အထက်ကောင်းကင်ဘုံ ဓားဆန္ဒ
Vol. 33 Ch. 444
- နတ်ဆိုးဆယ်ပါး၊ ကျောက်တုံးနယ်မြေဒေသ -
ရှီဟွာဘုရင်မ အပါအဝင် အခြားမိစ္ဆာ ခေါင်းဆောင်တွေဟာ မြွေတစ်သောင်း ကျောက်နန်းတော်ထဲမှာ အစည်းအဝေး လုပ်နေကြပါတယ်။
သည်တစ်ကြိမ် နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဆုံးရှုံးမှုတွေကတော့ လုံးဝ သွေးပျက်စရာပါပဲ။ သူတို့က ဦးစီးခေါင်းဆောင် သုံးယောက်ကို ဆုံးရှုံးခဲ့ရုံသာမက အဆင့်၅ မိစ္ဆာအရေအတွက် တစ်ဝက်လောက်နဲ့ အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲ သုံးပုံ နှစ်ပုံလောက်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။
“သည် ... သည်လီဖူချန်းက အရမ်း အစွမ်း ထက်လွန်းတယ်။ ငါတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ရှန်းဟွတောင် ဆင်ဘုရင်ကတော့ အခုထိ အကြောက်တရားတွေ မပြေသေးပါဘူး။ သူက သေမင်းလက်ကနေ လက်မတင်လေး လွတ်လာခဲ့တာပါ။ တကယ်လို့သာ သူ့အနေနဲ့ သူ့ရဲ့ သွေးအဆီအနှစ်ကို ဖောက်ခွဲပြီး မပြေးခဲ့ရင်တော့ အခုချိန်လောက်ဆို သေနေလောက်ပါပြီ။
“အဲဒါကိုတော့ မင်းပြောမှလားကွ။ ငါတို့အားလုံးလည်း သိနေတာပဲ။ အဲသည်ကလေးရဲ့ အနာဂတ်က ခန့်မှန်းလို့တောင် မရဘူး။ သူက အရှေ့ယူနီကွန်းတိုက် သမိုင်းရဲ့ နောက်ပိုင်း နှစ်ပေါင်းတစ်ထောင် အတွင်းမှာ အတော်ဆုံး ပါရမီရှင်လို့တောင် ပြောလို့ ရနေပြီ။ နောက်ထပ် ၂နှစ်လောက်ဆိုရင် ငါတို့ ဘယ်မှာသွားပြီး ပုန်းရမလဲ ဆိုတာတောင် စဉ်းစားမရတော့ဘူး”
သွေးနတ်ဆိုး ဘုရင်ကတော့ ရှန်းဟွတောင် ဆင်ဘုရင်ထက်တောင်မှ ကြောက်နေပါသေးတယ်။ ဒါကလည်း သူ့အပြစ်တော့ မဟုတ်ပါဘူး။ သူက သေခြင်းနဲ့ ရှင်ခြင်းကြားက အတွေ့အကြုံကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရတာ မဟုတ်ပါလား။ ရှီဟွာတောင် ဘုရင်မသာ ကြားဝင်မလာခဲ့လို့ ကတော့ သူ့ရဲ့ ဘဝဟာ မတွေးဝံ့စရာပါပဲ။
“ငါ့ရဲ့ အမြင် ပြောရမယ် ဆိုရင်တော့ မြောက်ပိုင်းပင်လယ်က မိစ္ဆာတစ်ထောင်ကျွန်းနဲ့ အမိန့်သွေဖည် နတ်ဆိုးကျွန်းကို အကူအညီ တောင်းတာ အကောင်းဆုံးပဲ”
မြေကြွက်ဘုရင်က ရုတ်တရက် အကြံပေး လာခဲ့ပါတယ်။
သူ့ရဲ့ အကြံပေးချက်ကို ကြားအပြီးမှာတော့ ကျန်တဲ့ ဦးစီး ခေါင်းဆောင်တွေဟာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြပါတယ်။ သူတို့ကို ကြည့်ရတာက ဆုံးဖြတ်ရ ခက်နေပုံပါပဲ။
မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေကြားမှာ အစွမ်းထက်သူတွေက သူတို့ပဲရှိတာ မဟုတ်ပါဘူး။ သူတို့ထက် အများကြီး ပိုကြောက်စရာကောင်းတဲ့ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေဟာ မိစ္ဆာတစ်ထောင်ကျွန်းနဲ့ အမိန့်သွေဖည် နတ်ဆိုးကျွန်းတို့မှာ ရှိနေပါသေးတယ်။ ပြီးတော့ အဲသည် မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေက အဆင့်၆တွေပါပဲ။ ဒါပေမဲ့လည်း အရှေ့ယူနီကွန်းတိုက်ရဲ့ အဖြေရှာမရတဲ့ ပြောင်းလဲမှုကြီးကြောင့် အဆင့်၆ မိစ္ဆာသားရဲတွေနဲ့ အဆင့်၆ မိစ္ဆာတွေဟာ တိုက်ရဲ့ အပြင်ဘက်ကို နှင်ထုတ် ခံလိုက်ရပါတယ်။ ပြီးတော့ သူတို့တွေဟာ အရှေ့ယူနီကွန်း တိုက်ထဲကို ပြန်ဝင်လာလို့ မရတော့ပါဘူး။ တကယ်လို့ သူတို့အနေနဲ့ အရှေ့ယူနီကွန်း တိုက်ထဲကို အတင်းဝင်လာမယ် ဆိုရင်တော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖိနှိပ်မှုကို ခံရပြီး ပေါက်ကွဲထွက် သေပွဲဝင်ရမှာပါ။ အရှေ့ယူနီကွန်းတိုက်ရဲ့ ကောင်းကင်နဲ့ မြေကြီးစွမ်းအားက တိုက်ရဲ့ နယ်နိမိတ်ထဲမှာ ရှိတဲ့ အဆင့်၆ မိစ္ဆာသားရဲတွေနဲ့ အဆင့်၆ မိစ္ဆာတွေကို လုံးဝ အသက်ရှင်ခွင့် မပေးပါဘူး။ အဲသည် အချက်ကြောင့်လည်း နတ်ဆိုးဆယ်ပါး နယ်မြေက မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေဟာ အဆင့်၆ကို ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အချိန်မဆိုင်းဘဲ မိစ္ဆာ တစ်ထောင်ကျွန်းနဲ့ အမိန့်သွေဖည် နတ်ဆိုးကျွန်းကို အလျင်အမြန် သွားကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲသည်လို သွားတဲ့နေရာမှာ ပြဿနာသေးသေးလေး တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အရှေ့ယူနီကွန်း တိုက်နဲ့ ကျွန်းတွေကြားမှာ ပင်လယ်ရေလက်ကြား တစ်ခု ရှိနေတာပါပဲ။ ပြီးတော့ အဲသည် ရေလက်ကြားဟာ အန္တရာယ် ကြီးလွန်းတယ်လို့ နာမည်ကျော်ပါတယ်။
အဲသည်အန္တရာယ် ဆိုတာကတော့ ပင်လယ်သားရဲတွေကို ရည်ညွှန်းတာပါ။ အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့ ပင်လယ် သားရဲတွေဟာလည်း မိစ္ဆာသားရဲတွေပါပဲ။ ဒါပေမဲ့ သူတို့က ပင်လယ်တွေ၊ သမုဒ္ဒရာတွေ ထဲမှာပဲ နေပါတယ်။ ပြီးတော့ ပင်လယ်ထဲကို ဆင်းလာတဲ့ ကုန်းတွင်း မိစ္ဆာသားရဲ မှန်သမျှကိုအသက် ချမ်းသာ မပေးဘဲ သတ်ဖြတ် စားသောက် ပစ်တတ်သူတွေ ဆိုရင်လည်း မမှားပါဘူး။
အဲဒါကတော့ ကုန်းတွင်း မိစ္ဆာသားရဲတွေနဲ့ တူညီပါတယ်။ ကုန်းတွင်းမိစ္ဆာ သားရဲတွေကလည်း အားနည်းတဲ့ မိစ္ဆာသားရဲတွေကို သတ်ဖြတ်ပြီး စားသောက် တတ်ကြတာပါပဲ။
“မိစ္ဆာတစ်ထောင်ကျွန်းနဲ့ အမိန့်သွေဖည်ကျွန်းကို သွားဖို့ဆိုတာက ပြောသလောင် မလွယ်ဘူးနော်”
ရှီဟွာဘုရင်မက မှတ်ချက် ပေးလာခဲ့ပါတယ်။
ယုံကြည်ရတဲ့ အချိတ်အဆက် တစ်ခုခု မရှိဘဲ သူက သူ့ရဲ့ ကံကြမ္မာကို ပင်လယ်ထဲ မပုံချလိုက်နိုင်ပါဘူး။
မြေကြွက်ဘုရင်က ပြုံးလိုက်ပြီး
“အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ပင်လယ် သားရဲတွေကိုလည်း ညှိနှိုင်းလို့ ရပါတယ်။ ငါ့ရဲ့ မြေကြွက်နယ်မြေ ဒေသက မြောက်ပင်လယ်နားမှာ ရှိတာဆိုတော့ အဲနားမှာ ရှိတဲ့ အဆင့်၅ အထွတ်အထိပ် အဆင့် ပင်လယ်သားရဲ တစ်ကောင်နဲ့ မိတ်ဆွေ လုပ်ထားနိုင်ခဲ့တယ်”
“အိုး ... တကယ်ကြီးလား။ အဲသည်သားရဲရဲ့ ခွန်အားကကော ဘယ်လိုလဲ။ သူက မြောက်ပင်လယ်မှာ လုပ်ပိုင်ခွင့်အာဏာ ရှိလို့လား”
သွေးနတ်ဆိုးဘုရင်က သိချင်စိတ် ပြင်းပြစွာနဲ့ မေးလိုက်ပါတယ်။
အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတွေ ဆိုတာက အမျိုးအစား များပြားလှပြီး အစွမ်းတွေကလည်း တစ်ကောင်နဲ့တစ်ကောင် မတူညီပါဘူး။
သူတို့တွေဟာ သူတို့ရဲ့ မျိုးဆက်သွေး (ဝါ) မွေးရာပါစွမ်းရည်ကို အပြည့်အဝ နိုးထနိုင်ခဲ့မယ် ဆိုရင် အလွန် ကြောက်စရာကောင်းတဲ့ သားရဲကြီးတွေ ဖြစ်သွားပါတယ်။ ပြောရမယ် ဆိုရင်တော့ ရှန်းဟွတောင် ဆင်ဘုရင်နဲ့ မိစ္ဆာအင်းကွက် ကျားတို့တောင်မှ မျိုးဆက်သွေးကို နိုးထနိုင်ခဲ့လို့ အခုလို အစွမ်းထက် လာခဲ့တာပါ။ ဒါတောင်မှ သူတို့ဟာ အစကနဦး အဆင့်မှာပဲ ရှိပါသေးတယ်။ အဲသည်အတွက် သူတို့ဟာ တကယ် အစွမ်းထက်တဲ့ အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတွေကို ယှဉ်ဖို့ မဖြစ်နိုင်သေးပါဘူး။
ဥပမာ ပြောရမယ် ဆိုရင်တော့ ရှီဟွာဘုရင်မ ဖြစ်ပါတယ်။ ရှီဟွာဘုရင်မကလည်း အစွမ်းထက်တဲ့ အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်ပါပဲ။
“ငါ့ရဲ့ မိတ်ဆွေက ပင်လယ်ကြွက်ရိုင်း မျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ပြီးတော့ ရေငလျင်လှိုင်း ဆိုတဲ့ မွေးရာပါ စွမ်းရည်တစ်မျိုးကို နိုးထ ပြီးထားပြီ။ ရေထဲမှာဆိုရင် သူက အားကောင်းတဲ့ ငလျင်လှိုင်းတွေကို ထုတ်ပြီး ရန်သူကို တိုက်နိုင်တယ်။ ကုန်းပေါ်မှာ ဆိုရင်တော့ သူ့ရဲ့ စွမ်းအားက နည်းနည်း အားနည်းသွားပေမဲ့ သွေးနတ်ဆိုးဘုရင်နဲ့ သိပ်မကွာလောက်ဘူး”
မြေကြွက်ဘုရင်က ရှင်းပြလိုက်ပါတယ်။
“ပင်လယ်ကြွက်ရိုင်း မျိုးနွယ်စုလား”
ရှီဟွာဘုရင်မရဲ့ မျက်လုံးတွေကတော့ အရောင်တောက် သွားခဲ့ပါပြီ။ သူက ပင်လယ်ကြွက်ရိုင်း မျိုးနွယ်စုရဲ့ သတင်းတွေကို ကောင်းကောင်းကြီး ကြားဖူးပါတယ်။ သူတို့တွေက အရေအတွက် များပြားလှပြီး မြောက်ပိုင်းပင်လယ် ကမ်းခြေရဲ့ ဦးဆောင်သူတွေ ထဲမှာလည်း အပါအဝင်ပါပဲ။
မြေကြွက်ဘုရင်က သူ့ရဲ့ စကားကို ဆက်ပါတယ်။
“ငါ့မိတ်ဆွေရဲ့ အဆင့်အတန်းက ပင်လယ်ကြွက် မျိုးနွယ်စုထဲမှာလည်း မနိမ့်ကျဘူး။ သူက ရှန်းဟွတောင် ဆင်ဘုရင်လိုမျိုး သားရဲဘုရင် တစ်ပါးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတာ။ ငါတို့အနေနဲ့ သူ့ကို သိုလှောင်အိတ် တစ်ထောင်နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သန်းပေးနိုင်ရင် သူက ပင်လယ်ရေလက်ကြားကို ဖြတ်ဖို့ ငါတို့ကို အကူအညီ ပေးလိမ့်မယ်”
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသန်း ဟုတ်လား။ သည်ကောင်က အတော် လောဘကြီးတာပဲ”
ရှန်းဟွတောင် ဆင်ဘုရင်က ဝင်မပြောဘဲ မနေနိုင်တော့ပါဘူး။
ကျင့်ကြံသူတွေက ဝိညာဉ်ကျောက်တုံးတွေ လိုအပ်သလို မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေကလည်း လိုအပ်တာပါပဲ။
ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်ဖြစ်ဖြစ် ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးထဲက ချီစွမ်းအင်ဖြစ်ဖြစ်။ အဲသည် ချီစွမ်းအင်တွေမှာ မဟာတာအိုရဲ့ ဥပဒေသတွေ ပါဝင်ပါတယ်။ ကျင့်ကြံသူတွေ ချီစွမ်းအင်ကို စုပ်ယူတယ် ဆိုတာက အဲသည် ချီစွမ်းထဲမှာပါတဲ့ မဟာတာအိုရဲ့ ဥပဒေသကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး ကိုယ်ပိုင်ချီ စွမ်းအင်အဖြစ် ပြောင်းလဲလိုက်တာကို ဆိုလိုတာပါ။ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေဟာလည်း မဟာတာအိုရဲ့ ဥပဒေသကို လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲပြီး မိစ္ဆာသားရဲချီ ဒါမှမဟုတ် မိစ္ဆာချီအဖြစ် ပြောင်းလဲနိုင်ပါတယ်။
ဒါနဲ့ မေးခွန်းတစ်ခု မေးရပါဦးမယ်။ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေဟာ ဘာဖြစ်လို့ လူသားတွေကို စားသောက်ပြီး ပိုအစွမ်းထက် လာရတာပါလဲ။
အဖြေကတော့ လူသားတွေရဲ့ သွေးဟာ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ သွေးတွေကို သန့်စင်ပေးပြီး အသိဉာဏ်ကို တိုးမြှင့်စေလို့ပဲ ဖြစ်ပါတယ်။
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသန်း ...
ဒါက နည်းတဲ့ ပမာဏတစ်ခု မဟုတ်ပါဘူး။ ပြီးတော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ အရှေ့ယူနီကွန်း တိုက်မှာ ကြီးမားတဲ့ မြေနေရာကို မပိုင်ဆိုင်ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ ဝိညာဉ်ကျောက်တုံး စုပ်ယူမှုနှုန်းဟာ လူသားတွေ လိုအပ်တာထက် ဆယ်ဆ ပိုမြင့်ပါတယ်။
“ငါးသန်း ... ငါတို့အားလုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသန်းရအောင် ရှာကြမယ်”
ရှီဟွာဘုရင်မက နောက်ဆုံးအဖြေကို ထုတ်ပေးလိုက်ပါတယ်။
သိုလှောင်အိတ် တစ်ထောင်အတွက်တော့ သိပ်ပြီး ပူစရာ မလိုပါဘူး။ သူတို့အနေနဲ့ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ထောင်ကို ရှာပြီး သတ်လိုက်ရုံပါပဲ။ ကောင်းကင်နယ်ပယ် ပညာရှင်တိုင်းက သိုလှောင်အိတ် တစ်လုံးလောက်တော့ ဆောင်ထားတတ်တာပင် မဟုတ်ပါလား။
တစ်ချိန်တည်း လိုလိုမှာပဲ ရှင်းတိကောဝမ်နဲ့ သွေးဘိုးဘိုးကြီးတို့ဟာ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေး နေကြပါတယ်။
အချိန်အတော် ကြာပြီးသွားတဲ့ နောက်မှာတော့ ရှင်းတိကောဝမ်ရဲ့ ပြတ်ထွက်သွားတဲ့ လက်မောင်းဟာ ပြန်ပေါက်လာခဲ့ပါပြီ။ ဒါပေမဲ့လည်း နဂိုမူအတိုင်း ပြန်ဖြစ်ဖို့ကိုတော့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် စောင့်ရပါဦးမယ်။
သွေးဘိုးဘိုးကြီး ကလည်း ဒဏ်ရာ အကြီးအကျယ် ရထားတာပါပဲ။ သူက သူ့ရဲ့ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေပြီး တိုက်ပွဲထဲကနေ ထွက်ပြေးလာခဲ့တာပါ။
“ရှင်းတိကောဝမ် ... အဲသည် ကောင်စုတ်လေးက သာမန်တော့ မဟုတ်ဘူး။ သည်အတိုင်း ဆိုရင်တော့ ကျုပ်တို့အနေနဲ့ စစ်ကူတွေ လိုနေပြီ။ စစ်ကူတွေ မပါဘဲနဲ့တော့ ကျုပ်တို့ဟာ အရှေ့ယူနီကွန်း တိုက်ကို အုပ်စိုးနိုင်မှာ မဟုတ်ဘူး။ မကောင်းဆိုးဝါး ကျွန်းကို ဆက်သွယ်ပြီး အဲသည်က မကောင်းဆိုးဝါး ဘိုးဘေးတွေကို အကူအညီ တောင်းကြရအောင်”
သွေးဘိုးဘိုးကြီးက သူ့ရဲ့ အကြံကို ပြောလိုက်ပါတယ်။ သူပြောတဲ့ မကေင်းဆိုးဝါး ဘိုးဘေးတွေ ဆိုတာကတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်က မိစ္ဆာတာအို ဆရာသခင်တွေပါပဲ။ အရှေ့ယူနီကွန်းတိုက်မှာ အပြောင်းအလဲကြီး တစ်ခု ဖြစ်ပြီးတဲ့ နောက်မှာတော့ တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်တွေဟာ သည်နယ်မြေထဲမှာ နေလို့ မရတော့ပါဘူး။ အဲသည်အတွက် အသက်ရှင် ကျန်ရစ်ခဲ့တဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ် မိစ္ဆာတာအို ဆရာသခင်တွေဟာ စုစည်းပြီး အနောက်ပင်လယ် ဘက်ကို ထွက်သွားကြပါတယ်။ အခုဆိုရင် သူတို့ဟာ အနောက်ပင်လယ်က ကျွန်းတစ်ကျွန်းမှာ ခြေကုပ် ရယူထားပြီးပါပြီ။
တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေဟာ နှစ်ပေါင်း၅၀၀ အထိသက်တမ်း ရှိတဲ့အတွက် သူတို့ရဲ့ မျိုးဆက်တွေ အများကြီး ချန်ထားခဲ့နိုင်ပါတယ်။ သူတို့ရဲ့ မျိုးဆက်တွေဟာ အခုချိန်အထိ မကောင်းဆိုးဝါးကျွန်းမှာ ရှိနေဆဲပါပဲ။ အဲသည် မျိုးဆက်တွေဟာ အစွမ်းထက် ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ဖြစ်ကြပြီး ရှင်းတိကောဝမ် ထက်တောင်မှ အစွမ်းထက် ပါသေးတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှင်းတိကောဝမ်ကော သွေးဘိုးဘိုးကြီးပါ မကောင်းဆိုးဝါးကျွန်းကို မသိပါဘူး။ သူတို့က မကောင်းဆိုး ကျွန်းကနေ လာတဲ့ ဧည့်သည်တွေကိုသာ တွေ့ဖူးပြီး အရင်းအမြစ် ပစ္စည်းအချို့ကို ရခဲ့ဖူးတာပါ။ အဲသည်ဧည့်သည်တွေ ဆီကပဲ သူတို့ဟာ မကောင်းဆိုးဝါးကျွန်းမှာ မကောင်းဆိုးဝါး ဘိုးဘေးကြီးတွေ ရှိနေသေးတယ် ဆိုတာကို သိလာခဲ့တာ ဖြစ်ပါတယ်။
ရှင်းတိကောဝမ်က အချိန်အတန်ကြာ ငြိမ်သက် သွားခဲ့ပါတယ်။ ပြီးမှ သက်ပြင်းချလိုက်ပြီး
“အဲသည်အကြောင်းကို ငါ့ဒဏ်ရာတွေ အပြည့်အဝ ကောင်းပြီးမှ ဆက်ပြောကြရအောင်”
ရှင်းတိကောဝမ်က ရည်ရွယ်ချက်ကြီးတဲ့ လူတစ်ယောက်ပါ။ မကောင်းဆိုးဝါး ကျွန်းကနေ အကူအညီ တောင်းရမယ် ဆိုရင်တောင်မှ သူကတော့ အဆင့်မြင့်တဲ့ နေရာမှာပဲ နေဖို့ဆန္ဒ ရှိပါတယ်။ သူက တခြားလူ တစ်ယောက်ရဲ့ အမိန့်တွေကို မနာခံ နိုင်ပါဘူး။
သွေးဘိုးဘိုးကြီးက ခေါင်းညိတ်လိုက်ပါတယ်။ သူက ရှင်းတိကောဝမ်ရဲ့ လက်ရုံးတစ်ဆူ ဖြစ်တဲ့အတွက် ရှင်းတိကောဝမ် ဘာတွေ တွေးနေသလဲ ဆိုတာကို မရိပ်မိစရာ မရှိပါဘူး။ သူက သည်အတိုင်း အကြံ ပြုလိုက်ရုံ သက်သက်ပါပဲ။
ပြီးတော့ အရှေ့ယူနီကွန်းတိုက်နဲ့ မကောင်းဆိုးဝါး ကျွန်းကြားမှာ ပင်လယ် ရေလက်ကြား တစ်ခု ရှိနေပါသေးတယ်။ အဲသည် ရေလက်ကြားကို ဖြတ်ကျော်ဖို့ ဆိုတာက အန္တရာယ် များလွန်းလှပါတယ်။ သူတို့အနေနဲ့ အကူအညီ သွားတောင်းမယ် ဆိုရင်တောင်မှ အဲသည် ရေလက်ကြားကို ဖြတ်ကျော်နိုင်မလား ဆိုတာ မသေချာပါဘူး။
***
အစတုန်းကတော့ လီဖူချန်းဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကို ပြန်မလို့ပါပဲ။ ဒါပေမဲ့လည်း သူက အကြောင်း အမျိုးမျိုးကြောင့် မပြန်ဖြစ်ခဲ့ပါဘူး။
အခုဆိုရင်တော့ သူ့ရဲ့ အပြာရောင် စိတ်ဝိညာဉ်ဟာ ခရမ်းနုရောင်ဘက်ကို ၄၀ ရာခိုင်နှုန်း ပြောင်းသွားခဲ့ပြီ ဖြစ်သလို သူဟာ အထက်ကောင်းကင်ဘုံ ဓားသိုင်းကိုလည်း တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ အဆင့်အထိရောက်အောင် လေ့ကျင့်ထား နိုင်ခဲ့ပါပြီ။
“အထက် ကောင်းကင်ဘုံ ဓား”
တိမ်ပင်လယ်တွေရဲ့ အထက်မှာတော့ လီဖူချန်းဟာ ဓားနဲ့အတူ ကခုန်နေပါတယ်။
သူ့ရဲ့ ဓားချက်တွေက တကယ် ကြောက်စရာပါပဲ။
ဓားချက်တစ်ချက် ထုတ်လိုက်တိုင်းမှာ ကြောက်စရာကောင်းတဲ့ ဓားတာအို တစ်ပိုင်းတစ်စက ပေါ်ထွက်လာပါတယ်။ အဲသည် ဓားတာအိုရဲ့ အထောက်အပံ့ကြောင့် ဓားဟာ လေဟာနယ် ဟင်းလင်းပြင်နဲ့ အကွာအဝေးကို မျက်ကွယ်ပြုပြီး သွားချင်သလို သွားနေပါတယ်။ ဒါက အပြာရောင် နဂါးတစ်ကောင် ကောင်းကင်ယံပေါ်မှာ မြူးထူးပျော်ပါး နေသလိုပါပဲ။
“အဲသည်တော့ ဒါက အထက်ကောင်းကင်ဘုံ ဓားဆန္ဒဆိုတာပေါ့"
လီဖူချန်းက ပြုံးပျော်လို့ နေခဲ့ပါပြီ။
သည်ဓားဆန္ဒက ဓားတာအိုနဲ့ အမှီသဟဲ ပြုနေတာဖြစ်ပြီး ဓားဆန္ဒ ပိုအားကောင်း လာလေလေ ခိုဝင်ကိန်းအောင်းနေတဲ့ ဓားတာအိုက ပိုအားကောင်း လာလေလေပါပဲ။
လူတွေ ပြောကျတာကတော့ ကောင်းကင်အဆင့် ဓားဆန္ဒတစ်ခုဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေကိုတောင်မှ တော်လှန်ပုန်ကန် နိုင်ပါတယ်တဲ့။
အထက်ကောင်းကင်ဘုံ ဓားဆန္ဒကတော့ အဲသည်လောက်အထိ အစွမ်း မထက်သေးပါဘူး။ ဒါပေမဲ့ အဲသည်ဓားဆန္ဒက လေဟာနယ် ဟင်းလင်းပြင်ကို လိုသလို ဖြတ်ကျော် သွားလာနိုင်စွမ်း ရှိနေပြီလို့ လီဖူချန်း ခံစားနေရပါတယ်။
“ဓားတာအို ခိုဝင် ကိန်းအောင်းနေတဲ့ ဓားစက်ကွင်းကမှ တကယ့်အစစ်အမှန် ဓားစက်ကွင်း ဖြစ်နိုင်တယ်”
လီဖူချန်းက ခပ်တိုးတိုး ရေရွတ် လိုက်မိပါတယ်။
လီဖူချန်းက သူ့ရဲ့ ဓားဆန္ဒအသစ်ကို လက်တွေ့ စမ်းသပ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေခဲ့ပါပြီ။ သူက အဲသည်စိတ်ကို လုံးဝ မချိုးနှိမ်နိုင် တော့ပါဘူး။
“မြေကမ္ဘာအဆင့် ဓားဆန္ဒတွေက သိုင်းပညာကနေ ခွဲထွက်ပြီး သီးသန့် တည်ရှိနိုင်တယ်တဲ့။ အဲသည်စကား ဟုတ်မဟုတ်ဆိုတာ စမ်းကြည့်ဦးမှ”
လီဖူချန်းက ညာဘက်လက်ညှိုးနဲ့ လက်ခလယ်ကို ပူးလိုက်ပြီး ဓားကွက်တစ်ကွက် ထုတ်လိုက်ပါတယ်။
ရွှီး ...
ပုံသဏ္ဌာန် မရှိ၊ မြင်တွေ့ရခြင်းလည်း မရှိဘဲ ခံစားလို့သာရတဲ့ ဓားဆန္ဒတစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။ အဲသည်ဓားဆန္ဒက တိမ်ပင်လယ်တွေကြားမှာ လွင့်မျောနေပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိနေတဲ့ ချီစွမ်းအင်တွေကို စုပ်ယူပြီး သူ့ကိုယ်သူ အားကောင်းလာအောင် တည်ဆောက်နေပါတယ်။
“အိုး ... ကောလာဟလတွေက တကယ်မှန်တာပဲ”
လီဖူချန်းက အားရပါးရ ပြုံးလိုက်မိပါတော့တယ်။
အခုဆိုရင် အထက်ကောင်းကင်ဘုံ ဓားဆန္ဒဟာ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ တကယ်လို့ လီဖူချန်းအနေနဲ့ မှတ်ဉာဏ်တွေ အားလုံး ပျောက်ကွယ်သွားမယ် ဆိုရင်တောင်မှ အထက်ကောင်းကင်ဘုံ ဓားသိုင်းကို ဘယ်လိုသုံးရမလဲ ဆိုတာကိုတော့ ကောင်းကောင်းကြီး မှတ်မိနေဦးမှာပါပဲ။
“သိုင်းတာအို လမ်းစဉ်က တကယ် အံ့သြစရာပဲ။ တကယ်လို့ တစ်နေ့မှာ ငါ့အနေနဲ့ ပြည့်စုံတဲ့ နည်းဥပဒေ တစ်ခုကို ဖန်တီးနိုင်ခဲ့မယ် ဆိုရင် ကမ္ဘာကြီး တစ်ခုလုံးကို အုပ်စိုးနိုင်မှာလား”
လီဖူချန်းက တွေးလိုက်မိပါတယ်။
***