← Chapters

ဝိညာဉ်ကျောက်တုံး ဆယ်သန်း

Vol. 33 Ch. 448

ဝိညာဉ်ကျောက်တုံး ဆယ်သန်း

Vol. 33 Ch. 448

“အိုး ... အဆင့်၆ ပင်လယ်သားရဲကြီး တစ်ကောင်ရဲ့ အစွမ်းက ဒါမျိုးလား”

လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါပြီ။

တူညီတဲ့ အဆင့်အတန်း တစ်ခုမှာဆိုရင် ပင်လယ် သားရဲကြီးတွေဟာ ကုန်းတွင်းပိုင်း မိစ္ဆာသားရဲကြီးတွေထက် ပိုအစွမ်း ထက်ပါတယ်။

အဆင့်၆ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ ခွန်အားက မြေကမ္ဘာ အလယ်အလတ် အဆင့် ချီအတွင်းအား ကျင့်စဉ်ကို ကျင့်ကြံထားတဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် တစ်ယောက်နဲ့ ညီမျှနေတာပါ။ အဲသည် အဓိပ္ပာယ်ကတော့ မြေကမ္ဘာ အလယ်အလတ် အဆင့် ချီအတွင်းအား ကျင့်စဉ်ကို ကျင့်ကြံထားခြင်း မရှိတဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် တစ်ယောက်ဟာ အဆင့်၆ မိစ္ဆာသားရဲ တစ်ကောင်ကို မယှဉ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဆင့်၆ ပင်လယ်သားရဲ တစ်ကာင်ဆိုရင်တော့ စဉ်းစားစရာကို မလိုတော့ပါဘူး။

အဆင့်၆ ငါးမန်းဖြူကြီးရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေဟာ ရုပ်ဝတ္ထုအသွင် ပြောင်းလဲသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဖိအားတွေကို စတင် ခံစားလာရပါပြီ။ သည်ဖိအားက ပိုင်ကုလနဲ့ တိုက်ခိုက်တုန်းထက် အဆ တစ်ရာလောက်ကို ပိုအားကောင်းနေတာ မဟုတ်ပါလား။

“မင်းက ငါ့ရဲ့သား ပိုင်ကုလကို သတ်ခဲ့တယ်။ အခု ငါက မင်းကို ပြန်သတ်မယ်”

အဆင့်၆ ငါးမန်းဖြူကြီးဟာ လူသားအသွင်ကိုတောင် မပြောင်းတော့ပါဘူး။ သူက ကြီးမားလှတဲ့ ပါးစပ်ကြီးကို ဟလိုက်ပြီး အရွယ်အစား ပေတစ်ထောင်ရှိတဲ့ ရေလုံးကြီး တစ်လုံးကို မှုတ်ထုတ်ပစ် လိုက်ပါတယ်။ ရုတ်တရက် ဆိုရင်တော့ ဒါက ရေလုံးကြီး တစ်လုံးလို့သာ ထင်စရာ ဖြစ်ပေမဲ့ လီဖူချန်း အတွက်ကတော့ သူ့အပေါ်ကို တောင်ကြီးတစ်လုံး ပိကျလာသလိုပါပဲ။ သည်ရေလုံးကြီးရဲ့ ဖိအားက အင်မတန် သိပ်သည်းလွန်း လှပါတယ်။

ဟူး ... ဟူး ... ဟူး ...

ဂျစ် ... ဂျစ် ...

လေထုဟာ အထိန်းအကွပ်မဲ့စွာ တုန်ခါလာခဲ့ပြီး ရေလုံးကြီးရဲ့ အပေါ်ယံ မျက်နှာပြင်ပေါ်မှာလည်း များပြားလှတဲ့ လျှပ်စစ် စီးကြောင်းတွေ ပေါ်ပေါက်လာခဲ့ပါသေးတယ်။

“မဖြစ်ဘူး။ အမြန်ဆုတ်မှ”

အခြေအနေကို ရိပ်စားမိတဲ့ လီဖူချန်းကတော့ အနောက်ကို လျင်မြန်စွာ ဆုတ်သွားခဲ့ပါပြီ။ သူက အနောက်ကို ဆုတ်နေရင်းနဲ့ နေဝန်းစိမ်း ဓားဆန္ဒကို ထုတ်ပြီး ရေလုံးကြီးကို တိုက်ခိုက်ဖို့ ကြိုးစား လိုက်ပါသေးတယ်။

ရွှီး ...

အစိမ်းရောင် ဓားအလင်းတန်းကြီး တစ်ခုဟာ ရေလုံးကြီးဆီကို တိုးဝင်သွားခဲ့ပါပြီ။

ရှဲ ...

မီးပုံတစ်ခုကို ရေနဲ့ ငြိမ်းသတ် လိုက်သလိုပါပဲ။ လီဖူချန်းရဲ့ ဓားချီ အလင်းတန်းဟာ ရေလုံးကြီးကို ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ရေလုံးကြီးကတော့ လီဖူချန်းဆီကို ဆက်ပြီး တိုးဝင်လာနေပါတယ်။

“ငါလခွီးတဲ့မှပဲ ... သည်လောက် ကြောက်စရာ ကောင်းရသလားဟ”

လီဖူချန်းက မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်နေခဲ့ပါပြီ။

သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒဟာ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်သလို နေဝန်းစိမ်း တာအိုသဘော တရားတွေလည်း ပါဝင်ပတ်သက် နေပါသေးတယ်။ ဒါပေမဲ့လည်း အဲဒါက ရေလုံးကြီးနဲ့ အတွေ့မှာတော့ ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

လီဖူချန်းက အနောက်ကိုပဲ တစ်ဆုတ်တည်း ဆုတ်နေရပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ဆုတ်ခွာနှုန်းက ရေလုံးကြီးရဲ့ အမြန်နှုန်းကို မမီပါဘူး။

ကံကောင်းတာ တစ်ခုကတော့ အရှေ့ယူနီကွန်းတိုက်ရဲ့ ကိုယ်ပိုင် ကန့်သတ်ချက် ဥပဒေဟာ အဆင့်၆ ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်မှု အပေါ်မှာလည်း သက်ရောက်နေတာပါပဲ။ ရေလုံးကြီးက အရှေ့ ယူနီကွန်းတိုက်ရဲ့ နယ်နိမိတ်ထဲကို ဝင်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အစွမ်း ယုတ်လျော့ လာခဲ့ပါတယ်။

လီဖူချန်းဆီကို ရောက်တဲ့အခါမှာတော့ ရေလုံးကြီးရဲ့ စွမ်းအား ၉၀ရာခိုင်နှုန်းလောက်ဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ရေလုံးကြီးက လီဖူချန်းဆီကို တိုးဝင်လာနေဆဲပါပဲ။

ဘန်း ...

လီဖူချန်းရဲ့ ချီအကာအကွယ်ဟာ တစ်မုဟုတ်ချင်း ပျက်စီးသွားခဲ့သလို လူကိုယ်တိုင်ဟာလည်း လွင့်ထွက် သွားခဲ့ပါတယ်။

စွမ်းအား ၁၀ ရာခိုင်နှုန်းလောက်သာ ပါရှိတော့တယ် ဆိုပေမဲ့လည်း အဲသည်အရာက လီဖူချန်း တောင့်ခံနိုင်တဲ့ အရာ မဟုတ်သေးပါဘူး။

“ဝေါ့”

လီဖူချန်းဟာ သွေးတစ်လုတ်ကိုလည်း အန်လိုက် ရပါသေးတယ်။ ကံကောင်းတာ တစ်ခုကတော့ ရေလုံးကြီးရဲ့ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားတဲ့ နှုန်းဟာ သူ ဆုတ်ခွာနေတဲ့ နှုန်းထက် မြန်နေတာပါပဲ။

“လခွီး ... စွမ်းအား ၁၀ရာခိုင်နှုန်းလောက်ပဲ ရှိတော့လို့ တော်သေးတာပေါ့။ သည်တိုက်ခိုက်မှုက စွမ်းအား ၁၀၀ ရာခိုင်နှုန်း ရှိနေသေးရင်တော့ ငါတော့ တစ်စစီဖြစ်ပြီး သေနေလောက်ပြီ”

လီဖူချန်းက သူ အရမ်း ကံကောင်းသွားတယ် ဆိုတာကို သတိပြုမိ လိုက်ပါတယ်။ သူဆုတ်ခွာ လိုက်တာက တကယ့်ကို လက်မတင်ပေါပဲ။ တကယ်လို့ သူ့အနေနဲ့ နောက်ဆုတ်ဖို့ အနည်းငယ် တုံ့ဆိုင်းသွားခဲ့မယ် ဆိုရင် အခုလို ဒဏ်ရာ အနည်းငယ်လေး ရရုံသာ ဖြစ်သွားမှာ မဟုတ်ပါဘူး။ သူက မသေဘူး ဆိုရင်တောင်မှ ဒဏ်ရာ အပြင်းအထန် ရသွားမှာပါ။

“လခွီးပဲ”

ဝုန်း ... ဝုန်း ... ဝုန်း ...

အဆင့်၆ ငါးမန်းကြီးကတော့ လီဖူချန်းကို မသတ်နိုင်ခဲ့တဲ့ အတွက် ပင်လယ်ထဲမှာ အကြီးအကျယ် သောင်းကျန်း နေပါတော့တယ်။

အရှေ့ ယူနီကွန်းတိုက်ရဲ့ ကန့်သတ်ချက်အရ သူက လီဖူချန်းဆီကိုလည်း သွားလို့ မရပါဘူး။

“လူသား ... အရှေ့ကို ခြေတစ်လှမ်း တိုးခဲ့စမ်းပါ။ မင်းမှာ အစောပိုင်းတုန်းကလို သတ္တိတွေ မရှိတော့ဘူးလား။ လာစမ်းပါ။ တိုက်ကြရအောင်”

အဆင့်၆ ငါးမန်းကြီးက လီဖူချန်းကို ပင်လယ်ထဲကနေ အော်ပြီး စိန်ခေါ်နေပါတော့တယ်။

လီဖူချန်းက ရှေ့ကို လုံးဝ တိုးမလာတော့ပါဘူး။ သူက သေချာအောင် နောက်ကို ခြေသုံးလှမ်းလောက် ဆုတ်လိုက်ပြီးမှ ပြန်အော်ပြော လိုက်ပါတယ်။

“ဟေ့ကောင် ... အရမ်း အော်မနေနဲ့။ မင်းရဲ့ အော်သံကြောင့် ငါ့နားတွေ ကွဲတော့မယ်။ ငါမင်းကို မတိုက်ရဲဘူးလို့ ထင်နေတာလား။ ငါ ...  မင်းကို တိုက်မယ်ကွ။ အေး ... ဒါပေမဲ့ သည်နေ့တော့ မဟုတ်သေးဘူး”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အနောက်ကို တစ်ချက်မှ လှည့်မကြည့်တော့ဘဲ ကုန်းတွင်းပိုင်းထဲကို ဝင်ရောက် သွားပါတော့တယ်။ သူက အဆင့်၆ ပင်လယ်သားရဲရဲ့ အစွမ်းကို သိချင်လို့ သည်နေရာမှာ စောင့်နေတာပါ။ အခုတော့ သူဟာ အဆင့်၆ ပင်လယ်သားရဲရဲ့ အစွမ်းကို မြည်းစမ်းပြီး သွားပါပြီ။ ကံကောင်းလို့ မသေတာလို့ပဲ ဆိုရပါမယ်။

“လူသားငကြောက် ... ငါတစ်နေ့ကျရင် မင်းကို လာသတ်မယ်ကွ။ မင်းစောင့်နေလိုက်”

အဆင့်၆ ငါးမန်းဖြူကြီး ကလည်း ပင်လယ်ထဲကို ပြန်လည် ငုပ်လျှိုးသွားခဲ့ပါပြီ။

***

အခုဆိုရင် နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းကလည်း တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ အဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ သိပ်ပြီး များများစားစား လုပ်စရာ မရှိတော့ပါဘူး။ သူ့အနေနဲ့ သူ့ရဲ့ အချိန်တွေ မှန်သမျှကို မီးလျှံအင်းကွက်နဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဘုံ ဓားအင်းကွက်ကို လေ့လာတဲ့ နေရာမှာ အသုံးချဖို့ပဲ ရှိတော့ပါ။

မီးလျှံအင်းကွက်က နတ်ဘုရားစွမ်းရည်နဲ့ အတော်လေး သက်ဆိုင်မှု ရှိပါတယ်။ မီးလျှံအင်းကွက်ကို ပိုပြီး နားလည်လာလေလေ မီးလျှံနတ်ဘုရား စွမ်းရည်က ပိုပြီး အားကောင်း လာလေလေပါပဲ။

အဲသည် အတွက်ကြောင့်လည်း လီဖူချန်းရဲ့ လက်ရှိ အစွမ်းအထက်ဆုံး ဝှက်ဖဲဟာ နေဝန်းစိမ်း ဓားဆန္ဒ မဟုတ်ဘဲ မီးလျှံနှလုံးသား ဖြစ်နေသေးတာ ဖြစ်ပါတယ်။

ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဓားအင်းကွက်ကတော့ ဓားရဲ့ ဒုတိယ ချိပ်ပိတ် စည်းတံဆိပ်နဲ့ အများကြီး ဆက်နွှယ်မှု ရှိပါတယ်။

လီဖူချန်းက ဒုတိယ ချိပ်ပိတ် စည်းတံဆိပ်ကို ဖယ်ရှားပြီးပြီ ဆိုတာနဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဒါမှမဟုတ် ကောင်းကင် အဆင့်နိမ့် အဆင့်အထိ အဆင့်တက်သွားမှာ အသေအချာပါပဲ။ အဲသည်အချိန် ဆိုရင် သူက မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဓားသိုင်းတစ်ခု ဒါမှမဟုတ် ကောင်းကင်အဆင့်နိမ့် ဓားသိုင်းတစ်ခုကိုတောင် ရနိုင်ပါတယ်။

အဲသည်လိုသာ ဆိုရင်တော့ လီဖူချန်းဟာ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်သူတင် မဟုတ်တော့ဘဲ နယ်ပယ်တစ်ခု ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ သူတောင် ဖြစ်သွားတော့မှာပါ။

***

- ဖုန်းရွှယ်ဂိုဏ်း -

“အကြီးအကဲမူ ... ကျုပ်တို့ မြစ်ဖြူဂိုဏ်းက မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်း ၅မျိုး အလိုရှိပါတယ်။ အဲဒါတွေကတော့ စစ်သုံး ဆေဘာတစ်ချောင်း၊ လှံရှည်တစ်လက်၊ နှစ်ဖက်သွားဓား တစ်လက်နဲ့ ချပ်ဝတ်တန်ဆာ နှစ်ထည်ပါပဲ။ သည်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃သိန်းခွဲပါ။ ကျေးဇူးပြုပြီး အကူအညီပေးပါဦး”

ဖုန်းရွှယ်ဂိုဏ်းရဲ့ ပင်မခန်းဆောင် ထဲမှာတော့ မြစ်ဖြူဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မ အကြီးအကဲဖြစ်သူ ရှင်းဝူယွမ်ဟာ မူဟန်ရှင်းကို ရိုသေ လေးစားစွာနဲ့ သိုလှောင်အိတ် တစ်အိတ် ပေးနေပါတယ်။

“ဟုတ်ပြီလေ။ ငါတို့ဆီမှာ မင်းအလိုရှိတဲ့ ပစ္စည်းတွေ ရှိပြီဆိုတာနဲ့ မင်းကို ချက်ချင်း အကြောင်းကြား လိုက်မယ်”

မူဟန်ရှင်းရဲ့ လေသံကတော့ လုံးဝ တည်တည်ငြိမ်ငြိမ်ပါပဲ။

သူ့အတွက်ကတော့ ဒါဟာ ပထမဆုံးအကြိမ် အကူအညီ တောင်းခံရတာ မဟုတ်တော့ပါဘူး။

ပြီးခဲ့တဲ့ တစ်ခေါက် တိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့က အကြီးအကဲတွေဟာ တစ်ယောက်ကို မြေကမ္ဘာ အဆင့်နိမ့် လက်နက်တစ်ခုနဲ့ မြေကမ္ဘာ အဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ခုစီ ရခဲ့ကြပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူတို့တွေဟာ မြေကမ္ဘာ အဆင့်နိမ့် လက်နက်ပစ္စည်းတွေကို ကိုင်စွဲ တိုက်ခိုက်ရတဲ့ အရသာကို သိကုန်ကြပါပြီ။ အဲသည် အတွက်ကြောင့်လည်း သူတို့ဟာ မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေကို ထပ်ပြီးတော့ လိုချင်နေကြတာပါ။ သူတို့ရဲ့ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးမှာ မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်း တစ်ခု ပိုလာလို့ မကြိုက်နှစ်သက်ဘူး ဆိုတဲ့သူတော့ ရှိမှာ မဟုတ်ပါဘူး။

အဲသည်လို ဖြစ်လာမယ့် အရေးကိုတော့ လီဖူချန်းဟာ အစောကြီးကတည်းက ကြိုတင်သိမြင် ထားပြီးပုံပါပဲ။ မိစ္ဆာတာအို အင်အားစုနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေကို အနိုင်ယူခဲ့တဲ့ တိုက်ပွဲ အပြီးမှာပဲ လီဖူချန်းဟာ မြေကမ္ဘာအဆင်နိမ့် လက်နက်ပစ္စည်းတွေ အတွက် ဈေးနှုန်း သတ်မှတ်ချက် တစ်ခု အတည်တကျ ထုတ်ခဲ့ပါတယ်။ မြေကမ္ဘာအဆင့်နိမ့် လက်နက်တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်း၊ မြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ထည်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ဆိုပြီးတော့ပေါ့။

လီဖူချန်းက တကယ်ကို အမြတ်ကြီး စားသူ တစ်ဦးပါပဲ။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာဆိုရင် မြေကမ္ဘာ အဆင့်နိမ့် လက်နက်တစ်ခုဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်အောက်မှာသာ ရှိပြီး မြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ထည် ဆိုရင်လည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင် မကျော်ပါဘူး။ လီဖူချန်းက သူ့ရဲ့ မြေကမ္ဘာအဆင့်နိမ့် လက်နက် ပစ္စည်းတွေကို မူရင်းဈေးထင် အဆ နှစ်ဆယ်ကျော် တင်ထားခဲ့တာပါ။

ဒါပေမဲ့လည်း သည်နေရာက အရှေ့ယူနီကွန်းတိုက် ဖြစ်တဲ့အတွက် မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတွေဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ အဲသည်အတွက် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲတွေက မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်း တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်း၊ တစ်သိန်းမကလို့ ဆယ်သိန်း ဖြစ်နေရင်လည်း မရရအောင် စုပြီး ဝယ်ကြမှာပါပဲ။

သူတို့အနေနဲ့ မဝယ်လို့လည်း မရပါဘူး။ တကယ်လို့ တစ်ဂိုဏ်းဂိုဏ်းကသာ မြေကမ္ဘာ လက်နက်ပစ္စည်း အများအပြားကို ဝယ်ယူရရှိသွားမယ်ဆိုရင် သူတို့ကြားမှာ ရှိနေတဲ့ ကွာဟချက်က ကြီးမားသွားပါလိမ့်မယ်။

ပြီးတော့ ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းဟာလည်း ဝိညာဉ်ကျောက်တုံး သတ္တုတွင်းတွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြတာ မဟုတ်ပါလား။ တကယ်လို့ သူတို့အနေနဲ့ သူတို့ရဲ့ ဝိညာဉ် ကျောက်တုံးတွေကို အကုန်အစင် သုံးပစ် လိုက်ရင်တောင်မှ ပြန်ပြီး တူးဖော်လို့ ရပါသေးတယ်။ ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အသစ်တွေကို ထပ်ရှာလို့လည်း ရပါတယ်။ အရှေ့ ယူနီကွန်းတိုက်ဟာ အရင်းအမြစ် ရှားပါးတဲ့ တိုက်တစ်ခု ဖြစ်ပေမဲ့လည်း ဝိညာဉ်ကျောက်တုံး သတ္တုတွင်းတွေနဲ့ ပတ်သက်ရင်တော့ သိပ်ပြီး မရှားပါးလှပါဘူး။ အဲသည်အချက်ကြောင့် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ဝင် အကြီးအကဲတွေဟာ ဘာမှ နောက်ဆံ တင်းမနေတော့ဘဲ မြေကမ္ဘာ အဆင့်နိမ့် လက်နက်ပစ္စည်းတွေ ဝယ်ဖို့အတွက် ဝိညာဉ် ကျောက်တုံးတွေကို ပျော်ပျော်ကြီး သုံးရဲနေကြတာ ဖြစ်ပါတယ်။

(note - အခုကစပြီး လန်ရှီး သတ္တုတွင်းအစား ဝိညာဉ်ကျောက်တုံး သတ္တုတွင်းလို့ သုံးသွားပါမယ် ခင်ဗျာ။ )

လီဖူချန်းနဲ့ ခင်မင်ရင်းနှီးမှု အကြီးစား ရထားတဲ့ ဖုန်းရွှယ်ဂိုဏ်းကတော့ အတော်လေး ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ သူတို့က မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတွေကို ဝယ်စရာ မလိုအပ်ခဲ့ပါဘူး။ လီဖူချန်းက ဖုန်းရွှယ်ဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ အထက်က ပုဂ္ဂိုလ်တိုင်းကို မြေကမ္ဘာ အဆင့်နိမ့် လက်နက်တစ်ခုနဲ့ ချပ်ဝတ်တန်ဆာ တစ်ခုစီ ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ရှင်းဝူယွမ် ထွက်သွားပြီး သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ လေ့လာရေး ခရီး ထွက်နေရာကနေ ပြန်ရောက်လာခဲ့ပြီ။

“မဟာမိတ် ဦးစီးခေါင်းဆောင်”

မူဟန်ရှင်းက အလျင်အမြန်ပဲ ကြိုဆိုလိုက်ပါတယ်။

လီဖူချန်း ခေါင်းညိတ်လိုက်ပြီး သူသိလိုတာကို မေးလိုက်ပါတယ်။

“မြေကမ္ဘာအဆင့်နိမ့် လက်နက်ပစ္စည်းတွေ ရောင်းချတဲ့ အခြေအနေက ဘယ်လိုလဲ”

မူဟန်ရှင်းက စိတ်လှုပ်ရှားစွာနဲ့ ပြန်ဖြေလိုက်ပါတယ်။

“ကျွန်တော်တို့ဆီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂သန်းကျော် ရှိနေပါပြီ”

“များလှချည်လားဟ”

လီဖူချန်းက မအံ့သြဘဲ မနေနိုင်တော့ပါဘူး။ သူက သည်လောက်အထိ ဝယ်ယူမှု များပြားလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့တာပါ။

မူဟန်ရှင်းက သူ့ရဲ့ စကားကို ဆက်ပါတယ်။

“တကယ်တော့ ဝယ်ယူတဲ့နှုန်းက အဲဒီလောက်များစရာ မရှိပါဘူး။ ဒါပေမဲ့ တခြားဂိုဏ်းတွေက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း၊ နှစ်သိန်းလောက်ပဲ သုံးနိုင်တဲ့ အချိန်မှာ တုံလင်ကလန် တစ်ခုတည်းကပဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆သိန်းဖိုး မှာယူသွားပါတယ်။ ပြီးတော့ အဓိက ဂိုဏ်းကြီးတွေရဲ့ လက်အောက်ကနေ ပြန်ခွဲထွက်သွားတဲ့ ဂိုဏ်းငယ်လေးတွေ ကလည်း မြေကမ္ဘာအဆင့်နိမ့် လက်နက် အချို့ကို ဝယ်ယူကြလို့ပါ”

“အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးတွေကော”

လီဖူချန်းက ထပ်မေးလိုက်ပါတယ်။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ဆိုရင်တော့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ လဲလှယ်လို့ ရပါတယ်။

ဒါပေမဲ့လည်း အရှေ့ယူနီကွန်း တိုက်မှာတော့ လီဖူချန်းက အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သောင်းနဲ့ ညီမျှတယ်လို့ သတ်မှတ် ပေးခဲ့ပါတယ်။ သဘောကတော့ အလယ်အလတ ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ မြေကမ္ဘာ အဆင့်နိမ့် လက်နက်တစ်ခု ဝယ်ယူလို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးတွေ ဆိုတာက တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေတောင်မှ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တွေနဲ့ တွေ့မှသာ သုံးတာပါ။ သည်ကျောက်တုံးတွေက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အတွက်တော့ တကယ့် တန်ဖိုးကြီး ပစ္စည်းတွေပါပဲ။

မူဟန်ရှင်းက”အလယ်အလတ်အဆင့်် ဝိညာဉ် ကျောက်တုံးတွေကတော့ သိပ်မများပါဘူး။ အားလုံးပေါင်းမှ ၁၀၅တုံးပဲ ရခဲ့ပါတယ်”

“၁၀၅တုံးလား။ မဆိုးဘူးပဲ”

လီဖူချန်းက ရယ်လိုက်မိပါတယ်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေထက် စာရင်တော့ သူက အလယ်အလတ် အဆင့် ဝိညာဉ်ကျောင်တုံးတွေကို ပိုတန်ဖိုးထားတာ မဟုတ်ပါလား။

***

All Chapters