← Chapters

နတ်ဘုရားစွမ်းရည် အားပြိုင်ပွဲ

Vol. 33 Ch. 441

နတ်ဘုရားစွမ်းရည် အားပြိုင်ပွဲ

Vol. 33 Ch. 441

“ပြီးပြီ”

ရှင်းတိကောဝမ်က အခုမှ စိတ်သက်သာရာ ရသွားပါတော့တယ်။ သူက လီဖူချန်းလို ပြိုင်ဘက်ကင်း ထွတ်ခေါင် ပါရမီရှင်ကို သတ်လိုက်ရတဲ့အတွက် နည်းနည်း နှမြောနေမိ သလိုပါပဲ။ ဒါက ကောင်းကင်ဘုံက ဖန်ဆင်းပေးထားတဲ့ အနုပညာ ပစ္စည်းတစ်ခုကို ဖျက်ဆီးမိလိုက်တဲ့ ခံစားချက်မျိုးလားလို့တောင် သူမေးခွန်း ထုတ်နေမိပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ အဲသည် ခံစားချက်ဟာ သိပ်ကြာကြာ မခံခဲ့ပါဘူး။ သိုင်းတာအိုရဲ့ လမ်းစဉ်က ရှည်လျားလွန်း လှပါတယ်။ ပြီးတော့ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ယူတယ် ဆိုတာကလည်း သည်လောကမှာ ဖြစ်နေကျပါပဲ။

အခုသူက လီဖူချန်းကို သတ်လိုက်ပြီ ဆိုမှတော့ လီဖူချန်းရဲ့ ကံကောင်းမှုတွေဟာ သူ့ဆီကို အနည်းနဲ့အများ ရောက်လာမှာ ဖြစ်ပါတယ်။ ဒါက သူ့အတွက် မဟာ ကံကောင်းမှုကြီးပင် မဟုတ်ပါလား။

“မဖြစ်နိုင်ဘူး”

မူဟန်ရှင်းကတော့ ခါးသီးစွာ ရေရွတ်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ အံ့သြတုန်လှုပ်မှုတွေနဲ့ အကြောက်တရားရဲ့ အငွေ့အသက် တစ်ခုက လွန်ဆွဲလို့ နေခဲ့ပါပြီ။

“ဟီး ... ဟီး ...။ သည်ကောင်စုတ်လေးက ပြိုင်ဘက်ကင်းတဲ့ ထွတ်ခေါင် ပါရမီရှင်ဖြစ်လည်း ဘာအရေးလဲ။ သေသွားတဲ့ ထွတ်ခေါင်ပါရမီရှင်က ခွေးသေကောင် တစ်ကောင်နဲ့ အတူတူပဲ”

သွေးဘိုးဘိုးကြီးက စပ်ဖြဲဖြဲနဲ့ အော်ရယ်လိုက်ပြီး ယင်ဘိုးဘိုးကြီး ကတော့ ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေပါတယ်။

“သည်ကောင်လေးက တကယ်ကြီး ရှင်းတိကောဝမ်ရဲ့ ခြေနင်း ကျောက်တုံး ဖြစ်သွားတာလား”

ရှီဟွာဘုရင်မက သက်ပြင်းတစ်ချက် ခိုးချလိုက်ပါတယ်။

သူက လီဖူချန်းအတွက်တင် သက်ပြင်းချလိုက်တာ မဟုတ်ပါဘူး။ နတ်ဆိုးဆယ်ပါး နယ်မြေ အတွက်ကိုပါ ပေါင်းပြီး သက်ပြင်းချလိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ သည်တိုက်ပွဲမှာ လီဖူချန်း နိုင်သွားခဲ့မယ် ဆိုရင် သူတို့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ မြေလှန်ခံ ရတော့မှာပါ။

ဒါပေမဲ့ ရှင်းတိကောဝမ် နိုင်သွားခဲ့တဲ့ အခါမှာတော့ သူတို့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ အသက်ရှူ ချောင်သွားခဲ့ပါပြီ။

သူတို့အနေနဲ့ ရှင်းတိကောဝမ် ရှိနေသမျှ ကာလပတ်လုံး ပုန်းအောင်းနေရုံပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ နတ်ဆိုးဆယ်ပါး နယ်မြေအတွက် အခွင့်အလမ်း ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။

မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေရဲ့ သက်တမ်းက လူတွေထက် အများကြီး သာနေတာက သူတို့ရဲ့ အားသာချက် တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ရှင်းတိကောဝမ်က တိုက်ပွဲဝိညာဉ် နယ်ပယ်ကို မချိုးဖောက် နိုင်ခဲ့ရင်တော့ အသက်ကြီးကြီး သေမှာပါပဲ။

ပွဲကြည့် ပရိသတ်တွေ အကုန်လုံးကတော့ သူတို့ရဲ့ အနာဂတ် အကြောင်းကို အမျိုးမျိုး တွေးတောစဉ်းစား နေကြပါတယ်။

အဲသည် အချိန်မှာပဲ ...

ထပ် ... ထပ် ... ထပ် ...

ဝုန်း ...

လီဖူချန်းကို ဖိနှိပ်နေတဲ့ ခရမ်းရင့်ရောင် မိုးကြိုးလှံဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး ပေါက်ကွဲ ထွက်သွားခဲ့ပါပြီ။ အဲသည်ပေါက်ကွဲမှုဟာ လီဖူချန်းအတွက်တော့ ကောင်းတဲ့ပေါက်ကွဲခြင်း မဟုတ်ခဲ့ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်ပေါက်ကွဲမှုက နေပြီး မရေမတွက်နိုင်တဲ့ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေ ဖြစ်တည်လာပြီး သူ့ကို တိုက်ခိုက်လိုက်လို့ပါပဲ။

ဂျိန်း ... ဂျိန်း ... ဂျိန်း ...

ဝုန်း ... ဝုန်း ...

မရေမတွက်နိုင်တဲ့ ခရမ်းရင့်ရောင် မိုးကြိုးသွားတွေဟာ လီဖူချန်းရှိရာကို အရှိန်အဟုန် အပြည့်နဲ့ ထိုးဆင်းသွားခဲ့ပါပြီ။ သည်မိုးကြိုးသွားတွေရဲ့ တိုက်ခိုက်မှုဟာ အချင်းဝက် ဆယ်မိုင် ပတ်လည်ကို လွှမ်းခြုံထားခဲ့ ပါသေးတယ်။ လီဖူချန်းအနေနဲ့ အတောင်ပေါက် လာရင်တောင်မှ သည်တိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်စရာ မရှိပါဘူး။

နတ်ဘုရားစွမ်းရည် ...

သည်စွမ်းရည်ရဲ့ အတွေး တစ်ချက်ကတင် ထောင်နဲ့ချီတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကို သတ်ပစ်နိုင်ဖို့အတွက် လုံလောက်ပါတယ်။

နောက်ဆုံးမှာတော့ မိုးကြိုးတွေ ပျောက်ကွယ်သွားခဲ့သလို ပတ်ဝန်းကျင် ရာသီဥတုဟာလည်း ပြန်လည် တည်ငြိမ်သွားခဲ့ပါပြီ။

လီဖူချန်းရှိနေတဲ့ နေရာကတော့ ဥက္ကာခဲမိုးတစ်ခု ရွာချသွားသလိုပါပဲ။ လုံးဝ ရစရာ မရှိတော့ပါဘူး။ ပြီးတော့ ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်နေပါသေးတယ်။

အဲသည် ချိုင့်ဝှမ်းကြီးကတော့ အင်မတန် ကြီးမားလွန်းလှတဲ့ အတွက် မြို့အသေးစားလေး တစ်ခုကိုတောင် အလွယ်တကူ ထည့်ထားလို့ ရမယ့်ပုံပါပဲ။ ပြီးတော့ အဲသည် ချိုင့်ဝှမ်းကြီးရဲ့ အနက်ကလည်း ပေတစ်ထောင်ကျော် ရှိနေပါတယ်။

“ဟင်“

ရှင်းတိကောဝမ်ဟာ မူမမှန်တာ တစ်ခုကို သတိပြုမိ သွားခဲ့ပါပြီ။

သိပ်မကြာခင်မှာပဲ ကျန်တဲ့သူတွေကလည်း အဲသည်အချက်ကို သတိပြုမိ သွားခဲ့ပါတယ်။

အလယ်ဗဟို ...

အဲဒါကတော့ ချိုင့်ဝှမ်းကြီးရဲ့ အလယ်ဗဟို တည့်တည့်မှာ လူရိပ်တစ်ခု ရှိနေတာပါပဲ။ အဲသည်လူရိပ်ကို အားလုံးက သေသေချာချာ မြင်နေရပါတယ်။ အဲသည် လူရိပ်ကတော့ လီဖူချန်းကလွဲပြီး တခြားလူ ဖြစ်စရာ အကြောင်းမရှိပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှင်းတိကောဝမ်ရဲ့ နတ်ဘုရားစွမ်းရည်ဟာ လူတစ်ယောက်ကို အစိတ်စိတ်အမြွှာမြွှာ လုပ်နိုင်ဖို့အတွက် လုံလောက်ပါတယ်။ အလောင်း ကျန်ခဲ့ဖို့ မပြောနဲ့။ လက်နက်ပစ္စည်းတွေ အကောင်းအတိုင်း ကျန်နေခဲ့ရင်တောင်မှ ကံကောင်းလှပြီလို့ ဆိုရမှာပါ။

ဒါပေမဲ့ အခုတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ မပျက်စီးပဲ ကျန်ရှိနေပါတယ်။ ဒါက တကယ့်ကို ထူးဆန်း အံ့သြဖွယ်ရာပါပဲ။ ဒါပေမဲ့ အဲသည်ထက် ပိုထူးဆန်းအံ့သြဖို့ ကောင်းတာက ဆက်ဖြစ် လာခဲ့ပါသေးတယ်။

အဲဒါကတော့ သေပြီလို့ အားလုံး ထင်မှတ်ထားခဲ့တဲ့ လီဖူချန်းဟာ လှုပ်ရှား လာတာပါပဲ။

ဟူး ...

လီဖူချန်းဟာ ဒူးတစ်ဖက်ကို ကွေးပြီး အားယူကာ ကောင်းကင်ပေါ်ကို ပျံတက်လာခဲ့ပါပြီ။ သူက မထီတရီ ပြုံးလိုက်ပြီး ရှင်းတိကောဝမ်ကို လှောင်လိုက်ပါတယ်။

“ရှင်းတိကောဝမ် ... ခင်ဗျားရဲ့ နတ်ဘုရားစွမ်းရည်က သိပ်လည်း မစွံပါလား”

လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ မိုးကြိုးတွေကြောင့် ဖြစ်လာတဲ့ မီးလောင်ဒဏ်ရာတွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့ အဲဒါတွေက သူ့ကို ဒဏ်ရာ ကြီးကြီးမားမား မပေးနိုင်ခဲ့သလို သူ့ရဲ့ ချီအရှိန်အဝါကိုလည်း အားမနည်း သွားစေပါဘူး။

“မင်း ... မင်း ... ဘယ်လိုလုပ်ပြီး ခုခံနိုင်ခဲ့တာလဲ”

ရှင်တိကောဝမ်ရဲ့ အသံဟာ ခြောက်ကပ်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

“သည်လိုပဲပေါ့”

လီဖူချန်းက ပခုံးတစ်ချက် တွန့်ပြလိုက်ပါတယ်။ သူရဲ့ပုံစံက လုံးဝ မထုံတက်သေး ပါပဲ။

"ဟား ... ဟား ... မဟာမိတ် ဦးစီးခေါင်းဆောင် မသေသေးဘူးကွ”

မူဟန်ရှင်းရဲ့ မှိန်ဖျော့နေတဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက် အလင်းရောင်တွေ တစ်ဖန် ပြန်လည်တောက်ပ လာခဲ့ပါပြီ။

“သူက သည်လောက်ကြီး တိုက်ခိုက် ခံလိုက်ရတာတောင်မှ”

ကျန်တဲ့သူတွေ အားလုံးကတော့ ဘာပြောလို့ ပြောရမယ် မသိတော့ပါဘူး။

အထူးသဖြင့် သွေးဘိုးဘိုးကြီးနဲ့ ယင်ဘိုးဘိုးကြီးတို့ပါပဲ။ သူတိုနှစ်ယောက်ကို ကြည့်ရတာတော့ သူတို့ရဲ့ အညစ်အကြေးတွေကို သူတို့ကိုယ်တိုင် ပြန်စားထားရတဲ့ ရုပ်တွေမျိုး ဖြစ်နေပါတယ်။

လီဖူချန်းကို သေသေချာချာ စေ့စေ့စပ်စပ် လေ့လာ ဆန်းစစ်ပြီးတဲ့ နောက်မှာတော့ ရှင်းတိကောဝမ်ဟာ တစ်စုံတစ်ခုကို သတိပြုမိ သွားခဲ့ပါပြီ။

ရောင်ခြည်စက်ကွင်းတွေ ...

ဟုတ်ပါတယ်။ သူ့ရဲ့ အမြင်ဟာ လုံးဝ မမှားယွင်းပါဘူး။ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်ပိုင်းကို ရွှေရောင်ဖျာ့ဖျော့ ရောင်ခြည်စက်ကွင်း တစ်ခုက အကာအကွယ် ပေးထားတာပါ။ အဲသည် ရောင်ခြည်စက်ကွင်းက ချီစွမ်းအင် အငွေ့အသက်တွေနဲ့ ခပ်ဆင်ဆင် တူပေမဲ့လည်း ချီစွမ်းအင်တွေထက် အများကြီး ပိုအားကောင်းပါတယ်။

ဒါက သာလွန်ထူးကဲ စွမ်းအားတစ်ခုရဲ့ ပုံစံပါပဲ။ သည်စွမ်းအားကို ကြည့်ရသလောက် ကတော့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကနေ ပေါက်ဖွားလာတာပဲ ဖြစ်ရပါမယ်။

သူ့ရဲ့ ခန္ဓာကိုယ်မှာလည်း သည်လို သာလွန်ထူးကဲ စွမ်အားတစ်မျိုး ရှိပေမဲ့လည်း လီဖူချန်းထက် အဆင့်တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်လောက် နိမ့်ကျနေပါသေးတယ်။

“ရှင်းတိကောဝမ် ... ခင်ဗျားရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို ထုတ်လိုက်စမ်းပါ”

လီဖူချန်းက သူ့ရဲ့ တိုက်ခိုက်နိုင် စွမ်းရည် တစ်ခုတည်းကိုပဲ ယုံကြည်စိတ်ချပြီး အရှေ့ယူနီကွန်း တိုက်ကို ပြန်လာတာ မဟုတ်ပါဘူး။ သူက သူ့ရဲ့ ခံနိုင်ရည်အပိုင်းကို အပြည့်အဝ ယုံကြည်လို့ ပြန်လာတာ ဖြစ်ပါတယ်။

အဆင့်၅ မိစ္ဆာတွေဟာ သူတို့ရဲ့ မွေးရာပါ ခန္ဓာကိုယ် မာကျောမှုကြောင့် ခံနိုင်ရည်အပိုင်းမှာ နာမည် ကျော်ကြားပါတယ်။ သူတို့ကို အနိုင်ယူနိုင်တယ် ဆိုရင်တောင်မှ သတ်ဖို့ မလွယ်ကူပါဘူး။ အဆင့်၅ မိစ္ဆာတွေကို သတ်ဖြတ်ချင်တဲ့ လူတစ်ယောက်ဟာ မိစ္ဆာတွေထက် အဆပေါင်းများစွာ အစွမ်းထက်မှပဲ ရပါမယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်ကတော့ အဆင့်၅ မိစ္ဆာတွေထက် မာကျောကြံ့ခိုင်ပြီး ခံနိုင်ရည်ပိုင်းမှာလည်း အဆ အနည်းငယ် ပိုကောင်းနေပါပြီ။ မဟူရာကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေမှာကတည်းက သူ့ရဲ့ ခန္ဓာကိုယ် မာကျောကြံ့ခိုင်မှုဟာ အရှေ့ယူနီကွန်း တိုက်ရဲ့ ထိပ်တန်းအဆင့်မှာ ရှိနေတာ ဖြစ်ပါတယ်။

အဲသည်လို လူကိုမှ မြေကမ္ဘာ အလယ်အလတ်အဆင့် ချပ်ဝတ်တန်ဆာ တစ်ခု ထပ်ပေါင်းပေးထားတဲ့ အဖြစ်ကို စဉ်းစားတာ ကြည့်ပါတော့။ ဒါက ကျားကို အတောင်တပ်ထား ပေးသလိုပါပဲ။

ပြီးတော့ ချီအကာအကွယ်ကိုလည်း မေ့လို့ မရပါဘူး။ ချီအကာအကွယ်ကို ဖြတ်ကျော်လာတဲ့ မိုးကြိုးသွားတွေဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဆီ အရောက်မှာတော့ အားတစ်ဝက်လောက်သာ ကျန်ရှိပါတော့တယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ အားယုတ်လျော့ သွားပြီဖြစ်တဲ့ မိုးကြိုးသွားတွေကို ခံယူဖို့ ပြဿနာ မရှိတော့ပါဘူး။ အဲသည် အချက်တွေကြောင့်လည်း ရှင်းတိကောဝမ်ရဲ့ မိုးကြိုးနတ်ဆိုး နတ်ဘုရား စွမ်းရည်ဟာ လီဖူချန်းကို အပေါ်ယံ ဒဏ်ရာတွေ ရစေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုး”

ရှင်းတိကောဝမ်က စကားအပိုတွေ ပြောမနေတော့ပါဘူး။ သူက လီဖူချန်းဟာ”အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုး”ကို ဒုတိယအကြိမ် တောင့်ခံနိုင်မလား ဆိုတာကို သိချင်နေတဲ့ အတွက် နောက်ထပ်တစ်ကြိမ် ထပ်တိုက်လိုက်ပါတယ်။

ကြောက်စရာ ကောင်းလှတဲ့ အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးဟာ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲထွက်သွားပြီး လီဖူချန်းကို လွှမ်းခြုံသွားခဲ့ ပြန်ပါပြီ။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ ကောင်းကင်ပျက်သုဉ်းခြင်း ဓားသိုင်းကို သုံးပြီး ထိပ်တိုက်ရင်ဖို့ မစဉ်းစားထား တော့ပါဘူး။

သူက အထက်ကောင်းကင်ဘုံ ဓားသိုင်းနဲ့ အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးကို အားလျော့နည်း စေလိုက်ပြီး ကျန်ရှိနေတဲ့ စွမ်းအားတွေကိုတော့ ခန္ဓာကိုယ်နဲ့ တိုက်ရိုက် ခံဆောင်လိုက်ပါတယ်။

ဘန်း ...

မြေပြင်ပေါ်မှာတော့ နောက်ထပ် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ ပြန်ပါပြီ။ လီဖူချန်းကတော့ ချိုင့်ဝှမ်းကြီးရဲ့ အလယ်မှာ အေးအေးလူလူ ရပ်နေဆဲပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်မှာလည်း ဘာဒဏ်ရာမှ ရှိမနေပါဘူး။

“သေစမ်း”

ရှင်းတိကောဝမ်က ဒေါသတကြီးနဲ့ အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးကို တတိယအကြိမ်မြောက် ပစ်လွှတ် လိုက်ပြန်ပါပြီ။ သူက မိုးကြိုးနတ်ဆိုး စွမ်းအားတွေကို စုစည်းထားတာ ဆယ်နှစ်ကျော်ပြီ ဖြစ်တဲ့အတွက် နောက်ထပ် ဆယ်ကြိမ်လောက် ထုတ်သုံးရင်တောင်မှ ပြဿနာရှိမှာ မဟုတ်ပါဘူး။

တတိယအကြိမ် ... စတုတ္ထအကြိမ် ... ပဉ္စမအကြိမ် ... ဆဋ္ဌမအကြိမ် ...

ရှင်းတိကောဝမ်က”အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုး”ကို လေးကြိမ်ဆက်တိုက် ထပ်မံ အသုံးပြုလိုက်ပါတယ်။

ပေတစ်ထောင်နီးပါး နက်တဲ့ ချိုင့်ဝှမ်းကြီးဟာ ပေထောင်ပေါင်း များစွာအထိ နက်ရှိုင်းသွားခဲ့ပါပြီ။ မြေအောက်မှာရှိတဲ့ မြေအောက် ရေစီးကြောင်းတွေတောင်မှပဲ မြေပြင်ပေါ်ကို ပန်းထွက်လာပါတယ်။ ဒါပေမဲ့ လီဖူချန်းကတော့ ချိုင့်ဝှမ်းကြီးရဲ့ အလယ်ဗဟိုမှာ အေးလေးလူလူ ရပ်နေဆဲပါပဲ။

“ရှင်းတိကောဝမ် ... ခင်ဗျား အရမ်း အပင်ပန်း ခံမနေနဲ့။ ခင်ဗျားက ကျုပ်ကို သတ်နိုင်တဲ့ အစွမ်း မရှိသေးဘူး”

လီဖူချန်းက လေသံ ခပ်အေးအေးနဲ့ ရှင်းတိကောဝမ်ကို ခနဲ့လိုက်ပါတယ်။

လီဖူချန်းရဲ့ ဆင်နဂါး စွမ်းအားတွေဟာ အပြသက်သက် မဟုတ်ပါဘူး။ သည် ၅၅,၀၀၀ သော ဆင်နဂါးစွမ်းအင် အမျှင်တွေဟာ သူ့ကို ကာကွယ်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်ပါတယ်။ သူ့ရဲ့ ရန်သူက သည်ဆင်နဂါး စွမ်းအားကို ဖျက်ဆီးဖို့ နည်းလမ်း မရှိဘဲနဲ့တော့ လီဖူချန်းကို ဘာဒဏ်ရာမှ ရအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ချီအတွင်းအားတွေဟာ”အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုး”ကြောင့် ကစဉ့်ကလျား ဖြစ်နေပါပြီ။ သွေးနီရောင် အရိပ်ကလည်း သုံးစားလို့ကို မရတော့ပါဘူး။ အဲသည်အတွက် လီဖူချန်းဟာ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာကိုပဲ ပထမ ခံစစ်အလွှာအဖြစ် ထားရှိပြီး တောင့်ခံနေတာ ဖြစ်ပါတယ်။

ချီအကာအကွယ်ကို ဖျက်ဆီး ခံလိုက်ရတိုင်းမှာ သူ့ရဲ့ ခန္ဓာကိုယ်ထဲက ချီအတွင်းအားတွေဟာ ပိုပို ဆိုးလာခဲ့ပါတယ်။

ကံကောင်းတာ တစ်ခုကတော့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မာကျောမှုနဲ့ ခံနိုင်ရည်ဟာ အဆင့်တစ်ခု အထိ ရောက်နေတာပါပဲ။ အဲသည်အတွက် လီဖူချန်းက ဆင်နဂါး စွမ်းအင်အမျှင် အချို့နဲ့ သူ့ရဲ့ ကိုယ်တွင်းက ချီအတွင်းအား ကစဉ့်ကလျား ဖြစ်စဉ်ကို ထိန်းချုပ်ထားနိုင် ခဲ့ပါတယ်။

တကယ်လို့သာ သူ့နေရာမှာ တခြား လူတစ်ယောက် ဆိုရင်တေည့ ချီအတွင်းအားတွေ ပေါက်ကွဲပြီး သေနေလောက်ပါပြီ။

“မဖြစ်နိုင်ဘူး ... ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ရှင်းတိကောဝမ် ကတော့ သွေးရူးသွေးတန်း ဖြစ်လာခဲ့ပါပြီ။ သူက သူ့ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှုဖြစ်တဲ့”အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုး”ကို အကြိမ်ကြိမ် ထုတ်သုံးခဲ့တာတောင်မှ တစ်ဖက် ရန်သူကို ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဒါက ဘယ်လိုမှ လက်မခံ နိုင်စရာပါပဲ။

“ရှင်းတိကောဝမ် ... ခင်ဗျားဆီမှာ နတ်ဘုရားစွမ်းရည် ရှိသလို ကျုပ်ဆိုတဲ့ လီဖူချန်း ဆီမှာလည်း နတ်ဘုရားစွမ်းရည် ရှိတယ်။ အဲဒါကို ခင်ဗျား မမြည်းစမ်း ကြည့်ချင်ဘူးလား”

တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကိုပဲ တစ်ချိန်လုံး ငြိမ်ပြီး ခုခံနေရတာက လီဖူချန်းရဲ့ အကြိုက်မျိုး မဟုတ်ပါဘူး။ သူက တိုက်ခိုက်ရတာကို အားသန်တဲ့ သူတစ်ယောက်ပါ။

ရှဲ ... ရှဲ ... ရှဲ ...

မီးလျှံစွမ်းအားတွေက မီးလျှံအရိုး တည်ဆောက်ပုံ ဟင်းလင်းပြင် နယ်မြေကနေကြီး အရူးအမူး တိုးထွက် လာကြပါပြီ။ သိပ်မကြာခင်မှာပဲ အဲသည်မီးလျှံ စွမ်းအားတွေက လီဖူချန်းကို မီးလူသား တစ်ယောက်အဖြစ် ပြောင်းလဲပေး လိုက်ပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါတွေက ရှင်းတိကောဝမ်ထက် ဘယ်နေရာမှာမှ နိမ့်ကျ မနေတော့ပါဘူး။

လီဖူချန်းရဲ့ မီးလျှံစွမ်းအားတွေက ရှင်းတိကောဝမ်ရဲ့ မိုးကြိုးနတ်ဆိုး စွမ်းအားထက် နိမ့်ကျကောင်း နိမ့်ကျပါမယ်။ ဒါပေမဲ့ လီဖူချန်းက သည်မီးလျှံစွမ်းအားကို ဘယ်လိုအကျိုးရှိရှိ အသုံးချရမလဲ ဆိုတာ ကောင်းကောင်းကြီး သိထားပါတယ်။

ဒါက လီဖူချန်း လေ့ကျင့်ထားတဲ့ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်နဲ့ တစ်စိတ်တစ်ပိုင်း ဆက်နွှယ်တယ်လို့ ပြောရင်လည်း မမှားပါဘူး။

ချီအတွင်းအားကျင့်စဉ် တစ်ခုရဲ့ အဆင့်က ကောင်းလေလေ၊ သွေးကြောတွေကို ပိုပြီး ဖွင့်နိုင်လေလေပါပဲ။ ပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အသိစိတ် အာရုံနဲ့တောင် ရှာလို့မရတဲ့ သွေးကြောတွေ ရှိနေပါတယ်။ အဲသည် သွေးကြောတွေကိုတော့ ချီအတွင်းအား ကျင့်စဉ်ကို အသုံးပြုပြီး ချီအတွင်းအားတွေကို လည်ပတ်လိုက်မှ တွေ့နိုင်တာပါ။

မီးလျှံစွမ်းအားတွေ ဆိုတာက ချီအတွင်းအားတွေ လိုပါပဲ။ အဲသည်စွမ်းအားတွေ သွေးကြောတွေထဲမှာ လည်ပတ်ပြီး အသုံးပြုမှသာ ပိုပြီး အစွမ်းထက်တာပါ။ လည်ပတ်နိုင်တဲ့ သွေးကြောတွေ ပိုများလေလေ မီးလျှံစွမ်းအားက ပိုအားကောင်းလေလေ ဖြစ်ပါတယ်။

ချွမ် ... ချွမ် ... ချွမ် ...

မီးလျှံ အင်းကွက်တွေက လီဖူချန်းရဲ့ ခန္ဓာကိုယ် အနှံ့မှာ ဖြစ်တည်လာခဲ့ပါပြီ။ အဲသည်နောက်မှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ထုတ်ပြီး ရှင်းတိကောဝမ်ကို ခုတ်ပိုင်း လိုက်ပါတော့တယ်။

ရွှမ်း ...

ပူပြင်း တောက်ပလှတဲ့ မီးလျှံဓားချီဟာ လေဟာနယ်ကို ကျော်ဖြတ်ပြီး ရှင်းတိကောဝမ်ဆီ တိုးဝင်သွားခဲ့ပါပြီ။

မီးလျှံနှလုံးသားက တစ်မူထူးခြားတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ အဲဒါက အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးလို နည်းလမ်း တစ်မျိုးတည်းနဲ့ အသုံးပြုလို့ရတာ မဟုတ်ပါဘူး။

မီးလျှံနှလုံးသားဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အရွယ်အစား အမျိုးမျိုးကို ပြောင်းလဲလို့ ရပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ မီးလျှံနှလုံးသားဟာ သူ့ရဲ့ နောက်ဆုံးအဆင့် အသွင်ပြောင်းမှုကို ပြီးမြောက်သွားလို့ပါပဲ။

“မီးလျှံနှလုံးသား”

ရှင်းတိကောဝမ်ရဲ့ အမူအရာတွေကတော့ အရင်လို ယုံကြည်မှု မရှိတော့ပါဘူး။ သူက အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးကို အလျင်အမြန် ထုတ်သုံးပြီး ဓားချက်ကို ခုခံလိုက်ပါတယ်။

ဝုန်း ...

အချင်းဝက် ဆယ်မိုင်ပတ်လည်မှာတော့ မီးပင်လယ်ကြီး တစ်ခုနဲ့ မိုးကြိုးပင်လယ်ကြီး တစ်ခုဟာ အားပြိုင်နေကြပါပြီ။ အဲသည်အရာ နှစ်ခုကနေ ထွက်လာတဲ့ စွမ်းအား အရှိန်အဝါက လူတွေအကုန်လုံးကို ကြောက်ဒူး တုန်သွားစေပါတယ်။

နတ်ဘုရား စွမ်းရည်တွေရဲ့ အားပြိုင်မှုက သူတို့အတွက်တော့ မဟာဝဋ်ဆင်းရဲ တစ်ခုပါပဲ။ သူတို့ဟာ တိုက်ပွဲ စက်ကွင်းထဲကနေ နောက်ထပ် ဆုတ်ခွာနိုင်စွမ်း မရှိတော့ပါဘူး။

သိပ်မကြာခင်မှာပဲ နတ်ဘုရားစွမ်းရည် အားပြိုင်မှုရဲ့ အဖြေဟာ ထွက်လာပါတော့တယ်။ နတ်ဘုရားစွမ်းရည် အားပြိုင်မှုမှာ အသာရသွား သူကတော့ ရှင်းတိကောဝမ်ပါပဲ။ သူ့ရဲ့ အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးဟာ လီဖူချန်းရဲ့ မီးလျှံဓားချီကို ငြိမ်းသတ်နိုင် လိုက်ပါတယ်။

ဒါပေမဲ့လည်း အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးရဲ့ စွမ်းအား အကုန်နီးပါးဟာ မီးလျှံဓားချီနဲ့အတူ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းကို ဒုက္ခ မပေးနိုင်တော့ပါဘူး။ ကြည့်ရတာတော့ အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးဟာ မီးလျှံဓားချီကို အနိုင်ရတယ် ဆိုရုံလေးတင် စွမ်းဆောင်နိုင်ခဲ့ပုံပါပဲ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...။ သူ့ရဲ့ မီးလျှံ နတ်ဘုရား စွမ်းရည်က ငါ့ရဲ့ မိုးကြိုးနတ်ဆိုး နတ်ဘုရား စွမ်းရည်ကို တကယ်ကြီး ပခုံးချင်း ယှဉ်နိုင်ခဲ့တာလား”

ရှင်းတိကောဝမ်ရဲ့ မျက်နှာကတော့ လငပုပ် ဖမ်းသလို မည်းမှောင် သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ သူက အကြောင်း တစ်စုံတစ်ရာကို သတိရလိုက် မိပါတယ်။

သာလွန်ထူးကဲ စွမ်းအားတွေ ဆိုတာက သွေးကြောတွေကနေ ထွက်လာတာပါ။ ယေဘုယျကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ မီးလျှံစွမ်းအားဟာ သူ့လို ဆယ်နှစ်ကျော် ပိုစောပြီး အသက်သွင်းထားနိုင်တဲ့ မိုးကြိုးနတ်ဆိုး စွမ်းအားကို ပခုံးချင်း ယှဉ်နိုင်စရာ အကြောင်းကို မရှိပါဘူး။ အဲသည်တော့ လီဖူချန်းဆိုတဲ့ ကောင်က သူ့ထက် အဆင့်မြင့်တဲ့ ချီအတွင်းအား ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားပြီး သွေးကြောတွေကို ပိုဖွင့်ထားနိုင်တာပဲ ဖြစ်ရပါမယ်။

ဝုန်း ... ဝုန်း ...

နတ်ဘုရား စွမ်းရည် နှစ်ခုက တစ်ကြိမ်ပြီး တစ်ကြိမ် ထိပ်တိုက် တွေ့ဆုံကြပါပြီ။

မီးလျှံနတ်ဘုရား စွမ်းရည်ကို လေးကြိမ်မြောက် ထုတ်သုံး အပြီးမှာတော့ လီဖူချန်းဟာ စိတ်ထဲကနေ မချိပြုံး ပြုံးလိုက်မိပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မီးလျှံစွမ်းအားတွေဟာ အကန့်အသတ် ရှိပါတယ်။ အဲသည်အတွက် သူဟာ မီးလျှံနှလုံးသားကို ခြောက်ကြိမ်ထက် ပိုပြီး အသုံးမပြု နိုင်ပါဘူး။ အဲသည်ခြောက်ကြိမ်ဆိုတဲ့ အရေအတွက်ကို ပြည့်ဖို့ကလည်း နှစ်ကြိမ်သာ လိုတော့တဲ့ အခြေအနေပါ။

“လီဖူချန်း ... ငါမင်းကို တကယ်ပဲ လေးစားမိတယ်။ မင်းက ငါ့ကို တကယ် ပခုံးချင်း ယှဉ်နိုင်တာပဲ”

ရှင်းတိကောဝမ်က လီဖူချန်းကို ပြုံးပြလိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှင်းတိကောဝမ်ရဲ့ မိုးကြိုးနတ်ဆိုး နတ်ဘုရား စွမ်းရည်ကလည်း ကုန်ခန်းစ ပြုနေပါပြီ။ သူက အစောပိုင်းမှာ ဆိုရင်လည်း မိုးကြိုးနတ်ဆိုး နတ်ဘုရား စွမ်းရည်ကို ခြောက်ကြိမ်တိတိ သုံးခဲ့ပါသေးတယ်။ အဲသည်အတွက် သူဟာ လီဖူချန်းနဲ့ တိုက်ဖို့အတွက် မိုးကြိုးနတ်ဆိုး နတ်ဘုရားစွမ်းရည်ကို ထပ်မသုံးချင်ပါဘူး။

တကယ်လို့ သူ့အနေနဲ့ လီဖူချန်းရဲ့ မီးလျှံနတ်ဘုရား စွမ်းရည်ကို ဖျက်ဆီးနိုင်လို့ကော ဘာထူးလာမှာမို့လဲ ...။ လီဖူချန်းရဲ့ ခံနိုင်ရည် စွမ်းအားနဲ့ ဆိုရင်တော့ သူ့ကို သတ်ဖို့ဆိုတာ အချိန်တိုအတွင်းမှာ လုံးဝ မဖြစ်နိုင်ပါဘူး။ တကယ်လို့ အစွမ်းကုန် ကြိုးစားပြီး လီဖူချန်းကို သတ်နိုင်ခဲ့ရင်တောင်မှ အဲသည်အချိန်ဆိုရင် သူဟာ အကုန်အစင် ညှစ်ခံထားရတဲ့ ကြံဖတ်လို ဖြစ်နေတော့မှာ အသေအချာပါပဲ။ အဲဒါက အခြားသူတွေအတွက် သူ့ကိုသတ်ဖို့ အခွင့်ကောင်း ဖြစ်သွားပါစေနိုင်ပါတယ်။

တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းကို အချိန်တိုအတွင်းမှာ သတ်ချင်ရင်တော့ ပြင်ပ အကူအညီတစ်ခု ယူကိုယူမှ ရပါမယ်။

ရှင်းတိကောဝမ်ရဲ့ အပြုံးကို မြင်ရအပြီးမှာတော့ လီဖူချန်းရဲ့ အကြောအခြင်တွေဟာ တောင့်တင်း သွားခဲ့ပါတယ်။ ဒါက အသက်ဘေး အန္တရာယ်နဲ့ ကြုံတွေ့ခါနီးတိုင်းမှာ သူ့ရဲ့ ခန္ဓာကိုယ်က အလိုအလျောက် ပြုမူတတ်တဲ့ အရာပါပဲ။

အဲသည်အချိန်မှာပဲ ရှင်းတိကောဝမ်ဟာ နတ်ဆိုးဆယ်ပါး နယ်မြေဘက်ကို လှည့်ပြီး အော်လိုက်ပါတယ်။

“ရှီဟွာဘုရင်မ ... ခင်ဗျား ဘာလုပ်နေတာလဲ။ ဒါက ခင်ဗျားအတွက် အခွင့်ကောင်း မဟုတ်ဘူးလား”

“ငါဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ ငါ့ကို ဆရာ လာမလုပ်နဲ့”

“ကျောက်ဖြစ်စမ်း”

ရှီဟွာဘုရင်မဟာ ဘယ်အချိန်ကတည်းကနေ ဘယ်လိုလုပ်ပြီး လီဖူချန်းအနောက် မိုင်အနည်းငယ် အကွာကို ရောက်နေတယ် မသိပါဘူး။ သူက လက်နှစ်ဖက်ကို ဆန့်တန်းပြီး အဖြူရောင် အလင်းတန်းတွေနဲ့ တိုက်ခိုက်လိုက်ပါတယ်။

မွေးရာပါ စွမ်းရည် ... ကျောက်ဖြစ်ခြင်း။

လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ အဲသည် အဖြူရောင် အလင်းတန်းတွေက ရှီဟွာဘုရင်မရဲ့ နာမည်ကျော် မွေးရာပါစွမ်းရည်ဖြစ်တဲ့ ကျောက်ဖြစ်ခြင်းပါပဲ။

ရှီဟွာဘုရင်မရဲ့ စွမ်းရည်က တိုက်ခိုက်မှု အပိုင်းမှာ အနည်းငယ် အားနည်းပေမဲ့လည်း ရှင်းတိကောဝမ် ကိုယ်တိုင်တောင်မှ ကျောက်ဖြစ်ခြင်း စွမ်းရည်ရဲ့ ဖိနှိပ်မှုကို မခံချင်ပါဘူး။

အတိတ်တုန်းက ဆိုရင် ယုလီဟာ သည်ကျောက်ဖြစ်ခြင်း စွမ်းရည် နည်းနည်းပါးပါးနဲ့ ထိမိပြီး ဒဏ်ရာ အကြီးအကျယ် ရသွားတာပါ။

ရှီဟွာဘုရင်မဟာ ရှင်တိကောဝမ်ရဲ့ အစွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှု ရှိပါတယ်။ ဒါပေမဲ့လည်း သူက လီဖူချန်းကို ပိုပြီး ကြောက်ပါတယ်။

လီဖူချန်းက အခုမှ အသက် ၃၀တောင် မပြည့်သေးပါဘူး။ ဒါပေမဲ့လည်း သူဟာ ရှင်းတိကောဝမ်နဲ့ သူတင်ကိုယ်တင် တိုက်ခိုက်နိုင်စွမ်း ရှိနေပါပြီ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ အချိန်နောက်ထပ် နည်းနည်းသာ ရသွားလို့ကတော့ အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးကို အုပ်စိုးသွားတော့မှာ အသေအချာပါပဲ။ အဲသည်အချိန်ဆိုရင် သူတို့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ လူသားတွေကို ခေါင်းတောင် မော်ကြည့်နိုင်မှာ မဟုတ်တော့ပါဘူး။ အဲသည်အတွက် လီဖူချန်းဟာ သည်နေ့မှာ သေကို သေမှ ရပါမယ်။

***

All Chapters