သိုင်းအားနဲ့ လွှမ်းမိုးခြင်း
Vol. 33 Ch. 450
ဖုန်းရွှယ်ဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါ အပြင်ဘက်မှာတော့ ကောင်းကင်ယံဟာ ပိန်းပိတ်အောင် မှောင်မည်းလို့ နေခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြောက်စရာ ကောင်းလွန်းတဲ့ မိစ္ဆာသားရဲချီနဲ့ မိစ္ဆာချီတို့ ရောယှက်ထားတဲ့ အနက်ရောင် တိမ်တိုက်ကြီး တစ်ခုဟာ နေမင်းကို ဖုံးအုပ်သွားလို့ပါပဲ။ အဲသည်ဖြစ်ရပ်က ဖုန်းရွှယ်ဂိုဏ်းရဲ့ မိုင်တစ်ရာ ပတ်လည်ကို အမှောင်ကမ္ဘာထဲ ရောက်ရှိသွားစေပြီး လူတွေအားလုံးကို ကမ္ဘာကြီးရဲ့ အဆုံးသတ် ရောက်လာပြီ လားလို့တောင် တွေးထင်မိစေပါတယ်။
“လီဖူချန်း ... အပြင်ထွက်လာပြီး အသေခံစမ်း”
သွေးနတ်ဆိုး ဘုရင်ရဲ့ အသံက ဟိန်းထွက် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က လီဖူချန်းဟာ သူ့ကို သေလုနီးပါး ဖြစ်စေခဲ့တာပါ။ သည်တစ်ခေါက်ကတော့ သူ့အတွက် ကလဲ့စား ချေရမယ့် အချိန်ပါပဲ။
ဟူး ...
“ဘယ်က နိမ့်ကျတဲ့ သတ္တဝါတွေ ရောက်လာပြီး ဆူညံနေတာလဲကွ။ ဒါက အေးချမ်းတဲ့ နယ်မြေဆိုတာ မသိဘူးလား”
အေးစက်စက် စကားသံ အဆုံးမှာတော့ ဝင်္ကပါအစီအရင်ဟာ ပွင့်ထွက်သွားပြီး အထဲကနေ လူတစ်ယောက် ပျံသန်းထွက်လာခဲ့ပါတယ်။ အဲသည်လူကတော့ လီဖူချန်းပါပဲ။ သူ့ရဲ့ မျက်နှာကတော့ ထုံးစံအတိုင်း ပြုံးယောင်ယောင် သန်းနေခဲ့ပါတယ်။
မူဟန်ရှင်းက သူလည်းပဲ ဝင်္ကပါအပြင် ထွက်ခွင့်ရဖို့ တောင်းဆိုခဲ့ ပေမဲ့လည်း လီဖူချန်းက လက်မခံခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မူဟန်ရှင်း ပါလာလို့လည်း အခြေအနေဟာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားမှာ မဟုတ်လို့ပါပဲ။ အဲဒါက သူ့ကိုတောင် အနှောင့်အယှက် ဖြစ်စေပါသေးတယ်။
“အိုး ... မင်းတို့က အများကြီး လာခဲ့တာလား။ ဘာလဲ ... မင်းတို့အားလုံးက အတူတူ သေကြဖို့ ဆုံးဖြတ် ထားကြပြီပေါ့လေ”
လီဖူချန်းက သွေးနတ်ဆိုး ဘုရင်ကို လှောင်ပြောင် လိုက်ပါတယ်။ သူ့အနေနဲ့တော့ သည်မိစ္ဆာ အုပ်ကလေးကို ကြောက်နေစရာ ဘာအကြောင်းမှ မရှိပါဘူး။ သူ့ရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင် တစ်ယောက်တည်းနဲ့ အုပ်စုလိုက် တိုက်လို့လည်း အဆင်ပြေတာပါပဲ။
“မောက်မာ လိုက်တဲ့ကောင်”
လေလင်းယုန်က ရှီဟွာဘုရင်မရဲ့ သတိပေးမှုကို ရထားပေမဲ့ဘည်း အခုထက်ထိ လက်မခံနိုင် သေးပါဘူး။ သူက လီဖူချန်းကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မယ်လို့ ခံစားနေရဆဲပါပဲ။
“ငှက်နှုတ်သီးနဲ့ကောင် ... မင်းဘယ်တော ဇနပုဒ်ကနေ လာခဲ့တာလဲ။ ငါ့ရဲ့ အကြောင်းတွေကို မကြားဖူးဘူးလား”
လီဖူချန်းက လေလင်းယုန်ကို မတူမတန်သလို ဆက်ဆံလိုက်ပါတယ်။
“ခွေးမျိုး ... မျိုးမစစ်ကလေး ... သေဖို့သာ ပြင်ထားပေတော့”
လေလင်းယုန်က သူ့ရဲ့ ဒေါသတွေကို လုံးဝ မထိန်းနိုင်တော့ပါဘူး။ သူက ရှီဟွာဘုရင်မရဲ့ သတိပေးမှုကိုတောင် ဂရုမစိုက်တော့ဘဲ သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို ထုတ်လိုက် ပါတော့တယ်။
ဟူး ... ဟူး ... ဟူး ...
တောင်ပံတွေကို ရိုက်ခတ်လိုက်တဲ့ အခါမှာတော့ လခြမ်းသဏ္ဌာန် အစိမ်းရောင် လေဓားသွားတွေဟာ ဖြစ်တည်လာခဲ့ပါပြီ။
“သွားစမ်း”
အဲသည် နောက်မှာတော့ လေလင်းယုန်ဟာ အစိမ်းရောင် လေဓားသွားတွေနဲ့ လီဖူချန်းကို ပစ်လွှတ် တိုက်ခိုက် လိုက်ပါတော့တယ်။
ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...
လခြမ်ကွေး လေဓားသွားတွေဟာ မွတ်နေအောင် လည်ပြီး လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။ သူတို့ဟာ လီဖူချန်းကို တစ်စစီ ဖြစ်သွားအောင် ဆုတ်ဖြဲပစ်မယ့် ပုံပါပဲ။
မွေးရာပါစွမ်းရည်၊ လခြမ်းကွေး လေဓားသွား ...
လေလင်းယုန်က သူ့ရဲ့ သည်မွေးရာပါ စွမ်းရည်ဟာ လီဖူချန်းကို ဒဏ်ရာ အကြီးအကျယ် ရစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ဟမ့် ... သည်လို ကလေးကစားစရာ အကွက်နဲ့ ငါ့ကို လာစမ်းနေတာလား။ တကယ့် ဟာသပဲ”
“သွားစမ်း”
လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်ပါတယ်။ သည်လို အကွက်လောက်ကတော့ ရင်ခုန်စရာကို မရှိပါဘူး။
ရွှမ်း ...
ကြောက်စရာ ကောင်းလှတဲ့ ဓားစက်ကွင်းဟာ လခြမ်းကွေး လေဓားသွားတွေကို ရပ်ဆိုင်း သွားစေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ အပြာရောင် ဓားအလင်းတန်း တစ်ခုဟာ လေလင်းယုန်ရဲ့ ခန္ဓာကိုယ်ကို ထုတ်ချင်းခပ် ဖောက်ထွက်သွားခဲ့ ပြန်ပါတယ်။
အား ...
လေလင်းယုန်ကတော့ ဒူးထောက်ကျ သွားခဲ့ပါပြီ။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာတော့ သွေးစို့နေတဲ့ အပေါက်ငယ်လေး တစ်ခု ရှိနေခဲ့ပါတယ်။ ယုံမှားသံသယ ဝင်နေရာ မလိုပါဘူး။ အဲဒါက လီဖူချန်းရဲ့ ဓားချက်ကြောင့် ဖြစ်လာတဲ့ ဒဏ်ရာပါပဲ။
“ဘ ... ဘာကြောင့် ... သူက ... သည်လောက်အ ... ထိ”
လေလင်းယုန်က စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့ပါဘူး။ သူက အလျင်အမြန် ထိုင်ချလိုက်ပြီး သူ့ရဲ့ မိစ္ဆာချီတွေနဲ့ ခန္ဓာကိုယ်တွင်းက ဓားချီကို တွန်းထုတ်ဖို့ ကြိုးစား နေပါတော့တယ်။ သူ့အနေနဲ့ သည်ဓားချီကို ခန္ဓာကိုယ်ထဲကနေ အမြန်ဆုံး တွန်းထုတ်ပစ်နိုင်မှ ရပါမယ်။ မဟုတ်လို့ကတော့ အဲသည်ဓားချီက သူ့ရဲ့ အသက်ဓာတ်တွေကိုပါ ပျက်စီးစေတော့မှာပါ။
“သူက အရင်ကထက် ပိုအစွမ်း ထက်လာပြီဟေ့။ အားလုံးပေါင်းပြီး တိုက်ကြ”
ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်ကတော့ အတော်လေး တုန်လှုပ်ချောက်ချား နေကြပါပြီ။ သူတို့က လီဖူချန်းရဲ့ ဓားကွက်ကြောင့် တုန်လှုပ်ချောက်ချား သွားကြတာ ဖြစ်ပါတယ်။ လေလင်းယုန်ရဲ့ အစွမ်းက ရှင်းတိကောဝမ်နဲ့ ဘာမှ မကွာပါဘူး။ ဒါပေမဲ့လည်း သူက လီဖူချန်းရဲ့ ဓားချက် တစ်ချက်နဲ့တင် အကြီးအကျယ် ဒဏ်ရာ ရာသွားခဲ့ပါတယ်။ ကြည့်ရတာတော့ လီဖူချန်းက သည်အတောအတွင်းမှာ ပိုပြီး အစွမ်းထက် လာပုံပါပဲ။
“ကျောက်အသွင် ပြောင်းလဲခြင်း”
“သွေးမိုးကြိုး နည်းစနစ်”
“မိုးသက်မုန်တိုင်း အပ်”
“နတ်ဆိုးကျား ဟိန်းသံ”
ရှီဟွာဘုရင်မရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ ကျောက်အသွင် ပြောင်းလဲခြင်းဟာ ထိပ်တန်း မွေးရာပါစွမ်းရည် ဖြစ်ပါတယ်။ ကျောက်ဖြစ်ခြင်း ဥပဒေသရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတဲ့ သူဟာ ဘယ်လောက် အစွမ်းထက်တဲ့ သူပဲဖြစ်ဖြစ် ကျောက်ဖြစ်ခြင်း ဥပဒေသကို မဖျက်ဆီးနိုင် သရွေ့ကတော့ ကျောက်အဖြစ် ပြောင်းလဲသွားမှာပါပဲ။
အဲသည်အကြောင်းကို သိထားတဲ့ လီဖူချန်းဟာ ကျောက်အသွင် ပြောင်းလဲခြင်း စွမ်းရည်ရဲ့ လွှမ်းမိုးမှုကို လုံးဝ မခံပါဘူး။ အဲသည်အတွက် သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ့ရဲ့ ပတ်ပတ်လည်ကို ဓားစက်ကွင်းနဲ့ ကာကွယ် ထားလိုက်ပါတယ်။
ဂျစ် ... ဂျစ် ... ဂျစ် ...
ဓားစက်ကွင်းနဲ့ အတွေ့မှာတော့ ရှီဟွာဘုရင်မရဲ့ ကျောက်အသွင် ပြောင်းလဲခြင်း အစွမ်းတွေဟာ တစ်မုဟုတ်ချင်း ပျက်ပြယ်သွားခဲ့ပါပြီ။
“ဟင် ... ငါ့ရဲ့ ကျောက်အသွင် ပြောင်းလဲခြင်းက သည်လိုပဲ ပျက်ပြယ် သွားတာလား”
ရှီဟွာဘုရင်မကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ။
ပြီးခဲ့တဲ့တစ်ခေါက် တိုက်ပွဲမှာတုန်း ကတောင်မှ လီဖူချန်းဟာ သူ့ရဲ့ ကျောက်အသွင် ပြောင်းလဲခြင်း စွမ်းရည်ကို တောင့်ခံနိုင်တယ် ဆိုရုံလေးသာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ သည်တစ်ခေါက်မှာတော့ လီဖူချန်းဟာ ကျောက်အသွင် ပြောင်းလဲခြင်း စွမ်းရည်ကို ပြတ်ပြတ်သားသား ဖျက်ဆီးပစ် လိုက်ပါတယ်။ ဒါက ဘယ်လိုမှ ယုံနိုင်စရာ မရှိပါဘူး။
တစ်ချိန်တည်း လိုလိုမှာပဲ သွေးနတ်ဆိုး ဘုရင်ရဲ့ သွေးမိုးကြိုး၊ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ မိုးသက်မုန်တိုင်း အပ်တို့ကလည်း ဓားစက်ကွင်းနဲ့ ထိပ်တိုက်တွေ့ဖို့ အရှိန်ယူ နေကြပါပြီ။
သွေးနတ်ဆိုး ဘုရင်ဟာ အတော်လေး ကံဆိုးတယ်လို့ ဆိုရမှာပါပဲ။ သူ့ရဲ့ သွေးမိုးကြိုးဟာ ဓားစက်ကွင်းရဲ့ အားအကောင်းဆုံး နေရာဆီကို ဦးတည်သွားတဲ့ အတွက် ဓားစက်ကွင်းနဲ့ မထိမိခင်မှာပဲ တစ်စစီ ပျက်စီး သွားပါတော့တယ်။
ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ မိုးသက်မုန်တိုင်း အပ်ကလည်း အခြေအနေ မကောင်းလှပါဘူး။ လီဖူချန်းရဲ့ ဓားစက်ကွင်းက သူ့ရဲ့ နယ်နိမိတ်ထဲ ဝင်လာသမျှ အပ်တွေကို အမှုန့်ဖြစ်သွားအောင် ခြေမွှ ပစ်လိုက်ပါတယ်။
အားလုံးထဲမှာတော့ မိစ္ဆာအင်းကွက်ကျားရဲ့ ဟိန်းသံက အခြေအနေ အဆိုးဆုံးပါပဲ။ ဟိန်းသံက လမ်းတစ်ဝက်မှာတင် ဓားစက်ကွင်းရဲ့ အရှိန်အဝါကြောင့် ပျက်ပြယ် သွားခဲ့ပါတယ်။
စွမ်းအားနတ်ဆိုး ဘုရင်၊ မြေကြွက်ဘုရင်နဲ့ တောင်ပံနတ်ဆိုး ဘုရင်တို့ရဲ့ တိုက်ခိုက်မှုတွေကိုတော့ စကားထဲ ထည့်ပြောစရာကို မလိုပါဘူး။ သူတို့ရဲ့ တိုက်ခိုက်မှုက ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်နေသလိုပါပဲ။
လီဖူချန်းရဲ့ အထက်ကောင်းကင်ဘုံ ဓားစက်ကွင်းဟာ အရင်လတွေ တုန်းကလို မပြည့်စုံတဲ့ တစ်ဝက်တစ်ပျက် ဓားစက်ကွင်း မဟုတ်ပါဘူး။
လက်ရှိ သူ့ရဲ့ အထက်ကောင်းကင်ဘုံ ဓားစက်ကွင်း ထဲမှာဆိုရင် အထက်ကောင်းကင်ဘုံ ဓားဆန္ဒအပြင် ပြီးပြည့်စုံသွားပြီ ဖြစ်တဲ့ အထက် ကောင်းကင်ဘုံ ဓားတာအို သဘောတရားတွေလည်း ပါဝင်ပတ်သက် နေပါသေးတယ်။
“မင်းတို့အလှည့် ပြီးပြီဆိုတော့ ငါ့အလှည့်ပေါ့”
လီဖူချန်းရဲ့ စကားအဆုံးမှာတော့ ဓားစက်ကွင်းဟာ ကျယ်ပြန့်လာပြီး ငါးပုံသဏ္ဌာန် အပြာရောင် ဓားအလင်းတန်းတွေဟာ လေဟာနယ်ထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။
“ရေထဲကငါး”
“သွားစမ်း”
ဒါကတော့ အထက်ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ပထမဓားကွက် ဖြစ်တဲ့ ရေထဲကငါး ပါပဲ။
အပြာရောင် ဓားအလင်းတန်းတွေဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ရှီဟွာဘုရင်မတို့ အဖွဲ့ကို လွှမ်းခြုံ သွားပါတော့တယ်။
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
ရွှီး ... ရွှီး ...
ရှီဟွာဘုရင်မတို့ အဖွဲံက နောက်ဆုတ်ဖို့ ကြိုးစားသေးပေမဲ့လည်း သူတို့ရဲ့ လုပ်ဆောင်မှုက အရာမထင်ခဲ့ပါဘူး။ လီဖူချန်းရဲ့ အထက် ကောင်းကင်ဘုံ ဓားကွင်းက သူတို့ကို သံလိုက်တစ်ခုလို ဆွဲငင်ထားခဲ့ပါတယ်။ အဲဒါက နှုန်းမြေတစ်ခုထဲမှာ ရုန်းကန် နေရသလိုပါပဲ။
အား ...
တောင်ပံနတ်ဆိုး ဘုရင်ကတော့ မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ် ပစ်လဲသွားခဲ့ပါပြီ။ သူက လီဖူချန်းရဲ့ ဓားချက်ကို ပထမဆုံး မြည်းစမ်း ကြည့်လိုက်ရတဲ့ သူပါပဲ။
တောင်ပံနတ်ဆိုး ဘုရင်ရဲ့ အနောက်မှာတော့ စွမ်းအားနတ်ဆိုး ဘုရင်နဲ့ မိစ္ဆာအင်းကွက် ကျားတို့က အစဉ်လိုက် လဲကျကုန်ပါတယ်။ မြေကြွက် ဘုရင်ကတော့ သူ့ရဲ့ အမျိုးအမည် မသိရတဲ့ မွေးရာပါ စွမ်းရည်ကို သုံးပြီး မြေကြီးထဲကို လျှိုးဝင်ကာ ထွက်ပြေး သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူက လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေး သွားနိုင်တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာက ဓားဒဏ်ရာကြီး တစ်ခု ပါသွားပါသေးတယ်။ သူက အဲသည် ဓားဒဏ်ရာကို ကုသဖို့အတွက်တော့ နှစ်နဲ့ချီပြီး အချိန်ယူရ ပါလိမ့်မယ်။
ရှန်းဟွတောင် ဆင်ဘုရင်ကတော့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ကို အလျင်အမြန် အသက်သွင်းလိုက်ပြီး ဓားအလင်းတန်းတွေကို ကာကွယ်လိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့အခြေအနေက သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင်ခန္ဓာကိုယ် ပျက်စီးသွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဓားအလင်းတန်းတွေက သူ့ရဲ့ အသက်ကို နုတ်ယူသွားမှာ အသေအချာပါပဲ။
ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ အခြေအနေနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သွေးနတ်ဆိုး ဘုရင်ရဲ့ အခြေအနေက ပိုလို့တောင် ဆိုးပါသေးတယ်။ သူက အသက်ပြင်းလွန်းတယ် ဆိုပေမဲ့လည်း အခုတော့ သေလုနီးပါးကို ဖြစ်နေပါပြီ။ သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သွေးနတ်ဆိုး ဘုရင်ဟာ သေဖို့ကလွဲပြီး အခြား မျှော်လင့်စရာ မရှိတော့ပါဘူး။
သည်မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေ ထဲမှာဆိုရင် ရှီဟွာဘုရင်မ၊ ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ဦးချို မိစ္ဆာတို့ကပဲ လီဖူချန်းရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါတယ်။
ရှီဟွာဘုရင်မ ကတော့ အဖြူရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ ဒိုင်းတစ်ခုကို ထုတ်ယူပြီး ဓားအလင်းတန်းတွေကို ခုခံလိုက်တာပါ။ အဲသည်ဒိုင်းကနေ ဖြာထွက်နေတဲ့ အဖြူရောင် အလင်းတန်းတွေက ဓားအလင်းတန်းတွေကို ကျောက်ဖြစ်သွားစေပြီး မြေပြင်ပေါ်ကို ပြုတ်ကျ သွားစေခဲ့ပါတယ်။
“လအနည်းငယ်ပဲ ရှိသေးတယ်။ မဟာမိတ်အဖွဲ့ ဦးစီးခေါင်းဆောင်ရဲ့ အစွမ်းက ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာပြန်ပြီ”
နဂိုမူလတုန်းကတော့ မူဟန်ရှင်းက သည်တိုက်ပွဲဟာ လီဖူချန်းအတွက်တော့ ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့လည်း တကယ့် လက်တွေ့မှာတော့ လီဖူချန်းရဲ့ ဓားကွက် တစ်ကွက်ကပဲ ရန်သူတွေကို အလဲလဲ၊ အကွဲကွဲ ဖြစ်သွားစေပါတယ်။ ဒါက တစ်ဖက်သတ် ဆန်လွန်းတဲ့ တိုက်ပွဲတစ်ခုပါပဲ။
“မဟာမိတ် ဦးစီးခေါင်းဆောင်က လောကတစ်ခွင်မှာ ပြိုင်ဘက်ကင်းတယ်”
ဖုန်းရွှယ်ဂိုဏ်းထဲမှာ ရှိသမျှ လူတွေအားလုံးဟာ သံပြိုင် ဟစ်ကြွေးလိုက်ပါတယ်။
တိုက်ပွဲမစခင် တုန်းကတော့ သူတို့အားလုံးဟာ လီဖူချန်းနဲ့ ဖုန်းရွှယ်ဂိုဏ်း အတွက် စိုးရိမ် ပူပန်ခဲ့ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်း ရှုံးသွားပြီ ဆိုတာနဲ့ ဖုန်းရွှယ်ဂိုဏ်းဟာလည်း ဖျက်ဆီးခံရမှာ အသေအချာပါပဲ။
ဒါပေမဲ့လည်း တကယ့် လက်တွေ့မှာတော့ လီဖူချန်းဟာ ဓားကွက် တစ်ကွက်တည်းနဲ့ပဲ ရန်သူတွေကို ဖိနှိပ်ထား လိုက်ပါတယ်။ ရန်သူတွေက အစွမ်းထက်တာ မှန်ပေမဲ့ လီဖူချန်းကိုတော့ မကျော်လွန်နိုင်ခဲ့ပါဘူး။ လီဖူချန်းက ရန်သူတွေကို တစ်ယောက်တည်းနဲ့တင် အနိုင်ယူနိုင်တဲ့အထိ အစွမ်းထက် နေခဲ့ပါပြီ။
“သိုင်းအားနဲ့ လွှမ်းမိုးခြင်း ... ဒါက သိုင်းအားနဲ့ လွှမ်းမိုးခြင်းပဲ”
ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေထဲက တစ်ယောက်က တီးတိုး ရေရွတ်လိုက်ပါတယ်။
လီကလန် အခြေချ နေထိုင်နေတဲ့ တောင်ထိပ်ရဲ့ နံရံတစ်ခုပေါ်မှာ ဆိုရင်လည်း လီဖူချန်းနဲ့ မိစ္ဆာသားရဲတွေ တိုက်ခိုက်နေတာကို ပြသပေးနေပါတယ်။ အဲဒါကတော့ ရုပ်သံဖမ်း ဝင်္ကပါ အစီအရင်ကြောင့်ပါပဲ။ အစောပိုင်းမှာတော့ လီရှန်းဟန်၊ ရှန်းယုရန်နဲ့ အခြား လီကလန်သားတွေဟာ အသက်ကိုတောင် ရဲရဲ မရှူဝံ့ပါဘူး။ လီဖူချန်းက ဓားကွက် တစ်ကွက်တည်းနဲ့ အစွမ်းထက် ရန်သူတွေကို ဖိနှိပ်လိုက်တာကို မြင်ရတဲ့ အခါမှပဲ သူတို့အားလုံးဟာ သက်ပြင်းချနိုင် ပါတော့တယ်။
လီကလန်သားတွေ ကတော့ လီဖူချန်းကို လက်သီး လက်မောင်းတန်းပြီး အားပေးနေကြပါပြီ။
“ပြိုင်ဘက်ကင်းတဲ့ မဟာမိတ် အဖွဲ့ခေါင်းဆောင် လီဖူချန်းတဲ့ဟေ့။ မတူရင် လာမတူကြနဲ့”
လီရှောင်ထန်ကလည်း ချစ်စဖွယ် အသံလေးနဲ့ အော်ဟစ်အားပေး နေပါတယ်။
“အစ်ကိုကြီးဖူချန်းက အရမ်း အစွမ်းထက်တာပဲ”
လီရှန်းဟန်ကတော့ အားရပါးရ ရယ်မောနေပြီး ဂုဏ်ယူဝင့်ကြွားစွာ အော်ပြောနေပါတယ်။
“သူက ဘယ်လောက် အစွမ်းထက်ထက် ငါ့ရဲ့သား ဖြစ်နေတုန်းပဲကွ”
“တော်စမ်းပါရှင်။ ရှင်မရှက်ဘူးလား ...။ လီကလန်ရဲ့ ခေါင်းဆောင်ဆိုတဲ့ ရာထူး ဂုဏ်ပုဒ်ကိုလည်း ငဲ့ပါဦး”
ရှန်းယုရန်ကတော့ သူမရဲ့ ချစ်ခင်ပွန်းဖြစ်သူ လီရှန်းဟန်ကို အော်မပြောဖို့ တားမြစ်နေလေရဲ့။
***
ဖုန်းရွှယ်ဂိုဏ်း အကာအကွယ် ဝင်္ကပါရဲ့ အပြင်ဘက်မှာတော့ တိုက်ပွဲ အခြေအနေဟာ အရှိန်တက်ဖို့ အစပျိုးနေခဲ့ပါပြီ။
“လူသား ... မင်းက အရမ်း အစွမ်းထက်တယ်။ မင်းက ငါ့ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ ထိုက်တန်တဲ့သူပဲ”
အူ ... ဝူး ...
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ငွေစန္ဒာ ဝံပုလွေဟာ ကောင်းကင်ကို မော့ပြီး ဆွဲဆွဲငင်ငင် အူလိုက်ပါတော့တယ်။
ဟူး ...
အူသံ အဆုံးမှာတော့ အဖြူရောင် တောက်ပနေတဲ့ ဝံပုလွေ အရိပ်ကြီးတစ်ခုဟာ ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ တိမ်ဖုံးနေတဲ့ လမင်းကြီးဟာ အမှောင်ထုထဲကနေ တိုးထွက်လာခဲ့ပါတယ်။
အဲဒါ ပုံရိပ်ယောင်လား ဘာလားတော့ မသိပါဘူး။ ဒါပေမဲ့လည်း ကောင်းကင်ယံမှာ ရှိနေတဲ့ ဝံပုလွေ အရိပ်နဲ့ လမင်းကြီးကတော့ ပနံရလွန်းနေတာ အမှန်ပါပဲ။ ဒါက လုံးဝကို လှပလွန်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။
ဒါပေမဲ့လည်း အဲသည်မြင်ကွင်းက ကြာကြာ မခံခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဖြူရောင် ဝံပုလွေ အရိပ်ကြီးက လမင်းကြီးကို ခုန်အုပ်ပြီး ဝါးမျိုစားသောက်ပစ် လိုက်လို့ပါပဲ။
အူ ... ဝူး ...
လမင်းကို ဝါးမျိုစားသာက် ပြီးတဲ့နောက်မှာတော့ ဝံပုလွေ အရိပ်ကြီးဟာ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အငွေ့အသက်တွေကို စတင် ထုတ်လွှတ်လာခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံမှာ ပြန်လည် မည်းမှောင် သွားပြန်ပါတယ်။
မွေးရာစွမ်းရည် ... လမင်းကို အမဲလိုက်ခြင်း။
လကိုအမဲလိုက်ခြင်း စွမ်းရည်ကို ဆိုတာက မဟာ မိစ္ဆာဘုရင်ဖြစ်တဲ့ မဟူရာလမင်း ဝံပုလွေရဲ့ စွမ်းရည်တစ်မျိုး ဖြစ်ပါတယ်။ မဟူရာလမင်းကို ဝါးမျိုထားတဲ့ မဟာမိစ္ဆာဘုရင် မဟူရာလမင်း ဝံပုလွေဟာဆိုရင် သူ့ရဲ့ အူသံ တစ်ချက်နဲ့ပဲ လူသားတွေရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီး ခန္ဓာကိုယ်ကို ပျက်စီး စေပါတယ်တဲ့။
ငွေစန္ဒာ ဝံပုလွေကတော့ မဟူရာလမင်း ဝံပုလွေရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတဲ့ အတွက် သည်စွမ်းရည်ကို အသုံးပြုနိုင်တာပါ။ ဒါပေမဲ့လည်း သူက သည်စွမ်းရည်ကို အပြည့်အဝ အသုံးမချ နိုင်သေးပါဘူး။ ဒါကတော့ သု့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မဟူရာလမင်း ဝံပုလွေရဲ့ မျိုးဆက်သွေး အနည်းအများနဲ့ သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။
“သည်ဝံပုလွေရဲ့ မွေးရာပါ စွမ်းရည်က အားကောင်း လှချည်လား”
လီဖူချန်းကတော့ ငွေစန္ဒာဝံပုလွေရဲ့ အူသံကနေပြီး ဖိအားတွေကို စတင် ခံစားနေရပါပြီ။ အဲသည်အတွက် သူက သူ့ရဲ့ ဓားအလင်းတန်းတွေကို ပြန်ရုပ်သိမ်း လိုက်ပါတော့တယ်။
နောက်ဆုံးမှာတာ့ သွေးနတ်ဆိုး ဘုရင်ဟာ အသက်ရှင်ဖို့အတွက် အခွင့်အရေး နောက်ထပ်တစ်ကြိမ် ရသွားခဲ့ပြန်ပါပြီ။ ဒါပေမဲ့လည်း သူ့ကို ကြည့်ရတာက အသက်ရှင်ခွင့် ရတဲ့အတွက် ပျော်ရွှင်နေပုံ မရပါဘူး။ သူက အတော်လေး စိတ်ဓာတ်ကျနေပုံပါပဲ။
“ကြယ်တာရာ ပစ်လွှတ်ခြင်း”
အူသံနဲ့ လီဖူချန်းကို ဖိနှိပ်လိုက်ပြီးတဲ့ နောက်မှာတော့ ငွေစန္ဒာဝံပုလွေဟာ နောက်ထပ် မွေးရာပါ စွမ်းရည်တစ်ခုကို ထပ်သုံးလိုက်ပြန်ပါယ်။
ဝေါင်း ...
ကောင်းကင်ယံမှာ ရှိနေတဲ့ ဝံပုလွေ အရိပ်ကြီးဟာ တစ်ချက် ဟိန်းလိုက်ပြီး အဖြူရောင် အလင်းတန်းကြီး တစ်ခုနဲ့ လီဖူချန်းကို ပစ်လွှတ် တိုက်ခိုက်လိုက်ပါတယ်။
လီဖူချန်းကလည်း နောက်ဆုတ်မယ့် အရိပ်အယောင် မရှိပါဘူး။
“လာစမ်းပါ”
“အထက်ကောင်းကင်ဘုံဓား”
အထက် ကောင်းကင်ဘုံ ဓားသိုင်းရဲ့ ဓားကွက်တွေထဲမှာဆိုရင် လေးကွက်မြောက် ဖြစ်တဲ့ အထက်ကောင်းကင်ဘုံ ဓားဟာ ကြောက်စရာ အကောင်းဆုံးပါပဲ။ ပြီးတော့ အထက်ကောင်းကင်ဘုံ ဓားဆန္ဒ အများဆုံး ပါဝင်တဲ့ ဓားကွက်လည်း ဖြစ်ပါတယ်။
ရွှီး ...
အထက် ကောင်းကင်ဘုံ ဓားအလင်းတန်းဟာ ယပ်တောင်တစ်ခု အသွင် ပြောင်းသွားပြီး အဖြူရောင် အလင်းတန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။
ဗြိ ...
အဝတ်စတစ်ခုကို ဆွဲဖြဲလိုက်သလိုပါပဲ။ လီဖူချန်းရဲ့ ဓားအလင်းတန်းဟာ အဖြူရောင် အလင်းတန်းကို စုတ်ပြဲသွားစေရုံမက ငွေစန္ဒာဝံပုလွေရဲ့ နဖူးအလယ် တည့်တည့်ဆီကိုပါ တိုးဝင် သွားပါသေးတယ်။
“မကောင်းတော့ဘူး”
ငွေစန္ဒာဝံပုလွေက လီဖူချန်းကို အထင်သေးခဲ့မိပြီ ဆိုတာကို သဘောပေါက် သွားခဲ့ပါပြီ။ သူက နောက်ဆုတ်ဖို့ ကြိုးစား လိုက်သေးပေမဲ့လည်း အခွင့်အရေးက မရှိတော့ပါဘူး။
“ပျောက်ကွယ်စမ်း”
အဲသည်အချိန်မှာပဲ ဘေးနားမှာ ရှိနေတဲ့ ငွေမင်ဦးချို မိစ္ဆာဟာ သူ့ရဲ့ ခေါင်းပေါ်က ဦးချိုကို ဆွဲဖြုတ်လိုက်ပြီး ဓားအလင်းတန်းတွေကို ရိုက်ထုတ်ပစ် လိုက်ပါတော့တယ်။
ငွေမင်ဦးချိုမိစ္ဆာဟာ ပုံပန်း သဏ္ဌာန်အားဖြင့် ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ ဆင်သလို သူတို့ရဲ့ တိုက်ခိုက်တဲ့ နည်းစနစ်ကလည်း သိပ်မကွာလှပါဘူး။
သူတို့နှစ်ဦးကြားထဲမှာ ရှိနေတဲ့ ကွာခြားချက်ကတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သာမန် ချိုတစ်ချောင်း မိစ္ဆာကလန်က ဖြစ်ပြီး ငွေမင်ဦးချိုမိစ္ဆာက ချိုတစ်ချောင်း မိစ္ဆာမျိုးနွယ်ရဲ့ တော်ဝင်ကလန်က ဖြစ်နေတာပါပဲ။
“စိတ်ဝင်စားစရာပဲ။ ကြည့်ရတာတော့ ငါ့ရဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်း ကျွမ်းကျင်မှုကို အဆင့်မြှင့်ဖို့ အချိန်ရောက်ပြီ ထင်ပါရဲ့”
လီဖူချန်းက အထက်ကောင်းကင်ဘုံ ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ပြီ ဆိုပေမဲ့ ၁၀၀ ရာခိုင်နှုန်း အသုံးချနိုင်တာ မဟုတ်ပါဘူး။ သူ့ရဲ့ အထက်ကောင်းကင်ဘုံ ဓားဆန္ဒဟာ အစကနဦး အဆင့်မှာသာ ရှိနေသေးပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေဆဲပါပဲ။
ထန် ... ထန် ... ထန် ...
လီဖူချန်းနဲ့ သူ့ဓားတို့ဟာ ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ဦးချို မိစ္ဆာတို့ကို ထိပ်တိုက် ရင်ဆိုင်နေပါပြီ။
ရှီဟွာဘုရင်နဲ့ အခြားသူတွေကတော့ တိုက်ပွဲစက်ကွင်း ထဲကနေ အလျင်အမြန် ဆုတ်ခွာ သွားပါတော့တယ်။ သည်လို တိုက်ပွဲမျိုး ဆိုတာက သူတို့ အဆင့်နဲ့ ဝင်ပါလို့ရတဲ့ တိုက်ပွဲမျိုး မဟုတ်ပါဘူး။
သိုင်းကွက် အနည်းငယ် ယှဉ်ပြိုင် အပြီးမှာတော့ ငွေစန္ဒာ ဝံပုလွေရဲ့ ခန္ဓာကိုယ်ဟာ သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပါပြီ။
လီဖူချန်းရဲ့ ဓားကွက်တွေဟာ အညှာအတာ ကင်းမဲ့ပြီး မာယာများလွန်း လှပါတယ်။ ဓားချက်တိုင်းဟာ သူ မမျှော်လင့်ထားတဲ့ ထောင့်ချိုးတွေကနေ ထွက်ပေါ်လာတာ ချည်းပါပဲ။ အဲသည်အတွက် သူဟာ ဓားချက်တွေကို မရှောင်တိမ်း နိုင်တော့ပါဘူး။ လီဖူချန်းရဲ့ ဓားချက်တွေက သူ့ရဲ့ သေကွင်း သေကွက်တွေဆီကို ရောက်မလာသေးတာကပဲ ငွေစန္ဒာ ဝံပုလွေအတွက် အတော်လေး ကံကောင်းလွန်း လှပြီလို့ ဆိုရမှာပါ။
ငွေမင်ဦးချို မိစ္ဆာကတော့ အေးအေးဆေးဆေးပါပဲ။ သူ့အတွက်ကတော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ သူ့ရဲ့ ခံနိုင်ရည်က လီဖူချန်းနဲ့ ယှဉ်နိုင်သလို သူ့ရဲ့ ငွေမင်ဦးချိုကလည်း ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဓားအလင်းတန်းတွေကို ယှဉ်နိုင်ပါတယ်။ အဲသည်အတွက် အချိန်တို အတွင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲ အနိုင်အရှုံးဟာ ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။
***