← Chapters

အဆင့်၆ ငါးမန်းဖြူ

Vol. 33 Ch. 447

အဆင့်၆ ငါးမန်းဖြူ

Vol. 33 Ch. 447

ပိုင်ကုလ ...

ပိုင်ကုလ ဆိုတာကတော့ ငါးမန်းဖြူ မျိုးနွယ်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ သူတို့ငါးမန်းဖြူ မျိုးနွယ်ဟာ ပင်လယ်ကြွက်ရိုင်း မျိုးနွယ်ကိုတောင်မှ ထိပ်တိုက် ရင်ဆိုင်နိုင်တဲ့အထိ အားကောင်းသူတွေပါ။

လီဖူချန်းက သူ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်တဲ့ ပင်လယ်သားရဲတွေကို သတ်ဖြတ်နေ ကတည်းက ပိုင်ကုလဟာ ဒေါသ ထွက်နေပါပြီ။ ဒါပေမဲ့ သူ့အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး။ သူက လီဖူချန်း ရှိနေတဲ့ ကမ်းခြေဆီကို ရောက်အောင် သွားမယ်ဆိုရင် သွားလို့ ရပေမဲ့လည်း ကမ်းခြေပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် သူက ရေဓာတ် ခန်းခြောက်ခြင်းကို ခံစားရတော့မှာပါ။ အဲဒီလို ဖြစ်သွားရင်တော့ သူ့အနေနဲ့ လီဖူချန်းကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ အရင် တစ်ခေါက်တုန်းက သူ့အနေနဲ့ ရှင်းတိကောဝမ်ကို နိုင်ခဲ့တယ် ဆိုတာက ရှင်းတိကောဝမ်က သူ့ကိုယ်သူ အထင်ကြီးပြီး ပင်လယ်ထဲ ဆင်းလာခဲ့လို့ ဖြစ်ပါတယ်။

ပိုင်ကုလ အတွက်တော့ ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မသိပါဘူး။ လီဖူချန်းကို ပင်လယ်ထဲ ဆင်းလာအောင် ဘယ်လို ရန်စရမလဲ ဆိုတာ စဉ်းစားပြီး ခေါင်းခြောက် နေစဉ်မှာပဲ လီဖူချန်းဟာ သူ့ဆီကို ပျံလာတာကို ပိုင်ကုလတစ်ယောက် တွေ့မြင်လိုက် ရပါတယ်။

“မင်းက ပင်လယ်ထဲကိုတောင် ဆင်းလာရဲတယ်ပေါ့”

ဗွမ်း ...

ပိုင်ကုလ ပေနှစ်ဆယ်ကျော် မြင့်တဲ့ ငါးမန်းလူသား အသွင် ပြောင်းလိုက်ပြီး ပင်လယ်လှိုင်းလုံး ထဲကနေ ခုန်ထွက်လာခဲ့ပါပြီ။

“ရေထိန်းချုပ်ခြင်း ပညာရပ်”

ပိုင်ကုလရဲ့ ညာဘက်လက်ကနေ ထွက်လာတဲ့ လှိုင်းတစ်ခုဟာ ရေအကျဉ်းထောင် တစ်ခုအသွင် ပြောင်းသွားပြီး လီဖူချန်းကို ဖမ်းချုပ်ပစ် လိုက်ပါတယ်။

“ဟမ့် ... မင်းက ပင်လယ်ထဲကို ဆင်းလာရဲတယ် ဟုတ်လား။ အခုငါ့ရဲ့ ရေအကျဉ်းထောင် ထဲကနေ မင်းထွက်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့”

ပိုင်ကုလက နှာခေါင်းရှုံ့ လိုက်ပါတယ်။

သည်ရေ ထိန်းချုပ်ခြင်း ပညာရပ်ဆိုတာက သူ့ရဲ့ မွေးရာပါ စွမ်းရည်တွေထဲက တစ်ခုပါ။ အဲသည်အတွက် သူစိတ်ဆန္ဒ ရှိမယ်ဆိုရင် ပင်လယ်ရေတွေကို သံမဏိလို မာကျောနေအောင် ဖန်တီးနိုင်ပါတယ်။ တကယ်လို့ လီဖူချန်းက နည်းနည်းမှ အားမစိုက်ဘူး ဆိုရင်တော့ သည်ရေအကျဉ်းထောင် ထဲကနေ ဖောက်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ အဲသည် အချိန်မှာဆိုရင် သူက လီဖူချန်းကို သတ်ဖို့ ကြိုးစားလို့ ရနိုင်ပါသေးတယ်။

“တကယ်လို့ ငါထွက်ချင်တယ်ဆိုရင် မင်းက ငါ့ကို တားနိုင်မယ် ထင်နေတာလား”

လီဖူချန်းကတော့ ရေအကျဉ်းထောင်ကို ဂရုစိုက်ပုံ မရပါဘူး။ သူက ရေအကျဉ်းထောင် ထဲကနေပြီး ပိုင်ကုလကို ပြန်လည်လှောင်ပြောင် လိုက်ပါသေးတယ်။

“တောက် ... မင်းက တော်တော်လေး သေချင်နေတဲ့ကောင်ပဲ။ ဟုတ်ပြီ ... မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေး ရတာပေါ့”

“ရေကနေ မြားအသွင် ပြောင်း"

ပိုင်ကုလရဲ့ ရေထိန်းချုပ်ခြင်း ပညာရပ်ဟာ ဘက်စုံသုံး မွေးရာပါ စွမ်းရည်ဖြစ်ပြီး ပုံသဏ္ဌာန် အတိအကျ မရှိပါဘူး။ သူ့ရဲ့ လက်ကို လှုပ်လိုက်တဲ့ အခါမှာတော့ ပင်လယ်ရေတွေဟာ မြားတွေအဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို တိုးဝင်သွားကြပါပြီ။

အဲသည်မြားတွေဟာ အနည်းဆုံး အရေအတွက် တစ်သောင်းပါပဲ။ ပြီးတော့ မြားတစ်စင်းစီ တိုင်းမှာလည်း ပြင်းထန်လှတဲ့ စွမ်းအားတွေ ခိုဝင်ကိန်းအောင်း နေပါသေးတယ်။

ရှင်းတိကောဝမ်နဲ့ တိုက်ခိုက်ခဲ့တုန်းက ဆိုရင် သူက သည်အကွက်နဲ့ပဲ ရှင်းတိကောဝမ်ကို ဒဏ်ရာ ရစေခဲ့တာပါ။

“စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူး”

လီဖူချန်းက ကိုယ့်ကိုယ်ကိုယ် အလွန်အကျုး ဂုဏ်ဖော်နေတာတော့ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရမယ် ဆိုရင် သည်ရေမြားတွေက သူ့ရဲ့ ခန္ဓာကိုယ်ကို ဒဏ်ရာ ရစေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အရာပါ။

ဒါပေမဲ့လည်း သူက ရန်သူကို ဘယ်တော့မှ လျော့ပေါ့ပြီး မရင်ဆိုင်တတ်ပါဘူး။

“အထက် ကောင်းကင်ဘုံ ဓားဆန္ဒ လာစမ်း”

လီဖူချန်းက ရေမြားတွေကို ခုခံဖို့အတွက် အထက်ကောင်းကင်ဘုံ ဓားဆန္ဒကို ထုတ်လွှတ်လိုက်ပြီး ဓားစက်ကွင်းတစ်ခု ဖြန့်ကြက် လိုက်ပါတယ်။

ဖန်း ... ဖန်း ... ဖန်း ... ဖန်း ...

အထက်ကောင်းကင်ဘုံ ဓားစက်ကွင်း ထွက်ပေါ်လာ အပြီးမှာတော့ ရေမြားတွေရဲ့ အရေအတွက်ဟာ လျော့ကျသွားပြီး အရှိန်အဟုန်ဟာလည်း နှေးကွေးသွားခဲ့ပါပြီ။

တစ်ဆက်တည်းမှာပဲ မမြင်ရတဲ့ အရာတစ်ခုဟာ ပိုင်ကုလကို လွှမ်းခြုံ သွားပြန်ပါတယ်။ အဲသည် အရာကတော့ လီဖူချန်းရဲ့ အထက်ကောင်းကင်ဘုံ ဓားစက်ကွင်းပါပဲ။

“ဘာဖြစ် သွားတာလဲဟ”

ပိုင်ကုလက မျက်လုံးပြူး သွားခဲ့ပါတယ်။ သူက တစ်ဖက်ရန်သူကို ဘာမှတောင် သိပ်မလုပ် ရသေးပါဘူး။ ဒါပေမဲ့ တစ်ဖက်ရန်သူရဲ့ ဓားစက်ကွင်းကတော့ သူ့ကို ဖိနှိပ်လာခဲ့ပါပြီ။

ရွပ် ... ရွပ် ... ရွပ် ...

ဓားအလင်းတန်းတွေဟာ ပိုင်ကုလရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး သွေးတွေ ပန်းထွက် သွားစေခဲ့ပါတယ်။

“သွေးမြူမှုန် အကာအကွယ်”

ပိုင်ကုလက လီဖူချန်းရဲ့ ဓားအလင်းတန်းတွေကို အကြောက်ကြီး ကြောက်သွားခဲ့ပါပြီ။ သည်ဓား အလင်းတန်းတွေက သူ့ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားရုံသာ မဟုတ်ပါဘူး။ ဓားအလင်းတန်းတွေ ကနေ ကြွင်းကျန်နေခဲ့တဲ့ ဓားချီတွေဟာ သူ့ရဲ့ အသက်ဓာတ်တွေကိုပါခြိမ်းခြောက်လာခဲ့ ပါသေးတယ်။

သွေးရောင် အလင်းတန်းတွေဟာ ပိုင်ကုလရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ သွေးရောင်ခြည် စက်ကွင်းတစ်ခုဟာ ပိုင်ကုလရဲ့ ခန္ဓာကိုယ်ကို အကာအကွယ် ပေးလိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေဟာလည်း ရဲရဲနီ သွားခဲ့ပါသေးတယ်။

ကြည့်ရတာတော့ အဲသည် သွေးရောင်ခြည်က ဒဏ်ရာတွေကို ပြန်လည် ကောင်းမွန်နိုင်စွမ်း ရှိပုံပါပဲ။ သွေးရောင်ခြည် ထွက်ပေါ်လာပြီးတဲ့ နောက်မှာပဲ ပိုင်ကုလရဲ့ ဓားဒဏ်ရာတွေဟာ တဖြည်းဖြည်း ပြန်ကောင်း လာခဲ့ပါတယ်။ သူ့ကိုယ်ထဲမှာ ကြွင်းကျန်ရစ်ခဲ့တဲ့ ဓားချီတွေဟာလည်း ရေးရေးတောင် မရှိတော့ပါဘူး။

သွေးမြူမှုန် အကာအကွယ်က ဒဏ်ရာတွေကို ပြန်လည်သက်သာစေရုံ သာမက ခွန်အားကိုလည်း တိုးပွားစေနိုင် ပါသေးတယ်။ ဒါပေမဲ့ သည်နည်းစနစ်ဟာ မပြည့်စုံသေးပါဘူး။ သွေးမြူမှုန် အကာအကွယ်ရဲ့ အစွမ်းတွေ ပျက်ပြယ်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ပိုင်ကုလဟာ နဂိုမူလကထက် အားနည်းသွားလေ့ ရှိပါတယ်။ သွေးနှင်းမြူ အကာအကွယ်ကို အချိန်ကြာကြာ သုံးလေလေ အားနည်းတဲ့ အချိန်ဟာ ပိုကြာလေလေပါပဲ။ အဲသည်အရာ နှစ်ခုဟာ တိုက်ရိုက်အချိုး သွားကျပါတယ်။

ရွှီး ...

ပိုင်ကုလဟာ သွေးအလင်းတန်း တစ်ခုအဖြစ် ပြောင်းလိုက်ပြီး လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။

“အဲဒါက အသုံးဝင်မယ် ထင်နေတာလား”

လီဖူချန်းက သူ့ဆီကို ပိုင်ကုလ ရောက်လာတဲ့ အထိတောင် မစောင့်တော့ပါဘူး။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ဓားအလင်းတန်းတွေကို ပစ်လွှတ်လိုက်ပါတယ်။

ရွှီး ... ရွှီး ... ရွှီး ...

လီဖူချန်းရဲ့ ဓားအလင်းတန်းတွေဟာ အညှာအတာ ကင်းမဲ့စွာနဲ့ ပိုင်ကုလရဲ့ ခန္ဓာကိုယ်ကို ထုတ်ချင်းခပ် ဖောက်ထွက် သွားပြန်ပါတယ်။ သည်တစ်ကြိမ်မှာလည်း ပိုင်ကုလဟာ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေကို မခုခံနိုင်ခဲ့ပါဘူး။ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက သူ့ရဲ့ သွေးမြူမှုန် အကာအကွယ်ကို ဘာမှ မဟုတ်သလိုဘဲ ဖြတ်ကျော်သွားခဲ့တာပါ။

အထက် ကောင်းကင်ဘုံ ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နဂိုမူလတုန်းကထက် ပိုအစွမ်း ထက်သွားခဲ့ပါပြီ။ အထူးသဖြင့်တော့ သူ့ရဲ့ အထက် ကောင်းကင်ဘုံ ဓားစက်ကွင်းပါပဲ။ သူ့ရဲ့ အထက်ကောင်းကင်ဘုံ ဓားဆန္ဒဟာ ပြိုင်ဘက်တွေကို လှုပ်ရှားချိန် မရအောင် ခေတ္တခဏ ဖိအားပေးနိုင်စွမ်း ရှိပါတယ်။

ပိုင်ကုလဟာ လီဖူချန်းထက် အားနည်းတယ်ဆိုတဲ့ အချက်ကို အသာထားပါဦး။ တကယ်လို့ ပိုင်ကုလရဲ့ အစွမ်းက လီဖူချန်းထက် ကောင်းနေရင်တောင်မှ အထက်ကောင်းကင်ဘုံ ဓားစက်ကွင်းရဲ့ ဖိနှိပ်မှုအောက်မှာ ပိုင်ကုလ ရှိနေသရွေ့ကတော့ လီဖူချန်းရဲ့ ဓားချက်တွေဟာ ပိုင်ကုလရဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်ဦးမှာပါပဲ။

ပိုင်ကုလရဲ့ ခံနိုင်ရည်က လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းထက် ကောင်းမွန်နေရင်တော့ အခြေအနေက တစ်မျိုး ပြောင်းသွား နိုင်ပေမဲ့လည်း အဲဒါက လုံးဝ မဖြစ်နိုင်ပါဘူး။

“ပြေးမှ”

ပိုင်ကုလက သူ့ရန်သူရဲ့ အစွမ်းကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။ လီဖူချန်းနဲ့ သူက လုံးဝ တန်းမတူပါဘူး။ အဲသည်အတွက် သူက ဒဏ်ရာကိုတောင် ပြန်မကုတော့ဘဲ ပင်လယ်ထဲကို ထိုးဆင်း သွားပါတော့တယ်။ သူ့အနေနဲ့ ပင်လယ်ရေအောက်ထဲ အထိ ငုပ်ဆင်းသွားနိုင်ခဲ့မယ် ဆိုရင်တော့ လီဖူချန်းက သူ့ကို သတ်ချင်ရင်တောင်မှ သတ်လို့ရတော့မှာ မဟုတ်ပါဘူး။

“ကောင်းတယ် ...။ ငါကလည်း နေဝန်းစိမ်း ဓားဆန္ဒရဲ့ တကယ့် အစစ်အမှန် အစွမ်းကို သိချငိနေတာနဲ့ အတော်ပဲ”

တကယ်လို့ လီဖူချန်းကသာ ပိုင်ကုလကို သတ်ချင်တယ်ဆိုရင် ပိုင်ကုလဟာ အစောကြီးကတည်းက သေနေပြီးလောက်ပါပြီ။ သူ့ဆီမှာက ပိုင်ကုလကို သတ်ဖို့အတွက် နည်းလမ်းတွေ အများကြီးပါပဲ။ ယုတ်စွအဆုံး သူ့ရဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်းကတောင်မှ ပိုင်ကုလကို သတ်နိုင်စွမ်း ရှိပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းက သူအသစ် နားလည် သဘောပေါက်ထားတဲ့ နေဝန်းစိမ်း ဓားဆန္ဒကို စမ်းသပ်ချင်တဲ့ အတွက်ကြောင့်သာ ပိုင်ကုလကို လွှတ်ပေးလိုက်တာပါ။

ဟူး ... ဟူး ... ဟူး ...

အစိမ်းရောင် ဓားအလင်းတန်းတွေဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားပေါ်မှာ ဖြစ်တည်လာခဲ့ပါပြီ။ အဲသည်နောက်မှာတော့ သူဟာ ဓားအလင်းတန်းတွေကို ပင်လယ်ထဲ ပစ်လွှတ် လိုက်ပါတော့တယ်။

“သွားစမ်း”

ရွှီး ... ရွှီး ... ရွှီး ...

တစ်ဆယ်မီတာကျော် အထူရှိတဲ့ အစိမ်းရောင် ဓားအလင်းတန်း တစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။ တောက်ပနေတဲ့ အစိမ်းရောင် ဓားအလင်းတန်းဟာ ကောင်းကင်ယံပေါ်မှာ ထွန်းလင်းနေတဲ့ သူရိယ နေမင်းကနေ ဖြာကျလာတဲ့ နေအလင်းရောင်လိုပါပဲ။

အဲသည် အစိမ်းရောင် ဓားအလင်းတန်းဟာ ပင်လယ်ရေပြင်ကို ဖောက်ထွက်ပြီး သွားတာတောင်မှ အရှိန်အဟုန် လျော့မကျသွားဘဲ ပိုင်ကုလကို အုပ်မိုး သွားခဲ့ပါတယ်။

ရွှမ်း ... ရွှမ်း ... ရွှမ်း ... ရွှမ်း ...

ပိုင်ကုလရဲ့ ခန္ဓာကိုယ်ကတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ သည်အစိမ်းရောင် ဓားအလင်းတန်းက သူ့ရဲ့ ဖြစ်တည်မှုကို ဖျောက်ဖျက်ပစ်လိုက် သလိုပါပဲ။ ပိုင်ကုလဟာ သွေးတစ်စက်တောင် မထွက်လိုက်ဘဲ လောင်ကျွမ်းပြာကျ သွားပြီး ကမ္ဘာမြေပေါ်ကနေ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ ရတာပါ။

လီဖူချန်းရဲ့ သည်ဓားကွက်ဟာ နေဝန်းစိမ်း အကြွင်းမဲ့နဲ့ ဆင်တူသလို ရှိပေမဲ့လည်း တကယ့် တကယ်မှာတော့ မတူညီပါဘူး။ သည်ဓားကွက်ဟာ နေဝန်းစိမ်း အကြွင်းမဲ့ထက်ကို အဆပေါင်းများစွာ ပိုပြင်းထန်ပါတယ်။

“အားပါးပါး ... ဒါက မြေကမ္ဘာ အဆင့်မြင့် ဓားဆန္ဒရဲ့ အစွမ်းတဲ့လား။ ဒါက လုံးဝကို ကြောက်စရာ ကောင်းလွန်းတယ်”

လီဖူချန်းကတော့ သူ့ရဲ့ မျက်လုံးကိုတောင် သူမယုံနိုင်တော့ပါဘူး။

သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ နေဝန်းစိမ်း ဓားဆန္ဒကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက် သွားခဲ့တာပါ။ သူက အဲဒါကို ကျင်ကျင်လည်လည် အသုံးပြုနိုင်ဖို့အတွက် အချိန်အနည်းငယ်ပေးပြီး လေ့ကျင်ဖို့ လိုအပ်နေသေးတယ် ဆိုပေမဲ့လည်း အခု ထွက်ပေါ်လာတဲ့ ရလဒ်က ကျေနပ်စရာပါပဲ။

သူ့ရဲ့ စိတ်ဝိညာဉ်က ခရမ်းနုရောင်ဘက်ကို ၇၀ ရာခိုင်နှုန်းအထိ ပြောင်းလဲပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဓားသိုင်းကို သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ လေ့ကျင့်နိုင်စွမ်း ရှိလာခဲ့ပါတယ်။ အဲဒါက အပြင်ဘက်မှာ ဓားသိုင်း လေ့ကျင့်ရတာထက် အများကြီး ပိုအဆင်ပြေပါတယ်။ အပြင်ဘက်မှာ ဓားသိုင်း လေ့ကျင့်မယ်ဆိုရင် အနှောင့်အယှက်တွေ အများကြီး ရှိတဲ့အတွက် သူဟာ ဓားသိုင်းကို စိတ်တိုင်းကျ မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်နယ်ပယ် ထဲမှာတော့ သူကလွဲပြီး ဘယ်သူမှ မရှိတဲ့အတွက် လီဖူချန်းအနေနဲ့ စိတ်လွတ်လက်လွတ် စိတ်တိုင်းကျ လေ့ကျင့်နိုင်ပါတယ်။ ပြီးတော့ စိတ်ကူးဉာဏ် ကွန့်မြူးလာတဲ့ အတိုင်း ဓားကွက် အမျိုးမျိုးကို ဖန်တီး နိုင်ပါသေးတယ်။ အစောပိုင်းတုန်းက ပိုင်ကုလကို သတ်ဖြတ်လိုက်တဲ့ ဓားကွက်ဆိုရင် သူက စိတ်နယ်ပယ်ထဲမှာ လေ့ကျင့်ပြီး တီထွင်ဖန်တီး ထားခဲ့တာပါ။

အခုဆိုရင် လီဖူချန်းက နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းကို တစ်ဖက်ကမ်းခပ် တတ်မြောက်သွားပြီ ဖြစ်တဲ့အတွက် ဓားကွက်တွေကို တီထွင်ဖန်တီးဖို့ မခက်ခဲတော့ပါဘူး။ ပြီးတော့ သူ့ရဲ့ သာမန်ဓားချက်လေး တစ်ချက်တောင်မှ နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက်ထက် ပိုကြောက်စရာ ကောင်းတဲ့ ဓားကွက်တစ်ကွက် ဖြစ်လာနိုင်ပါသေးတယ်။

ပြီးတော့ ချီအတွင်းအား ကုန်ခန်းမှု နှုန်းကလည်း အရင်လို မမြင့်တော့ပါဘူး။ ဒါကတော့ နေဝန်းစိမ်း ဓားဆန္ဒထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ နေဝန်းစိမ်း ဓားတာအိုနဲ့ သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။

“မင်းတို့တွေ သည်နေရာကနေပြီး အမြန်ဆုံး ထွက်သွားကြတော့။ သည်နေရာက ဆက်ပြီး ငါးဖမ်းလို့ ရတော့မှာ မဟုတ်ဘူး"

ပိုင်ကုလကို သတ်ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ ကျောက်ဆောင်တွေ ရှိရာဘက်ကို ပြန်လာခဲ့ပြီး တံငါသည်တွေကို သတိပေးလိုက်ပါတယ်။

“အရှင် ... အရှင်ကကော မထွက်သွားတော့ဘူးလား”

ငယ်ရွယ်ပျိုမြစ်တဲ့ တံငါသည်လေး တစ်ယောက်က လီဖူချန်းကို မဝံ့မရဲ မေးလိုက်ပါတယ်။ သူ့ကို ကြည့်ရတာက လီဖူချန်းအတွက် စိုးရိမ်နေပုံပါပဲ။

လီဖူချန်းက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။

“ငါလည်း ထွက်သွားမှာပါ။ ဒါပေမဲ့ သည်နေရာမှာ လုပ်စရာလေး နည်းနည်းပါးပါး ရှိနေသေးတယ်လေ”

နေဝန်းစိမ်း ဓားဆန္ဒဓားသိုင်းဟာ တစ်ဖက်ကမ်းခပ် အဆင့်ကို ရောက်သွားပြီ ဖြစ်ပေမဲ့လည်း လိုအပ်မှုတွေ ရှိနေဆဲပါပဲ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ နေဝန်းစိမ်း ဓားဆန္ဒဟာ အရွယ်ရောက်တဲ့ အဆင့်ကို မရောက်သေးပါဘူး။

နေဝန်းစိမ်း ဓားဆန္ဒဟာ ဓားကွက်ရယ်လို့ တိတိကျကျ မရှိတဲ့အတွက် အသုံးပြုသူရဲ့ နားလည် သဘောပေါက်မှု အပေါ်မှာ လုံးလုံးလျားလျားကြီး မှီခိုနေရတာ ဖြစ်ပါတယ်။ အဲသည်အတွက်ကြောင့် လီဖူချန်းဟာ သူ့ရဲ့ ဓားကွက်တွေကို ဟာကွက်နည်းနိုင်သမျှ နည်းအောင် ပြင်ဆင်ချင် နေတာပါ။

ပြီးတော့ သူက အဆင့်၆ မိစ္ဆာသားရဲ တစ်ကောင်ဟာ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကိုလည်း သိချင်နေပါသေးတယ်။

ပိုင်ကုလဟာ ငါးမန်းဖြူ မျိုးနွယ်စုထဲက ဖြစ်တဲ့အတွက် သူ့ရဲ့ အဆင့်အတန်းဟာ သေချာပေါက် မြင့်ပါလိမ့်မယ်။ အဲသည်အတွက် အဆင့်၆ ငါးမန်းဖြူ တစ်ကောင်က ပိုင်ကုလအတွက် ကလဲ့စားချေဖို့ သည်နေရာကို ရောက်လာမှာ မြေကြီး လက်ခတ်မလွဲပါပဲ။

ဒါကြောင့် လီဖူချန်းဟာ သည်ကမ်းခြေမှာ နေခဲ့ဖို့ ဆုံးဖြတ်ထားခဲ့တာပါ။ ပြီးတော့ သူက ကမ်းခြေနားကနေ စောင့်နေတာ ဖြစ်တဲ့အတွက် အဆင့်၆ ငါးမန်းဖြူကို မနိုင်ရင်တောင်မှ ကုန်းတွင်းပိုင်းထဲကို ဝင်ပြေးလို့ ရပါတယ်။

“အရှင် ... ကျွန်တော်တို့ သွားပါတော့မယ်”

သိပ်မကြာခင်မှာပဲ တံငါသည်တွေဟာ လီဖူချန်းကို အရိုအသေပေးပြီး ထွက်သွားကြပါပြီ။ လီဖူချန်းကတော့ ကျောက်ဆောင် တစ်ခုပေါ်မှာ ထိုင်ရင်းနဲ့ နေဝန်းစိမ်း ဓားဆန္ဒကို ပြန်လည် သုံးသပ်နေပါတယ်။

သည်လိုနဲ့ပဲ နေမင်းကြီးဟာ အနောက်ဘက်ကို မေးတင်စ ပြုလာခဲ့ပါပြီ။

ဗွမ်း ...

ဝေါ ... ဝေါ ... ဝေါ ...

တည်ငြိမ်နေတဲ့ ပင်လယ်ရေပြင်ဟာ နောက်ထပ်တစ်ကြိမ် လှုပ်ရှားလာခဲ့ပြန်ပါပြီ။

သည်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးကြီးတွေကတော့ တကယ့်ကို ကြောက်စရာပါပဲ။ အဲဒါ ပင်လယ်ကြီး တစ်ခုလုံး ရွှေ့ပြောင်း သွားသလားလို့တောင် ထင်မှတ်ရပါတယ်။

“ဘယ်သူက ငါ့ရဲ့သား ပိုင်ကုလကို သတ်လိုက်တာလဲ”

ချောက်ချားစရာ ကောင်းလွန်းလှတဲ့ အသံနက်ကြီး တစ်ခုဟာ ပင်လယ်အောက်ထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။ အားကောင်းလွန်းလှတဲ့ သတ်ဖြတ်ခြင်း အငွေ့အသက် တစ်ခုဟာလည်း အသံနဲ့အတူ ပါလာပြီး ကမ်းခြေတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပါပြီ။

ဝုန်း ...

စကားသံ အဆုံးမှာတော့ ပေတစ်သောင်း နီးပါးရှိတဲ့ ငါးမန်းဖြူကြီး တစ်ကောင်ဟာ ပင်လယ်ရေပြင် ထက်မှာ ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးတစ်လုံးဟာ ရေကန်ငယ် တစ်ခုစာ ရှိပြီး ကြက်သွေးရောင် အလင်းတန်းတွေကိုလည်း ထုတ်လွှတ်နေပါသေးတယ်။

“အိုး ... သူရောက်လာပြီပေါ့”

လီဖူချန်းက မျက်လုံးတွေကို ဖွင့်လိုက်ပြီး ရောက်လာတဲ့ ငါးမန်းကြီးကို သေသေချာချာ အကဲခတ် လိုက်ပါတယ်။

“မင်းက ငါ့သားကို သတ်လိုက်တဲ့သူလား”

ငါးမန်းကြီးက လီဖူချန်းကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီးနဲ့ မေးလိုက်ပါတယ်။ ငါးမန်းကြီးကို ကြည့်ရတာက သူ့ရဲ့သား အသတ်ခံလိုက်ရတဲ့ အတွက် ဖြေမဆည်နိုင် ဖြစ်နေပုံပါပဲ။

ဝေါ ... ဝေါ ... ဝေါ ...

သူ့ရဲ့ မေးခွန်း အဆုံးမှာတော့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေဟာ ရုပ်ဝတ္ထုအသွင် ပြောင်းသွားပြီး ပတ်ဝန်းကျင် လေထုတစ်ခုလုံးကို အေးခဲစေလိုက် သလို လှိုင်းလုံးကြီးတွေ ဟာလည်း ၁၀၀ မီတာအထိ မြင့်တက် သွားခဲ့ပါတယ်။

***

All Chapters