← Chapters

မကောင်းတဲ့ကောင်တွေရဲ့ ခေါင်းဆောင်ကြီး

Vol. 28 Ch. 407

မကောင်းတဲ့ကောင်တွေရဲ့ ခေါင်းဆောင်ကြီး

Vol. 28 Ch. 407

"ရီလေး ဒီကိစ္စက မင်းဖျက်ဆီးတာ မဖျက်ဆီးတာနဲ့ မဆိုင်ဘူးကွ... အဲ့လိုလုပ်ဖို့ ဘယ်သူမှ ဆန္ဒမရှိမှာကိုပဲ စိုးရိမ်နေတာ...."

ဖန့်ရှင်းကော် အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။

"မင်းရဲ့ အခုလက်ရှိ အလုပ်အကိုင်ကလည်း အဆင်ပြေနေတာကိုပဲကွာ...တကယ်လို့ တစ်ခုခု လွဲချော်သွားခဲ့မယ်ဆိုရင် မင်းတို့နှစ်ယောက်အပေါ် အကျိုးသက်ရောက်မှု အကြီးစားကြီးတွေ ရှိလာနိုင်တယ်နော်...."

"ဒါက ဘာကိစ္စ လုပ်လို့မရတာ..."ကျန်းရှုမင် ပြောလိုက်ပြီး "ရီလေးကတောင် ဆေးကို နေရာမှာတင် ဖျက်ဆီးပစ်မယ်လို့ ပြောပြီးပြီလေ.. အဲ့တာကို ဘာများ ဖြစ်နိုင်ဦးမှာ...ကျွန်မကတော့ ရှင့်ရဲ့ မြေခွေးမက ဒီကောင်လေးဆီမှာ ကျရှုံးသွားမှာကို စိုးရိမ်နေတာမလား...."

"မင်းဘာလို့ ဒါကြီးကို စကားထည့်ပြောပြန်တာလဲကွာ.... ငါဆိုလိုချင်တာက အဲ့ဒီသဘောမဟုတ်ဘူး..."

"အဲ့တာဆိုလည်း ကူညီပေးလိုက်လေ..."ကျန်းရှုမင် ပြောလိုက်ပြီး "ချင်းရန်က ကျွန်မရဲ့ တပည့်... ပြီးတော့ ကျွန်မရဲ့ မြေးမလေးလို့ ပြောရင်လည်း မမှားဘူး...ရှင်စကားကို ဝေ့လည်ကြောင်ပတ် ‌လုပ်မနေနဲ့နော်...."

"ဟူး... ပြီးရောကွာ... ငါတစ်ချက် ကြိုးစားကြည့်ပေးမယ်...."

ဖန့်ရှင်းကော် လင်းရီကို တစ်ချက်ကြည်လိုက်ပြီး "အလျင်လိုလား...တကယ်လို့ အလျင်မလိုဘူးဆိုရင် ငါ အချိန်တစ်ချို့ ရှာကြံပြီးတော့မှ မင်းတို့နှစ်ယောက်ကို သူ့ဆီခေါ်သွားပေးမယ်....."

လင်းရီ ဘာမျှ မပြောရသေးခင် ကျန်းရှုမင်မှ ဖြတ်ပြောလာခဲ့၏။ " ဘာကို အလျင်မလိုဘူးလားလဲ... ရီလေးတို့က အလုပ်တောင် မတက်ပဲနဲ့ ဒီကို အရေးတကြီး လာခဲ့မှတော့ သေ‌ချာပေါက် အလျင်လိုနေလို့ပေါ့ဟဲ့....ခုလုပ်ပေးလိုက်...."

အဘိုးကြီးနှင့် အဘွားကြီးတို့ တကျက်တကျက် ဖြစ်နေသည်ကိုမြင်တော့ လင်းရီနှင့် ကျီချင်းရန်လည်း ဘေးတွင် ကုပ်ကုပ်ကလေး ထိုင်နေကြ၏။ သူတို့ ၀င်မစွက်ဖက်ရဲကြချေ။

"ကလေး‌နှစ်ယောက်က ဒီရောက်နေတယ်လေကွာ... မင်းလေသံ နည်းနည်းလောက် တိုးပါဦးဟ... အသက်ဖြင့် ဒီလောက်ထိကြီးနေပြီကို သူများတွေ ရယ်မှာကို မရှက်ဘူးလားမသိဘူး...."

"သူတို့တောင် စိတ်မရှိတာကို ကျွန်မက ဘာလို့ စိတ်ရှိရမှာလဲ.... "

"ရပြီ ရပြီ ... ဒီ‌အကြောင်း ထပ်မပြောကြစို့...."ဖန်ရှင်းကော် ပြောလိုက်ပြီး "ငါ ဖုန်းဆက်ပြီး သူဆေးရုံမှာ ရှိလားဆိုတာ တစ်ချက်မေးကြည့်လိုက်ဦးမယ်...."

ဖန့်ရှင်းကော် လက်တစ်ဖက်ဖြင့် ဖုန်းကိုင်ထားပြီး သူ၏ အဆက်အသွယ်ထဲရှိ နာမည်များကို လှန်လော ရှာကြည့်နေလေသည်။ မကြာမီ ကျောက်တုန်းမေဟူသည့် နာမည်ကို ရှာတွေ့သွားပြီး သူ၏ ရိုးသားမှုကို ပြသရန် စပီကာ ဖွင့်ထားလိုက်၏။

"တုန်း... ဒါရိုက်တာကျောက်...အဘိုးကြီးဖန့်လေ...."

"စီနီယာ အစ်ကိုကြီးလား..... ကျွန်မရှင့်ရဲ့ ဖုန်းနံပါတ် ရှိသေးတယ်လေ...ကျွန်မတို့ သိလာတာဖြင့် နှစ်ပေါင်းမနည်းတော့ဘူးကို ဘာလို့ ယဉ်ယဉ်ကျေးကျေးနဲ့ ပြောနေရတာလဲရှင်..."

စီနီယာအစ်ကိုကြီးဟု ခေါ်ခံရသည့် အချိန်တွင် ဖန့်ရှင့်ကော် အနည်းငယ် ရှက်ရမ်းရမ်းသွားခဲ့ပြီး သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် တစ်ချက်နှစ်ချက် ရယ်မောလိုက်၏။ "အာဟားဟား....ခု အလုပ်ရှုပ်နေတာလား...."

ဖန့်ရှင်းကော် သူလိုချင်သည့် အကြောင်းအရာကို တန်းမသွားပဲ စကားပလ္လင်ခံလိုက်၏။

“ အင်း ခဏနေကျရင်တော့ အစည်းအဝေး တက်မလို့ ပစ္စည်းတွေ ပြင်ဆင်နေတာ…. စီနီယာလိုအပ်တာရှိရင် ပြောလေ…. အဲ့လောက်ထိယဉ်ကျေးနေစရာ မလိုပါဘူး….”

“ ဘာမှတော့ မဟုတ်ပါဘူးကွာ….ငါ့ရဲ့ တပည့်တစ်ယောက်က ဟွာရှန့်တိုင်းရင်းဆေး အကြောင်း မေးချင်တာလေးတွေ ရှိနေတယ်ဆိုလို့….. ဒါပေမယ့် ဒါရိုက်တာကျောက်က မအားဘူးဆိုတော့ မနက်ဖြန်မှ ထပ်ပြောကြတာပေါ့….”

“ ဘာလို့ မနက်ဖြန်ထိ‌ စောင့်နေဦးမှာ….. တကယ်တော့ အစည်းအဝေးက ဟိုလို အရေးကြီးတာလဲ မဟုတ်ဘူး…. မသွားလည်းရတယ်…” ကျောက်တုန်းမေ ပြောလိုက်ပြီး “ စီနီယာ သူတို့ကို ခေါ်လာခဲ့လိုက်လေ … ကျွန်မ ရုံးခန်းထဲမှာ စောင့်နေလိုက်မယ်….”

‘ရုံးခန်းထဲမှာ စောင့်နေမယ်’ ဟူသည့် စာကြောင်းက လေထုကို အတော်လေး ကိုးရို့ကားယား နိုင်သွားစေသည်။

“ သိပ်မကောင်းဘူး ထင်တယ်နော… ဒါက ဘာအရေးကြီးကိစ္စမှလည်း မဟုတ်ဘဲနဲ့ ….. အစည်းအဝေး အရင်သွားလိုက်… ငါမနက်ဖြန်မှ သူတို့ကို ခေါ်လာခဲ့လိုက်မယ်….”

“ စီနီယာအစ်ကိုကြီး ကျွန်မရှင့်ရဲ့ စရိုက်ကို မသိဘူးများ အောက်မေ့နေလား… စီနီယာက တော်ရုံဆို အကူညီတောင်းတတ်တဲ့သူ မဟုတ်ဘူးလေ…အခု ကျွန်မကို ဖုန်းဆက်လာတယ်ဆိုတော့ သေချာပေါက်အရေးကြီး ကိစ္စပဲ ဖြစ်ရမယ်….. မြန်မြန်လာခဲ့… ဒီက စောင့်နေမယ်နော်……”

“ ကောင်းပြီလေ အဲ့ဒါဆိုလည်း သူတို့ကို အခုပဲ ခေါ်လာခဲ့လိုက်တော့မယ်….”

“ ကောင်းပါပြီရှင်….”

ဖုန်းချပြီးနောက် ဖန့်ရှင်းကော် တည်ငြိမ်ချင်ယောင်ဆောင်၍ “ သူမက ရုံးခန်းထဲမှာတဲ့…. ငါရီလေးတို့ကို ခေါ်သွားလိုက်တော့မယ်နော်…”

“ သွားသွား…. မြန်မြန် သွားပြီး မြန်မြန်ပြန်ခဲ့….”

လင်းရီနှင့် ကျီချင်းရန်တို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အပြစ်ရှိသလို ခံစားနေကြရ၏။

သူတို့ တီချယ်ဖန့်ကို ငယ်ရည်းစားရဲ့ ရင်ခွင်ထဲရောက်အောင် တွန်းပို့မိပြီလား….

ဖန့်ရှင်းကော် မတ်တပ်ရပ်လိုက်ပြီး အိပ်ခန်းထဲသို့သွားကာ အိမ်နေ အဝတ်အစားတို့ကို လဲလှယ်လိုက်၏။

ထို့နောက် လင်းရီနှင့် ကျီချင်းရန်တို့ကို မာစီးတီးကားဆီသို့ ခေါ်ဆောင်ကာ ကျိုးဟိုင် ဟွာရှန့်ဆေးရုံသို့ ဦးတည်လိုက်သည်။

"တီချယ်ဖန့်တော့ ဒီနေ့ ဆိုဖာပေါ်မှာ အိပ်ရတော့မယ်နဲ့ တူတယ်..."‌‌ မောင်းနေစဉ် လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"နောက်နေတာလား..."ဖန့်ရှင်းကော် ထီမထင်ဟန်သည့် အမူအရာဖြင့် "မင်းတို့ရှိနေလို့ ငါ အဲ့ဒီအဘွားကြီးကို မျက်နှာပေးထားတာ...အိမ်မှာ ဘယ်သူမှ မရှိလို့ကတော့ ငါ့ စကားတစ်ခွန်းတည်း တိတ်ဆို တိတ်ပဲ..."

ကျီချင်းရန် ရှေ့သို့ အနည်းငယ် တိုးလာခဲ့ပြီး "တီချယ်ဖန့်နဲ့ အဲ့ဒီ ဆေးရုံလက်ထောက် ဒါရိုက်တာက ဘယ်လိုဆက်ဆံရေးတွေလဲဟင်...သူမက တကယ်ကြီး တီချယ်ကျန်းရဲ့ ရည်းစားလုဘက်ကြီးလား....."

"ရည်းစားလုဖက်လို့ ပြောရလောက်တဲ့ အထိလည်း မဟုတ်ပါဘူးကွာ... ငါ ငယ်ငယ်လေးတုန်းက ငါ့ အ၀တ်တွေလေးငါးခေါက်လောက် လျှော်ပေးတာနဲ့ အသင့်စားခေါက်ဆွဲခြောက်ဘူးလေးတွေ ပို့ပေးဖူးတာပဲရှိတယ်...ဘာမှ ထွေထူးကြီး မဟုတ်ဘူး... မင်းတို့ တီချယ်ကျန်းကိုက အဲ့ကိစ္စကို တေးထားပြီးတော့ ခုထိ ပြောမဆုံးနိုင် ဖြစ်နေတာ...."

"ဪ... အဲ့လိုလား... ဟိုလို ထူးဆန်းတာလည်း မဟုတ်ပါဘူး..."

"ပတ်၀န်းကျင် အခြေအနေ ကွာခြားလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့... "ဖန်ရှင်းကော် ပြောလိုက်ပြီး "အဲ့ဒီတုန်းက အသင့်စား ခေါက်ဆွဲခြောက်ဘူးတွေဆိုတာ အရမ်းဈေးကြီးတဲ့ ပစ္စည်းတွေလေ...ဒါတောင်မှ ငါ့ကို တစ်ဖာချည်းများတောင် လက်ဆောင်လာပေးသွားတယ်ဆိုတော့...ခုခေတ် အခေါ်အဝေါ်နဲ့ဆို ၀က်အကောင်လိုက်ကြီး လာပေးသွားသလိုပေါ့ကွာ..."

"ဒီလို ရှင်းပြမှပဲ နားလည်တော့တယ်...."

"ပြီးတော့ ငါတို့ နှစ်ယောက်လုံးက မြင်းနှစ်မှာ မွေးကြတာလေ... ငါ့ကို သူနဲ့ဆင်တူ သစ်သားမြင်းသော့ချိတ်လေးလည်း လက်ဆောင်ပေးခဲ့ဖူးသေးတယ်...မင်းတို့တီချယ်ကျန်းက အဲ့ဒီကိစ္စကို ခုထိ မှတ်ထားတုန်းပဲ...ဟင်း...."

ဖန့်ရှင်းကော် မလွယ်ကူဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"သိပ်တော့ မဟုတ်သေးဘူးနော...."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ တီချယ်ဖန့်နဲ့ အတူ မြင်းနှစ်မှာ မွေးတယ် ပြီးတော့ တီချယ်ဖန့်က ပင်စင်လည်း ယူပြီးသွားပြီ...ဒါတောင်မှ ဘာလို့ သူမက ဆေးရုံလက်ထောက် ဒါရိုက်တာ ဖြစ်နေသေးတာလဲတဲ့...."

ကျောင်းများမှာ ဆေးရုံနှင့် ခြားနားလေသည်။

ကျောင်းရှိ ပရော်ဖက်ဆာတို့၏ အရည်အချင်းမှာ ထူးချွန်ပြောင်မြောက်သည်ဆိုပါက ပြန်လည်ခန့်အပ်၍ရ၏။ ကျန်းရှုမင်ကဲ့သို့ပင်။

မဟုတ်ပါက သူမ ကျီချင်းရန်ကို ပါရဂူဘွဲ့နှင့် စပ်လျဉ်း၍ သင်ကြားပြသပေးနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဆေးရုံနယ်ပယ်မှာတော့ ခြားနားသည်။ အလုပ်၏ တာ၀န်ကြီးမှုနှင့် ပြင်းထန်သည့် ပြိုင်ဆိုင်မှုတို့ကြောင့် လူတစ်ချို့ကသာလျှင် ပြန်လည်း ငှားရမ်းခြင်း ခံကြရ၏။

"ငယ်သေးလို့လေ... ငါတို့က မွေးတဲ့နှစ် တူတယ်ဆိုရင်တောင်မှ အသက်တူတယ်လို့ ဆိုလိုတာမှ မဟုတ်တာ..."

လင်းရီနှင့် ကျီချင်းရန်တို့ နောက်ခန်းကြည့်မှန်မှတစ်ဆင့် အချင်းချင်း ကြည့်လိုက်ကြပြီး ဖြစ်နိုင်ချေများကို တွေးခေါ်ရင်း နှစ်ယောက်၏ အတွေးမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေတော့၏။

"ဒါရိုက်တာကျောက်က တီချယ်ထက် ဆယ်နှစ်လောက် ငယ်တယ်မလား..."

"ဟိုး ဟိုး ဟိုး..... "ဖန့်ရှင်းကော် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "ဆယ်စုနှစ် နှစ်ခုလောက်ပေါ့..."

"သေစမ်း...တီချယ်ဖန့်က သောက်ရမ်း အံသြကောင်းတယ်..."

ထိုအချိန်တွင်တော့ လင်းရီ ဖန့်ရှင်းကော်ကို ကြည့်သည့် အကြည့်တို့မှာ ပြောင်းလဲသွားချေပြီ။ ဤလူမှာ မကောင်းသည့်ကောင်တို့၏ ခေါင်းဆောင်ကြီးဖြစ်၏။

သူ ရေနွေးကြမ်းတစ်ခွက်လောက်တော့ ငဲ့ပေးသင့်သည်။

"ဒါဆို အများကြီး ငယ်တာပေါ့နော်..."ကျီချင်းရန် ရုတ်ချည်း သတိထားမိသွားပြီး "အဲ့တာကြောင့်မို့တီချယ်ကျန်းက လှုပ်လှုပ်ယှက်ယှက် ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး..."

"ဟမ့် အဲ့အဘွားကြီး အကြောင်းတော့ ပြောမနေစမ်းနဲ့... သူ့စိတ်က အမြဲတမ်းအဲ့အတိုင်းချည်းပဲ..ငါတို့နှစ်ယောက်ကြားမှာလည်း ဘာမှ ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူးကွာ...."ဖန့်ရှင်းကော် ပြောလိုက်ပြီး "အဲ့ဒီအချိန်တုန်းကဖြင့် ဒီအဘိုးကြီးက အသက်လေးဆယ်တောင် ရှိနေပြီ...ဟိုကဖြင့် အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတဲ့ ဂျူနီယာ ညီမလေး...သူတွေးနေတာတွေက ရှက်စရာကြီးတွေ..."

ဤသည်က အမှန်တရားပင်။ သိူ့သော်လည်း လင်းရီ ဖန့်ရှင်းကော်ကို အံ့အားသင့်မိနေဆဲဖြစ်၏။

သူ အသက်လေးဆယ် ရောက်သည့် အချိန်၌လည်း ဖန့်ရှင်းကော်ကဲ့သို့ ဆက်ဆံမှုမျိုး ရရှိဦးမလားဆိုတာ သူ မပြောတတ်ပေ။

တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားဖို့ ကောင်းလှ၏။

မကြာမီ သုံးယောက်သား ကျိုးဟိုင်ဟွာရှန့် ဆေးရုံသို့ ရောက်ရှိလာခဲ့၏။

ဓာတ်လှေကားမှတစ်ဆင့် ဒါရိုက်တာ၏ ရုံးခန်းထဲသို့ ရောက်ရှိလာပြီး ရုံးခန်းထဲတွင်တော့ အသက်ငါးဆယ်အရွယ်ဟု ထင်ရသည့် အမျိုးသမီးမှာ သူမ၏ ဆရာ၀န်ကုတ်ကို ချွတ်ထားပြီး ချည်ထည်အပေါ်ထပ် အင်္ကျီကို ၀တ်ဆင်ထားကာ ပန်းပွင့်များ ထိုးထားသည့် လီနင်ဘောင်းဘီကို ‌၀တ်ဆင်ထား၏။

ထိုသက်လတ်ပိုင်း အမျိုးသမီးမှာ ရုပ်ဆိုးသည်ဟု မဆိုသာပဲ အတန်ငယ်လှပကာ သူမ၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းတွင် ကျက်သရေအဖြာဖြာတို့ နှင့် ပြည့်နှက်နေလေသည်။

"စီနီယာအစ်ကို ရှင်ရောက်လာပြီပေါ့...."

ဖန့်ရှင်းကော် ရောက်လာသည်ကို မြင်တော့ ကျောက်တုန်းမေမှ မတ်တပ်ရပ်ပြီးကြိုဆိုလိုက်၏။

"မိတ်ဆက်ပေးရဦးမယ်...သူ့နာမည်က ကျီချင်းရန်တဲ့.... ငါတို့ တက္ကသိုလ်ကျောင်းဆင်းပဲလေ...ဒါကကျတော့ သူ့ရဲ့ကောင်လေး လင်းရီ...."

"ခု မင်းတို့ မြင်နေရတဲ့သူက ငါ့ရဲ့ ဂျူနီယာ ညီမလေး ကျောက်တုန်းမေ... ဒါရိုက်တာကျောက်လို့ ခေါ်လို့ရတယ်..."

"ဟယ်လို ဒါရိုက်တာကျောက်..."

"နင်တို့က စီနီယာအစ်ကိုရဲ့ ကျောင်းသားတွေ‌ဆိုတော့ ငါ့ကျောင်းသားတွေပဲ... ဒါရိုက်တာကျောက်လို့ မခေါ်နဲ့.. တီချယ်ကျောက်ဆိုရင် ရပြီ...."

"တီချယ်ကျောက်က အရမ်းလှတာပဲဗျာ.. အသက်ငါးဆယ်အရွယ်လို့တောင် မထင်ရဘူး... နှစ်ယောက်အတူရပ်နေရင် အမှုမဲ့အမှတ်မဲ့ဆို တီချယ်ဖန့်နဲ့ စုံတွဲဖော်တွေများလား အောက်မေ့ရတယ်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

All Chapters