တစ်ချို့ကိစ္စတွေက မပြောဘဲထားတာ ပိုကောင်းတယ်
Vol. 28 Ch. 409
ဆေးအကြောင်း ဆွေးနွေးပြီးနောက် ကျောက်တုန်းမေ လင်းရီနှင့် ကျန်သူများကို လိုက်ပို့ပေးပြီး လင်းရီတို့ ထွက်ခွာသွားသည်ကို နောက်မှ ကြည့်နေလေသည်။
“ လင်းရီ နင်က လူတွေကို ဘယ်လိုအရူးလုပ်ရမလဲ ဆိုတာကို အရမ်းသိတာပဲ…..”
ကားထဲရောက်သည့်အချိန်တွင်တော့ ကျီချင်းရန်မှ စောဒကတက်လိုက်၏။
“ ငါလား….. ငါပြောတာတွေအားလုံးက ငါ့နှလုံးသားအောက်ခြေက လာတဲ့ စကားလုံးတွေချည်းပဲ…..”
ဖန့်ကော်ရှင်း တိတ်ဆိတ်စွာဖြင့် အတွင်း၌သာ ကြိတ်၍ သက်ပြင်းချလိုက်သည်။
ဟင်း ဒီကောင်စုတ်လေးကတော့ ....
သူနဲ့ ကြာကြာနေရင် နဲ့နေတဲ့ ငါ့သွားလေးတွေကတော့ စိုးရိမ်စရာ အနေအထားပဲ...
တီချယ်ကျန်း၏ အိမ်သို့ ရောက်လာပြီးနောက် နှစ်ယောက်မှာ အမယ်တစ်ချို့ ဝယ်ယူပြီး ကျီချင်းရန်အိမ်၌ ချက်ပြုတ်စားရန် စဉ်းစားထားသော်လည်း တီချယ်ကျန်းမှ အစားအသောက်များကို ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် လင်းရီနှင့် ကျီချင်းရန် တို့ တီချယ်ကျန်းအိမ်၌သာ ညနေစာ စားလိုက်ရသည်။
“ ဒီနေ့ဆွေးနွေးတာ အခြေအနေ ဘယ်လိုရှိလဲ…. မအောင်မြင်ခဲ့ဘူးလား…”
“ သုံးမီလီယမ်လောက် သုံးလိုက်မှ အောင်မြင်သွားတယ်….” လင်းရီ နံရိုးတစ်ပိုင်းကို တူဖြင့်ညှပ်လိုက်ရင်း ခါးသီးစွာ ပြောလိုက်သည်။
“ ကျွန်တော် ဒီနေ့တစ်ခု သိလိုက်ရတာက တီချယ်ဖန့်က တီချယ်နဲ့ အတူနေဖို့ ဆုံးဖြတ်လိုက်တာ ရွေးချယ်မှုကောင်းပဲ…အဲ့ဒီ ကျောက်တုန်းမေလို့ ခေါ်တဲ့ အမျိုးသမီးက တီချယ်ကျန်းနဲ့ ယှဉ်မယ်ဆိုရင် တူညီတဲ့ အဆင့်မှာတောင် မရှိဘူး….”
“အောင်မြင်သွားရင် ပြီးတာပါပဲလေ….” ကျန်းရှုမင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ရီလေး …. တီချယ်က ဒီနံရိုးတွေကို ပေါင်းအိုးနဲ့ နာရီဝက်လောက် ရှယ်နှပ်ထားတာ…..များများစားပေး…..”
“ ဟုတ် တီချယ်ကျန်း …. တီချယ်ပေါင်းထားတဲ့ နံရိုးတွေက အရမ်း အရသာရှိတာပဲဗျာ…..”
“ တီချယ့်လို စာလည်းသင်တက် ချက်လည်း ချက်ပြုတ်တတ်တဲ့ အမျိုးသမီးနဲ့ ပေါင်းဖက်ရဖို့ ဆိုတာ ဟွာရှအမျိုးသားတိုင်းရဲ့ အိပ်မက်ပဲ….. တီချယ်က ကျောက်တုန်းမေထက် အများကြီးသာတယ်…”
“ ရီလေးလည်း အဲ့လို ထင်တာပဲလား….”
“ ဒါပေါ့ဗျ…. တီချယ်က ဒီလောက်တော်တာကို….” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီကနေ့ တီချယ်ဖန့် တီချယ့်ကို ကျောက်ဆိုတဲ့ အမျိုးသမီးရှေ့မှာ ချီးမွမ်းတော့ မျက်နှာပျက်သွားတယ်သိလား…. နောက်တစ်ခါ ကျွန်တော် ဆေးသွားယူတဲ့ အချိန်ကျရင် တီချယ်ဖန့်ကို ခေါ်သွားပြီးတော့ သူမကို စိတ်တိုအောင် လုပ်ခိုင်းချင်လိုက်တာဗျာ….”
“ ပြဿနာမရှိဘူး… တီချယ် ဒီအပျင်းကြောထူနေတဲ့ အဘိုးကြီးကို ရီလေးနဲ့အတူ လွှတ်လိုက်မယ်သိလား….” ကျန်းရှုမင် ပြောလိုက်ပြီး “ ရီလေး ဒီရဲ့ ပုစွန်ကို မြည်းကြည့်ကြည့်…. ကျန်းမာရေးအတွက် အရမ်း ကောင်းတယ်…..”
ကျီချင်းရန်ကတော့ သူမ၏ တီချယ်ကျန်း လင်းရီပန်းကန်ထဲ စားစရာများ အဆက်မပြတ်ထည့်ပေးနေသည်ကိုကြည့်ရင်း အတွေးထဲတွင် ‘ လင်းရီကတော့ တီချယ်ဖန့်ကို လွယ်လွယ်ကူကူနဲ့ ချုပ်လိုက်ပြန်ပြီ….’
ဖန့်ရှင်းကော်ကတော့ အတွေးတို့ ချာချာလည်နေသည်။
‘ ငါ ဘယ်သူလဲ…. ဘယ်ကလဲ …. ဒီမှာ ဘာလုပ်နေတာလဲ…. ငါက ဒီတိုင်း အသုံးချခံ သပ်သပ်ပဲလား…..’
ဖန့်ရှင်းကော် သူ့ဘ၀သူ မေးခွန်းထုတ်မိသွားသည်။
“ ကျေးဇူးပါဗျ…. တီချယ်ကျန်းလို ဇနီးမယားမျိုးကို ပိုင်ဆိုင်ခွင့်ရတာ တီချယ်ဖန့် သုံးဘ၀လောက် ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့ဖြစ်မယ်….”
“ ရော့ များများစားပေး….. ဘေးနားက လူတွေကတော့ ဒီလိုပဲ ပြောကြတာပဲ…”
ကျန်းရှုမင် နံရိုးတစ်ချို့နှင့် ပုစွန်များကို လင်းရီ ပန်းကန်လုံးထဲသို့ ထပ်ထည့်ပေးလိုက်ပြီး “ ချင်းရန် … ရီလေးက နံရိုးနဲ့ ပုစွန်တွေ အရမ်းကြိုက်တာနော်… အားရင် တီချယ့်နားလာသင်…. ကိုယ့်ကိုယ်ကို အလုပ်ထဲချည်းပဲ နစ်မြုပ်မထားနဲ့ … အမျိုးသမီးဆိုတာ ချက်ရေးပြုတ်ရေးလည်း နိုင်နင်းရမယ်…..”
“ ဟုတ် ဟုတ်ကဲ့ပါရှင့်…”
ကျီချင်းရန် ဆွံ့အသွားခဲ့၏။
လင်းရီက စပိုင်လုပ်နေတာလားဟ….
ဒါနဲ့ သူက ဘယ်သူ့ကို ကူညီနေတာ….
စားသောက်ပြီးနောက် ကျန်းရှုမင်တို့ စုံတွဲနှင့် ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ နှုတ်ဆက်ပြီးမှ အိမ်သို့ ပြန်လာခဲ့လိုက်လေသည်။
ကျိုကျုံးဗီလာသို့ ပြန်ရောက်လာခဲ့ပြီးနောက် ကျီချင်းရန် သက်တောင့်သက်သာ ဖြစ်စွာဖြင့် ဆိုဖာပေါ်တွင် လဲလျောင်းလိုက်သည်။
“ လင်းရီ နင်က တစ်ခုခုတော့ တစ်ခုခုပဲ … တီချယ်ကျန်းနဲ့ တီချယ်ကျောက်တို့တောင်မှ နင်အရူးလုပ်တာ ခံလိုက်ရတယ်…”
“ ဘာဆိုင်လို့ အရူးလုပ်ရမှာ… ငါသူတို့ရှေ့မှာ ပြောတဲ့စကား တွေက စိတ်ရင်းနဲ့ပြောတဲ့ စကားလုံးတွေချည်းပဲ….”
“ဟွန့် အမျိုးမျိုးပဲ…. တတ်လည်းတတ်နိုင်ပါ့….”
လင်းရီနှင့် ငြင်းခုန်နေပါက သူမ အနိုင်ရလိမ့်မည် မဟုတ်ကြောင်းကို နားလည်သောကြောင့် ကျီချင်းရန် ဆိုဖာပေါ်သို့သာ လဲလျောင်းလိုက်သည်။
“ ဒီကနေ့ စားသာများသွားလို့လားမသိဘူး... လှုပ်တောင် မလှုပ်ချင်တော့ဘူး….”
“ မလှုပ်ချင် မလှုပ်နဲ့လေ… ရေလည်း ငါပဲချိုးပေးမယ်… မင်းက ငြိမ်ငြိမ်လေးပဲနေ….”
“ ဆုတောင်းလေ…”
လင်းရီလည်း အနည်းငယ် ပင်ပန်းနေပြီး ကျီချင်းရန်၏ ခြေထောက်ဘေး၌ ဝင်ထိုင်လိုက်၏။
“ ပရောဂျက် အခြေအနေ ဘယ်လိုရှိလဲ …. ရွေ့ပြောင်းတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ အချိန်ရောက်နေပြီ လို့တော့ ထင်တာပဲ…”
ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး “ လူတိုင်းကတော့ ပူပေါင်းပေးကြပါတယ်… ဒါပေမယ့် တချို့ခေါင်းမာတဲ့ လူတွေတော့ ရှိတာပေါ့… ဘာပဲဖြစ်ဖြစ် ငါတို့ဘက် ဖြည်းဖြည်းချင်း ညှိနှိုင်းရမှာပဲလေ….”
ကျီချင်းရန် သူ့အကူအညီ မလိုအပ်တာကို မြင်တော့ လင်းရီ စိတ်သက်သာရာ ရသွားခဲ့သည်။
ကျီချင်းရန်၏ အရည်အချင်းနှင့် ဆိုပါက ထိုကိစ္စလေးများမှာ စိတ်ပူနေရမည့် ကိစ္စမဟုတ်ချေ။
အလုပ်အကြောင်း ဆွေးနွေးပြီးနောက် ရေချိုးရန်အတွက် ကျီချင်းရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
ကလင် ကလင် ကလင် …..
ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် ဆံပင်ကို လေမှုတ်စက်ဖြင့် အခြောက်ခံနေစဉ် သူမ ဖုန်းသံမြည်လာသည်ကို ကြားလိုက်ရ၏။
သူမကို အံ့အားသင့်သွားစေသည်မှာတော့ ခေါ်ဆိုလာသူမှာ မေမေဝမ် ဖြစ်နေခြင်းကိုပင်။
“ ချင်းရန် သမီး အိပ်နေပြီလား….” မေမေဝမ်မှ ပျော့ပျောင်းစွာ မေးမြန်းလိုက်၏။
“ သမီး ခုလေးတင် ရေချိုးပြီးတာ အန်တီ….” သူမ ပြောလိုက်ပြီး “ အန်တီဝမ်….. သမီး လင်းရီကို ခေါ်ပေးရမလား….”
“ဟင် သမီးက ရီလေးနဲ့ ရှိနေတာလား…..”
“ အွန်း သမီး ဒီကနေ့ သူနဲ့အတူလာနေတာလေ… အိမ်မပြန်တော့ဘူး….”
“ရီလေး သမီး ဘေးနားမှာ ရှိလား….”
ကျီချင်းရန် အပြင်ဘက်သို့ ထွက်လိုက်ပြီး အောက်ထပ်မှ ရေသံများကို ကြားတော့ “ သူရေချိုးနေတယ် အန်တီ…. ဘာကိစ္စရှိလို့လဲ….”
“ချင်းရန် …. အန်တီ တစ်ခုပြောပြမယ်… သမီးပဲ သိပါစေနော်…. ရီလေးကို လုံးဝ လုံး၀ ပြောပြလို့မဖြစ်ဘူး…..” မေမေ၀မ်မှ လေးနက်စွာ ဆိုလိုက်သည်။
“ဟင် ဘာလဲဖြစ်လို့ အဲ့လောက်တောင် လျှို့ဝှက်နေရတာ….”
“ ဒီနေ့ လူနှစ်ယောက် ဂေဟာကိုလာပြီး ရီလေးအကြောင်းမေးသွားတယ်…. သူစီးပွားရေးလုပ်ရင်း ဥပဒေ ချိုးဖောက်ထားတာတွေများ ရှိသေးလား…”
“ လင်းရီ အကြောင်းကို လာစုံစမ်းတယ်…..”
ကျီချင်းရန် အံ့အားသင့်သွားခဲ့ပြီး “ သူတို့က ဘယ်လိုပုံစံမျိုးလဲ …. ဘယ်သူဘယ်ဝါလဲဆိုတာကော ပြောပြသွားသေးလား…..”
“ သူတို့ ပြောတာတော့ သူတို့ကိုယ်သူတို့ စစ်သားတွေတဲ့…. ပြီးတော့ သူတို့ ရီလေးအကြောင်း နှိုက်နှိုက်ချွတ်ချွတ်ကို မေးသွားကြတာ…. ဥပမာ သူဘယ်အချိန်တုန်းက ဒီရောက်လာတာလဲ…. ဘယ်လိုမျိုး ရောက်လာတာလဲ ဆိုတာမျိုးပေါ့…..ပြောရရင်တော့ အစုံအစုံပဲ …. သူတို့ မပြန်ခင်မှာတောင် ဒီကိစ္စတွေ လင်းရီကို ပေးမသိရဘူးဆိုပြီးတော့မှ ပြောသွားသေးတယ်…. အန်တီလည်း နေကြည့်ပါသေးတယ်… ဒါပေမယ့် စိတ်ထဲ ဘယ်လိုမှ မနေနိုင်တော့လို့ သမီးကို လာပြောပြတာ…..”
“ စစ်သားတွေ…”
ကျီချင်းရန် သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်၏။
အကယ်၍ သူတို့၏ အထောက်အထားတာ မှန်ကန်မည်ဆိုပါက ဘာမျှ စိတ်ပူစရာမရှိချေ။
သူတို့၏ ရည်ရွယ်ချက်ကို မသိသော်လည်း လင်းရီကို မထိခိုက်စေမှာတော့ သေချာသလောက်ရှိ၏။
ထို့ပြင် လင်းရီမှာ စည်းကမ်းလိုက်နာသည့် စီးပွားရေးသမား တစ်ယောက် ဖြစ်သောကြောင့်ပြစ်မှုတစ်စုံတစ်ရာမရှိမည်မှာ သေချာပေါက်ပင်။ ထို့ကြောင့် သူ၏ လုံခြုံရေးကိုတော့ လုံးဝ အာမခံ၍ ရ၏။
“ အန်တီဝမ်… သူတို့က ဘယ်လိုမေးခွန်းမျိုးကို အဓိကထားပြီး မေးသွားကြတာ….”
“ရီလေး ဒီဂေဟာကို ဘယ်လိုရောက်လာလဲလို့ မေးတော့ သူ့ကို တံခါးပေါက်ဝနားလေးမှာ လာစွန့်ပစ်သွားတယ်လို့ ပြန်ဖြေလိုက်တယ်….”
“ သူတို့ ရီလေးရဲ့ မျိုးရိုးနာမည်ကို ဘာလို့ လင်းဆိုပြီး ပေးလဲမေးတော့ အနှီးထုပ်ထဲမှာ သူ့နာမည်ရေးပြီးလာထားသွားတာပါလို့ အန်တီ ပြောလိုက်တယ်…..”
“ ပြီးတော့ သူ့ရဲ့ မိဘရင်းတွေကို မြင်ဖူးလားဆိုတော့ အန်တီကလည်း မမြင်ဖူးဘူးပေါ့…. ကျန်တာတွေကတော့ ဘာမှ အရေးမကြီးတဲ့ မေးခွန်းတွေပါပဲ……”
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ကျီချင်းရန် ပြောလိုက်၏။ “ အန်တီဝမ် … ဒီကိစ္စတွေကို သမီးကလွဲပြီး ဘယ်သူ့ကိုမှ လိုက်ပြောပြလို့ မဖြစ်တော့ဘူးနော်…..”
“ အန်တီက ဘယ်လိုလုပ်ပြီး လိုက်ပြောရဲမှာ…. သူတို့ မပြန်ခင်ကို ဘယ်သူ့မှ ပြန်မပြောရဘူးဆိုပြီးတော့ အက်ကြောင်းထပ်အောင်ကို မှာသွားတာ…. သိရင် အရေးယူခံရနိုင်တယ်….. အဲ့ဒီ အချိန်တုန်းက အန်တီဆို ကြောက်လိုက်တာမှ သေလုမတတ်ပဲ...….”
“ ဒါပေမယ့် သူတို့ ထွက်သွားပြီးနောက်ပိုင်း ရင်ထဲမှာ ဘယ်လိုမှ မနေတတ်တော့လို့ သမီးကို ဖုန်းဆက်လိုက်တာ..”
“ သူတို့က လျှို့ဝှက်ထားရမယ်လို့ ပြောထားတာတောင် သမီးကို ခေါ်လိုက်တယ်ဆိုတော့ အပြစ်ပေးခံရမှာ မကြောက်ဘူးလား…”
“ ဒီကိစ္စက ရီလေးပါဝင်ပတ်သက်နေတာလေ…. ဘယ်လို လျှို့ဝှက်ချက်ဆိုတာလည်း စိတ်မဝင်စားဘူး…. မြန်မြန် အန်တီ့ကို ဘာဖြစ်နေလဲဆိုတာ ကူစဉ်းစားပေးစမ်းပါ….”
“ ဘာမှ စိတ်မပူနဲ့ အန်တီဝမ်… သူတို့က စစ်တပ်က ဆိုမှတော့ ဘာမှ စိတ်ပူနေစရာမလိုဘူး… လင်းရီကလည်း ဥပဒေလိုက်နာတဲ့ စီးပွားရေးသမားပဲလေ…. သူအဆင်ပြေမှာပါ အန်တီရဲ့…”
“ သမီးအထင်တော့ သူ့ရဲ့ နောက်ခံကို စစ်ဆေးဖို့ လိုအပ်တဲ့ အသေးမွှား ကိစ္စလေးတစ်ချို့ကြောင့် လို့တော့ ထင်တာပဲ…. ဥပမာ သမီးတို့ လေလံပွဲတွေ ဝင်ပါမယ်ဆို တစ်ဖက်က လေလံဆွဲတဲ့သူရဲ့ အသားတင်ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ ဆိုတာ စစ်ဆေးလေ့ရှိတယ်လေ…. ဒါတွေက သာမန်ပါပဲ…”
ဘာတွေဖြစ်နေလဲ ဆိုတာကို ကျီချင်းရန် အတိအကျ မသိသော်လည်း သူမ မေမေဝမ်ကို စိတ်အေးသက်သာ ရှိစေရန် သင့်တော်သည့် အကြောင်းပြချက်တို့ သုံး၍ ဖြောင်းဖြလိုက်၏။
စိုးရိမ်မှု လွန်ကဲပြီး ထင်မိထင်ရာ လျှောက်လုပ်နေမိမှာကိုလည်း စိုးရိမ်ရလေသည်။
“ တကယ်လား….” မေမေဝမ်မှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းမောကြီး တစ်ချက်ချလိုက်ပြီး “ သမီးကတောင် ဒီလိုပြောလာပြီ ဆိုမှတော့ အန်တီလည်း စိတ်အေးရပါပြီကွယ်…. ဒီနေ့ သူတို့ ရုတ်တရက် ရောက်ချလာတုန်းကဆို အန်တီလန့်ဖျန့်သွားပြီး သွေး ဆောင့်တက်ချင်သလိုတောင် ဖြစ်သွားတယ်….”
“ မပူပါနဲ့ အဆင်ပြေမှာပါ…”
“ အင်း… အန်တီလည်း စိတ်မပူတော့ပါဘူးလေ… ဒါပေမယ့် သမီး နှုတ်တော့ လုံပါစေနော်…” မေမေဝမ်မှ ပြောလိုက်ပြီး “ အန်တီတို့ ဒါကို လျှို့ဝှက်ထားရမယ်… ရီလေးကို ပြောပြလို့ မဖြစ်ဘူး… သူတို့ ပြောသွားတာ ဒါက ရီလေးကို လုံးဝ ပေးသိလို့မရတဲ့ ကိစ္စဆိုပဲ….”
“ နားလည်ပါတယ်…. သမီးလည်း သူ့ကို မပြောပြပါဘူး…”
“ ကောင်းပြီ အဲ့တာဆို သမီးတို့ အိပ်တာကို မနှောင့်ယှက်တော့ဘူးနော်…. အန်တီ ဖုန်းအရင်ချလိုက်တော့မယ်….”
ကျီချင်းရန် ဘာမျှ ပြန်မပြောနိုင်ခင် ဝမ်ချွေ့ပင်းမှ ဖုန်းချသွားခဲ့၏။
ကျီချင်းရန်ကတော့ ဖုန်းကိုင်ထားရင်း အရှက်သည်းနေလေသည်။
‘ ငါက ဒီမှာနေတယ်ဆိုပေမယ့် သူနဲ့ အတူ အိပ်မှာမှ မဟုတ်တာ….’
သို့သော်လည်း ကျီချင်းရန် ထိုကိစ္စကို ဆက်လက် အာရုံစိုက်နေရန် စိတ်မဝင်စားတော့ချေ။
စစ်တပ်က လင်းရီကို ဘာလို့ စုံစမ်းနေတာလဲတဲ့….
‘ ဒါ တစ်ခုခုတော့ မူမမှန်ဘူး….’
……
ရန်ချိန် ၊ လန်ထျန်း မိဘမဲ့ဂေဟာ။
ကျီချင်းရန်ထံ ဖုန်းခေါ်ပြီးသည့်တိုင်အောင် ဝမ်ချွေ့ပင်း အိပ်မပျော်နိုင်သေးပဲ ကုတင်ပေါ်တွင် ထိုင်၍ အတွေးနက်နေလေသည်။
ထိုအချိန်တွင်ပဲ ကျောက်ချွမ်းဖု အပြင်မှ ရောက်လာခဲ့၏။ သူ၏ မျက်နှာထက်တွင်တော့ ဖုန်များ ပေကျံနေပြီး ယခုမှ အလုပ် ပြီးလာခဲ့သည့်ပုံပင်။
“ ကုတင်တွေကို ဂဟေပြန်ဆက်တာ ပြီးသွားပြီလား…”
ဝမ်ချွေ့ပင်းမေးမြန်းလိုက်သည်။
“ မပြီးသေးဘူး… မနက်ဖြန်မှ ဆက်လုပ်တော့မယ်….”
ကျောက်ချွမ်ဖု သူ့မျက်နှာပေါ်ရှိ ဖုန်မှုန့်များကို သုတ်ရင်း ပြောလိုက်၏။
“ ငါ ကလေးတွေဆီက ကြားခဲ့တာ ဒီနေ့ စစ်သားနှစ်ယောက်ရောက်လာတယ်ဆို….ဘာလာလုပ်တာ…..”
“ စစ်သားတွေ… ဖရဲကြက်ဥလောက်ရှိသေးတဲ့ ပေါက်စနလေးတွေက ဘာနားလည်ဦးမှာ…. “ ဝမ်ချွေ့ပင်းပြောလိုက်ပြီး “ ဒီတိုင်း မီးဘေးရှိမရှိ လာစစ်ဆေးတာ…တကယ်လို့ မီးဘေးအန္တရာယ် စိတ်မချရရင် သူတိုက ဒဏ်ကြေးကောက်မှာလေ….”
“ အကုန်အဆင်ပြေတယ်မလား…”
“ ဒါပေါ့…. သူများက တစ်ချိန်လုံး သေချာအောင် လုပ်ထားတာကို ဘယ်နားက ဒဏ်ကြေးလာဆောင်ခိုင်းလို့ရမှာ…”
“အဲ့တာကတော့ အမှန်ပဲ… ငါရေခဏ သွားချိုးလိုက်မယ်…. အိပ်ချင်ရင် စောစောအိပ်နှင့်လေ… စောင့်မနေနဲ့တော့..”
“ အင်း… “
ကျောက်ချွမ်ဖု ထွက်ခွာသွားခဲ့၏။ သို့သော်လည်း ဝမ်ချွေပင်း မူလကအတိုင်း စိတ်ရှုပ်ထွေးနေဆဲပင်။
သူမ ကုတင်ပေါ်မှထပြီး ဗီရိုထဲမှ အောက်ဆုံးထပ်ရှိ သေတ္တာကို ဆွဲထုတ်လိုက်သည်။ ထိုအထဲတွင် သေးငယ်သည့် သစ်သားသေတ္တာလေးတစ်လုံး ရှိနေလေသည်။
သူမထိုသေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် စာတစ်စောင်ရှိနေပြီး အချိန်၏ ကြာညောင်းမှုကြောင့် ရွှေအိုရောင်သို့ပင် သမ်းနေချေပြီ။
၎င်းမှာ ဖယောင်းဖြင့် ချိတ်ပိတ်ထားပြီး ယခုအချိန်ထိ ဖွင့်ထားခြင်းမျိုး မရှိသေးချေ။
စာအိတ်ကို ပွတ်သပ်ရင်း ဝမ်ချွေ့ပင်း မိုးလေထန်သည့် ညတစ်ညကို ပြန်လည်အမှတ်ရသွားခဲ့၏။
ကလေးကို လက်တစ်ဖက်က ပွေ့ချီထားရင်း ထိုအမျိုးသမီး၏ မျက်ရည်တို့ဖြင့် ပြည့်နှက်နေသည့် မျက်လုံးပုံရိပ်များ ပြန်လည်မြင်ယောင် နေမိသည်။ သူမ ပြောခဲ့သည့် စကားတစ်ခွန်းချင်းစီတိုင်း တစ်လုံးချင်းစီတိုင်းကို ၀မ်ချွေ့ပင်း ရှင်းလင်းစွာ မှတ်မိနေသေး၏။
ထို့နောက် သက်ပြင်းအသာချလျက် စာအိတ်ကို သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။
“ တစ်ချို့ကိစ္စတွေက မပြောဘဲထားတာ ပိုကောင်းပါတယ်လေ…”