← Chapters

ရန်ချင်းဟူ

Vol. 33 Ch. 445

ရန်ချင်းဟူ

Vol. 33 Ch. 445

လီဖူချန်းဟာ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိခဲ့ပြီး အထက်ကောင်းကင်ဘုံ ဓားဆန္ဒကို နားလည်အသုံးပြုနိုင်စွမ်း ရှိလာခဲ့ပေမဲ့လည်း နေဝန်းစိမ်း ဓားဆန္ဒ ဘက်မှာတော့ ဘာမှ တိုးတက်လာခြင်း မရှိပါဘူး။

လီဖူချန်းက သည်လို အခြေအနေကို မျှော်လင့်ပြီးသားပါပဲ။ မဟုတ်လို့ကတော့ နေဝန်းစိမ်း ဓားဆန္ဒဆိုပြီး နာမည်တွင်နေစရာ အကြောင်းမရှိပါဘူး။ တကယ်လို့သာ နေဝန်းစိမ်း ဓားဆန္ဒကို သေသေချာချာ နားလည် အသုံးပြုနိုင်ခဲ့မယ် ဆိုရင် ထွက်ပေါ်လာမယ့် စွမ်းအားဟာ အရမ်းကြောက်စရာ ကောင်းမှာ သေချာပါတယ်။

ပြီးတော့ နေဝန်းစိမ်း ဓားဆန္ဒဟာ ဓားကွက် ဆိုပြီး သတ်သတ်မှတ်မှတ် မရှိသလို အသုံးပြုတဲ့ နေရာမှာလည်း သတ်သတ်မှတ်မှတ် မရှိပါဘူး။ သည်ဓားဆန္ဒကို တိုက်ခိုက်တဲ့ နေရာမှာကော ခုခံတဲ့ နေရာမှာပါ အသုံးချလို့ ရပါတယ်။

အထက်ကောင်းကင်ဘုံ ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဓားဆန္ဒကို တစ်ကိုယ်လုံး လွှမ်းခြုံစေပြီး အကာအကွယ်အဖြစ် သုံးဖို့ စမ်းကြည့်ခဲ့ ပါသေးတယ်။ ဒါပေမဲ့ အထက်ကောင်းကင်ဘုံ ဓားဆန္ဒရဲ့ ခုခံနိုင်မှုအပိုင်းက သိပ်မကောင်းပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အထက်ကောင်းကင်ဘုံ ဓားဆန္ဒဟာ တိုက်ခိုက်မှုသီးသန့် အမျိုးအစား ဖြစ်နေတဲ့အတွက် ကြောင့်ပါပဲ။

“ကြည့်ရတာတော့ ငါ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒက အပြည့်အဝ ဖွံ့ဖြိုးဖို့ လိုအပ်နေပြီ ထင်ပါရဲ့”

လီဖူချန်းက နေဝန်းစိမ်း ဓားဆန္ဒနဲ့ ပတ်သက်ပြီး စဉ်းစားလိုက်မိပါတယ်။

နေဝန်းစိမ်း ဓားဆန္ဒရဲ့ စွမ်းအားဟာ အသုံးပြုသူရဲ့ နားလည် သဘောပေါက်မှုနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ နေဝန်းစိမ်း ဓားဆန္ဒနဲ့ ပတ်သက်ပြီး ပိုနားလည် သဘောပေါက်လေလေ ပိုအားကောင်းတဲ့ နေဝန်းစိမ်း ဓားဆန္ဒကို ပိုင်ဆိုင်လေလေပါပဲ။ အခု သူဟာ နေဝန်းစိမ်း ဓားဆန္ဒကို အသုံးပြုနိုင်တယ် ဆိုပေမဲ့ အဲဒါက နေဝန်းစိမ်း ဓားဆန္ဒရဲ့ အမြင့်ဆုံးအခြေအနေ မဟုတ်သေးပါဘူး။

စဉ်းစားနေရင်းနဲ့ လီဖူချန်းဟာ နေဝန်းစိမ်း ဓားဆန္ဒနဲ့ ပတ်သက်ပြီး ဉာဏ်အလင်း ပွင့်သွားခဲ့ပါတယ်။

နေဝန်းစိမ်း ဓားဆန္ဒမှာ အရေးအကြီးအဆုံးက ဓားဆန္ဒပါပဲ။ ဒါကိုသူက နေဝန်းစိမ်း ဓားဆန္ဒကို ပြီးပြည့်စုံအောင် မလေ့လာဘဲနဲ့ ဓားကွက်တွေကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။

သည်နေဝန်းစိမ်း ဓားဆန္ဒက ဓားကွက်တွေ တီထွင်နေစရာ မလိုပါဘူး။ နေဝန်းစိမ်း ဓားဆန္ဒက အပြီးပြည့်စုံဆုံး အခြေအနေ တစ်ခုကို ရောက်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဓားကွက်တွေဟာ အလိုလို ဖြစ်ပေါ်လာမှာပါပဲ။ နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းမှာက လှုပ်ရှားမှုတိုင်းဟာ ဓားကွက်ပဲလို့တောင် ဆိုထားတာ မဟုတ်ပါလား။

သူက ဓားကွက်တွေ တီထွင်ဖို့ စကြိုးစားကတည်းက လမ်းမှားကို ရောက်သွားခဲ့ပါပြီ။ တော်သေးတာကတော့ အဲသည် လမ်းမှားကနေ ပြန်ကွေ့လာလို့ ရနေသေးတာပါပဲ။

“နေဝန်းစိမ်း ရုပ်ပုံကားချပ် လာစမ်း”

လီဖူချန်းရဲ့ စိတ်နယ်ပယ် ထဲမှာတော့ နေဝန်းစိမ်း ဓားဆန္ဒရဲ့ ကျင့်ကြံခြင်း ရုပ်ပုံကားချပ်တွေ ပေါ်လာခဲ့ပါပြီ။ အဲသည်နောက်မှာတော့ သူဟာ ပထမ ရုပ်ပုံကားချပ်ကနေ စပြီး သေသေချာချာ ပြန်လေ့လာ ဆန်းစစ်လိုက်ပါတယ်။ သူဘာတွေများ မှားခဲ့သလဲ ဆိုတာကိုပေါ့။

လေ့လာဆန်းစစ် ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အတွေး မှန်ကန်တယ်ဆိုတာ ပိုသေချာ သွားခဲ့ပါတယ်။ သူ့ရဲ့ နေဝန်းစိမ်းဓားဆန္ဒဟာ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။

ဒါက သူ့ရဲ့ စမှတ်ဟာ မှန်ကန်နေခဲ့ပြီး နောက်ပိုင်းမှာ လမ်းမှန်ကနေ သွေဖည်သွားတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

စမှတ်ဟာ နေဝန်းစိမ်း ဓားဆန္ဒ ဘယ်အဆင့်မှာ အဆုံးသတ်မလဲ ဆိုတာကို သတ်မှတ်ပေးနိုင် ပါတယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ စမှတ်ဟာ နိမ့်နေခဲ့မယ်ဆိုရင် အဲသည်နေဝန်းစိမ်း ဓားဆန္ဒဟာ မြေကမ္ဘာ အဆင့်နိမ့် ဓားဆန္ဒ အဆင့်မှာပဲ အဆုံးသတ်သွားမှာ ဖြစ်ပြီး စမှတ်ဟာ မြင့်နေခဲ့မယ် ဆိုရင်တော့ အဲသည်နေဝန်းစိမ်း ဓားဆန္ဒဟာ မြေကမ္ဘာ အလယ်အလတ် အဆင့်မှာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

လီဖူချန်းကတော့ တခြားလူတွေနဲ့ မတူပါဘူး။ သူ့ရဲ့ နေဝန်းစိမ်းဓားဆန္ဒ စမှတ်ဟာ မထင်မှတ်ထား ရလောက်အောင်ကို မြင့်ပါတယ်။ ဒါပေမဲ့ နှမြောစရာ ကောင်းတာကတော့ သူဟာ လမ်းတစ်ဝက်မှာ လမ်းမှားသွားတာပါပဲ။ ဒါကြောင့်လည်း သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒဟာ လိုအပ်မှုတွေ ရှိနေသေးတာပါ။

အဲဒါကတော့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုကိုပဲ အပြစ်ဆိုရမှာ ဖြစ်ပါတယ်။ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုက အရမ်းကို ကောင်းလွန်းနေတဲ့ အတွက် နေဝန်းစိမ်း ဓားဆန္ဒနဲ့ ပတ်သက်ပြီး အချိန်ကြာကြာ စဉ်းစားဆင်ခြင်စရာ မလိုခဲ့ပါဘူး။ အဲသည်လို နေဝန်းစိမ်း ဓားဆန္ဒကို အချိန်တိုအတွင်းမှာ နားလည်သဘောပေါက် သွားခဲ့တဲ့အတွက် လီဖူချန်းဟာ အချို့ အချက်အလက်တွေကို ကျော်သွားမိခဲ့တာပါ။ ဒါပေမဲ့လည်း သိပ်ပြီးတော့ စိတ်ပူစရာ မလိုပါဘူး။ သည်ပြဿနာက အချိန်နည်းနည်း ပေးလိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ်။

နေဝန်းစိမ်း ဓားဆန္ဒကို ပြီးပြည့်စုံအောင် လုပ်ရတာက တစ်ထိုင်တည်းနဲ့ လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ အဲသည်အတွက် သည်တစ်ခါမှာတော့ လီဖူချန်းဟာ စိတ်မလောဘဲ အေးအေးဆေးဆေးသာ နေဝန်းစိမ်း ဓားဆန္ဒကို စဉ်းစားဆင်ခြင် ပါတော့တယ်။ တစ်ဖက်မှာလည်း သူက မီးလျှံအင်းကွက်ကို လေ့လာခဲ့ပါသေးတယ်။

အချိန်အတိုင်းအတာ တစ်ခုအထိ အရောက်မှာတော့ လီဖူချန်းဟာ မီးလျှံအင်းကွက်ရဲ့ ၆၅ရာခိုင်နှုန်းကို နားလည်သဘောပေါက် သွားခဲ့ပါပြီ။

မီးလျှံအင်းကွက်ရဲ့ နောက်ပိုင်းအပိုင်းတွေဟာ နားလည် သဘောပေါက်ဖို့အတွက် ခဲယဉ်းလွန်း လှပါတယ်။ ဒါပေမဲ့လည်း အဲဒါက လီဖူချန်းအတွက် ပြဿနာ မဟုတ်ခဲ့ပါဘူး။ လီဖူချန်းက မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ အချိန်အတွင်းမှာ မီးလျှံ အရိုးတည်ဆောက်ပုံရဲ့ ၆၅ရာခိုင်နှုန်းကို လေ့လာနိုင်ခဲ့တာပါ။

အဲသည် အချက်နဲ့တင် လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ ဘယ်လောက်ကြောက်စရာ ကောင်းနေပြီလည်း ဆိုတာကို သိနိုင်နေပါပြီ။

မီးလျှံအင်းကွက်ကို ၆၅ရာခိုင်နှုန်းအထိ နားလည်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မီးလျှံနှလုံးသားဟာ နောက်ထပ် အဆင့်တစ်ခုကို တက်သွားခဲ့ပါတယ်။

တကယ်လို့ အခုချိန်မှာသာ လီဖူချန်း အနေနဲ့ ရှင်းတိကောဝမ်နဲ့ ပြန်တွေ့ခဲ့မယ်ဆိုရင် သူ့ရဲ့ မီးလျှံနှလုံးသားဟာ ရှင်းတိကောဝမ်ရဲ့ အထွတ်အထိပ် မဟူရာ နတ်ဆိုးမိုးကြိုးကို ဖိနှိပ်နိုင်မှာ အသေအချာပါပဲ။

***

တိုက်ပွဲတစ်ရာ စစ်မြေပြင်မှာ အောင်ပွဲရပြီးတဲ့ နောက်မှာတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဟာ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့အတွက် စတင် လုပ်ဆောင်ကြပါတယ်။

သည်လို ပြန်လည်သိမ်းယူတဲ့ အချိန်မှာတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ ခက်ခက်ခဲခဲ ပြန်မသိမ်းယူခဲ့ ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိစ္ဘာတာအို အင်အားစုတွေကော နတ်ဆိုးဆယ်ပါး နယ်မြေကပါ အလိုက်တသိနဲ့ သူတို့ရဲ့ အင်အားတွေကို ပြန်ရုပ်သိမ်း သွားလို့ပါပဲ။

သူတို့အနေနဲ့ အင်အားတွေကို မရုပ်သိမ်းပေးလို့လည်း မရပါဘူး။ တကယ်လို့ သူတို့က အင်အားတွေကို ပြန်မရုပ်သိမ်း ပေးဘူးဆိုရင် အဲဒါက လီဖူချန်းရဲ့ ဒေါသတွေကို သွားဆွရာ ရောက်သွားပါလိမ့်မယ်။ လီဖူချန်းဒေါသ ထွက်လာရင် ဘာတွေဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ လီဖူချန်းက သူ့ရဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ တပ်ဖွဲ့နဲ့ အရှေ့တိုင်းယူနီကွန်း တစ်တိုက်လုံးကို သိမ်းသွားတာမျိုးလည်း ဖြစ်ရင် ဖြစ်သွားမှာပါ။ အဲသည် အဖြစ်မျိုးကိုတော့ မိစ္ဆာတာအို အင်အားစုကော နတ်ဆိုးဆယ်ပါး နယ်မြေကပါ မလိုချင်တာ အမှန်ပါပဲ။ သူတို့က အခုအချိန်မှာ သူတို့ရဲ့ အင်အားကို ပြန်လည် တည်ဆောက်ဖို့အတွက် အချိန်လိုပါတယ်။

***

ကောင်းကင် နတ်ဆိုးဂိုဏ်း ...

တစ်ချိန်တုန်းက ကောင်းကင် နတ်ဆိုးဂိုဏ်း အခြေချခဲ့တဲ့ နေရာမှာတော့ ကောင်းကင် နတ်ဆိုးခန်းမက အစားထိုး ဝင်ရောက်နေခဲ့ပါပြီ။

မိစ္ဘာတာအို အင်အားစုရဲ့ အရှုံးဟာ ကောင်းကင်နတ်ဆိုး ဂိုဏ်းခန်းမကို မုန်တိုင်းထန်စေ ခဲ့ပါတယ်။

အခုဆိုရင် ကောင်းကင်နတ်ဆိုး ခန်းမမှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေခဲ့ပါပြီ။ ရန်ကလန် ဦးဆောင်တဲ့ အဖွဲ့ကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ လက်အောက်ကို ခိုဝင်ဖို့ လိုလားနေကြပြီး ကောင်းကင်နတ်ဆိုး ခန်းမသခင် လီရှင်းထန် ဦးဆောင်တဲ့ အဖွဲ့ကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ လက်အောက်ကို ပြန်ခိုဝင်ဖို့ မလိုလားကြပါဘူး။

လီရှင်းထန်အနေနဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ လက်အောက်ကို ပြန်မသွားချင်ရခြင်း အကြောင်းကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ အပြစ်ပေးခြင်း ခံရမှာကို ကြောက်လို့ မဟုတ်ပါဘူး။

သူတို့က ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို သစ္စာဖောက်ခဲ့တဲ့ အပြင် မိစ္ဆာတာအို အင်အားစု လက်အောက်ကိုလည်း ခိုဝင်ခဲ့ပါသေးတယ်။ သာမန်အားဖြင့်တော့ အဲဒါက တကယ့် အပြစ်ကြီး တစ်ခုပါပဲ။ ဒါပေမဲ့လည်း သူ့အနေနဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို အဲသည်တုန်းက အခြေအနေတွေနဲ့ ပတ်သက်လို့ အကျိုးအကြောင်း ရှင်းပြပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ပေးအောင် အသနားခံလို့ ရနိုင်ပါတယ်။ ပြီးတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ သူတို့ကို အပြစ်ပေးမယ် ဆိုရင်တောင်မှ သေဒဏ်ပေးမှာ မဟုတ်ပါဘူး။

လီရှင်းထန်အတွက် အဓိက ပြဿနာက လီဖူချန်းပါပဲ။ လီဖူချန်းက အခုဆိုရင် အရှေ့ယူနီကွန်း တစ်တိုက်လုံးကိုတောင် လွှမ်းမိုးချုပ်ကိုင် နိုင်တဲ့သူ ဖြစ်နေပါပြီ။

အဲသည်အတွက် သူက လီဖူချန်း လက်တုံ့ပြန်မှာကို ကြောက်ပါတယ်။ သူက လီဖူချန်းကို သတ်ဖြတ်ဖို့အတွက် ပေါ်တင်ကော ပုန်းလျှိုးကွယ်လျှိုးပါ ကြိုးပမ်းခဲ့သူပါ။ အဲဒါတွေကြောင့် လီဖူချန်းက သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ပါဘူး။ လီရှင်းထန်အနေနဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ လက်အောက်ကို ပြန်ခိုဝင်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ကိုဆီးပြီး သတ်မှာ အသေအချာပါပဲ။

ဒါပေမဲ့ ရန်ကလန်ကတော့ လီဖူချန်းနဲ့ ပတ်သက်ပြီး ကြောက်စရာ မရှိပါဘူး။ သူတို့ဟာ လီဖူချန်းနဲ့ သိလည်း မသိသလို ရန်ငြိုး၊ရန်စလည်း မရှိတဲ့သူတွေ ဖြစ်ပါတယ်။ အဲသည် အတွက်ကြောင့်လည်း ရန်ကလန်ဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို ပြန်ချင်နေတာပါ။ ပြီးတော့ ရန်ကလန်က အခြားသော ကလန်တွေကိုလည်း စည်းရုံး ထားပါသေးတယ်။

မိစ္ဆာတာအို အင်အားစုထက် စာရင်တော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဟာ ပိုပြီး သမာသမတ် ကျပါတယ်။ ဘယ်သူမှတော့ သည်လို မိစ္ဆာတစ်ပိုင်း ဖြစ်နေတဲ့ မိစ္ဆာတာအို အင်အားစုရဲ့ လက်အောက်မှာ ကြောက်ရွံ့ပြီး မနေသွားချင်ပါဘူး။

- ကောင်းကင်နတ်ဆိုးခန်းမ၊ အဓိက ပင်မခန်းဆောင် -

လီရှင်းထန်က သူ့ရဲ့ရှေ့မှာရှိနေတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးကို ခက်ထန်စွာ ပြောလိုက်ပါတယ်။

“ရန်ပိုင်ထျန်း ... ငါတို့တွေက ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ကို သစ္စာဖောက်ခဲ့ပြီးပြီ။ တကယ်လို့ ငါတို့ ပြန်သွားရင် သူတို့က လက်ခံလိမ့်မယ်လို့ မင်းတကယ်ကြီး ထင်နေတာလား”

ရန်ကလန်ခေါင်းဆောင် ရန်ပိုင်ထျန်းက ပခုံးတွန့်လိုက်ပြီး

“ဘယ်သိမလည်းကွ။ ဒါပေမဲ့ သည်ခွေးသူတောင်းစား မိစ္ဆာကောင်တွေရဲ့ လက်အောက်မှာ နေရတာထက် အများကြီး ကောင်းတယ်လို့ ငါထင်တာပဲ။ ပြီးတော့ အဲသည်တုန်းက ငါတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူးလေ”

“ဒါဆို မင်းက ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို ပြန်ဖို့ ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးပေါ့”

လီရှင်းထန်က ဒေါသတကြီးနဲ့ မေးလိုက်ပါတယ်။

ရန်ပိုင်ထျန်းကတော့ ဆုံးဖြတ်ချက် တစ်ခုကို သေသေချာချာ ချထားပြီးတဲ့ ပုံပါပဲ။

“အေး”

ရန်ပိုင်ထျန်းက လီရှင်းထန်အနေနဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို ဘာကြောင့် မပြန်ချင်ရသလဲ ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ ကံကောင်းတာ တစ်ခုကတော့ လီဖူချန်းကို သတ်ဖို့ ကြိုးစားထားတာက လီရှင်းထန် ဖြစ်နေပြီး သူတို့ရဲ့ ရန်ကလန် မဟုတ်တာပါပဲ။ အဲသည်အတွက် သူက လီဖူချန်းနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာ မရှိပါဘူး။

“သတ်တော့”

လီရှင်းထန်က ကောင်းကင်နတ်ဆိုး ခန်းမရဲ့ နံပါတ်တစ် ပညာရှင်ဖြစ်သူ လီဖိန်းပိုင်ကို မျက်လုံးနဲ့ အချက်ပြ လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

လီဖိန်းပိုင် ဦးဆောင်တဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေဟာ ကောင်းကင် နတ်ဆိုးခန်းမ ပင်မခန်းဆောင် တစ်ခုလုံးကို ချီအရှိန်အဝါတွေနဲ့ ဖိနှိပ်ထားလိုက်ပါပြီ။ ပင်မခန်းဆောင် တစ်ခုလုံးကတော့ ပြိုကျ ပျက်စီးတော့မယ့် ပုံပါပဲ။

“ဟမ့် ... မင်းတို့ကများ”

ရန်ပိုင်ထျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပါတယ်။ သူက အခုချိန်အထိကို မလှုပ်ရှားသေးပါဘူး။ အဲသည်အချိန်မှာပဲ သူ့ရဲ့ ဘေးနားမှာ ရှိနေတဲ့ မိန်းမငယ်လေးက လှုပ်ရှားလာခဲ့ပါတယ်။

အဲသည် မိန်းမငယ်လေးကတော့ အလင်းကကြိုး နတ်မိမယ် ရန်ချင်းဟူပါပဲ။

“သေကြစမ်း”

ရန်ချင်းဟူက သူ့ရဲ့ လခြမ်းကွေး ဆေဘာကို ထုတ်ယူလိုက်ကြီး အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ပါတယ်။

လေထုထဲမှာတော့ အနက်ရောင် ဓားအလင်းတန်းတွေဟာ အနက်ရောင် ပိုးကြိုးတွေနဲ့ ပြုလုပ်ထားတဲ့ ပိုက်ကွန်ကြီး တစ်ခုလို ဖြစ်သွားပါပြီ။

ရွပ် ... ရွပ် ... ရွပ် ... ရွပ် ...

လီရှင်းထန်နဲ့ ကောင်းကင်နတ်ဆိုး ခန်းမက အထွတ်ခေါင်ချုပ် အကြီးအကဲတွေဟာ အပိုင်းပိုင်း ပြတ်ပြီး သေဆုံးသွားကြပါတယ်။ သူတို့ကို ကြည့်ရတာက သေလို့ သေသွားမှန်းတောင် သိလိုက်ပုံ မရပါဘူး။

“ရန်ချင်းဟူ ... မင်း ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီလား”

လီဖိန်းပိုင်က အနက်ရောင် ဓားအလင်းတန်းတွေကို ခုခံနေရင်းနဲ့ မေးလိုက်ပါတယ်။

သည်မြေခွေးမက ဘယ်အချိန် ကတည်းကနေ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်နေတယ် မသိပါဘူး။ သူက သူ့ရဲ့ ချီအရှိန်အဝါတွေကို ကောင်းကင် နယ်ပယ်မှာပဲ ထားပြီး အားလုံးကို လှည့်စား ထားခဲ့ပါတယ်။

ရန်ချင်းဟူက ဘာမှ ပြန်မဖြေခဲ့ပါဘူး။ သူက အဲသည်အစား ဓားကိုပဲ လှုပ်ရှားလိုက်ပါတယ်။

ဘုတ် ...

ဦခေါင်းတစ်လုံးက ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာခဲ့ပါပြီ။ အဲသည်ဦးခေါင်းရဲ့ ပိုင်ရှင်ကတော့ လီဖိန်းပိုင်ပါပဲ။

“ချင်းဟူ ... သမီးရဲ့ အစွမ်းတွေက ထပ်တိုးလာပြန်ပြီလား”

ရန်ပိုင်ထျန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး မေးလိုက်ပါတယ်။ သူက သူ့သမီး အကြောင်းကိုတောင် သေသေချာချာ သိနိုင်စွမ်း မရှိတော့ပါဘူး။

ကြယ်ကံကြမ္မာ တောင်ထိပ်ပေါ်က ကျားနဂါးပြိုင်ပွဲ ပြီးကတည်းက ရန်ချင်းဟူဟာ ပြောင်းလဲလာတယ် ဆိုတာကို သူ သတိပြုမိပါတယ်။ ရန်ချင်းဟူက သူ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီလို့ ပြောတုန်းကဆိုရင် သူက ဘယ်လိုမှ မယုံနိုင်ခဲ့ပါဘူး။

သူ့သမီးဖြစ်သူရဲ့ ပြောင်းလဲခြင်းက ကံကောင်းတာလား ဒါမှမဟုတ် ကံဆိုးတာလား ဆိုတာကိုလည်း သူ မဝေခွဲနိုင်တော့ပါဘူး။ တစ်ခတရံမှာဆိုရင် ရန်ချင်းဟူက သူ့သမီးကော ဟုတ်သေးရဲ့လား ဆိုပြီး သံသယ ဝင်မိပါသေးတယ်။

“ချင်းဟူ ... သမီး အဖေတို့နဲ့အတူ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ကို ပြန်လိုက်ခဲ့မှာလား”

ရန်ပိုင်ထျန်းက ခပ်တိုးတိုး မေးလိုက်ပြန်ပါတယ်။

ရန်ချင်းဟူက ခေါင်းခါလိုက်ပြီး

“မလိုက်တော့ဘူး။ သမီးမှာ လုပ်စရာနည်းနည်း ရှိနေသေးတယ်”

“ဟုတ်ပြီလေ။ အရာရာကို သတိထားဖို့ကိုလည်း မမေ့လိုက်နဲ့ဦး”

ရန်ပိုင်ထျန်းက သူ့ရဲ့ သမီးချောဖြစ်သူကို သတိပေး လိုက်ပါတယ်။

ရန်ချင်းဟူကတော့ ရန်ပိုင်ထျန်းရဲ့ စကားကို မကြားလိုက်ပုံပါပဲ။ သူက အဝေးကို ကြည့်နေပြီး အတန်ကြာမှ

“အဖေ ... မစိုးရိမ်ပါနဲ့။ သမီးက အဖေ့ရဲ့ သမီး ရန်ချင်းဟူ ဖြစ်နေတုန်းပါပဲ။ သမီးရဲ့ စိတ်ထဲမှာ တစ်ခုခု ရှိနေလို့ပါ”

“ဟုတ်ပြီလေ”

ရန်ပိုင်ထျန်းက ပြုံးပြလိုက်ပါတယ်။ သူက ဘာမှ ဆက်ပြီး မပြောတော့ပါဘူး။ သူ့ရဲ့ သမီးဖြစ်သူက သူ့ကို လိမ်ညာမယ့်သူမျိုး မဟုတ်ဘူးဆိုတာကို သူသိပြီးသားပါပဲ။ ရန်ချင်းဟူက လုပ်စရာ ရှိနေတယ်လို့ ပြောမှတော့ တကယ် လုပ်စရာ ရှိနေတာပဲ ဖြစ်ရပါမယ်။

“လီဖူချန်း ... မင်းက ငါ့သမီးလိုမျိုး မဟာ ကံကောင်းမှုတွေနဲ့ ကြုံခဲ့ရလို့များ အခုလို အစွမ်းထက်လာတာလား”

ရန်ပိုင်ထျန်းက လီဖူချန်းအကြောင်းကို တွေးလိုက်မိပါသေးတယ်။ လီဖူချန်းရဲ့ တိုးတက်မှုကလည်း သူ့ရဲ့ သမီးဖြစ်သူ ရန်ချင်းဟူလိုပင် ထူးဆန်းနေတာ မဟုတ်ပါလား။

***

- နတ်စမ်းရေတောင်ကြား၊ ဥတုနှစ်လီ တောင် -

နတ်စမ်းရေတောင်ကြား နယ်မြေဒေသ ကတော့ အရှေ့ယူနီကွန်း တစ်တိုက်လုံးမှာ အလှဆုံး နယ်မြေလို့တောင် သတ်မှတ်နိုင်ပါတယ်။ သည်နယ်မြေမှာရှိတဲ့ တောင်တွေကလည်း ခြွင်းချက်မရှိ အလှဆုံးပါပဲ။

ဥတုနှစ်လီတောင်ကတော့ နတ်စမ်းရေတောင်ကြား အခြေချတဲ့ နေရာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နတ်စမ်းရေ တောင်ကြားနဲ့ သိပ်မဝေးတဲ့အတွက် ဂိုဏ်းတော်က သည်တောင်ကို အကာအကွယ် ပေးထားပါတယ်။

သည်နေ့မှာတော့ ဥတုနှစ်လီ တောင်ပေါ်မှာ လက်ဖက်ရည် ပွဲတော်တစ်ခု ကျင်းပနေပါတယ်။

လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် ဦးစီးကျင်းပသူ ကတော့ လီဖူချန်းပါပဲ။ စုမုယူ၊ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ အပြင် လီဖူခချန်းသိတဲ့ အခြားသော ထွတ်ခေါင်ပါရမီရှင် အချို့ဟာ သည်လက်ဖက်ရည် ပွဲတော်ကို တက်ရောက်လာခဲ့ ကြပါတယ်။ ပြီးတော့ လီဖူချန်းမသိတဲ့ ပါရမီရှင် အများအပြားဟာလည်း သည်လက်ဖက်ရည် ပွဲတော်ကို တက်ရောက်လာကြ ပါသေးတယ်။

အခုဆိုရင် လီဖူချန်းဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင် ဖြစ်သလို သမိုင်းတစ်လျှောက် ကြောက်စရာ အကောင်းဆုံး ပါရမီရှင်ဆိုတဲ့ ဘွဲ့ထူးကိုလည်း ရထားပြီးခဲ့ပါပြီ။ အဲသည်အတွက် လူငယ် ပါရမီရှင်တိုင်းဟာ သူဦးဆောင်ကျင်းပတဲ့ လက်ဖက်ရည် ပွဲတော်ကို တက်ရောက်ချင်တာလည်း မထူးဆန်းလှပါဘူး။

လီဖူချန်းကလည်း မောက်မာတဲ့ လူမျိုး မဟုတ်တဲ့အတွက် လက်ဖက်ရည် ပွဲတော်ကို တက်ရောက်ဖို့ ရောက်လာတဲ့ လူငယ်အားလုံးကို လက်ခံလိုက်ပါတယ်။ သူက သည်လူငယ် ပါရမီရှင်တွေထဲကနေ လက်ရွေးစင်အချို့ ရွေးထုတ်ပြီး အရှေ့ယူနီကွန်းတိုက်ရဲ့ အနာဂတ် ထောက်တိုင်တွေ အဖြစ် အထောက်အပံ့ပေးဖို့ သည်လက်ဖက်ရည် ပွဲတော်ကို ကျင်းပခဲ့တာ မဟုတ်ပါလား။

လီဖူချန်းက စိတ်ကောင်းစေတနာ အရမ်းရှိတဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သူက သည်လူငယ် ပါရမီရှင်တွေကို ကြည့်ပြီး နှမြောသလို ခံစားရပါတယ်။

တကယ်လို့သာ သည်ထွတ်ခေါင် ပါရမီရှင်တွေ အနေနဲ့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးရဲ့ ခရမ်းပန်း နိုင်ငံတော်ကို ရောက်သွားခဲ့မယ် ဆိုရင် ပထမတန်းစား ပါရမီရှင်တွေ အဖြစ် သတ်မှတ်ခံရပြီး သေသေချာချာ ပြုစုပျိုးထောင်ပေးခံရမှာ အသေအချာပါပဲ။

လူတွေအားလုံး ဆုံပြီလို့ ထင်ရလောက်တဲ့ အချိန်မှာတော့ လီဖူချန်းက လက်ဖက်ပွဲတော်ကို စတင် ပေးလိုက်ပါတယ်။

“အခု သည်လက်ဖက်ရည် ပွဲတော်ကို လူအများကြီး လာရောက် တက်ရောက်ကြတဲ့ အတွက် ငါ့အနေနဲ့ အရမ်း ဂုဏ်ယူမိတယ်။ အဲသည်အတွက် ငါမင်းတို့ကို လက်ဆောင်လေးတွေ ပြန်ပေးပါရစေ။ ဒါကတော့ စိတ်ပိုင်းဆိုင်ရာကို ပိုအားကောင်းစေတဲ့ မြေကမ္ဘာအဆင့် ဆေးလုံးတွေပဲ။ သည်ဆေးလုံးတွေက အားလုံးကို ကျေနပ်နှစ်သိမ့်စေမယ်လို့ ငါမျှော်လင့်ပါတယ်။ ပြီးတော့ ငါက သည်လက်ဖက်ရည် ပွဲတော်မှာ ပြိုင်ပွဲ အသေးစားလေး တစ်ခု လုပ်ပေးမယ်။ သည်ပြိုင်ပွဲရဲ့ ထိပ်ဆုံး ၁၀ယောက်ကိုလည်း မြေကမ္ဘာအဆင့် ဆေးလုံးအချို့ကို ဆုအဖြစ် ချီးမြှင့်မှာ ဖြစ်တယ်။ ကဲ ... လက်ဖက်ရည်ပွဲတော် စကြရအောင်”

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးလုံးတွေကို ဝေပေးလိုက်ပါတယ်။

“ဟာ ... ဒါက တကယ်ကြီး မြေကမ္ဘာအဆင့် ဆေးလုံးဟ”

ဆေးလုံးတွေကို ဆန်းစစ်ပြီးတဲ့ နောက်မှာတော့ လူငယ် ပါရမီရှင်တွေဟာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြပါပြီ။ သည်လီဖူချန်းက သူတိုအားလုံးကို တကယ်ကြီး မြေကမ္ဘာအဆင့် ဆေးလုံးတစ်လုံးစီ ဝေပေးခဲ့တာပါ။

သည်မြေကမ္ဘာ အဆင့် ဆေးလုံးက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေကို ပိုပြီး အားကောင်းလာအောင် လုပ်ပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေ အားကောင်းလာမှတော့ သူတို့ဟာ ကျင့်ကြံခြင်း ဘက်မှာလည်း ပိုမြန်လာမှာပါပဲ။

အပိုတွေ ပြောတာတော့ မဟုတ်ပါဘူး။ သည်ဆေးလုံးက သူတို့ရဲ့ ကျင့်ကြံမှုကို နှစ်အနည်းငယ်လောက် သက်သာ သွားစေနိုင်ပါတယ်။

ပြီးတော့ လီဖူချန်း ပေးမယ်ဆိုတဲ့ ဆုတွေကိုလည်း မေ့ပစ်လိုက်လို့ မရပါဘူး။ ပြိုင်ပွဲရဲ့ ထိပ်ဆုံး ဆယ်ယောက်ကို လီဖူချန်း ပေးမယ့် ဆုတွေဟာ သေချာပေါက် အဖိုးဖြတ်မရတဲ့ ဆေးတွေပဲ ဖြစ်ရပါမယ်။

လက်ဖက်ရည်ပွဲတော်က စတင်ခဲ့ပြီ ဖြစ်တဲ့အတွက် လူတွေအားလုံး ဟာ လက်ဖက်ရည် ကြမ်းတွေကို သောက်သုံးပြီး ပြိုင်ပွဲကို လေ့လာနေကြပါပြီ။

လီဖူချန်း ရှိနေတဲ့ အဆောင်ထဲမှာတော့ ဖန်ကျင်းဆောင်က တဟီးဟီး တဟားဟားနဲ့ လီဖူချန်းကို စနောက်နေပါတယ်။

“လီဖူချန်း ... မင်းက အခု ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သွားပြီဆိုတော့ ငါတို့နဲ့ အတူရှိနေလို့ ဖြစ်ပါ့မလား။ အဲဒါက မင်းရဲ့ အဆင့်အတန်းကို နိမ့်ကျစေ လိမ့်မယ်နော်”

လီဖူချန်းက ခေါင်းခါလိုက်ပြီး

"အဲသည်လို လျှောက်ပြောမနေနဲ့ ဖန်ကျင်းဆောင်။ သည်ကမ္ဘာကြီးက ငါတို့ တွေးထားတာထက် အများကြီး ပိုကြီးတယ်ကွ။ ငါက မင်းတို့ထက် နည်းနည်းလေး ပိုရှေ့ရောက်နေတာပဲ ရှိတာ”

သူက အခုမှ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာပဲ ရှိသေးတာပါ။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ရဲ့ အထက်မှာဆိုရင် တိုက်ပွဲဝိညာဉ် နယ်ပယ်နဲ့ မူလပင်လယ် နယ်ပယ် ရှိနေပါသေးတယ်။ ပြီးတော့ မူလပင်လယ် နယ်ပယ်ရဲ့ အထက်မှာ ဘာတွေ ရှိနေဦးမလဲ မသိပါဘူး။ ဘုံခုနစ်ဆင့် ကောင်းကင်ဓားထဲက အသိစိတ် ဝိညာဉ်ရဲ့ ပြောစကားအရ ဆိုရင်တော့ မူလပင်လယ် နယ်ပယ် ဘုရင်တွေရဲ့ အထက်မှာ သူတို့ထက် အများကြီး အစွမ်းထက်တဲ့ သူတော်စင်တွေ ရှိနေသေးတာ အသေအချာပါပဲ။

အဲသည် ထိပ်သီး ပုဂ္ဂိုလ်တွေရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းနဲ့ အခြားသူတွေဟာ ဘာမှ ကွာခြားမှာ မဟုတ်ပါဘူး။ သူတို့အတွက်တော့ လီဖူချန်းတို့ အားလုံးဟာ ပုရွက်ဆိတ်လေးတွေလို ဖြစ်နေမှာ အမှန်ပါပဲ။

စုမုယူကလည်း စကားဝိုင်းထဲကို ဝင်ပါလာခဲ့ပါတယ်။

“အရှေ့ယူနီကွန်း တိုက်က ငါတို့ကို ကန့်သတ်ထားတာ စိတ်ပျက်စရာပဲ။ ငါကြားဖူးတာ ကတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားတဲ့ ပညာရှင်တိုင်းဟာ အရှေ့ယူနီကွန်း တိုက်ကနေပြီး ပျောက်ကွယ် သွားရတယ်တဲ့”

“နင်ပြောတာ မှန်တယ်။ ငါလည်း အဲသည်အကြောင်းကို ကြားဖူးတယ်။ ငါဖတ်ဖူးတဲ့ ရှေးဟောင်းကျမ်းစာတွေ ထဲမှာတော့ အရှေ့ယူနီကွန်း တိုက်ကို ဝန်းရံထားတဲ့ ကျွန်းတွေပေါ်မှာ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေ နေထိုင်တယ်တဲ့။ ပြီးတော့ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေက အရှေ့ယူနီကွန်း တိုက်ထဲကို ဘယ်လိုမှ ဝင်မရဘူးလို့လည်း အဲသည် ကျမ်းစာထဲမှာ ရေးထားသေးတယ်”

စုမုယူရဲ့ စကားကို အပြည့်အဝ ထောက်ခံသူကတော့ ဖန်ကျင်းယုပါပဲ။

လီဖူချန်းကတော့ ဘာမှ ဝင်မပြောတော့ပါဘူး။ အတန်ကြာမှ သူက စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။

“သည်အကြောင်းတွေက ငါတို့နဲ့ အရမ်း ဝေးနေသေးပါတယ်ကွာ။ အဲဒါတွေကို အခုပြောနေလည်း ဘာမှ အသုံးမဝင်ဘူး။ ပြိုင်ပွဲကိုသာ အေးဆေးကြည့်ရအောင်”

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကိုတောင် ရောက်ဖူးတဲ့ လီဖူချန်းဟာ တိုက်တစ်ခုနဲ့ တစ်ခုကြားမှာ မတူညီတဲ့ ကန့်သတ်မှုတွေ ရှိတယ်ဆိုတာကို မသိစရာ အကြောင်းမရှိပါဘူး။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာဆိုရင် တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေ မပြောနဲ့။ မူလပင်လယ် နယ်ပယ်အဆင့် ဘုရင်တွေတောင်မှ ရှိနေသေးတာ မဟုတ်ပါလား။ ကြည့်ရတာတော့ အရှေ့ယူနီကွန်း တိုက်ရဲ့ စည်းမျဉ်းဥပဒေဟာ အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ပြောင်းလဲသွားခဲ့ ပုံပါပဲ။

***

All Chapters