အကျိုးကျေးဇူးခံစားရမှာ ငါတို့ပဲ
Vol. 17 Ch. 334
ဆယ်လင်းသည် ပေထင်းဟွမ်၏မျက်နှာပေါ်မှ ယုံကြည်မှုရှိသည့် အကြည့်ကိုမြင်သောအခါ သူမ အစိုးရိမ်လွန်သွားသည်ကို သိလိုက်ရသည်။ သူမ သည် အလျင်အမြန်ပင် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ကဲ့ပါ တပ်မှူး”
“အခုလေးတင်ပဲ နွယ်ပင်လေးရဲ့ သတင်းရတယ်.. အဲဒီမီးတောက် အတောင်ပံခြင်္သေ့ဘုရင်က ကြယ် ၉ ပွင့်နတ်သားရဲပဲ.. ပြီးတော့ စီရင်ချက် ဗိမာန်က ကောင်းကင်အဆင့်ဝိညာဉ်သခင်လေးယောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရထားတယ်.. အခုသွားလိုက်ရင် စီရင်ချက်ဗိမာန်နဲ့ ပူးပေါင်းပြီး ကြယ် ၉ ပွင့်နတ်သားရဲကို ရှင်းလို့ရမယ်.. ဒါပေမဲ့ အဲဒါပြီးသွားတာနဲ့ စီရင်ချက်ဗိမာန်နဲ့တိုက်ခိုက်ရရင် နှစ်ဖက်လုံးက ဆုံးရှုံးမှုကြီးလိမ့်မယ်.. မဟုတ် ရင်လည်း ဒီအတိုင်းဝင်သွားလိုက်ရင် စီရင်ချက်ဗိမာန်နဲ့အရင်တိုက်ခိုက်ပြီး ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို လက်လွတ်ခံရလိမ့်မယ် နှစ်ခုလုံးကတော့ ဉာဏ်မရှိတာပဲ”
ပေထင်းဟွမ် စကားဆုံးသည်နှင့် သူမ၏ဖန်လုံးနှင့်တူသော မျက်လုံးများ သည် သံမဏိသွေးကြေးစားအဖွဲ့တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ အားလုံး ရှုပ်ထွေးသွားသည်ကိုမြင်သောအခါ သူမ ဖြည်းညင်းစွာပင် ပြောလိုက်သည် “ဒါပေမဲ့ နတ်သားရဲတစ်ကောင်ကို ငါတို့မွန်မြတ်တဲ့သားရဲတွေကို ဦးဆောင်ပြီး ဝင်သွားခိုင်းလိုက်ရင် သူတို့ရဲ့မတူတဲ့မျိုးနွယ်စုတွေကို ရှင်းတဲ့နေရာမှာ အသုံးချ လို့ရမယ်.. ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင်ကလည်း အားနည်း နေပြီးသားဆိုတော့ နိုးနိုးကြားကြားရှိမှာမဟုတ်ဘူး.. သူတို့တွေက ကြယ်ဝိညာဉ်သခင်လေးယောက်ကို တစ်ခါတည်းသတ်ပစ်နိုင်လောက်တယ် အဲအချိန်ကျရင် အကျိုးအမြတ်ရမှာက ငါတို့ပဲလေ”
အသိတရားများ ထွန်းလင်းလာသည်။
သံမဏိသွေးကြေးစားအဖွဲ့မှလူများသည် ပေထင်းဟွမ်အား တလေးတစား ကြည့်ကြလေသည်။ အားကောင်းသောခေါင်းဆောင်သည် အဖွဲ့ မှလူများကို လုံခြုံစေပြီး ဉာဏ်ရှိသောခေါင်းဆောင်သည် အဖွဲ့ဝင်များကို ဂုဏ်ရှိ စေသည်။
တုန်ဖန်းကျောက်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီကောင်က မိသားစုကြီးလေးခုကို ဇာတ်ကွက်ဆင်ပြီး အခု ကြယ် ၉ ပွင့်နတ်သားရဲကို ဇာတ်လမ်းဆင်နေပြန်ပြီ။ ပေထင်းဟွမ်ရဲ့ အသည်းလောက် ဘယ်သူ့အသည်း က မည်းတော့မှာလဲ။
တိုက်ပွဲကို အမိန့်ပေးရလွယ်ကူစေရန် ပေထင်းဟွမ်သည် သူမ၏ နတ်သားရဲစာချုပ်ဖြစ်သည့် မိုးကြိုးသွားကို ဦးဆောင်ခိုင်းကာ မွန်မြတ်သော သားရဲ အကောင် ၁၀၀ နီးပါးအား ခြင်္သေ့ဘုရင်တောင်တန်းဆီသို့ ခမ်းနားစွာ ပျံသွားခိုင်းလိုက်သည်။ တခြားသူများမှာ ခရမ်းရောင်မီးတောက်တောင်ပံ ခြင်္သေ့ဂူ၏ဝင်ပေါက်တွင် ပုန်းစရာနေရာရှာကာ ပုန်းကြသည်။ သူတို့သည် ဆယ်လင်းနှင့်တခြားစာချုပ်နတ်သားရဲများ၏ ရောင်ဝါကိုပါ အတတ်နိုင်ဆုံး ဖုံးထားရန် ပြောထားသည်။
ပေထင်းဟွမ် အခြေအနေကိုကြည့်ရန် ခြင်္သေ့ဘုရင်တောင်တန်းသို့ ခိုးဝင်ချိန်တွင် ကောင်းကင်အဆင့်ပညာရှင် ချူဖုန်းနှင့် ဝမ်ဝေ့တို့နှစ်ယောက် သည် အဖွဲ့အားကာကွယ်ရန် နေခဲ့ကြသည်။ တုန်ဖန်းကျောက်သည် သူမ နောက်လိုက်ရန် ခေါင်းမာနေသဖြင့် ပေထင်းဟွမ်လည်း ရွေးချယ်စရာမရှိတော့ ဘဲ ‘ဝန်ထုပ်ဝန်ပိုး’ ကြီးကို ခေါ်ခဲ့ရလေတော့သည်။
ကံကောင်းစွာပင် ထိုလူသည် အားကောင်းသည့် ဝန်ထုပ်ဝန်ပိုးဖြစ်နေ၏။
ခြင်္သေ့ဘုရင်၏တောင်တန်းကို တောင်များမှ သုံးဖက်သုံးလံဝန်းရံထား သည်။ သံမဏိသွေးကြေးစားအဖွဲ့ ရပ်လိုက်သောနေရာမှ ဝင်လျှင် ကန်သို့ ရောက်ရန် တောင်လမ်း ၇ မိုင်ခန့်ဝေးသေးသည်။ ကြီးမားသောကန်သည် မှန် နှင့်တူသည်။ ကန်ဘေးမှ ရှေးဟောင်းသစ်ပင်များသည် မိုးပေါ်ထိထိုးတက်နေ ကာ မြေပေါ်မှ မြက်ပင်များသည် စိမ်းလန်းနေသည်။ တခြားရှုထောင့်မှကြည့် လျှင် မှော်သားရဲနှင့်လူသားတို့ကြားတွင် ကွာခြားမှုများများစားစားမရှိပေ။ မှော်သားရဲများအဆင့်မြင့်လေလေ သာမန်လူများနှင့်ယှဉ်နိုင်လောက်သည် အထိ ဉာဏ်ရည်မြင့်လေဖြစ်သည်။
သူတို့သည် ပတ်ဝန်းကျင်ကိုလည်း အလွန်ရွေးသည်။
တောင်ပေါ်တွင် ဝိညာဉ်စွမ်းအင်များ ပေါများပြီး ကန်မျက်နှာပြင်တွင် ပါးလွှာသော မြူခိုးအလွှာများ ဖုံးအုပ်ထားသည်။ နေရောင်သည် အထက်မှ ဆွဲဆောင်မှုရှိသောအရောင်များဖြင့် ကျလာသည်။ ဤအခိုက်အတန့်တွင် သတ်ဖြတ်နေသည့်အသံများသည် မြူခိုးများကို ကျော်ဖြတ်လာသည်။
သူတို့နှစ်ယောက်သည် စစ်မြေပြင်၏အနောက်ဘက်ရှိ နှစ်တစ်ထောင် ရှေးသစ်ပင်ကြီးကို တွေ့သည်နှင့် ရပ်လိုက်ကြသည်။ ထူထဲသောသစ်ပင်သရဖူ သည် သူတို့၏ပုံရိပ်ကို လုံးဝဖုံးအုပ်ထားသည်။ သူတို့သည် သစ်ရွက်များ အကြားမှသာ မြင်ရလေသည်။ မီးတောက်လှိုင်းများသည် စစ်မြေပြင်ကို အလင်းပေးနေသည်။ ကြယ်ဝိညာဉ်သိုင်းပညာများသည် အားကောင်းသော စွမ်းအင်ပါဝင်ကာ နတ်သားရဲများ၏ ဝမ်းတွင်းပါပညာနှင့် ထိပ်တိုက်တွေ့ကြ လေသည်။ ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့၏ ဂူအဝင်ပေါက်တွင် ကြီးမားသောနေရာလွတ်ကြီးတစ်ခု ပေါက်နေလေပြီ။ ၎င်းကို များပြားလှသည့် မွန်မြတ်သောသားရဲများ၏ အလောင်းများ ခြေလက်အပြတ်များနှင့် အကြွင်း အကျန်များဖြင့် ဖုံးအုပ်ထား၏။ သွေးသည် မြစ်တစ်စင်းသဖွယ် စီးဆင်းနေ သည်။ ကြေကွဲဖွယ်မြင်ကွင်းပင်။
ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့သည် အမှန်တကယ်ပင် အားကောင်းသည့် မှော်သားရဲဖြစ်သည်။ တောင်ကဲ့သို့ခန္ဓာကိုယ်ကြီးသည် ဂူ အဝင်ပေါက်ကို ပိတ်ထားသည်။ ၎င်း၏ခန္ဓာကိုယ်ကို တောက်ပသောခရမ်း ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ ထူထဲသောခြေလက်များတွင် အလင်း ဖြင့်တောက်ပနေသော ခြေသည်းများရှိသည်။ ၎င်းတို့သည် ကွေးကောက်ကာ ချွန်ထက်နေသလို ကြီးမားသောခြင်္သေ့ခေါင်းသည် ရက်စက်လှသည်။ ၎င်း၏ မျက်လုံးများသည် မီးတောက်များဖြင့် တလက်လက်တောက်နေကာ လည်ဂုတ် မှလည်ဆံများသည် ထက်သောဓား၊ သံချွန်များကဲ့သို့ ထောင်နေသည်။ ၎င်း၏ အသံသည် မိုးကြိုးသဖွယ်ကျယ်လောင်သည် “သေစမ်း လူသားတွေ ငါ့ကို ဘယ်လိုတောင် ပြစ်မှားရဲရတာလဲ ပြန်လမ်းမရှိအောင်လုပ်ပေးလိုက်မယ်”