နဂါးလောင်မီးဗုံး
Vol. 33 Ch. 443
လီဖူချန်းကို အသက်ဆက်ရှင်ခွင့် ပေးလို့ လုံးဝမရမှန်း သေချာသွားတဲ့ နောက်မှာတော့ ရှင်းတိကောဝမ်၊ ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်တို့ဟာ တိုက်ခိုက်မှု အပိုင်းကို ပိုပြီး အားထည့် လာကြပါတယ်။ အခုအချိန်မှာ အရေး အကြီးဆုံးကတော့ လီဖူချန်း သေဖို့ပါပဲ။ လီဖူချန်း သေပြီဆိုတာနဲ့ ကျန်တဲ့အရာတွေအားလုံး ကိစ္စပြတ်ပါပြီ။
၁၃ ကြိမ် ... ၁၄ကြိမ် ... ၁၅ကြိမ် ...
ရှင်းတိကောဝမ်တောင်မှ သူကိုယ်တိုင် သတိမထားမိဘဲ အထွတ်အထိပ် မဟူရာ နတ်ဆိုးမိုးကြိုးကို ၁၅ကြိမ်အထိ အသုံးပြုပြီး သွားခဲ့ပါပြီ။ သူ့ကိုယ်ထဲမှာ ရှိနေတဲ့ မိုးကြိုးနတ်ဆိုး စွမ်းအားတွေကလည်း ကုန်ခန်းလု နီးပါးပါပဲ။
အဲသည်အတွက် ရှင်းတိကောဝမ်က ကျန်ရှိနေသေးတဲ့ သူ့ရဲ့ မိုးကြိုးနတ်ဆိုး စွမ်းအားတွေကို ထုတ်မသုံးချင်တော့ပါဘူး။ သူ့အနေနဲ့ သက်စောင့် စွမ်းအားအဖြစ် ချန်ထားရပါဦးမယ်။ တကယ်လို့သာ မိုးကြိုးနတ်ဆိုး စွမ်းအားတွေ အကုန်အစင် ကုန်ခန်းသွားခဲ့မယ် ဆိုရင် သူဟာ အစကနေ ပြန်စရတော့မှာ ဖြစ်ပြီး အဲဒါက နဂိုမူလတုန်းကထက် ဆယ်ဆ ပိုခက်သွားပါလိမ့်မယ်။
ပြီးတော့ သူ့အနေနဲ့ မိုးကြိုးနတ်ဆိုး စွမ်းအားတွေကို အကုန်အစင် ထုတ်သုံးပစ်လိုက်မယ် ဆိုရင်တောင်မှ လီဖူချန်းကို သတ်နိုင်မလားဆိုတာ မသေချာပါဘူး။ လီဖူချန်းမှာက ထူးဆန်းတဲ့ ကုသရေး ပစ္စည်းတစ်ခု ရှိနေပါသေးတယ်။
ရှင်းတိကောဝမ်က အထွတ်အထိပ် မဟူရာ နတ်ဆိုးမိုးကြိုးကို ထုတ်မသုံးတော့မှန်း ရိပ်မိသွားတဲ့ လီဖူချန်းကတော့ သွေးနတ်ဆိုး ဘုရင်ဆီကို နောက်ထပ်တစ်ကြိမ် ခုန်ဝင်သွားခဲ့ ပြန်ပါပြီ။
သည်သုံးယောက် ထဲမှာဆိုရင် သွေးနတ်ဆိုးဘုရင်က အလွယ်ကူဆုံး ပစ်မှတ်ပင် မဟုတ်ပါလား။
သူ့ရဲ့ မသိစိတ်က လီဖူချန်းနဲ့ အနီးကပ် မတိုက်ဖို့ သတိပေးနေတဲ့ အတွက် သွေးနတ်ဆိုးဘုရင်ဟာ အနောက်ကို တရစပ် ဆုတ်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းက သွေးနတ်ဆိုး ဘုရင်ကို လုံးဝ အလွတ်မပေးပါဘူး။ သူက သွေးနတ်ဆိုး ဘုရင်နောက်ကို ထက်ကြပ်မကွာ လိုက်သွားပြီး နေဝန်းစိမ်း ဓားဆန္ဒနဲ့ တိုက်ခိုက်လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေဟာ သွေးနတ်ဆိုး ဘုရင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများကို ထိုးဖောက်သွားခဲ့ပါပြီ။ အဲသည်အတွက် သွေးနတ်ဆိုး ဘုရင်ဟာ ထွက်ပြေးချင် ရင်တောင်မှ ပြေးလို့ရတော့မှာ မဟုတ်ပါဘူး။
“ကောင်းကင်ပေါ်က နတ်ဆိုးနေမင်း”
အထွတ်အထိပ် မဟူရာ နတ်ဆိုးမိုးကြိုးကို အသုံးမပြုတော့ဘူး ဆိုပေမဲ့လည်း ရှင်းတိကောဝမ်ဟာ ရှင်းတိကောဝမ် ဖြစ်နေဆဲပါပဲ။ သူ့ရဲ့ အစွမ်းဟာ လီဖူချန်းထက် နိမ့်ကျ မနေပါဘူး။
အနက်ရောင် တိမ်တိုက် တစ်ခုနဲ့အတူ လီဖူချန်းရှေ့ ပေါ်လာတဲ့ ရှင်းတိကောဝမ်ဟာ အနက်ရောင် နေတစ်စင်းကိုလည်း ခေါ်ဆောင် လာခဲ့ပါသေးတယ်။
“ကျုပ်က ခင်ဗျားကို စောင့်နေတာ”
လီဖူချန်းရဲ့ ပုံရိပ်ကတော့ လေဟာနယ်ထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ကြည့်ရတာတော့ သူက မီးတောက်ပျံကိုးသွယ် အသွင်ပြောင်းခြင်းကို အသုံးပြု သွားခဲ့ပုံပါပဲ။
ရှင်းတိကောဝမ်က တစ်ခုခု မှားနေပြီ ဆိုတာကို ရိပ်မိလိုက်တဲ့ အတွက် နောက်ဆုတ်ဖို့ကို အလျင်အမြန် ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ လှုပ်ရှားမှုတွေက လုံလောက်မှု မရှိခဲ့ပါဘူး။
“ရှင်းတိကောဝမ် ... ကျုပ်မှာ ခင်ဗျားအတွက် လက်ဆောင်တစ်ခု ပါလာတယ်”
စကားသံနဲ့အတူ လီဖူချန်းဟာ ရှင်းတိကောဝမ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ပေါ်လာခဲ့ပြီး အနီရောင် သတ္တုဗုံး တစ်လုံးနဲ့ ရှင်းတိကောဝမ်ကို ပစ်ထည့်လိုက်ပါတယ်။
ရှင်းတိကောဝမ်က နောက်ဆုတ်ဖို့ ပြင်နေတဲ့ အချိန်မှာတော့ သတ္တုဗုံးဟာ သူနဲ့ ပေသုံးဆယ် အကွာကိုတောင် ရောက်ရှိနေခဲ့ပါပြီ။
ရှင်းတိကောဝမ်က အရူးမဟုတ်ပါဘူး။ သူက သည်သတ္တုဗုံးဟာ သူ့ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ် ဆိုတာကို ရိပ်မိပါတယ်။ အဲသည်အတွက် သူက အရိပ် ဝတ်ရုံကို တစ်ချက်ခါလိုက်ပြီး အဝေးကြီးကို နေရာရွှေ့ပြောင်း လိုက်ပါတယ်။
ဝုန်း ...
သတ္တုဗုံးက ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုနှုန်းနဲ့ ပေါက်ကွဲထွက်သွား ခဲ့ပါပြီ။ အဲဒါက ရှင်းတိကောဝမ်ရဲ့ အထွတ်အထိပ် မဟူရာ နတ်ဆိုးမိုးကြိုး ထက်တောင်မှ ပိုကြောက်စရာ ကောင်းပါသေးတယ်။ ကြောက်စရာကောင်းတဲ့ မီးလုံးကြီး တစ်လုံးဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာပြီး မီးနဂါးတစ်ကောင် အသွင်ပြောင်းကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖျက်ဆီးပစ် လိုက်ပါတယ်။
အား ...
ရှင်းတိကောဝမ်ကတော့ အသက်ရှူချိန်တောင် မရလိုက်ပဲ ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါပြီ။ သူ့ရဲ့ အသွေးအသားတွေဟာ ပေါက်ကွဲ ထွက်ကုန်သလို ခန္ဓာကိုယ်ပေါ်မှာလည်း မီးတွေ တောက်လောင် နေပါသေးတယ်။
ရှင်းတိကောဝမ်က မိုးကြိုးနတ်ဆိုး စွမ်းအားတွေကို ထုတ်ပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကြိုးစားလိုက်သေး ပေမဲ့လည်း သူ့ရဲ့ လုပ်ဆောင်မှုဟာ မဆိုစလောက်လေး နောက်ကျသွားခဲ့ပါတယ်။
“ဒါ ... အဲဒါက ဘာကြီးလဲ”
ဖျက်ဆီးအား ကောင်းလှတဲ့ သတ္တုဗုံးကြောင့် ရှင်းတိကောဝမ်ဟာ အနည်းငယ် ကြောင်အသွားပြီး မိန်းမော သွားပုံပါပဲ။
သည်သတ္တုဗုံးက ထွက်လာတဲ့ ဖျက်ဆီးအားဟာ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ စစ်သင်္ဘောက စေတီဝင်္ကပါထက် လုံးဝ အားနည်းမနေပါဘူး။
ရှင်းတိကောဝမ် လိုပဲ ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်တို့ကလည်း ကြောင်အသွားတာပါပဲ။
သည်သတ္တုဗုံးရဲ့ ဖျက်ဆီးနိုင်စွမ်းက ကြောက်စရာ ကောင်းလှပြီး ရှင်းတိကောဝမ်ကိုတောင်မှ ဒဏ်ရာ ရသွားစေပါတယ်။ တကယ်လို့သာ သတ္တုဗုံးက သူတို့နှစ်ယောက် အနားမှာ ပေါက်ကွဲသွားလို့ကတော့ လုံးဝ မတွေးဝံ့စရာပါပဲ။ ရှီဟွာဘုရင်မ အနေနဲ့ အသက်ရှင်ကျန်ကောင်း ရှင်ကျန်နိုင်ပေမဲ့ သွေးနတ်ဆိုး ဘုရင်ကတော့ အသက်ရှင်ကျန်စရာ အကြောင်း မရှိပါဘူး။
သူ့ရဲ့ အသက်က ဘယ်လောက်ပြင်းတယ်ပဲ ဆိုပါစေဦး။ ခန္ဓာကိုယ် တစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက် သွားရင်တော့ သေချာပေါက် သေမှာပါပဲ။
“ဒါမှ လောင်မီးနဂါးဗုံးကွ”
သည်လောင်မီးနဂါး ဗုံးကတော့ အဆင့်၆နီးပါးရှိတဲ့ ဗုံးဖြစ်ပြီး လီဖူချန်းရဲ့ အားအကောင်းဆုံး ဝှက်ဖဲဆိုရင်လည်း မမှားပါဘူး။
အရှေ့ယူနီကွန်း တိုက်မှာ ဆိုရင်တော့ မိုးကြိုးဂိုဏ်းဟာ လက်နက်ပုန်းတွေကို ထုတ်လုပ်ရာမှာ ခြွင်းချက်မရှိ အကောင်းဆုံး ဂိုဏ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ဆိုရင်တော့ မိုးကြိုးဂိုဏ်းက ထုတ်တဲ့ လက်နက်ပုန်းတွေဟာ ဘာမှ မဟုတ်တော့ပါဘူး။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးရဲ့ ဈေးကွက်တွေထဲမှာ ရောင်းချနေတဲ့ သာမန် လက်နက်ပုန်းတွေတောင်မှ မိုးကြိုးဂိုဏ်းက ထုတ်လုပ်တဲ့ လက်နက်ပုန်းတွေထက် ပိုအရည်အသွေး ကောင်းပါတယ်။
သည်လောင်မီး နဂါးဗုံးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးရပြီး လီဖူချန်းက သည်ဗုံးကို တစ်လုံးပဲ ဝယ်ခဲ့တာပါ။ သည်လောင်မီး နဂါးဗုံးကိုသာ စနစ်တကျ အသုံးပြုခဲ့မယ်ဆိုရင် တိုက်ပွဲ ဝိညာဉ်နယ်ကယ် အဆင့်၁က ဆရာသခင် တစ်ပါးကိုတောင်မှ ဒဏ်ရာ ရစေနိုင်ပါတယ်။
“ကောင်းကင်ယံမှာ ပျံဝဲခြင်း”
တစ်ဖက်ရန်သူ အားနည်းသွားပြီ ဆိုတာကို သိလိုက်တဲ့ လီဖူချန်းဟာ အခွင့်အရေးကို လုံးဝ လက်လွှတ် မခံပါဘူး။ သူက အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တတိယဓားကွက်ကို ထုတ်သုံးပြီး ရှင်းတိကောဝမ်ကို တိုက်ခိုက်လိုက်ပါတယ်။
ရွှမ်း ...
ရှင်းတိကောဝမ်က သူ့ရဲ့ ဝတ်ရုံခြုံလွှာကို ခါယမ်းပြီး ထွက်ပြေးဖို့ ကြိုးစားပေမဲ့လည်း လီဖူချန်းရဲ့ ဓားကွက်တစ်ဝက်က သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လို့ နေခဲ့ပါပြီ။ ပြီးတော့ လီဖူချန်းရဲ့ ဓားချက်က သူ့ရဲ့ ဘယ်ဘက်လက်ကို သွေးခြင်းခြင်းနီသွား စေပါသေးတယ်။
“အခြေအနေ မကောင်းတော့ဘူး”
ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်တို့ကတော့ အကြောက်တရားတွေကို စတင် ခံစားမိနေပါပြီ။
သူတို့သုံးယောက်ဟာ အတူတကွ ပူးပေါင်းပြီး လီဖူချန်းကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့က လီဖူချန်းကို ဖိအားမပေးနိုင်ဘဲ လီဖူချန်းကတောင်မှ သူတို့ကို ပြန်ပြီး ဖိအားပေးလာခဲ့ပါပြီ။
“ရှင်းတိကောဝမ် ... ထွက်ပြေးဖို့ မကြိုးစားနဲ့”
လီဖူချန်းက ရှင်းတိကောဝမ်ကို သူ့ရဲ့ ဝတ်ရုံ ခါယမ်းခွင့် လုံးဝ မပေးပါဘူး။ တကယ်လို့သာ သူ့အနေနဲ့ ရှင်းတိကောဝမ်ကို သတ်နိုင်ခဲ့မယ်ဆိုရင် တိုက်ပွဲက ပြီးပါပြီ။
“မုန်းစရာ ကောင်းလိုက်တာ”
ဒါပေမဲ့လည်း ရှင်းတိကောဝမ်က အရိပ်ဝတ်ရုံကို ခါပြီး အဝေးကြီးကို ထွက်ပြေး သွားခဲ့ပါတယ်။
“လီဖူချန်း ... နောက်မှ ထပ်တွေ့ကြတာပေါ့”
"ဟား ... ဟား ... ဟား ... ”
ရှင်းတိကောဝမ်ကတော့ တဟားဟား ရယ်မောပြီး ကိုယ်လွတ်ရုန်းသွား ခဲ့ပါပြီ။ သူက သူ့ရဲ့ နောက်လိုက်ငယ်သားတွေ၊ သွေးဘိုးဘိုးကြီးနဲ့ ယင်ဘိုးဘိုးကြီးတို့ကို ထည့်တောင် မစဉ်းစားတော့တဲ့ ပုံပါပဲ။
“ဆုတ်ကြဟေ့”
ရှင်းတိကောဝမ်တောင် ထွက်ပြေးသွားမှတော့ ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်တို့ဟာ တိုက်ပွဲကို ဘာအကြောင်းနဲ့မှ ဆက်တိုက်စရာ မရှိပါဘူး။ အဲသည်အတွက် သူတို့ဟာ ဆုတ်မိန့် ထုတ်လိုက်ပြီး တိုက်ပွဲ စက်ကွင်းထဲကနေ ဆုတ်ခွာ သွားကြပါတယ်။
လီဖူချန်းကတော့ နတ်ဆိုးဆယ်ပါး နယ်မြေကို သည်အတိုင်း လွယ်လွယ်ကူကူ ဆုတ်ခွာခွင့် မပေးပါဘူး။
"သေကြစမ်း”
သူက နေဝန်းစိမ်း ဓားဆန္ဒကို အဆုံးစွန်ဆုံး ကန့်သတ်ချက်အထိ ထုတ်လိုက်ပြီး မိစ္ဆာတွေကို တိုက်ခိုက်လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...
ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေဟာ များပြားလှတဲ့ အဆင့်၅ အထွတ်အထိပ် မိစ္ဆာသားရဲတွေနဲ့ အဆင့်၅ မိစ္ဆာအချို့ကို ဇီဝိန် ခြွေသွားခဲ့ပါပြီ။
“မူလဘူတဓား”
လီဖူချန်းရဲ့ တိုက်ခိုက်မှုက မပြီးသေးပါဘူး။ သူက မူလဘူတ ကြေးဝါဓား တစ်သိန်းကို ဆင့်ခေါ်လိုက်ပြီး သွေးနတ်ဆိုး ဘုရင်ကို တိုက်ခိုက်လိုက်ပါတယ်။
“သွားပြီ။ ငါတော့ ကိစ္စပြတ်ပြီ”
သွေးနတ်ဆိုး ဘုရင်က သွေးမိုးကြိုးတွေကို ပစ်လွှတ်ပြီး မူလဘူတ ကြေးဝါဓားတွေကို ခုခံဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သေး ပေမဲ့လည်း နောက်ဆုံးမှာတော့ လက်လျှော့လိုက် ရပါတယ်။ သည်ကြေးဝါဓားတွေရဲ့ အရေအတွက်က သူတတ်စွမ်းနိုင်တဲ့ အရေမတွက် မဟုတ်ပါဘူး။
ရွှီး ... ရွှီး ... ရွှီး ...
မူလဘူတ ဓားတွေက အညှာအတာ ကင်းမဲ့စွာနဲ့ သွေးနတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ကို ပိုင်းဖြတ် နေကြပါတယ်။ သွေးနတ်ဆိုးဘုရင်က သူ့ရဲ့ လူသားပုံစံကိုတောင်မှ ထိန်းမထား နိုင်တော့ပါဘူး။
“မြန်မြန်ပြေး”
အဲသည်အချိန်မှာပဲ ရှီဟွာဘုရင်မက ကျောက်ဖြစ်ခြင်း စွမ်းရည်ကို အသုံးပြုပြီး မူလဘူတ ကြေးဝါဓား တစ်ဝက်လောက်ကို ထိန်းချုပ်ကာ သွေးနတ်ဆိုး ဘုရင်အတွက် ပြေးလမ်း ဖွင့်ပေးလိုက်ပါတယ်။
ရွှစ် ...
သွေးနတ်ဆိုး ဘုရင်ကတော့ သွေးအရိပ် တစ်ခုအသွင် ပြောင်းပြီး ထွက်ပြေးသွားခဲ့ပါပြီ။
“တောက် ... နှမြောစရာ ကောင်းလိုက်တာကွာ”
လီဖူချန်းကတော့ တောက်တခေါက်ခေါက်နဲ့ ကျန်ရစ်ခဲ့ပါတယ်။ သူက သွေးနတ်ဆိုး ဘုရင်နောက်ကိုတော့ လိုက်မသွားခဲ့ပါဘူး။ သူ့ရဲ့ မီးတောက်ပျံကိုးသွယ် အသွင်ပြောင်းခြင်း ကိုယ်ဖော့ပညာဟာ အကွာအဝေး တိုလေးတွေကို သွားတဲ့နေရာမှာသာ အသုံးဝင်တဲ့အတွက် လိုက်မသွားခဲ့တာလည်း ဖြစ်ပါတယ်။
အဆုံးမှာတော့ ဂိုဏ်ပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ မိစ္ဆာတာအို အင်အားစု တစ်ဝက်လောက်ကို သတ်ဖြတ် ပစ်လိုက်နိုင်ပါတယ်။ ယင်ဘိုးဘိုးကြီးတောင်မှ အဲသည် သုတ်သင် သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ သူတွေထဲကနေ လွတ်မသွားခဲ့ပါဘူး။
သွေးဘိုးဘိုးကြီးကတော့ ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ သူက သူရဲ့ ရှုပ်ထွေး ဆန်းကြယ်လှတဲ့ ပညာရပ်တွေကို အသုံးပြုပြီး ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ လက်ထဲကနေ ထွက်ပြေးသွားနိုင် ခဲ့ပါတယ်။
နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ အခြေအနေကလည်း မဟန်လှပါဘူး။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က သူတို့ရဲ့ အင်အားစု တစ်ဝက်လောက်ကို ပျော်ပျော်ကြီး သတ်ဖြတ် သွားခဲ့တာပါ။ အဲသည် သေဆုံးသွားတဲ့ သူတွေထဲမှာဆိုရင် ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ အစိမ်းရောင် နတ်ဆိုးဘုရင်နဲ့ မီးခိုးရောင် နတ်ဆိုးဘုရင်တို့တောင် ပါသွားပါသေးတယ်။
အဲသည် နတ်ဆိုး ဘုရင်သုံးပါး အသတ်ခံလိုက် ရတာကတော့ လီဖူချန်းရဲ့ စနက် မကင်းပါဘူး။ လီဖူချန်းက နတ်ဆိုးဘုရင် သုံးပါးကို ဓားတစ်ချက်တည်းနဲ့ ဒဏ်ရာ အကြီးအကျယ် ရသွားစေခဲ့တာကြောင့် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က ထိပ်သီး ပညာရှင်တွေဟာ သူတို့ကို သတ်ဖြတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
"ထွက်ပြေးသွားတဲ့ သူတွေနောက်ကို ကျွံပြီး မလိုက်သွားကြနဲ့ဟေ့”
မူဟန်ရှင်းက သတ်ဖြတ်လိုစိတ် အားကြီးနေတဲ့ မဟာမိတ် အဖွဲ့ဝင်တွေကို သတိပေးဖို့ကို မေ့လျော့မနေပါဘူး။
နောက်ဆုံးမှာတော့ တိုက်ပွဲဟာ အဆုံးသတ် သွားခဲ့ပါပြီ။
“မဟာမိတ် ဦးစီးခေါင်းဆောင်ရဲ့ အစွမ်းဟာ ပြိုင်ဘက်ကင်းပါပဲ။ မဟာမိတ် အဖွဲ့ကြီး အဓွန့်ရှည် တည်တံ့ပါစေ”
တိုက်ပွဲပြီးဆုံးသွားတဲ့ အခါမှာတော့ စုယွန်ဟီ၊ ရှဟိုဝူနဲ့ မူဟန်ရှင်းတို့က အခြားလူတွေကို ဦးဆောင်ပြီး ခါးညွှတ်ကာ အရိုအသေ ပေးလိုက်ကြပါတယ်။
သည်တိုက်ပွဲမှာ လီဖူချန်းကို ကြောက်ရွံ့ သွားသူတွေဟာ မိစ္ဆာတာအို အင်အားစုနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေတင် မဟုတ်ပါဘူး။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က ပညာရှင်တွေဟာလည်း လီဖူချန်းကို ကြောက်ကြတာပါပဲ။
လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ထက်မြက်သလို သုံးသွားတဲ့ ပညာရပ်တွေကလည်း စုံလင်လှပါတယ်။ ပြီးတော့ လီဖူချန်းဆီမှာ ဝှက်ဖဲတွေ ဘယ်လောက်များများ ရှိနေသလဲ ဆိုတာကလည်း မေးခွန်း ထုတ်ချင်စရာပါပဲ။ သည်တိုက်ပွဲကနေပြီး သူတို့ သတိပြုလိုက်မိတာ တစ်ခုကတော့ လီဖူချန်းကို ကလန်ကဆန် လုပ်လို့ မရဘူး ဆိုတာပါပဲ။
ရှင်းတိကောဝမ်ကိုတောင် ကိုယ်လွတ်ရုန်း ထွက်ပြေးစေခဲ့တဲ့ လီဖူချန်းကို ကလန်ကဆန် လုပ်ချင်တဲ့သူကတော့ ရူးနေလို့ပဲ ဖြစ်ရပါမယ်။
“သည်တိုက်ပွဲက အားလုံးရဲ့ ညီညွတ်မှုကြောင့် နိုင်ခဲ့တာပဲ။ ကျုပ်လီဖူချန်းက အခြေအနေကို နားမလည်တဲ့လူမျိုး မဟုတ်ဘူး။ လူတွေအားလုံးက ကိုယ့်နေရာကို ကိုယ်သိနေသရွေ့တော့ ကျုပ်က အားလုံးကို မျှမျှတတ ဆက်ဆံပေးသွားမှာပါ”
သည်စကားကိုတော့ လီဖူချန်းက ရှဟိုဝူကို ရည်ရွယ်ပြီး ပြောလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သည်လူတွေထဲမှာ ဆိုရင် ရှဟိုဝူ တစ်ယောက်ကပဲ သူနဲ့ ခြေရာတိုင်းချင်နေတာ မဟုတ်ပါလား။
ရှဟိုဝူကလည်း လူပါးတစ်ယောက်ပါပဲ။ သူက လီဖူချန်း ဆိုလိုတာကို တန်းပြီး သဘောပေါက်ပါတယ်။
“စိတ်မပူပါနဲ့ မဟာမိတ်ခေါင်းဆောင်။ သည်နေ့ကစပြီး ကျုပ်တို့ တုံလင်ကလန်က ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်ကို ရဲရဲကြီး လိုက်ပါမယ်”
“အင်း ... အဲဒီလို ဆိုရင်တော့ ကောင်းတာပေါ့”
လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။
သူက ဘယ်တုန်းကမှ အရှေ့ယူနီကွန်း တိုက်ကို တစ်ယောက်တည်း လွှမ်းမိုး ခြယ်လှယ်ချင်တာ မဟုတ်ပါဘူး။ သူ့အတွက်ကတော့ အဲသည်လို လုပ်ရတာက ပျင်းစရာကောင်းလွန်း လှပါတယ်။ သူက အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တာပါ။
ပြီးတော့ သူ့ရဲ့ ရည်မှန်းချက်က အရှေ့ယူနီကွန်း တိုက်မှာပဲ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အရှေ့ယူနီကွန်း တိုက်ဆိုတာက သူ့ရဲ့ တာထွက်မှတ် တစ်ခုသာသာပါပဲ။
တိုက်ပွဲမှာ ကျန်ရစ်ခဲ့တဲ့ အရာတွေကို ဆုလာဘ်အဖြစ် သိမ်းဆည်းပြီးတဲ့ နောက်မှာတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ တိုက်ပွဲတစ်ရာ စစ်မြေပြင်ကနေ ထွက်ခွာ သွားပါတော့တယ်။
အလာတုန်းက လူတိုင်းရဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပေမဲ့လည်း အပြန်မှာတော့ လူတိုင်းဟာ ပြုံးပျော်နေကြပါတယ်။
သည်တိုက်ပွဲဟာ သူတို့အတွက် လုံးဝ စိတ်ကျေနပ်စရာပါပဲ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းဆိုရင် သူတို့ဟာ နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ မိစ္ဆာတာအို အင်အားစုတွေရဲ့ ဖိနှိပ်မှုကို ခေါင်းငုံ့ပြီး နေခဲ့ရတာပါ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းရဲ့ ဦးဆောင်မှုနဲ့အတူ သူတို့ဟာ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်အဖတ် ဆယ်နိုင်ခဲ့ပါပြီ။
***
မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန်တစ်ပတ်ဟာ ကုန်လွန် သွားခဲ့ပါတယ်။
အခုဆိုရင် လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲမှာ ရှိနေတဲ့ အပြာရောင် စိတ်ဝိညာဉ်ဟာ ခရမ်းနုရောင် ဘက်ကို ၂၀ရာခိုင်နှုန်း ကူးပြောင်းသွားခဲ့ပါပြီ။
ခါတိုင်းဆိုရင်တော့ စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲမှု စဖြစ်ပြီဆိုတာနဲ့ ပြောင်းလဲမှုနှုန်းဟာ အင်မတန် မြန်လာပေမဲ့ သည်တစ်ကြိမ်မှာတော့ တော်တော်လေး နှေးနေတယ်လို့ ဆိုရမှာပါပဲ။
တစ်ဖက်မှာတော့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုဟာ သိသာထင်ရှားစွာ တိုးတက် လာခဲ့ပါတယ်။
သူက မီးလျှံအင်းကွက်ရဲ့ ၅၈ ရာခိုင်နှုန်းကိုတောင်မှ နားလည်နိုင်စွမ်း ရှိနေပါပြီ။
ပထမဆုံး နတ်ဘုရား စွမ်းရည်ကို နိုးထပြီးတဲ့ နောက်မှာဆိုရင် ကျန်တဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်တွေဟာ နားလည်ဖို့ ပိုခက်ခဲလာပါတယ်။ အဲဒါကတော့ မဟာတာအို ဥပဒေသ တစ်ခုခုနဲ့ နီးကပ်လာတာကြောင့် ဆိုရင်လည်း မမှားပါဘူး။
တကယ်လို့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုသာ တိုးတက်မလာဘူး ဆိုရင်တော့ သူဟာ မီးလျှံအင်းကွက်ရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုကို နားလည်ဖို့ အတွက်တောင်မှ နှစ်ပေါင်းများစွာ အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ လူသားတွေရဲ့ ထိုးထွင်းသိမြင်မှု ဆိုတာက အတိုင်းအတာတစ်ခု အထိသာ ရှိတဲ့ အရာပင် မဟုတ်ပါလား။ တချို့ဆိုရင် သူတို့ရဲ့ အရိုးတည်ဆောက်ပုံပေါ်မှာ ရှိတဲ့ အင်းကွက်တွေကို တစ်ဘဝလုံး လေ့လာခဲ့တာတောင်မှ နားလည် မသွားရှာပါဘူး။
လီဖူချန်းက မီးလျှံအင်းကွက်ကို နားလည်နိုင်စွမ်း တစ်ခုတင် တိုးတက်လာတာ မဟုတ်ပါဘူး။ သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒနဲ့ အထက် ကောင်းကင်ဘုံ ဓားသိုင်းဟာလည်း တိုးတက်လာတာပါပဲ။
“အင်း ... လောင်မီး နဂါးဗုံးကိုလည်း သုံးပြီးသွားပြီ။ ငါ့ရဲ့ လက်ရှိ အစွမ်းကလည်း ရှင်းတိကောဝမ်ကို ထိပ်တိုက်ရင်ဆိုင် နိုင်ရုံလောက်ပဲ ရှိသေးတယ်။ အဲသည်တော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကိုပြန်ပြီး လောင်မီနဂါးဗုံးလို အသုံးဝင်တဲ့ အရာတစ်ခုလောက် သွားရှာမှပဲ။ ပြီးတော့ ငါ့ရဲ့ အစွမ်းကိုလည်း အဆင့်ထပ်မြှင့် ရဦးမယ်”
အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ဓားဆန္ဒကို နားလည်အသုံးပြုဖို့ ဆိုတာက လီဖူချန်း ထင်ထားသလောက် မလွယ်ပါဘူး။ အဲသည်အဆင့်ကို ရောက်ဖို့ဆိုတာက အနည်းဆုံး တစ်လခွဲလောက် ဆက်ကြိုးစား ရဦးမယ်လို့ တွက်မိလိုက်တဲ့ အတွက် လီဖူချန်းဟာ ဆက်မကျင့်တော့ဘဲ ရောင်စဉ်ခုနစ်ဖြာ တိုက်ကို ပြန်ဖို့ စဉ်းစားလိုက်တာ ဖြစ်ပါတယ်။
***