အခန်း (၃၂၁)
Vol. 23 Ch. 321
ယနေ့တွင် မင်းသမီးယွင်ကျင်းက လမ်းဆုံးအထိ တွန်းပို့ခံရပြီး ကပြရမည်အထိ ဖြစ်သွားခဲ့သည်။ သို့သော် သူမက ခန်းဆောင်ထဲရှိ ကွန်ဖြူးရှပ်ပညာရှင်များကို တမင်သက်သက် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။
ထိုမကျေနပ်ချက်သည် လူသိများခြင်းအဖြစ် ပြောင်းလဲသွားနိုင်သည်။
ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်ဖြစ်လာသောကြောင့် ဟန်မူယဲ့က ထိုအကြောင်းကို ပိုမိုထင်ရှားစွာမြင်နိုင်ခဲ့သည်။
သူ့အတွက် လွယ်ကူစွာရရှိလာသော လူသားဆန္ဒစွမ်းအားများသည် အလယ်ပိုင်းကုန်းမြေ၏ကျင့်ကြံသူများ အသည်းအသန်ရှာဖွေနေသောအရာဖြစ်သည်။
ဟန်မူယဲ့က သူမ၏အတွေးများအားလုံးကို ထုတ်ဖော်ခဲ့သည်။ မင်းသမီးယွင်ကျင်းက တခစ်ခစ်ရယ်ပြီး မော့ကြည့်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးက ဒီနေ့မှာ ယွင်ကျင်းကို ကူညီပေးခဲ့တဲ့လူပါပဲ”
“အခု ယွင်ကျင်းဆီမှာ တောင်းဆိုချက်တစ်ခု လုပ်နိုင်ပါတယ်”
“ယွင်ကျင်းက အကောင်းဆုံးဆောင်ရွက်ပေးပါ့မယ်”
မင်းသမီးယွင်ကျင်း၏အကြည့်ထဲတွင် ရေခိုးရေငွေ့များ ရှိနေပုံပေါ်သည်။
သူမ၏အကြည့်သည် ချစ်စဖွယ်ကောင်းသည်။
ဟန်မူယဲ့က သူမကိုကြည့်ပြီး ပြောသည်။
“ငါက ဘယ်လိုတောင်းဆိုချက်မျိုးဖြစ်ဖြစ် ပြလုပ်နိုင်တာလား”
မင်းသမီးယွင်ကျင်းက နှုတ်ခမ်းကိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။
ထိုအကြည့်သည် အလွန်ဆွဲဆောင်နိုင်သည်။
ဟန်မူယဲ့က ခဏလောက်စဉ်းစားပြီး ပြောသည်။
“ဘုရင့်အိမ်တော်ရဲ့ ကွန်ဖြူးရှပ်စာအုပ်တွေကို ကြည့်ချင်တယ်”
သူပြောလိုက်သောအခါ မင်းသမီးယွင်ကျင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများဖြတ်ပြေးသွားသည်။
ထိုအရာက သူမတွေးထားခဲ့သောအရာမဟုတ်ပေ။
“ဘာလဲ။ အဆင်မပြေလို့လား”
သူမက တိတ်ဆိတ်နေသောကြောင့် ဟန်မူယဲ့က မေးသည်။
မင်းသမီးယွင်ကျင်းက ခေါင်းခါလိုက်ပြီးပြောသည်။
“အဆင်မပြေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သခင်လေးက စာအုပ်တွေကို ယူသွားလို့မဖြစ်ပါဘူး”
ထို့နောက် သူမက ဟန်မူယဲ့ကိုမော့ကြည့်ပြီး ပြောသည်။
“သခင်လေးက တစ်ညပဲဖတ်လို့ရမယ်”
တစ်ညအချိန်သည် လုံလောက်၏။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သောအခါတွင် မင်းသမီးယွင်ကျင်းက လက်ကို လှုပ်ရှားလိုက်သည်။ သူမ၏လက်ပေါ်တွင် ရှေးကျသောစာအုပ်တချို့ ပေါ်လာသည်။
ဟန်မူယဲ့က စားပွဲဆီသို့လျှောက်သွားလိုက်ပြီး အပေါ်တွင်ရှိသော သေရည်နှင့်သစ်သီးများကို ဘေးသို့ဖယ်လိုက်သည်။ ထို့နောက် သူက စာအုပ်များကို စားပွဲပေါ်သို့တင်သည်။
ဤစာအုပ်များသည် အနောက်ဘက်မြို့စောင့်တပ်ဘုရင်၏ ရတနာများဖြစ်သည်။
တော်ဝင်မိသားစုတွင် ခွန်အားသိပ်မရှိသော်လည်း ကြွယ်ဝမှုကိုတော့ တခြားလူများ မယှဉ်နိုင်ပေ။
စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင်ရှိသော လူသားလောကမန္တန်က တုန်ခါလာသည်။ သမာဓိစွမ်းအားများ လှည့်ပတ်နေသည်။
သို့သော် သူက ဆရာသခင်အဆင့်တွင် ရှိနေသည်။ သူ့ခန္ဓာကိုယ်ထဲတွင်ရှိသောသမာဓိစွမ်းအားသည် ဝိညာဉ်နှင့်ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်နေသည်။ သမာဓိစွမ်းအားများ လှုပ်ရှားနေလျှင်ပင် ထင်ပေါ်လာခြင်းမရှိပေ။
ဟန်မူယဲ့၏သမာဓိစွမ်းအားသည် အခွင့်အရေးတစ်ခုကြောင့် ဖြစ်ပေါ်လာပြီး လူသားလောကမန္တန်အပေါ်တွင် မှီခိုနေသည်။
သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စာကြည့်တိုက်တွင် ကွန်ဖြူးရှပ်တာအို ကျင့်ကြံခြင်းနည်းစနစ်နှင့် စာအုပ်များဖတ်ခဲ့သော်လည်း အလယ်ပိုင်းကုန်းမြေမှ တော်ဝင်မိသားစု၏ရတနာများနှင့် မယှဉ်နိုင်ပေ။
စာအုပ်ထဲရှိစာလုံးများသည် ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။
ကျင့်ကြံခြင်းဖြစ်စဉ်များ၊ နတ်ဘုရားစွမ်းအားများ၊ ခရီးသွားမှတ်ဉာဏ်များ…
ထိုစာအုပ်များထဲတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်း၊ ကွန်ဖြူးရှပ်တာအိုကို နားလည်ခြင်း၊ အကြီးအကဲများ၏ဉာဏ်အလင်း စသည်ဖြင့် ပါဝင်နေသည်။
ထိုအရာများအားလုံးကို ဟန်မူယဲ့လိုအပ်နေသည်။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်၏စကားလုံးများသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ၏ နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်သည်။
ကဗျာတစ်ပုဒ်က စစ်သားတစ်ယောက်ဖြစ်လာသောမြင်ကွင်းသည် ကွန်ဖြူးရှပ်တာအို၏ ရေလမ်းစဉ်ဖြစ်သည်။
ကဗျာကို စစ်ပွဲအတွက် အသုံးချခြင်း၊ မင်ရည်ကို စစ်သည်အဖြစ် အသုံးချခြင်း၊ စုတ်တံကို စစ်တပ်အနေဖြင့် အသုံးချခြင်း၊ စကားလုံးများနှင့် လောကစည်းမျဉ်းကို လိုက်နာခြင်း၊ စာပေချီစွမ်းအင်၊ လူသားဆန္ဒစွမ်းအား၊ လောကကို လွှမ်းမိုးနိုင်သော သမာဓိစွမ်းအား။ စာလုံးတစ်လုံးသည် စစ်သည်တစ်သောင်းကို တိုက်ခိုက်နိုင်သည်။ အလွန်လွတ်လပ်မှုရှိသည်။
ဟန်မူယဲ့၏စိတ်ထဲတွင် အမျိုးမျိုးသော ကွန်ဖြူးရှပ်တာအိုနည်းစနစ်များ ပေါ်လာသောကြောင့် သူက စမ်းကြည့်ချင်နေသည်။
သို့သော် ယခု အချိန်မကျသေးပေ။
သူက အလွန်လျင်မြန်စွာ ဖတ်နေသည်။ ဆယ်မိနစ်အချိန်အတွင်း၌ သူက စာအုပ်တစ်အုပ်ကို အဆုံးသတ်ခဲ့သည်။
သို့သော် သူက ဂရုမစိုက်ဘဲ သာမန်ကာလျှံကာ ဖတ်ခဲ့ခြင်းမဟုတ်ပေ။ မကြာခဏဆိုသလိုပဲ စကားလုံးများကို ညင်သာစွာရေရွတ်၍ မှတ်ချက်ချတတ်သည်။
သူ့မှတ်ချက်များကို ကြားလိုက်ရသောအခါတွင် မင်းသမီးယွင်ကျင်း၏မျက်လုံးများ တောက်ပသွားသည်။ သူမက လျင်မြန်စွာအနားကပ်လာပြီး စာကြောင်းများကိုကြည့်သည်။ ထို့နောက် စုတ်တံနှင့်မင်ရည်ကိုထုတ်ယူ၍ စကားလုံးများကို မှတ်သားနေသည်။
ဟန်မူယဲ့က တစ်အုပ်ဖတ်ပြီးသွားသောအခါတွင် နောက်တစ်အုပ်ကို ပြောင်းလိုက်သည်။
ယခုအချိန်တွင် သူက ကျင်းချွမ်မြို့၏ နံပတ်တစ်အလှလေးကို ဂရုမစိုက်နိုင်ပေ။
မင်းသမီးယွင်ကျင်းက ဒေါသမထွက်ပေ။ သူမက ဟန်မူယဲ့၏စကားများကို မှတ်သားနေပြီး စာအုပ်များကို သေသပ်သွားအောင် ပြုလုပ်ပေးသည်။
ခဏအကြာတွင် ဟန်မူယဲ့က စားပွဲပေါ်ရှိစာအုပ်များကို ဖတ်ပြီးသွားခဲ့သည်။ မင်းသမီးယွင်ကျင်းက စာအုပ်များကိုသိမ်းလိုက်ပြီး နောက်ထပ်စာအုပ်များ ထုတ်ပေးသည်။
“သခင်လေးပြောခဲ့တဲ့ နက်ရှိုင်းသောတိမ်တိုက်များက ဘာကိုဆိုလိုတာလဲ”
“သခင်လေး၊ ဝေလငါးတစ်ကောင်သေဆုံးသွားပြီး သက်ရှိတွေအားလုံးမွေးဖွားလာတယ်လို့ ပြောခဲ့တဲ့အကြောင်းအရင်းက ဘာများလဲ”
“သခင်လေး၊ သခင်လေး၊ အခုပြောလိုက်တဲ့စာကြောင်းက ဘာလဲ။ ကျွန်မက ရှင်းရှင်းလင်းလင်းမကြားလိုက်ရဘူး”
....
မသိလိုက်ပါဘဲ အရှေ့အရပ်တွင် ရောင်နီသန်းလာသည်။
ဟန်မူယဲ့က စာအုပ်အသစ်ကို လှမ်းယူသည်။ သို့သော် စာအုပ်ကိုမစမ်းမိဘဲ နူးညံ့သောအရာတစ်ခုကို ထိတွေ့မိသည်။
သူက အနည်းငယ်ကြောင်အသွားပြီး မော့ကြည့်လိုက်သောအခါတွင် မကျေနပ်သောမျက်နှာထားနှင့် လက်ကိုပြန်ရုတ်လိုက်သော မင်းသမီးယွင်ကျင်းကို မြင်ရသည်။
ယနေ့ညတွင် ဟန်မူယဲ့က သူမကို တစ်ချက်မှမော့မကြည့်ခဲ့ပေ။
“စိတ်မကောင်းပါဘူး။ အချိန်တစ်ညကုန်သွားပြီ”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး နောင်တများနှင့်အတူ ထရပ်သည်။
သူက တစ်ညအချိန်အတွင်း၌ စာအုပ်ပေါင်းတစ်ရာကျော်ဖတ်ခဲ့ပြီး ကွန်ဖြူးရှပ်တာအို၏ အဖိုးတန်စာအုပ်များဖြစ်သည်။ သူက အများအပြား သင်ယူနိုင်ခဲ့သည်။
ဒါဇင်နှင့်ချီသော ကွန်ဖြူးရှပ်တာအိုနတ်ဘုရားစွမ်းအားများသည် ရွှေရောင်စာလုံးများအဖြစ်ပြောင်းလဲသွားပြီး ချီပင်လယ်ထဲတွင် ရှိနေသည်။ သူတို့က ဓားဆန္ဒများကို အလင်းပေးနေသည်။
နတ်ဘုရားစွမ်းအားနှင့် ဓားဆန္ဒများကြားတွင် တူညီမှုတချို့ရှိသည်။
ဟန်မူယဲ့က ကြွက်သားများကိုဆန့်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
“တစ်ညလုံးအဖော်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်မင်းသမီး။ ဟန်မူယဲ့က သွားပါတော့မယ်”
‘ဒီစကားက ဘာဖြစ်လို့ တခြားအဓိပ္ပာယ်ပေါက်နေတာလဲ’
ဟန်မူယဲ့က တံခါးပေါက်ဆီသို့ သွားနေကြောင်း မြင်လိုက်ရသောအခါတွင် မင်းသမီးယွင်ကျင်းက တီးတိုးပြောသည်။
“သခင်လေးဟန်က ကဗျာအကြောင်း အားလုံးသိတယ်လို့ ပြောခဲ့တယ်။ ယွင်ကျင်းအတွက် ကဗျာတစ်ပုဒ်လောက် ချန်ထားပေးနိုင်မလား”
‘ကဗျာတစ်ပုဒ် ချန်ထားခဲ့ရမှာလား’
မင်းသမီးယွင်ကျင်းက သူစာဖတ်နိုင်ရန်အတွက် တစ်ညလုံး အဖော်ပြုပေးခဲ့သည်။ သူက သူမ၏တောင်းဆိုချက်ကို လိုက်လျောရမည်လား။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး စားပွဲဆီသို့လျှောက်သွားသည်။ သူက မင်းသမီးယွင်ကျင်းသုံးခဲ့သော စုတ်တံကိုကောက်ယူပြီး မင်ရည်ထဲ၌ နှစ်လိုက်သည်။
သူက ကဗျာတစ်ပုဒ်ရေးခဲ့ပြီး အခန်းထဲမှ ထွက်လာသည်။
သူက အပြင်သို့ထွက်လာသောအခါတွင် တစ်ဟုန်ထိုးပြေးဝင်လာသောမင်းသမီးက လဲကျလုနီးပါးဖြစ်သွားခဲ့သည်။
“နင်ငါ့ကိုပြောစမ်း၊ နင်နဲ့ငါ့အစ်မက တစ်ညလုံးဘာလုပ်နေခဲ့တာလဲ”
မင်းသမီးလေးက အံတင်းတင်းကြိတ်နေပြီး လက်သီးဆုပ်ထားသည်။
“စာဖတ်နေတာ”
ထိုသို့ဖြင့် ဟန်မူယဲ့က အောက်ထပ်သို့ဆင်းသွားသည်။
“စာဖတ်နေတာလား”
မင်းသမီးလေးက မျက်လုံးပြူးသွားသည်။
“ယောင်္ကျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်က တစ်ညလုံး စာဖတ်နေခဲ့တာလား”
သူမက တစ်ဝက်ပွင့်နေသော တံခါးကိုတွန်းဖွင့်၍ အထဲသို့ဝင်သွားသောအခါ စားပွဲခုံရှေ့တွင်ဒူးထောက်နေသော မင်းသမီးယွင်ကျင်းကို မြင်ရသည်။ သူမ၏အဝတ်အစားများက သပ်ရပ်နေသည်။ သူမ၏ရှေ့တွင် အမျိုးမျိုးသောစာအုပ်များနှင့် စက္ကူများရှိနေသည်။
“နင်တို့က တကယ်စာဖတ်ခဲ့တာလား”
မင်းသမီးယွင်သွမ့်က ရှေ့တိုးသွားပြီး စပ်စပ်စုစု ကြည့်လိုက်သောအခါ ယွင်ကျင်း၏ရှေ့တွင် ကဗျာရေးထားသောစာရွက်တစ်ရွက်ကို မြင်ရသည်။
“ကောင်းမွန်တဲ့မိုးက ရာသီဥတုကိုသိတယ်။ နွေဦးရောက်တဲ့အခါ လေနဲ့အတူ ညအချိန်မှာ မိုးရွာလိမ့်မယ်။ မိုးက အသံမထွက်ဘဲ လောကကို စိုစွတ်စေလိမ့်မယ်။ ကောင်းကင်ထက်မှာ တိမ်တွေကမည်းနက်နေပေမဲ့ မြစ်ရေပြင်မှာရှိတဲ့သင်္ဘောက တောက်ပနေလိမ့်မယ်။ အရုဏ်ဦးအချိန်မှာ မိုးရေကြောင့်စိုစွတ်နေတဲ့ အနီရောင်ပန်းကိုကြည့်လိုက်ပါ”
ကဗျာကို ရွတ်ပြီးသွားသောအခါတွင် မင်းသမီးယွင်သွမ့်၏မျက်နှာထားက ပြောင်းလဲသွားပြီး ခြေဆောင့်လိုက်သည်။
“အရုဏ်ဦးအချိန်မှာ မိုးရေကြောင့်စိုစွတ်နေတဲ့ အနီရောင်ပန်းကိုကြည့်လိုက်ပါတဲ့လား နင်က နှာဘူးတစ်ယောက်ပဲ။ ဘာမှမလုပ်ဘူးလို့ ပြောခဲ့ပေမဲ့ အကုန်လုံးလုပ်သွားခဲ့တာပဲ ....”
သူမက တီးတိုးကျိန်ဆဲလိုက်ပြီး ပြေးထွက်သွားသည်။
နေရာတွင်ထိုင်နေသောယွင်ကျင်းက မှတ်သားထားလိုက်သောစာသားများကိုကြည့်၍ စာရွက်ကိုခေါက်လိုက်ပြီး ပြုံးသည်။
“တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောရဲ့စည်းမျဉ်းအရ ကဗျာတစ်ပုဒ်ချန်ထားခဲ့ရင် ကျွန်မ ကပြရမယ်။ ကျွန်မ ကပြတာကို ရှင်ဘယ်အချိန်မှာ လာကြည့်မလဲ ....”
....
ကျင်းချွမ်မြို့၏ အပြင်ဘက်တွင်…
လျောင်ချန်က ဟန်မူယဲ့ကို နောင်တများနှင့်အတူကြည့်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။
“ညီအစ်ကိုဟန်၊ ကျင်းချွမ်မြို့မှာ ရက်နည်းနည်းလောက် ထပ်မနေတော့ဘူးလား”
တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောမှ ထွက်လာသောအခါတွင် ဟန်မူယဲ့က ကျင်းချွမ်မြို့မှထွက်သွားတော့မည်ဟု ပြောလာခဲ့သည်။
သူက အင်မော်တယ်သင်္ဘောပေါ်တွင် တစ်ညတာကုန်ဆုံးခဲ့သောကြောင့် တစ်မြို့လုံးရှိကျောင်းတော်သားများ သူ့ခြံဝိုင်းကို ချိုးဖောက်ဝင်ရောက်လာမည့်ဖြစ်ရပ်အား ကြောက်ရွံ့နေသလားဟု လျောင်ချန်က စနောက်ခဲ့သည်။
သို့ပေမဲ့ ဟန်မူယဲ့က ကျင်းချွမ်မှထွက်သွားရန် အမှန်တကယ်ဆုံးဖြတ်ထားလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
“ကျင်းချွမ်က ကောင်းမွန်ပေမဲ့ ငါ့မွေးရပ်မြေမဟုတ်ဘူးလေ”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ရှေ့သို့ကြည့်သည်။
“ဒီခရီးကနေ အကျိုးအမြတ်တွေ အများကြီးရခဲ့ပါတယ်။ ငါကျေနပ်သွားပါပြီ”
ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်ဖြစ်လာခြင်း၊ ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းနှင့် သဘောတူညီချက်လုပ်နိုင်ခြင်း၊ တော်ဝင်မိသားစု၏ စာအုပ်များဖတ်နိုင်ခြင်း။ အလယ်ပိုင်းကုန်းမြေခရီးစဉ်၏အကျိုးအမြတ်သည် ဟန်မူယဲ့စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။
ထွက်သွားသော ဟန်မူယဲ့တို့ကိုကြည့်လိုက်ပြီး လျောင်ချန်၏မျက်နှာထားက ရှုပ်ထွေးနေသည်။
ဆေးလုံးနှင့် ဓားစီးပွားရေးဖြစ်စေ၊ ဟန်မူယဲ့၏ ကိုယ်ဟန်နှင့် ဗဟုသုတများဖြစ်စေ သူ့အပေါ်တွင် လေးနက်သောအမြင်ကို ချန်ထားနိုင်ခဲ့သည်။
မနေ့ညတွင် ဟန်မူယဲ့က မင်းသမီးယွင်ကျင်းနှင့်အတူ တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောပေါ်တွင် ကျန်ရစ်ခဲ့သည်။
ထိုဖြစ်ရပ်မျိုးကို စိတ်ကူးမကြည့်နိုင်ပေ။
သူက မင်းသမီး၏အကကို ကြားဖူးခဲ့သော်လည်း တစ်ညတာကုန်ဆုံးသည်ဟု မကြားဘူးခဲ့ပေ။
မနေ့ညတွင် အင်မော်တယ်သင်္ဘောပေါ်၌ မည်သည့်အရာဖြစ်ခဲ့သနည်း။
“သခင်လေးဆယ့်ခုနစ်၊ မိသားစုခေါင်းဆောင်က သခင်လေးကို ဈေးဆိုင်ဆီပြန်လာစေချင်ပါတယ်”
လျောင်ချန်၏နောက်တွင် လူတစ်ယောက်ပေါ်လာပြီး တီးတိုးပြောလိုက်သည်။
လျောင်ချန်က ခေါင်းညိတ်ပြီး ထိုလူနှင့်အတူ ကျင်းချွမ်မြို့ထဲသို့ ပြန်ဝင်သွားသည်။
“မင်းတို့ကြားပြီးပြီလား။ တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောရဲ့ အပေါ်ဆုံးထပ်မှာ လူတစ်ယောက်က တစ်ညလုံးနေခဲ့တယ်”
လမ်း၏တစ်ဖက်တစ်ချက်တွင် လူများတီးတိုးပြောနေသည်။
“ငါကြားပြီပြီ။ တစ်ဖက်လူက သင်္ဘောပေါ်မှာ တစ်ညလုံးနေပြီး ကဗျာတစ်ပုဒ်လည်း ချန်သွားတယ်တဲ့။ အမွေဆက်ခံသူလေးက ကြာပွတ်တစ်ချောင်းနဲ့အတူ အဲဒီလူကို လိုက်ရှာနေတယ်”
လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောနေသည်။