ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၄)
Vol. 59 Ch. 818
ဖုန်းဟွမ်က ပြိုင်ဘက်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး ဤတိုက်ပွဲကို စတင်ဖို့ နည်းဗျူဟာကို စဉ်းစားနေသည်။
သူမက တာအိုကို ထိန်းချုပ်မှုကလည်း မြင့်မားပြီးတော့ ထူးခြားတဲ့ ဝိညာဉ်တိုက်ကွက်တွေလည်း သိထားတယ်။ ဒါက သူမစွမ်းရည်ရဲ့ အပေါ်ယံလောက်ပဲ ဖြစ်တယ်ဆိုပေမဲ့ ကောက်ချက်ချဖို့အတွက်တော့ လုံလောက်ပါတယ်…
အခု အချက်အလက် လိုအပ်နေတာက သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပဲ။ စမ်းသပ်ကြည့်ရအောင်…
ဖုန်းဟွမ်က လှုပ်ရှားလိုက်ပြီး သူ့ခေါင်းအထက်တွင် ရောင်ဝါစက်ဝန်းများစွာ ထွက်ပေါ်လာသည်။ ရောင်ဝါစက်ဝန်း တစ်ခုချင်းစီက ကွဲပြားသည့် အငွေ့အသက် သို့မဟုတ် စိတ်ခံစားချက်မျိုး ပိုင်ဆိုင်ထားကြသည်။
ကျန်းပိယုက အနီးကပ်လေ့လာကြည့်ပြီးသည့်နောက်တွင် တချို့ကို သတိထားမိသွား၏။
သီလရောင်ဝါစက်ဝန်း၊ ဝေဒနာရောင်ဝါစက်ဝန်း၊ ဉာဏ်ပညာရောင်ဝါစက်ဝန်း၊ ဒုစရိုက်ရောင်ဝါစက်ဝန်း၊ သစ္စာရောင်ဝါစက်ဝန်း၊ ကရုဏာရောင်ဝါစက်ဝန်း အစရှိသဖြင့် ဖြစ်သည်။
ထိုရောင်ဝါစက်ဝန်းများ ထွက်ပေါ်လာသည့်အခါ သူတို့က ဖုန်းဟွမ်၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားပြီး မြင့်မြတ်ကာ ရွှေချထားသည့် လူသားအသွင် ပြောင်းလဲသွား၏။
ဖုန်းဟွမ်၏ သွေးများက သွေးကြောတစ်လျှောက် စီးဆင်းနေသည့်အတွက် မြစ်ရေစီးဆင်းသံအလား ကြားနေရသည်။ သူ့နှလုံးခုန်သံက ဤနေရာ၏ အာကာပြင်နှင့် ထပ်တူညီနေသည့်အတွက် နှလုံးခုန်ချက် တစ်ခုချင်းစီတွင် တုန်ခါအောင် ပြုလုပ်နေလေ၏။
“သူတော်ကောင်း ဗုဒ္ဓရွှေခန္ဓာ” ကျန်းပိယုက တအံ့တဩဖြင့် ရေရွတ်လိုက်သည်။
“မင်းက ဒီနည်းစနစ်ကို သိတယ်လား” ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ ထိုနည်းစနစ်က ပျောက်ကွယ်သွားသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်ပြီး သူကသာ ကမ္ဘာကြီးတွင် ဤနည်းစနစ်၏ တည်ရှိမှုအကြောင်း သိထားသည့်လူတချို့ထဲမှ တစ်ယောက် ဖြစ်၏။
ကျန်းပိယု၏ စကားကို ကြားပြီးသည့်နောက်တွင် သူမ၏ ဇစ်မြစ်က ထူးခြားနေကြောင်း အတည်ပြုလိုက်နိုင်သည်။ ထိုအဖြစ်အပျက်ဖြင့် တစ်စုံတစ်ယောက်က သူမကို ပူးကပ်ထားကြောင်း သူ့ ကောက်ချက်ချမှုကို အတည်ပြုလိုက်နိုင်သည်။
သူက ပြန်လည်ဝင်စားခြင်းနှင့် အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်လည်နိုးထခြင်း ဖြစ်နိုင်ချေကိုမူ ဖယ်ရှားခဲ့သည်။ အကြောင်းမှာ သူ့ယင်ယန်မျက်ဝန်းက သူမ၏ ဝိညာဉ်သည် ပြန်လည်ဝင်စားမှု အငွေ့အသက်မျိုး ရှိမနေကြောင်း အာရုံခံမိ၍ ဖြစ်သည်။
ကျန်းပိယုက ထိုနည်းစနစ်၏ မူလဇစ်မြစ်ကြောင့် အလေးအနက် ဖြစ်လာသည်။
အဆုံးမဲ့လေဟာနယ်ထဲ အသင်္ချေအင်ပါယာက ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုခံရသည့် တစ်ခုတည်းသော နေရာမဟုတ်ပေ။ ထိုအရာက ဘုန်းတော်ကြီးများ ယုံကြည်မှုစွမ်းအားကြောင့် ရူးသွပ်သွားသည့် တစ်ခုတည်းသော နေရာလည်း မဟုတ်ပေ။
ကမ္ဘာ့အသိုက်အဝန်းအများစုတွင် တူညီသည့်အရာ တစ်ခုရှိ၏။ ထိုအရာသည် ဗလာခေတ်ကာလ ဖြစ်၏။ ပင်ကိုဟော်သဲ့ စစ်ပွဲအပြီးတွင် ကျင့်ကြံရေးအသိုက်အဝန်းက ဖျက်ဆီးခံလိုက်ရပြီး အစကနေ ပြန်လည်စတင်ရသည်။
အမွေအနှစ် အကောင်းအတိုင်းရှိလျက်နှင့် ရှင်သန်ခဲ့သည့်သူများကပင် အထိအခိုက်အမြောက်အများ ခံစားခဲ့ရသည်။ ထို့အပြင် ထိုကမ္ဘာအများစု၏ ကောင်းကင်တာအိုက ယခင်ထက် ပိုမိုကောင်းမွန်စွာ ပြန်လည်စတင်နိုင်သည့် အခွင့်အရေးတစ်ခုကို မြင်ခဲ့ကြသည်။
ကောင်းကင်အလိုဆန္ဒ ကမ္ဘာများနှင့် ကမ္ဘာ့အသိုက်အဝန်းများက တူညီစွာ မျှဝေခဲ့ကြသည့် အရာတစ်ခုမှာ ဗုဒ္ဓဘာသာ မြင့်တက်လာမှု ဖြစ်သည်။ ကမ္ဘာ့အသိုက်အဝန်းရာကျော်က ဗုဒ္ဓဘာသာ လွှမ်းမိုးမည့် ခေတ်ကာလများရှိခဲ့ပြီး ယုံကြည်မှုကို စုဆောင်းမည့် နည်းလမ်းများစွာကို လေ့ကျင့်ခဲ့ကြသည်။
ဗုဒ္ဓဘာသာ မြင့်တက်လာမှုက ကမ္ဘာ့အသိုက်အဝန်းများစွာအထိ ပျံ့နှံ့သွားလေ၏။ ဗုဒ္ဓဘာသာ လွှမ်းမိုးထားသည့် တချို့ကမ္ဘာများက ဗလာခေတ်ကာလပြီးသည့်နောက်တွင်ပင် ဆက်လက် တည်တံ့နေဆဲ ဖြစ်သည်။
ဗုဒ္ဓဘာသာ စည်ပင်ကြွယ်ဝလာမှုက ကြမ္မာအမြောက်အများ စုစည်းနိုင်ခွင့်ပြုထား၏။ ထို့ကြောင့် တန်ပြန်သက်ရောက်မှုကလည်း ပြင်းထန်လှပြီး မျိုးဆက်တူအတွင်း ကျရှုံးမှုများ ဖြစ်ခဲ့ရသည်။ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က တစ်စုံတစ်ခု ဖြစ်ပျက်သွားပြီး ဘာသာရေးတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့သည်မှာ နှမြောစရာကောင်းလှ၏။
သူတော်ကောင်းဗုဒ္ဓရွှေခန္ဓာက ဒိုင်မေးရှင်းအမြင့်မှ အစပြုလာသည်ဟု ကောလဟာလတွေ ရှိခဲ့ဖူးတယ်။
ဒါပေမဲ့ အမှန်ကိုတော့ မသိဘူး…
ကျန်းပိယုက တွေးလိုက်မိသည်။ ထိုဇစ်မြစ်နှင့် ထိုအံ့ဖွယ်ခန္ဓာ သန့်စင်ရေးနည်းစနစ်နောက်ကွယ်ရှိ ကောလဟာလများကြောင့် သူမက အနည်းငယ် ပျာယာခတ်လာမိ၏။
ဗုဒ္ဓဘာသာစည်ပင်ကြွယ်ဝမှု၏ အထွတ်အထိပ်အခါတွင် အံ့မခန်းအရာတစ်ခု ဖြစ်ပျက်ခဲ့ပြီး ဗုဒ္ဓဘာသာဂိုဏ်းမှ မဟာဧကရာဇ် ၁၂၆ ပါး ပေါ်ထွက်ခဲ့သည်။ မျိုးဆက်တစ်ခုအတွင်း ဗုဒ္ဓဘာသာက ဒိုင်မေးရှင်းအနိမ့်ရှိ မဟာဧကရာဇ် အရေအတွက် ၃.၃ ရာခိုင်နှုန်းကို အုပ်စိုးထားခဲ့၏။
ထိုသို့သော မှတ်တမ်းမျိုးက တစ်ခါမှပင် မကြားခဲ့ဖူးပေ။ သို့သော်လည်း နောက်ဖြစ်ရပ်က ပို၍ပင် မှတ်သားဖွယ် ဖြစ်၏။ ထိုဗုဒ္ဓဧကရာဇ် ၁၂၆ ပါးက ဓမ္မဆွေးနွေးပွဲအတွက် စုဝေးပြီး သူတို့ကမ္ဘာနှင့် အင်အားစုများမှ ပါရမီထူးကဲသည့် ဘုန်းတော်ကြီးများကို ဖိတ်ခေါ်ကာ တာအိုကို ဆွေးနွေးခဲ့ကြသည်။
ထိုတွေဆုံပွဲအတွင်း သီအိုရီများ၊ အတွေးအမြင်များ၊ အတွေးအခေါ်များစွာကို ဖန်တီးခဲ့ကြသည်။ ထို့ကြောင့် ကျင့်ကြံရေးနည်းစနစ်နှင့် မန္တန်များစွာလည်း ပေါ်ထွက်လာခဲ့သည်။
ထူးချွန်အပြောင်မြောက်ဆုံးအရာက သူတော်ကောင်း ဗုဒ္ဓရွှေခန္ဓာ ဖန်ဆင်းမှု ဖြစ်၏။ ထိုနည်းစနစ်တွင် အဆင့် ၇မှ ၉.၅၊ မဟာဧကရာဇ် ၁၂၆ ပါးအနက် ထာဝရဧကရာဇ် ၃ပါးတို့ပါရှိနေသည့် ဗုဒ္ဓဘုန်းတော်ကြီးသန်းချီ၏ အတွေးအခေါ်များ ကိန်းအောင်းနေသည်။
ထို့ကြောင့် သူတော်ကောင်း ဗုဒ္ဓရွှေခန္ဓာသည် ဗုဒ္ဓဘာသာ၏ အပြောင်မြောက်ဆုံး လက်ရာတစ်ခုဖြစ်ပြီး ဒိုင်မေးရှင်းအနိမ့်တွင် ပြောစမှတ်တွင်လာသည့် ခန္ဓာသန့်စင်ရေးနည်းစနစ်တစ်ခု ဖြစ်ပေသည်။
ကံဆိုးစွာဖြင့် အစစ်အမှန် ဘုန်းတော်ကြီးများကသာ ထိုနည်းစနစ်ကို ကျင့်ကြံနိုင်ကြ၏။ ဗုဒ္ဓဘာသာအပေါ် စစ်မှန်သည့် ရိုသေကိုင်းရှိုင်းမှုမရှိဘဲ ထိုနည်းစနစ်ကို မကျင့်ကြံနိုင်ကြပေ။
ထိုနည်းစနစ်ကို ကျင့်ကြံခြင်းအတွက် ဗုဒ္ဓဓမ္မအပေါ် နက်နက်နဲနဲနားလည်ဖို့ လိုအပ်ပြီး ထိုနားလည်မှုများမှတဆင့် ရောင်ဝါကို ဖွဲ့စည်းနိုင်သည်။
ထို့ကြောင့် လူတချို့က ဝေဒနာ ရောင်ဝါစက်ဝန်းနှင့် ကရုဏာရောင်ဝါစက်ဝန်းအစရှိသည့် အရာများကို ဖွဲ့စည်းနိုင်ကြသည်။ ထိုရောင်ဝါစက်ဝန်းများကို ဖွဲစည်းပြီးသည့်နောက်တွင် ကျင့်ကြံသူက ထိုရောင်ဝါစက်ဝန်းများ၏ ထူးကဲသည့် ဓမ္မအပေါ် အခြေခံထားသည့် အရင်းအမြစ် သို့မဟုတ် စွမ်းအားကို စုပ်ယူပြီး သူတို့၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်နိုင်ကြသည်။
ထိုပေါင်းစပ်ထားသည့် ရောင်ဝါစက်ဝန်းက ခန္ဓာကိုယ် အရေပြား၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါ၊ ချီသွေးကြော၊ သွေး၊ ဦးနှောက်၊ ဆုံမှတ်နှင့် ဆဲလ်များကို မယုံကြည်နိုင်လောက်ဖွယ်အဆင့်အထိ လေ့ကျင့်ပေးနိုင်သည်။
ကျန်းပိယုက အံ့အားသင့်မှုမှ ပြန်လည်နိုးထလာ၏။ သူမက ဤနေရာတွင် ဒဏ္ဍာရီလာနည်းစနစ်တစ်ခုကို မြင်တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သို့သော်လည်း သူမကို အံ့အားသင့်သွားစေသည်က ဖုန်းဟွမ်အနားတွင် ရောင်ဝါစက်ဝန်းရာချီ ရှိနေခြင်း ဖြစ်၏။
သူ့ဓမ္မနားလည်နိုင်စွမ်းက ဒီလောက်တောင် နက်နဲနေတာလား…
လူတစ်ယောက်က ကောင်းကင်ဘုံ သွေဖယ်လောက်သည့် ပါရမီမျိုး ရှိစေကာမူ ဤရောင်ဝါစက်ဝန်းများကို ဖွဲ့စည်းနိုင်ဖို့အတွက် အချိန်များစွာ လိုအပ်လိမ့်မည်။
မဟုတ်သေးဘူး။ ငါ့ကိုယ်ငါ ထိတ်လန့်နေမိတာပဲ…
ကျန်းပိယုက သုံးသပ်လိုက်သည်။
ဒီရောင်ဝါစက်ဝန်းတွေက မပေါင်းစပ်ခင် လက်တွေ့အဖြစ် ဖွဲ့စည်းဖို့ အရင်းအမြစ် အများကြီး လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာက ဖျက်ဆီးခံလိုက်ရတာ ကြာပြီ။ အဲဒါဆိုတော့ အချိန်တို ပြန်လည်ရှင်သန်လာပြီးတဲ့နောက်မှာ အရင်းအမြစ် အများကြီး ရှိမှာမဟုတ်ဘူး…
ထိုအရာကို သိပြီးသည့်နောက်တွင် သူက ထိုရောင်ဝါစက်ဝန်းများကို အာရုံစိုက်ထားလိုက်ပြီး အများစုက အပြည့်အဝ မဖွဲ့စည်းရသေးသည့် ပုံရိပ်ယောင်များသာ ဖြစ်ကြောင်း သတိထားမိခဲ့သည်။ ကျန်းပိယုက ထိုတွေ့ရှိမှုကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
သူမက တစ်ဖက်လူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ထိုရောင်ဝါစက်ဝန်းအားလုံးကို ဖွဲ့စည်းထားနိုင်ပါက မည်မျှပင် အားကောင်းမည်ဖြစ်ကြောင်း တွေးမကြည့်နိုင်ပေ။
အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် ကျန်းပိယုက ထိုအခြေအနေကို ဖြေရှင်းဖို့ နည်းဗျူဟာကို ထုတ်ပြလိုက်သည်။ သူမက ခန္ဓာကိုယ်လေ့ကျင့်သူ တစ်ယောက် မဟုတ်ပေ။ သို့သော်လည်း ထိပ်သီးကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေဖြင့် ခန္ဓာကိုယ်လေ့ကျင့်သူများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိထားပြီး သူတို့ကြားရှိ ဟာကွက်ကို မည်သို့ဖြေရှင်းရမည်ကို ကောင်းကောင်းသိထားလေသည်။
ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်အထက် အဖြူရောင်နှင့် အဝါရောင်ချပ်ဝတ်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူမ၏ အရှိန်အဝါက တည်ငြိမ်ကာ ငြိမ်းချမ်းသည့် တာအိုသူတော်စင် တစ်ယောက်မှ ပြိုင်ဘက်ကင်း အရှိန်အဟုန်ရှိသည့် စစ်သူကြီးတစ်ယောက်သဖွယ် ပြောင်းလဲသွားသည်။
ထိုစဉ် ဖုန်းဟွမ်က သူ့ခန္ဓာကိုယ်အသက်သွင်းခြင်း ပြီးမြောက်သွားပြီ ဖြစ်၏။ သူက လက်သီးကိုဆုပ်ကာ သွေးကြောထဲမှ စီးဆင်းနေသည့်စွမ်းအားများကို ခံစားကြည့်လိုက်သည်။
နှမြောစရာပဲ…
သူက တွေးလိုက်မိသည်။ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်မှုက တိုတောင်းလှသည့်အတွက် သူ့အနေဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ရာ အရင်းအမြစ်များစွာ စုဆောင်းဖို့ အချိန် မလုံလောက်ခဲ့ပေ။ မဟုတ်ပါက ဓမ္မလေ့လာထားသည့် နှစ်များဖြင့် သူသည် သူတော်ကောင်းဗုဒ္ဓရွှေခန္ဓာကို မယုံကြည်နိုင်လောက်ဖွယ် အနေအထားတစ်ခုအထိ မြှင့်တင်နိုင်လိမ့်မည်။
အခုတော့ ဒီလောက်ပဲပေါ့…
သူက တစ်ဖက်လူကို ကြည့်ပြီးသည့်နောက်တွင် ပြေးဝင်သွားလိုက်သည်။ ထိုစဉ် သူက ကူးပြောင်းလာသကဲ့သို့ သူမရှေ့မှောက် ချက်ချင်းပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ချက် ပေါ်ထွက်လာပြီးသည့်နောက်တွင် လက်သီးချက်ဖြင့် ထိုးခွင်းလိုက်၏။
ဘန်း
ကျန်းပိယုက ခြေလှမ်းရာချီ နောက်ဆုတ်လိုက်ရသော်လည်း သူမ၏ ချပ်ဝတ်က ခြစ်ရာပင် မရှိဘဲ အကောင်းအတိုင်းရှိနေဆဲ ဖြစ်၏။
စိတ်ဝင်စားစရာပဲ။ ဒါက ဘယ်လိုချပ်ဝတ်မျိုးလဲ…
ဖုန်းဟွမ်က ပြေးဝင်သွားလိုက်ပြီးသည့်နောက်တွင် လက်ဝါးတိုက်ကွက်ကို အသုံးပြုလိုက်သည်။ သူက သူ့စွမ်းအားကို ထိန်းချုပ်ပြီး ချပ်ဝတ်ကို ချိုးဖောက်ဖို့ အသုံးပြုလိုက်သည်။ သို့သော်လည်း သူ့ကို အံ့အားသင့်သွားစေသည်က ချပ်ဝတ်သည် သူ့ခွန်အား၏ ထိုးဖောက်မှုကို တားဆီးထားလေ၏။
ဖုန်းဟွမ်က မရပ်တန့်သေးဘဲ နောက်ထပ် စက္ကန့်ပိုင်းအတွင်း လက်သီးထရီလီယံပေါင်းဖြင့် တိုက်ခိုက်ခဲ့သည်။ သူ့လက်သီးချက်က မြန်ဆန်လွန်းလှသည့်အတွက် လှုပ်ရှားနေသည့်ဟန်ပင် မပေါ်ပေ။
ထိုစဉ် ကျန်းပိယုက လက်တုံ့ပြန်ဖို့ ကြိုးစားနေ၏။ သို့သော်လည်း သူတို့ရုပ်ပိုင်းဆိုင်ရာအရ ကွာဟချက်များစွာ ရှိနေလေသည်။ အထူးသဖြင့် အရှိန်နှင့် တုံ့ပြန်ချိန် ဖြစ်၏။
မြေဆွဲအား
မြေဓာတ်တာအိုဖြင့် သူမက မြေဆွဲအားကို ထိန်းချုပ်ပြီး သာမန်မြေဆွဲအားထက် ထရီလီယံပေါင်းများစွာ ပိုများသည့် မြေဆွဲအားလှိုင်းကို ဖန်တီးခဲ့သည်။ သူမက ပြန်လည်တုံ့ပြန်နိုင်ဖို့ရာအတွက် သူ့ကို တွန်းထုတ်လိုက်ချင်သည်။
သို့သော်လည်း ဖုန်းဟွမ်အနေနှင့် သူ့လက်သီးချက် တစ်ချက်က ထိုကြောက်မက်ဖွယ် မြေဆွဲအားကို ရေထဲ နစ်ဝင်သွားသလိုမျိုး ထိုးဖောက်သွား၍ သူမ၏ ကြိုးစားမှုကို လျစ်လျူရှုထားလေ၏။
ဒီအရာက ဒီလောက်တောင် မာကြောတယ်လား…
ဖုန်းဟွမ်က သူ့လက်သီးချက်ဖြင့် ဖန်တီးထားသည့် အက်ကြောင်းလေးကို မြင်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။ အထိခိုက်နှုန်းက မတည်ရှိလုနီးပါး ဖြစ်နေသည်။ ပြောရလျှင် အက်ကြောင်းက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွား၏။
ကံကောင်းစွာဖြင့် သူက တစ်စုံတစ်ခုကို ရရှိခဲ့သည်။ သူက ထိုနည်းစနစ်၏ ထူးခြားမှုကို သင်ယူခဲ့ရ၏။
တာအိုဘာသာက စကြဝဠာထဲမှာရှိတဲ့ အရာအားလုံးက ဓာတ်ငါးပါးကနေ အစပြုလာတယ်ဆိုပြီးတော့ ယုံကြည်ကြတယ်။ ကျန်းပိယုက ဒီအတွေးအခေါ်ကို အသုံးပြုပြီးတော့ အမာကြောဆုံးသတ္တုကို ဖန်တီးထားတာပဲ။ ဒီလိုသတ္တိမျိုးက တာအိုလက်နက်အဆ့င်လောက်ထိ ရောက်ရှိနေပြီ…
တကယ်လို့ သူမက ပွင့်ချပ် ၇လွှာ စွမ်းအားနဲ့သာ အကန့်သတ်ခံမထားရရင် ဒီသတ္တုရဲ့ မာကြောနှုန်းနဲ့ သိပ်သည်းနှုန်းက ဧကရာဇ်အဆင့်အထိ ရောက်ရှိသွားနိုင်တယ်…
ဖုန်းဟွမ်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ဓာတ်ငါးပါးတာအိုကို ဤသို့သတ္တုမျိုး ဖန်တီးနိုင်လောက်အောင် ကျင့်ကြံထားသည့် အစစ်အမှန် ကောင်းကင်ရွေးချယ်ခံ ရှိလားဟု စဉ်းစားမိလာသည်။
ဒါမှမဟုတ် ကျန်းပိယုကို ပူးကပ်ထားတဲ့ လူရဲ့ ရလဒ်ကြောင့်လား…
ထိုမေးခွန်း၏ အဖြေက သတ္တုအဆင့် မဟုတ်ဘဲ ထိုအဆင့်ကို ထာဝရအရှင်စွမ်းအားဖြင့် ရရှိနိုင်သည့် လူသာ ဖြစ်၏။ ထိုသို့ဖြစ်ပျက်နိုင်ချေက အလွန်တရာ နည်းပါးလွန်းလှသည်။
အဲဒါဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ဧကရာဇ်အဆင့် ဖြစ်ရမယ်။ အနည်းဆုံးတော့ သူတို့က အားကောင်းတဲ့ ဆန့်ကျင်ကျင့်ကြံသူ ဖြစ်နိုင်တယ်…
ဖုန်းဟွမ်က တချို့သော ဧကရာဇ်များသည် သူတို့၏ မျိုးဆက်များကို အသုံးပြုကာ ပြန်လည်ရှင်သန်လာနိုင်ကြောင်း သိထားလေ၏။ သို့သော်လည်း သူ့မျက်ဝန်းထဲတွင် ကျန်းပိယု၏ ခန္ဓာကိုယ်မှ မည်သည့်အမှတ်အသားကိုမှ အာရုံမခံမိပေ။ ထို့ကြောင့် ထိုနည်းလမ်းကို လျစ်လျူရှုထားလိုက်၏။
ကောင်းပြီလေ။ ငါက ဒီသတ္တုကို ဖြေရှင်းမဲ့ နည်းလမ်းတွေ့ထားပြီဆိုတော့ ပြဿနာ မဟုတ်တော့ပါဘူး