အခြေအနေတွေ ပြောင်းလဲခြင်း
Vol. 33 Ch. 442
ရှီဟွာဘုရင်မ စတင် လှုပ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် ကျန်နေသေးတဲ့ မိစ္ဆာသားရဲတွေ၊ မိစ္ဆာတွေကလည်း လှုပ်ရှား လာခဲ့ပါတယ်။ သူတို့ကို ကြည့်ရတာက အစောကြီးကတည်းက ရှင်းတိကောဝမ်နဲ့ ပူးပေါင်းထားပုံပါပဲ။
“သတ်”
သွေးဘိုးဘိုးကြီးနဲ့ ယင်ဘိုးဘိုးကြီးတို့ ကလည်း သူတို့လူတွေကို ဦးဆောင်ပြီး ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဆီ ပျံသန်းသွားကြပါပြီ။
မူဟန်ရှင်းက ချီအတွင်းအားတွေကို ထုတ်ပြီး အော်ပြောလိုက်ပါတယ်။”မိစ္ဆာတာအို အင်အားစု ဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဆိုးဆယ်ပါး နယ်မြေဖြစ်ဖြစ်။ အားလုံးက ငါတို့ရဲ့ ရန်သူတွေချည်းပဲဟေ့။ သည်မိစ္ဆာကောင်တွေကို သတ်နိုင်သလောက် သတ်ပြီး ငါတို့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ သတ္တိကို ပြကြ”
ရွှမ်း ...
မူဟန်ရှင်းရဲ့ စကားမဆုံးခင်မှာပဲ စုယွန်ဟီက အစိမ်းရောင် ကျာပွတ်ကို ထုတ်ပြီး ငွေရောင် မျက်နှာဖုံးရှင် တစ်ယောက်ကို ရိုက်သတ် ပြီးနေပါပြီ။
ဟွကျန်းချီကလည်း သူ့ရဲ့ အစိမ်းရောင် ရှေးဟောင်းဓားကြီးကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး ဓားချီတွေ ပစ်လွှတ်လိုက်ပါတယ်။
ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က ထိပ်သီး အကြီးအကဲတွေဟာ အခြေအနေကို ကောင်းကောင်းကြီး အကဲခတ်နိုင်တဲ့ သူတွေပါ။ အဲသည်အတွက် အခုလို သေရေးရှင်ရေး အခိုက်အတန့်တွေမှာ လုံးဝ နောက်မဆုတ်ကြပါဘူး။ သူတို့က အရှေ့ယူနီကွန်းတိုက် လူသားမျိုးနွယ်ရဲ့ နောက်ဆုံး မဏ္ဍိုင်တွေပါပဲ။ တကယ်လို့ သူတို့ နောက်ဆုတ် လိုက်မယ်ဆိုရင် အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးဟာ မိစ္ဆာကောင်တွေ လက်အောက်ကို ကျရောက် သွားပါလိမ့်မယ်။
အခြားလူတွေထက် စာရင်တော့ လီဖူချန်းဟာ တော်တော်ဆိုးတဲ့ အခြေအနေ တစ်ခုနဲ့ ရင်ဆိုင် နေရတယ်လို့ ပြောရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ရှင်းတိကောဝမ်၊ ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်တို့ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်နေရလို့ပါပဲ။
ရှင်းတိကောဝမ်ရဲ့ အစွမ်းက လီဖူချန်းထက် သာနေတယ် ဆိုတာကိုတော့ ပြောပြနေစရာ မလိုတော့ပါဘူး။ အဲဒါကိုမှ ရှီဟွာဘုရင်မက သူ့ရဲ့ ကျောက်ဖြစ်ခြင်း စွမ်းရည်ကို အသုံးပြုပြီး လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နေပါတယ်။ အဲသည်ထက် ပိုဆိုးတာကတော့ သွေးနတ်ဆိုး ဘုရင်ဟာလည်း မွေးရာပါ စွမ်းရည်ဖြစ်တဲ့ သွေးမိုးကြိုးကို နိုးထထားပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေနိုင်တာပါပဲ။
ဒါပေမဲ့လည်း သူတို့သုံးယောက် အနေနဲ့ လီဖူချန်းကို သတ်ဖို့ဆိုရင်တော့ အများကြီး ကြိုးစားရပါဦးမယ်။
လီဖူချန်းကတော့ မီးလျှံစွမ်းအားတွေကို ရုတ်သိမ်းပြီး နေမင်းဇောအဟုန် ချီအတွင်းအားကို ထုတ်ဖော်ထားခဲ့ပါပြီ။
ရှီဟွာဘုရင်မရဲ့ ကျောက်ဖြစ်ခြင်း စွမ်းရည်ကို အားနည်းစေဖို့ဆိုရင် နေမင်းဇောအဟုန် စွမ်းအင်စက်ကွင်းက အကောင်းဆုံးပါပဲ။ အဆုံးမှာတော့ ကျောက်ဖြစ်ခြင်း စွမ်းရည်က သဘာဝ နိယာမ တရားရဲ့ ကျောက်တုံး သဘာဝကို အခြေခံထားပြီး နေမင်းဇောအဟုန်က နေမင်း သဘာဝကို အခြေခံထားတာ မဟုတ်ပါလား။ တကယ်လို့ လီဖူချန်းအနေနဲ့ ကျောက်ဖြစ်ခြင်း စွမ်းရည်ကို အားနည်းစေနိုင်မယ် ဆိုရင် ကျန်တာက ပြဿနာ မဟုတ်တော့ပါဘူး။
ဒါပေမဲ့လည်း နေမင်းဇောအဟုန် စွမ်းအင်စက်ကွင်းကို ထုတ်ဖို့ဆိုရင် နေမင်းဇောအဟုန် ချီအတွင်းအားရဲ့ အထောက်အပံ့ကို လိုအပ်ပါတယ်။ အဲဒါက လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ လျော့ကျသွားစေတာ အမှန်ပါပဲ။
လီဖူချန်းရဲ့ အားအကောင်းဆုံး ချီစွမ်းအားက ကြေးဝါရောင် ဓားချီ ဖြစ်နေတာက တော်ပါသေးတယ်။ မဟုတ်လို့ကတော့ လီဖူချန်းဟာ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်သွားတော့မှာပါ။
လီဖူချန်းက သူ့ရဲ့ အားနည်းချက်ကို ဖာထေးဖို့အတွက် နေဝန်းဇောအဟုန် ချီအတွင်းအားတွေကို ကြေးဝါရောင် ဓားအဆီအနှစ်ထဲ ဖြတ်သန်းစေလိုက်ပြီး ကြေးဝါရောင် ဓားချီတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို သူ့ရဲ့ရှေ့မှာ ကန့်လန့်ဖြတ် ထားလိုက်ပြီး အစိမ်းရောင် ဓားအလင်းတန်းတွေနဲ့ တစ်ကိုယ်လုံးကို ကာကွယ်ထားလိုက် ပါသေးတယ်။
နေဝန်းစိမ်း ဓားဆန္ဒက ဓားကွက်တွေ၊ လိုက်နာရမယ့် ထုံးတမ်းစဉ်လာတွေ မရှိပါဘူး။ အသုံးပြုသူရဲ့ ရွေ့လျားမှုတိုင်းဟာ ဓားကွက်တွေပါပဲ။ ပြီးတော့ အဲဒါက တိုက်စစ် ဆင်တဲ့အပိုင်းမှာကော ခံစစ် ဆင်တဲ့ အပိုင်းမှာပါ အသုံးပြုနိုင်ပါတယ်။
လီဖူချန်းရဲ့ ပြင်ဆင်မှုတွေဟာ လက်မတင်လေး မြန်သွားတယ်လို့ ဆိုရပါမယ်။ အစိမ်းရောင် ဓားအလင်းတန်းတွေ ပေါ်လာပြီး သိပ်မကြာခင်မှာပဲ အဖြူရောင် အလင်းတန်းတွေဟာ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါပြီ။
ခရက် ... ခရက် ... ခရက် ...
လီဖူချန်းရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ရှိသမျှ အရာတွေဟာ ကျောက်တုံးကျောက်ခဲတွေ အဖြစ်ကို ပြောင်းကုန်ပါတယ်။ မြေပြင်၊ လေထဲမှာရှိတဲ့ ဖုန်မှုန့်တွေ၊ နောက်ဆုံး ချီစွမ်းအင်တွေတောင်မှ ကျောက်အဖြစ်ကို စတင်ပြောင်းလဲ လာခဲ့ပါပြီ။
ကျောက်ဖြစ်ခြင်း စွမ်းရည်ဟာ အရာမှန်သမျှကို ကျောက်အဖြစ် ပြောင်းလဲစေနိုင်စွမ်း ရှိပါတယ်။ ကောလာဟလတွေအရ ဆိုရင်တော့ ထိပ်တန်းအဆင့်တစ်ခု အထိ ရောက်သွားတဲ့ ကျောက်ဖြစ်ခြင်း စွမ်းရည်ဟာ လေဟာနယ် ဟင်းလင်းပြင်ကိုတောင်မှ ကျောက်အဖြစ် ပြောင်းလဲ နိုင်ပါတယ်တဲ့။
အဖြူရောင် အလင်းတန်းနဲ့ ထိပ်တိုက်တွေ့မိတဲ့ အခိုက်အတန့်မှာတော့ နေဝန်းစိမ်းဆန္ဒ တစ်စိတ်တစ်ပိုင်းဟာ ကျောက်အဖြစ်ကို ပြောင်းလဲသွားပါတယ်။ သည်လိုနဲ့ သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ ကြီးမားလှတဲ့ အဖြူရောင် ကျောက်လုံးကြီး တစ်လုံးရဲ့ အလယ်ကို ရောက်ရှိသွားခဲ့ပါပြီ။
“သွေးမိုးကြိုး နည်းစနစ်”
အခွင့်ကောင်းကို စောင့်နေတဲ့ သွေးနတ်ဆိုး ဘုရင်က လုံးဝ တုံ့ဆိုင်း မနေပါဘူး။ သူက သွေးရောင် အလုံးကြီးတစ်ခုကို ဖန်တီးလိုက်ပြီး လီဖူချန်းကို ပစ်ပေါက်လိုက်ပါတယ်။
အဖြူရောင် ကျောက်လုံးကြီးက သွေးလုံးကြီးကို အလိုက်တသိပဲ လမ်းဖွင့်ပေး လိုက်ပါတယ်။ လီဖူချန်းအတွက်ကတော့ ရှောင်တိမ်းစရာ လမ်းမရှိတော့ပါဘူး။
ရှီဟွာဘုရင်မရဲ့ ကျောက်ဖြစ်ခြင်း စွမ်းရည်ဟာ အတော်လေး ထူးဆန်းလှတယ်လို့ ဆိုရမှာပါ။ အဲဒါက လီဖူချန်းရဲ့ နေဝန်းစိမ်း ဆန္ဒကို ချိပ်ပိတ်လိုက်ပြီး သူ့ရဲ့ ခံစစ်အပိုင်းကို ယုတ်လျော့စေပါတယ်။ ကံကောင်းတာ တစ်ခုကတော့ အဲဒါက လီဖူချန်းရဲ့ ချီအကာအကွယ်ပေါ်မှာပဲ သက်ရောက်မှု ရှိစေပြီး ခန္ဓာကိုယ် ကြံ့ခိုင်မာကျောမှု အပိုင်းကို သက်ရောက်မှု မရှိတာပါပဲ။
“အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုး”
ရှင်းတိကောဝမ်ကလည်း လီဖူချန်းအနားကို ခုန်ဝင်လာပြီး အနက်ရောင် မိုးကြိုးတွေနဲ့ ပစ်ခတ်လိုက်ပါတယ်။
ဘန်း ... ဘန်း ...
လီဖူချန်းဟာ အရှေ့ယူနီကွန်း တိုက်ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်သုံးယောက်ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပါဘူး။ သူဟာ သည်တစ်ခါမှာတော့ ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါပြီ။ သူ့ရဲ့ အသွေးအသားတွေဟာ ပေါက်ပြဲကုန်ပြီး ခန္ဓာကိုယ်ပေါ်မှာလည်း မီးလောင်ဒဏ်ရာတွေ အပြည့် ဖြစ်ကုန်ပါတယ်။
“သည်ကောင် ဒဏ်ရာ ရသွားပြီဟေ့”
သွေးနတ်ဆိုး ဘုရင်က အခုမှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ သူက လီဖူချန်း ဒဏ်ရာ မရမှာကို စိုးရိမ်နေခဲ့တာပါ။
“လီဖူချန်း ... သည်နေ့က မင်းရဲ့ သေနေ့ပဲ”
ရှင်းတိကောဝမ်က အေးစက်စက် ပြောလိုက်ပါတယ်။
“လီဖူချန်း ... အညံ့ခံစမ်း”
ရှီဟွာဘုရင်မကလည်း ဖိအား ပေးလိုက်ပါတယ်။
“ထွီ”
လီဖူချန်းက ပါးစပ်ထဲက သွေးစ အနည်းငယ်ကို ထွေးထုတ်လိုက်ပါတယ်။ သူ့ကို ကြည့်ရတာက အကြောက်တရားဆိုတာ ဘာမှန်း သိပုံ မရပါဘူး။ သူ့ရဲ့ မျက်နှာထက်မှာလည်း မထီတရီ အပြုံးက ရှိနေဆဲပါပဲ။ ဘာမထီ ယောက်ျားဆိုတာက လီဖူချန်းလို လူမျိုးကို ပြောတာပဲ ဖြစ်ရပါမယ်။
“မင်းတို့သုံးယောက်က ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေကြတာလား”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ မီးတောက်ပျံ ကိုးသွယ် အသွင်ပြောင်းခြင်းကို အသုံးပြုပြီး သွေးနတ်ဆိုး ဘုရင်ဆီကို ခုန်ဝင် သွားပါတော့တယ်။ သူ့ရဲ့ လက်ထဲက ဘုံခုနစ်ဆင့် ဓားကလည်း ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေကို ထုတ်လွှတ်ထားခဲ့ပါပြီ။
ရွှီး ... ရွှီး ... ရွှီး ...
ဓားအလင်းတန်းတွေက အရှိန်အဟုန် ပြင်းစွာနဲ့ သွေးနတ်ဆိုး ဘုရင်ဆီကို တိုးဝင်သွားပါတယ်။
သွေးနတ်ဆိုး ဘုရင်ရဲ့ အစွမ်းက အလွန်ဆုံးရှိမှ သာမန်အဆင့်၁၄ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်လောက်ပါပဲ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူ့ရဲ့ ရန်သူ သုံးယောက်ထဲမှာ သွေးနတ်ဆိုး ဘုရင်ဟာ အားအနည်းဆုံး ဖြစ်ပါတယ်။ အဲသည်အတွက် သူဟာ လီဖူချန်းရဲ့ ဓားချက်ကို ဘယ်လိုမှ တောင့်ခံနိုင်စရာ အကြောင်းမရှိပါဘူး။
စိတ်မကောင်းစရာကတော့ လီဖူချန်းရဲ့ တိုက်ခိုက်မှုဟာ ရှီဟွာဘုရင်မရဲ့ ကြားဖြတ် ဟန့်တားမှုကို ခံလိုက်ရတာပါပဲ။ ရှီဟွာဘုရင်မက နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ နံပါတ်တစ် ဦးစီးခေါင်းဆောင် နေရာကို အလကား ရလာတာ မဟုတ်ပါဘူး။ သူက နံပါတ်တစ် ဦးစီးခေါင်းဆောင် နေရာနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုးကို ပြသနိုင်ခဲ့လို့တာ သည်နေရာကို ရခဲ့တာပါ။
“ကျောက်ဖြစ်စမ်း”
ရှီဟွာဘုရင်မက အဖြူရောင် အလင်းတန်းတွေ ရစ်သိုင်းနေတဲ့ ဒိုင်းကာတစ်ခုကို ထုတ်ယူလိုက်ပြီး ကျောက်နံရံ တစ်ခုကို ဖန်တီးကာ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေကို ခံဆောင်လိုက်ပါတယ်။
သည်ကျောက်နံရံက ဓားအလင်းတန်းတွေကို အပြည့်အဝတော့ မခုခံနိုင်ပါဘူး။ ဒါပေမဲ့ အဲသည်အရာက ဓားအလင်းတန်း တော်တော်များများကို ချေဖျက်ပေးနိုင်ခဲ့ ပါတယ်။ ကျန်တဲ့ ဓားအလင်းတန်းတွေကိုတော့ ရှီဟွာဘုရင်မ အနေနဲ့ မူစရာ မလိုတော့ပါဘူး။
ဒါပေမဲ့ အဓိက ပြဿနာကတော့ လီဖူချန်းပါပဲ။ လီဖူချန်းက ဓားအလင်းတန်းတွေကို ဟန်ပြအဖြစ် ထုတ်လွှတ်လိုက်ပုံ ရပါတယ်။ ရှီဟွာဘုရင်မ ဓားအလင်းတန်းတွေကို ခုခံကာကွယ် နေစဉ်မှာပဲ လီဖူချန်းဟာ သွေးနတ်ဆိုး ဘုရင်ရဲ့ အနားကို ရောက်သွားခဲ့ပါပြီ။
“သေစမ်း”
လီဖူချန်းက သွေးနတ်ဆိုး ဘုရင်ကို ဓားနဲ့ အားရပါးရ ခုတ်ပိုင်းပစ် လိုက်ပါတယ်။
အစွမ်းထက် ရန်သူသုံးယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရရင်တော့ အားအနည်းဆုံး ရန်သူကို ရွေးပြီး အရင်သတ်ပစ် လိုက်တာက အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါကြောင့်လည်း လီဖူချန်းက သွေးနတ်ဆိုး ဘုရင်ကို အရင်သတ်ဖို့ စွန့်စားပြီး လုပ်ဆောင်လိုက်တာပါ။
ရှင်းတိကောဝမ်ကလည်း လူပါးလူနပ် တစ်ယောက် ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ အတွေးကို ခန့်မှန်းနိုင်ပါတယ်။ အဲသည်အတွက် သူက သွေးနတ်ဆိုး ဘုရင်ကို လုံးဝ အထိခိုက် မခံပါဘူး။
“နောက်ဆုတ်စမ်း”
ဂျိန်း ...
ရှင်းတိကောဝမ်က သူ့ရဲ့ မိုးကြိုးနတ်ဆိုး စွမ်းအား ကုန်ခန်းမယ့် အရေးကိုတောင် ဂရုမစိုက်တော့ဘဲ လီဖူချန်းကို အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးနဲ့ ပစ်လွှတ်လိုက်ပါတယ်။
ဘန်း ...
လီဖူချန်းကတော့ လွင့်ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုက ဘယ်လောက်မြန်တယ် ပြောပြော မိုးကြိုးသွားတွေလောက်တော့ မမြန်နိုင်ပါဘူး။ သူက မိုးကြိုးပစ်ခတ်မှုကြောင့် ကောင်းကင်ပေါ်ကနေ အရုပ်ကြိုးပြတ် ပြုတ်ကျသွားပြီး မြေကြီးထဲကို စိုက်ဝင်သွားခဲ့ပါတယ်။
“ဟား ... ဟား ... ဟား ... သေစမ်း”
သွေးနတ်ဆိုး ဘုရင်ကလည်း သွေးလုံးကြီးနဲ့ လီဖူချန်း ပြုတ်ကျသွားတဲ့ နေရာကို ပစ်ပေါက် လိုက်ပါသေးတယ်။
ဝုန်း ... ဝုန်း ... ဝုန်း ...
ပေါက်ကွဲသံတွေကတော့ နားကွဲလု မတတ်ပါပဲ။
“ခွေးမသားတွေ”
လီဖူချန်းက နှုတ်ခမ်းထောင့်ကနေ စီးကျနေတဲ့ သွေးတွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီး ကောင်းကင်ပေါ်ကို ပြန်ခုန်တက် လာခဲ့ပါတယ်။
သူ့ရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကတော့ ပိုဆိုးလာခဲ့ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးထဲမှာတော့ လက်လျှော့ အရှုံးပေးမယ့် အရိပ်အယောင် လုံးဝ ရှိမနေပါဘူး။
ရှင်းတိကောဝမ်က လီဖူချန်းရဲ့ အခြေအနေ မဟန်တော့ဘူး ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိပါတယ်။ အဲသည်အတွက်သူက လုံးဝ နောက်ဆံ တင်းမနေတော့ဘဲ ၁၂ ကြိမ်မြောက် အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးကို ထုတ်သုံးလိုက်ပါတယ်။
ရှင်းတိကောဝမ်က သူ့ရဲ့ မိုးကြိုးနတ်ဆိုး စွမ်းအားတွေ ကုန်ခန်းမှာကို လုံးဝ စိုးရိမ် မနေတော့ပါဘူး။ အခုအချိန်မှာ သူ့အတွက် အရေးအကြီးဆုံး ကတော့ လီဖူချန်း သေဖို့ပါပဲ။ လီဖူချန်း သေသွားမယ်ဆိုရင် အရာအားလုံးက ထိုက်တန်ပါတယ်။
ရှီဟွာဘုရင်မ ကလည်း သူ့ရဲ့ ကျောက်ဖြစ်ခြင်း စွမ်းရည်ကို အသုံးပြုပြီး လီဖူချန်းရဲ့ လှုပ်ရှား သွားလာမှုတွေကို ထိန်းချုပ်ထား လိုက်ပါပြီ။
“တကယ်လို့ သူမသေသေးရင်တောင်မှ သေလုမြောပါး ဖြစ်နေပြီကွ။ စိတ်မလျှော့လိုက်ကြနဲ့“
သွေးနတ်ဆိုး ဘုရင်ကလည်း သွေးမိုးကြိုးနဲ့ လီဖူချန်းကို ပစ်ခတ်လိုက်ပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ဒဏ်ရာ အကြီးအကျယ် ရနေခဲ့ပါပြီ။ သူက နေဝန်းစိမ်း ဓားဆန္ဒနဲ့ အထွတ်အမြတ် မဟူရာ နတ်ဆိုးမိုးကြိုးကို ခုခံ လိုက်ပေမဲ့လည်း အပြည့်အဝ မခုခံနိုင်ပါဘူး။ အဲဒါက သူ့ရဲ့ ဒဏ်ရာတွေကို ပိုဆိုးဝါး သွားစေပါတယ်။
အဲသည်ကြားထဲမှာမှ ရှီဟွာဘုရင်မရဲ့ အဖြူရောင် အလင်းတန်းတွေက သူ့ရဲ့ ဒဏ်ရာတွေထဲကနေ ခန္ဓာကိုယ်ထဲအထိ ထိုးဖောက် ဝင်ရောက်ပြီး အတွင်းပိုင်း အင်္ဂါတွေကို ကျောက်ဖြစ်အောင် လုပ်ဖို့ ကြိုးစား နေပါသေးတယ်။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူဟာ သေချာပေါက် ကျောက်ရုပ် ဖြစ်သွားတော့မှာပါ။
တကယ့် သေရေးရှင်ရေး အခိုက်အတန့်ကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ မီးလျှံ စွမ်းအားတွေကို ပြန်ထုတ်သုံး လိုက်ပါတယ်။ ပေါက်ကွဲအား ကောင်းကောင်းနဲ့ လောင်ကျွမ်းနေတဲ့ မီးလျှံတွေဟာ ကျောက်ဖြစ်ခြင်း ဖြစ်စဉ်ကို ဟန့်တားပေးလိုက်ပြီး ကျောက်ဖြစ်နေတဲ့ အပိုင်းအစတွေကိုပါ ပေါက်ကွဲ သွားစေပါတယ်။
အဲဒါက လီဖူချန်းရဲ့ ဒဏ်ရာတွေကို ပိုဆိုးဝါး သွားစေတယ် ဆိုပေမဲ့ ကျောက်ရုပ်ဖြစ်ပြီး ဇာတ်သိမ်း သွားတာထက် စာရင်တော့ တော်ပါသေးတယ်လို့ ဆိုရမှာပါပဲ။
ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ကုသရေး လက်စွပ်ကို အသက်သွင်း လိုက်ပြီး သူ့ရဲ့ ဒဏ်ရာတွေကို အလျင်အမြန် ကုသလိုက်ပါတယ်။
ကုသရေး လက်စွပ်ရဲ့ အစွမ်းကတော့ တကယ့် အံ့မခန်းပါပဲ။ သွေးနတ်ဆိုးဘုရင်ရဲ့ သွေးမိုးကြိုး ရောက်လာတဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ ဒဏ်ရာ အခြေအနေဟာ အတော်လေး သက်သာကောင်းမွန် လာခဲ့ပါပြီ။
“သွားစမ်း”
ဘန်း ...
လီဖူချန်းက သွေးမိုးကြိုးကို လက်သီး သက်သက်နဲ့ပဲ ထိုးခွဲပစ် လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့ ဓားကနေ မီးလျှံဓားချီတစ်ခု ထွက်လာပြီး သွေးနတ်ဆိုး ဘုရင်ကို ခုတ်ပိုင်းပစ် လိုက်ပါတယ်။
ရွှမ်း ...
“အား”
အသံနက်ကြီး တစ်ခု ထွက်လာအပြီးမှာတော့ သွေးနတ်ဆိုး ဘုရင်ရဲ့ ခန္ဓာကိုယ်ဟာ ကြောက်စရာကောင်းတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မီးလောင်ပြင် တစ်ခုထဲကို ရောက်သွားတဲ့ အလား လောင်ကျွမ်းနေပြီး မီးခိုးတွေ တစ်လူလူ ထွက်နေပါတယ်။
“ဘာ ... ဘာလဲ။ သူ့ရဲ့ ဒဏ်ရာတွေက ပြန်ကောင်းကုန်တာလား”
ရှီဟွာဘုရင်မက သူ့ရဲ့မျက်လုံးကိုတောင် သူမယုံနိုင်တော့ပါဘူး။ သူ့ရဲ့ စိတ်ထဲမှာလည်း မေးခွန်းတစ်ခု ပေါ်ပေါက် လာခဲ့ပါတယ်။
ရှင်းတိကောဝမ်လို လူမျိုးတောင်မှ သည်လိုဒဏ်ရာမျိုး ရသွားခဲ့ရင် အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူပြီးမှသာ သက်သာ ပျောက်ကင်းနိုင်မှာပါ။ လီဖူချန်းက ဘယ်လိုလုပ်ပြီး ပြန်ကောင်းလာတာပါလိမ့်။
ရှင်းတိကောဝမ်ရဲ့ မျက်နှာကလည်း ရှုံ့တွ နေခဲ့ပါပြီ။
လီဖူချန်းက များပြားလှတဲ့ ဝှက်ဖဲတွေကို လက်မှာ ကိုင်ထားပါတယ်။ သည်လိုမျိုး ဝှက်ဖဲတွေ ဆိုတာက လီဖူချန်းလို လူငယ်တစ်ယောက်မှာ ရှိနေရမယ့်အရာ မဟုတ်ပါဘူး။
လီဖူချန်းကို ကြည့်ရတာက လူငယ်တစ်ယောက် ဆိုတာထက် နှစ်သန်းပေါင်းများစွာ ရှင်သန်လာတဲ့ မိစ္ဆာ နတ်ဆိုးအိုကြီး တစ်ယောက်နဲ့တောင် ပိုဆင်တူ နေပါသေးတယ်။ နောက်ဆုံးသော အချိန်တစ်ခုကို မရောက်မချင်းတော့ လီဖူချန်းဆီမှာ ဝှက်ဖဲတွေ ဘယ်လောက်များများ ကျန်နေဦးမယ် ဆိုတာ မသိနိုင်ပါဘူး။
လီဖူချန်း တစ်ယောက် ရန်သူသုံးယောက်နဲ့ အကြိတ်အနယ် တိုက်ခိုက်နေသလို အခြား တစ်ဖက်မှာလည်း ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ ရန်သူတွေနဲ့ အသည်းအသန် တိုက်ခိုက် နေကြပါတယ်။
သူတို့ရဲ့ ရန်သူတွေကတော့ မိစ္ဆာတာအို အင်အားစုတွေနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေတို့ပါပဲ။
“နင့်မေ့ကလွှား ... ငါလခွီးတဲ့မှပဲ။ သည်ကောင်တွေ ဘယ်ကနေပြီး သည်လောက်များတဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေ ရလာတာလဲ”
သွေးဘိုးဘိုးကြီးက ကျယ်လောင်စွာ ဆဲဆိုလိုက်ပါတယ်။
သွေးဘိုးဘိုးကြီး ကတော့ ဝေယံတိမ်တိုက် ဓားဂိုဏ်းက အထွတ်ခေါင်ချုပ် အကြီးအကဲ ဟွကျန်းချီနဲ့ ထိပ်တိုက်ရင်ဆိုင် နေရတာပါ။
အရင်တုန်းကဆိုရင် ဟွကျန်းချီဟာ သွေးဘိုးဘိုးကြီးကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့ ဟွကျန်းချီဟာ ဘယ်ကနေ ဘယ်လို ရလာမှန်းမသိတဲ့ မြေကမ္ဘာအဆင့်နိမ့် ဓား၊ မြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာတို့ အားကိုးနဲ့ သူ့ကို လက်ရည်တူ ယှဉ်တိုက်နေပါတယ်။
ပြီးတော့ သူ့ရဲ့ သွေးအလောင်းကောင်တွေ ကလည်း ဟွကျန်းချီကို ဘာမှ မလုပ်နိုင်ပါဘူး။ တစ်ချက် တစ်ချက်မှာဆိုရင် ဟွကျန်းချီရဲ့ ဓားက သူ့ရဲ့သေကွင်း သေကွက်တွေထဲကို တိုးဝင်လာနေ ပါသေးတယ်။ များပြားလှတဲ့ သွေးအလောင်းတွေရဲ့ အကာအကွယ် ပေးမှုကို မရခဲ့လို့ကတော့ သူဟာ အစောကြီးကတည်းက သေနေလောက်ပါပြီ။
( TL Note - လီဖူချန်းရဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်းနဲ့ အထက်ကောင်းကင်ဘုံ ဓားဂိုဏ်းက နာမည်တွေ ဆင်တူနေတဲ့ အတွက် အထက် ကောင်းကင်ဘုံ ဓားဂိုဏ်းကို နောက်ပိုင်းမှာ ဝေယံတိမ်တိုက် ဓားဂိုဏ်းလို့ သုံးနှုန်းသွားပါမယ်။ )
ယင်ဘိုးဘိုးကြီးရဲ့ အခြေအနေကလည်း သွေးဘိုးဘိုးကြီးနဲ့ သိပ်မကွာလှပါဘူး။ သူ့ရဲ့ အစွမ်းက သွေးဘိုးဘိုးကြီးထက် ပိုကောင်းတယ် ဆိုပေမဲ့ တစ်ဖက်ရန်သူရဲ့ အစွမ်းကလည်း ဟွကျန်းချီထက် ပိုကောင်းနေပါတယ်။
ယင်ဘိုးဘိုးကြီးရဲ့ ရန်သူကတော့ မြေကမ္ဘာအဆင့် လက်နက် ပစ္စည်းတွေကို အပြည့်အစုံ ဝတ်ဆင်ထားတဲ့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ မူဟန်ရှင်းပါပဲ။
မြေကမ္ဘာအဆင့်နိမ့် လက်အိတ်တွေကို ဝတ်ဆင်ထားတဲ့ မူဟန်ရှင်းရဲ့ မဟူရာရေခဲ လက်ဝါးနဲ့ အတွေ့မှာတော့ ယင်ဘိုးဘိုးကြီးဟာ တစ်ဖက်သတ် အရိုက်ခံနေရုံက လွဲပြီး ဘာမှ မတတ်စွမ်း နိုင်တော့ပါဘူး။
မိစ္ဆာတာအို အင်အားစုတွေဘက် လူတွေ စိတ်ဓာတ် ကျနေသလို နတ်ဆိုးဆယ်ပါး နယ်မြေဘက်က မိစ္ဆာတွေကလည်း စိတ်ဓာတ်ကျနေ ခဲ့ပါပြီ။
သူ့ရဲ့ မျိုးဆက်အတွက် လက်တုံ့ပြန်ဖို့ စဉ်းစားထားတဲ့ ရှန်းဟွတောင် ဆင်ဘုရင်ဟာ တိုက်ပွဲစတာနဲ့ တစ်ပြိုင်နက် နတ်စမ်းရေ တောင်ကြားရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲ ဖြစ်တဲ့ စုယွန်ဟီဆီကို ပြေးဝင် တိုက်ခိုက်ပါတယ်။
ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ သူဟာ စုယွန်ဟီရဲ့ ကျာပွတ် ရိုက်ချက်ကို ကောင်းကောင်းကြီး စားလိုက်ရတာပါပဲ။
အချက်အလက် ကျကျ ပြောရမယ်ဆိုရင် သူဟာ မွေးရာပါစွမ်းရည် နှစ်မျိုးကို နိုးထခဲ့ပြီးပါပြီ။ အဲဒါက သူ့ရဲ့ ခွန်အားကို တိုးမြှင့်ပေးပါတယ်။ အဲသည်အတွက် စုယွန်ဟီဟာ သူ့ကို ဘယ်လိုမှကို ယှဉ်နိုင်စရာ အကြောင်းမရှိတာပါ။
ဒါပေမဲ့လည်း စုယွန်ဟီဟာ ဘယ်ကနေ ဘယ်လိုလုပ်ပြီး မြေကမ္ဘာအဆင့်နိမ့် ကျာပွတ်တစ်ချောင်းနဲ့ မြေကမ္ဘာ အဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ခုကို ရလာတယ် မသိပါဘူး။
စုယွန်ဟီက ကျာပွတ်ရိုက်ချက် တစ်ချက်နဲ့ပဲ သူ့ရဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ကို ပျက်စီးလုနီးပါး ဖြစ်အောင် လုပ်ခဲ့ပါတယ်။ အဲသည်ထက် ပိုဆိုးတာက စုယွန်ဟီရဲ့ ကျာပွတ်သိုင်းဟာ တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ အဆင့်ကို ရောက်နေတာပါပဲ။
မိစ္ဆာအင်းကွက်ကျား၊ စွမ်းအား နတ်ဆိုးဘုရင်၊ ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ မြေကြွက်ဘုရင်၊ တောင်ပံ နတ်ဆိုးဘုရင်၊ မီးခိုးရောင် နတ်ဆိုးဘုရင်နဲ့ အစိမ်းရောင် နတ်ဆိုး ဘုရင်တို့ရဲ့ အခြေအနေကလည်း မဟန်လှပါဘူး။ သူတို့အားလုံးဟာ အတော်လေး စိတ်ဓာတ် ကျနေကြပါပြီ။
သူတို့ရဲ့ ပြိုင်ဘက်တွေ အားလုံးဟာ မြေကမ္ဘာ အဆင့်နိမ့် လက်နက်ပစ္စည်းတွေကို ကိုယ်စီကိုယ်င ပိုင်ဆိုင် ထားကြပါတယ်။ အဲသည်လို လူတွေနဲ့ တိုက်ခိုက်ရတာက တကယ်ကို စိတ်ပျက်စရာပါပဲ။
“မင်းတို့က ငါတို့ကို အရင်လို ထင်နေတာလား”
မူဟန်ရှင်းက တိုက်ပွဲအခြေအနေကို တစ်ချက် အကဲခတ်လိုက်ပြီး နှာခေါင်းရှုံ့ လိုက်ပါတယ်။
လက်ရှိ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ အရင်တုန်းကလို မဟုတ်တော့ပါဘူး။
ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ အရင်ကတည်းက ပြန်လည် ဝင်စားခြင်းနယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အခုဆိုရင် သူတို့မှာ မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေ၊ ချပ်ဝတ် တန်ဆာတွေလည်း ရှိနေပါပြီ။ အဲသည်အတွက် သူတို့ရဲ့ တစ်ဦးချင်း ပျမ်းမျှ အရည်အချင်းဟာ မိစ္ဆာတာအို အင်အားစုနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေထက် သာလွန်သွားပါတယ်။ တကယ်လို့ မိစ္ဆာတာအို အင်အားစုနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေတို့ ပူးပေါင်းပြီး တိုက်ခိုက် လာရင်တောင်မှ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။
ဟုတ်ပါတယ်။ ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာ ကတော့ လီဖူချန်းပါပဲ။ လီဖူချန်းက အခုလို ထူးဆန်း အံ့သြဖွယ်ရာ ကောင်းတာတွေကို မဟာမိတ် အဖွဲ့ဆီ ဆောင်ကြဉ်းပေးလာ ခဲ့တာပါ။
အရိုးသားဆုံး ဝန်ခံရမယ် ဆိုရင်တော့ မူဟန်ရှင်း ကိုယ်တိုင်ကလည်း လီဖူချန်းတစ်ယောက် သည်လောက် များပြားလှတဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေကို ဘယ်ကနေ ရလာတယ် ဆိုတာကို သိချင်တာပါပဲ။
ဒါပေမဲ့လည်း အဲဒါက လီဖူချန်းရဲ့ လျှို့ဝှက်ချက် ဖြစ်နေပါတယ်။ အဲသည်အတွက် သူသေရမယ် ဆိုရင်တောင်မှ မူဟန်ရှင်းက သူ့ရဲ့ သိချင်စိတ်ကို ဖိနှိပ်ထားမှာ ဖြစ်ပြီး လုံးဝမေးမှာ မဟုတ်ပါဘူး။
လီဖူချန်းကတော့ အကြိတ်အနယ် တိုက်ပွဲကြီးကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတစ်ရာ စစ်မြေပြင်ကို မလာခင်ကတည်းက လီဖူချန်းဟာ ဖြစ်နိုင်သမျှ အရာအားလုံးကို ဘက်ပေါင်းစုံကနေ ထောင်စေ့အောင် တွက်ချက်ပြီးခဲ့ပါပြီ။ ဒါကြောင့်လည်း သူက ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေ ထုတ်ပေးလိုက်တာပါ။
သူ့ရဲ့ လုပ်ဆောင်မှုက မှန်ကန်ခဲ့တယ် ဆိုတာကိုတော့ အချိန်က သက်သေပြလာ ခဲ့ပါတယ်။
“အင်း ... ကြည့်ရတာ ငါ့အတွက်ပဲငါ စိတ်ပူရတော့မယ် ထင်ပါရဲ့”
ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က မိစ္ဆာတာအို အင်အားစုနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ထားတာကို တွေ့ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အဲသည်ဘက်ကို စိုးရိမ် မနေတော့ပါဘူး။
ရှင်းတိကောဝမ်၊ ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်တို့ကလည်း တိုက်ပွဲအခြေအနေကို ကောင်းကောင်းကြီး မြင်နေရတာပါပဲ။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က မိစ္ဆာတာအို အင်အားစုနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေကို ဖိနှိပ်နေတာကို တွေ့လိုက်တဲ့ အချိန်မှာတော့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းကိုယ်စီ ချလိုက်ကြပါတယ်။
အခြေအနေတွေ ကတော့ သူတို့တွေးထင်ထားတာနဲ့ တလွဲစီ ဖြစ်လာခဲ့ပါပြီ။
ဒါက သူတို့ မျှော်လင့်ထားတဲ့ အရာ မဟုတ်ပါဘူး။ အရှေ့ယူနီကွန်းတိုက်ရဲ့ ချိန်ခွင်လျှာဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဘက်ကို အခုလို အလေးသာ သွားလိမ့်မယ်လို့ သူတို့အနေနဲ့ လုံးဝကို မထင်မှတ်ထားခဲ့တာ အမှန်ပါပဲ။
တကယ်လို့ သူတို့အထင်သာ မမှားဘူး ဆိုရင်တော့ ဒါတွေအားလုံးဟာ လီဖူချန်းကနေ မြစ်ဖျားခံလာတာပဲ ဖြစ်ရပါမယ်။
“သူ့ကို ဆက်ပြီး အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူး”
သူတို့ သုံးယောက်စလုံးရဲ့ အတွေးထဲမှာ တူညီတဲ့ အဖြေတစ်ခု ထွက်လာခဲ့ပါတယ်။
***