← Chapters

ကြက်သွေးရောင်ဓားမြှောင်လေး အသစ်ပြန်လည်မွေးဖွားလာခြင်း

Vol. 71 Ch. 985

ကြက်သွေးရောင်ဓားမြှောင်လေး အသစ်ပြန်လည်မွေးဖွားလာခြင်း

Vol. 71 Ch. 985

ဝမ်ပေါင်လဲ့ ကမ္ဘာဂြိုဟ်ပေါ်သို့ ရောက်လာသည်နှင့် သူ၏ အသိစိတ်ထဲ၌ သက်ပြင်းချသံတစ်သံ တိုးတိုးလေး ပဲ့တင်ထပ်သွားသည်။ ၎င်းမှာ မမလေး၏ သက်ပြင်းချသံ ဖြစ်၏။ သို့သော် သူမသည် အခြား မည်သည့်စကားတစ်ခွန်းကိုမှ မပြောခဲ့ပေ။

ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှတစ်ဆင့် ဖြစ်ကြောင်းကုန်စင်အား သိရှိခဲ့ရသည့် မမလေးကိုယ်တိုင်ပင်လျှင် ကျယ်ပြန့်တာအိုနန်းတော်ဘက်မှ ရပ်တည်ပေးရန် အခက်တွေ့နေရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း သူမ၏ သက်ပြင်းချသံအား ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိပေ။ သူသည် တည်ကြည်မှုအပြည့် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း သူ၏ နှလုံးသားထဲမှ ဒေါသများမှာမူ ငယ်ထိပ်ရောက်နေပြီ ဖြစ်သည်။

ထို့အပြင် သူသည် အပြစ်ရှိသလို ခံစားနေရသည့်အတွက် ထို ဒေါသစိတ်များကို ဖြေဖျောက်ရန် လိုအပ်ပေသည်။ ထို့ကြောင့်လည်း သူသည် ကမ္ဘာဂြိုဟ်ပေါ်သို့ ရောက်လာသည်နှင့် ပြည်ထောင်စု ဥက္ကဋ္ဌအဆောင်ရှေ့၌ ပေါ်ပေါက်လာ၏။

၎င်းမှာ ယခင်တုန်းက သွမ့်မုချွယ် အုပ်ချုပ်ခဲ့သည့်နေရာ ဖြစ်သည်။ ယခုတွင် သွမ့်မုချွယ်လည်း သေဆုံးသွားပြီဖြစ်သလို လီရှင်းဝမ်နှင့် အခြားသူများမှာလည်း ထွက်ခွာသွားပြီဖြစ်ရာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ထိုနေရာအား အုပ်ချုပ်နေ၏။ ယခင်တုန်းကနှင့် ယှဉ်လိုက်ပါက ထိုနေရာရှိ အကာအကွယ် မန္တန်အစီအရင်များမှာ ပို၍အဆင့်မြင့်လာပြီ ဖြစ်သည်။ ထို့အပြင် ပြည်သူ့ရင်ပြင်ထဲရှိ ရုပ်တုတစ်ရာကျော်မှာလည်း ပို၍ပင် အသက်ပါနေပြီး တမူထူးခြားသည့် ဝိညာဉ်ချီအငွေ့အသက်များကိုလည်း ပိုင်ဆိုင်ထားကြသည်။ သို့ဖြစ်ရာ ၎င်းတို့မှာ အချိန်မရွေး နိုးထလာမည့်ပုံ ပေါက်နေကြ၏။ သို့သော် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့၏ ရုပ်တုများမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ၎င်းတို့၏ နေရာတွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ ရုပ်တုတစ်ခု ရှိနေ၏။

ဥက္ကဋ္ဌအဆောင် အပြင်ဘက်တွင် မျက်လုံးဖြင့် မမြင်နိုင်ပါသော်လည်း အာရုံခံကြည့်နိုင်သည့် အလင်းရောင် ဖန်သားပြင်တစ်ခု ရှိနေသေးသည်။ ထို အလင်းရောင်ဖန်သားပြင်မှာ အကာအရံတစ်ခုအဖြစ် ရှိနေ၏။ ၎င်းမှာ ဥက္ကဋ္ဌအဆောင်ထဲရှိ နတ်ဘုရားလက်နက်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြည်ထောင်စုဥက္ကဋ္ဌကြီးသာလျှင် ထိန်းချုပ်နိုင်စွမ်းရှိသည့် နတ်ဘုရားလက်နက်ဖြစ်သော ကြက်သွေးရောင် ဓားမြှောင်လေးမှာ သွမ့်မုချွယ် သေဆုံးသွားခဲ့ပြီးနောက် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ လက်ထဲသို့ ရောက်သွား၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ၎င်းပေါ်၌ အမှတ်အသားတစ်ခု ရေးထိုးခဲ့ပြီး ၎င်းအား ဥက္ကဋ္ဌအဆောင်ထဲ၌ စဉ်ဆက်မပြတ် ပူဇော်ထားသည်။

ဝမ်ပေါင်လဲ့မှာ ထိုနေရာ၌ ပေါ်ပေါက်လာသည့်နှင့် လေထဲ၌ရပ်ကာ သူ၏ အောက်တွင် ရှိနေသည့် ဥက္ကဋ္ဌအဆောင်အား ငုံ့ကြည့်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများထဲ၌ အရာအားလုံးပေါ်ပေါက်လာသည်။ သူသည် ရုပ်တုတစ်ရာကျော်ထဲတွင် ကိန်းအောင်းနေကြသည့် ဝိညာဉ်ချီများကိုသာမက ဥက္ကဋ္ဌအဆောင်ထဲ၌ ပူဇော်ခံထားရသည့် နတ်ဘုရားလက်နက်ကြီးနှင့် ဥက္ကဋ္ဌအဆောင်အား အဝင်အထွက် လုပ်နေကြသည့် လူများကိုပါ မြင်နေရသည်။

ထို လူများထဲမှ တစ်ဝက်ကျော်မှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များ ဖြစ်ကြပေသည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ ဥက္ကဋ္ဌကြီးအဖြစ် ရွေးချယ်ခံခဲ့ရသည့်လူမှာ ချန်မိသားစု၏ ခေါင်းဆောင်ကြီး ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေ၏။ ထို့အပြင် ဥက္ကဋ္ဌအဆောင်၏ မြေကြီးအောက်တွင်လည်း ယွမ်ယင်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသည့် ကျင့်ကြံသူလေးယောက်မှာ တရားထိုင်နေကြသေးသည်။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ နိုးထလာခဲ့သည့် ဂြိုဟ်အဆင့်ကျင့်ကြံသူကြီး၏ လက်အောက်၌ အညံ့ခံခဲ့ပြီးနောက် ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာခဲ့သည့်ပုံပင်။ သို့သော် သူတို့မှာ အတိုက်အခံများအား ဖယ်ရှားနိုင်ခဲ့ပြီးနောက် သူတို့ကိုယ်သူတို့ ကျေနပ်နေခဲ့ကြ၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ အစွမ်းထက် ကျင့်ကြံသူ အစစ်တစ်ယောက်အတွက် စာဖွဲ့စရာပင် မဟုတ်ပေ။

" ငါ ထွက်မသွားခဲ့ခင်တုန်းက စိတ်ဓာတ်ပြတ်ပြတ်သားသားနဲ့ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကို အပြတ်ရှင်းခဲ့ရမှာ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်မိလိုက်၏။ သူသည် တစ်ကိုယ်တည်း ရေရွတ်နေခြင်းသာ ဖြစ်ပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားလွန်းနေပြီး သူသည် ၎င်းအား ထိန်းချုပ်ထားခြင်းမရှိပေ။ ထို့ကြောင့် သူ၏ ရေရွတ်သံများမှာ ချက်ချင်းဆိုသလိုပင် မိုးခြိမ်းသံများအဖြစ် ပြောင်းလဲသွားပြီး ဥက္ကဋ္ဌအဆောင်ထဲ၌ ပေါက်ကွဲထွက်ပေါ်လာ၏။

အဆောင်ထဲရှိ ကျင့်ကြံသူများအားလုံးမှာ ထိုအသံကြီးကြောင့် ချက်ချင်းဆိုသလိုပင် ပျာယာခတ်သွားကြ၏။ သူတို့မှာ ၎င်းအား လုံးဝ တောင့်ခံနိုင်စွမ်းမရှိဘဲ ကောင်းကင်ဘုံ၏ အမျက်ဒေါသနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြ၏။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင် မဟုတ်သည့် လူများမှာ သွေးများ အန်ထွက်လာကြပြီးနောက် သတိလစ်သွားကြ၏။ သူတို့မှာ အသက်အန္တရာယ်နှင့် မကြုံခဲ့ရပေ။ သို့သော် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များမှာမူ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းမရှိပေ။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များထဲ၌ အပြစ်ကင်းစင်သည့်လူများ ရှိနေနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတော်စင်တစ်ယောက်မဟုတ်ပေ။ သူသည် သူတို့အား တစ်ယောက်ချင်းစီ ဝိညာဉ်ရှာဖွေကာ လူဆိုးလူကောင်း ခွဲခြားနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် သူ၏ နတ်ဘုရားအသိစိတ်ဖြင့်သာ ထို ကျင့်ကြံသူများအား အကဲခတ်ကြည့်ရှုလိုက်၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များမှာမူ တစ်ယောက်ပြီးတစ်ယောက် ခန္ဓာကိုယ်များထဲမှ သွေးများပန်းထွက်လာကြပြီး အောက်သို့ ပုံခနဲ လဲကျသွားကြသည်သာ ဖြစ်သည်။ သူတို့၏ သေရေးရှင်ရေးမှာမူ သူတို့၏ ကံကြမ္မာပေါ်တွင် မူတည်ပေသည်။

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသောအခါ ဥက္ကဋ္ဌကြီးဖြစ်သည့် ချန်မိသားစု ခေါင်းဆောင်ကြီးမှာ အမူအရာများ ပြောင်းလဲသွား၏။ မြေကြီးအောက်တွင် တရားထိုင်နေကြသည့် ယွမ်ယင်ထိပ်ဆုံးအဆင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု အကြီးအကဲကြီး လေးယောက်မှာလည်း တုန်လှုပ်ချောက်ချားသွားကြသည်။ ထိုအချိန်တွင် ပြည်သူ့ရင်ပြင်ထဲရှိ ရုပ်တုတစ်ရာကျော်မှာ အရင်ဆုံး အသက်ဝင်လာကြ၏။

ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ထို ထိုရုပ်တုများအား အဆင့်မြှင့်တင်ပေးထားခြင်းဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ သို့ဖြစ်ရာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ နိုးထလာခဲ့သည့် ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးမှာ ဤနေရာ၌ မန္တန်တစ်ခု အသုံးပြုခဲ့ခြင်း ဖြစ်ရပေမည်။ သို့သော် သူကိုယ်တိုင်ပင်လျှင် ဝမ်ပေါင်လဲ့အား ယှဉ်နိုင်မည်မဟုတ်ပေ။ သူသည် ဒဏ်ရာများအားလုံး ပျောက်ကင်းသက်သာသွားလျှင်တောင် ဝမ်ပေါင်လဲ့အား အနိုင်ယူနိုင်ဦးမည် မဟုတ်ပေ။ သို့ဖြစ်ရာ သူ အဆင့်မြှင့်တင်ပေးထားသည့် ရုပ်တုများကိုမူ အထူးတလည် ဖော်ပြနေစရာပင် မလိုတော့ပေ။

မျက်စိတစ်မှိတ်အတွင်းတွင် ထို ရုပ်တုတစ်ရာကျော်မှာ မျက်လုံးများ တစ်ပြိုင်နက်တည်း ပွင့်လာကြ၏။ ထို ရုပ်ထုတစ်ခုချင်းစီတိုင်းမှာ အငွေ့အသက်လှိုင်းများကို ထုတ်လွှတ်နေကြပြီး လေပေါ်သို့ ပျံတက်ကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ကြတော့မည့် ပုံပင်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်အား အသာအယာ မြှောက်ကာ အောက်သို့ ဖိချလိုက်၏။

ထိုအခါ တုနှိုင်းမဲ့ စွမ်းအားတစ်မျိုးမှာ မည်သည့်နေရာကမှန်းမသိ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာ၏။ ၎င်းမှာ ပုံသဏ္ဍာန် အတိအကျမရှိသော ဧရာမ လက်ဖဝါးရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို လက်ဖဝါးရာကြီး အောက်သို့ ကျဆင်းလာသောအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲသွား၏။ မကြာသေးမီတုန်းကမှ အသက်ဝင်လာခဲ့သည့် ရုပ်တုတစ်ရာကျော်မှာလည်း တစ်ပြိုင်နက်တည်း တုန်ရီသွားကြသည်။ ၎င်းတို့မှာ မျက်လုံးများမှိတ်ကာ ကတုန်ကယင်ဖြစ်နေသည့် ခန္ဓာကိုယ်များဖြင့် ဒူးထောက်ချလိုက်ကြပြီးနောက် ကောင်းကင်ယံထဲ၌ မတ်တတ်ရပ်နေသည့် ဝမ်ပေါင်လဲ့အား အရိုအသေ ပေးလိုက်ကြတော့သည်။

၎င်းတို့ ထိုကဲ့သို့ ဒူးတုပ်နေကြစဉ် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ ရုပ်တုမှာ တစ်စစီ ကြေမွသွား၏။ တစ်ချိန်ထဲမှာပင် နတ်ဘုရားလက်နက် ဖန်တီးပေးထားသည့် ဥက္ကဋ္ဌအဆောင်အပြင်ဘက်ရှိ မျက်လုံးဖြင့်မမြင်နိုင်သော အကာအရံမှာလည်း ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် ကြေးမုံတစ်ချပ်ကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့သည်။ ဥက္ကဋ္ဌအဆောင်ကြီးမှာလည်း အသံအကျယ်ကြီးမြည်အောင် ပြိုကျပျက်စီးသွား၏။

ထိုအချိန်တွင် စူးရှသည့် အငွေ့အသက်များကို ပိုင်ဆိုင်ထားသော ကြက်သွေးရောင် သက်တံ့တစ်ခုမှာ ကောင်းကင်ယံထဲသို့ ထိုးခွင်းသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားချင်နေသည့်ပုံ ပေါ်ပါသော်လည်း တဖြည်းဖြည်းနှင့် အရှိန်လျော့ကျလာသည်။ ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်လာသည့်အချိန်တွင် ထို ကြက်သွေးရောင် သက်တံ့မှာ လုံးဝရပ်တန့်သွား၏။ ထို့နောက် ၎င်းမှာ အပြင်းအထန်တုန်ရီသွားပြီး ၎င်း၏ သရုပ်မှန် ပေါ်ပေါက်လာတော့သည်။

၎င်းမှာ ကြက်သွေးရောင် ဓားမြှောင်တစ်ချောင်း ဖြစ်ပေသည်။ ၎င်းမှာ... ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ နတ်ဘုရားလက်နက် ဖြစ်ပေသည်။

ထို ကြက်သွေးရောင် ဓားမြှောင်လေး တုန်ရီသွားသည်နှင့် ချန်မိသားစု ခေါင်းဆောင်ကြီးမှာ ပြိုလဲပျက်စီးနေပြီဖြစ်သည် ဥက္ကဋ္ဌအဆောင်ထဲမှ ကတုန်ကယင်နှင့် ပြေးထွက်လာ၏။ သူ၏ နောက်တွင်လည်း ယွမ်ယင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်မှာ အထိတ်တလန့်ဖြစ်နေသည့် မျက်ဝန်းများဖြင့် ပျံထွက်လာကြသည်။ သူတို့အားလုံးမှာ ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။

" လူကြီးမင်း။ ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ။ အကုန်လုံးက ကျွန်တော့် အမှားတွေပါ။ လူကြီးမင်း လိုအပ်တာမှန်သမျှ တောင်းဆိုလိုက်ပါ။ ပြည်ထောင်စုကြီးဘက်က ဖြည့်ဆည်းပေးနိုင်သရွေ့ ကျွန်တော် ဖြည့်ဆည်းပေးပါမယ်... " ချန်မိသားစု ခေါင်းဆောင်ကြီးမှာ ကြောက်စိတ်များကြောင့် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား ချက်ချင်း မျက်မှန်းတန်းမိခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့မှာ အာကာသထဲမှ ရောက်ရှိလာသည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် သို့မဟုတ် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ နိုးထလာခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်ဟု အရင်ဆုံး တွေးမိလိုက်၏။

ထို့ကြောင့်လည်း သူသည် အသေးစိတ်မေးမြန်းနေခြင်းမရှိဘဲ အရင်ဆုံး တောင်းပန်လိုက်ခြင်းဖြစ်သည်။ သူသည် ထိုသို့ တောင်းပန်နေရင်း ဒူးထောက်ချလိုက်၏။ သူ၏နောက်တွင် ရှိနေသည့် ယွမ်ယင်အဆင့် ကျင့်ကြံသူ လေးယောက်မှာလည်း ထိုနည်းတူပင်။

ဝမ်ပေါင်လဲ့မှာမူ သူရဲဘောကြောင်နေသည့် ချန်မိသားစု ခေါင်းဆောင်ကြီးအား မြင်လိုက်ရသောအခါ သွမ့်မုချွယ်အား ပြန်၍သတိရသွား၏။ သူနှင့် ယှဉ်လိုက်ပါက ဤ တိရစ္ဆာန်သာသာ ချန်မိသားစု ခေါင်းဆောင်ကြီးအား ပြည်ထောင်စုဥက္ကဋ္ဌကြီးဟု မခေါ်ထိုက်ပေ။

ထို့ကြောင့် သူသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် တဆတ်ဆတ် တုန်ရီနေသည့် ကြက်သွေးရောင်ဓားမြှောင်လေးအား ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်သည်။

" မင်းမှာ အသိစိတ်ရှိတာကို ဘာလို့ လူယုတ်မာတွေကို ကူညီပေးနေရတာလဲ "

ကြက်သွေးရောင်ဓားမြှောင်လေးမှာ သူ၏စကားများကို ကြားလိုက်ရသောအခါ ပို၍ပင် တုန်ရီသွား၏။ ထို့နောက် ၎င်းဆီမှ နာကြည်းချက်များနှင့် ပူဆွေးသောကများ ကိန်းအောင်းနေသည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။

ဝမ်ပေါင်လဲ့မှာ ကြက်သွေးရောင်ဓားမြှောင်လေး၏ ခံစားချက်များကို အာရုံခံမိလိုက်သောအခါ ငြိမ်ကျသွား၏။ သူသည် ၎င်းအား နားလည်သွားခြင်းဖြစ်သည်။ ဤ နတ်ဘုရားလက်နက်မှာ ပြည်ထောင်စုဥက္ကဋ္ဌကြီးအတွက် အထူးလက်နက်တစ်ခု ဖြစ်ပြီး ပြည်ထောင်စုကြီးနှင့် သဘောတူညီချက်တစ်ခု ရယူထားခြင်းဖြစ်သည်။ ၎င်းမှာ ထို သဘောတူညီချက်အား အမြဲလိုက်နာရမည်ဖြစ်ရာ ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ အမိန့်အား အမြဲတမ်း နာခံရမည်ဖြစ်သည်။

သွမ့်မုချွယ် သေဆုံးသွားခဲ့စဉ်တုန်းက ၎င်းမှာ ဝမ်းနည်းကာ အမျက်ချောင်းချောင်း ထွက်ခဲ့ရ၏။ သို့သော်လည်း ထို သဘောတူညီချက် ရှိနေရုံသာမက ဂြိုဟ်အဆင့် အစွမ်းထက်ကျင့်ကြံသူကြီးမှာလည်း စောင့်ကြည့်နေခဲ့သည်ဖြစ်ရာ ၎င်းမှာ သူတို့၏အမိန့်များကို နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

" မင်းရဲ့ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို သွားပြီးတော့ သန့်စင်ခဲ့ " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ဆိုလိုက်၏။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယွမ်ယင်အဆင့် ကျင့်ကြံသူလေးယောက်အား သတ်ဖြတ်ရခြင်းမှာ သူ၏လက်အား ညစ်ပတ်စေမည့် လုပ်ရပ်မျိုးဟု သူက မှတ်ယူထားသည်။ ထို့ကြောင့် သူသည် ထိုသို့ အမိန့်ပေးလိုက်ပြီးနောက် နောက်သို့လှည့်ကာ သူ၏ နတ်ဘုရားအာရုံထဲ၌ ပေါ်ပေါက်လာသည့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု စုဝေးရာ နေရာသို့ ဦးတည်သွားလိုက်တော့သည်။

သူ နောက်သို့လှည့်သွားသည်နှင့် ကြက်သွေးရောင်ဓားမြှောင်လေးမှာ ရုတ်တရက်ဆိုသလို မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွား၏။ ၎င်း၏ သတ်ဖြတ်လိုစိတ်များမှာလည်း ပို၍အားကောင်းလာသည်။ ထို့နောက် ၎င်းမှာ ကြက်သွေးရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားသည်။ ချန်မိသားစု ခေါင်းဆောင်ကြီး တုန်လှုပ် ချောက်ချားနေပြီး ယွမ်ယင်အဆင့် ကျင့်ကြံသူလေးယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေစဉ်မှာပင် ထို ကြက်သွေးရောင်အလင်းတန်းမှာ သူတို့၏ ဘေးမှ ရွှီးခနဲဖြတ်သွား၏။

ထိုအခါ ယွမ်ယင်အဆင့် ကျင့်ကြံသူလေးယောက်၏ ခေါင်းပြတ်များမှာ လေပေါ်သို့ မြောက်တက်သွားသည်။ သူတို့၏ ယွမ်ယင်ဝိညာဉ်များ ပျက်စီးသွားစဥ်မှာပင် ကြက်သွေးရောင်ဓားမြှောင်လေးမှာ ချန်မိသားစု ခေါင်းဆောင်ကြီး၏ ဘေးမှ ဖြတ်သွားပြန်သည်။ ထို့ကြောင့် ထိုခေါင်းဆောင်ကြီးမှာ အသိစိတ်ပျောက်လုမတတ် ထိတ်လန့်ကြောက်ရွံ့နေရတော့သည်။ သူသည် အဝေးသို့ ထွက်ခွာသွားရန် ပြင်နေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီးနောက် အသံကွဲကြီးဖြင့် အော်ပြောလိုက်၏။

" လူကြီးမင်း။ ကျွန်တော် ဘာ အမှားလုပ်မိလို့လဲ။ ကျွန်တော်... " သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ကြက်သွေးရောင် အလင်းတန်းမှာ ပို၍ပင် စူးရှတောက်ပလာ၏။ ထို့နောက် ထို အလင်းတန်း ရှေ့သို့ ထိုးထွက်လာသောအခါ ကြက်သွေးရောင်ဓားမြှောင်လေးမှာ တစ်စစီ ကြေမွသွားသည်။ ၎င်းမှာ ထိုသို့ ပေးဆပ်လိုက်ပြီးနောက် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုး ထုတ်လွှတ်နိုင်စွမ်းရှိသွား၏။ ထို့ကြောင့် ချန်မိသားစု ခေါင်းဆောင်ကြီးမှာ မည်မျှပင် ကြိုးစားနေစေကာမူ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ထို ကြက်သွေးရောင်ဓားမြှောင်လေးမှာ သူ၏ ရင်ဘတ်အား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့သည်။

ချန်မိသားစုခေါင်းဆောင်ကြီး၏ ခန္ဓာနှင့်ဝိညာဉ် ပျက်စီးသွားသောအခါ ဓားမြှောင်လေး၏ အကျိုးအပဲ့အပိုင်းအစပေါင်း မြောက်မြားစွာမှာ သူ၏ ရုပ်အလောင်းထဲမှ ပျံထွက်လာကြ၏။ ထို အပိုင်းအစများမှာ ပျက်စီးပျောက်ကွယ်သွားတော့မည့် နတ်ဘုရားလက်နက်တစ်ခု၏ အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့မှာ အရောင်များ မှေးမှိန်နေပြီး လေထဲတွင် ဆက်လက် ပျံသန်းနိုင်ရန်ပင် မနည်းကြိုးစားနေရ၏။ နောက်ဆုံးတွင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား လိုက်မီသွားပြီး သူ၏ရှေ့တွင် ရစ်ဝဲကာ ဓားမြှောင်တစ်ချောင်းအသွင် ပြန်လည်စုစည်းသွားကြ၏။ သို့သော် ထို ဓားမြှောင်ပေါ်ရှိ အက်ကွဲကြောင်းများနှင့် ၎င်း၏ အငွေ့အသက်များကို ကြည့်လျှင် ၎င်းမှာ အချိန်မရွေး ပျက်စီးပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။

" အခုကစပြီးတော့ မင်းရဲ့တာဝန်က ပြည်ထောင်စုဥက္ကဋ္ဌကြီးရဲ့ အမိန့်ကို နာခံဖို့ပဲ မဟုတ်တော့ဘူး။ ငါ့ရဲ့ မိသားစုကိုပါ ကာကွယ်ပေးဖို့ တာဝန်ရှိသွားပြီ။ အခုလောလောဆယ်တော့ ငါ့နောက်က လိုက်ခဲ့ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ဆိုလိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ တာအိုဂြိုဟ်ထဲမှ အငွေ့အသက်များမှာ တစ်စစီကြေမွနေသည့် နတ်ဘုရားလက်နက်ထဲသို့ စီးဝင်သွားကြ၏။ ထို ကြက်သွေးရောင်ဓားမြှောင်လေးမှာလည်း တုန်ရီသွားပြီး အသစ်ပြန်လည် မွေးဖွားလာသည့်အလား ဝင်းလက်တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်း၏ ကိုယ်ထည်ပေါ်မှ အက်ကွဲကြောင်းများမှာလည်း ချက်ချင်းပျောက်ကွယ်သွားသလို ယခင်တုန်းကထက် ပို၍အစွမ်းထက်သည့် အငွေ့အသက်တစ်မျိုးမှာလည်း ၎င်း၏ အတွင်းပိုင်းထဲမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

All Chapters