ။
တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကိုတော့ မြေကမ္ဘာ နယ်ပယ်အဆင့် ပညာရပ်တွေ လေ့ကျင့်ထားတာ၊ မထားတာနဲ့ ခွဲခြားသတ်မှတ်လို့ မရပါဘူး။ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်လာမှတော့ သူတို့ဟာ မြေကမ္ဘာအဆင့် ပညာတွေကို မလွဲဧကန် လေ့ကျင့်ထားမှာပါပဲ။
အဲသည်အတွက် သူတို့ကို အထူးအရိုး တည်ဆောက်ပုံ ဒါမှမဟုတ် နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်ခြင်း ရှိ၊ မရှိနဲ့ပဲ ခွဲခြားလို့ ရပါတယ်။ နတ်ဘုရား စွမ်းရည်ကို နိုးထထားနိုင်ခြင်း မရှိတဲ့ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင်တွေဟာ သာမန် ဆရာသခင်တွေပါပဲ။
ရှင်းတိကောဝမ်ရဲ့ အဲသည် ယုံကြည်မှုကတော့ မိုးကြိုးနတ်ဆိုး နတ်ဘုရား စွမ်းရည်ကနေ မြစ်ဖျားခံ လာတာပါ။ အဲသည် စွမ်းရည်ကြောင့်ပဲ မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်ကို ကျင့်ထားတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၁ပညာရှင်ကို မမှုဘူးလို့ သူပြောရဲခြင်း ဖြစ်ပါတယ်။
“ဒါဆိုလည်း စမ်းကြည့်ကြရအောင်”
လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ပါတယ်။ သူက ရှင်းတိကောဝမ်ကို အထင်သေးခဲ့မိတယ် ဆိုတာကိုတော့ မငြင်းလိုပါဘူး။ ဒါပေမဲ့ သူ့မှာလည်း ဝှက်ဖဲတွေ ရှိနေဆဲပါပဲ။
“အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုး”
ရှင်းတိကောဝမ်က တိုက်ပွဲကို လက်ဦးမှု ရယူပြီး ပြန်စလိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် မိုးကြိုး အင်းကွက်တွေဟာ စတည် ဖြစ်တည်လာခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ နတ်ဘုရားစွမ်းရည် အင်းကွက်တွေပါပဲ။
“လာစမ်း”
ရှင်းတိကောဝမ်က မိုးကြိုးအင်းကွက်တွေ ထံကနေ ခရမ်းရင့်ရောင် မိုးကြိုးလှံ တစ်စင်းကို ဆင့်ခေါ်လိုက်ပြီး အားကုန် ပစ်ပေါက်လိုက်ပါတယ်။ သူ့ရဲ့ ပစ်မှတ်ကတော့ လီဖူချန်းပါပဲ။
ရွှီး ...
မိုးကြိုးလှံဟာ အလွန် လျင်မြန်လှတဲ့ အရှိန်အဟုန်နဲ့ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။ သည်လှံတံမှာ ခိုဝင် ကိန်းအောင်းနေတဲ့ မိုးကြိုး စွမ်းအားတွေဟာ လမ်းကြောင်း တစ်လျှောက်မှာ ရှိနေတဲ့ အရာဝတ္ထု မှန်သမျှကိုလည်း လောင်ကျွမ်းသွားစေ ပါသေးတယ်။
သည်မိုးကြိုးလှံရဲ့ ဖိအားစက်ကွင်းက ကျယ်ပြန့်လွန်းလှတဲ့ အတွက် ပွဲကြည့်နေတဲ့ လူတွေ အကုန်လုံးဟာ စက်ကွင်းကနေ လွတ်ဖို့အတွက် မိုင်အနည်းငယ် ထပ်ဆုတ်လိုက် ရပါတယ်။ တကယ်လို့သာ မဆုတ်ဘူးဆိုရင်တော့ သူတို့ဟာ မိုးကြိုးလှံရဲ့ အစွမ်းကို ပထမဆုံး မြည်းစမ်းကြည့်ရတဲ့ သူတွေ ဖြစ်သွားမှာပါ။
“ဒါက အရမ်း ကြောက်စရာကောင်းလွန်း မနေဘူးလား။ နတ်ဘုရား စွမ်းရည်တွေက ဒီလိုပဲ အစွမ်းထက်တာလား”
လူတွေအားလုံးရဲ့ စိတ်ထဲမှာတော့ တူညီတဲ့ မေးခွန်းတစ်ခုကိုသာ မေးနေမိပါတယ်။
သူတို့ ဖတ်ဖူးတဲ့ ရှေးဟောင်း မှတ်တမ်း မှတ်ရာတွေအရ ဆိုရင်တော့ ကျင့်ကြံသူ တစ်ဦးဟာ နတ်ဘုရား စွမ်းရည်ကို နိုးထနိုင်ခဲ့မယ် ဆိုရင် တူညီတဲ့ နယ်ပယ်တစ်ခု အတွင်းမှာ ပြိုင်ဘက်ကင်း ဖြစ်ပါပြီတဲ့။ ကြည့်ရတာတော့ အဲသည် မှတ်တမ်းမှတ်ရာတွေဟာ အလိမ်အညာ မဟုတ်ပါဘူး။
“ကောင်းကင် ပျက်သုဉ်းခြင်း ဓားသိုင်း”
လီဖူချန်းက သူ့ရဲ့ လက်ကောက်ဝတ်မှာ ရှိနေတဲ့ ကောင်းကင် ပျက်သုဉ်းခြင်း ဓားအင်းကွက်ကို အသက်သွင်းလိုက်ပြီး ရှင်းတိကောဝမ်ရဲ့ မိုးကြိုးနတ်ဆိုး နတ်ဘုရားစွမ်းရည်ကို ရင်ဆိုင်လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
အားကောင်းပြီး တောက်ပနေတဲ့ ဓားအလင်းတန်းတွေ ကတော့ မိုးကြိုးလှံကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။
ဝုန်း ...
ပတ်ဝန်းကျင် တစ်ခုလုံးဟာ ကမ္ဘာပျက်ကိန်းကြီး တစ်ခုနဲ့ ကြုံလိုက်ရသလို ဖြစ်သွားခဲ့ပါပြီ။ ကောင်းကင်ယံမှာတော့ ခရမ်းရင့်ရောင် မိုးကြိုးလှံနဲ့ ရွှေဝါရောင် ဓားအလင်းတန်းတွေဟာ အားပြိုင်နေကြပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဓားအလင်းတန်းတွေဟာ မှေးမှိန် ယုတ်လျော့ လာခဲ့ပါတယ်။ အခြား တစ်ဖက်မှာတော့ ခရမ်းရင့်ရောင် မိုးကြိုးလှံဟာ နဂိုမူလအတိုင်း အားကောင်းနေဆဲပါပဲ။
ဘန်း ... ဘန်း ... ဘန်း ...
နောက်ဆုံးမှာတော့ ခရမ်းရင့်ရောင် မိုးကြိုးလှံဟာ ရွှေဝါရောင် ဓားအလင်းတန်းတွေကို တစ်ခုမကျန် ဖျက်ဆီးပြီး လီဖူချန်းအပေါ်ကို ကျရောက်သွားခဲ့ပါပြီ။
***