အခန်း (၃၂၂)
Vol. 23 Ch. 322
တစ်ညအတွင်း ဟန်မူယဲ့၏နာမည်ကို တစ်မြို့လုံးသိသွားသည်။
ကျင်းချွမ်မြို့ရှိလူအများအပြားက ဒေါသများဖြင့် အံတင်းတင်းကြိတ်ထားသည်။
‘ကဗျာတစ်ပုဒ်တဲ့လား’
လျောင်ချန်က ခဏလောက်အံ့အားသင့်သွားသည်။ ဟန်မူယဲ့က ကဗျာတစ်ပုဒ်ချန်ရစ်ခဲ့ကြောင်း သူမသိပေ။
ကဗျာအကြောင်းကို သူမေးနေရန်မလိုပေ။ လူတစ်ယောက်က တီးတိုးရွတ်ဆိုပြနေသည်။
“ကောင်းမွန်တဲ့မိုးက ရာသီဥတုကိုသိတယ်။ နွေဦးရောက်တဲ့အခါ လေနဲ့အတူ ညအချိန်မှာ မိုးရွာလိမ့်မယ်။ မိုးက အသံမထွက်ဘဲ လောကကို စိုစွတ်စေလိမ့်မယ်။ ကောင်းကင်ထက်မှာ တိမ်တွေကမည်းနက်နေပေမဲ့ မြစ်ရေပြင်မှာရှိတဲ့သင်္ဘောက တောက်ပနေလိမ့်မယ်။ အရုဏ်ဦးအချိန်မှာ မိုးရေကြောင့်စိုစွတ်နေတဲ့ အနီရောင်ပန်းကိုကြည့်လိုက်ပါ”
ထိုကဗျာကို နားထောင်ပြီးသောအခါတွင် လျောင်ချန်၏မျက်နှာထားက ရှုပ်ထွေးသွားသည်။
‘ဒါက တကယ်ပဲလား’
မင်းသမီးယွင်ကျင်းက တမင်သက်သက်သတင်းဖြန့်လိုက်သောကြောင့်မဟုတ်လျှင် ထိုကဗျာမျိုး ပျံ့နှံ့လာလိမ့်မည်မဟုတ်ပေ။
ဟန်မူယဲ့ ကျော်ကြားလာရန်အတွက်လား သို့မဟုတ် တခြားရည်ရွယ်ချက်ကြောင့်လား။
သူတွေးနေသောအချိန်တွင် ဓားအလင်းတစ်ခုပေါ်ထွက်လာသည်။
လောဝူယန်၏ဓားသည် လေထုကိုထိုးခွဲပြီး ဟန်မူယဲ့၏လည်ပင်းဆီသို့ ဦးတည်သွားသည်။
ဓားချက်က ပေါ့ပျက်ပျက်နိုင်ခြင်းမရှိပေ။ ဓားအလင်းက တိကျပြီး ကောင်းမွန်သော ဓားနည်းစနစ်တစ်ခုဖြစ်သည်။
ဟန်မူယဲ့က အထင်ကြီးသွားသည်။
ထိုဓားက သူ့ကိုချိန်ထားသော်လည်း အလယ်ပိုင်းကုန်းမြေ၏ တိုက်ခိုက်နေသောဓားသမားတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။
သူက တိုက်ခိုက်ခံလိုက်ရသော်လည်း ဓားချက်၏အကဲဖြတ်မှုကို မသက်ရောက်နိုင်ပေ။
လောဝူယန်က လျင်မြန်ပြီး ရက်စက်ရုံသာမက တည်ငြိမ်မှုလည်းရှိသည်။ သူ့ခွန်အားနှင့်ချီစွမ်းအင်သည် ညီမျှမှုရှိပြီး ခန္ဓာကိုယ်နှင့်ဓားကလည်း လိုက်ဖက်ညီသည်။ သူက ထူးခြားသောနည်းစနစ်များနှင့် အလယ်ပိုင်းကုန်းမြေ၏ ဓားကျင့်ကြံသူဖြစ်သည်။
ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် လောဝူယန်က ပြုံးလိုက်သည်။
‘သူက သတ်ဖြတ်ခြင်းကိုမမြင်ဘူးတဲ့ ကျောင်းတော်သားတစ်ယောက်ပဲ’
‘ဒီဓားက မင်းရဲ့လျှာလိုမျိုး မထက်မြက်ဘူးထင်နေတာလား’
ကျင့်ကြံသူတစ်ယောက်အတွက် စကားပြောကောင်းသော ကျောင်းတော်သားတစ်ယောက်ကို အနီးကပ်သတ်ဖြတ်ရန် အလွန်လွယ်ကူသည်။
ဟန်မူယဲ့၏ဘေးတွင်ရပ်နေသောလင်းရှန်က ရှေ့တစ်လှမ်းတိုးပြီး ရေပြင်ညီအတိုင်း ခုတ်ချသည်။
“ဘုန်း ....”
ပေတစ်ထောင်ရှည်သော ဓားအလင်းတန်းပေါ်လာသည်။ လောဝူယန်၏မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး လျင်မြန်စွာနောက်ဆုတ်သည်။ သို့သော် သူ့အမြန်နှုန်းက ဓားအလင်းနှင့် မယှဉ်နိုင်ပေ။ သူက ဓားအလင်းနှင့်တိုက်မိပြီး ပြိုကွဲသွားသည်။
ဓားချက်တစ်ချက်ကြောင့် ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ လောဝူယန် သေဆုံးသွားခဲ့သည်။
ဓားမြည်သံက ဆူနာမီရေလှိုင်းများနှင့် မြေပြိုကျလာသကဲ့သို့ ပြင်းထန်စွာအသံပေးနေသည်။ ငါးမိုင်အတွင်း၌ တိမ်များလှည့်ပတ်လာပြီး လောကတစ်ခုလုံး ဆူပွက်နေသည်။
လင်းရှန်၏မျက်လုံးများ တောက်ပသွားသည်။ သူက ဓားရိုးကိုကိုင်ထားပြီး သူ့ကိုယ်ပေါ်ရှိဓားဆန္ဒသည် ကောင်းကင်ထက်ရှိပေတစ်ထောင်အကွာတွင် လွင့်မျောနေသော ဓားတစ်လက်အဖြစ်ပြောင်းသွားသည်။
ထိုဓားချက်တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ အငွေ့အသက်များရှိနေသည်။
အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားများသည် အားကောင်းပြီး သဘာဝစွမ်းအင်ကြွယ်ဝသည်။ လင်းရှန်က ဓားချက်ကို ထုတ်ဖော်လိုက်သောအခါတွင် အသက်ဝင်လာသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများက သူ့ခန့်မှန်းချက်ထက် ကျော်လွန်နေသည်။
ထိုဓားချက်သည် အမှန်တကယ်လွတ်လပ်သည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ရေစီးကြောင်းသဖွယ်ဆွဲယူပြီး ဓားတစ်ချက်ဖြင့် တောင်နှင့်မြစ်များကို ရွှေ့ပြောင်းနိုင်ခြင်းသည် ဓားကျင့်ကြံသူတစ်ယောက်၏ နည်းလမ်းဖြစ်သည်။
ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူကို ဓားတစ်ချက်နှင့် သတ်ဖြတ်လိုက်သောအခါတွင် ဒါဇင်နှင့်ချီသော ဟုန်ချန်ဓားဂိုဏ်း၏ တခြားတပည့်များက ထိတ်လန့်သွားပြီး လျင်မြန်စွာနောက်ဆုတ်သည်။
ခရမ်းရွှေရောင်ကြာသရဖူကို တပ်ဆင်ထားသည့် အသက်ငါးဆယ်အရွယ်တာအိုတန်ခိုးရှင်တစ်ယောက် ရှေ့ထွက်လာပြီး လင်းရှန်ကိုကြည့်သည်။
“ဓားအရိုးကို စုစည်းထားတဲ့ မဟာဓားကျင့်ကြံသူတစ်ယောက်ပဲ”
သူ့ခန္ဓာကိုယ်ပေါ်တွင် ထက်မြိသောဓားဆန္ဒ ပေါ်ထွက်လာပြီး အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှင့်သက်ဆိုင်သော စွမ်းအားများလှုပ်ရှားလာသည်။
“ဒီလိုဓားကျင့်ကြံသူမျိုးက ဘယ်လိုလုပ်ပြီး နောက်လိုက်အစောင့်တစ်ယောက် ဖြစ်နေတာလဲ”
“ငါတို့ဟုန်ချန်ဓားဂိုဏ်းကို လာခဲ့ပါ။ သတ်ဖြတ်လိုက်တဲ့ကိစ္စကို မေ့ပေးမယ်။ ငါ့ရဲ့ ဂိုဏ်းပြင်ပခန်းဆောင်မှာ ဂိုဏ်းခွဲမှူးတစ်ယောက်လိုအပ်နေတယ်”
တာအိုတန်ခိုးရှင်က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး လင်းရှန်က ကမ်းလှမ်းချက်ကို သေချာပေါက်လက်ခံမည့်အလား တည်ငြိမ်နေသည်။
ဟုန်ချန်ဓားဂိုဏ်းသည် ဒေသသုံးခု၏ကျင့်ကြံခြင်းလောကကို ဖိနှိပ်ပြီး တောင်နှင့်မြစ်များ၏ မိုင်ထောင်ချီသောနယ်မြေကို အုပ်စိုးတော့မည်ဖြစ်သည်။
ဒေသသုံးခု၏ ကွန်ဖြူးရှပ်ဆရာများကတောင် ဟုန်ချန်ဓားဂိုဏ်းကို မျက်နှာသာပေးလိမ့်မည်။
အလုပ်ကြိုးစားပြီး သန့်စင်မှုကိုဦးစားပေးသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောက ဖရိုဖရဲမဖြစ်သ၍ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
ဟုန်ချန်ဓားဂိုဏ်းက ဒေသသုံးခုကို အုပ်စိုးသည်ဖြစ်စေ ဂိုဏ်းများ သုံးဆယ်၊ ငါးဆယ်ခန့်ခွဲပြီး အချင်းချင်းယှဉ်ပြိုင်စေခြင်းဖြစ်စေ သူတို့က မမြင်ချင်ယောင်ဆောင်ထားလိမ့်မည်။
လုံလောက်သော ပူဇော်ကြေးများရနေသ၍ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အလယ်ပိုင်းကုန်းမြေသည် ကွန်ဖြူရှပ်တာအို၏ နယ်မြေဖြစ်သည်။
ခုန်းချောင်တိက လင်းရှန်ကို လှည့်ကြည့်သည်။
သူက အလယ်ပိုင်းကုန်းမြေ၏တိုးတက်မှုကို မြင်တွေ့ခဲ့ပြီး ဒေသသုံးခုအားအုပ်စိုးနိုင်သော ဓားဂိုဏ်းသည် မည်မျှသန်မာမည်ဖြစ်ကြောင်း နားလည်သည်။
အကယ်၍ သူက ဟုန်ချန်ဓားဂိုဏ်းသို့ ဝင်ရောက်လိုက်လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် နေထိုင်ခြင်းထက် အောင်မြင်မှုများ ပိုရလာနိုင်သည်။
‘သူက ဘာကိုရွေးမှာလဲ’
ခုန်းချောင်တိက ဟန်မူယဲ့ကိုကြည့်သည်။
ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသည်။
‘လင်းရှန်က သစ္စာဖောက်မသွားဘူးလို့ သခင်လေးယုံနေတာလား’
“ဘုန်း ....”
လင်းရှန်၏ဓားက ရွေးချယ်မှုလုပ်ခဲ့သည်။
ဓားအလင်းကျဆင်းလာသည်။
ဓားတစ်သန်းဆွဲထုတ်ပြီး တောင်ကို ဖြတ်တောက်မည်။
ဓားအလင်းက တောင်နံရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဓားချက်ကျဆင်းလာသောအခါတွင် ကျောက်တုံးများပျက်စီးသွားပြီး တောင်တစ်ခုလုံး ပြိုကျသွားသည်။
ဓားစွမ်းအားနှင့် ဓားဆန္ဒများ၏ပေါင်းစပ်မှုသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို လှုံ့ဆော်ခဲ့သည်။
ရွှေရောင်မြေဓာတ်စွမ်းအားများ ပေါ်ထွက်လာပြီး ရွှေရောင်သံချပ်ကာတစ်ခုကဲ့သို့ လင်းရှန်ကို လွှမ်းခြုံထားသည်။
ထိုအချိန်တွင် ဓားချက်ထုတ်ဖော်နေသောလင်းရှန်က မြေဓာတ်၏ မျက်နှာသာပေးခံရသောသားတော်နှင့် တူညီနေသည်။
“ကောင်းလိုက်တဲ့ဓားကျင့်ကြံသူ”
ဟုန်ချန်ဓားဂိုဏ်း၏တာအိုတန်ခိုးရှင်က အော်ဟစ်လိုက်ပြီး ရှေ့တက်သွားသည်။ သူ့လက်ထဲရှိဓားအလင်းက လင်းရှန်လက်ထဲရှိဓားနှင့် ဝင်တိုက်သွားသည်။
ထို့နောက် သူက သွေးအန်လိုက်ပြီး ထောင့်ဖြတ်အတိုင်း လွင့်ထွက်သွားသည်။
“မြန်မြန် အစီအရင်ထုတ်ဖော်ကြ။ သူက အရမ်းသန်မာလွန်းတယ်”
တာအိုတန်ခိုးရှင်လူအိုကြီးတစ်ယောက်က ထိတ်လန့်စွာအော်ဟစ်သည်။
ဟုန်ချန်ဓားဂိုဏ်း၏တပည့်များက ဓားချီကို လမ်းညွှန်လိုက်ပြီး လင်းရှန်၏ဓားအလင်းကိုတားဆီးရန်အတွက် ဓားဝင်္ကပါတစ်ခုကို ထုတ်ဖော်သည်။
ဓားချက် ဓားဝင်္ကပါပေါ်သို့ ကျရောက်လာသည်။ ဒါဇင်နှင့်ချီသော ကမ္ဘာမြေအဆင့်ဓားကျင့်ကြံသူများ၏မျက်နှာက နီရဲသွားသည်။
ဓားတာအိုစွမ်းအားက အလွန်သန်မာပြီး ခုခံရန်ခက်ခဲနေသောကြောင့် သွေးများ လှုပ်ရှားလာခြင်းဖြစ်သည်။
“တားလိုက်စမ်း”
“အချက်ပြမှုလွှတ်လိုက်”
“အကူအညီတောင်းရမယ်”
ဓားအလင်းပေါ်ထွက်လာသည်။
အဝေးတစ်နေရာတွင် ဟိန်းဟောက်သံကို ကြားရသည်။
ဓားအလင်းများက ဥက္ကာခဲသဖွယ် ကောင်းကင်ကို ထိုးခွဲလာသည်။
“သခင်လေး၊ ကျင်းချွမ်မြို့ထဲကို အရင်ဆုတ်ခွာရအောင်လား”
ခုန်းချောင်တိက တိုးဝင်လာသောဓားအလင်းများကိုကြည့်ပြီး တီးတိုးပြောသည်။
ဓားအလင်းက အနည်းဆုံး ကောင်းကင်ဘုံတစ်ဝက်အဆင့်တွင် ရှိနေသည်။
လင်းရှန်က သန်မာသော်လည်း ထိုကျွမ်းကျင်သူမျိုးကို မတားဆီးနိုင်ပေ။
“နောက်ဆုတ်ရမှာလား”
ဟန်မူယဲ့က လက်မြှောက်သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းဖြူရောင်ခေါက်ယပ်တောင်က ညင်သာစွာပြန့်ကားလာသည်။ ထို့နောက် ဝှစ်ခနဲ ပြန်ပိတ်သွားသည်။
အလယ်ပိုင်းကုန်းမြေရဲ့ ကွန်ဖြူးရှပ်တာအိုက ကံကောင်းခြင်းကို စုစည်းနိုင်တဲ့အတွက် ကျော်ကြားတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး နောက်ဆုတ်နိုင်မှာလဲ”
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ခုန်းချောင်တိက ခေါင်းခါပြီး တီးတိုးပြောသည်။
“ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်မှာ ကောင်းကင်နဲ့မြေကြီးရဲ့အခွင့်အာဏာမရှိရင် သမာဓိစွမ်းအားကျင့်ကြံခြင်းက ဓားကျင့်ကြံသူတစ်ယောက်ထက် မသန်မာဘူး။ အမှန်အတိုင်းပြောရရင် ....”
သူက ခဏလောက်ရပ်တန့်လိုက်ပြီး ညင်သာစွာပြောသည်။
“ကွန်ဖြူးရှပ်တာအိုနည်းစနစ်တွေက များသောအားဖြင့် တိုက်ပွဲဝင်ဖို့အတွက် ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ဆင့်ခေါ်တာပဲ။ စုတ်တံကိုဝှေ့ယမ်းလိုက်ရင် စစ်သည်တွေဖြစ်ပေါ်လာလိမ့်မယ်။ အဲဒါတွေအားလုံးအတွက် ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို အသုံးပြုရတာပဲ”
“အဲဒါကြောင့် ကွန်ဖြူးရှပ်တာအိုက ကြိုးစားလေ့လာရတဲ့အတွက် ကျော်ကြားတယ်”
“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအား မရှိရင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်က အဆင့်တူ သဘာဝစွမ်းအားကျင့်ကြံသူတစ်ယောက်ကို အနိုင်မရနိုင်ဘူး”
ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခုန်းချောင်တိက နောင်တများနှင့်အတူပြောသည်။
“သခင်လေးက ကျောင်းတော်သားအရာရှိတစ်ယောက်ဖြစ်လာရင် ဟုန်ချန်ဓားဂိုဏ်းက ဘယ်လောက်ပဲသန်မာပါစေ သခင်လေးကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး”
ထိုအရာသည် အလယ်ပိုင်းကုန်းမြေ ကျင့်ကြံခြင်းလောက၏ အားနည်းချက်ဖြစ်သည်။
သို့သော် အစစ်အမှန်အားနည်းချက်မဟုတ်ပေ။
တော်ဝင်မိသားစု၏စာအုပ်များကို ဖတ်ပြီးသွားသောအခါတွင် အလယ်ပိုင်းကုန်းမြေ၏ကြွယ်ဝမှုက နန်းမြို့တော်တွင်တည်ရှိနေကြောင်း ဟန်မူယဲ့သိခဲ့သည်။
နန်းမြို့တော်ကျောင်းတော်နှင့် ကွန်ဖြူးရှပ်တာအို၏သူတော်စင် ရှိနေသောကြောင့် အလယ်ပိုင်းကုန်းမြေသည် ဖရိုဖရဲဖြစ်မသွားနိုင်ပေ။
အလယ်ပိုင်းကုန်းမြေ၏အခွင့်အာဏာကို ကွန်ဖြူးရှပ်တာအိုက ယူဆောင်သွားပြီး နေရာအနှံ့သို့ ဖြန့်ကျက်ပေးခဲ့သည်။ တိုင်းပြည်ကပဲ ဒေသတစ်ခုကို ဖိနှိပ်နိုင်သည်။
အလယ်ပိုင်းကုန်းမြေတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကပဲ ထိုအကျိုးကျေးဇူးကို ရနိုင်သည်။
ကောင်းကင်ဘုံက ကွန်ဖြူးရှပ်တာအိုကို ချီးမြှင့်ခဲ့သည်။
သို့သော် အားနည်းချက်များ ထင်ရှားသည်။
အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုသည် လက်ရွေးစင်များကိုပဲ ပျိုးထောင်ပေးသည်။
လောကကို ဖိနှိပ်နိုင်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ ၉၉%သည် အမတ်ချုပ်ကြီးဝမ်၏လက်အောက်တွင်ရှိသော နန်းမြို့တော်ကျောင်းတော်မှဖြစ်သည်။
တုန်းဖန်ရှုလိုလူတစ်ယောက်အတွက် အမြင်မတူညီသောကြောင့် ကွန်ဖြူးရှပ်တာအိုဆရာအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သော်လည်း တောရိုင်းတွင် သင်ကြားရုံပဲ တတ်နိုင်သည်။ သူက ပါရမီရှိသောတပည့်တစ်ယောက်ကို နှစ်ပေါင်းသုံးဆယ်ကြာအောင် ပျိုးထောင်မပေးနိုင်ခဲ့ပေ။
အလယ်ပိုင်းကုန်းမြေတွင်ရှိသော သန်းချီနေသည့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ကြိုးစားလေ့လာကြသည်။ သို့သော် သူတို့လက်ထဲမှလွတ်သွားသော အခွင့်အရေးများအတွက် ဘာမှမတတ်နိုင်ခဲ့ပေ။
“အလယ်ပိုင်းကုန်းမြေရဲ့ ကွန်ဖြူးရှပ်တာအိုလား။ ဟားဟား”
ဟန်မူယဲ့၏မျက်လုံးထဲတွင် ခမ်းနားသောကြယ်အလင်းများ ဖျတ်ခနဲပေါ်လာသည်။ သူ့ရယ်သံနှင့်အတူ လောကတစ်ခုလုံး တုန်ခါသွားသည်။
ထိုအချိန်တွင် မိုင်ငါးထောင်အတွင်း၌ရှိသော တိမ်တိုက်နှင့်လေပြင်းများ ပြောင်းလဲသွားခဲ့သည်။
ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်နှင့်သက်ဆိုင်သော မာန်ပါသည့်စွမ်းအားများက ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
“အလယ်ပိုင်းကုန်းမြေမှာ အသက်အရွယ်အိုမင်းပြီး ခိုကိုးရာမဲ့ဖြစ်သွားသည်အထိ ကြိုးစားလေ့လာခဲ့ပေမဲ့ အရာရှိဖြစ်မလာနိုင်တဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေ အများအပြားရှိတယ်။ အဆုံးမှာတော့ သူတို့က အမှိုက်တွေပဲ”
“ကွန်ဖြူရှပ်တာအိုက လူတစ်ယောက်ကို စွမ်းအားမပေးနိုင်ရင် ဘာဖြစ်လို့ကျင့်ကြံနေတော့မှာလဲ”
နားအူလောက်သောအသံက မိုင်ထောင်ချီအထိ ပဲ့တင်ထပ်သွားသည်။
မိုင်တစ်သိန်းအကွာရှိ သမင်ဖြူတောင်တန်းပေါ်တွင် အစိမ်းရောင်ဝတ်စုံကျောင်းတော်သားများနှင့် ဆွေးနွေးနေသော တုန်းဖန်ရှုက တစ်ကိုယ်လုံးတုန်ခါသွားပြီး ထရပ်သည်။
“ဆရာတုန်းဖန်၊ ဘာဖြစ်လို့လဲ”
အစိမ်းရောင်ဝတ်စုံနှင့် ကျောင်းတော်သားတချို့က ထရပ်လိုက်ပြီး မေးသည်။
သမင်ဖြူတောင်တန်းကျောင်းတော် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းပြန့်လာသောအခါတွင် မိုင်ထောင်ချီအကွာမှ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ ရောက်လာကြသည်။
တုန်းဖန်ရှုက ကွန်ဖြူးရှပ်တာအိုစည်းမျဉ်းကို နားလည်ပြီး ဆရာသခင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူဆန္ဒရှိလျှင် နန်းမြို့တော်သို့ဝင်ရောက်ပြီး အရာရှိတစ်ယောက်ဖြစ်လာနိုင်သည်။
သို့သော် တုန်းဖန်ရှုက သမင်ဖြူတောင်တန်းကျောင်းတော်ကို ဖွင့်လှစ်ခဲ့သည်။ သူက ကျောင်းအုပ်ကိုယ်စား အရေးကိစ္စများဆောင်ရွက်ပြီး ကျောင်းတံခါးဖွင့်၍ ခွဲခြားမှုမရှိဘဲ သင်ကြားပေးခဲ့သည်။
ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်သည် သမင်ဖြူတောင်တန်းပေါ်တွင် ကျောင်းတော်တစ်ခုဖွင့်လှစ်ရန် ဆန္ဒရှိသည်။ ထိုဖြစ်ရပ်သည် ပတ်ဝန်းကျင်ရှိ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများအတွက် သတင်းကောင်းဖြစ်သည်။
သို့သော် ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်ဖြစ်သူ တုန်းဖန်ရှုက ကျောင်းတော်ကိုတာဝန်ယူပေးပြီး တောင်တန်းအကြီးအကဲက တခြားတစ်ယောက်ဖြစ်နေသောကိစ္စကို နားလည်နိုင်သူမရှိခဲ့ပေ။