မိစ္ဆာအကူအညီတွေ ရောက်လာခြင်း
Vol. 33 Ch. 449
သည်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂သန်းကျော်ကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်မှုဟာ ၁၅သန်းနီးပါး ရှိသွားခဲ့ပါပြီ။
သည်ပိုင်ဆိုင်မှု ပမာဏဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက် ပိုင်ဆိုင်ထားနိုင်တဲ့ ချမ်းသာ ကြွယ်ဝမှုမျိုး မဟုတ်ပါဘူး။ ဒါက ထိပ်တန်း တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ရဲ့ ကြွယ်ဝ ချမ်းသာမှုကိုတောင် ယှဉ်နိုင်လောက်ပါတယ်။
ချမ်းသာကြွယ်ဝ လှပါပြီ ဆိုတဲ့ ဆရာသခင် မအိုသော ကလေးငယ်တောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းပေါင်း အနည်းငယ်သာ ပိုင်ဆိုင်တာပါ။
သာမန် တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းပေါင်း အနည်းငယ် ပိုင်ဆိုင်ထားရင်ကို ချီးကျူးခံထိုက် နေပါပြီ။
“အကြီးအကဲမူ ... ကြေညာချက်တစ်ခု ထုတ်ပြတ်လိုက်။ အရိုးတည်ဆောက်ပုံ ကြယ်၄ပွင့် အဆင့်ကနေ နောက်ထပ် အဆင့်တစ်ဆင့် တက်စေနိုင်တဲ့ ဆေးပင်ရှိသူ ဒါမှမဟုတ် ရှာဖွေနိုင်သူကို ကျုပ်က မြေကမ္ဘာ အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ် ဒါမှမဟုတ် တန်ဖိုးချင်း တူညီတဲ့ တခြားအရာ တစ်ခုနဲ့ လဲပေးမယ်လို့”
ကြယ်၄ပွင့်အဆင့် အရိုး တည်ဆောက်ပုံတွေကို အဆင့်မြှင့်တင် ပေးနိုင်တဲ့ ဆေးပင်တွေ ဆိုတာက အလွန်အမင်း ရှားပါးလွန်း လှပါတယ်။ ပြီးတော့ မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆေးပင်တွေမှသာ အဲသည်လို အဆင့် မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ချက် ရှိတာပါ။
ထပ်ပြီးတော့ ပြောရမယ် ဆိုရင်တော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင်တွေ ဆိုတာက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးလို တိုက်ကြီးမျိုးမှာတောင်မှ ရှာဖွေ တွေ့ရှိဖို့အတွက် ဆုတောင်းလို့ပဲ ရပါတယ်။ အရှေ့ ယူနီကွန်းတိုက် ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့။
ဒါပေမဲ့လည်း မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အရှေ့ ယူနီကွန်းတိုက် ဆိုတာကလည်း သိပ်ပြီး သေးငယ်တဲ့ တိုက်တစ်ခုမှ မဟုတ်တာလေ။ သည်တိုက်က အရင်းအမြစ်တွေ ရှားပါးလွန်းတဲ့ တိုက်တစ်ခု ဆိုရင်တောင်မှ အနည်းဆုံး မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင် တစ်ပင်လောက်တော့ ရှိသင့်တယ် မဟုတ်ပါလား။ ဥပမာ ပြောရမယ် ဆိုရင်တော့ ရှာမတွေ့သေးတဲ့ လျှို့ဝှက်နယ်မြေတို့ ဒါမှမဟုတ် အပျက်အစီး နယ်မြေ တစ်ခုခုမှာ ပေါက်နေတာမျိုးပေါ့။
တကယ်လို့သာ လီဖူချန်းအနေနဲ့ အဲသည် မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပင်ကို တစ်ယောက်တည်း ကျိတ်ရှာနေမယ် ဆိုရင် ဆယ်နှစ်လောက် ကြာရင်တောင် ရှာတွေ့ဖို့ မသေချာပါဘူး။ ဒါပေမဲ့ အရှေ့ ယူနီကွန်းတိုက် တစ်ခုလုံးရဲ့အားကို အငှားရယူ လိုက်ရင်တော့ ရှာတွေ့ဖို့ အခွင့်အရေးဟာ ပိုပြီး များသွားပါလိမ့်မယ်။
“ဟုတ် ... ဟုတ်ကဲ့ပါ။ မဟာမိတ်အဖွဲ့ ခေါင်းဆောင်”
မူဟန်ရှင်းရဲ့ အသက်ရှူသံတွေ ကတော့ မတည်မငြိမ် ဖြစ်လာခဲ့ပါပြီ။ ဒါက သူ့အပြစ်တော့လည်း မဟုတ်ပါဘူး။ အခုလီဖူချန်း ထုတ်ပြောလာတဲ့ အရာက မြေကမ္ဘာ အဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်အကြောင်းပါ။ အဲသည်လို ကျင့်စဉ်ဆိုတာက သူတို့ရဲ့ ဖုန်းရွှယ် ဂိုဏ်းမှာတောင်မှ မရှိတဲ့ အရာ ဖြစ်ပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ မြေကမ္ဘာ အဆင့်နိမ့် ကျင့်စဉ်ကို အမြင့်ဆုံး အဆင့်အထိ ကျင့်နိုင်လို့ကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ နံပါတ်၂ ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါပဲ။
လီဖူချန်းကလည်း မူဟန်ရှင်းရဲ့ ဖြစ်ပျက်သွားတာကို သတိမပြုမိဘဲ မနေပါဘူး။ သူက ပြုံးပြီး အားပေးလိုက်ပါတယ်။
“အကြီးအကဲမူ ... နည်းနည်းလေးတော့ စိတ်ရှည်ပါဦး။ တစ်နေ့ကျရင် ခင်ဗျား အတွက်လည်း သေချာပေါက် အခွင့်အရေး ရမှာပါ”
အခု လောလောဆယ်မှာတော့ လီဖူချန်းရဲ့ လက်ထဲမှာ မြေကမ္ဘာအဆင့်နိမ့် ချီအတွင်းအား ကျမ်းဆိုလို့ တစ်အုပ်တောင် မရှိသေးပါဘူး။ ဒါပေမဲ့လည်း အဲဒါက အနာဂတ်မှာ မရနိုင်ဘူးလို့ ဆိုလိုတာမှ မဟုတ်တာလေ။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာဆိုရင် မြေကမ္ဘာ အလယ်အလတ် အဆင့် ချီအတွင်းအား ကျမ်းတွေကိုသာ တွေ့မြင်ရ ခက်တာပါ။ မြေကမ္ဘာအဆင့်နိမ့် ချီအတွင်းအား ကျမ်းတွေကိုတော့ လေလံခန်းမတွေမှာ မကြာခဏ တွေ့ရလေ့ ရှိပါတယ်။ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးသာ ရှိလို့ကတော့ အဲသည် မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျမ်းတွေကို လေလံ မဆွဲနိုင်စရာ အကြောင်းကို မရှိပါဘူး။
***
- မိုးပြာရောင် တောင်ထွတ် -
သည်နေ့မှာတော့ ပူပြင်းလှတဲ့ ချီအရှိန်အဝါ တစ်ခုဟာ ကောင်းကင်ဘဝဂ်အထိ ထိုးတက်သွားပြီး ကျဆင်းနေတဲ့ နှင်းတွေကိုပါ အရည်ပျော်ကျ သွားစေပါတယ်။
“အိုး ... အကြီးအကဲခေါင်ချုပ် အဆင့်တက်ပြီပေါ့”
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ အဲသည် နောက်မှာတော့ သူဟာ အလင်းတန်း တစ်ခုအသွင် ပြောင်းသွားပြီး ပျောက်ကွယ် သွားခဲ့ပါပြီ။
လီဖူချန်း ပေးခဲ့တဲ့ များပြားလှတဲ့ ဆေးတွေနဲ့ ဝိညာဉ် ကျောက်တုံးတွေကြောင့် ဇောင်ဝူကျင်းဟာ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ သူ့ရဲ့ နဂိုမူလ ကျင့်ကြံခြင်း အဆင့်ကို ပြန်လည် ရရှိခဲ့ပါတယ်။ အဲသည်နောက်မှာတော့ သူဟာ အချိန်ဆွဲ မနေတော့ဘဲ ပြန်လည်မွေးဖွားခြင်း မှော်ဆေးရည်ကို သောက်သုံးပစ်လိုက် ပါတော့တယ်။ အဲသည် ပြန်လည်မွေးဖွားခြင်း မှော်ဆေးရည်ကြောင့်ပဲ သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို အခုလို ချိုးဖောက်ဝင်ရောက် နိုင်ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။
ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁ ဆိုတာက သိပ်ပြီးတော့ ကြီးကျယ်တဲ့ အရာတစ်ခု မဟုတ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း အဲဒါက လူတစ်ယောက်ရဲ့ သက်တမ်းကို နှစ်ဆနီးပါး ဆွဲဆန့်ပေးပြီး ပိုပြီး ကျန်းမာ သန်စွမ်းစေပါတယ်။
“အကြီးအကဲဇောင် ... ဂုဏ်ယူတယ်ဗျို့။ နောက်ဆုံးတော့ ခင်ဗျားလည်း ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီပေါ့”
မိုးပြာရောင်ဂိုဏ်းရဲ့ အထက်ပိုင်းက အကြီးအကဲ အကုန်လုံးဟာ ဇောင်ဝူကျင်းကို ဂုဏ်ပြုဖို့အတွက် ရောက်လာကြပါတယ်။ သူတို့တင် မကပါဘူး။ သိပ်မကြာခင်မှာပဲ မူဟန်ရှင်းနဲ့ အခြားသော ဝဂိုဏ်းတွေက ထိပ်သီး အကြီးအကဲတွေကလည်း ဇောင်ဝူကျင်းကို ဂုဏ်ပြုဖို့အတွက် ရောက်လာကြပါ သေးတယ်။ သူတို့ကို ကြည့်ရတာက ဇောင်ဝူကျင်း အဆင့်တက်တော့မယ် ဆိုတာကို ကြိုတင် သိနေကြပုံပါပဲ။
ဇောင်ဝူကျင်းကတော့ ဘာမှ ထွေထွေထူးထူး စဉ်းစားမနေပါဘူး။ သူက လာပြီး ဂုဏ်ပြုသမျှ လူတိုင်းကို လက်နှစ်ဖက် ဆုပ်ကာ ပြန်အရိုအသေ ပေးနေပါတယ်။
သူ့ဘဝမှာ အလိုချင်ဆုံး ဆန္ဒက ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ပါပဲ။ အခုတော့ သူ့ရဲ့ ဆန္ဒဟာ ပြည့်မြောက် သွားခဲ့ပါပြီ။ အခုဆိုရင် သူဟာ နောက်ထပ် နှစ်ပေါင်း တစ်ရာကျော်ကို ဆက်ပြီး နေသွားရတော့မှာပါ။ ဒါက သူ့အတွက်တော့ နေ့ကောင်းနေ့မြတ် တစ်ခုပင် မဟုတ်ပါလား။
“အကြီးအကဲ ခေါင်ချုပ် ... ဂုဏ်ယူပါတယ်ဗျာ”
လီဖူချန်းကလည်း မိုးပြာရောင် တောင်ထွတ်ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။
“ဖူချန်း ... မင်းရဲ့ ကျေးဇူးကြောင့် သည်အဘိုးကြီးက နောက်ထပ်တစ်ကြိမ် ပြန်မွေးဖွားခဲ့ရပြီ”
ဇောင်ဝူကျင်းက အသံ တုန်တုန်ယင်ယင်နဲ့ လီဖူချန်းကို လှမ်းပြောလိုက်ပါတယ်။
မိုးပြာရောင်ဂိုဏ်းမှာ သူသဘောကျ နှစ်ခြိုက်ခဲ့တဲ့ တပည့်ငယ်လေး တစ်ယောက်ဟာ အရှေ့ ယူနီကွန်းတိုက် တစ်ခုလုံးကို လွှမ်းမိုးနိုင်ရုံ သာမက သူ့ကိုပါ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်ရှိစေနိုင် လိမ့်မယ်လို့ ဘယ်သူက သိနိုင်ခဲ့မှာတဲ့လဲ။
အရာအားလုံးရဲ့ ကံကြမ္မာဟာ ကြိုတင် စီစဉ်ပြီးသားဆိုတဲ့ စကားဟာ မမှားလောက်ပါဘူး။
လီဖူချန်းက ရယ်လိုက်ပြီး
“မဟုတ်တာဗျာ။ အကြီးအကဲက ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးတာကို ခံရတာပါ။ ကျွန်တော်ရဲ့ အကူအညီ မပါရင်တောင်မှ အကြီးအကဲခေါင်ချုပ်က ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို လွယ်လွယ်ကူကူ ချိုးဖောက်ဝင်ရောက် နိုင်မှာပါ”
“မဟာမိတ် အဖွဲ့ခေါင်းဆောင် ပြောတာ မှန်တယ်။ အကြီးအကဲဇောင်က စိတ်ဓာတ် တည်ကြည်ခိုင်မာတဲ့ လူတစ်ယောက်ပဲ။ တကယ်လို့ အကြီးအကဲဇောင်လို လူတစ်ယောက် ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို မချိုးဖောက်နိုင်ဘူး ဆိုရင် အရှေ့ယူနီကွန်း တိုက်အတွက် နစ်နာမှုကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒါတွေအားလုံးက ကောင်းကင်ဘုံရဲ့ အလိုအရပဲ။ အကြီးအကဲဇောင် အနေနဲ့ အရမ်းကြီး နှိမ့်ချနေစရာ မလိုပါဘူး”
“အကြီးအကဲဇောင် ... အားတဲ့ တစ်နေ့ကျရင် အတူတူ သောက်ကြမလား။ ကျုပ်တို့လို ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေက သာမန် လူတွေထက် အသက်နှစ်ဆ ရှည်တယ်လေ။ အဲဒါကြောင့် ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြရအောင်”
...
လူတွေအားလုံးဟာ ဇောင်ဝူကျင်းနဲ့ လီဖူချန်း ဘယ်လောက်အထိ ခင်မင်ရင်နှီးသလဲ ဆိုတာကို သိပြီးသားပါပဲ။ ဒါကြောင့်လည်း သူတို့တွေက ဇောင်ဝူကျင်းကို မြှောက်ပင့် ပြောဆိုနေကြတာပါ။ ဇောင်ဝူကျင်းကလည်း သည်အကြီးအကဲတွေဟာ သူ့နဲ့လီဖူချန်း ရင်းနှီးတဲ့ အတွက်ကြောင့် သူ့ကို အခုလို မြှောက်ပင့် ပြောဆိုနေကြမှန်း သိပါတယ်။ ဒါပေမဲ့လည်း သည်နေ့ဟာ သူ့ရဲ့ အပျော်ဆုံးနေ့ ဖြစ်နေတဲ့အတွက် အဲဒါကို စိတ်ထဲမှာ သိပ်မထားတော့ပါဘူး။
“လီဖူချန်း ... ငါကော ဘယ်အချိန်မှာမှ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်လိမ့်မယ်လို့ နင်ထင်လဲ”
အနားမှာ ရှိနေတဲ့ ဇောင်မင်းယွီက မေးလိုက်ပါတယ်။
လီဖူချန်းက မျက်မှောင်ကြုတ် လိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။
“မင်းယွီ ... စိုးရိမ်နေစရာ မလိုပါဘူး။ နင်က ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို သေချာပေါက် ရောက်မှာပါ။ နင့်အနေနဲ့ ရည်မှန်းချက်ကို မြင့်မြင့် ထားသင့်တယ်လို့ ငါမြင်တယ်။ အနည်းဆုံး တိုက်ပွဲဝိညာဉ် နယ်ပယ်လောက်ပေါ့”
ဇောင်မင်းယွီက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အရိုး တည်ဆောက်ပုံကိုတော့ သွားပြီး အထင်သေးလို့ မရပါဘူး။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက အလွန်ရှားပါးတဲ့ အစစ်အမှန် ယင်ဓာတ် အရိုးတည်ဆောက်ပုံ ဖြစ်ပါတယ်။ သည်အရိုး တည်ဆောက်ပုံက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ တစ်သောင်းမှာမှ တစ်ယောက်လောက်သာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ရှိတာပါ။
အစစ်အမှန် ယင်ဓာတ် အရိုးတည်ဆောက်ပုံတွေဟာ ပထမတန်းစား အရိုး တည်ဆောက်ပုံတွေ ဖြစ်ကြပြီး ကျင့်ကြံခြင်း အရာမှာ ကောင်းကင်ဘုံရဲ့ ကောင်းချီပေးခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ ကျင့်ကြံခြင်း ပါရမီသက်သက် ယှဉ်ကြကြေးဟေ့ ဆိုရင်တော့ ကြယ်၄ပွင့် အစစ်အမှန် ယင်ဓာတ် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို မယှဉ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ တကယ်လို့ ဇောင်မင်းယွီသာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ဆိုရင်တော့ သေချာပေါက် တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်မှာပါပဲ။
အရိုးတည်ဆောက်ပုံ အဆင့်မြှင့်တာကို အတော်လေး အတွေ့အကြုံ ရပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ အရိုးတည်ဆောက်ပုံ အဆင့်ကို သိပ်ပြီး အလေး မထားတော့ပါဘူး။ သူ့အတွက်ကတော့ အရိုးတည်ဆောက်ပုံဟာ ဘာအစွမ်းသတ္တိကို ပိုင်ဆိုင်ထားသလဲ ဆိုတာက ပိုအရေးကြီး ပါတယ်။ သာလွန်ထူးကဲ အစွမ်းသတ္တိတွေနဲ့ အထူးအစွမ်းသတ္တိတွေကို ထည့်ပေါင်းနိုင်သရွေ့ ကတော့ အဲသည်အရိုး တည်ဆောက်ပုံဟာ အစွမ်းထက် နေဦးမှာပါပဲ။
လီဖူချန်းက နောင်တစ်ချိန်မှာ ကြယ်၄ပွင် အရိုးတည်ဆောက်ပုံကို အဆင့် ထပ်မြှင့်ပေးနိုင်တဲ့ ဆေးပင်တွေ ဒါမှမဟုတ် ဆေးတွေ ရခဲ့မယ်ဆိုရင် ဇောင်မင်းယွီရဲ့ အရိုး တည်ဆောက်ပုံကို အဆင်မြှင့်ပေးဖို့ အတွက်တောင် စဉ်းစား လိုက်ပါသေးတယ်။
***
-အရှေ့ယူနီကွန်းတိုက်၊ မြောက်ပင်လယ်ကမ်းခြေ -
ဝေါ ... ဝေါ ... ဝေါ ...
ပင်လယ် သားရဲကြီးတွေ အကာအကွယ်ပေးခြင်း ခံထားရတဲ့ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတစ်စုဟာ ကမ်းခြေကို ခြေချလာခဲ့ ကြပါပြီ။
အဲသည်အုပ်စုထဲမှာ ဆိုရင် ခြောက်ယောက်က တခြားသော မိစ္ဆာတွေ၊ မိစ္ဆာသားရဲတွေထက် ပေါ်လွင်နေပါတယ်။
အဲသည်၆ယောက်ထဲက ပထမဆုံးသူကတော့ ရှီဟွာ ဘုရင်မပါပဲ။
လက်ရှိ ရှီဟွာဘုရင်မဟာ လူသားတွေနဲ့ ခွဲခြားလို့တောင် မရတော့ပါဘူး။ အရင်တုန်းကတော့ သူဟာ အပေါ်ပိုင်းပဲ လူသားတွေနဲ့ ဆင်တူပြီး အောက်ပိုင်းက မြွေတစ်ကောင်ရဲ့ အမြီး ဖြစ်နေခဲ့တာပါ။ အခုတော့ သူဟာ ချောမောလှပတဲ့ လူသားမိန်းမပျို တစ်ဦး ဖြစ်နေခဲ့ပါပြီ။ ပြီးတော့ ရှီဟွာဘုရင်မက မြစိမ်းရောင် ဆံနွယ်တွေနဲ့ သောက်ရှူးကြယ်လို မျက်လုံးအစုံကိုလည်း ပိုင်ဆိုင် ထားပါသေးတယ်။ ရှီဟွာဘုရင်မကို ကြည့်ရတာက အဆင့်တက်လာပုံ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှီဟွာဘုရင်မရဲ့ ချီအရှိန်အဝါတွေဟာ အရင်တုန်းကထက် ပိုမို သိပ်သည်းနေပြီး သူခြေချလိုက်တာနဲ့ တစ်ပြိုင်နက် ကမ်းခြေ တစ်ခုလုံးဟာ ကျောက်အဖြစ် ပြောင်းသွားလို့ပါပဲ။
ဒုတိယကတော့ သွေးနတ်ဆိုးဘုရင် ဖြစ်ပါတယ်။
ရှီဟွာဘုရင်မ အတိုင်းပါပဲ။ သွေးနတ်ဆိုး ဘုရင်ရဲ့ ချီအရှိန်အဝါတွေဟာလည်း အရင်တုန်းကထက် သိပ်သည်းနေခဲ့ပါပြီ။ ကမ်းခြေပေါ်ကို သူခြေချလိုက်တဲ့ အချိန်မှာဆိုရင် ပတ်ဝန်းကျင် တစ်ခုလုံးဟာ သွေးညှီနံ့တွေ ဖုံးလွှမ်း သွားခဲ့ပါတယ်။
တတိယကတော့ ရှန်းဟွတောင် ဆင်ဘုရင်ပါ။
ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ ချီအရှိန်အဝါက ရှီဟွာ ဘုရင်မနဲ့တောင် သိပ်မကွာတော့ပါဘူး။ သူက သွေးနတ်ဆိုး ဘုရင်ထက်တောင်မှ အစွမ်းထက် သွားခဲ့ပါပြီ။ သူ့ရဲ့ သည်အတိုင်း ရပ်နေပုံကတင် ပတ်ဝန်းကျင် တစ်ခုလုံးကို တောင်ကြီးတစ်လုံး ပိကျလာတဲ့အလား ဖိအားတွေ ပေးစွမ်းနေပါတယ်။
စတုတ္တမြောက်ကတော့ အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ။ အဲသည်မိစ္ဆာ သားရဲကြီးကတော့ လင်းယုန်ဦးခေါင်းနဲ့ လူခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ကျောမှာလည်း တောင်ပံတစ်စုံ ရှိပါတယ်။ အဲသည် မိစ္ဆာသားရဲကို ကြည့်ရတာက ကြောက်စရာ ကောင်းလှပြီး သူ့ရဲ့ မျက်လုံးတွေကလည်း မိုးကြိုး၊ လျှပ်စီးတွေလို တောက်ပနေပါသေးတယ်။
ပဉ္စမမြောက်ကလည်း အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲကြီး တစ်ကောင်ပါပဲ။ အဲသည် မိစ္ဆာသားရဲကြီး ကတော့ ဝံပုလွေ ဦးခေါင်းနဲ့ လူသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူကတော့ ချီအရှိန်အဝါတွေကို မထုတ်လွှတ်ထားပါဘူး။ ဒါပေမဲ့လည်း ရှီဟွာဘုရင်မနဲ့ အခြား သူတွေကတော့ သည်ငွေစန္ဒာ ဝံပုလွေဟာ သည်နေရာမှာ ရောက်နေတဲ့ မိစ္ဆာသားရဲတွေထဲမှာ ကြောက်စရာ အကောင်းဆုံး ဆိုတာကို ကောင်းကောင်းကြီး သိကြပါတယ်။ သည်မိစ္ဆာ သားရဲကြီးက သားရဲဘုရင် မဟူရာလမင်း ဝံပုလွေရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတဲ့ သားရဲတစ်ကောင်ပါ။ ပြီးတော့ သူ့ရဲ့ မျိုးဆက်သွေး စစ်မှန်မှုက သားရဲဘုရင် ပါရှန်းရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတဲ့ ရှန်းဟွတောင် ဆင်ဘုရင်ထက် သာပါတယ်။
နောက်ဆုံး ကျန်တဲ့သူကတော့ မိစ္ဆာသားရဲ မဟုတ်ပါဘူး။ သူကတော့ မိစ္ဆာတစ်ကောင်ပါ။ အဲသည်မိစ္ဆာက ငွေမင်ရောင် ဦးချိုတစ်ချောင်းကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ချီအရှိန်အဝါကလည်း ကျန်တဲ့သူ အားလုံးကို လွှမ်းမိုး ထားပါသေးတယ်။ ကြည့်ရတာတော့ သူက ငွေစန္ဒာ ဝံပုလွေထက်တောင်မှ အားကောင်းတဲ့ ပုံပါပဲ။ သည်မိစ္ဆာကိုတော့ ငွေမင်ဦးချို မိစ္ဆာလို့ ခေါ်ပြီး သူက ငွေမင်ဦးချို မဟာမိစ္ဆာဘုရင်ရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတဲ့ အတွက် ချိုတစ်ချောင်း နတ်ဆိုးဘုရင်ထက်ကို အများကြီး အဆင့်အတန်း မြင့်ပါတယ်။
မဟာမိစ္ဆာ ဘုရင်တွေ ဆိုတာကတော့ မိစ္ဆာဘုရင်တွေရဲ့ အထက်မှာ တည်ရှိနေတဲ့ ထိပ်တန်း မိစ္ဆာဘုရင်တွေကို ဆိုလိုတာပါ။ သူတို့ကိုတော့ သာမန်ရိုးရိုး မိစ္ဆာဘုရင်တွေနဲ့ တစ်တန်းတည်း သတ်မှတ်လို့ မရပါဘူး။
သားရဲ ဘုရင်တွေလိုပါပဲ။ မိစ္ဆာဘုရင်တွေ ဟာလည်း အဆင့်၇ပဲ ဖြစ်ပါတယ်။
မိစ္ဆာအင်းကွက်ကျား၊ စွမ်းအား နတ်ဆိုးဘုရင်နဲ့ အခြားသော သူတွေရဲ့ ချီအရှိန်အဝါတွေ ကလည်း ယခင်ကထက် အားကောင်းလာပုံ ပေါ်ပေမဲ့ သိပ်ပြီး အသိသာကြီးတော့ မဟုတ်ခဲ့ပါဘူး။
“သခင်ဟိုင် ... အခုလို ကူညီတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
မြေကြွက်ဘုရင်က ပင်လယ်ထဲမှာ ရှိနေတဲ့ ပင်လယ်ကြွက်ရိုင်း သားရဲကို လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေ ပေးလိုက်ပါတယ်။
ပင်လယ်ကြွက်ရိုင်း သားရဲရဲ့ အရွယ်အစားက သိပ်ပြီး မကြီးပါဘူး။ သည်ကြွက်ရိုင်းက ပေနှစ်လောက်ပဲ ရှိပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ အနက်ရောင် အမွေးအမှင်တွေ ပေါက်နေပြီး အဲဒါတွေက သံမဏိ အပ်တွေလိုပါပဲ။ သူ့ရဲ့ မျက်လုံးတွေကတော့ အလွန်သေးငယ်ပြီး မျက်လုံးချင်း ဆိုင်မိသူတိုင်းကို ကြောက်လန့် သွားစေနိုင်ပါတယ်။
ပင်လယ်ကြွက်ရိုင်း သားရဲက တစ်ချက် ရယ်လိုက်ပြီး
“တကယ်လို့ နောင်တစ်ချိန်မှာလည်း အခုလို အကူအညီ လိုအပ်လာရင် ငါ့ကို ပြန်အကြောင်းကြားလိုက်။ ငါဆိုတဲ့ ဟိုင်ကု ရှိနေသရွေ့ မြောက်ဘက်ပင်လယ်မှာ မင်းတို့ အန္တရာယ် မတွေ့စေရဘူး”
“ဟုတ်ကဲ့ ... ဟုတ်ကဲ့ပါဗျာ။ နောက်ဆိုရင်လည်း သခင်ဟိုင်ကိုပဲ သေချာပေါက် အကြောင်းကြားပါ့မယ်”
မြေကြွက်ဘုရင်က ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလိုက်ပါတယ်။
ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ရောင်ဦးချို မိစ္ဆာတို့ကလည်း သွားအဖြဲသားနဲ့ပါပဲ။
မိစ္ဆာတစ်ထောင်ကျွန်းနဲ့ အမိန့်သွေဖည် နတ်ဆိုးကျွန်းတို့ရဲ့ မျိုးဆက်တွေဖြစ်တဲ့ သူတို့တွေဟာ ပင်လယ်ကြွက်ရိုင်းတွေရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိကြပါတယ်။ တကယ်လို့သာ သူတို့အနေနဲ့ ပင်လယ် ကြွက်ရိုင်းတွေကို ရန်စမိလိုက်မယ် ဆိုရင် သူတို့ဟာ ဘယ်တော့မှ ပင်လယ်ကို ဖြတ်လို့ ရတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ အရဲစွန့်ပြီး ဖြတ်ကူးမယ် ဆိုရင်တော့ ပင်လယ် ကြွက်ရိုင်းတွေဟာ သူတို့ကို ငရဲပြည်အရောက် အခမဲ့ ပို့ဆောင်ပေးလိုက် ပါလိမ့်မယ်။
အဲသည် အချက်ကြောင့်ပဲ ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ရောင်ဦးချို မိစ္ဆာတို့ဟာ ဟိုင်ကုကို သွားအဖြဲသားနဲ့ ပြုံးပြနေကြတာပါ။
ဟိုင်ကုနဲ့ သူ့ရဲ့ ပင်လယ်ကြွက်ရိုင်းတွေ ထွက်သွားပြီးတဲ့ နောက်မှာတော့ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေဟာ နတ်ဆိုးဆယ်ပါး နယ်မြေကို ဦးတည်ပြီး ပျံသန်းသွားကြ ပါတော့တယ်။
သူတို့တွေ နတ်ဆိုးဆယ်ပါး နယ်မြေကို ရောက်တာနဲ့ တစ်ပြိုင်နက် သတင်းဆိုး တစ်ခုဟာ သူတို့ကို ဆီးလို့ ကြိုနေပါတယ်။ အဲဒါကတော့ လီဖူချန်းဟာ သူတို့ရဲ့ နယ်မြေထဲကို ဝင်လာပြီး သွေးနဲ့ ခြေဆေးသွားတယ် ဆိုတဲ့ သတင်းပါပဲ။ သတင်းကို ကြားအပြီးမှာတော့ ရှီဟွာဘုရင်မ၊ သွေးနတ်ဆိုးဘုရင်၊ ရှန်းဟွတောင် ဆင်ဘုရင်နဲ့ အခြားသူတွေဟာ ဒေါသအကြီးအကျယ် ထွက်သွားခဲ့ကြပါပြီ။
လင်းယုန်နဲ့ တူတဲ့ မိစ္ဆာသားရဲကတော့ ဒေါသကို လုံးဝ ထိန်းနိုင်တော့ပုံ မရပါဘူး။ သူက ချက်ချင်းပဲ လီဖူချန်းကို စိန်ခေါ်ဖို့ ပြင်ဆင်ပါတော့တယ်။
“အဲသည် လီဖူချန်းဆိုတဲ့ကောင်က ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ မိစ္ဆာသားရဲ အနွယ်ဝင်တွေကို သတ်ချင်တိုင်း သတ်သွားရတာလဲ။ ငါအခုပဲ အဲသည်ကောင်ဆီ သွားပြီး စိန်ခေါ်မယ်။ ငါ့ကို လိုက်ပို့ကြ”
လေလင်းယုန် မျိုးနွယ်တွေက မိစ္ဆာတစ်ထောင်ကျွန်းရဲ့ နံပါတ်၂ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲတွေ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ငွေစန္ဒာ ဝံပုလွေထက် နည်းနည်းပဲ အားနည်းတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူက အရှေ့ယူနီကွန်း တိုက်ကို အထင်သေးနေပုံပါပဲ။
ရှီဟွာဘုရင်မက လေလင်းယုန်ကို တားလိုက်ပါတယ်။
“လီဖူချန်းဆိုတဲ့ အဲသည်လူသားကို အထင်သေးလို့ မရဘူး။ သူက အင်မတန် အစွမ်းထက်ရုံမက ဝှက်ဖဲ အများကြီးကိုလည်း ပိုင်ဆိုင်ထားသေးတယ်”
“သူက တကယ်ပဲ အဲဒီလောက် အစွမ်းထက်လို့လား”
လေလင်းယုန်ကတော့ ရှီဟွာဘုရင်မရဲ့ စကားကို မယုံတဲ့ ပုံပါပဲ။
ရှီဟွာဘုရင်မက ဆက်ပြောပါတယ်။
“သူ့ရဲ့ အစွမ်းက လက်ရှိ ကျွန်မထက်တောင် အစွမ်း ထက်သေးတယ်။ တစ်ယောက်ချင်း တိုက်ပွဲမှာ ဆိုရင်တော့ အစ်ကို ငွေစန္ဒာဝံပုလွေနဲ့ အစ်ကို ငွေမင်ဦးချိုတို့ပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်”
လီဖူချန်းရဲ့ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှတဲ့ စွမ်းအားတွေက ရှီဟွာဘုရင်မကို အခုထက်ထိ ခြောက်လှန့်နေဆဲပါပဲ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းအပေါ်မှာထားတဲ့ သူ့ရဲ့ ကြောက်စိတ်ဟာ အခုထိကို မပျောက်သေးပါဘူး။
"အဲဒါ ကောင်းတာပေါ့။ တကယ်လို့ သူက အရမ်း အားနည်းနေရင် ငါတို့အတွက် ပျင်းစရာ ကောင်းသွားလိမ့်မယ်။ မဟုတ်ဘူးလား ငွေမင်ဦးချို”
ငွေစန္ဒာ ဝံပုလွေက ရယ်နေရင်းနဲ့ ငွေမင်ဦးချိုကို လှမ်းပြောလိုက်ပါတယ်။
ငွေမင်ဦးချို မိစ္ဆာက ခေါင်းညိတ်လိုက်ပြီး ထောက်ခံလိုက်ပါတယ်။
“အမှန်ပဲ။ သူက ငါ့ကို ပျော်စရာ နည်းနည်းပါးပါး ဖန်တီးပေးရင်တော့ ပိုကောင်းတာပေါ့”
အဲသည်နောက်မှာတော့ ငွေမင်ဦးချို မိစ္ဆာက အကြံတစ်ခု ပေးလာခဲ့ပါတယ်။
“ငါတို့သည်အတိုင်း သည်နေရာမှာ ထိုင်နေပြီး ဘာလုပ်ကြမှာလဲ။ သည်လို ထိုင်နေမယ့်အစား လူသားတွေရဲ့ ပိုင်နက်ထဲမှာ ပျော်စရာ နည်းနည်းပါးပါး သွားဖန်တီးကြ ရအောင်”
“ကောင်းတာပေါ့”
“သွားမယ်လေ”
“သဘောတူတယ်ဟေ့”
ကျန်တဲ့မိစ္ဆာ သားရဲတွေနဲ့ မိစ္ဆာတွေကလည်း မငြင်းကြပါဘူး။
“ဒါဆိုလည်း သွားကြတာပေါ့”
ရှီဟွာဘုရင်မကလည်း ခေါင်းညိတ် လိုက်ပါတယ်။ ငွေစန္ဒာဝံပုလွေနဲ့ ငွေမင်ဦးချို မိစ္ဆာ ရှိနေမှတော့ သူတို့အနေနဲ့ လီဖူချန်းကို ရှုံးစရာ အကြောင်းမရှိပါဘူး။
အဲသည်နောက်မှာတော့ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေပါဝင်တဲ့ သူတို့အဖွဲ့ဟာ ဖုန်းရွှယ်ဂိုဏ်းကို ဦးတည်ပြီး ပျံသန်း သွားကြပါတော့တယ်။
***
-ဖုန်းရွှယ်ဂိုဏ်း -
ဖုန်းရွှယ်ဂိုဏ်းကတော့ ထုံးစံအတိုင်း ဆီးနှင်းတွေ သည်းထန်စွာ ကျဆင်းတဲ့ နေရာတစ်ခု ဖြစ်နေဆဲပါပဲ။
“ဟား ... အေးလိုက်တာကွာ။ ငါနဲ့ တာဝန်လဲမယ့်သူက အခုထိ မလာသေးဘူးလား မသိဘူး”
ဖုန်းရွှယ်ဂိုဏ်းရဲ့ အပြင်ဘက် နယ်နိမိတ်ကို စောင့်ကြပ်ရတဲ့ အကြီးအကဲကတော့ ဝင်္ကပါ အစီအရင် အသေးစားလေး တစ်ခုကို သုံးပြီး ဖုန်းရွှယ်ဂိုဏ်းရဲ့ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေပါတယ်။
"ဟင် ... သည် ... သည်အစက်အပြောက်တွေက”
ကြည့်နေရင်းနဲ့ သူ့ရဲ့ မျက်လုံးတွေဟာ ဝင်္ကပါ အစီအရင်ကို ဖြတ်ကျော်လာတဲ့ အနက်ရောင် အစက်အပြောက်တွေ သတိပြုလိုက် မိပါတယ်။ အဲသည် အစက်အပြောက်တွေက သည်ဘက်ကို ဦးတည်ပြီး လာနေတာပါ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ အဲသည် အနက်ရောက် အစက်အပြောက်တွေဟာ ကိုယ်ထင် ပြလာခဲ့ပါတော့တယ်။ အဲသည်အနက်ရောင် အစက်အပြောက်တွေက မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေပါဝင်တဲ့ အုပ်စုတစ်စုပါပဲ။
ရှီဟွာဘုရင်မ၊ ရှန်းဟွတောင် ဆင်ဘုရင်နဲ့ သွေးနတ်ဆိုးဘုရင် အပါအဝင် နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ကြွင်းကျန်ရစ်ခဲ့တဲ့ ဦးစီးခေါင်းဆောင်တွေ အားလုံးဟာ သည်နေရာကို ရောက်နေကြပါပြီ။ သူတို့နဲ့အတူ တစ်ခါမှ မမြင်ဘူးတဲ့ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေလည်း ပါလာကြပါသေးတယ်။ ပြီးတော့ အဲသည်ကောင်တွေက ရှီဟွာဘုရင်မ ထက်တောင်မှ အစွမ်းထက်မယ့် ပုံပါပဲ။
“ရန်သူ ... ရန်သူတွေ ရောက်နေကြပြီ”
အကြီးအကဲက အလျင်အမြန်ပဲ ဂိုဏ်းရဲ့ ထိပ်ပိုင်း အကြီးအကဲတွေကို သတိပေး လိုက်ပါတော့တယ်။
***