အခန်း (၃၁၇)
Vol. 23 Ch. 317
လူတစ်ယောက်၏ကြွက်သားနှင့်အရိုးများကို ပျော့ခွေသွားစေနိုင်သော အလွန်ဆွဲဆောင်မှုရှိသည့်အသံကို ကြားနိုင်သည်။
“သီချင်းသံက အရမ်းကောင်းတာပဲ ....”
ကမ်းစပ်တွင်ရပ်နေသော ထန်ထန်၏မျက်လုံးများက ရီဝေနေသည်။
“ပြီးတော့ သူတို့ရဲ့အဝတ်တွေက အရမ်းလှတယ်”
ရှေ့တွင်ရှိသော အပျော်စီးသင်္ဘောပေါ်တွင် အင်မော်တယ်ကဲ့သို့ တလှပ်လှပ်လွင့်နေသောအဝတ်အစားများနှင့် မိန်းကလေးများရှိနေသည်။
“မင်းတို့က ဧည့်သည်တွေဆိုမှတော့ ငါတို့ရဲ့ ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းက အပျော်စီးသင်္ဘောပေါ်ကို ဖိတ်ခေါ်ပါရစေ”
လျောင်ချန်က ဟန်မူယဲ့တို့ကိုကြည့်ပြီး ပြုံးသည်။
“ညီအစ်ကိုဟန် လာပါ။ ပိုးသားအင်မော်တယ် အပျော်စီးသင်္ဘောပေါ်မှာ ငါအဖော်ပြုပေးပါ့မယ်”
သူက ဆယ်မိုင်အကွာတွင်ရှိသော ရှင်းလင်းစွာမြင်နေရသည့် သင်္ဘောတစ်စင်းကို ညွှန်ပြသည်။
“အဲဒီသင်္ဘောကို ကျင်းချွမ်မြို့ရဲ့ အနောက်ဘက်မြို့စောင့်တပ်ဘုရင် ပိုင်တယ်။ မင်းတို့ကံကောင်းရင် မင်းသမီးယွင်ကျင်းရဲ့အကကို မြင်နိုင်လိမ့်မယ်”
“မင်းသမီးယွင်ကျင်းက ကျင်းချွမ်မြို့ရဲ့ နံပတ်တစ်အလှလေးပဲ”
အလယ်ပိုင်းကုန်းမြေတွင် တိုင်းပြည်တစ်ခုရှိသောကြောင့် တော်ဝင်မိသားစုလည်း ရှိသည်။
သို့သော် ဤလောက၏တိုင်းပြည်စွမ်းအားသည် အမတ်ချုပ်ကြီးဝမ်နှင့် စစ်သူကြီး၏လက်ထဲတွင် ရှိနေသည်။ နှစ်ထောင်ချီကြာသွားသောအချိန်တွင် မရေမတွက်နိုင်လောက်သောဘုရင်များ ရှိခဲ့သည်။ သို့သော် အမတ်ချုပ်ကြီးက အမတ်ချုပ်ကြီးဖြစ်နေဆဲဖြစ်ပြီး စစ်သူကြီးကလည်း စစ်သူကြီးအဖြစ် ဆက်ရှိနေသည်။
ယခုနှစ်တွင် ဘုရင်ဖြစ်လာသောလူကို ကျင့်ကြံသူအများအပြား မသိကြတော့ပေ။
တော်ဝင်မိသားစုသည် အာဏာမရှိသော်လည်း ကြွယ်ဝမှုနှင့် ခမ်းနားမှုတို့ လစ်ဟင်းမနေပေ။
နန်းမြို့တော်တွင် တော်ဝင်နန်းတော်တစ်ခု ရှိနေသည့်အပြင် ဒေသအမျိုးမျိုးတွင် စောင့်ကြပ်နေသော တော်ဝင်အိမ်တော်များရှိသည်။
ရှုရှီဒေသ၏အနောက်ဘက်မြို့စောင့်တပ်ဘုရင်အိမ်တော်သည် ရှုရှီဒေသကို နှစ်ပေါင်းသုံးထောင်ကြာသည်အထိ စောင့်ကြပ်ခဲ့သည်။ လက်ရှိဘုရင်ချင်းယုံသည် လွန်ခဲ့သောနှစ်ငါးဆယ်တွင် နန်းတက်ခဲ့သည်။
သို့သော် သူက ကျင့်ကြံခြင်းမှာ စိတ်နှစ်ထားပြီး လောက၏ကြွယ်ဝမှုကို တန်ဖိုးမထားပေ။
တစ်ဖက်တွင် သူ၏ ချစ်သမီး၊ မင်းသမီးယွင်ကျင်းဖြစ်သူ ချင်းကျီယန်က ပိုးသားအင်မော်တယ် အပျော်စီးသင်္ဘောကို စီမံပြီး ကြွယ်ဝမှုများ စုဆောင်းနိုင်သည်။ ကျင်းချွမ်မြစ်တွင် သူမကို ယှဉ်နိုင်သူမရှိပေ။
“မင်းသမီးယွင်ကျင်းက ကွန်ဖြူးရှပ်တာအိုပညာရှင်တွေရဲ့ ပါရမီကို အလေးစားဆုံးပဲ။ သူမက ဆရာတုန်းဖန်ဆီကိုတောင် သွားလည်ခဲ့သေးတယ်”
“ညီအစ်ကိုဟန်မှာ ကဗျာကောင်းတွေရှိနေရင် ဖုံးမထားနဲ့နော်”
“တကယ်လို့ မင်သမီးယွင်ကျင်းရဲ့မျက်နှာသာပေးမှုကိုရနိုင်ရင် စီးပွားရေးပိုင်းမှာ အရမ်းကြိုးစားနေစရာမလိုတော့ဘူး”
လျောင်ချန်က လှေပေါ်တွင်ထိုင်နေပြီး တီးတိုးပြောသည်။
လျောင်ချန်က စီးပွားရေးသမားတစ်ယောက် ဖြစ်သင့်သည်။
ဟန်မူယဲ့တို့အပြင် လျောင်ချန်ခေါ်လာခဲ့သော တခြားလူနှစ်ယောက်လည်းရှိနေသည်။
သူတို့က ဆံပင်ဖြူလူအိုကြီးနှင့် သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားတစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်သည် ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ အကြီးအကဲများဖြစ်သည်။ ထို့အပြင် လျောင်ချန်၏ အစောင့်များလည်းဖြစ်ပြီး အမျိုးမျိုးသောကိစ္စများကို ဖြေရှင်းရာတွင် ကူညီပေးသည်။
လှေငယ်လေးက ညင်သာစွာယိမ်းထိုးနေပြီး ခဏအကြာတွင် ပေတစ်ထောင်ရှည်သော ပိုးသားအင်မော်တယ် အပျော်စီးသင်္ဘောဆီသို့ ရောက်လာသည်။
“ဒီသင်္ဘောက နာမည်အတိုင်းပဲ။ သင်္ဘောကိုယ်ထည်ကို ဝိညာဉ်သွယ်ဆက်သစ်သားတွေနဲ့ ပြုလုပ်ထားတယ် သင်္ဘောဝမ်းဗိုက်ကို ခရမ်းတိမ်တိုက်ရွှေနဲ့ ဖန်တီးထားတယ်။ ဒီအင်မော်တယ်သင်္ဘောက ဓမ္မရတနာတစ်ခုနဲ့ ယှဉ်နိုင်တယ်”
ပေတစ်ထောင်ရှည်သော အင်မော်တယ်သင်္ဘောကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ညင်သာစွာပြောသည်။
သင်္ဘောက ဓမ္မရတနာနှင့် ယှဉ်နိုင်ရုံတင်မကဘဲ ဓမ္မရတနာအဆင့် သင်္ဘောပျံဖြစ်သည်။
မင်းသမီးယွင်ကျင်းက ထိုရတနာမျိုးကိုအသုံးပြု၍ ဧည့်သည်များကို ဖျော်ဖြေပေးသောကြောင့် အလွန်ရက်ရောသည်ဟု ပြောနိုင်သည်။
“ညီအစ်ကိုဟန်က ဗဟုသုတနဲ့ ပြည့်စုံတာပဲ”
လျောင်ချန်က တစ်ဖက်သို့လှည့်ပြီး စပ်စုလိုစိတ်များဖြင့် မေးသည်။
“ညီအစ်ကိုဟန်က ဝိညာဉ်ပစ္စည်းတွေနဲ့ပတ်သတ်ပြီး လေ့လာထားလိမ့်မယ်လို့ ထင်မထားမိဘူး”
ကွန်ဖြူးရှပ်ကျင့်ကြံသူအများစုသည် ကြိုးစား၍ စာလေ့လာကြသည်။ တစ်ချိန်တည်း ခရီးသွားပြီး စီးပွားရေးလုပ်ခြင်းက မထူးဆန်းပေ။
သို့သော် ဟန်မူယဲ့က ဝိညာဉ်ပစ္စည်းများနှင့်ပတ်သတ်၍ အလွန်သိနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
သူထင်ထားခဲ့သည့်အတိုင်း သခင်လေးဟန်၏နောက်ခံက မရိုးရှင်းပေ။
ဟန်မူယဲ့က ပြုံးလိုက်ပြီး မည်သည့်အရာမှမပြောပေ။
ဆက်တွေးနိုင်ရန်အတွက် ချန်ထားခဲ့ခြင်းသည် အကောင်းဆုံးတုံ့ပြန်မှုဖြစ်သည်။
သူတို့က ကုန်းမြေတစ်ခုနှင့်တူသော ပေတစ်ရာကျယ်သည့် အင်မော်တယ်သင်္ဘော၏ကုန်းပတ်ပေါ်သို့ တက်လိုက်သည်။ ကုန်းပတ်ပေါ်တွင် ပန်းပွင့်နှင့် ဝိညာဉ်အပင်များက အစိမ်းရောင်နှင့် အနီရောင် သဘာဝစွမ်းအင်အလင်းများကို ထုတ်ပေးနေသည်။
ဟန်မူယဲ့၏အမြင်တွင် ပန်းတစ်ပွင့်ကို သာမန်ကာလျှံကာခူးယူလိုက်ခြင်းက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တစ်ကိုယ်တော်ကျင့်ကြ့သူများအတွက် တစ်နှစ်တာအသုံးစရိတ်နှင့် တူညီသည်။
ဤသင်္ဘောက အစစ်အမှန် အင်မော်တယ်သင်္ဘောဖြစ်သည်။
ကုန်းပတ်ပေါ်တွင်ရပ်ပြီး အဝေးသို့ကြည့်လိုက်လျှင် အပြာရောင်လှိုင်းလုံးများနှင့် အင်မော်တယ်အငွေ့အသက်ကို မြင်နိုင်သည်။
“ဒါက အရမ်းလှတာပဲ ....”
ထန်ထန်က ဖမ်းစားခံလိုက်ရသည်။
လင်းရှန်နှင့် ခုန်းချောင်တိကို့ကလည်း အနည်းငယ်ငေးမောနေမိသည်။
“ညီအစ်ကိုဟန်၊ ကျင်းချွမ်မြို့ရဲ့ရှုခင်းတွေက ဘယ်လိုလဲ”
လျောင်ချန်က ဟန်မူယဲ့ကို ပြုံးပြသည်။
“ဒါက ရတနာတစ်ခုပဲ။ ကြွယ်ဝပြီး လှပတဲ့ မြို့တစ်မြို့ပဲ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ဤနေရာသည် လူသားလောကဖြစ်သည်။
သူ့စိတ်နယ်ပယ်ထဲတွင် ရွှေရောင်လူသားလောကမန္တန်က တုန်ခါသွားပြီး သမာဓိစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာလုနီးပါး လှုပ်ရှားလာသည်။
“ကောင်းလိုက်တဲ့စကား”
လျောင်ချန်၏မျက်လုံးများက တောက်ပလာပြီး ပြောလိုက်သည်။
“သခင်လေးဆယ့်ခုနစ်၊ တကယ်ပဲ သခင်လေးဆယ့်ခုနစ်ပဲ”
မွှေးရနံ့တစ်ခု ပျံ့လွင့်လာပြီး ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်က သူ့ကိုကြိုဆိုလိုက်သည်။
လျောင်ချန်က ပြုံးလိုက်ပြီး တစ်ဖက်သို့လှည့်ကြည့်သည်။
“ဒီနေ့ မင်းသမီးယွင်ကျင်းက ငါတို့အတွက် ကပြမှာလား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်က တခစ်ခစ်ရယ်ပြီး လျောင်ချန်၏လက်မောင်းကို ဖက်တွယ်လိုက်သည်။
“သခင်လေးဆယ့်ခုနစ်၊ မင်းသမီးကဖို့ဆိုရင် ဒီနေ့ သင်္ဘောပေါ်မှာ သူမကိုလှုပ်ရှားစေနိုင်မယ့် ကဗျာကောင်းတစ်ပုဒ်ရှိဖို့လိုတယ်”
လျောင်ချန်က ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကိုကြည့်သည်။
“ညီအစ်ကိုဟန်၊ ဒီနေ့မှာ ကျင်းချွမ်မြို့ရဲ့ နံပတ်တစ်အလှလေးကို မြင်တွေ့ရဖို့က မင်းအပေါ်မှာပဲ မူတည်နေတယ်”
ဟန်မူယဲ့စကားမပြောနိုင်ခင် သိပ်မဝေးသောနေရာမှ အေးစက်သောနှာမှုတ်သံထွက်လာသည်။
“အဓိပ္ပာယ်မဲ့လိုက်တာ။ ငါ့အစ်မကပြတာကို လူတိုင်းမြင်နိုင်မယ်ထင်နေလား”
ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါ သိပ်မဝေးသောနေရာတွင်ရပ်နေသည့် ကျောက်စိမ်းဖြူရောင်ပိုးသားဝတ်စုံနှင့် ခရမ်းကျောက်စိမ်းသရဖူတစ်ခုကို ဝတ်ဆင်ထားသော ၁၅နှစ် ၁၆နှစ်အရွယ် လူငယ်တစ်ယောက်ကို မြင်ရသည်။
လူငယ်လေးတွင် နီရဲနေသောနှုတ်ခမ်းများနှင့် အဖြူရောင်သွားများရှိသည်။ သူ့မျက်နှာသည် ပေါင်ဒါမှုန့်များကဲ့သို့ ဖြူဖွေးနေပြီး နူးညံ့ပုံပေါ်သည်။ သို့သော် သူ့မျက်လုံးများက မကျေနပ်ချက်များနှင့်အတူ ကြမ်းတမ်းနေသည်။
“အိမ်ရှေ့မင်းသားကလည်း ဒီမှာရောက်နေတာလား”
လျောင်ချန်က လူငယ်ကိုမြင်လိုက်ရပြီး အပြုံးတစ်ခုနှင့်အတူ ဦးညွှတ်သည်။
“ကျွန်တော်က ခဏလောက်စိတ်ရှုပ်သွားပြီး အဓိပ္ပာယ်မရှိတာတွေ ပြောမိတာပါ။ အလေးအနက်ယူလို့မရပါဘူး”
သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။
ထိုလူငယ်သည် အနောက်ဘက်မြို့စောင့်တပ်ဘုရင်၏ အမွေဆက်ခံသူဖြစ်သည်။ သူဒေါသထွက်သွားသည့်အတွက် အံ့အားသင့်နေရန်မလိုပေ။ အလယ်ပိုင်းကုန်းမြေတွင် တော်ဝင်အမျိုးသမီးများက လူအများရှေ့တွင် ထွက်ပေါ်မလာသင့်ကြောင်း ဆိုရိုးမရှိသော်လည်း လျောင်ချန်က သူ့အစ်မအကြောင်းကို ပြောနေခြင်းဖြစ်သည်။
လျောင်ချန်က တောင်းပန်ခဲ့သည်။ အိမ်ရှေ့မင်းသားလေးသည် အနည်းငယ်ဒေါသထွက်နေဆဲဖြစ်သော်လည်း ထိုကိစ္စကို ဆက်မပြောတော့ပေ။ သူက ဟန်မူယဲ့ကိုစိုက်ကြည့်ပြီး သင်္ဘောအခန်းအတွင်းသို့ ဝင်သွားသည်။
သူထွက်သွားသောအခါတွင် လျောင်ချန်က လက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး ဟန်မူယဲ့ကို တောင်းပန်သည်။ ထို့နောက် သူက တီးတိုးပြောသည်။
“အနောက်ဘက်မြို့စောင့်တပ်ဘုရင်က ကျင့်ကြံခြင်းမှာ စိတ်နှစ်ထားတဲ့အတွက် ကလေးရဖို့ခက်ခဲတယ်။ မင်းသမီးလေး ယွင်သွမ့်ကို ငယ်ငယ်လေးကတည်းက မင်းသားတစ်ယောက်အဖြစ် ပျိုးထောင်လာခဲ့တယ်”
‘ငါသိပြီ’ ဟန်မူယဲ့က တွေးသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ရန်မစဘဲနေကြရအောင်”
လျောင်ချန်က ရယ်လိုက်ပြီး လက်ပြသည်။
“ညီအစ်ကိုဟန်၊ ကျေးဇူးပြုပြီး”
ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးတချို့ ရှေ့တက်လာသည်။ ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြလိုက်သည်။
သူက သန့်စင်စွာနေထိုင်တတ်သော လူတစ်ယောက်မဟုတ်သော်လည်း မိန်းမလိုက်စားရန် စိတ်မဝင်စားပေ။
လျောင်ချန်က ရယ်လိုက်ပြီး သူ့ဘေးတွင်ရှိသော မိန်းကလေးနှင့်အတူ သင်္ဘောအတွင်းသို့ ဝင်သွားသည်။
သင်္ဘောအတွင်းပိုင်းသည် ကျယ်ပြန့်ပြီး အလှဆင်ပစ္စည်းများက တန်ဖိုးမြင့်သည်။
အလင်းပုလဲများက နေရာတိုင်းတွင်တောက်ပနေပြီး သင်္ဘောအခန်းကို လင်းထိန်နေစေသည်။
ထိုပုလဲမျိုးသည် တစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်ရာတန်သည်။
အမျိုးမျိုးသော ချိတ်ဆွဲထားသည့်အလှဆင်ပစ္စည်းများကို အဆင့်မြင့်ဝိညာဉ်သတ္တုများဖြင့် ပြုလုပ်ထားသည်။
အခန်း၏အလယ်တွင် စင်မြင့်တစ်ခုရှိနေပြီး အမျိုးမျိုးသော တူရိယာပစ္စည်းများကို တင်ထားသည်။
သူ့ပတ်ပတ်လည်တွင် မိန်းကလေးများက လိပ်ပြာများသဖွယ် ဖြတ်သန်းသွားကြသည်။
သင်္ဘောအတွင်းခန်း၏ စင်္ကြံလမ်း နံရံတစ်လျှောက်တွင် အမျိုးမျိုးသောပန်းချီကားများကို ချိတ်ဆွဲထားသည်။
ပန်းရောင်နှင့် အဖြူရောင်နံရံများပေါ်တွင် အမျိုးမျိုးသော လက်ရေးမူများလည်းရှိသည်။ တချို့စာသားများသည် နူးညံ့ပြီး တချို့က အရိုင်းဆန်သည်။ တချို့က ရှုပ်ထွေးပြီး တချို့က သပ်ရပ်သည်။
“ဒီမှာချိတ်ဆွဲထားတဲ့ စာပေအရေးအသားတွေကို ပါရမီထူးချွန်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်တဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေ ရေးသားထားကြတယ်။ သူတို့က ကဗျာတစ်ပုဒ်ရေးလိုက်ရင် အင်မော်တယ်သင်္ဘောပေါ်မှာရှိတဲ့အမျိုးသမီးတွေကို စိတ်လှုပ်ရှားစေနိုင်တယ်”
“ဒါက မှားယွင်းနေတာတော့မဟုတ်ဘူး။ အင်မော်တယ်သင်္ဘောရဲ့နတ်မိမယ်တစ်ပါး လက်ထပ်သွားတဲ့အကြောင်းကဗျာတစ်ပုဒ်က ကျင်းချွမ်မြစ်မှာ ပျံ့နှံ့နေတယ်”
နံရံပေါ်တွင်ရှိသောစာသားများကို ညွှန်ပြလိုက်ပြီး လျောင်ချန်က ခေါင်းခါသည်။
“ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်မှာ ပါရမီတချို့ပဲရှိပြီး နောက်ခံနဲ့ကြွယ်ဝမှုမရှိရင် အင်မော်တယ်သင်္ဘောရဲ့မိန်းကလေးတစ်ယောက်က ဘာဖြစ်လို့ သူ့ကိုကြိုက်မှာလဲ”
“ပျံ့နှံ့နေတဲ့သတင်းတွေက အင်မော်တယ်သင်္ဘောကျော်ကြားလာဖို့အတွက် လူတွေကို ဆွဲဆောင်ရုံသက်သက်ပဲ”
ကျော်ကြားရန်အတွက်ဖြစ်သည်။
ထိုအရာသည် ရည်ရွယ်ချက်အစစ်အမှန်ဖြစ်၏။
အင်မော်တယ်သင်္ဘောပေါ်တွင် စုဝေးနေသောလူများကို ဟန်မူယဲ့မြင်နိုင်သည်။
အလယ်ပိုင်းကုန်းမြေ၏ ကျင့်ကြံခြင်းလောကသည် နာမည်ကြီးလာရန်အတွက် နည်းလမ်းအမျိုးမျိုး အသုံးပြုနေပုံပေါ်သည်။
“အဲဒါဆိုရင် ဟန်၊ သခင်လေးဟန်က ကဗျာတစ်ပုဒ်ရေးလိုက်ရင် လက်ထပ်ဖို့အတွက် နတ်မိမယ်တစ်ယောက်ကို ဆွဲဆောင်နိုင်မှာလား”
ပတ်ဝန်းကျင်ကိုကြည့်ပြီး နောက်တွင်ပါလာသောထန်ထန်က ရုတ်တရက်မေးသည်။
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် လျောင်ချန်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကိုကြည့်သည်။
“ညီအစ်ကိုဟန်က ကဗျာတစ်ပုဒ်မရေးရင်တောင် အကျင့်စရိုက်၊ ပုံပန်းသွင်ပြင်နဲ့ မိသားစုနောက်ခံတွေကြောင့် နတ်မိမယ်တစ်ယောက်ကိုဆွဲဆောင်ဖို့ လုံလောက်ပါတယ်”
သူ့အသံက မတိုးပေ။ ပတ်ဝန်းကျင်ရှိလူများက သူ့ကိုလှည့်ကြည့်သည်။
ဟန်မူယဲ့နှင့်လျောင်ချန်တို့၏ ကိုယ်ဟန်နှင့်အဆင့်အတန်းများသည် သာမန်ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သောအရာမဟုတ်ပေ။
လူတစ်ယောက်က လျောင်ချန်ကိုမှတ်မိသွားပြီး တီးတိုးပြောသည်။
ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းသည် ကျင်းချွမ်မြို့၏ အဓိကကုန်သွယ်ရေးအဖွဲ့အစည်းသုံးခုထဲမှ တစ်ခုဖြစ်သည်။ ထိုအဖွဲ့အစည်းက ကျင်းချွမ်မြို့တစ်ဝက်ကို ပိုင်ဆိုင်သည်အထိ ချမ်းသာသည်ဟု ပြောနိုင်သည်။
ချက်ချင်းဆိုသလိုပဲ မိန်းမပျိုအများအပြား၏မျက်နှာထားများ ပြောင်းလဲသွားသည်။
ထန်ထန်က ဟန်မူယဲ့ကိုတစ်ချက်ကြည့်ပြီး စကားလုံးတချို့ တီးတိုးရေရွတ်သည်။ ထို့နောက် ခေါင်းငုံ့သည်။
သူတို့က အပေါ်ထပ်သို့တက်သွားသည်။ သပ်ရပ်သောလေသာဆောင်တွင် စားပွဲနှင့်ကုလားထိုင်များကို အဆင့်မြင့်ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထားသည်။