သမိုင်း
Vol. 33 Ch. 451
“ကြယ်တာရာ အလင်းတန်း ... အဆက်မပြတ် ပစ်ခတ်ခြင်း”
များပြားလှတဲ့ အဖြူရောင် အလင်းတန်းတွေဟာ လီဖူချန်း အပေါ်ကို ကျရောက်လာပြန်ပါပြီ။
ဒါကတော့ ငွေစန္ဒာ ဝံပုလွေရဲ့ နောက်ဆုံး အားထုတ်ခြင်းပါပဲ။
“အားလုံး ငွေစန္ဒာကို ဝံပုလွေကို ကူညီကြ”
ငွေစန္ဒာ ဝံပုလွေရဲ့ သေရေးရှင်ရေး အခိုက်အတန့်မှာတော့ ရှီဟွာဘုရင်မတို့ ဟာလည်း ရပ်ကြည့် မနေနိုင်ကြတော့ပါဘူး။
ရှီဟွာဘုရင်မက အမြီးကို ထုတ်ပြီး ရိုက်လိုက်ပါတယ်။ သူ့ရဲ့ အမြီးက လေထဲမှာ လူးလွန့်သွားပြီး အမြီးထိပ်ကနေ အလင်းတန်း တစ်ခုကို ထုတ်လွှတ်လာခဲ့ပါပြီ။
ကျောက်အသွင် ပြောင်းလဲခြင်း ရောင်ခြည် ...။
အဲဒါက ကျောက်အသွင် ပြောင်းလဲခြင်း နည်းစနစ်ပါပဲ။ ဒါပေမဲ့ သည်ရောင်ခြည်တွေက ပိုသိပ်သည်းပြီး လီဖူချန်းရဲ့ ဓားစက်ကွင်းကို ဖောက်ထွင်းဖို့အတွက် လုံလောက်ပါတယ်။
ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ လှုပ်ရှားမှုကလည်း နှေးကွေးနေခြင်း အလျှင်းမရှိပါဘူး။ သူက ခန္ဓာကိုယ် တစ်ခုလုံးကို အဝါရင့်ရင့် ရောင်ခြည်တစ်ခုနဲ့ လွှမ်းခြုံစေ လိုက်ပါတယ်။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက နှာမောင်းရှည်ကြီးကို ကျာပွတ်သဖွယ် အသုံးပြုလိုက်ပြီး လီဖူချန်းကို ရိုက်ချ လိုက်ပါတော့တယ်။
သွေးနတ်ဆိုး ဘုရင်ကတော့ ထုံးစံအတိုင်း သွေးလုံးကြီး တစ်ခုကို ဖန်တီးပြီး လီဖူချန်းဆီကို အားရပါးရ ပစ်ပေါက်လိုက်ပါတယ်။ သူ့ကို ကြည့်ရတာက သူ့ရဲ့ ဒေါသတွေ အကုန်လုံးကိုပါ သွေးလုံးကြီးထဲမှာ ထည့်သွင်းထားတဲ့ ပုံပါပဲ။
လေလင်းယုန်ကလည်း သည်အတိုင်း မနေပါဘူး။ သူကလည်း သူ့ရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ လခြမ်းကွေး လေဓားတွေကို ထုတ်သုံးလိုက်ပါတယ်။
ဘန်း ... ဘန်း ... ဘန်း ... ဘန်း ...
မြေကြီးထဲကနေလည်း ဆူးချွန်တွေဟာ ထွက်ပေါ်လာခဲ့ ပြန်ပါပြီ။ အဲသည်ဆူးချွန်တွေကို ဖြစ်ပေါ်လာစေ သူကတော့ မြေကြွက်ဘုရင်ပဲ ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေထဲမှာ အားအပြင်းဆုံး တိုက်ခိုက်မှုကို ပြပါဆိုရင်တော့ ငွေမင်ဦးချို မိစ္ဆာကို ပြရမှာပါပဲ။
ငွေမင်ဦးချို မိစ္ဆာရဲ့ လက်ထဲက ဦးချိုဟာ ရုတ်တရက် အဆမတန် ကြီးမားလာခဲ့ပါတယ်။ အဲဒါက ကောင်းကင်ကို ထောက်ထားပေးတဲ့ မဏ္ဍိုင်ကြီး တစ်ခုလိုပါပဲ။ အဲသည်နောက်မှာတော့ သူဟာ လီဖူချန်းကို အညှာအတာ ကင်းမဲ့စွာနဲ့ ရိုက်ချ လိုက်ပါတော့တယ်။
မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ စုပေါင်း တိုက်ခိုက်မှုနဲ့ အတွေ့မှာတော့ လီဖူချန်းဟာ ဖိအားတွေကို စတင် ခံစားလာခဲ့ ရပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုတွေကလည်း စတင် နှေးကွေးလာသလို သူ့ရဲ့ ချီအကာအကွယ်ကလည်း အချိန်မရွေး ပေါက်ကွဲသွားတော့ မလိုပါပဲ။
“သည်ကောင်တွေက အသက်စွန့်ပြီး ငါ့ကို သတ်ဖို့ ကြံနေတာလား”
လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပေါက်ဖွားလာခဲ့ပါပြီ။
သူ့ရဲ့ ရန်သူတွေက အသက်စွန့်ပြီး သူ့ကို သတ်ဖို့ ကြိုးစားနေမှတော့ သူကလည်း ဘာကိုမှ နောက်ဆံ တင်းနေစရာ မလိုတော့ပါဘူး။
“ပွဲသိမ်းဖို့ အချိန်တန်ပြီ”
လီဖူချန်းက အထက်ကောင်းကင်ဘုံ ဓားဆန္ဒကို ပြန်လည် သိမ်းဆည်းလိုက်ပြီး နေဝန်းစိမ်း ဓားဆန္ဒကို ထုတ်ဖော်လိုက်ပါတယ်။
အထက်ကောင်းကင်ဘုံ ဓားဆန္ဒဟာ အစွမ်းထက်တယ် ဆိုပေမဲ့လည်း နေဝန်းစိမ်း ဓားဆန္ဒကိုတော့ ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ နေဝန်းစိမ်း ဓားဆန္ဒက အထက်ကောင်းကင်ဘုံ ဓားဆန္ဒထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းပြီး ခုခံရလည်း ခက်ခဲပါတယ်။
ပြီးတော့ အထက်ကောင်းကင်ဘုံ ဓားသိုင်းက ဓားကွက်တွေ ရှိတဲ့အတွက် နည်းနည်းပါးပါး ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းကတော့ ဓားကွက်ဆိုပြီး ကန့်သတ်ထားတာမျိုး လုံးဝ မရှိပါဘူး။ နေဝန်းစိမ်း ဓားဆန္ဒပါဝင်တဲ့ ဓားချက်တိုင်းဟာ နေဝန်းစိမ်း ဓားဆန္ဒ ဓားကွက်ပါပဲ။ အဲသည်အတွက် ခန့်မှန်းနိုင်ဖို့ ဆိုတာကလည်း ခဲယဉ်းလွန်း လှပါတယ်။
ရွှီး ...
လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ထုထည် ကြီးမားလှတဲ့ အစိမ်းရောင် ဓားအလင်းတန်းကြီး တစ်ခုဟာ အရှိန်အဝါ ကြီးမားစွာနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ အစိမ်းရောင် နေဝန်းငယ် တစ်စင်းဟာ ကောင်းကင်ယံပေါ်မှာ ထွန်းလင်း လာခဲ့ပါတယ်။ အဲသည် နေဝန်းငယ်ကနေ ဖြာကျနေတဲ့ အစိမ်းရောင် အလင်းတန်းတွေဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါသေးတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း နေရာတစ်လက်မ မကျန် အစိမ်းရောင် အလင်းတန်းတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။
အား ...
လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို ပထမဆုံး မြည်းစမ်းကြည့်လိုက် ရသူကတော့ မြေကြွက် ဘုရင်ပါပဲ။ မြေကြွက်ဘုရင်က အသံနက်ကြီးနဲ့ အော်ဟစ်ပြီး မြေကြီးထဲကနေ ခုန်ထွက် လာခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကတော့ မီးနဲ့တွေ့တဲ့ ဖယောင်းလို အရည်ပျော်ကျ နေခဲ့ပါပြီ။ သူက မြေကြီးထဲကို ပြန်ဝင်ပုန်းဖို့ အချိန်တောင် မရလိုက်ပါဘူး။
နေဝန်းစိမ်း ဓားဆန္ဒအောက်မှာ ဒုတိယမြောက် အသက်ပေးလိုက် ရသူကတော့ သွေးနတ်ဆိုး ဘုရင် ဖြစ်ပါတယ်။ သူက အသက်ပြင်းတယ် ဆိုပေမဲ့လည်း နေဝန်းစိမ်း ဓားဆန္ဒနဲ့ အတွေ့မှာတော့ ဘာမှ မတတ်နိုင်တော့ပါဘူး။ အသက်ရှူချိန် နှစ်ကြိမ်အတွင်းမှာပဲ သွေးနတ်ဆိုး ဘုရင်ဟာ လောင်ကျွမ်းပြာကျ သွားခဲ့ပါပြီ။
တတိယမြောက် အသက်ပေးလိုက် ရသူကတော့ လေလင်းယုန် မိစ္ဆာသားရဲပဲ ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူ့ရဲ့ အစွမ်းဟာ သိပ်အဆိုးကြီး မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူက အစောပိုင်းမှာ လီဖူချန်းကို အထင်သေးပြီး သွားတိုက်တဲ့အတွက် ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါတယ်။ သူက အဲသည် ဒဏ်ရာကြောင့်ပဲ နေဝန်းစိမ်း ဓားဆန္ဒအောက်မှာ အသက်ပေး လိုက်ရတာ ဆိုရင်လည်း မမှားပါဘူး။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သူ့ရဲ့ ရန်သူအပေါ်မှာ အထင်သေးတဲ့စိတ်က သူ့ကို သတ်သွားခဲ့တာပါ။
နေဝန်းစိမ်း ဓားဆန္ဒအောက်မှာ စတုတ္ထမြောက် အသက်ပေးလိုက် ရသူကတော့ ရှန်းဟွတောင် ဆင်ဘုရင် ဖြစ်ပါတယ်။ သူ့ရဲ့ ကောင်းကင်ဘဝဂ် တိုက်ပွဲဝင် ခန္ဓာကိုယ်ဟာ တကယ်ကို အစွမ်းထက်တဲ့ မွေးရာပါ စွမ်းရည်တစ်မျိုး ဖြစ်တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း အဲဒါက ပြီးပြည့်စုံဖို့ အများကြီး လိုနေသေးတဲ့အတွက် လီဖူချမ်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို တောင့်ခံနိုင်စွမ်း မရှိခဲ့ပါဘူး။
သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ အားအကောင်းဆုံး သုံးယောက်ဖြစ်တဲ့ ရှီဟွာဘုရင်မ၊ ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ဦးချိုမိစ္ဆာ တို့သာ ကျန်နေခဲ့ပါတော့တယ်။
ဒါပေမဲ့လည်း သူတို့သုံးယောက်ရဲ့ အခြေအနေဟာ သိပ်ပြီး မကောင်းလှပါဘူး။ သူတို့သုံးယောက်ကို ကြည့်ရတာက အစိမ်းရောင် အလင်းတန်းတွေရဲ့ အောက်မှာ အချိန်မရွေး ပြိုလဲသွားတော့မယ့် ပုံပါပဲ။
“မင်းရဲ့ ဓားစက်ကွင်းနဲ့ ဓားအလင်းတန်းတွေက ဘယ်အချိန်ကစပြီး ပေါင်းစပ်လို့ ရသွားတာလဲ”
ရှီဟွာဘုရင်မက သွေးရူးသွေးတန်း ဖြစ်နေခဲ့ပါပြီ။ သူက ဗဟုသုတ ကြွယ်ဝတဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် ဓားစက်ကွင်းနဲ့ ဓားအလင်းတန်း ပေါင်းစပ်လို့ ရတယ်ဆိုတဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ်။
အစောပိုင်းတုန်းက တိုက်ခိုက်တုန်းက ဆိုရင် လီဖူချန်းရဲ့ အထက်ကောင်းကင်ဘုံ ဓားစက်ကွင်းနဲ့ ဓားအလင်းတန်းတွေဟာ ပေါင်းစပ်နေခြင်း မရှိပါဘူး။ သူတို့တွေဟာ အချင်းချင်း အထောက်အပံ့ ပေးထားရုံပဲ ရှိတာပါ။ ဒါပေမဲ့ အခု နေဝန်းစိမ်း ဓားဆန္ဒကို ထုတ်ထားတဲ့ အချိန်မှာတော့ ဓားစက်ကွင်းနဲ့ ဓားအလင်းတန်းတွေဟာ အချင်းချင်း ပေါင်းစပ် နေခဲ့ပါတယ်။ သည်အတိုင်း ဆိုရင်တော့ သူတို့အနေနဲ့ လီဖူချန်းကို ဘယ်လိုမှ အနိုင်ယူနိုင်စရာ အကြောင်း မရှိပါဘူး။
လီဖူချန်းရဲ့ ဓားစက်ကွင်းထဲကို ဝင်သွားတဲ့ သူတိုင်းဟာ ဓားဆန္ဒရဲ့ တိုက်ခိုက်ခြင်းကို ခံရမှာ ဖြစ်သလို လီဖူချန်းရဲ့ တိုက်ခိုက်ခြင်းကိုလည်း ခံရမှာ ဖြစ်ပါတယ်။ လီဖူချန်းက ဓားစက်ကွင်းနဲ့ ဓားအလင်းတန်းတွေကို ပေါင်းစပ်ထားပြီ ဖြစ်တဲ့အတွက် အဝေးကနေ တိုက်ခိုက်တာပဲ ဖြစ်ဖြစ်၊ အနီးကပ် တိုက်ခိုက်တာပဲ ဖြစ်ဖြစ် ရလဒ်ကတော့ အတူတူ ဖြစ်နေဦးမှာပါပဲ။ သည်တိုက်ခိုက်မှု နှစ်ခုစလုံးက ဘာမှ ကွာခြားမှု ရှိမှာ မဟုတ်ပါဘူး။
သူ့ရဲ့ ရှေ့မှာ အကာအကွယ် ပေးထားတဲ့ ဒိုင်းရဲ့ အလင်းတန်းတွေ မှေးမှိန်စ ပြုလာတဲ့ အခါမှာတော့ ရှီဟွာဘုရင်မရဲ့ မျက်လုံးတွေထဲမှာ နာကျင်ဝမ်းနည်းမှု အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်။ သူက လီဖူချန်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ သူ့အနေနဲ့ အသက် ရှင်ချင်ရင်တော့ သည်နေရာကနေ ထွက်ပြေးမှကို ရတော့မှာပါ။
နတ်ဆိုးဆယ်ပါး နယ်မြေဟာ သည်တစ်ကြိမ်မှာတော့ လုံးဝ နိဂုံး ချုပ်ပါပြီ။ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီးခေါင်းဆောင် ဆယ်ယောက်ထဲမှာ ဆိုရင်လည်း သူတစ်ယောက်တည်းသာ အသက်ရှင်လျက် ကျန်နေတော့တာ ဖြစ်ပါတယ်။
အဲသည်ထက် ပိုဆိုးတာကတော့ သည်နေရာကနေ ထွက်ပြေး နိုင်ခဲ့ရင်တောင်မှ သူဟာ နောက်ပိုင်း အချိန်တွေကို အမှောင်နယ်မြေတွေ ထဲမှာ ပုန်းအောင်း နေထိုင်ရတော့မှာ ဖြစ်ပြီး လူသားတွေနဲ့ မတွေ့အောင်လည်း ရှောင်ရှား ရဦးမှာပါ။ မဟုတ်လို့ကတော့ လီဖူချန်းက သူ့ကိုလာရှာပြီး သတ်ဖြတ်မှာ အသေအချာပါပဲ။
“ပုန်းနေရတာက သေသွားတာထက်တော့ မျှော်လင့်ချက် ရှိသေးတယ်”
ထွက်ပြေးဖို့ သေချာသွားပြီးတဲ့ နောက်မှာတော့ ရှီဟွာဘုရင်မဟာ မတူညီတဲ့ ကျောက်ဖြစ်ခြင်း နည်းစနစ် တစ်ခုကို သုံးပြီး ထွက်ပြေးဖို့ ပြေးလမ်း ရှာပါတော့တယ်။
“ထွက်ပြေးချင်တာလား ... အခုချိန်မှတော့ မရတော့ဘူး”
လီဖူချန်းက ရှီဟွာဘုရင်မကို ထွက်ပြေးဖို့ အခွင့်အရေး လုံးဝ မပေးပါဘူး။ သူက နေဝန်းစိမ်း ဓားဆန္ဒရဲ့ သက်ရောက်နိုင်မှု အကွာအဝေးကို တိုးချဲ့ပြီး ရှီဟွာဘုရင်မကို တိုက်ခိုက်လိုက်ပါတယ်။ အဲဒါက နေဝန်းစိမ်း ဓားဆန္ဒရဲ့ ဖျက်ဆီးနိုင်စွမ်း အပိုင်းကို တစ်ဝက်နီးပါး လျော့ကျသွားစေ ပေမဲ့လည်း သူ့အတိုင်းအတာနဲ့သူတော့ အလုပ်ဖြစ်နေ ဦးမှာပါပဲ။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ တိုက်ခိုက်မှုက ရှီဟွာဘုရင်မကို မထိခဲ့ပါဘူး။
ဖန်း ... ဖန်း ... ဖန်း ...
ခန္ဓာကိုယ်ထဲက အဖြူရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ရှီဟွာ ဘုရင်မဟာ အဖြူရောင် ဝိညာဉ်တစ်ကောင် အသွင် ပြောင်းသွားပြီး လေထဲကနေ ပျောက်ကွယ် သွားခဲ့ပါတယ်။ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ ရှီဟွာဘုရင်မဟာ တိုက်ပွဲဖြစ်နေရာ နေရာနဲ့ မိုင်ပေါင်း တော်တော်ဝေးဝေးအထိ ရောက်နေခဲ့ပါပြီ။ အဲသည်နောက်မှာတော့ ရှီဟွာဘုရင်မဟာ မိုးကုပ်စက်ဝိုင်း ဘက်ကို ဦးတည် ပျံသန်းသွားပြီး လီဖူချန်းရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ် သွားပါတော့တယ်။
ဘန်း ...
တိုက်ပွဲနေရာမှာ ကျန်ရစ်ခဲ့တဲ့ ရှီဟွာဘုရင်မရဲ့ ကျောက်ရုပ်တုကတော့ နေဝန်းစိမ်း ဓားဆန္ဒကြောင့် တစ်စစီ ဖြစ်သွားခဲ့ပါပြီ။
“ထွက်ပြေးနိုင်တဲ့ မွေးရာပါ စွမ်းရည်လား”
လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ်။
ရှီဟွာဘုရင်မရဲ့ ထွက်ပြေးတဲ့ နည်းစနစ်ဟာ မြွေတွေ အရေခွံ လဲသလိုပါပဲ။ သူက အရေခွံ အဟောင်းကို ချန်ထားပြီး ထွက်ပြေး သွားခဲ့တာပါ။ ဒါပေမဲ့လည်း အဲသည် ထွက်ပြေးတဲ့ နည်းစနစ်က သိပ်ပြီး အကောင်းကြီး မဟုတ်ပါဘူး။ လီဖူချန်းအနေနဲ့ သတိနည်းနည်း ပိုထားလိုက်မယ်ဆိုရင် ရှီဟွာဘုရင်မကို သတ်နိုင်မှာ အသေအချာပါပဲ။
“ထားလိုက်ပါတော့ကွာ။ ရှီဟွာဘုရင်မ တစ်ယောက်တည်းနဲ့တော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး”
လီဖူချန်းက သူ့ရဲ့ မျက်လုံးတွေကို ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ဦးချို မိစ္ဘာတို့ဘက်ကို ပြန်လွှဲလိုက်ပါတယ်။
ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ဦးချိုမိစ္ဆာ တို့ကလည်း ထွက်ပြေးဖို့ကို လမ်းကြောင်း ရှာနေကြပါပြီ။
ဒါပေမဲ့လည်း လီဖူချန်းက သူတို့ကို အခွင့်အရေး လုံးဝ မပေးပါဘူး။ လီဖူချန်းက နေဝန်းစိန်း ဓားဆန္ဒရဲ့ ဖိအားကို ထပ်ပြီး မြှင့်တင်လိုက်ပါတယ်။
အူ ... ဝူး ...
အူသံ အပြီးမှာတော့ ငွေစန္ဒာဝံပုလွေရဲ့ ခန္ဓာကိုယ်ထဲကနေပြီး အစိမ်းရောင် မီးခိုးငွေ့တွေ ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည်နောက်မှာတော့ မီးခိုးတွေထဲကနေပြီး ကြီးမားလှတဲ့ ဝံပုလွေကြီး တစ်ကောင်ရဲ့ အရိပ် ပေါ်လာခဲ့ပါတယ်။ အဲသည်ဝံပုလွေ အရိပ်ကြီးကို ကြည့်ရတာက လှောင်အိမ်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ခွေးတစ်ကောင်လိုပါပဲ။
ဝံပုလွေ အရိပ်ကြီးထဲမှာတော့ မဟူရာ လမင်းရဲ့ အစွမ်း တစ်စိတ်တစ်ပိုင်းနဲ့ အင်မတန်အေးတဲ့ အအေးဓာတ်တစ်ခု ခိုဝင်ကိန်းအောင်း နေပါတယ်။
လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒက အားကောင်းတာ မှန်ပေမဲ့လည်း အဲသည်ဝံပုလွေ အရိပ်ကြီးကို ဖိနှိပ်နိုင်ဖို့ အတွက်တော့ သိပ်ပြီး မလွယ်ကူပါဘူး။
အခြားတစ်ဖက်မှာ ရှိနေတဲ့ ငွေမင်ဦးချို မိစ္ဆာကတော့ အခြေအနေ တော်တော်လေး ကောင်းနေပုံပါပဲ။ သူက သူ့ရဲ့ ငွေမင်ဦးချိုကို ခေါင်းပေါ်မှာတောင် ပြန်ထားပြီးသား ဖြစ်နေခဲ့ပါပြီ။ ပြီးတော့ စွမ်းအား တစ်ခုကလည်း သူ့ကို အကာအကွယ် ပေးနေပါသေးတယ်။
“စိတ်ရှုပ်စရာ ကောင်းလိုက်တာ”
လီဖူချန်းက သူဟာ ငွေစန္ဒာ ဝံပုလွေနဲ့ ငွေမင်ဦးချိုမိစ္ဆာကို အထင်သေးလိုက်မိပြီ ဆိုတာကို သဘောပေါက်လိုက်ပါတယ်။
သည်နှစ်ကောင်က အရမ်းတော့ အစွမ်း မထက်ပါဘူး။ အစွမ်းချင်း ယှဉ်ကြည့်မယ် ဆိုရင်တော့ သူတို့ နှစ်ကောင်ဟာ ငါးမန်းဖြူ မျိုးနွယ်ဝင် ပိုင်ကုလထက် နည်းနည်းလေး ပိုအစွမ်းထက်တာပဲ ရှိတာပါ။ ဒါပေမဲ့ သည်နှစ်ကောင်ရဲ့ မွေးရာပါစွမ်းရည်နဲ့ မျိုးဆက်သွေးကတော့ ပိုင်ကုလထက် အများကြီး ပိုအစွမ်းထက်ပါတယ်။
“သေစမ်း”
လီဖူချန်းက နေဝန်းစိမ်း ဓားဆန္ဒကို အလင်းတန်းငယ်လေး တစ်ခုအဖြစ် သိပ်သည်းစေလိုက်ပြီး ငွေစန္ဒာ ဝံပုလွေကို တိုက်ခိုက်လိုက်ပါတယ်။
သည်တစ်ကြိမ်မှာတော့ ငွေစန္ဒာ ဝံပုလွေက နေဝန်းစိမ်း ဓားဆန္ဒကို တောင့်မခံနိုင်တော့ပါဘူး။ ကြီးမားလှတဲ့ ဝံပုလွေ အရိပ်ကြီးဟာ အစိမ်းရောင် မီးခိုးငွေ့တွေ အဖြစ် ပြန်ပြောင်းသွားပြီး ငွေစန္ဒာ ဝံပုလွေဟာလည်း အခိုးအငွေ့ဘဝ ပြောင်းသွားကာ လေထုထဲမှာ လွင့်ပျံ ပျောက်ကွယ် သွားပါတော့တယ်။
“ပြေးမှ”
ငွေမင်ဦးချို မိစ္ဆာကတော့ လီဖူချန်း ငွေစန္ဒာ ဝံပုလွေကို သတ်နေတဲ့ အချိန်ကို အခွင့်အရေး အမိအရယူပြီး အလျင်မြန်ဆုံး အရှိန်နဲ့ ထွက်ပြေးသွားခဲ့ပါပြီ။
“ငါက မင်းကို ထွက်ပြေးခွင့် ပေးလိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား”
လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဓားချီတစ်ခုဟာ ငွေမင်ဦးချို မိစ္ဆာနောက်ကို ကပ်လိုက်သွားပါတော့တယ်။
ငွေမင်ဦးချို မိစ္ဆာရဲ့ ခံနိုင်ရည်က လီဖူချန်းနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့လည်း စိတ်မကောင်းစရာ တစ်ခုကတော့ လီဖူချန်း ကိုယ်တိုင်တောင်မှ နေဝန်းစိမ် ဓားဆန္ဒရဲ့ တိုက်ခိုက်မှုကို ခံနိုင်လိမ့်မယ်လို့ မတွေးရဲတာပါပဲ။
ရွှမ်း ...
ငွေမင်ဦးချို မိစ္ဆာရဲ့ ခန္ဓာကိုယ်ဟာ ဓားချီ အလင်းတန်းကြောင့် နှစ်ပိုင်းပြတ်ထွက် သွားခဲ့ပါပြီ။
“လူသား ... မင်းငါ့ကို သတ်လို့ မရဘူး။ ငါက ချိုတစ်ချောင်း မိစ္ဆာမျိုးနွယ်ရဲ့ ငွေမင်ဦးချို တော်ဝင်ကလန်ကကွ”
ငွေမင်ဦးချိုမိစ္ဆာက သူ့ရဲ့ နှစ်ပိုင်း ပြတ်ထွက်သွားတဲ့ ခန္ဓာကိုယ်ကို သွေးရူးသွေးတန်း ပြန်ဆက်ဖို့ ကြိုးစားနေရင်းနဲ့ လီဖူချန်းကို ခြိမ်းခြောက်လိုက်ပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းက ဂရုမစိုက်ပါဘူး။
“သေလိုက်တော့”
သူက နောက်ထပ် ဓားချက်တစ်ချက်က ထုတ်ပြီး ငွေမင်ဦးချို မိစ္ဆာကို ဇီဝိန် ချုပ်ပေးလိုက်ပါတယ်။
ဘန်း ...
သည်တစ်ကြိမ်မှာတော့ ငွေမင်ဦးချို မိစ္ဆာဟာ ပေါက်ကွဲထွက်သွားပြီး လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။
လီဖူချန်းက သူ့ရဲ့လက်ကို ဆန့်တန်းလိုက်ပြီး ကြွင်းကျန်ခဲ့တဲ့ ငွေမင်ဦးချိုကို ဆွဲယူလိုက်ပါတယ်။
သည်ငွေမင်ဦးချိုက လျှို့ဝှက် ဆန်းကြယ်မှု တစ်ခုခု ရှိနေပုံပါပဲ။ အဲဒါက နေဝန်းစိမ်း ဓားဆန္ဒရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာတောင်မှ ဘာမှ မဖြစ်သွားခဲ့ပါဘူး။
လီဖူချန်းက ဦးချိုထဲကို အသိစိတ်ဝိညာဉ်နဲ့ ဝင်ရောက် စစ်ဆေးလိုက်တဲ့ အခါမှာတော့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အင်းကွက် အမျိုးမျိုးကို တွေ့လိုက်ရပါတယ်။ အဲသည် အင်းကွက်တွေထဲမှာ ဆိုရင်လည်း အကြွင်းမဲ့ ဥပဒေသတွေ ခိုဝင်ကိန်းအောင်း နေပြီး အဲဒါတွေက အလွန်အမင်း အားကောင်း နေပါသေးတယ်။
“သူပြောသွားတာ ကတော့ သူက ချိုတစ်ချောင်း မိစ္ဆာမျိုးနွယ်ရဲ့ ငွေမင်ဦးချို တော်ဝင်ကလန်က ဆိုပဲ။ ကြည့်ရတာ သူက တကယ်ပဲ ထူးခြားတာပဲ”
ငွေမင်ဦးချိုကို သိမ်းဆည်း အပြီးမှာတော့ လီဖူချန်းဟာ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး တိတ်တခိုးလေး သက်ပြင်းချလိုက် မိပါတယ်။
သည်နေ့ကစပြီး နတ်ဆိုးဆယ်ပါး နယ်မြေဟာ သမိုင်းထဲကို ရောက်သွားတော့မှာပါ။ အဲသည်သမိုင်းကို ရေးထိုးခဲ့သူ ကတော့ သူပါပဲ။
ဒါက ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်ပေမဲ့ အနည်းငယ် ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ပြိုင်ဘက် မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အထီးကျန် ဆန်လွန်းလှတာ မဟုတ်ပါလား။
ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ လီဖူချန်းရဲ့ အဲသည်ခံစားချက်တွေဟာ ပြန်လည် ပျောက်ကွယ် သွားခဲ့ပါတယ်။
သူ့ရဲ့ သိုင်းတာအို ခရီးစဉ်ဟာ အရှေ့ယူနီကွန်း တိုက်မှာတင် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ သူက သူ့ရဲ့ ခရီးစဉ်ကို ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီး ဒါမှမဟုတ် အဲသည်ထက် ပိုကျယ်ပြန့်တဲ့ တိုက်ကြီးတွေမှာ ထပ်ဆက်လို့ ရပါသေးတယ်။ ပြီးတော့ နောင်အနာဂတ်မှာ သူတွေ့ရမယ့် ရန်သူတွေကလည်း နတ်ဆိုးဆယ်ပါး နယ်မြေက ဦးစီး ခေါင်းဆောင်တွေထက် အများကြီး ပိုအစွမ်းထက်ဦးမှာ အသေအချာပါပဲ။
***