← Chapters

ကမ္ဘာတစ်ဝန်းတုံ့ပြန်မှုများ အပိုင်း(၁)

Vol. 59 Ch. 826

ကမ္ဘာတစ်ဝန်းတုံ့ပြန်မှုများ အပိုင်း(၁)

Vol. 59 Ch. 826

ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်

ဆရာများ၊ ကျောင်းအုပ်၊ ဆန့်ကျင်ကျင့်ကြံသူအားလုံးက တိုက်ပွဲကို ပွင့်လင်းမြင်သာစွာဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ကြည့်ရှုနေကြသည်။ ဝမ်ဝေ့နှင့် တိထျန်းတို့ဆီမှ မီးတောက်နှင့် လေ စွမ်းအား ထွက်ပေါ်လာသည့်အခါ မထိန်းချုပ်နိုင်သည့် အငွေ့အသက်များ မတော်တဆ ထွက်ပေါ်လာ၏။

မဖြစ်နိုင်ဘူး။ မယုံကြည်နိုင်ဘူး ဟူသော စကားများနှင့်အတူ ကျောင်းတော်တစ်လျှောက် ပျံ့နှံ့သွားသည်။ သူတို့က ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ထိုဆရာများက သူတို့မြင်သည့်အရာကို မယုံနိုင်ကြပေ။

“ ငါတို့က သမိုင်းကြောင်းမှာ မှတ်တမ်းတင်ထားရမဲ့အချိန် အခိုက်အတန့်မှာ နေနေကြတာပဲ” ကျောင်းအုပ်စုန့်လီက လက်ရှိခံစားနေရသည့် အံ့အားသင့်မှုကို ဖိနှိပ်ရင်း ပြောလိုက်သည်။

“ဒီလိုအောင်မြင်မှုမျိုးက အသင်္ချေအင်ပါယာကမ္ဘာမှာ ပထမဦးဆုံးပဲ ဖြစ်လောက်တယ်” နောက်ထပ် ဆရာတစ်ယောက်က ဝင်မှတ်ချက်ပေးလေသည်။

“အသင်္ချေအင်ပါယာကမ္ဘာလား။ ဒါက ဒိုင်မေးရှင်းအနိမ့်မှာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးဆိုတာ သေချာတယ်။ ဒိုင်မေးရှင်းအမြင့်မှာတောင် သူတို့နှစ်ယောက်နဲ့တူတဲ့ အောင်မြင်မှုမျိုး ရှိပါ့မလားပဲ”

ထိုစကားများက အမှန်ဖြစ်နိုင်သည့်အတွက် အခန်းက တိတ်ဆိတ်သွားလေသည်။

“ဒါက ငါတို့စိုးရိမ်ရမဲ့အရာ မဟုတ်ဘူး။ ဒီလူနှစ်ယောက် ပေါ်ထွက်လာမှုက ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပစ်လိမ့်မယ်။ ငါတို့တွေ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ” ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူရှိသည့် ဆရာတစ်ဦးက မေးလာသည်။

“ငါတို့မှာ ရှုရှစ်ရှိတယ် မဟုတ်ဘူးလား”

“ကျောင်းအုပ် … ရှုရှစ်အခြေအနေ ဘယ်လိုရှိလဲ”

“ဆရာချင်ကျူး ပြောတာကတော့ သူမက အကူးအပြောင်းအနေအထားမှာ ရောက်နေတယ်တဲ့” စုန့်လီက ပြန်ဖြေလိုက်သည်။ ဧကရာဇ်များက သူတို့၏ မြင့်မားသည့် သက်ရှိအသွင် ပြောင်းလဲရာတွင် နှစ်တချို့ကြာမြင့်တတ်သည်။ ထိုအချက်က တစ်သတ်မှတ်တည်း မဟုတ်သော်လည်း ပုံမှန်ဖြစ်လေ့ဖြစ်ထရှိ၏။

အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ရှိ ဧကရာဇ်အားလုံး တူညီသည့်အချိန်တွင် ပေါ်ထွက်လာအောင် လုပ်ဆောင်ထားပြီး တခြားကမ္ဘာ၏တိုက်ပွဲများတွင် ဝင်ရောက်စွက်ဖက်မှုကို တားဆီးထားလေသည်။

ထို့ကြောင့် လက်ရှိတိုက်ပွဲအပေါ် မူတည်၍ စု့န်လီက ရှုရှစ်၏ အသွင်ပြောင်းမှုသည် အချိန်တစ်ခု ကြာမြင့်လိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။ အကြောင်းမှာ သိုင်းပညာအုပ်စိုးသူကမ္ဘာသည် အသင်္ချေအင်ပါယာကမ္ဘာနှင့် နီးကပ်နေလေ၏။

“ရှုရှစ် ပြန်လာရင်တောင် ကွာဟချက် ရှိမှာမလို့လား” အနည်းငယ် ငယ်ရွယ်သည့် အမျိုးသမီးဆရာတစ်ဦးက မေးလာသည်။

“ဘာလို့ မရှိရမှာလဲ”

“ဒီနှစ်ယောက်က သေမျိုးဘဝမှာကတည်းက ဧကရာဇ်အဆင့် စွမ်းအားကို ရထားပြီးသား။ သူတို့သာ တာအိုကို သက်သေပြပြီးသွားရင် ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ”

အခန်းက တဖန် တိတ်ဆိတ်သွားပြန်သည်။ ထိုဆရာများက ဗဟုသုတကြွယ်ဝသည့်အတွက် သေမျိုးအဆင့်ရှိ အခြေခံအုတ်မြစ်က ဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် မည်မျှအရေးပါကြောင်း သိထားကြသည်။

“ဘာမှစိုးရိမ်နေဖို့ မလိုဘူး။ တည်ထောင်သူက ငါတို့ကို ဆက်သွယ်ပြီးတော့ ဒီမျိုးဆက်မှာ ဘယ်သူပဲ တာအို သက်သေပြနိုင်ပြနိုင် သူတို့ဘက်မှာ ကောင်းကောင်းနေဖို့ မှာထားပြီးသား” စုန့်လီက ရှင်းပြလိုက်သည်။

“တကယ်လို့ အဲဒါက အလုပ် မဖြစ်ဘူးဆိုရင် ဒီမျိုးဆက် ဆုံးတဲ့အထိ ကျောင်းတော်ကို တံခါးပိတ် ဝှက်ထားကြတာပေါ့”

“အဲဒါက အကြံကောင်းပဲ”

…………………

ထိုက်ယီနက်နဲမုခ်

ထိုက်ယီနက်နဲမုခ်၏ ဆရာသခင်က တိုက်ပွဲကို ကြည့်ရှုနေသည်။ သူ့တာအိုအဆင့်က မြင့်မားသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကိစ္စအများစု၌ မထူးမခြားနား တုံ့ပြန်နေလေသည်။ ဖုန်းဟွမ်၏ သစ္စာဖောက်မှုကပင် သူ့ဆီမှ တုံ့ပြန်မှုများများစားစား မရခဲ့ပေ။

သို့သော်လည်း ဤလူနှစ်ဦး၏ တိုက်ကွက်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့မျက်နှာက တည်ငြိမ်နေသော်လည်း နှလုံးခုန်နှုန်းကို မထိန်းနိုင်ပေ။ သူက သူ သိထားသည့် နည်းလမ်းမျိုးစုံဖြင့် စိတ်ကို တည်ငြိမ်သည့် အနေအထား ရောက်အောင် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

သူ့နှလုံးသားက တုံ့ပြန်မှုမျိုးစုံ ဖြစ်ပေါ်နေလေ၏။ သို့သော်လည်း ဆရာသခင်က သူ့စိတ်နှင့် အတွေးများအပေါ် အာရုံစိုက်ထားလေသည်။ အနည်းဆုံးတော့ တစ်စုံတစ်ယောက်က မပြောခင်အထိ တိတ်ဆိတ်နေလေ၏။

“တည်ထောင်သူက ဒီလောက်တော့ ပါရမီ မထူးကဲဘူးမလား”

ထိုက်ယီနက်နဲမုခ်က သူတို့၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တစ်ခုမှ ပုန်းအောင်းနေသည့် မာနမျိုး ရှိကြသည်။ ပြောရလျှင် သူတို့၏ တည်ထောင်သူ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်က ဒိုင်မေးရှင်းအမြင့်မှ ကောင်းကင်ရွေးချယ်ခံ တစ်ယောက် မဟုတ်ပါလော။

သူတို့၏ မာနက အသင်္ချေအင်ပါယာကမ္ဘာ၏ တာအိုဖခင် တည်ထောင်ခဲ့သည့် တာအိုအခွင့်အလမ်းဂိုဏ်းဖြင့်ပင် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည်။ ချီယွမ်က မည်မျှပင် အောင်မြင်စေကာမူ သူတို့တည်ထောင်သူ၏ နောက်ခံနှင့် မယှဉ်နိုင်ပေ။

သို့သော်လည်း ထိုသူနှစ်ဦးက ယနေ့ သူတို့၏ မာန်မာနကို ချိုးဖျက်ပစ်ခဲ့ပြီး တစ်ယောက်က တာအိုအခွင့်အလမ်းဂိုဏ်းမှ ဖြစ်နေသည်။

“အဲဒါတွေ ဂရုစိုက်ရမဲ့အချိန် မဟုတ်ဘူး” ဆရာသခင်က စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။ ထိုက်ယီနက်နဲမုခ်၏ ပုန်းလျှိုးကွယ်လျှိုးမာန်မာနက အသုံးမဝင်ခြင်း မဟုတ်ပေ။ ထိုမာန်မာနက တပည့်များအား အကောင်းမြင် အငွေ့အသက်နှင့် ယုံကြည်ချက်မျိုးကို ပေးစွမ်းထားသည့်အတွက် သူတို့၏ ကျင့်ကြံရေး၊ တိုက်ပွဲနှင့် ကံကောင်းမှုများတွင် သက်ရောက်မှု ရှိလေသည်။

ထို့ကြောင့် သူက ထိုမာနကို အပြည့်အဝ ကြေမွမသွားစေလိုပေ။

“ဆရာသခင် ပြောတာမှန်တယ်။ ဝမ်ဝေ့က ခေတ်ကာလရဲ့ သားတော်ပဲ။ ဗုဒ္ဓဘာသာပြန်လည်ရှင်သန်လာမှုက သူ့ကို ကံကောင်းမှု၊ ကြမ္မာနဲ့ ကုသိုလ်အမြောက်အများ ချီးမြှင့်ထားမှာ။ တကယ်လို့ ဖုန်းဟွမ်က သူ့ကို ဆက်သွယ်လိုက်ရင် အခြေအနေက ပိုပြီးတော့တောင် ဆိုးရွားသွားနိုင်တယ်”

“သူတို့တွေက ဆက်သွယ်ပြီးသွားပြီ မဟုတ်ဘူးလား။ သူ့ကို ဂိတ်ပေါက်ကနေ ထွက်ပြေးအောင် ကူညီပေးတဲ့ လျှို့ဝှက်အဖွဲ့အစည်းကို မှတ်မိသေးတယ်မလား”

“သူတို့က သူ့လူတွေလို့ ထင်တာလား”

“ဘယ်သူ ဖြစ်နိုင်သေးလို့လဲ”

“အဲ့လိုတော့ မဟုတ်ဘူးလေ။ ကျုပ်တို့ဆီမှာ ရန်သူတွေ အများကြီးရှိတာပဲ။ တကယ်လို့ ဖုန်းဟွမ်ကို လွတ်မြောက်အောင် လုပ်ပြီး ကျုပ်တို့ခံစားတာ ကြည့်နေချင်ရင် ပုံမှန်ပါပဲ”

နောက်ထပ် အကြီးအကဲတစ်ဦးက ငြင်းခုန်လိုက်သည်။

“မင်း ပြောတာမှန်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ အလိုလိုသိစိတ်ကတော့ သူလို့ ပြောနေတယ်”

မည်သူကမှ ပြန်မဖြေကြပေ။ ထိုသို့သောစကားမျိုးက ငြင်းခုန်နေ၍ အသုံးမဝင်ပေ။

“ငါတို့ရဲ့ နောက်ထပ် တုံ့ပြန်မှုက ဘာလုပ်သင့်လဲ”

မည်သူကမှ စက္ကန့်ပိုင်းကြာသည်အထိ ပြန်မဖြေကြပေ။

“ဒိုင်မေးရှင်းအမြင့်ကို ဆက်သွယ်မယ်” ဆရာသခင်က ပြောလာသည်။

“ကျုပ်တို့တွေ ကြိုးစားကြည့်ပြီးသွားပြီ။ ဒါပေမဲ့ ကျရှုံးသွားတယ်။ သူတို့တွေ အခု တုံ့ပြန်မယ်လို့များ ထင်နေတာလား”

“အခု သူတို့အတွက် အဖိုးတန်တဲ့ သတင်းအချက်အလက် ရှိနေပြီလေ”

“သူတို့နှစ်ဦးကို ပြောတာလား”

အားလုံး၏ အကြည့်များက တောက်ပလာ၏။ သို့သော် မှန်ပေသည်။ ဧကရာဇ် စွမ်းအားရှိသည့် သေမျိုးတစ်ယောက် ပေါ်ထွက်လာမှုက တင်ပြဖို့ ထိုက်တန်လေ၏။

“ကောင်းပြီ။ အပြောင်းအလဲအသစ်တွေကို ကာကွယ်ဖို့ အခုပဲ လုပ်လိုက်ရအောင်”

…………………………

ဓာတ်ငါးပါးနန်းဆောင်

“ဒဏ္ဍာရီနှစ်ခု မြင့်တက်လာမှုပဲ” ဓာတ်ငါးပါးမျှခြေနန်းဆောင်သခင်က ရေရွတ်လိုက်သည်။ သူက ဤရာထူးကို ရရှိသည်မှာ နာရီပိုင်းခန့်သာ ရှိသေး၏။ သို့သော် ယခုတွင် သူက ဤအခြေအနေကို ဖြေရှင်းနေရသည်။

“နန်းဆောင်သခင်။ အခု ဘာလုပ်သင့်လဲ”

“ငါတို့တွေ ဗုဒ္ဓဘာသာမြင့်တက်လာမှုက ခေတ်သစ်ရောက်ရှိလာသလိုမျိုး တားဆီးမရတဲ့ အချက်ကို လက်ခံရမယ်” နန်းဆောင်သခင်က ပြောလိုက်သည်။ သူ့အကြည့်က အစီအရင်ပေါ်ရှိ ပိတ်ကားချပ်အပေါ် စွဲကပ်နေလေ၏။ သူက ခေတ်ကာလသားတော်နှင့် ဗုဒ္ဓဘာသာကြားမှ ဆက်နွယ်မှုကို အဖြေထုတ်နေသည်။

“တကယ်ကြီး နည်းလမ်း မရှိတော့ဘူးလား”

“ငါတို့တွေက ဗုဒ္ဓဘာသာအပေါ် အမုန်းတရားပြည့်နှက်နေတဲ့ ထိုက်ယီနက်နဲမုခ် မဟုတ်ဘူး။” နန်းဆောင်သခင်က ရှင်းပြလိုက်သည်။

“တကယ်လို့ သူတို့ရဲ့ မြင့်တက်မှုကို လက်ခံလိုက်ရင် ငါတို့ဘက်ကို အခွင့်ကောင်း ယူလို့ရတယ်”

“ဗုဒ္ဓဘာသာနဲ့ ထိုက်ယီနက်နဲမုခ်ကြားက စစ်ပွဲကို ဖြစ်စေချင်တာလား”

“ဟုတ်တယ်။ ပုံမှန်ဆိုရင် အသစ်ဖွံ့ဖြိုးလာတဲ့ ဗုဒ္ဓဘာသာက အနိုင်ရရှိဖို့ အခွင့်အရေး မရှိဘူး။ ဒါပေမဲ့ ခေတ်ကာလသားတော်က ဝင်ရောက်စွက်ဖက်နေတယ်ဆိုရင်တော့ နောက်ထပ် ဇာတ်ကြောင်းတစ်ခု ဖြစ်သွားပြီ”

“တကယ်လို့ အဲဒီအစီအစဉ်သာ အောင်မြင်သွားမယ်ဆိုရင် ငါတို့တွေ ဒီအခွင့်အရေးကို အသုံးချပြီး အလယ်ပိုင်းကုန်းမြေဆီ ပြန်သွားနိုင်လိမ့်မယ်”

“အဓိကပြဿနာက ခေတ်ကာလသားတော်က နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်နိုင်မလားဆိုတာပဲ” နောက်ထပ် အကြီးအကဲက ဝင်ပြောလိုက်သည်။

“အမှန်ပဲ” နန်းဆောင်သခင်က ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ ဖုန်းဟွမ်က ဉာဏ်ကောင်းတယ်ဆိုတော့ ကုသိုလ်ကို ငါးစာအနေနဲ့သုံးပြီးတော့ တိမျိုးနွယ်ခေါင်းဆောင်ကိုလည်း သူ့ဘက်ပါအောင် လုပ်နိုင်တာပဲ။ အဲဒါကြောင့် ငါတို့တွေ သူတို့နှစ်ခုကြားက တိုက်ပွဲကို တိတ်တဆိတ် လှုံ့ဆော်ပေးဖို့ပဲ လိုတယ်”

“ဒါက အကြံကောင်းပဲ”

“အဲဒါဆို ကျန်းပိယုကရော”

မည်သူကမှ ပြန်မပြောကြဘဲ နန်းဆောင်သခင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

“ငါတို့က သူမအပေါ် အချိန်နဲ့ အရင်းအမြစ်အများကြီး သုံးခဲ့ရတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူမကို ပြန်ခေါ်ပြီးတော့ ပူးကပ်ထားတဲ့သူကို ဖြေရှင်းရမယ်။ သန့်စင်နှလုံးသားပါရမီကို ဆုံးရှုံးထားလို့ မဖြစ်ဘူး။ ပြီးတော့ သူမရဲ့ ဓာတ်ငါးပါးမျှရုပ်ခန္ဓာကိုတောင် ထည့်မပြောရသေးဘူး”

အဖွဲ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် တိုက်ပွဲ၏ အခြေအနေက ပြောင်းလဲသွားသည်။ ကပ်ပါးက လှံ၏ စွမ်းအားအကုန် သုံးကာ တိုက်ပွဲကွင်းပြင်ရှိ အရာအားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။

“သူတို့ သေသွားပြီလား” တစ်စုံတစ်ယောက်က မျှော်လင့်ချက်ဖြင့် မေးလာသည်။ ထိုသူများက ဒဏ္ဍာရီနှစ်ခု မွေးဖွားလာမှုကို တွေ့ကြုံခဲ့ရသော်လည်း ထိုသူများအား တာအိုသက်သေပြနိုင်ဖို့ လိုလားကြမည် မဟုတ်ပေ။ အထူးသဖြင့် ဝမ်ဝေ့ ဖြစ်၏။ သူက တာအိုအခွင့်အလမ်းဂိုဏ်းမှ ဖြစ်နေသည် မဟုတ်ပါလော။

သူတို့၏ တည်ရှိမှုက အသင်္ချေအင်ပါယာကမ္ဘာ၏ အာဏာပိုင်းဆိုင်ရာတွင် အပြောင်းအလဲဖြစ်လာစေဖို့ လုံလောက်လေသည်။ မည်သူကမှ ယနေ့မျိုးဆက်တွင် တာအိုအခွင့်အလမ်းဂိုဏ်း ပိုမိုအားကောင်းလာမည်ကို မဖြစ်စေလိုပေ။

နှမြောစရာကောင်းလှသည်က တိထျန်းနှင့် ဝမ်ဝေ့တို့သည် ကွဲပြားသည့် ပိတ်ကားချပ်ပေါ်တွင် ပေါ်ထွက်လာသည့်အခါ မျှော်လင့်ချက် ပြည့်နှက်နေသည့်အသံသည် သက်ပြင်းချလိုက်၏။

“ကျန်းပိယုက သေသွားပြီလား” အကြီးအကဲ တစ်ဦးက မေးလိုက်သည်။

“သူမက အခု ကောင်းကင်တာအိုရဲ့ ကာကွယ်မှုအောက်မှာဆိုတော့ ဘာမှတော့ မဖြစ်လောက်ဘူး”

“သူမရဲ့ ဝိညာဉ်ကျောက်တုံးကို သွားပြီးတော့ စစ်ဆေးကြည့်လိုက်ဦး” နန်းဆောင်သခင်က ပြောလိုက်သည်။

“မလိုတော့ဘူး” အခန်းအတွင်း စည်းချက်ကျကျ အသံတစ်ခု ထွက်ပေါ်လာသည့်အတွက် အားလုံးက ဘိုးဘေးတစ်ယောက် ပေါ်ထွက်လာသည်ဖြစ်ကြောင်း သိ၍ လေးစားသမှု ပြလိုက်ကြသည်။

“သူမက ပေါ်လာပြီ။ ငါ သွားခေါ်လိုက်မယ်”

“ဘိုးဘေးကို ကျေးဇူးတင်ပါတယ်” နန်းဆောင်သခင်က ရိုသေသမှုဖြင့် ပြောလိုက်သည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အဆောင်ကို ရရှိလိုက်သည့်အတွက် ဓာတ်(၁)ဟု ခေါ်သည့် ဘိုးဘေးတစ်ဦးနှင့် တွေ့ဆုံဖို့ ထွက်လာခဲ့လိုက်သည်။

“အခြေအနေ ဘယ်လိုလဲ”

“တစ်စုံတစ်ယောက်က သူမကို ပူးကပ်ခဲ့ပေမဲ့ မှတ်ဉာဏ်ရောထွေးမှုကိုပဲ အသုံးပြုခဲ့တာ” အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်တစ်ဦး ဓာတ်(၁)က ပြန်ပြောလိုက်သည်။

“သူမကို ကယ်လို့ ရသေးလား”

“မှတ်ဉာဏ်ရောထွေးရေး နည်းလမ်းက အတော်လေး ပြောင်မြောက်တယ်။ ဒါပေမဲ့ ဖြေရှင်းဖို့ ပြဿနာတစ်ခုတော့ မဟုတ်ဘူး”

နန်းဆောင်သခင်က ကိစ္စများသည် ရိုးရှင်းနေသူဟု ထင်မိကာ မျက်မှောင်ကြုတ်လိုက်သည်။

“သူမက ပြဿနာမရှိတာ သေချာရဲ့လား”

“ကျန်တဲ့သူတွေတော့ စစ်ဆေးကြည့်ပြီးသွားပြီ။ ဘာမှစိုးရိမ်စရာ မလိုတော့ဘူး”

“ကောင်းပြီ။ ဘိုးဘေး ကျုပ် အစီအစဉ်ကို ဘယ်လိုထင်လဲ”

“ဗုဒ္ဓဘာသာမြင့်တက်လာမှုကို လက်ခံလိုက်တာကတော့ ကောင်းတယ်။ ဒါပေမဲ့ မင်းက ထာဝရဧကရာဇ် တစ်ယောက်နဲ့ ရင်ဆိုင်နေဖို့ ကြိုးစားနေတယ်ဆိုတာ နားလည်ရမယ်။ ပုံမှန် မဟုတ်ဘူး။ တစ်ခု မှားလိုက်တာနဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်”

“အဲဒါဆို လက်လျှော့လိုက်သင့်လား” နန်းဆောင်သခင်က သိပ်မလိုလားပေ။

“ခေတ်ကာလရဲ့ သားတော်က တာအိုနယ်ရှင် တစ်ယောက်ဆိုတာကို မေ့မထားနဲ့ဦး”

နန်းဆောင်သခင်က ဂိုဏ်း၏ မှတ်တမ်းမှ တာအိုနယ်ရှင်များအကြောင်း ဖတ်ထားဖူးသည်ကို အမှတ်ရသွားသည့်အတွက် အမူအရာ ပြောင်းလဲသွားသည်။

“ကျုပ် နားလည်ပါပြီ”

“မင်း ဘာမှလုပ်ဖို့ မလိုဘူး။ ဖုန်းဟွမ်က ရည်မှန်းချက်ကြီးတဲ့သူ။ သူက မင်းရဲ့ ဝင်ရောက်စွက်ဖက်မှု မပါပဲနဲ့တောင် ထိုက်ယီနက်နဲမုခ်နဲ့ စစ်ပွဲကို စတင်နိုင်တယ်။ ပြီးတော့ လူသားနဲ့ နတ်ဆိုး တည်တံရေး အစီအရင် အစည်းအဝေးပွဲအတွင်းမှာ ခေတ်ကာလ သားတော်ရဲ့ တုံ့ပြန်ခဲ့ပုံအရ ကြီးကြီးမားမား ကြံစည်နေတဲ့ပုံပဲ။ တကယ်လို့ သူသာ နောက်ဆုံးအနိုင်ရရှိတဲ့သူဖြစ်မယ်ဆိုရင် ငါတို့ ဆုံးဖြတ်ချက် မချခင် သူ လှုပ်ရှားတဲ့အထိ စောင့်ဖို့ လိုတယ်”

All Chapters