← Chapters

ခေတ်မှားပြီး မွေးဖွားလာတယ် ..အချိန်မှားပြီး ချစ်မိတယ်

Vol. 28 Ch. 408

ခေတ်မှားပြီး မွေးဖွားလာတယ် ..အချိန်မှားပြီး ချစ်မိတယ်

Vol. 28 Ch. 408

"ဟင်..."

ကျီချင်းရန် လင်းရီကို ကြောင်အစွာ ကြည့်လိုက်မိသည်။

ခုနလေးတင် သူက တီချယ်ကျန်းဘက်မှာ ရှိနေတာ မဟုတ်ဘူးလား... ခုကျတော့ ဒီနှစ်ယောက်ကို လင်မယားနဲ့ တူတယ်လို့ ပြောနေပြန်ပြီ။ ဒီကောင်က တကယ် လျှာရိုးမရှိတာပဲ....

လင်းရီ ... နင်က ကိုယ့်အသင်းကို သစ္စာဖောက်နေတာပဲဟဲ့....

"ကောင်လေး... နင်ကတော့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာပဲ...."ကျောက်တုန်းမေ ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပြီး ဆယ်နှစ်လောက် ပြန်ငယ်သွားသည့်အလား ခံစားမိလိုက်‌လေသည်။

တစ်ချိန်တည်း‌တွင် သူမလင်းရီမှာ ၀င်လာစဉ်ကထက် ပိုမိုခန့်ညားနေကြောင်း ခံစားမိနေတော့၏။

"အဟမွး အဟမွး...."

ဖန့်ရှင်းကော် အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်လိုက်ပြီး "ရီလေး မင်းပဲ ‌ဒါရိုက်တာကျောက်နဲ့ ပြောစရာရှိတယ်ဆို.. ခုပြောလိုက်တော့လေ..."

အနားတွင် ကျန်းရှုမင် မရှိသော်လည်း ဖန့်ရှင်းကော် ဒါရိုက်တာကျောက်ဟု ခေါ်နေဆဲဖြစ်၏။

လင်းရီကတော့ ပြဿနာရှိလိမ့်မယ် မဟုတ်သော်လည်း မယုံရသည့် ထိုအဘွားကြီး၏ တပည့် ကျီချင်းရန်က ရှိနေ၏။ အကယ်၍ သူသာ တစ်ခုခု စကားပြောမှားသွားပါက အိမ်သိူ့ပြန်ရောက်လျှင် ဆိုဖာပေါ်၌ အိပ်ရမည့်ကိန်းရှိလေသည်။ ထို့ကြောင့် အပြောအဆိုတို့ ဆင်ခြင်နေရ၏။

ဟုတ်တယ် သတိထားတာက မမှားဘူး...

"လာလေ...ထိုင်ပြီးတော့ စကားပြောကြမယ်...."

အားလုံး ထိုင်ချလိုက်ပြီးနောက် လင်းရီ စာရွက်တစ်ရွက်ကို အိတ်ကပ်ထဲမှ ထုတ်လိုက်၏။ ထိုစာရွက်ပေါ်တွင် ဟွာရှန့်ပရဆေးပင်တို့ တစ်ဒါဇင်ခန့် ရေးသားထားပြီး သူဖြစ်ချင်သည့် အကြောင်းအရာကို တန်းသွားလိုက်လေသည်။

"တီချယ်ကျောက် ... ကျွန်တော် ဒီ‌ဆေးညွှန်းကို ဟွာရှန့်တိုင်းရင်းဆေးဖြစ်အောင် ပြောင်းလဲချင်လို့...‌ဖြစ်နိုင်ရင် ကူညီပေးပါလားဗျ...."

"ဟွာရှန့်တိုင်းရင်းဆေး လုပ်မယ်....."

ကျောက်တုန်းမေ စာရွက်ထဲရှိ ဆေးအညွှန်းကို ကြည့်လိုက်ပြီး အချိန်အတော်ကြာပြီးနောက် ထူးဆန်းသည့် မျက်နှာအမူအရာတို့ ဖြစ်ပေါ်လာလေသည်။ "နင် ဒီဆေးညွှန်းကို ဘယ်ကနေရခဲ့တာ.. ဆေးညွှန်းက အရမ်းထူးဆန်းလွန်းတယ်....ငါ ဟွာရှန့်တိုင်းရင်းဆေးကို လေ့လာနေတာကြာပြီ... ဒါပေမယ့် ဒီလိုဆေးညွှန်းကိုတော့ မမြင်ဖူးသေးဘူး...."

"ဒါက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ မဟာဆေးကျမ်းထဲက ကောက်နှုတ်ထားတာပါဗျ...."

"ဘယ်လိုလုပ်ဖြစ်နိုင်မှာ..."ကျောက်တုန်းမေ အံ့အားတကြီး ဖြစ်သွားခဲ့ပြီး သူမ၏ မျက်နှာထက်တွင်တော့ မယုံကြည်နိုင်မှုတို့က ရေးထိုးထားလေသည်။

"မဟာဆေးကျမ်းဆိုတာက ရှေးနှစ်ပေါင်းများစွာကတည်းကရင် ဟွာရှရဲ့ အရှုပ်ထွေးဆုံး ဟွာရှန့်တိုင်းရင်းဆေးကျမ်းကြီးလေ...အတွဲနှစ်ဆယ်ကျော်လောက်ပဲ ရှိတော့တာကို ဆယ်တွဲကျော်လောက်က မီးရှို့ခံလိုက်ရပြီး ကျန်တဲ့ ကျမ်းတွဲတွေကလည်း ဘယ်ပျောက်လို့ ဘယ်ရောက်နေမှန်း မသိဘူး.....ဒါကို နင် ဘယ်ကနေ ‌တွေ့လာခဲ့တာ..."

"ဒါက....."

လင်းရီ ခါးသက်စွာ ပြုံးလိုက်ပြီး "ဒါက ကျွန်တော်တို့ မိသားစု လက်ဆင့်ကမ်းခဲ့တဲ့ အမွေအနှစ်လေ....ကျွန်တော့်အဘိုး သေခါနီးဖြစ်တော့ ကျွန်တော့်အဖေရဲ့ လက်ကို တင်းတင်းဆုပ်ပြီး ဆေးညွှန်းကို ချရေးခိုင်းထားတာ...ကျွန်တော့်အဖေ ဆုံးခါနီးကျတော့လည်း ကျွန်တော့်လက်ကို တင်းတင်းဆုပ်ထားပြီးတော့ ဒီရဲ့ ဆေးညွှန်းကို အမွေပေးသွားခဲ့တာပဲ...ပြီးတော့ ဒီရဲ့ ဆေးညွှန်းကို ကျွန်တော့်မျိုးဆက်အလှည့်ကျရင်လည်း လက်ဆင့်ကမ်းပေးခဲ့ရမယ်လို့ သေချာလေး မှာသွားခဲ့တာ...ဘိုးဘေးတွေရဲ့ မပြီးမြောက်လိုက်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လွန်းလို့ တီချယ်ကျောက်ဆီ အကူအညီ လာတောင်းတာပါဗျာ..... ‌"

ကျီချင်းရန် "......"

နင်က မိဘမဲ့ မဟုတ်ဘူးလား....

ဘယ်နားကနေ နင့်အဘေးတွေ အဘိုးတွေကို သွားတွေ့ခဲ့တာ...

ကျောက်တုန်းမေ၏ မျက်နှာအမူအရာမှာတော့ လေးနက်နေလေသည်။ သူမ ယခင်က ယခုလို အခြေအနေမျိုးကို မကြားဖူးကြောင်း လုံး၀ သေချာနေမှုတို့က အထင်းသားပင်။

"မရဘူး... ငါတို့ ကိုယ်ရေးကိုယ်တာ ဆေးညွှန်းကို အသုံးပြုပေးလို့မရဘူး... ဒါကြီးက တာ၀န်ယူမှု တာ၀န်ခံမှုလည်း ဘာမှ ရှိတာ မဟုတ်ဘူး....."

"ဆိုးတာပဲ...."လင်းရီ သက်ပြင်းချလိုက်၏။

"ဒါကြီးက ၀မ်းနည်းဖို့ကောင်းသွားပြီ.... "လင်းရီ သက်ပြင်းချလိုက်ပြီး "ဒါပေမယ့် ပို၀မ်းနည်းဖို့ကောင်းတာက တီချယ်ကျောက်နဲ့ တီချယ်ဖန့်တို့ အတူ မပေါင်းဖက်နိုင်တာကိုပဲ....."

"ရီလေး နင်အဲ့လိုကြီး လျှောက်ပြောလိုက်လို့ မဖြစ်သေးဘူးလေ..."ကျောက်တုန်းမေ ပြောလိုက်ပြီး "ဆေးလုပ်ရုံ သပ်သပ်ပဲ ဆိုရင်တော့ နည်းလမ်းက စဉ်းစားကြည့်လို့ ရသေးတယ်...ရှေ့နှစ်တွေတုန်းကဆိုရင်တော့ ဒီကိစ္စလောက်လေးကတော့ ငါ့စကားတစ်ခွန်းနဲ့ပြီးတယ်...ဒါပေမယ့် ခု ဟွာရှက စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်လိုက်တော့ ကိုင်တွယ်ရ ခက်ခဲသွားပြီ...."

"ကြည့်ရတာတော့ အခက်အခဲ ရှိနေတုန်းနဲ့ တူတယ်..." လင်းရီ ထပ်မံ၍ သက်ပြင်းချလိုက်ပြီး "အချိန်မှားပြီးတော့ မွေးဖွားလာတယ်...လူမှားပြီး‌ တော့ ချစ်ခဲ့မိတယ်.... ပြီးဆုံးခဲ့တာတွေ အားလုံးက ကြမ္မာစေရာပါပဲ....."

ကျီချင်းရန် "......"

ဒါ ဘယ်နားကလာတဲ့ စကားပုံတွေတဲ့လဲ....

"အင်း... အားလုံးက ကံစီမံရာပါပဲ...."‌ ကျောက်တုန်းမေ ပြောလိုက်သည်။

"ရန်ဇီမြစ်ရဲ့ အထက်ပိုင်းမှာ ငါနေတယ်….. မင်းက ရန်ဇီမြစ်ရဲ့ အောက်ပိုင်းမှာ နေတယ်…လွမ်းတဲ့စိတ်နဲ့ နေ့တိုင်း တမ်းတမိပေမယ့် တွေ့နိုင်ခွင့်တော့ မရှိခဲ့ဘူး…. တို့နှစ်ယောက်က ဒီရေတွေကို သောက်နေတယ်ဆိုရင်တောင်မှ ဒီရေတွေက ဘယ်အချိန်မှ ကုန်ခန်းနိုင်မှာလဲတဲ့…. ဒီရဲ့မြစ်ကကော ဘာလို့ မုန်းချင်စရာကောင်းလောက်အောင်ရှည်နိုင်လွန်းရတာလဲ…..မျှော်လင့်မိတယ်…. မင်းလည်း ငါ့နှလုံးသားလေးနဲ့ထပ်တူ ငါ့ကို သတိရနေမလားလို့……” လင်းရီ ခေါင်းခါရမ်းလိုက်ပြီး “ ဘာလို့ အရမ်းရက်စက်နိုင်လွန်းရတာလဲ….”

ကျောက်တုန်းမေ လင်းရီကို ကြည့်လိုက်ပြီး ရုတ်တရက် အပြန်အလှန် နားလည်မှု ရသကဲ့သို့ ခံစားလိုက်ရ၏။

“ ရီလေး နင်ကလည်း ငါ့တပည့်လိုပဲလေ….ဒီတော့ ဆရာမတစ်ယောက်အနေနဲ့ နင့်ကို အစွမ်းကုန် ကူညီဖို့ ကြိုးစားပေးမယ်….”

နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမ၏ ခံစားချက်များကို နားလည်ပေးနိုင်မည့်သူတစ်ဦး ပေါ်ပေါက်လာချေပြီ။

“ငါတို့ဆေးရုံက ကိုယ်ပိုင် ဆေးထုတ်တဲ့ စက်ရုံရှိတယ်….တကယ်လို့ ဒီရဲ့ ဆေးညွှန်းကို ဆေးဝါးဖြစ်အောင် ဖော်စပ်ချင်တယ်ဆိုရင် နင်က သက်သေပြချက်တွေကို ထပ်ခါထပ်ခါ ပြုလုပ်ပေးရမယ်…. တကယ်လို့ ပြဿနာတစ်စုံတစ်ရာသာ ရှိခဲ့မယ်ဆိုရင် ချက်ချင်းရပ်ပေးရမယ်နော်….ဒါပေမယ့် ပြဿနာမရှိဘူး ဆိုရင်တော့ ဆေးပညာရှုထောင့်ကနေ သက်သေပြပေးရမယ်ဆိုတော့ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာမှာပဲ…..”

“ အဲ့လောက်ကြီးထိ အလုပ်ရှုပ်ခံနေစရာမလိုပါဘူး…. ဆေးဝါးကို ပြုလုပ်ပြီးတာနဲ့ ကျွန်တော်တို့လုပ်ဖို့ လိုအပ်တာက ကြွက်ဖြူလေးတွေရှာပြီး စမ်းသပ်ကြည့်ရုံပဲ….အဲ့တာပြီးရင် နောက်ဆုံး မှတ်တမ်းပြုစုရုံပဲကျန်တာ….. ဒီရဲ့ဖြစ်စဉ်က သုံးရက်ဆိုရင် အပြီးသတ်ပြီ….”

“ နင်က ဘာလို့ အဲ့လောက်တောင် အလျင်လိုနေတာ….”

အကယ်၍ ဆေးကို လူနှင့် မစမ်းသပ်ရသေးပဲက ဓာတ်ခွဲခန်းထဲတွင်သာ ရှိနေမည်ဆိုပါက ထုတ်လုပ်ဖို့ရာ အလွယ်လေးပင်။

စက်ခလုတ်နှိပ်လိုက်သည်နှင့် ဆေးမှာနှစ်ရက်အတွင်း အဆင်သင့်ဖြစ်မည်ဖြစ်ပြီး ရှာဖွေစမ်းသပ်မှု မှတ်တမ်းကိုတော့ ပြင်ဆင်ဖို့ရာမှာ ရိုးရိုးရှင်းရှင်းလေးပင်။

“ဟုတ်တယ်…နောက်သုံးရက်ဆိုရင် ကျွန်တော့်အဖိုးဆုံးတာ နှစ်သုံးဆယ်ပြည့် နှစ်ပတ်လည်နေ့လေ…. ကျုပ်အဖေကတော့ ဆုံးတာဆယ်နှစ်တင်းတင်းပြည့်တဲ့ အထိမ်းအမှတ်ပေါ့….. ကျွန်တော် သူတို့အုတ်ဂူကို သွားလည်တဲ့အချိန်ကျရင် ဒီသတင်းကောင်းကို ပြောပြချင်တယ်…..”

ဖန်ရှင်းကော်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့သည်။

ဒီရဲ့ လင်းမိသားစုဝင်တွေက တော်တော်သက်တမ်းတိုတာပဲဟ….

“ ကောင်းပြီလေ ခဏလောက်စောင့်ဦး ….. ငါဖုန်းဆက်ပြီး တစ်ချက်မေးကြည့်ကြည့်လိုက်ဦးမယ်…..ဆေးထုတ်လုပ်တဲ့ စက်ရုံက အခြား လက်ထောက်ဒါရိုက်တာတစ်ယောက်ရဲ့ လက်ထဲမှာလေ…. ဒါကြောင့်မို့ ကြိုအသိပေးထားရမယ်…..”

ပြောရင်းဖြင့် ကျောက်တုန်းမေ သူမ ဖုန်းကို ထုတ်လိုက်၏။ “ ဒါရိုက်တာစွန်း အစည်းအဝေးက ပြီးသွားပြီလား…. ကျွန်မရှင်နဲ့ ဆွေးနွေးစရာလေးရှိလို့….”

"စက်ရုံမှာ ကိစ္စတစ်ခုလေး ရှိတာနဲ့ပဲ အစည်းအဝေး မတက်ဖြစ်လိုက်ဘူး ဒါရိုက်တာကျောက်... ဒီတော့ ပြောစရာရှိတာ ပြောလေ...."ဒါရိုက်တာစွန်းမှ ယဉ်ကျေးစွာ ဆိုလိုက်သည်။

"ကျွန်မမှာ ဆေးညွှန်းရှိတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်... ကျွန်မအထင်တော့ သူ့ရဲ့ ဆေးညွှန်းက တိုင်းရင်းဆေးထုတ်ဖို့ အရမ်း သင့်လျော်တယ်လို့ ထင်တာပဲ..."

"အာ...."ဒါရိုက်တာစွန်းဆိုသူမှ အသံကို မြင့်လိုက်ပြီး "ဒါရိုက်တာကျောက်... ခင်များလည်း စက်ရုံရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်းနှီးမှာပါ....ဒီကိစ္စက နောက်စရာ မဟုတ်ဘူးနော်... တစ်ခုခု လွဲချော်သွားခဲ့ရင် နှစ်ယောက်လုံး အလုပ်ပြုတ်မှာ....."

"ချင်းရန် ... ငါ ကျိုးဟိုင် ဟွာရှန့်ဆေးရုံကို ယွမ်တစ်မီလီယမ် လှူဒါန်းဖို့ စဉ်းစားထားတယ်.... မင်းဘယ်လိုထင်လဲ....."

လင်းရီ သူ့ကိုယ်သူ ပြောလိုက်၏။

"ဒါရိုက်တာကျောက်... ဒီကိစ္စက အရမ်းခဲယဉ်းတယ် ဆိုပေမယ့် ကျုပ်တို့သာ ဆွေးနွေးမယ်ဆိုရင် သေချာပေါက် အဖြေတစ်ခုတော့ ထွက်လာမှာပါ....."

"ခုခေတ်လူငယ်တွေက အနောက်တိုင်း ဆေးလောက်သာ သိကြပြီးတော့ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့ တိုင်းရင်းဆေးနည်းကိုတော့ မေ့ပျောက်ကုန်ကြပြီ....ကျွန်တော့်အထင်တော့ နှစ်မီလီယမ်လောက် လှူဒါန်းသင့်တယ်လို့တော့ ထင်တာပဲ...ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို ဟွာရှန့်တိုင်းရင်းဆေးက အနောက်တိုင်း ဆေးတွေအောက် မလျော့ဘူးဆိုတယ မှတ်မိအောင် လုပ်ပေးရမယ်..... "

"ဒါရိုက်တာကျောက်... ဟွာရှန့် တိုင်းရင်းဆေးနယ်ပယ်က ရပ်တန့်နေလို့ မဖြစ်ဘူး... ကျုပ်တို့ အသစ်အဆန်းတွေကို တီထွင်ကြံဆပြီးတော့ ဖန်တီးနေရမယ်.... ကျုပ် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီဗျာ....."

"ကျိုးဟိုင် ဟွာရှန့်ဆေးရုံက ကျွန်တော်တို့ရဲ့ တိုင်းရင်းဆေးမယ်ပယ်ကို ထင်မှတ်မထားလောက်အောင် အကျိုးပြုထားတာဆိုတော့ သုံးမီလီယမ် လှူဒါန်းလိုက်တာက ပိုကောင်းမယ်ထင်တယ်...."

"ဒါရိုက်တာကျောက်... ခင်များခု ဘယ်မှာလဲ....ကျုပ်ကို ဆေးညွှန်းသာ ပို့လိုက်... ထုတ်လုပ်တဲ့ ‌စက်ရုံကို ခုအသင့်ပြင်ထားလိုက်တော့မယ်...."

ကျောက်တုန်းမေကတော့ ဖုန်းကိုင်ထားရင်း သူမ တခြားကမ္ဘာတစ်ခုတွင် ရောက်ရှိနေသကဲ့သို့ ခံစားနေရ၏။

ငါဖြင့် ဘာမှလည်း မပြောရသေးဘူး....လင်းရီကလည်း သူ့ဘာသူ စကားပြောနေတာလေ... အဲ့တာကို ဘာလို့ ဒီလောက် မြန်မြန် သဘောတူလိုက်ရတာလဲတဲ့.....

"ကောင်းပြီ... ငါ ဆေးညွှန်းကို ချက်ချင်း ပို့ပေးလိုက်မယ်....."

ဖြန်းချပြီးနောက် ကျောက်တုန်းမေ လင်းရီကို က်ြည့လိုက်ပြီး "ဆေးညွှန်းကိုတော့ ငါပဲ သိမ်းထားလိုက်ဦးမယ်....ဆေးထုတ်လုပ်ဖို့ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပြီးတော့ သုတေသန အချို့လည်း လုပ်ရဦးမှာ....နင့် အဘိုးရက်လည် မကျော်ခင်တော့ အကောင်းဆုံး အဖြေထွက်လာအောင် ကြိုးစားပေးမယ်..... ဒါပေမယ့် ရက်နည်းနည်းကျော်သွားရင်တော့ စိတ်မရှိနဲ့နော်.... ဒီလိုကိစ္စမျိုးဆိုတာက ဂရုမစိုက်လို့ မဖြစ်ဘူး...."

"ခုလို ကျေးဇူးပေးတဲ့ အတွက် ကျေးဇူးပါ တီချယ်ကျောက်...."လင်းရီ ကျောက်တုန်းမေ၏ လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး တွန့်ဆုတ်နေဟန်ဖြင့် "ကျွန်တော်တို့ တွေ့ဆုံတာ ခဏလေးပဲ ရှိသေးတယ်ဆိုပေမယ့် ခွဲခွာရပြန်တော့မယ်....တီချယ်ဖန့်နဲ့ တီချယ်ကျောက်တို့ အတူရှိမနေနိုင်တာကို ကျွန်တော်လည်း စိတ်ကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး... ဒါပေမယ့် ..... ဟင်း.... ဆန္ဒတစ်ခုတည်းကြောင့် ကောင်းကင်က ပြိုကျမှာ မဟုတ်သလို လူတွေကလည်း ရေစက်တစ်ခုတည်းကြောင့် ‌ဆုံတွေ့နိုင်တာ မဟုတ်ဘူး.... "

"ဒီအချိန်ကျမှ ဘာလို့ ဒါတွေ လာပြောနေရတာလဲ...."ကျောက်တုန်းမေ ပြောလိုက်ပြီး "ဒါပေမယ့်ရီလေး နင်စိတ်မပူနဲ့... နင့်အတွက် သုံးရက်အတွင်း ငါရအောင် လုပ်ပေးမယ်....."

"ဟုတ် ဟုတ် ... အဲ့ဒီအချိန်ကျရင် ကျွန်တော် တီချယ်ဖန့်နဲ့အတူ လာယူမယ်ဗျာ.....”

All Chapters