ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ နိဂုံး
Vol. 71 Ch. 986
ဝမ်ပေါင်လဲ့မှာ မဟာတာအိုသစ္စာတစ်ခုအား ကျိန်ဆို၍ ရှေးဟောင်းဂြိုဟ်ကိုးလုံးအား တာအိုဂြိုဟ်အဖြစ် အဆင့်မြှင့်တင်ခဲ့သောကြောင့် ထိုတာအိုဂြိုဟ်ထဲ၌ သူ၏ မဟာတာအိုသစ္စာ၏ စွမ်းအားများ ကိန်းအောင်းနေ၏။ သို့ဖြစ်ရာ ကြက်သွေးရောင်ဓားမြှောင်လေးမှာ နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေသည့်တိုင်အောင် သူသည် သူ၏ စကားလုံးများဖြင့် ၎င်း၏ အချုပ်အနှောင်များကို ဖယ်ရှားနိုင်စွမ်းရှိနေဆဲပင်။
ထို့ကြောင့်လည်း သူသည် စကားတစ်ခွန်းပြောလိုက်ရုံနှင့် ကြက်သွေးရောင်ဓားမြှောင်လေးနှင့် ပြည်ထောင်စုကြီး၏ ကြားရှိ သဘောတူညီချက်အား ပြောင်းလဲနိုင်ခဲ့သည်။ ထို့အပြင် သူသည် သူ၏ စွမ်းအားများကို အသုံးပြု၍ ကြက်သွေးရောင်ဓားမြှောင်လေး၏ အပိုင်းအစများအား ပြန်လည်စုစည်းသွားစေခဲ့၏။ သို့ဖြစ်ရာ ထို ဓားမြှောင်လေးမှာ ပြောင်းလဲရန် အခွင့်အရေးတစ်ခု ထပ်ရသွားသကဲ့သို့ပင်။ ၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေဆဲဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ကံကြမ္မာနှင့် ချိတ်ဆက်မှုရှိသွားပြီဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ စွမ်းအားများကို ငှားရမ်းယူပြီး ပို၍အစွမ်းထက်လာ၏။
ယခုတွင် ထို ကြက်သွေးရောင်ဓားမြှောင်လေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသည်နှင့် အပြင်းအထန် တုန်ရီသွားပြီး ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ အငွေ့အသက်များကို ထုတ်လွှတ်လိုက်၏။ ထို့နောက် ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းတွင် ကြက်သွေးရောင် ဆံထိုးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ဆံပင်ထဲသို့ စိုက်ဝင်သွား၏။ သူ၏ ဆံပင်များမှာလည်း အလိုလို ထုံးပြီးသား ဖြစ်သွားသဖြင့် သူသည် နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူသွားတော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ ပျက်စီးသွားပြီဖြစ်သော ဥက္ကဋ္ဌရုံးနှင့် မြေပြင်ပေါ်ရှိ ရုပ်အလောင်းများအား တစ်ချက်ပင်မကြည့်ဘဲ အဝေးသို့ ထွက်ခွာသွား၏။ သူ၏နောက်ရှိ အပျက်အဆီးများထဲတွင်မူ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များ မဟုတ်ကြသည့် ကျင့်ကြံသူများမှာ သတိပြန်ရလာကြသည်။ သူတို့မှာ ဇဝေဇဝါဖြစ်နေသည့် အမူအရာများဖြင့် ဘေးဘီဝဲယာရှိ အပျက်အစီးများအား ဝေ့ဝိုက်ကြည့်ရှုနေကြ၏။ ထို့အပြင် သူတို့မှာ ကောင်းကင်ယံထဲရှိ အဝေးသို့ ထွက်ခွာသွားနေသော ဝမ်ပေါင်လဲ့၏ လူရိပ်ကိုလည်း လှမ်းမြင်နေရသည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ ယခင်တုန်းက မတ်တတ်ရပ်နေခဲ့ကြသည့် ရုပ်တုတစ်ရာကျော် ဒူးထောက်နေကြသည့် မြင်ကွင်းကိုလည်း မြင်လိုက်ရသေးသည်။
နေဝင်ချိန်သို့ ရောက်နေပြီဖြစ်ရာ နေဝင်ဆည်းဆာ၏ အလင်းရောင်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသဖြင့် သူ၏နောက်တွင် ရောင်စုံဝတ်ရုံတစ်ခုအား ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေ၏။ သူ အဝေးသို့ လျှောက်လှမ်းသွားနေစဉ် ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများထဲမှ တစ်ယောက်မှာ ဒူးတုပ်ကာ သူ့အား အလိုလို ဦးချမိလိုက်သည်။ ခဏအကြာတွင် သတိပြန်ရလာကြသည့် အခြား ကျင့်ကြံသူများ အားလုံးမှာလည်း သူ့အား တစ်ပြိုင်နက်တည်း ဦးချအရိုအသေပေးလိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ အဝေးသို့ ဆက်လက်ထွက်ခွာသွား၏။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ တစ်နေရာစီ ကွဲနေကြခြင်း မရှိဘဲ နေရာတစ်ခုတည်းတွင် စုစည်းနေကြ၏။ ထို့အပြင် ထိုနေရာမှာ ဝမ်ပေါင်လဲ့ မှတ်မိနေသည့်နေရာနှင့် မတူတော့ဘဲ မြို့တစ်မြို့အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထိုမြို့ကြီးမှာ ကောင်းကင်မြို့တော် သုံးမြို့တိတိ ဝင်ဆံ့နိုင်လောက်သည့်အထိ ကြီးမားလွန်းနေ၏။ ထိုမြို့ထဲတွင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုဝင်များအပြင် ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားထျန်ရှန်းဂိုဏ်းမှ ဂိုဏ်းသားများလည်း ရှိနေကြသေးသည်။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှာလည်း နိုင်ငံရေးအပြောင်းအလဲများကြောင့် အဖွဲ့အမျိုးမျိုး ကွဲသွားကြကာ အချို့မှာ လီရှင်းဝမ်နှင့်အတူ အင်္ဂါဂြိုဟ်ဆီသို့ လိုက်လာခဲ့ကြပြီးနောက် အချို့မှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် ပူးပေါင်းသွားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ထိုအခြင်းအရာများမှာ ဝမ်ပေါင်လဲ့အတွက် အရေးမကြီးပေ။ သူ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ မြို့တော်အထက်တွင် ပေါ်ပေါက်လာသည်နှင့် သူ၏ နှလုံးသားထဲမှ အမျက်ဒေါသများမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် မိုးကောင်းကင်ကြီးမှာ အရောင်ပြောင်းသွားရပြီး ခမ်းနားထည်ဝါသည့် အနက်ရောင်တိမ်တိုက်ကြီးတစ်ခုမှာ မြို့တော်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
သို့သော် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များ မဟုတ်ပါက ထို အနက်ရောင်တိမ်တိုက်ကြီးအား မမြင်နိုင်သလို ၎င်းဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်အားများကိုလည်း အာရုံခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များ အားလုံးသာလျှင် ကြက်သေသေသွားရ၏။ တစ်ချိန်ထဲမှာပင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ ရာထူးအကြီးပိုင်းမှ လူများမှာ ဥက္ကဋ္ဌရုံး၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအား သိရှိသွားကြသည်။ ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင်များနှင့် အကြီးအကဲများအားလုံးမှာ တုန်လှုပ်ချောက်ချားသွားကြပြီး ပျာယာခတ်နေကြတော့သည်။
" ဘာတွေ ဖြစ်နေတာလဲဟ "
" ငါတို့တွေ ဘယ်တုန်းကများ အဲဒီလို အစွမ်းထက်ကျင့်ကြံသူမျိုးကို ရန်လုပ်မိခဲ့ရတာလဲ "
" ဒီကိစ္စကို တာအိုနန်းတော်က အကြီးအကဲကြီးတွေဆီ မြန်မြန်လေး သတင်းပို့လိုက် "
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် အကြီးအကဲများအားလုံး သွေးပျက်နေကြစဉ် လေထဲတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ မြို့တော်ထဲရှိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များအား အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ တည်ကြည်စွာဆိုလိုက်သည်။
" လီ "
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲတွင် လီမိသားစုမှာ ပထမဆုံး အဖွဲ့ဝင် ဖြစ်သည်။
သူ၏နှုတ်မှ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် မြို့တော်ထဲရှိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ အစည်းအဝေးခန်းမထဲ၌ ထိတ်ထိတ်ပျာပျာ ဖြစ်နေကြသည့် လူအုပ်ကြီးထဲရှိ လီမိသားစု၏ လက်ရှိ မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် အကြီးအကဲများအားလုံးမှာ ခန္ဓာကိုယ်များ အပြင်းအထန် တုန်ရီသွားကြပြီး မျက်လုံးများ ပြူးသွားကြ၏။ ထို့နောက် သူတို့ စကားမပြောနိုင်ခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ လေလျှော့ခံလိုက်ရသည့် ပူဖောင်းများကဲ့သို့ ပိန်ချုံးသွားပြီး ကမ္ဘာကြီးထဲမှ လုံးဝပျောက်ကွယ်သွားတော့သည်။
သူတို့သာလျှင် ထိုကဲ့သို့ ပျောက်ကွယ်သွားကြသည်မဟုတ်ပေ။ မဟာထိပ်သီး အကြီးအကဲကြီးအပါအဝင် လီမိသားစု၏ တားမြစ်နယ်မြေထဲတွင် တံခါးပိတ်လေ့ကျင့်နေကြသည့် ယွမ်ယင်အဆင့် အကြီးအကဲများ အားလုံးမှာလည်း ချက်ချင်းသေဆုံးသွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အင်အားအများကြီး စိုက်ထုတ်ခဲ့ခြင်းမရှိဘဲ ယွမ်ယင်အဆင့် ကျင့်ကြံသူများကိုသာ သတ်ဖြတ်ပစ်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ အခြားမိသားစုမျိုးနွယ်စုလေးခု၏ ခေါင်းဆောင်ကြီးများနှင့် အကြီးအကဲများမှာ စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားကြဆဲပင်။ သူတို့်မှာ လီမိသားစု၏ ခေါင်းဆောင်ကြီးနှင့် အကြီးအကဲများ သူတို့၏ရှေ့၌ သေဆုံးသွားခဲ့သည်ကို မြင်လိုက်ရသည်မဟုတ်ပါလော။
" လူကြီးမင်း။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ "
" လူကြီးမင်း။ လီမိသားစုရဲ့ အမှားက ကျွန်တော်တို့တွေနဲ့ ဘာမှမဆိုင်ပါဘူး "
" လူကြီးမင်း။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုက ဝါရင့်ကြီး သဲ့ယွင်ကျစ်ရဲ့ လက်အောက်ခံနော် "
အခြား မိသားစုမျိုးနွယ်စု လေးခုမှာ ကြောက်လန့်တကြားနှင့် လေပေါ်သို့ ပျံတက်လာပြီး ကောင်းကင်ယံထဲရှိ အနက်ရောင်တိမ်တိုက်များ၏ အလယ်၌ ရပ်နေသည့် ဝမ်ပေါင်လဲ့အား ဒူးထောက်တောင်းပန်လိုက်ကြသည်။
သူတို့မှာ ယခုအချိန်အထိ သူတိုကျူးလွန်မိခဲ့သည့် အမှားကို မသိထားသေးသလို ဝမ်ပေါင်လဲ့မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း သိရှိထားကြခြင်း မရှိပေ။ ကျိုးရိဖန်းနှင့် ကျိုးရိရှန်တို့၏ ဖခင်ဖြစ်သည့် ကျိုးမိသားစု ခေါင်းဆောင်ကြီးသာလျှင် ဝမ်ပေါင်လဲ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အား မြင်ဖူးနေသလို ခံစားလိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရ၏။ သူသည် ထိုသို့ ခံစားနေရသည့် အကြောင်းရင်းကို ချက်ချင်းမသိနိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူ ပြန်လည်မှတ်မိနိုင်ရန် ကြိုးစားနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ဒုတိယမြောက် မျိုးရိုးနာမည်အား ရေရွတ်လိုက်၏။
" ချန် " သူသည် ထိုသို့ရေရွတ်လိုက်ပြီး လေထဲသို့ ချက်ချင်းပြန်တက်သွားလိုက်၏။ ထိုအခါ ချန်မိသားစု၏ ခေါင်းဆောင်ကြီးနှင့် ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးနေကြသည့် မျိုးနွယ်စုကြီးလေးခုထဲမှ ယွမ်ယင်အဆင့် အကြီးအကဲကြီးများမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြသည်။ ထို့နောက် သူတို့မှာ မျက်လုံးများပြူးသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ချက်ချင်းပြာကျသွားတော့သည်။
ထိုမြင်ကွင်းမှာ ကျိုးမိသားစုနှင့် ကျန်ရှိနေသေးသည့် အခြားမိသားစုများအား သွေးပျက်သွားစေ၏။ အထူးသဖြင့် ကျိုးမိသားစု ခေါင်းဆောင်ကြီးမှာဆိုလျှင် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းမိလိုက်သည်။ သူသည် တစ်ကိုယ်လုံးတုန်ရီလာပြီး ရုတ်တရက်ဆိုသလို သဘောပေါက်သွားတော့သည်။ ထိုအခါမှသာ သူသည် မျက်လုံးများ ပြူးသွားပြီး တအံ့တဩ ရေရွတ်မိလိုက်၏။
" မင်း... မင်းက ဝမ်ပေါင်လဲ့ပဲ "
ကျိုးမိသားစု ခေါင်းဆောင်ကြီး ထိုသို့ဆိုလိုက်သည်နှင့် သူ၏ မိသားစုမျိုးနွယ်စုထဲမှ အကြီးအကဲများနှင့် အဖွဲ့ဝင်များအားလုံးမှာ မှင်တက်သွားကြပြီး မျက်ဝန်းများထဲ၌ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲမှ ထွက်ခွာမသွားခင်ကတည်းက ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေခဲ့ပြီး ပြည်ထောင်စုကြီးထဲ၌ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်နေခဲ့သည့်တိုင်အောင် နှစ်အနည်းငယ်မျှသာ ကုန်ဆုံးသွားသေးသည် မဟုတ်ပါလော။ သို့သော် ယခုတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကြောက်ခမန်းလိလိ မြင့်မားနေပြီ ဖြစ်သည်။
" ဝမ်ပေါင်လဲ့ " ကျိုးမိသားစု ခေါင်းဆောင်ကြီးမှာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူသည် အသက်ရှူသံများမြန်ဆန်လာပြီး စကားပြောရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အေးစက်စက် အမူအရာဖြင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲမှ အခြား မိသားစုနှစ်ခု၏ မျိုးနွယ်စုနာမည်များကို ရေရွတ်လိုက်တော့သည်။
ထိုအခါ ထို မိသားစုမျိုးနွယ်စုနှစ်ခု၏ ခေါင်းဆောင်ကြီးများနှင့် အကြီးအကဲများမှာ ပြာကျသွားကြ၏။ သူတို့အားလုံးမှာ သေဆုံးသွားကြပြီဖြစ်သည်။ ကျိုးမိသားစုထဲမှ အကြီးအကဲများမှာမူ သွေးရူးသွေးတန်းနှင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြသည်။
သူတို့မှာ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ကြောင်း သိထားသည့်တိုင်အောင် ပြေးလွှားနေကြဆဲပင်။ ကျိုးမိသားစု ခေါင်းဆောင်ကြီးသာလျှင် နာကြည်းစွာ ပြုံးလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား မျက်မှန်းတန်းမိသွားခဲ့စဉ်ကတည်းက ကျိုးမိသားစုမှာ ကံကုန်သွားပြီဖြစ်ကြောင်း နားလည်သဘောပေါက်ထားပြီးသား ဖြစ်သည်။
သူသည် ဝမ်ပေါင်လဲ့၏ မိဘများအား လုပ်ကြံသတ်ဖြတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည် မဟုတ်ပါလော။ သူသည် သူ၏ နှလုံးသားထဲမှ ဒေါသစိတ်များကို ဖြေဖျောက်လိုသောကြောင့် ထိုကဲ့သို့ လုပ်မိခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးတစ်ယောက်၏ အထောက်အပံ့အား ရရှိထားသည်ဖြစ်ရာ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရပြီး သူ၏ မိသားစု မျိုးနွယ်စု ပျက်စီးသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
" ကျယ်ပြန့်တာအိုနန်းတော်က ဂြိုဟ်အဆင့်ကျင့်ကြံသူကြီး ဘာလို့ ရောက်မလာသေးတာလဲ "
" သူ ဒီနေရာမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မသိထားစရာအကြောင်း မရှိဘူး။ အဲတာကို ဘာလို့ သူက အခုထိ ရောက်မလာရသေးတာလဲ " ကျိုးမိသားစုခေါင်းဆောင်ကြီးမှာ စိတ်ထဲတွင် ညည်းတွားနေမိတော့သည်။ ထို့နောက် သူသည် ရှုံ့မဲ့မဲ့ မျက်နှာအမူအရာနှင့် ဆိုလိုက်၏။
" ဝမ်ပေါင်လဲ့။ ရိဖန်းနဲ့ မျက်နှာကို ထောက်ပါဦး။ ငါက သူ့ရဲ့ အဖေလေ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ သူသည် ကျောက်ယမု့န့်အား ကျိုးရိဖန်းအကြောင်း မေးမြန်းခဲ့ပါသော်လည်း သူမသည်လည်း သူ့အကြောင်းအား သိရှိထားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်းအား ပြန်၍ မှတ်မိသွားသောအခါ အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွားလိုက်ပြီးမှ တည်ကြည်စွာဆိုလိုက်၏။
" ကျိုး "
သူ ထိုသို့ဆိုလိုက်သည်နှင့် ကျိုးမိသားစု ခေါင်းဆောင်ကြီးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်ပေါက်များထဲမှ သွေးများစီးထွက်လာ၏။ သူ၏ ဆံပင်မှာလည်း ချက်ချင်းဆိုသလိုပင် အဖြူရောင်ပြောင်းသွားသည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ယွမ်ယင်ထိပ်ဆုံးအဆင့်မှနေ၍ အခြေတည်အဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းသွားပြီး နောက်ဆုံးတွင် သူသည် သာမန်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုအခါ သူသည် ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး မြေကြီးပေါ်သို့လဲကျသွား၏။
ကျိုးမိသားစု ခေါင်းဆောင်ကြီမှလွဲ၍ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားခဲ့ကြသည့် အခြား အကြီးအကဲကြီးများအားလုံးမှာမူ ပြာကျသွားကြပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ ဤ ကမ္ဘာကြီးပေါ်၌ လုံးဝ မရှိခဲ့ကြသည့် ပုံပင်။
" ရိဖန်းကိုယ်တိုင် ခဗျားကို သတ်လို့ရအောင် ခဗျားကို အသက် ချမ်းသာပေးခဲ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ တည်ကြည်စွာဆိုလိုက်ပြီးနောက် ကျင့်ကြံခြင်းအဆင့် ပျက်စီးသွားခဲ့သည့် ကျိုးမိသားစု ခေါင်းဆောင်ကြီးအား ဂရုစိုက်နေခြင်းမရှိတော့ဘဲ ခေါင်းမော့လာပြီး မိုးကောင်းကင်ကြီးအား လှမ်းကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များမှာမူ လျော့နည်းသွားခြင်း မရှိသည့်အပြင် ပို၍ပင် အေးစက်လာ၏။ ထိုအချိန်တွင် သူသည် တည်ကြည်စွာဆိုလိုက်၏
" ခဗျားကြီး ကြည့်ရတာ ဝပြီလား။ သေသေချာချာရော စဉ်းစားပြီးသွားပြီလား "
ဝမ်ပေါင်လဲ့ ထိုသို့မေးလိုက်သည်နှင့် ကောင်းကင်ယံထဲ၌ တုန်ခါမှုလှိုင်းများ ရုတ်တရက်ဆိုသလို ပေါပေါက်လာသည်။ ထို့နောက် ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားကာ အမျှင်အတန်းပေါင်း မြောက်မြားစွာမှာ မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာကြပြီးနောက် တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားကြပြီး အဘိုးကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။
ထို အဘိုးကြီးမှာ မျက်နှာအမူအရာ ပျက်နေ၏။ သူ၏ မျက်ဝန်းများမှာမူ စူးရှတောက်ပနေသည်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ တာအိုဝတ်ရုံအား ဆင်မြန်းထားသလို သူ၏ နောက်တွင်လည်း အသွားထက်ဓားချီများ ထုတ်လွှတ်နေသည့် ဓားပျံငါးလက်လည်း ရှိနေသေးသည်။ သူသည် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်ပြီးနောက် အသံအောအောကြီးဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။
" လူလေး။ ဂြိုဟ်အဆင့်ကို တက်လှမ်းဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အဲတာမလို့ သွေးနားထင် ရောက်မနေဖို့ ငါ အကြံပေးပါရစေ။ အဲလိုမှ မဟုတ်လို့ မင်း ဖိနှိပ်ချုပ်တည်းခံလိုက်ရမယ်ဆိုရင် သေချာပေါက် နောင်တရသွားလိမ့်မယ်နော် “