ပိုင်ကုလ
Vol. 33 Ch. 446
လက်ဖက်ရည်ပွဲတော် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ လီဖူချန်းဟာ ပြိုင်ပွဲရဲ့ ထိပ်ဆုံး ဆယ်ယောက်ကို ဆုအဖြစ် မြေကမ္ဘာအဆင့် ဆေးလုံးတွေ ချီးမြှင့်လိုက်ပါတယ်။ သူ မထွက်ခွာခင်မှာ ဆိုရင်လည်း စုမုယူ၊ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယု တို့ကိုလည်း လက်ဆောင်အဖြစ် သိုလှောင်အိတ် တစ်လုံး ပေးသွားခဲ့ပါသေးတယ်။ အဲသည်အိတ်တွေထဲမှာ ဆိုရင်တော့ ဆေးလုံးတွေအပြင် မြေကမ္ဘာအဆင့် လက်နက်တွေနဲ့ အခြား ပစ္စည်းကောင်းလေးတွေ ပါရှိပါတယ်။
“အင်း ... အရှေ့ယူနီကွန်း တစ်တိုက်လုံးကို လျှောက်သွားပြီး လေ့လာရေးခရီး ထွက်ဖို့ အချိန်တန်ပြီ ထင်ပါရဲ့”
လီဖူချန်းက အရှေ့ ယူနီကွန်းတိုက်ရဲ့ နေရာတော်တော် များများကို မရောက်ဖူးပါဘူး။ အတိတ်မှာတုန်းဆိုရင် သူက အားအရမ်း နည်းလွန်းပါတယ်။ ဒါပေမဲ့ အခုတော့ သူဟာ လုံလောက်တဲ့ အစွမ်းတွေ ရှိနေပြီ ဖြစ်တဲ့အတွက် အရှေ့ယူနီကွန်း တစ်တိုက်လုံးကို စိတ်ရှိတိုင်း သွားလို့ ရနေပါပြီ။
လီဖူချန်းရဲ့ အမြန်နှုန်းက တော်တော်လေး မြန်တဲ့အတွက် နယ်မြေဒေသ တစ်ခုကနေ တစ်ခုကို သွားဖို့အတွက် ရက်အနည်းငယ်ပဲ ကြာပါတယ်။ သူက နယ်မြေဒေသ တစ်ခုရဲ့ နာမည်ကြီး နေရာတွေကိုသာ သွားရောက်ပြီး ကြည့်ရှုလေ့လာခဲ့တဲ့ အတွက် သည်လောက်ပဲ ကြာတာ ဖြစ်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ နယ်မြေဒေသ တစ်ခုချင်းစီမှာ ရှိတဲ့ နေရာမှန်သမျှကို သွားရောက်ပြီး လေ့လာနေမယ် ဆိုရင်တော့ သူ့ရဲ့ လေ့လာရေး ခရီးဟာ ၃နှစ်ကနေ ၅နှစ်လောက်အထိ ကြာသွားပါလိမ့်မယ်။ လီဖူချန်းက အဲဒီလောက်အထိတော့ အချိန် မပေါပါဘူး။
သည်လိုနဲ့ပဲ လီဖူချန်းဟာ နယ်မြေဒေသ တော်တော် များများကိုတောင် လည်ပတ်ပြီး သွားခဲ့ပါပြီ။
သည်ခရီး အတွင်းမှာဆိုရင် သူ့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ဟာ ပိုမို ပေါ့ပါးလာပြီး သူ့ရဲ့ အသိစိတ် နယ်ပယ်ဟာလည်း ပိုကျယ်ပြန့် လာသလိုပါပဲ။ သူက သည်လို ခံစားချက်မျိုးကို တစ်ခါမှ မခံစားခဲ့ ဖူးပါဘူး။
“သြော် ... ခရီးထွက်တာကလည်း စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ခြင်း တစ်မျိုးပါပဲလား။ နောက်ဆိုရင် အခုလို အပန်းဖြေတာမျိုးကို ခဏခဏ လုပ်ရမယ်”
တစ်နေ့မှာတော့ လီဖူချန်းဟာ မရည်ရွယ်ဘဲနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေကို ရောက်လာခဲ့ပါတယ်။
နတ်ဆိုးဆယ်ပါး နယ်မြေဟာ လူသားမျိုးနွယ်တွေရဲ့ နယ်မြေတွေလို မဖွံ့ဖြိုးသေးပါဘူး။ သည်နေရာဟာ ရှေးဟောင်းနယ်မြေ ဆန်လွန်းလှပါတယ်။ ဒါပေမဲ့ အဲသည်လို ရှေးဟောင်းဆန်လွန်း နေတာကပဲ သဘာဝ တရားကြီးရဲ့ အလှတရားကို ပိုသိမြင်စေတာ မဟုတ်ပါလား။
"ဟူး”
လီဖူချန်းက သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်။ ကြည့်ရတာတော့ သက်ရှိတိုင်းရဲ့ ဖြစ်တည်မှုတိုင်းဟာ အကြောင်းအရင်း ခိုင်ခိုင်မာမာ ရှိနေတဲ့ ပုံပါပဲ။
နတ်ဆိုးဆယ်ပါး နယ်မြေ ခရီးစဉ် တစ်လျှောက်မှာတော့ လီဖူချန်းဟာ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေကို မသတ်ခဲ့ပါဘူး။ သူ့အတွက်ကတော့ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီး ခေါင်းဆောင်တွေကို သတ်တာကပဲ ပိုပြီး သင့်တော်ပါလိမ့်မယ်။ ကျန်တဲ့သူတွေကို သတ်ဖြတ်တယ် ဆိုတာက တမင်သက်သက် အနိုင်ကျင့်နေ သလိုပါပဲ။
ဒါပေမဲ့လည်း ချိုတစ်ချောင်း နတ်ဆိုးနယ်မြေကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ မသတ်လို့ မရတော့ပါဘူး။ အကြောင်းအရင်း ကတော့ သူဟာ ချိုတစ်ချောင်းနတ်ဆိုး နယ်မြေမှာ လူဆယ်သန်းလောက်ကို ဖမ်းဆီး အကျဉ်းချထားတဲ့ ထောင်ကြီးတွေကို တွေ့လိုက်ရလို့ပါပဲ။
ဘာမှ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ သည်လူသားတွေဟာ မိစ္ဆာတွေရဲ့ အစာအဖြစ် ဖမ်းဆီးခံထား ရတာ သေချာပါတယ်။
“သေကြစမ်း”
လီဖူချန်းက နေမင်းဇောအဟုန် စွမ်းအားစက်ကွင်းကို အဆုံးစွန်အထိ ထုတ်လွှတ်လိုက်ပါတယ်။
ရှဲ ... ရှဲ ... ရှဲ ...
အဆင့်၅ မိစ္ဆာတွေကလွဲပြီး ကျန်တဲ့ မိစ္ဆာတွေ အကုန်လုံးဟာ နေမင်းဇော အဟုန် စွမ်းအားစက်ကွင်းရဲ့ ဖိနှိပ်မှုကြောင့် လောင်ကျွမ်းပြာကျ ကုန်ပါပြီ။ တစ်ချိန်တည်းမှာပဲ နေမင်းဇောအဟုန် ချီအတွင်းအားတွေဟာ အကျဉ်းစခန်းရဲ့ တံခါးပေါက်တွေကို အရည်ပျော်ကျ သွားစေပါသေးတယ်။ ဒါပေမဲ့ အကျဉ်းစခန်းထဲက လူသားတွေက ထွက်မလာရဲကြပါဘူး။ သူတို့ကို ကြည့်ရတာက အတော်လေး သွေးလေချောက်ချား နေပုံပါတယ်။
လီဖူချန်းက ကောင်းကင်ပေါ်ကို ပျံတက်လိုက်ပြီး အမိန့်ပေး လိုက်ပါတယ်။
“မင်းတို့အားလုံး လွတ်လပ်ပြီ။ သည်နေရာကနေ ထွက်သွားကြတော့”
“လူသားကောင်စုတ်။ ဒါက ငါတို့ရဲ့ နတ်ဆိုးဆယ်ပါး နယ်မြေကွ။ ငါတို့က မင်းလုပ်ချင်တိုင်း လုပ်နေတာကို သည်အတိုင်း ကြည့်နေမယ် ထင်နေတာလား”
အဆင့်၅ မိစ္ဆာအချို့ဟာ ကောင်းကင်ယံပေါ် ပျံတက်လာခဲ့ကြပါပြီ။ သူတို့ဟာ လီဖူချန်းကို မြင်ဖူးကြပါတယ်။ ဒါပေမဲ့လည်း ဒါက သူတို့ရဲ့ ပိုင်နက်နယ်မြေပါ။ လူသားတစ်ယောက်က သူတို့ရဲ့ ပိုင်နက်နယ်မြေထဲကို လာပြီး လုပ်ချင်တိုင်း လုပ်နေတာကိုတော့ သူတို့အနေနဲ့ သည်းမခံနိုင်ပါဘူး။
“သေကြစမ်း”
လီဖူချန်းက ဓားကိုတောင် ဆွဲမထုတ်ဘဲ လက်ချောင်းကနေ အထက်ကောင်းကင်ဘုံ ဓားဆန္ဒကို ထုတ်လွှတ်လိုက်ပါတယ်။
ရွမ်း ... ရွှမ်း ... ရွှမ်း ...
အဆင့်၅ မိစ္ဆာတွေကတော့ ဓားချီကြောင့် တစ်စစီ ဖြစ်သွားခဲ့ပါပြီ။ သူတို့က တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။
“ကျုပ်က ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် လီဖူချန်းပဲ။ နတ်ဆိုးဆယ်ပါး နယ်မြေက စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီ။ အားလုံးပဲ အိမ်ကို ပြန်ကြတော့”
လီဖူချန်းက နောက်ထပ်တစ်ကြိမ် ထပ်ပြောလိုက်ပါတယ်။
“ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ခေါင်းဆောင် လီဖူချန်းလား”
သည်နေရာမှာ ရှိနေတဲ့ လူတွေအားလုံးဟာ ဖမ်းဆီးခံထားရတာ အတော်လေး ကြာနေခဲ့ပါပြီ။ အဲသည်အတွက် နောက်ဆုံး အဖမ်းခံထားရတဲ့ အကျဉ်းသားတွေတောင်မှ လီဖူချန်းကို မသိကြပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းဟာ အရမ်း အစွမ်းထက်တဲ့ လူသားကျင့်ကြံသူ ဆိုတာကိုတော့ သူတို့ သိကြပါတယ်။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ယုံကြည်စိတ်ချခြင်း မရှိဘဲနဲ့တော့ ချိုတစ်ချောင်း နတ်ဆိုးနယ်မြေကို တစ်ယောက်တည်းလာပြီး မိစ္ဆာတွေကို သတ်ချင်တိုင်း သတ်ရဲမှာ မဟုတ်ပါဘူး။
“ငါသူ့ကို သိတယ်။ သူက လူသားမျိုးနွယ်ရဲ့ အကြွင်းမဲ့ ပါရမီရှင် လီဖူချန်း ဆိုတာပဲ”
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ နာမည်ကို ကြားဖူးသူ တစ်ယောက် ထွက်ပေါ်လာခဲ့ပါပြီ။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ဖမ်းဆီးခံ လူသားတွေကို နှုတ်ဆက်ပြီး တခြား နယ်မြေတွေကို ပျံသန်းထွက်ခွာ သွားပါတော့တယ်။
အခြားသော နယ်မြေတွေမှာလည်း ဖမ်းဆီးခံထားရတဲ့ လူသားတွေကို လီဖူချန်းတစ်ယောက် တွေ့ခဲ့ရပါသေးတယ်။ လီဖူချန်းက အဲည်လူသားတွေ အားလုံးကိုလည်း အကျဉ်းထောင်တွေ ထဲကနေ ကယ်တင် ပေးခဲ့ပါတယ်။ လီဖူချန်းက မိစ္ဆာတွေ တော်တော်များများကို သတ်ဖြတ်ပစ်ခဲ့တဲ့ အတွက် နတ်ဆိုးဆယ်ပါး နယ်မြေက မိစ္ဆာတွေဟာ မျိုးတုန်းတော့မယ့် အခြေအနေနဲ့တောင် ကြုံတွေ့နေရပါပြီ။
ထူးဆန်းတာ တစ်ခုကတော့ လီဖူချန်းတစ်ယောက် နတ်ဆိုးဆယ်ပါး နယ်မြေထဲမှာ သည်လောက်အထိ သောင်းကျန်း နေတာတောင်မှ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီး ခေါင်းဆောင်တွေဟာ လုံးဝ ထွက်မလာခဲ့တာပါပဲ။
လီဖူချန်းထင်တာ မမှားဘူး ဆိုရင်တော့ သူတို့ဟာ အကူအညီ သွားတောင်းနေတာပဲ ဖြစ်ရပါမယ်။
လီဖူချန်းရဲ့ လေ့လာရေး ခရီးစဉ်ဟာ သုံးလကြာမြင့် ခဲ့ပါတယ်။ အဲသည်ခရီးစဉ်ရဲ့ အချိန်တစ်ဝက်ကိုတော့ လီဖူချန်းဟာ နတ်ဆိုးဆယ်ပါး နယ်မြေထဲမှာပဲ ဖြုန်းပစ်ခဲ့ ရပါတယ်။
တော်သေးတာ တစ်ခုကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ လီဖူချန်း လုပ်ဆောင် နေတာတွေကို သတင်းကြားရတဲ့ အတွက် အလိုက်တသိ ကယ်ဆယ်ရေး အဖွဲ့တွေ ဖွဲ့ကာ နတ်ဆိုးဆယ်ပါး နယ်မြေထဲကို စေလွှတ်ခဲ့လို့ပါပဲ။ မဟုတ်လို့ကတော့ လီဖူချန်းဟာ တစ်နှစ်မက နတ်ဆိုးဆယ်ပါး နယ်မြေထဲမှာ ကျင်လည်ပြီး ကယ်ဆယ်ရေး အလုပ်ကို လုပ်နေရမှာပါ။
သည်လိုနဲ့ပဲ တစ်နေ့မှာတော့ လီဖူချန်းဟာ မြောက်ပင်လယ်နဲ့ လအနောက်ပင်လယ် ထိစပ်နေတဲ့ ကမ်းခြေတွေဘက်ကို ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ကြီးရဲ့ သဘာဝ အလှအပတွေကို ခံစားဖို့ပါပဲ။
သည်နေရာမှာတော့ မရေမတွက်နိုင်တဲ့ လူသားတွေ နေထိုင်ကြပြီး ကမ်းခြေနဲ့ မိုင်ရာချီသာ ကွာဝေးတဲ့ နေရာတွေမှာ ဆိုရင်လည်း မြို့ကြီးပြကြီးတွေ ရှိနေပါသေးတယ်။ ပြီးတော့ သည်နေရာက နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ မိစ္ဆာတာအို အင်အားစု နယ်မြေကြားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
မိစ္ဆာတာအို အင်အားစုရဲ့ သြဇာ အရှိန်အဝါကြောင့် နတ်ဆိုးဆယ်ပါး နယ်မြေဟာ သည်နေရာကို မထိရဲပါဘူး။ ဒါကြောင့်လည်း သည်နေရာမှာ ရှိနေတဲ့ လူတွေဟာ အသက်ရှင် ကျန်ခဲ့ပုံပါပဲ။
မိစ္ဆာတာအို ကျင့်ကြံသူတွေဟာ လူစိတ်ကင်းမဲ့ နေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ လူသားတွေကို နတ်ဆိုးဆယ်ပါး နယ်မြေလို လက်လွတ်စပယ် မသတ်ဖြတ်ကြပါဘူး။ သွေးဘိုးဘိုးကြီးလို လူသန်းပေါင်း များစွာကို သတ်ဖြတ်ပြီး သွေးပုလဲတွေအဖြစ် သန့်စင်ခဲ့တဲ့ သူတောင်မှ လူဦးရေ ပေါက်ဖွားမှုနှုန်းမြင့်တဲ့ နေရာတွေကိုသာ ရွေးချယ်ခဲ့တာပါ။
သည်နေရာကတော့ လူဦးရေ ပေါက်ဖွားမှုနှုန်း အတော်လေး လျော့နည်းပြီး ချောင်ကျတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ တကယ်လို့သာ သွေးဘိုးဘိုးကြီးက သည်နယ်မြေမှာ သွေးပုလဲ သန့်စင်မှုကို လုပ်လိုက်မယ် ဆိုရင် သည်နယ်မြေဟာ သေခြင်းတရားတွေ ကြီးစိုးတဲ့ နယ်မြေတစ်ခု ဖြစ်သွားပါလိမ့်မယ်။
သည်နေရာက ချောင်ကျလွန်းတဲ့ နေရာတစ်ခု ဆိုပေမဲ့လည်း လူဦးရေ အသင့်အတင့်တော့ ရှိနေပါသေးတယ်။ လီဖူချန်းရဲ့ အကြမ်းဖျင်း တွက်ချက်မှုအရ ဆိုရင်တော့ သည်နေရာရဲ့ လူဦးရေဟာ ဆယ်သန်းနီးပါးကို ရှိနေတာပါ။ ကြည့်ရတာကတော့ သည်ချောင်ကျလွန်းတဲ့ နယ်မြေလေးဟာ သည်နှစ်ပိုင်းတွေအတွင်းမှာ လူဦးရေ အတော်လေး တိုးပွားလာပုံ ရပါတယ်။ ဒါက နတ်ဆိုးဆယ်ပါးနယ်မြေနဲ့ မိစ္ဆာတာအို အင်အားစုရဲ့ ဘေးမဲ့ပေးခြင်း ခံထားရတာရဲ့ အကျိုးကျေးဇူးပါပဲ။
ဟူး ... ဟူး ... ဟူး ...
ကျောက်ဆောင် တစ်ခုပေါ်မှာတော့ လီဖူချန်းဟာ တင်ပျဉ်ခွေ ထိုင်နေပြီး နေဝန်းစိမ်း ဓားဆန္ဒကို ဆင်ခြင်သုံးသပ် နေပါတယ်။
သူ့ရဲ့အရှေ့မှာတော့ ပင်လယ် ရေလှိုင်းတွေ ပုတ်ခတ်နေတဲ့ ဖြူလွလွ ကမ်းခြေတစ်ခု ရှိနေပြီး ကောင်းကင်ပေါ်မှာတော့ သူရိယ နေမင်းဟာ အဆုံးမရှိတဲ့ အလင်းနဲ့ အပူကို ပေးစွမ်းနေပါတယ်။
သည်သုံးလအတွင်းမှာဆိုရင် လီဖူချန်းရဲ့ အသိစိတ်ဝိညာဉ်ဟာ ခရမ်းနုရောင်ဘက်ကို ၇၀ရာခိုင်နှုန်း ပြောင်းလဲသွားခဲ့ပါပြီ။ သူ့ရဲ့ ခြွင်းချက်မရှိ အားကောင်းလှတဲ့ ထိုးထွင်း သိမြင်မှုကလည်း သူ့ကို နေဝန်းစိမ်း ဓားဆန္ဒရဲ့ လမ်းမှန်ပေါ်ကို ပြန်ရောက်စေခဲ့ပါတယ်။
သူ့အတွက် ပိုပြီး ဝမ်းသာစရာ ကောင်းတာကတော့ လမ်းမှန်ပေါ် ပြန်ရောက်သွားတဲ့ နေဝန်းစိမ်း ဓားဆန္ဒဟာ မြေကမ္ဘာအဆင့် ဓားသိုင်း ဖြစ်သွားတာပါပဲ။ အဲသည်ဓားသိုင်းက ဖျက်ဆီးနိုင်စွမ်း သက်သက်မှာဆိုရင် အထက်ကောင်းကင်ဘုံ ဓားသိုင်း ထက်တောင်မှာ ကြမ်းတမ်းပါသေးတယ်။
ဒါပေမဲ့လည်း လီဖူချန်း သတိပြုမိ လိုက်တာကတော့ နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းရဲ့ တတ်သိနားလည်ခြင်း အဆင့်ဟာ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို မမီဘူး ဆိုတာပါပဲ။ သည်အဖြေကိုတော့ သူက ဓားသိုင်း နှစ်ခုစလုံးကို ခြုံငုံသုံးသပ်ပြီးမှ ရလာခဲ့တာပါ။
ကျင့်ကြံသူ နှစ်ယောက်ရဲ့ ကြားထဲက တိုက်ပွဲဟာ ဘယ်သူက တိုက်ခိုက်နိုင်စွမ်း ပိုအားကောင်းသလဲ ဆိုတာ တစ်ခုတည်းနဲ့ အဖြေထွက်လာတာ မဟုတ်ပါဘူး။ တိုက်ပွဲအဖြေကို အဆုံးအဖြတ် ပေးနိုင်တဲ့ တခြား အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။
အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ဖျက်ဆီးနိုင်စွမ်းက နေဝန်းစိမ်း ဓားဆန္ဒထက် အားမကောင်းပေမဲ့ သူ့မှာလည်း သူ့အားသာချက်နဲ့သူ ရှိပါတယ်။ အဲဒါကတော့ ဓားစက်ကွင်းပါပဲ။ အထက်ကောင်းကင်ဘုံ ဓားစက်ကွင်းဟာ တစ်ဖက်ရန်သူကို ဖိနှိပ်နိုင်ပါတယ်။ တစ်ဖက်ရန်သူက ဓားစက်ကွင်းထဲကနေ မရုန်းထွက်နိုင် သရွေ့တော့ လီဖူချန်းဟာ သူ့ရန်သူရဲ့ အသက်ကို စိတ်ကြိုက် စီရင်နိုင်ပါတယ်။ သည်အပိုင်းကိုတော့ နေဝန်းစိမ်း ဓားဆန္ဒ လိုက်မီမှာ မဟုတ်ပါဘူး။
အဲသည် အတွက်ကြောင့်ပဲ လီဖူချန်းဟာ သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို အပြန်ပြန် အလှန်လှန် ဆင်ခြင်သုံးသပ် နေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ နေဝန်းစိမ်း ဓားဆန္ဒကို ဝှက်ဖဲအဖြစ် ထားချင်တယ် ဆိုရင်တော့ အားနည်းချက်တွေကို တတ်နိုင်သမျှ နည်းအောင် ပြုပြုထားနိုင်မှ တော်ကာ ကျပါလိမ့်မယ်။
စိတ်မကောင်းစရာ တစ်ခုကတော့ ၇၀ရာခိုင်နှုန်းအထိ ပြောင်းလဲနေပြီ ဖြစ်တဲ့ သူ့ရဲ့ ခရမ်းနုရောင် ဝိညာဉ်ကလည်း သိပ်ပြီး အထောက်အပံ့ မပေးနိုင်တာပါပဲ။ အဲသည်အတွက် သူ့အနေနဲ့ နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခပ် အဆင့်ကို ရောက်ဖို့အတွက် အချိန်အတော်လေး ယူရပါဦးမယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ နေဝန်းစိမ်း ဓားဆန္ဒက မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းဖြစ်သွားပြီ မဟုတ်ပါလား။ အဲဒါကတော့ လီဖူချန်းအတွက် ကျေနပ်စရာပါပဲ။
မြေကမ္ဘာအဆင်မြင့် ဓားသိုင်းတွေ ဆိုတာက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတောင်မှ ထိပ်တန်း ဓားသိုင်းတွေအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပြီး ရှားပါးလွန်း လှပါတယ်။ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းတွေ ဆိုရင်တော့ ထည့်ကို ပြောစရာ မလိုတော့ပါဘူး။ အဲသည် ဓားသိုင်းတွေက မူလ ပင်လယ်နယ်ပယ် ဘုရင်တွေရှိတဲ့ ဂိုဏ်းတွေပဲ ပိုင်ဆိုင်ထားတတ်တဲ့ အရာမျိုးပါ။
ရွှီး ... ရွှီး ... ရွှီး ...
ကောင်းကင်ပေါ်က သူရိယ နေမင်းကို ကြည့်နေရင်းနဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ အစိမ်းရောင် အလင်းတန်းတွေကို ထုတ်လွှတ် လာခဲ့ပါတယ်။ ကြည့်ရတာတော့ သူ့ကိုယ်ထဲက အစိမ်းရောင် နေဝန်းငယ်ဟာ ကောင်းကင်ပေါ်က နေမင်းကို ဆက်သွယ်ဖို့ ကြိုးစားနေပုံပါပဲ။
သည်သုံးလ အတွင်းမှာဆိုရင် လီဖူချန်းဟာ မီးလျှံအင်းကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကို နားလည်သဘောပေါက် သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ မီးလျှံအင်းကွက် ၇၀ရာခိုင်နှုန်းရဲ့ နောက်ပိုင်းကိုတော့ လီဖူချန်းအနေနဲ့ လုံးဝ နားမလည်တော့ပါဘူး။
ကံကောင်းတာ တစ်ခုကတော့ မီးလျှံအင်းကွက်နဲ့ ပတ်သက်ပြီး သူ နားလည် သဘောပေါက်ခဲ့တာတွေက နေဝန်းစိမ်း ဓားဆန္ဒကို ပြန်လည် တည်ဆောက်နေတဲ့ နေရာမှာ အသုံးဝင်နေတာပါပဲ။
သည်နေဝန်းစိမ်း ဓားဆန္ဒထဲမှာဆိုရင် ဓားတာအိုရဲ့ သဘောတရားတွေ ပါဝင်နေရုံမက မီးလျှံ သဘောတရားတွေပါ ပါဝင်နေတာ မဟုတ်ပါလား။ အဲဒါက မီးလျှံ ဓားတာအိုလို့တောင် သတ်မှတ်လို့ ရနေပါသေးတယ်။
သည်လိုနဲ့ပဲ အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့ပါပြီ။ လီဖူချန်းကတော့ ကျောက်ဆောင်ပေါ်မှာ မတုန်မလှုပ် ရှိနေဆဲပါပဲ။
လေတိုက်တာ၊ မိုးရွာတာ၊ မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာ အစရှိတဲ့ အရာမှန်သမျှဟာ လီဖူချန်းကို လှုပ်ရှားလာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
တစ်ခါတစ်ရံမှာဆိုရင် လီဖူချန်းရဲ့ ကိုယ်ထဲက ထွက်နေတဲ့ အစိမ်းရောင် အလင်းတန်းတွေဟာ တိမ်ညို၊ တိမ်စိုင်တွေကိုတောင်မှ ဖြိုခွဲပစ်လိုက် ပါသေးတယ်။ သူ့ကို ကြည့်ရတာက မြေပြင်ပေါ်မှာ ထွန်းလင်းတောက်ပနေတဲ့ နေတစ်စင်းလိုပါပဲ။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ အဲသည် အစိမ်းရောင် အလင်းတန်းတွေဟာ လီဖူချန်းရဲ့ ကိုယ်ထဲ ပြန်ဝင်သွားခဲ့ပါတယ်။ အဲသည် အချိန်ကစပြီး မူမမှန်တဲ့ ရာသီဥတု အခြေအနေတွေဟာ ဖြစ်မလာတော့ပါဘူး။
ဝုန်း ...
ပင်လယ်ပြင်ပေါ်မှာတော့ ဘယ်ကနေဘယ်လို ဖြစ်လာမှန်း မသိတဲ့ ဧရာမ လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ အဲသည် လှိုင်းလုံးကြီးက ကမ်းခြေ တစ်ခုလုံးကို သိမ့်သိမ့်တုန် သွားစေပါတယ်။ ဒါက စစ်တပ်ကြီးတစ်တပ် စစ်ချီလာသလိုပါပဲ။
“ပြေး ... ပြေး ... ပြေးကြဟေ့။ ပင်လယ် သားရဲကြီးတွေ ရောက်လာပြီဟ”
ကမ်းခြေမှာ ရှိနေတဲ့ တံငါသည်တွေကတော့ သည်လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကို သိနေကြပုံပါပဲ။ သူတို့တွေက လုပ်လက်စ အလုပ်တွေကို ပစ်ထားခဲ့ပြီး တစ်ချိုးတည်း ထွက်ပြေးသွားကြပါတယ်။
သည်တံငါသည်တွေထဲက အများစုဟာ လူသားနယ်ပယ်မှာ ဖြစ်ကြပြီး အချို့ကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်နေကြပါပြီ။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ သူတို့ဟာ ပင်လယ် လှိုင်းလုံးထက် မြန်အောင် မပြေးနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ သူတို့ဟာ ပင်လယ် လှိုင်းလုံးကြီးရဲ့ လက်ထဲကနေ လွတ်အောင် မပြေးနိုင်ဘဲ ပင်လယ်ထဲကို ဆွဲချသွားခြင်း ခံလိုက်ရပါတယ်။
“ဟား ... ဟား ...။ အငယ်လေးတို့ ... လူသားတွေကို သတ်နိုင်သလောက် သတ်ပြီး ကျန်တာတွေကို ဖမ်းခဲ့ကြ”
စကားသံနဲ့အတူ ပင်လယ် လှိုင်းလုံးထဲက နေပြီး ငါးမန်းကြီးတစ်ကောင် ထွက်လာခဲ့ပါတယ်။
သည်ငါးမန်းကြီးရဲ့ ခန္ဓာကိုယ် အရှည်ကတော့ အနည်းဆုံး ပေနှစ်ထောင်ပါပဲ။ အဲသည် ငါးမန်းကြီးက အရှေ့ယူနီကွန်းတိုက်ရဲ့ ခန္ဓာကိုယ် အကြီးဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရှန်းဟွတောင် ဆင်ဘုရင်ထက်တောင်မှ အတော်လေး ကြီးပါသေးတယ်။ အဲသည်ကောင်ကြီးသာ ပင်လယ်ထဲမှာ ပေါလောပေါ်နေမယ် ဆိုရင်တော့ ရှည်လျားပြီး ကျဉ်းမြောင်းတဲ့ ကျွန်းတစ်ကျွန်းလို့တောင် အထင်မှားသွား နိုင်ပါတယ်။
“အမိန့်အတိုင်းပါ ... အရှင်ပိုင်”
ဝုန်း ... ဝုန်း ... ဝုန်း ...
ပင်လယ် သားရဲတွေဟာ ပင်လယ်ထဲကနေ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာခဲ့ကြပါပြီ။ သည်ပင်လယ် သားရဲတွေ အကုန်လုံးရဲ့ အရွယ်အစားတွေဟာ တကယ့် ဧရာမကြီးတွေပါပဲ။ တူညီတဲ့ အဆင့်နဲ့ အတန်းအစား ထဲမှာတောင်မှ သူတို့တွေဟာ ကုန်းတွင်း မိစ္ဆာသားရဲတွေထက် အနည်းဆုံး နှစ်ဆလောက် ကြီးနေတာပါ။
အရွယ်အစား ပိုကြီးတယ် ဆိုတာက သူတို့ကို သတ်ရတာ ပိုခက်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
သည်ပင်လယ် သားရဲကြီးတွေရဲ့ တကယ့် ပစ်မှတ်ကတော့ တံငါသည်တွေ ဟုတ်ပုံ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သည်တံငါသည်တွေက သူတို့ကို သွားကြားတောင် ညှပ်စေမှာ မဟုတ်လို့ပါပဲ။ သူတို့ဟာ ကမ်းခြေနဲ့ မိုင်ရာချီသာဝေးတဲ့ မြို့တွေက လူသားတွေကိုသာ ပစ်မှတ်ထားနေပုံ ရပါတယ်။
“ဟင် ... ပင်လယ် သားရဲကြီးတွေလား”
သူရှိနေတဲ့ ကျောက်ဆောင်ကို အင်အားပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေ တရစပ် လာပုတ်နေတာကို ခံစားလိုက်ရတဲ့ အတွက် လီဖူချန်းဟာ ကျင့်ကြံနေရာကနေ သတိပြန်ဝင် လာပါတယ်။
ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် ပင်လယ် သားရဲကြီးတွေကို တွေ့ဖူးခြင်းပါပဲ။ အဲသည်အတွက် လီဖူချန်းဟာ ပင်လယ် သားရဲကြီးတွေကို သေသေချာချာ အကဲခတ် လိုက်ပါတယ်။ သူက အလျင်စလို မလှုပ်ရှားရဲပါဘူး။
ပင်လယ် သားရဲကြီးတွေ ဆိုတာက တိုက်တစ်ခုနဲ့ တစ်ခုကြားမှာ ရှိနေတဲ့ အားအကောင်းဆုံး သတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ သဘာဝအားဖြင့်ကိုက ကုန်းတွင်းပိုင်း မိစ္ဆာသားရဲတွေထက် အားကြီးပြီး ပိုကြောက်စရာ ကောင်းပါတယ်။ မရေမတွက်နိုင်တဲ့ ပင်လယ် သားရဲကြီးတွေဟာ လူသားတွေ အတွက်တော့ တကယ့် စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ အဲသည်အတွက် ဘယ်လူသားကမှ ယုံကြည်မှု ရှိရှိနဲ့ ပင်လယ်ပြင်တွေကို မဖြတ်ကျော်ရဲပါဘူး။
“သေကြစမ်း”
ပင်လယ် သားရဲကြီးတွေကို သေသေချာချာ အကဲခတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နေဝန်းဇောအဟုန် စွမ်းအားစက်ကွင်းကို ထုတ်လိုက်ပြီး ပင်လယ် သားရဲအုပ်ကို မီးလောင်တိုက်သွင်း လိုက်ပါတယ်။
ပင်လယ် သားရဲကြီးတွေက မီးဒဏ်ကို ခံနိုင်ရည်ရှိပုံ မရပါဘူး။ သူတို့တွေဟာ အော်ဟစ်မြည်တမ်းပြီး တစ်ကောင်ပြီး တစ်ကောင် လောင်ကျွမ်း ပြာကျကုန်ပါတယ်။
“ငါတို့ကို ကယ်တင်တဲ့သူ ရှိတယ်ဟေ့”
ကျောက်ဆောင်တွေပေါ်ကို တက်ပြေးနေကြတဲ့ တံငါသည်တွေဟာ သူတို့ကို ကယ်တင်တဲ့သူ ရှိတယ်ဆိုတာကို သတိပြုမိ သွားကြပါပြီ။
အဲသည်သူတွေထဲက ခေါင်းဆောင်ဖြစ်ဟန် တူသူကတော့ လီဖူချန်းကို တွေ့သွားခဲ့ပါတယ်။ သူက ရိုသေလေးစားမှု အပြည့်နဲ့ ဒူးတစ်ဖက် ထောက်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
“အခုလို ကယ်တင်ပေးတဲ့ အတွက် အရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ်”
လီဖူချန်းက လက်ကာပြလိုက်ပြီး
“သည်ပင်လယ် သားရဲတွေက ကမ်းခြေတွေဆီကို မကြာခဏ လာလေ့ရှိတာလား”
တကယ်လို့သာ သည်ပင်လယ် သားရဲကြီးတွေက ကမ်းခြေတွေဆီကို မကြာခဏ လာနေမယ်ဆိုရင် သူလည်း တားနိုင်မှာ မဟုတ်ပါဘူး။ ဒါက ကပ်ဘေးကြီး တစ်ခုလိုပါပဲ။ ဒါကြောင့် လီဖူချန်းက မေးလိုက်တာပါ။
တံငါသည် တစ်ယောက်က ရှင်းပြပါတယ်။
“အရှင် ... ပင်လယ် သားရဲတွေက မိစ္ဆာသားရဲတွေလိုပါပဲ။ သူတို့က လူတွေကို သတ်ဖြတ် စားသောက်ရတာကို ခုံမင်နှစ်သက် ကြပါတယ်။ ဒါပေမဲ့ ပင်လယ်သားရဲတွေ အကုန်လုံးက ကမ်းခြေကို မလာနိုင်ပါဘူး။ အဆင့်၅အောက်မှာ ရှိတဲ့ ပင်လယ်သားရဲတွေပဲ ကမ်းခြေတွေပေါ်ကို တက်လာနိုင်တာပါ။ အဆင့်၅ ပင်လယ် သားရဲတွေကတော့ ကမ်းခြေတွေပေါ်ကို တက်လာတာနဲ့ ရေဓာတ် ခန်းခြောက်ခြင်းကို ကြုံရပါတယ်။ သူတို့က ကုန်းတွင်းပိုင်းထဲကို အတင်းဝင်မယ် ဆိုရင်တော့ ရေဓာတ် ခန်းခြောက်ပြီး သေမှာပါပဲ။ အဲသည် အကြောင်းအရင်းကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး အရှင်”
"သဘောပေါက်ပြီ”
လီဖူချန်းက ခေါင်းညိတ်ပြ လိုက်ပါတယ်။
ကြည့်ရတာတော့ အရှေ့ ယူနီကွန်းတိုက်ရဲ့ ကိုယ်ပိုင် ဥပဒေသက ပင်လယ်သားရဲကြီးတွေ အပေါ်မှာ ပိုပြီး တင်းကျပ်ထားပုံပါပဲ။ အရှေ့ ယူနီကွန်းတိုက်ရဲ့ ဥပဒေသက အဆင့်၅ ပင်လယ်သားရဲတွေ ကိုတောင်မှ လွတ်လပ်စွာ သွားလာခွင့် မပေးထားပါဘူး။
“အရှင် ... အဲသည်ဘက် အခြမ်းမှာ အဆင့်၅ အထွတ်အထိပ် အဆင့် ပင်လယ်သားရဲ တစ်ကောင် ရှိနေပါတယ်။ အဲသည်သားရဲက ပိုင်ကုလလို့ ခေါ်ပြီး မကောင်းဆိုးဝါး ဘုရင်တောင်မှ သူ့ကို အနိုင်မယူနိုင်ဘူးလို့ ကောလာဟလ ထွက်နေပါတယ်”
တံငါသည် တစ်ယောက်က လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်နေရာဘက်ကို လက်ညှိုးထိုးပြီး တိုင်တန်း လိုက်ပါတယ်။
“အိုး ... အဲဒီလောက်တောင် အစွမ်းထက်တာလား။ မင်းပြောတာ ဟုတ်မဟုတ် ငါကိုယ်တိုင် သွားကြည့်လိုက်ဦးမယ်”
စကား အဆုံးမှာတော့ လီဖူချန်းဟာ ခြေတစ်ချက် ဆောင့်လိုက်ပြီး လှိုင်းလုံးကြီးတွေ အပေါ်ဘက်ကို ပျံသန်းသွားခဲ့ပါပြီ။
***